အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း (၃၃၁) လူအများစုရုံးခြင်း
"ဒါက ဘယ်လိုတောင် ထူးဆန်းတဲ့ လှည့်ကွက်မျိုးလဲ" ချင်းယွီက သူမ နံဘေးတွင် ရပ်နေသော သူမ၏အဖိုး ချင်းယွမ်ကို မေးလိုက်သည်။ ချင်းယွမ်၏ မျက်နှာသည် သိချင်စိတ်များ ပြည့်နှက်နေ၍ သူက ခေါင်းခါကာ ပြောလိုက်သည်။
"အဖိုးလည်း မသိပါဘူး၊ အသစ်အဆန်း လက်နက်မျိုး ဖြစ်မှာပေါ့"
"ဒါပေမယ့် သမီးအမြင်မှာတော့ ဘာလို့အိုးတစ်လုံးလို့ပဲ မြင်နေရတာလဲ" ချင်းယွီက ပြောလိုက်သည်။
"အဖိုးတို့လို သေမျိုးတွေရဲ့ မျက်လုံးထဲမှာတော့ ဒီလိုပစ္စည်းမျိုးရဲ့ လျှို့ဝှက်ချက်များကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"
ချင်ယွမ်၏ အသံသည် ပျောက်ကွယ်သွားပြီး မကြာမီတွင် ကလေးမလေးနှစ်ယောက်က ဆော့ကစားမှုတွင် လိုက်မှီလာ ပြီဖြစ်၍ ချင်မုရှင် ပြုလုပ်ထားသည့် ဒယ်ပြားဖြင့် ဝှေ့ယမ်းလိုက်သည်။
"အာထရာမန်း"
ဘုံး
ဒယ်ပြားသည် ကျောက်တုံးကြီးကို ကြေမွဖျက်ဆီးပြီးနောက် ကလေးမလေးနှစ်ယောက်လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။ အန်းယန်သည် ရွှယ်အန်းသင်ကြားခဲ့သည့် လှုပ်ရှားမှုများကို ဂရုမစိုက်ဘဲ ရုတ်တရက် လက်မောင်းကို ဝှေ့ယမ်းကာ ဝမ်းသာအားရ ကြည့်နေခဲ့သည်။
ဘုံး
ကောင်းကင်ကိုးဘုံ၏ မိုးကြိုးကြီးတစ်ခု ကျရောက်လာ၍ တောင်ငယ်၏ထိပ်တွင် ကြီးမားသောအပေါက်တစ်ခု ဖြစ်ပေါ်သွားစေသည်။ ချင်းယွမ်နှင့် သူ၏မြေးဖြစ်သူ ချင်းယွီတို့သည် လုံးလုံးလျားလျား အံဩသွားကြသည်။ အချိန်အတော်အတန် ကြာပြီးနောက် ချင်းယွီက သဘောကျမှုအပြည့်ရှိနေသော မျက်နှာဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"အဘိုး ပြောတာ မှန်ပါတယ်၊ ဒါက ဘယ်လိုလုပ်ပြီး ဒယ်ပြားဖြစ်နိုင်မှာလဲ၊ ဝတ္ထုတွေထဲမှာသာ တွေ့ရတဲ့ မှော်ဆန်တဲ့ မှော်လက်နက် ပစ္စည်းတစ်ခုပဲဖြစ်ရမယ်"
ချင်းယွမ်က လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘုံလှန်လျောခြင်း စည်းတံဆိပ်လို့ အဖိုး ထင်တယ်"
သူတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် သူတို့၏ စိတ်ကူးစိတ်သန်းများကို ဖြန့်ကျက်နေခဲ့ကြသည်။ အန်းယန်နှင့် ကလေးမလေးနှစ်ယောက်သည် သူတို့၏ စိတ်အလိုကျ ကစားပြီးနောက် ရွှယ်အန်းသည် ၎င်းတို့ကို လေးနက်သော သိုင်းပညာများ သင်ကြားပေးရန် စိတ်ကူးများကို စွန့်လွှတ်လိုက်လေသည်။ အထူးသဖြင့် အန်းယန်သည် ရွှယ်အန်း သွန်သင်ချက်များအတိုင်း ပြုလုပ်သောအခါ သူမ၏ လှုပ်ရှားမှုများသည် မည်သို့ပင်ကြည့်နေပါစေ ဖယိုဖရဲနိုင်လွန်းလှသည်။ သို့သော် သူမ၏ ကိုယ်ပိုင် လှုပ်ရှားမှုများအတိုင်း ပြုလုပ်သောအခါ သမင်တစ်ကောင် ၎င်း၏ဦးချိုကို ချိတ်ဆွဲထားသကဲ့သို့ အားစိုက်ထုတ်စရာမလိုဘဲ သဘာဝကျလွန်းလှသည်။
‘ဒါက... မွေးရာပါ ပင်ကိုယ်စွမ်းရည်များလား’
ရွှယ်အန်းသည် ပျော်ရွှင်မှု နှင့် စိတ်ပျက်အားငယ်မှု ရောနှောနေသကဲ့သို့ ခံစားလိုက်ရသည်။ ဇနီးဖြစ်သူ၏ ဤအရည်အချင်းသည် အမှန်တကယ်ပင် ထူးခြားလွန်းလှသည်။ ရွှယ်အန်း ချဉ်းကပ်လာခြင်းကိုမြင်သောအခါ ချင်းယွမ်နှင့် ချင်းယုတို့သည် အမြန်ထရပ်ကာ လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။
‘’အရှင်’’
ရွှယ်အန်းသည် ၎င်းတို့ရောက်ရှိလာခြင်းကို သတိပြုမိသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ ချင်းယွီက စိတ်မရှည်တော့ဘဲ အရှေ့သို့ တိုး၍ ပြောလာသည်။
"အရှင် ပေကျင်းကို ပြန်ရောက်လာတာတောင် ကျွန်မတို့ မသိခဲ့တာ ကျွန်မတို့ရဲ့ ပေါ့ဆမှုကြောင့်ပါ၊ ကျွန်မတို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်"
ချင်းယွမ်သည်လည်း အရှေ့သို့ လှမ်းလာ၍ သူမ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"အရှင် ချင်းမိသားစုရဲ့ ကနဦး ဆုံးဖြတ်ချက်က ဘယ်တော့မှ မပြောင်းလဲပါဘူး။ ကျွန်တော်တို့က အရှင့်အတွက် အမြဲတမ်း ခိုင်မာသော ပံ့ပိုးကူညီမှုမျိုးဖြစ်နေမှာပါ။ ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှုက လျင်မြန်လွန်းတော့ မလွှဲမရှောင်သာ၊ အကောင်းနှင့်အဆိုး ရောနှောနေမှာပါ။ တစ်ချို့အရာတွေက မပြီးပြည့်စုံလို့ အရှင့်ကို စိတ်မကျေမနပ်ဖြစ်သွားစေရင် ကျွန်တော်တို့ကို အချိန်မရွေး ပြောနိုင်ပါတယ်၊ ချင်းယွမ်ဆိုတဲ့ ကျွန်တော်က တာဝန်ယူနိုင်ပါတယ်"
၎င်းတို့၏ ပြစ်ဒဏ်ကို လက်ခံရန် အဆင်သင့်ဖြစ်နေပုံရသော ၎င်းတို့နှစ်ဦး၏ အပြုအမူသည် ရွှယ်အန်းကို အံ့ဩသွားစေသည်။
"ဘာလဲ၊ ဒါက ဘာတွေဖြစ်နေတာလဲ" ရွှယ်အန်းက မေးလိုက်သည်။
‘ဟင်’
ချင်းယွမ်နှင့် ချင်းယွီတို့သည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်ပြီးနောက် မေးလိုက်သည်။
‘’အရှင် ချင်းမိသားစုကို စိတ်မဆိုးတော့ဘူးလား"
"ကျုပ်က ခင်ဗျားတို့ကို ဘာလို့စိတ်ဆိုးရမှာလဲ"
"ဒါဆို အရှင် ဒီတစ်ခေါက် ပြန်လာတာကို ကျွန်တော်တို့ကို အကြောင်းမကြားတဲ့အပြင် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကိုလည်း တုဖန်ကို ပြောခိုင်းရတာလဲ" ချင်းယွီက ရဲရင့်စွာ မေးလိုက်သည်။
ထိုသို့ကြားပြီးနောက် ရွှယ်အန်းက ရယ်မောလိုက်မိသည်။
"ကျုပ် ဖုန်းပျောက်သွားတယ်၊ ကျုပ်မှာ ခင်ဗျားတို့ရဲ့နံပါတ်တွေလည်းမရှိဘူး၊ အားလုံးကို တစ်ယောက်ချင်းစီ အကြောင်းကြားဖို့ ပျင်းနေတာနဲ့ တုဖန်ကလည်း အဲဒီနေရာမှာ ရှိနေတော့ သူ့ကိုပဲ လိုက်အကြောင်းကြားခိုင်းလိုက်တာ။ ရိုးရှင်းပါတယ်"
ချင်းယွမ်နှင့် ချင်းယွီတို့က အံ့ဩသွားကြသည်။
'ဒါဆို သူတို့ကို အရမ်းစိုးရိမ်ပြီး ထိတ်လန့်စေတဲ့အရာက ရွှယ်အန်းက သူ့ဖုန်းပျောက်သွားလို့ပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒါက သတင်းကောင်းပါပဲ'
နောက်ဆုံးတွင် ချင်းယွမ်နှင့် ချင်းယွီတို့က သက်ပြင်းချလိုက်ကြသည်။ ပြီးနောက် ချင်းယွမ်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"အဲ့ဒါကြောင့်ကို။ ဒီအဘိုးကြီးမှာတော့ လန့်ပြီး သေလုနီးပါးပဲ"
ရွှယ်အန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ခင်ဗျားတို့ပြောပုံအရဆိုရင် ကျုပ်ကပဲ စိတ်အပြောင်းအလဲလွယ်တဲ့ ဘုရင်ကြီးလိုပဲ၊ ဘာများ ကြောက်စရာရှိလို့လဲ"
'ရှင်က ဘုရင်ကြီး မဟုတ်ပေမယ့် ကျွန်မတို့အတွက်ကတော့ ဘယ်ဘုရင်ထက်မဆို ပိုပြီးကြောက်စရာကောင်းတဲ့ စွမ်းအားရှင်ပဲ' ချင်းယွီက တွေးလိုက်သည်။
အိမ်ထဲဝင်၍ ခဏမျှ စကားစမြည်ပြောကြပြီးနောက် အဆုံးတွင် ချင်းယွမ်က ဟန်ဆောင်မှုကင်းစွာ ပြောလိုက်သည်။
"အရှင့်ရဲ့မင်္ဂလာပွဲက တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ အခမ်းအနားတစ်ခုပါ၊ အရှင် ဘာတွေများ စီစဉ်ထားလဲဆိုတာ သိချင်ပါတယ်"
ချင်းယွီသည်လည်း ဤမေးခွန်းနှင့်ပတ်သတ်၍ အသိချင်ဆုံးဖြစ်နေသောကြောင့် နားစွင့်နေလိုက်သည်။ရွှယ်အန်းက သူ၏အစီအစဥ်များကို ပြောသရွေ့၊ ချင်းမိသားစုက အရာအားလုံးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ရွှယ်အန်းက လပေါ်တွင် လက်ထပ်ရန်အတွက် စီစဉ်ထားလျှင်ပင် ချင်းယွီက အမေရိကန်နိုင်ငံ| အာကာသစခန်းကို ဖုန်းဆက်၍ ဒုံးပျံတစ်စင်းနှင့် အာကာသယာဉ်တစ်စင်းကို ချက်ချင်းဝယ်ယူရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အင်း... သူတို့တွေ ဆွေးနွေးဖို့ လာတဲ့အထိ စောင့်ကြရအောင်"
၎င်းတို့ စကားပြောနေစဉ်တွင် ထန်တုန်နှင့် ၎င်း၏သမီး ထန်ရှောင်းယွီ၊ ဟွာရှင်းယွီ၊ ဟွာတင်းတင်းတို့ မြေးအဖိုးတို့သည်လည်း ဝင်လာကြသည်။ ၎င်းတို့သည်လည်း တုဖန်၏ အသိပေးချက်မှတစ်ဆင့် သတင်းကြားသိခဲ့ရခြင်းဖြစ်သည်။ ရွှယ်အန်းက လက်ထပ်တော့မညမည်ဆိုသော သတင်းကိုကြားလိုက်သောအခါ ၎င်းတို့အားလုံး ထိတ်လန့်သွားကြသည်။
ထိုအချိန်တွင် ဟွာတင်းတင်းသည် ဆေးခန်းတွင် ထိုင်နေခဲ့၍ ၎င်းသတင်းကြားလိုက်သောအခါ သူမ၏ အမူအရာက အချိန်အတော်ကြာ မည်းမှောင်သွားခဲ့သည်။ အဆုံးတွင် ဟွာရှင်းယွီက ဟန်ဆောင်ပြုံး၍ မေးလိုက်သည်။
"အိမ်မှာပဲ နေခဲ့ရင်ရော ဘယ်လိုလဲ၊ အဖိုးပဲသွားလိုက်မယ်လေ"
သို့သော် ဟွာတင်းတင်းက ခေါင်းခါလိုက်သည်။
"သမီး သွားချင်တယ်"
ဟွာရှင်းယွီက သက်ပြင်းချလိုက်သည်။
"ကောင်းပြီ၊ ဒါဆို ဆေးခန်းပိတ်ပြီး အခုချက်ချင်း ထွက်ကြရအောင်"
ပေကျင်းရှိ သိုင်းပညာခန်းမတွင်လည်း အလားတူ မြင်ကွင်းတစ်ခု ဖြစ်ပေါ်သွားလေသည်။ သို့သော်လည်း ထန်ရှောင်းယွီသည် သိုင်းပညာ ကျင့်ကြံသူဖြစ်သည့်အလျောက် နက်နဲသော ဝမ်းနည်းကြေကွဲမှုကို ခံစားနေသော်လည်း ကျယ်ပြောလှသော သဘောသဘာဝရှိသောကြောင့် စစ်မှန်သော ကောင်းချီးများစွာ သယ်ဆောင်လာကာ သူမ၏ဖခင် ထန်တုန်နှင့်အတူ အလျင်အမြန် ရောက်လာခဲ့သည်။
အခန်းသည် အလွန်စည်ကားလာခဲ့သည်။ နောက်ဆုံးတွင်၊ ရွှယ်အန်းနှင့်သူမ၏လက်ထပ်ပွဲအကြောင်း ဆွေးနွေးနေခြင်းဖြစ်သောကြောင့် အန်းယန်က အနည်းငယ်ရှက်ရွံ့လာသည်။ သူမသည် မိခင်တစ်ဦးဖြစ်နေပြီဖြစ်သော်လည်း အန်းယန်သည် အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦး၏နှလုံးသားမျိုး ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူမသည် နောက်မှလှည့်ကာ အခြားအခန်းသို့ ဝင်သွားခဲ့ရာ ဟွာတင်းတင်း၊ ထန်ရှောင်းယွီနှင့် ထန်ရွှမ်းအာတို့က အနောက်မှ လိုက်သွားကြလေသည်။
အခန်းထဲတွင် အမျိုးသားအနည်းငယ်နှင့် ချင်းယွီတို့သာ ကျန်ရစ်ခဲ့သည်။ ရွှယ်အန်းသည် လက်ဖက်ရည်သောက်လျက် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေသည်။ နောက်တစ်ဆင့်က မည်သည့်အရာဖြစ်မည်ကို မပြောသောကြောင့် ဤလူများအနက် မည်သူတစ်ဦးတစ်ယောက်သမျှ စကားမပြောရဲကြပေ။ ဤသို့ဖြင့် နောက်ထပ်တစ်နာရီကြာရစ်သွားခဲ့သည်။ အပြင်ဘက်မှ ခြေသံများကြားလိုက်ရပြီးနောက် ရွှယ်လန်က အထဲသို့ အမြန်ဝင်ရောက်လာသည်။
ရွှယ်အန်း၏ဝမ်းကွဲသည် အတွေ့အကြုံနှစ်နှစ်မျှ ကြာမြင့်ပြီးနောက် သူမ၏ငယ်ရွယ်နုပျိုမှုများ ဆုံးရှုံးခဲ့ပြီးနောက် ရင့်ကျက်တည်ငြိမ်လာခဲ့သည်။ ယခုအခါ သူမ သယ်ဆောင်လာသော အရောင်အဝါများက သူမသည် ရေှာင်ယောင်အဆင့်သို့ ရောက်ရှိလာကြောင်း ရှင်းရှင်းလင်းလင်းပြသနေသည်။
"အစ်ကို။ ယောင်းမနဲ့ တူမလေးနှစ်ယောက် ဘယ်မှာလဲ" ရွှယ်လန်က မေးမြန်းလိုက်သည်။
ရွှယ်အန်းက ပြုံးပြ၍ ကပ်လျက်အခန်းကို လက်ညှိုးထိုးပြလိုက်သည်။ ရွှယ်လန်က လူတိုင်းကို ခေါင်းညိတ်ပြပြီးနောက် အခန်းထဲသို့ ဝင်သွားလိုက်သည်။ သူမသည် သတင်းကြားသည်နှင့် ချက်ခြင်း ရောက်လာြခင်းြဖစ်သည်။ ရွှယ်လန်၏မိဘများသည်လည်း လာရောက်ရန်စီစဉ်ထားကြရာ၊ အထူးသဖြင့် သူမ၏မိခင်သည် သူမကိုယ်သူမ ရွှယ်အန်း၏ ဆွေမျိုးအရင်းအချာဖြစ်ကြောင်း အရှက်မဲ့စွာ အမည်တပ်နေခဲ့သည်။ ရွှယ်လန်သည် သူမ၏ ယုတ္တိမဲ့သော မိခင်ဖြစ်သူကို မည်သည့်စကားမျှ မပြောဘဲ အေးစက်စွာ ကြည့်နေခဲ့သည်။ သူမ၏ မိခင်က အရှက်ရစွာဖြင့် ခေါင်းငုံ့သွားသည့် အချိန်မှ ရွှယ်လန်က အေးစက်စွာ ပြောလိုက်သည်။
‘’အမေတို့နှစ်ယောက်လုံး အရင်တုန်းက ရှောင်အန်းကို ဘာလုပ်ခဲ့လဲဆိုတာ ကိုယ့်ဘာသာ သိတယ်မဟုတ်လား"
"ဒီနေ့ သမီးရဲ့အောင်မြင်မှုတွေက ရှောင်အန်းက သမီးကို ငဲ့ညှာလို့ရထားတာ အမေတို့အပေါ် သံယောဇဥ်ရှိနေလို့ မဟုတ်ဘူး"
ယခုအချိန်တွင် ရွှယ်လန်၏ စကားများက ဤအိမ်တွင် ဥပဒေတစ်ခုဖြစ်သည်။ ထိုသို့သော တုံ့ပြန်စကားများဖြင့် သူမ၏ အမြင်ကျဉ်းမြောင်းသော မိဘများက မည်သည့်အရာမျှ ထပ်မံ မပြောဝံ့ကြပေ။
"အရှင် ကျွန်တော်တို့က ဘယ်သူ့ကို စောင့်နေကြတာလဲ" ချင်းယွမ်က မနေနိုင်ဘဲ မေးလိုက်မိသည်။
ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။
"သူတို့ မကြာခင် ရောက်လာတော့မှာပါ"
အမှန်တကယ်ပင်၊ မိနစ်ဆယ်ချီကြာပြီးနောက် အပြင်ဘက်မှ အသံများ ကြားလာရသည်။ ပြီးနောက် လူအများအပြား တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြသည်။ ချင်ယွမ်နှင့် အခြားသူများ မထိုင်နိုင်တော့ဘဲ မတ်တပ်ရပ်လိုက်ကြသည်။ မည်သို့ဆိုသော် ရောက်လာသူများသည် ခရိုင်မြို့၏ အထက်တန်းလွှာမိသားစုများမှ ဖြစ်ကြသောကြောင့်ဖြစ်သည်။
အခန်း (၃၃၂) မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်း
ရှီဟောက်အပြင် သူ၏ မွေးချင်းများဖြစ်ကြသည့် ရှီကျူးလီနှင့် ရှီတုန်တို့သည် ရှီမိသားစုကိုယ်စား ရောက်လာခဲ့ကြသည်။ ဖုန်းချောင်ချုံးသည် လက်အောက်ငယ်သားတစ်စုကို ဦးဆောင်၍ ဖုန်းမိသားစု ကိုယ်စားရောက်လာခဲ့သည်။ ၎င်းတို့အပြင် ပြည်နယ်မြို့တော်မှ အနည်းငယ် အားနည်းသော အထက်တန်းလွှာ မိသားစုများသည်လည်း ၎င်းတို့၏ ဖြစ်တည်မှုကို ပြသရန်အတွက် အားလုံးရောက်လာခဲ့ကြသည်။
"လူကြီးမင်း" ၎င်းတို့က သံပြိုင် နှုတ်ဆက်လိုက်ကြသည်။ သူတို့အားလုံးသည် ယခုအခါမှ ပေကျင်းမြို့သို့ ရောက်လာခြင်းဖြစ်သည်။
တုဖန်၏ လုပ်ဆောင်နိုင်စွမ်းသည် အမှန်တကယ် မှတ်သားဖွယ်ကောင်းလှသည်။ ဤတစ်ကြိမ်တွင် ပြည်နယ်မြို့တော်က မိသားစုများကို အမြန်ဆုံးအကြောင်းကြားရန်အတွက် ရဟတ်ယာဉ်ငှားရမ်းကာ ကိုယ်တိုင်ကိုယ်ကျ အပြေးအလွှားနှင်ခဲ့လေသည်။ ထိုနေရာသို့ ရောက်သည်နှင့် ဦးစွာပထမ သူ သွားရောက်ရှာဖွေသူသည် ရှီမိသားစုဖြစ်သည်။
ရှီတုန်သည် ပေကျင်းမြို့မှ ပုဂ္ဂိုလ်ကြီးက မိမိကို ရှာဖွေနေသည်ဟု ကြားလိုက်ရသောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သို့သော် တွေ့ဆုံမှုအပြီးတွင် ရွှယ်အန်း၏ မင်္ဂလာပွဲဖြစ်ကြောင်း သိလိုက်ရသောအခါ ရှီတုန်သည် အလွန်တုန်လှုပ်သွား၍ ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ မြို့ပြင်တွင် စီးပွားရေးကိစ္စများ ဆွေးနွေးနေသော ရှီဟောက်သည် ပေကျင်းမြို့သို့ ချက်ချင်း လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ ထိုအချိန်တွင် ရှီတုန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။
အကယ်၍ သူသာ ဤသတင်းကို ထိန်းသိမ်းထား၍ ကိုယ့်ဘာသာ သွားရောက်ရန် ပြုလုပ်ခဲ့လျှင် အခြားသော အထက်တန်းလွှာ မိသားစုများကို ကျော်တက်သွားမည် မဟုတ်လေသလော။ သို့သော်လည်း သူသည် ထိုအကြံကို ချက်ချင်းပင် ပယ်ချလိုက်သည်။ ထိုပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် လှည့်ကွက်များ မပြုလုပ်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် အင်မော်တယ်တစ်ဦးလျှင်ပင် မိမိကို ကယ်တင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ဖုန်းမိသားစုနှင့် အခြားသော မိသားစုကြီးများကို ချက်ချင်းအကြောင်းကြားပြီးနောက် ကြီးကျယ်ခမ်းနားစွာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤအချိန်တွင် အခန်းတစ်ခုလုံး ပြည့်ကျပ်နေ၍ အားလုံးက ရွှယ်အန်းကို တိတ်တဆိတ် ကြည့်နေကြသည်။
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ရောက်လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခါမှာ ကျုပ် ဇနီးနဲ့ လက်ထပ်ပွဲပြုလုပ်ဖို့ပါ။ သူက ဘာမှ မတောင်းဆိုဘဲ ကျုပ်နောက်ကို လိုက်ခဲ့တာကြောင့် ထုံးစံအတိုင်း ကျုပ်ဘက်က သူ့ကို ဖြည့်ဆည်းပေးရမယ်"
“ကောင်းပါတယ်” လူအုပ်ကြီးသည်လည်း ထောက်ခံလိုက်ကြသည်။
လူအများအပြား ရောက်လာကြသောကြေယင့် နံပါတ်တစ် ရှန်ဗီလာတွင် ၎င်းတို့အားလုံး မနေနိုင်သည်မှာ ထုံးစံသာဖြစ်သည်။ ချင်းယွီသည် ဤဧည့်သည်များကို ဧည့်ဝတ်ခံရန် တာဝန်ယူလိုက်သည်။ ထိုလူများကို နေရာချပြီးနောက် ရွှယ်အန်းက ဖုန်းခေါ်ဆိုမှုအနည်းငယ် ပြုလုပ်လိုက်သည်။
စစ်တန်းလျား၏ အတွင်းတွင်။
အန်းချင်သည် အလုပ်များပြီးသွားသောကြောင့် အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
"ဗိုလ်မှူးကြီးအန်း၊ ဒါက ကျုံးဟွိုင်စစ်ဒေသရဲ့ ဗိုလ်မှူးကြီးဝမ် ပို့လိုက်တဲ့ လက်ဆောင်ပါ..." ဆက်သွယ်ရေးအရာရှိ အမျိုးသမီးတစ်ဦးက လက်ဆောင်သေတ္တာတစ်ခုကို ကိုင်ဆောင်ကာ ဝင်ရောက်လာသည်။ ၎င်းအမျိုးသမီး၏ စကားမပြီးဆုံးမီတွင် အန်းချင်က ခေါင်းခါလိုက်သည်။
"ပြန်ပေးလိုက်"
ဤသို့ဖြင့် အန်းချင်က လှည့်ထွက်သွားခဲ့သည်။ ဆက်သွယ်ရေးအရာရှိသည် အန်းချင်၏ နောက်ကျောကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်၊ ၎င်းကိစ္စများသည် ယခုလအတွင်း အကြိမ်ပေါင်းမည်မျှဖြစ်ပွားခဲ့ခြင်း ဖြစ်သနည်းဟု သူမကိုယ်သူမ တွေးနေမိသည်။ ယခုအချိန်တွင် အန်းချင်သည် စစ်တပ်၏ နံပါတ်တစ် အလှပဂေးတစ်ဦးဟု လူသိများနေပြီဖြစ်ရာ မရေတွက်နိုင်သောလူများက သူမ၏ချစ်ခြင်းမေတ္တာကို ရရှိရန် ပြိုင်ဆိုင်ခဲ့ကြသော်လည်း အန်းချင်သည် အေးခဲနေသော ရေခဲတုံးတစ်ခုကဲ့သို့ မလှုပ်မရွေ့ဖြစ်နေသည်။
အိမ်သို့ ကားမောင်း၍ ပြန်ရောက်လာသောအခါ အန်းယင်နှင့် အန်းမင်တို့သည်လည်း ထိုအချိန်မှသာ ပြန်လာခဲ့ကြသည်။ ယခုအခါ သူတို့နှစ်ယောက်စလုံးသည် ကောင်းကင်ကံကြမ္မာဆေးကုမ္ပဏီ၏ စီမံခန့်ခွဲမှုပိုင်းတွင် အလုပ်လုပ်နေကြ၍ နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့အားလုံး ညစာစားခါနီးတွင် အန်းချင်၏ ဖုန်းမြည်လာခဲ့သည်။ သူမ ငုံ့ကြည့်လိုက်ချိန်တွင် အချိန်အတော်ကြာ တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ထားသော မျက်ခုံးများ ချက်ချင်း ဖြေလျော့သွားခဲ့သည်။
"ခဲအို" အန်းချင်က ဖုန်းကိုင်လိုက်သည်။
ဤအမည်ကိုကြားသောအခါ စားသောက်နေကြသော အန်းယင်နှင့် အန်းမင်တို့သည်လည်း နားစွင့်လိုက်ကြသည်။ ရွှယ်အန်းက ဖုန်း၏အခြားတစ်ဖက်တွင် ရယ်မောလိုက်သည်။
"ငါဆိုတာ ဘယ်လိုသိတာလဲ၊ ဒါ ဖုန်းနံပါတ်အသစ်လေ"
"ဟီးဟီး၊ ခဲအိုနဲ့ ကျွန်မ အစ်မကလွဲရင် တခြားဘယ်သူမှ ဒီဖုန်းနံပါတ်ကို မသိကြပါဘူးနော်" အန်းချင်က တခစ်ခစ်ရယ်မောလျက် ပြောလိုက်သည်။
“ခဲအို ဘယ်တုန်းက ပြန်ရောက်တာလဲ… ဟိုမှာ ကိစ္စတွေပြီးပြီလား” ရွှယ်အန်းသည် မကြာသေးမီက ခွန်းလွန်သို့ ရောက်သွားကြောင်း သိထားသောကြောင့် အန်းချင်က မေးလိုက်သည်။
"ငါ မနေ့က ပြန်ရောက်တာ၊ ဟိုမှာအားလုံး ဖြေရှင်းပြီးပြီ" ရွှယ်အန်းက ချိုးနှိမ်သော လေသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို သူမ သိထားသော်လည်း အန်းချင်က စူးရှစွာ ပင့်သက်ရှိုက်မိသွားသည်။
"အင်မော်တယ်နယ်မြေ" ဟုလူသိများသော ခွန်းလွန်လျှင်ပင် ရွှယ်အန်း၏ သိမ်းပိုက်မှုကို ခံလိုက်ရသည်။ သူမ၏ ခဲအိုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းခြင်းဖြစ်သနည်း။
"ငါဖုန်းဆက်ရတဲ့ အကြောင်းရင်းက ပြောစရာတစ်ခုရှိလို့ပဲ"
"ဘာများလဲ"
"ငါ မင်းတို့အစ်မအတွက် မင်္ဂလာပွဲကြီးတစ်ခု ပြင်ဆင်နေတယ်"
အန်းချင်က အံ့အားသင့်သွားပြီးနောက် သူမ၏ပါးစပ်ထောင့်များက အလွန်ရွှင်လန်းသော အပြုံးများအဖြစ်သို့ ကွေးညွှတ်သွားလေသည်။
"လုပ်သင့်တဲ့ အချိန်တောင် ကျော်နေပြီ။ ဘယ်မှာလုပ်မှာလဲ ပေကျန်းမှာလား။ ကျွန်မ အခုချက်ချင်း လာခဲ့မယ်"
အန်းချင်သည် အလွန်ပြင်းပြစွာ စိတ်အားထက်သန်နေသည်။ သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။
"အလျင်စလိုလုပ်စရာ မလိုဘူး။ ငါက အပြစ်တွေကို ပြုပြင်ချင်မှတော့ လောကကြီးမှာ တုနှိုင်းမရတဲ့ အရာမျိုး လုပ်ရမှာပေါ့။ ငါ ဒီလို လုပ်ဖို့ တွေးထားတယ် နားထောင်ကြည့်"
ရွှယ်အန်းသည် အံ့အားသင့်နေသော မျက်လုံးများဖြင့် နားထောင်နေသော အန်းချင်ကို မျှဝေနေခဲ့သည်။ အရာအားလုံးကြားပြီးနောက် သူမက ခေါင်းညိတ်လျက် ပြောလိုက်သည်။
"ကောင်းပြီ၊ ခဲအိုပြောတဲ့အတိုင်း လုပ်ကြရအောင်"
သူမ ဖုန်းချပြီးနောက် အန်းယင်နှင့် အန်းမင်တို့က အကြည့်ချင်းဖလှယ်နေကြသောကြောင့် အန်းချင်က ပြုံးလိုက်သည်။
"ခဲအိုနဲ့ အစ်မတို့က သူတို့မင်္ဂလာပွဲကို ပြန်လုပ်တော့မလို့တဲ့။ အစ်မကို ဒီကို ပြန်ခေါ်လာဖို့အတွက် ပေကျန်းကို အရင်သွားရမယ်။ နင်တို့လည်း လိုက်ခဲ့လေ"
အန်းယင်နှင့် အန်းမင်၏ မျက်လုံးများ တောက်ပလာ၍ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြသည်။
"ကောင်းပြီ"
ချန်ရှို့ဟဲသည် ထိုကာလအတွင်း အိမ်၌ အေးချမ်း ပျော်ရွှင်စွာ နေထိုင်နေခဲ့သည်။ ကျုံးတုသည် ငြိမ်သက်၍ ပူပန်မှုကင်းမဲ့လှသည်။ ကောင်းကင်ကံကြမ္မာဆေးကုမ္ပဏီသည် ပိုမို သန်မာလာ၍ အရာရာသည်လည်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေသည်။ သူသည် လုပ်ဆောင်ရန် လုပ်ငန်းဆောင်တာများ သိပ်မရှိလှသောကြောင့် သူ၏နေ့ရက်များကို အိမ်တွင် စာအုပ်ဖတ်လျက် ကုန်ဆုံးနေခဲ့သည်။ သို့သော်လည်း ရွှယ်အန်း၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ဓားအိမ်မှ လွတ်ထွက်လာသော ဓားတစ်ချောင်းကဲ့သို့ အာရုံစူးစိုက်လာ၍ ချက်ချင်းပင် ပြန်လည် စူးရှလာသည်။
"မစ္စတာရွှယ်၊ လိုအပ်တာတစ်ခုများရှိလို့လား"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။
"ကျုပ် ခင်ဗျားကို အသိပေးစရာရှိလို့ပါ။ အန်းယန်နဲ့ ကျုပ်တို့ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်နေတယ်"
"ကောင်းပါတယ်၊ သတင်းကောင်းပေါ့။ ကျုပ် သေချာပေါက် လာခဲ့မှာပါ" ချန်ရှို့ဟဲက ဟက်ဟက်ပက်ပက် ရယ်မောကာ ဂုဏ်ပြုစကားဆိုလိုပ်သည်။
"ဒါပေမယ့်၊ ကျုပ် အရာအားလုံးကို ရိုးရာဓလေ့ထုံးတမ်းတွေအတိုင်း လုပ်စေချင်တယ်။ ကျုံးတုမှာ အန်းယန်ရဲ့ အသက်ကြီးတဲ့ မိဘဆွေမျိုးမရှိဘူး၊ ဒါကြောင့် ခင်များကို သူ့မိသားစု အကြီးအကဲအဖြစ် ဆောင်ရွက်စေချင်တယ်။ အချိန်ရောက်ရင် ကျုပ် လာခေါ်မယ်"
"ပြဿနာမရှိပါဘူး" ချန်ရှို့ဟဲက ချက်ချင်းပင် သဘောတူလိုက်သည်။ ဤဖြစ်စဉ်သည် မိမိကို မျက်နှာရစေသော အမှုကိစ္စဖြစ်သောကြောင့် သဘောမတူနိုင်စရာ အကြောင်းမရှိပေ။
"တခြားဧည့်သည်တွေအတွက်ကတော့ ခင်ဗျားပဲ သူတို့ကို အကြောင်းကြားလိုက်ပါ" ဖုန်းမချခင် ရွှယ်အန်းက ထိုသို့ ပြောသွားသည်။ ထိုအချိန်တွင် ချန်ရုရှီသည် အခန်းထဲသို့ ဝင်လာ၍ အဘိုးဖြစ်သူ၏ ရွှင်လန်းမှုကို မြင်လိုက်သောအခါ မနေနိုင်ဘဲ မေးလိုက်မိသည်။
"အဘိုး၊ ဘာဖြစ်တာလဲ၊ ဘာတွေဒီလောက် ပြုံးပျော်နေတာလဲ"
ချန်ရှို့ဟဲက မြေးဖြစ်သူကိုတွေ့သောအခါ အနည်းငယ် သက်ပြင်းချလိုက်မိသည်။
"မစ္စတာရွှယ်နဲ့ အန်းယန်က ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ပြုလုပ်တော့မယ်တဲ့"
ချန်ရုရှီက အံ့ဩသွားပြီးနောက် သူမ၏ အမူအရာ တဖြည်းဖြည်း ဖြူဖျော့လာသည်၊ သို့သော်လည်း ခဏအကြာတွင် အသက်ပြင်းပြင်းရှူကာ ပြုံးလိုက်သည်။
"သတင်းကောင်းပဲ၊ ချစ်သူတွေ နောက်ဆုံး မင်္ဂလာပွဲကျင်းပပြီပေါ့"
"မစ္စတာရွှယ်က အဘိုးကို သတို့သမီးမိသားစုအဖြစ် တာဝန်ယူလုပ်ခိုင်းထားတယ်။ ဒါပေမယ့် အဘိုး တစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလို့ ခံစားနေမိတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က အဘိုးတို့တွေ မစ္စတာရွှယ်ဆီက အကျိုးကျေးဇူးတွေ အများကြီးရခဲ့တာ၊ စစ်တပ်က အရှေ့ထွက်ပြီး စိတ်ဓာတ်တွေ မြှင့်တင်ဖို့ အချိန်တန်ပြီ" ချန်ရှို့ဟဲက မတ်တပ်ထရပ်လိုက်သည်။
ချန်ရှို့ဟဲသည် ကိန်းကြီးခန်းကြီးပြုလုပ်ရခြင်းကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သည်။ သူ အကြိုက်ဆုံးအရာသည် အရာအားလုံးကို ခမ်းနား၍ သက်ဝင်လှုပ်ရှားအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်။ ချန်ရှို့ဟဲသည် ရွှယ်အန်း၏မင်္ဂလာပွဲအတွက် ပို၍ပင် အာရုံစူးစိုက်နေခဲ့သည်။ ပြီးနောက် ရွှယ်အန်းသည် သူ၏ သူငယ်ချင်း သုံးဦးကို သီးခြားစီ ဖုန်းခေါ်လိုက်သည်။ ကောင်းကင်ကံကြမ္မာဆေးကုမ္ပဏီသည် ပိုမိုတိုးတက်လာသည်နှင့် ကျောက်ရွှယ်ဟွေ့၊ ယန်ပင်းယီနှင့် ချောင်လဲ့တို့သည် ၎င်းတို့၏ ယခင်ဘဝနေထိုင်မှုနှင့် သိသိသာသာ ပြောင်းလဲလာ၍ အလွန် ဩဇာလွှမ်းမိုးလာကြသည်။
သို့သော် ၎င်းတို့သုံးဦးသည် ရွှယ်အန်း၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်နှင့် အနည်းငယ် ပြောင်းလဲသွားခြင်းမရှိဘဲ အမြဲလိုလို စကားစမြည်ပြောကာ နောက်ပြောင်နေကြဆဲဖြစ်သည်။ ရွှယ်အန်းက အန်းယန်နှင့် လက်ထပ်ပွဲကျင်းပမည်ဟု ကြေညာလိုက်သည့်အချိန်မှသာ ၎င်းတို့သုံးဦး ခေတ္တ နှုတ်ဆိတ်သွားခဲ့ကြကာ ၎င်းတို့၏ အတွေးများကို ဖြောင့်မတ်စွာ ဖော်ပြလာကြသည်။
"နောက်ဆုံးတော့ ငါတို့ ဒီနေ့ကို ရောက်လာပြီ"
သူတို့ သုံးယောက်သည် ရွှယ်အန်းနှင့် အန်းယန်တို့၏ အပြစ်ကင်းဆုံးအချိန်များကို မြင်တွေ့ခဲ့ရသောကြောင့် ရိုးသားစွာ ပျော်ရွှင်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ရွှယ်အန်း၏ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်အပြီးတွင် ကျုံးတုတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်လာသည်။ သို့သော် အရာအားလုံးကို အထွတ်အထိပ်သို့ ရောက်ရှိသည်အထိ တွန်းပို့ခဲ့သော အရာသည် ပြည်နယ်မြို့တော် ချန်ရှောင်းယီဟုခေါ်သော အမျိုးသမီး သတင်းထောက်၏ ဆောင်းပါးတစ်ပုဒ်ဖြစ်သည်။ သူမသည် အပတ်စဉ် ဖျော်ဖြေရေးသတင်းတွင် မဟုတ်တော့ဘဲ ယခုအချိန်တွင် အလွန် ကျော်ကြားသော မီဒီယာတစ်ခုတွင် အလုပ်လုပ်နေခဲ့သည်။
ရွှယ်အန်းက လက်ထပ်တော့မည်ဟု သူမ သိလိုက်ရသောကြောင့် အလွန် စိတ်လှုပ်ရှားစွာဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ခြင်းဖြစ်သည်။ ဆောင်းပါးအနက် သူမ သိထားသည့် ရွှယ်အန်း၏ လုပ်ဆောင်မှုအားလုံးကို ရေးသားဖော်ပြခဲ့၍ လက်ထပ်ပွဲ အသစ်အတွက် သူမဘက်မှ ဂုဏ်ပြုကြောင်း ရိုးသားစွာ ထုတ်ဖော်ပြောကြားခဲ့လေသည်။ ဤဆောင်းပါးသည် ပူလောင်နေသော ဆီပူထဲသို့ ရေများ လောင်းထည့်လိုက်သကဲ့သို့ အရာအားလုံးကို ပွက်လောရိုက်စေခဲ့သည်။
အခန်း (၃၃၃) သတင်းများပျံ့နှံ့ခြင်း၊ အဖွဲ့အစည်းများအကြား ရုန်းရင်းဆန်ခတ်မှုများ
ပြည်တွင်းပြည်ပ မီဒီယာများ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ နာမည်ကြီး မီဒီယာအများအပြားက အသေးစိတ် အစီရင်ခံစာများကို ချက်ချင်းပင် ထုတ်ပြန်လာကြသည်။ ၎င်းတို့အနက် အမေရိကန်နိုင်ငံမှ မီဒီယာများက အထူးတလည် ထင်ရှားနေသည်။ ၎င်းတို့၏ ဆောင်းပါးများတွင် ရွှယ်အန်းအပေါ် အမြင့်မားဆုံး ချီးမြှောက်ခြင်းများမှတစ်ပါး မည်သည့်အရာမျှ ရေးသားခြင်းမရှိခဲ့ပေ။ မသိရှိထားသူများက ၎င်းတို့ကို ဟွာရှားမှ မီဒီယာတစ်ခုဟု ထင်ကောင်းထင်နိုင်ကြပေလိမ့်မည်။
အမှန်တကယ်မှာ ရွှယ်အန်းသည် အော်စကာအခမ်းအနားတွင် လူတိုင်းကို ကယ်တင်ခဲ့ခြင်းကြောင့် ထိုသို့ ရေးသားခဲ့ကြခြင်းဖြစ်ကြောင်းကို သိရှိထားသူများသာ နားလည်ကြသည်။ ဤအပြုအမူမှ သူရရှိသော ချစ်ကြည်မှုသည် အလွန် ကြီးမားလှသည်။ အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ယင်းအကြောင်းကို ရှင်းရှင်းလင်းလင်း မပြောကြားနိုင်သော်လည်း ယခုကဲ့သို့ ကြင်နာမှုစကားအချို့ကို ပြောကြားနိုင်ကြဆဲဖြစ်သည်။
ထိုသတင်းကို ရှန့်မိသားစုက ကြားသောအခါ ၎င်းတို့သည်လည်း အလွန် တုန်လှုပ်သွားကြသည်။ ရွှယ်အန်းသည် ဒုစရိုက်မြို့တော်မှ ပေကျင်းမြို့သို့ တိုက်ရိုက် ပြန်သွားခဲ့ပြီးနောက် ရှန့်နန်က အချိန်အတော်ကြာ စိတ်ပျက်နေခဲ့သည်။ သူမသည် ဤမင်္ဂလာပွဲကြီးကို တက်ရောက်ရန်အတွက် တိုင်းပြည်ကို ပြန်သွားရန် တောင်းဆိုလိုက်သည်။ ရှန့်ခန်က ထုံးစံအတိုင်း ခေါင်းညိတ်သဘောတူလိုက်သည်။
ပြီးနောက် ဒုစရိုက်မြို့တော်တွင် ဝမ်စီနန်သည် အလွန် ပြောင်းလဲသွားသော အမူအရာဖြင့် သတင်းစာကို ကိုင်ဆောင်ထားခဲ့သည်။ သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသူသည် အရိုးမိစ္ဆာမှလွဲ၍ အခြားလူမဟုတ်ပေ။ သူနှင့် ဝမ်စီနန်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြ၍ အလွန် သင့်မြတ်နေပုံရသည်။ သို့သော် ဤသို့သော မြင်ကွင်းမျိုးသည် ယခင်က လုံးလုံးလျားလျား ဖြစ်နိုင်မည်မဟုတ်ပေ။
သို့သော် ဒုစရိုက်မြို့တော်သည် ထိုမှောင်မိုက်သော ဖြစ်ရပ်များကို တဖြည်းဖြည်း ဖုံးကွယ်လာကြသည်။ အရိုးမိစ္ဆာ၏ လောင်းကစားလုပ်ငန်းသည် နေ့စဉ်နှင့်အမျှ ကြီးပွားတိုးတက်၍ ငွေကြေးများစွာရရှိနေသောကြောင့် ငွေအနည်းငယ်သာရရှိသည့် သိမ်နုတ်သော လုပ်ရပ်များကို ဂရုမစိုက်နိုင်ပေ။ ဝမ်စီနန်သည် သူမ၏ လက်အောက်ငယ်သား အများအပြားကို ဟိုတယ်များစွာ ဖွင့်လှစ်ရန် ဦးစီးဦးဆောင်ပြုလုပ်ခဲ့၍ ၎င်းတို့၏ လုပ်ငန်းများသည်လည်း အောင်မြင်နေခဲ့သည်။
"ချစ်လှစွာသော ဝမ်စီနန်၊ ငါ အခု ဟွာရှားကို သွားဖို့ စီစဉ်နေတာ၊ မင်း ငါနဲ့ လိုက်ခဲ့မလား" အရိုးမိစ္ဆာက ပြုံးရွှင်သော မျက်နှာဖြင့် မေးလိုက်သည်။
လက်ရှိ အရိုးမိစ္ဆာသည် တရုတ်ရိုးရာ ၀တ်စုံဖြင့် နေ့စဉ်နေ့တိုင်း ၀တ်ဆင်ထား၍ ဟွာရှားလူမျိုးများ၏ ပုံစံကို အတုယူရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ သူ၏စကားအရ သူသည် အရှင်နတ်ဘုရားနှင့် ဆင်တူသော အဝတ်အစားများကို ဝတ်ဆင်လိုခြင်းဖြစ်သည်။ အရိုးမိစ္ဆာ၏မျက်လုံးထဲတွင် ရွှယ်အန်းသည် ဖန်ဆင်းရှင် နတ်ဘုရားနှင့် တန်းတူညီမျှနေသည်။
ဝမ်စီနန်က အချိန်အတော်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းခါလိုက်သည်။
“ကျွန်မ မသွားတော့ဘူး”
သူမသည် ဤသို့ဖြင့် မတ်တပ်ထရပ်၍ ထွက်သွားခဲ့သည်။ အထီးကျန်ဆန်စွာ ဆုတ်ခွာသွားသော သူမ၏ပုံရိပ်ကို ကြည့်နေသော အရိုးမိစ္ဆာက ခေါင်းခါ၍ ပြောလိုက်သည်။
"အရှင့်ကိုမှ သွားချစ်မိတာကို၊ အာ စိတ်ခံစားချက်တွေက တကယ်ကို ဒုက္ခများတာပဲ”
သို့သော်လည်း နိုင်ငံအသီးသီးရှိ ထောက်လှမ်းရေးအေဂျင်စီများမှ အကြီးမားဆုံး တုံ့ပြန်မှုများ ပေါ်ပေါက်လာကြသည်။
အမေရိကန်နိုင်ငံ။
မကြာမီတွင် ရွှယ်အန်း လက်ထပ်တော့မည်ဆိုသော သတင်းကို ထောက်လှမ်းရေးဌာန ခေါင်းဆောင် ကွစ်ဇီက သိလိုက်သောအခါ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်စွာ တုန်လှုပ်သွားလေသည်။ ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်စေခဲ့သော တစ်ကိုယ်တည်းသမား ရွှယ်အန်းသည် ယခုအခါ ထိုကိစ္စများကို ၎င်းအမျိုးသမီးနှင့် အတူတကွ ပြုလုပ်တော့မည်ဖြစ်လေသလော။ ထို့ကြောင့် သူသည် ချက်ချင်း ဖုန်းခေါ်၍ တစ်ဖက်က လက်ခံသူကို အော်ဟစ်လိုက်သည်။
"မင်း ဘယ်လိုလုပ်မယ်ဆိုတာကို ငါ ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် ဒီမင်္ဂလာပွဲရဲ့ အသေးစိတ် အချက်အလက်အားလုံးကို ငါ့အတွက် ရှာရမယ်။ ရွှယ်အန်းရဲ့ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတစ်ပုံကို ငါ လိုချင်တယ်၊ ငါပြောလိုက်မယ် မျက်နှာသေချာ မမြင်ရတဲ့ နောက်ထပ် သောက်ကျိုးနည်း မှုန်ဝါးဝါးပုံ မဖြစ်လာစေနဲ့"
“ဟုတ်ကဲ့"
"ဒါ့အပြင် ရွှယ်အန်းရဲ့ ဇနီးက ဘယ်သူလဲဆိုတာ သေချာစုံစမ်းကြည့်စေချင်တယ်။ အဲ့ဒီ့အမျိုးသမီးရဲ့ အချက်အလက်တွေ အကုန်လုံးကို လိုချင်တယ်"
"ကျွန်တော်တို့ အခုချက်ချင်း ရှာလိုက်ပါ့မယ်”
မကြာခင်မှာပင် အန်းယန်၏ အချက်အလက်များကို ပေးပို့လာကြသည်။ ရွှယ်အန်းသည် နိုင်ငံအများအပြားတွင် နံပါတ်တစ် စိတ်ဝင်စားခံသူ ဖြစ်သောကြောင့် သူနှင့်ဆက်စပ်သူတိုင်းအတွက် အသေးစိတ်အချက်အလက်များ ရှိနေခဲ့သည်။ ကွစ်ဇီ သည် အသက်အရွယ်နှင့် ပတ်သက်၍ ဖော်ပြမှုများမရှိသော အန်းယန်၏ မှတ်တမ်းတင်ဓာတ်ပုံကို မြင်သောအခါ သူ၏မျက်လုံးများ တောက်ပလာသည်။
"ဒီကောင်မလေးက အရမ်းကြင်နာတတ်မယ့်ပုံပဲ ဟုတ်တယ် မလား။ ဒါက ကောင်းတဲ့အစပျိုးမှုပဲ"
အချက်အလက်အားလုံးကို ပြန်လည်သုံးသပ်ပြီးနောက် ကွစ်ဇီ က အလွန် ကျေနပ်သွားသည်။
'အို ဘုရားသခင်၊ နောက်ဆုံးတော့ အသင့်ရဲ့ ယုံကြည်သူတွေထံ သင်ရဲ့ တော်ဝင်အကူအညီတွေကို ပေးအပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီလား အရှင်ဘုရား'
ဤအမျိုးသမီးသည် နတ်ဆိုးတစ်ဦးဖြစ်မည့်ပုံမပေါ်သည့်အပြင် ကြမ်းတမ်းသော သဘောထားများမရှိဘဲ အလွန်ကြင်နာတတ်ပုံရသည်။ ဤသည်မှာ အလွန် အံ့သြသင့်ဖွယ်ကောင်းသော ဖြစ်စဉ်မျိုးဖြစ်သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခြံဝင်းတစ်ခုအတွင်း။ အပြင်ဘက်တွင် ဩဇာအာဏာ သက်ရောက်သော သူဌေးကြီးများသည် ယခုအခါ ၎င်းတို့၏ ခန္ဓာကိုယ်များကို ညွှတ်ကိုင်း၍ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေကြသည်။ အကြောင်းအရာမှာ ၎င်းတို့အရှေ့တွင် တိုကျိုမြို့ရှိ ဒုစရိုက်လောက၏ ဧကရီဖြစ်သည့် တကဲအုချီ ခီယိုခို ရှိနေသောကြောင့်ဖြစ်သည်။
"နတ်ဘုရားဓား" အဖြစ် တိုကျိုမြို့၏ ရာဇဝတ်လောကရှိ အင်အားကြီးပုဂ္ဂိုလ်များက ထိတ်လန့်ရသည့် ပွင့်လန်းခြင်းဓားကို ကိုင်ဆောင်သူ တကဲအုချီ ခီရိုခိုသည် တက်ရောက်လာသူများကို အေးခဲသောအကြည့်များဖြင့် ဖြတ်သန်းကြည့်ရှုလိုက်သည်။
"ကျွန်မ သခင်ရဲ့မင်္ဂလာပွဲကိုတက်ဖို့ ဟွာရှားကိုသွားရမယ်။ ရှင်တို့အားလုံး ဒီမှာနေပြီး အနေအထိုင်ဆင်ခြင်ကြ၊ ကိစ္စ တစ်ခုခုရှိခဲ့တယ်ဆိုရင် ကျွန်မ သခင်က တိုကျိုမြို့ကို ပြန်လာကောင်း ပြန်လာနိုင်တယ်" တကဲအုချီ ခီယိုခိုက ဘာသိဘာသာ ပြောလိုက်သည်။
ဤအသံကိုကြားသောအခါ အင်အားကြီးပုဂ္ဂိုလ်များက ချွေးစေး ထွက်လာခြင်းကို ခံစားလိုက်ရသည်။ တကဲအုချီ ခီရိုခိုတစ်ယောက်တည်က အလွန် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ရာ၊ ထိုဘုရားနှင့် ဆင်တူသောပုဂ္ဂိုလ်သာ ရောက်လာမည်ဆိုပါက တိုကျိုမြို့သည် ပျက်စီးခြင်းမှ ဝေးကွာတော့မည် မဟုတ်ပေ။
"ဟုတ်ကဲ့၊ စိတ်ချပါ မမလေးခီရိုခို။ ကျွန်တော်တို့ တာဝန်မပျက်ကွက်ပါဘူး"
လင်းနန်မြို့ရှိ ယွီမိသားစု။
ဓားပြသခြင်း လသာဆောင်ရှိ လေထုအခြေအနေသည် အနည်းငယ် ထူးဆန်းနေသည်။ မိသားစုအကြီးအကဲယွီလန်က လေးနက်စွာ သက်ပြင်းချလိုက်သည်။
"မဖြစ်နိုင်ဘူးဆိုတာ ငါတို့အားလုံး သိထားပြီးသာပဲလေ။ မစ္စတာရွှယ်ရဲ့ အံ့သြစရာကောင်းတဲ့ ကျင့်ကြံမှုအဆင့်မျိုးနဲ့ဆိုရင် သူက ကျောက်တုံးလို ခိုင်မာတဲ့ စိတ်ဆန္ဒမျိုးရှိသူပဲ။ ဒီတော့ယွီရန်ကို သူ့အနားကပ်ခိုင်းဖို့ဆိုတဲ့ ငါတို့ရဲ့ဆန္ဒက မိုက်မဲမှုတစ်ခုပဲ”
ယွီမင်က ခေါင်းညိတ်လိုက်သည်။
“အဖေ၊ မစ္စတာရွှယ်ရဲ့ မင်္ဂလာပွဲကြီးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ယွီမိသားစု…”
"ရက်ရောတဲ့ လက်ဆောင်တစ်ခု ပြင်ဆင်ပြီး အဖွဲ့လိုက် တက်ရောက်လိုက်" ယွီလန်က လေးနက်စွာ ပြောလိုက်သည်။
ယွီမင်က အနည်းငယ် အံ့အားသင့်သွားပြီးနောက် ဦးညွှတ်၍ ပြောလိုက်သည်။
"ဟုတ်ကဲ့"
ယွီရန်သည်သာ နံဘေးတွင် ငြိမ်သက်စွာ ထိုင်နေလျက် မျက်ရည်များဖြင့် ရွှန်းဝေနေခဲ့သည်။ ညနေစောင်းချိန်တွင် ယွီလန်က မိုးနတ်ဘုရား ကျောင်းဆောင်သို့ ရောက်လာခဲ့သည်။ ဘုန်းတော်ကြီးများက ကျောင်းဆောင်တံခါးကို ဖွင့်ပေးလိုက်သည်နှင့် ယွီလန်က လမ်းလျှောက် ဝင်လာ၍ နတ်ဘုရားရုပ်ထုကို ခေါင်းမော့ကြည့်လျက် ညင်သာစွာ မေးလိုက်သည်။
"ရွှယ်အန်းရဲ့ မင်္ဂလာပွဲအတွက် ဘာလုပ်ဖို့ စီစဉ်ထားပါသလဲ မိုးဘုရား"
ထိုအသံသည် လွတ်လပ်နေသော ခန်းမကြီးထဲတွင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းစေသည်။ သို့သော် ခဏအကြာတွင် နတ်နန်းဆောင်အပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု လင်းလပ်သွားခဲ့သည်။ ယွီလန်သည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသော ဝါးစလစ်ပြားတစ်ခုကို ကောက်ယူရန် အရှေ့သို့ တိုးလာသည်။ ဤသည်မှာ မိုးနတ်ဘုရား၏ စလစ်ပြားတစ်ခုဖြစ်၍ အလွန် အသုံးမဝင်လှပေ၊ ၎င်းသည် အနီးတစ်ဝိုက်ရှိ ရာသီဥတုကိုသာ ယာယီထိန်းချုပ်နိုင်စွမ်းရှိသည်။ သို့သော် မိုးနတ်ဘုရားသည် တန်ခိုးကြီးသော နတ်ဘုရား မဟုတ်သောကြောင့် ၎င်းအရာသည် သူမဘက်မှ အကောင်းဆုံး ပေးဆောင်နိုင်သော အရာသာဖြစ်သည်။
ယွီလန်က ခေါင်းညိတ်လိုက်သည်။
"မိုးနတ်ဘုရားကိုယ်စား ကျွန်တော် ပေးလိုက်ပါ့မယ်"
သူသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပစ္စည်းအချို့ကို နတ်ကျောင်းဆောင်ပေါ်သို့ တင်လိုက်သည်။
"ဒါတွေက အုတ်ဂူထဲမှာ မမြှုပ်လိုက်တဲ့ ကျွန်တော်တို့ဘိုးဘေး ထားခဲ့တဲ့ ပစ္စည်းတချို့ပါ၊ မိုးဘုရား ယူထားလိုက်ပါ"
ယွီလန်က ပြောပြီးသည်နှင့် လှည့်ထွက်သွားခဲ့ရာ၊ ခန်းမသည် ကနဦး ငြိမ်သက်မှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အချိန်အတော်ကြာတွင် လင်းနန်ဓားအင်မော်တယ် ယွီယွမ်ယိ ချန်ရစ်ထားခဲ့သော ပစ္စည်းများ အနည်းငယ် ရွေ့လျားသွား၍ အမျိုးသမီးတစ်ဦး၏ ငိုကြွေးသံများ ထွက်ပေါ်လာသည်။
ကမ္ဘာတဝှမ်းလုံးရှိ မီဒီယာများသည် အလွန် ယောက်ယက်ခတ်လာကြ၍ အနယ်နယ် အရပ်ရပ်ရှိ အင်အားကြီးမားသော အင်အားစုများသည် ပေကျင်းမြို့သို့ အပြေးနှင်လာကြရာ၊ ရွှယ်အန်း၏ စွမ်းအင်သည် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိုင်းပညာဖိုရမ်များတွင် ရွှယ်အန်းသည် သိုင်းပညာ လေ့ကျင့်မှုတွင် နံပါတ်တစ်ဖြစ်နေပြီဟု တစ်စုံတစ်ယောက်က ကြေငြာခဲ့သည်။ ဤထုတ်ပြန်ချက်သည် လူအများစု၏ သဘောတူညီချက်ကို ရရှိခဲ့ကြသည်။
ပြင်ပကမ္ဘာသည် ရွှယ်အန်း၏ မင်္ဂလာပွဲသတင်းဖြင့် တုန်လှုပ်ချောက်ချားနေချိန်တွင် ရှန်ကျန်ဒမြို့တွင် ရှိနေသော ဆုန်ယိသည်လည်း အလျင်အမြန် ရောက်လာလေသည်။ သူသည် ရွှယ်အန်းနှင့် တွေ့ဆုံပြီးသည်နှင့် ဂုဏ်ပြုကြောင်း ဦးစွာဖော်ပြပြီးနောက် ဖုန်းရွှေစည်းတံဆိပ်တစ်ခုကို ပေးအပ်လိုက်သည်။
"ဟဲဟဲ ကျွန်တော်မှာက တခြား ကမ်းလှမ်းစရာများများစားစား မရှိပါဘူး၊ ဒီဖုန်းရွှေ စည်းတံဆိပ်က ကျွန်တော်နဲ့ နှစ်အတော်ကြာရှိနေတော့ သက်ရောက်မှုတချို့ ရှိပါတယ်။ မင်္ဂလာဆောင်တဲ့ နေ့မှာ သတို့သမီးရဲ့ဘေးမှာ ထားရင် မကောင်းမှုမှန်သမျှ ကင်းဝေးစေမှာပါ"
“ငါ့အစ်ကိုရှိနေရင် ဘယ်နတ်ဆိုးတွေက အနားကို လာရဲရမှာလဲ” ဆုန်ယိ၏စကားကိုကြားတော့ သူ့ဘေးနားတွင်ရှိနေသော ရွှယ်လန်က ရှုံ့ချစွာ ပြောလိုက်သည်။
ရွှယ်လန်၏ စကားများက ဆုန်ယိကို ဆွံ့အသွားစေသောကြောင့် ရှက်ရွံ့စွာသာ ပြုံးရယ်နေခဲ့သည်။ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဒီကိုရောက်ဖို့ ဘာလို့ ဒီလောက်ကြာနေတာလဲ"
ဆုန်ယိ၏အမူအရာသည် ပို၍ လေးနက်လာပြီးနောက် ရွှယ်အန်းကို အနားသို့ ဆွဲကာ တီးတိုးပြောလိုက်သည်။
"ကျွန်တော် ပြီးခဲ့တဲ့ရက်တွေအတွင်း ရှန်ကျန်းမှာ လေလံပွဲတစ်ခုနဲ့ အလုပ်ရှုပ်နေလို့ပါ"
"လေလံပွဲတဲ့လား"
"ဟုတ်ပါတယ်။ လေလံပွဲက တစ်လအတွင်းကျင်းပမှာပါ။ အဲဒီအခါ အရှင်လည်း မြင်ကွင်းတွေ လာကြည့်လို့ရတာပေါ့"
"စိတ်ဝင်စားစရာတစ်ခုခု ရှိလို့လား" ဆုန်ယိသည် မလိုအပ်ဘဲ အရေးကြီးခွင့်ကျယ်လုပ်မည့်သူ မဟုတ်ကြောင်း ရွှယ်အန်းက သိထားသည်။ သာမာန် လေလံပွဲတစ်ခုသာဖြစ်လျှင် ထိုမျှသော လျှို့ဝှက်မှုများနှင့် ထိုက်တန်မည်မဟုတ်ပေ။
"ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး၊ ဒါပေမယ့် လေလံပွဲက အရှေ့တောင်အာရှက ပုန်းကွယ်နေထိုင်နေကြတဲ့ မှော်ဆရာတွေကို လှုပ်ရှားအောင် ပြုလုပ်နိုင်ခဲ့တယ်၊ ပြီးတော့ ရှားရှားပါးပါး တွေ့ရခဲတဲ့ ကုအင်းဆက်ကျင့်ကြံသူတွေတောင် ပေါ်လာတယ်ဆိုပဲ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါတယ်။ အန်းယန်နဲ့ လက်ထပ်ပွဲပြီးရင် ဟန်းနီးမွန်းထွက်ဖို့ အချိန်ဆိုတော့ ကျုပ်တို့တွေ့ လှည့်ဝင်လာပြီး သွားကြည့်ကြတာပေါ့"