← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄) ဝတ်စုံကို အံဝင်ခွင်ကျချုပ်လုပ်ခြင်း

ရာဖေးလ်သည် လေယာဉ်မှဆင်းလာသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဤနေရာကို မကြိုက်နှစ်သက်ပေ။ ထိုအချိန်တွင် ဤဝေးလံခေါင်သီသော တိုင်းတစ်ပါးသို့ လာရောက်၍ တစ်ခါမှ မကြားဖူးသော လူချမ်းသာသူစိမ်းများအတွက် မင်္ဂလာဝတ်စုံ ဒီဇိုင်းဆွဲမျိုး ချုပ်လုပ်မည့်အစား သူသည် အင်္ဂလန်နိုင်ငံရှိ ဘဲလ်လမ်းမ​၏ ဆိုင်တစ်ဆိုင်တွင် ကြော့ရှင်းသော ဗြိတိသျှလူကြီးမင်းများနှင့် အမျိုးသမီးများအတွက် အဝတ်အထည်များ ချုပ်လုပ်နေသင့်သည်။

သို့သော်လည်း တစ်ဖက်လူသည် မိမိဘက် မငြင်းဆန်နိုင်သော စျေးနှုန်းတစ်ခုပေးအပ်ခဲ့သောကြောင့် ဤနေရာသို့ လာရောက်ရန်မှလွဲ၍ သူ့တွင် တခြား ရွေးချယ်စရာမရှိပေ။ ငွေရှာချင်သော်လည်း သိက္ခာကျဆင်းသကဲ့သို့သော ဤကဲ့သို့ အဆင်မပြေသည့် စိတ်ခံစားချက်မျိုးသည် အင်္ဂလန်နိုင်ငံ​၏ နာမည်ကြီး ဖက်ရှင်ဒီဇိုင်းနာကို ဝမ်းချုပ်နေသော မျက်နှာအမူအရာမျိုးဖြစ်စေခဲ့သည်။

"မစ္စတာရာဖေးလ်၊ ကျေးဇူးပြုပြီး ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ" ထိုအချိန်တွင် ဂုဏ်သိက္ခာရှိ လူလတ်ပိုင်းတစ်ဦးက အပြုံးဖြင့် ချဉ်းကပ်လာသည်။

ဤလူသည် ရာဖေးလ်၏ စိတ်ခံစားချက်များကို အနည်းငယ် မြှင့်တင်စေခဲ့သည်။ အနည်းဆုံးလျှင် ဤနိုင်ငံ၌ လူကြီးလူကောင်းများ ရှိနေသေးပုံပေါ်သည်။ လေဆိပ်ဂိတ်မှ ထွက်လာသောအခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဇိမ်ခံကားများစွာရှိနေခဲ့သည်။

"မစ္စတာရာဖေးလ်၊ ကျေးဇူးပြုပြီး ကားပေါ်တက်ပါ၊ ကျွန်တော်တို့ဥက္ကဌက စောင့်နေတာကြာပါပြီ"

“တကယ့်ကို သူဌေးလက်သစ် တိုင်းပြည်ဆိုတဲ့အတိုင်းပဲ” ရာဖေးလ်သည် ကားပေါ်တက်လျက် တိတ်တဆိတ် တွေးနေလေသည်။

သူသည် မကြာမီတွင် အထပ်မြင့် အဆောက်အအုံတစ်ခုထဲသို့ ရောက်ရှိလာပြီးနောက် သူ၏အမြင်အာရုံတွင် တုနှိုင်းမဲ့စွာလှပသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ အထူးသဖြင့် သူမထုတ်လွှတ်နေသာ အေးစက်၍ ပြင်းထန်သော အငွေ့အသက်များသည် ကော်ပိုရိတ်လောကကို စိုးမိုးထားသော ဘုရင်မတစ်ပါးကဲ့သို့ ဆွဲဆောင်လွန်းနေသည်။

"မစ္စတာရာဖေးလ်၊ ပေကျင်းကို ရောက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ရှင့်ကို ဒီနေရာကို ဖိတ်လိုက်တဲ့ ချင်းယွီပါ" ချင်းယွီက အပြုံးြဖင့် ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မရှိပါနဲ့ ကျွန်တော်နဲ့ ဖုန်းပြောနေတဲ့မိန်းကလေးက အခုလို အရမ်းလှနေမှန်း သိခဲ့ရင် ကျွန်တော် မြန်မြန်လာခဲ့တာပေါ့"

"ပြီးတော့ ကျွန်တော်သာ အသက်နှစ်ဆယ်လောက်ပိုငယ်ရင် မင်းကိုလက်ထပ်မယ့်အမျိုးသားကို ကျွန်တော် တကယ် အားကျမိမှာ၊ ဒီကမ္ဘာပေါ်က ရတနာကို အဲ့ဒီအမျိုးသားက ပိုင်ဆိုင်သွာတာကြောင့်လေ"

ရာဖေးလ်သည် အင်္ဂလန်နိုင်ငံ၏ တမူထူးခြားကာ နူးညံ့သိမ်မွေ့သော အေးစက်မှု ဟာသမျိုးကို စတင်လိုက်သည်။

ချင်းယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မစ္စရာဖေးလ်၊ ရှင် မှားနေပြီထင်တယ်၊ လက်ထပ်တော့မယ့်သူက ကျွန်မ မဟုတ်ဘူး"

"ဟမ်၊ ဒါဆို ဘယ်သူလဲ"

"ကျွန်မ လေးစားရတဲ့ အမျိုးကောင်းသားတစ်ယောက်ပါ၊ ဒါမှမဟုတ်ရင်... ကျွန်မတို့အဖွဲ့အစည်းရဲ့ ပိုင်ရှင်အစစ်လို့ ပြောရမလားပဲ"

ချင်းယွီ၏စကားများသည် ရာဖေးလ်ကို အနည်းငယ် ထိတ်လန့်သွားစေကာ ပြင်းထန်သော စူးစမ်းလိုစိတ်များ တစ်ဟုန်ထိုး ခံစားလိုက်ရစေသည်။ ဤအမျိုးသမီးသည် အလွန်မြင့်မားသော စိတ်ဓာတ်အရှိန်အဟုန်မျိုးရှိ၍ ချမ်းသာသော အထက်တန်းလွှာဖြစ်သည်ကို သိသာထင်ရှားလှသောကြောင့် သူမ၏သခင်အဖြစ် မည်သို့သော ပုဂ္ဂိုလ်မျိုးကို အသိအမှတ်ပြုထားခြင်းဖြစ်သနည်း။

ချင်းယွီက သူ့ကို နံပါတ်တစ် ရှန်ဗီလာသို့ ခေါ်သွားသည်အထိ ရာဖေးလ်၏ စူးစမ်းချင်စိတ်က ဆက်ရှိနေခဲ့သည်။ ရာဖေးလ်သည် အထဲသို့ဝင်လိုက်သည်နှင့် အံ့ဩသွားသည်။ မည်သို့ဆိုသော် အထဲတွင် သူနှင့် ရွယ်တူများကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

"ဂျပန်နိုင်ရဲ့ထူးချွန်တဲ့ ဒီဇိုင်နာ အိချီရို တနခ"

"အမေရိကန်နိုင်ငံရဲ့ခေတ်ပြိုင် ဒီဇိုင်နာ ဂါစီရာ"

"ဘုရားရေ၊ အဲ့တာ တော်ဝင်အင်္ဂလန်မိသားစုအတွက် တော်ဝင်မင်္ဂလာဝတ်စုံကို ဒီဇိုင်းထုတ်ခဲ့တဲ့ ပါရမီရှင် မဟုတ်လား"

ဤပုဂ္ဂိုလ်များသည် ရာဖေးလ်၏မောက်မာမှုများကို ချေဖျက်စပြုလာသည်။ ၎င်းတို့အနက် တစ်ဦးချင်းစီသည် ဒီဇိုင်းလောကတွင် သူ|အဆင့်အတန်းအောက် မနိမ့်ကျသူများဖြစ်ကြသည်။ သို့ေသာ် ရာဖေးလ် စူးစမ်းချင်စိတ် အရှိဆုံးပုဂ္ဂိုလ်သည် အလယ်တွင်ထိုင်နေသည့် ဆံပင်ဖြူဖြူ အဘိုးအိုတစ်ဦးဖြစ်သည်။ ထိုအမျိုးသားသည် အေးဆေးတည်ငြိမ်သော စိတ်ထားရှိသည့် တရုတ်လူမျိုးဖြစ်၍ သွယ်လျသော လက်ချောင်းများပိုင်ဆိုင်ကာ သန့်ရှင်းသပ်ရပ်သော ၀တ်စုံကို ၀တ်ဆင်ထားသူဖြစ်သည်။

ဤအမျိုးသားသည် ထိပ်တန်းအဆင့် အပ်ချုပ်သမားတစ်ဦးဖြစ်ရမည်ဟု ရာဖေးလ်၏ ပင်ကိုယ်အသိစိတ်မှ ပြောနိုင်သည်။ ပညာရှင်များစွာ စုစည်းနေသော ဤနေရာတွင် ထိုလူက မည်သူဖြစ်သနည်း။ သူ၏ အံ့အားသင့်မှုအထွတ်တွင် ရွှယ်အန်းက အန်းယန်ကို ခန်းမထဲသို့ ခေါ်လာခဲ့သည်။ ချင်းယွီသည် လျင်မြန်စွာ မတ်တပ်ထရပ်လိုက်သည်။

"အရှင်၊ ဒီပညာရှင်တွေက အရှင်နဲ့ အရှင်ဇနီးတွက် မင်္ဂလာဂါဝန်နဲ့ ဝတ်စုံကို သီးသန့် ဒီဇိုင်းဆွဲဖို့ နိုင်ငံအသီးသီးကနေ ဖိတ်ခေါ်ထားတဲ့ ပညာရှင်တွေပါ"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။ ရွှယ်အန်းသည် သူ၏ စွမ်းရည်များဖြင့် ပေါ့ပါးသော ဝတ်စုံများကို အလွယ်တကူ ဖန်တီးနိုင်စွမ်းရှိသည်။ ၎င်း လိုက်ဖက်ရုံတင်မကဘဲ သူလိုချင်သော စတိုင်လ်မျိုးပင် ရနိုင်သည်။ သို့သော် ရွှယ်အန်း လိုချင်သောအရာသည် အန်းယန်ကို အပြစ်အနာအဆာကင်းစင်၍ တုနှိုင်းမဲ့သော မင်္ဂလာပွဲမျိုး ပေးခြင်းသာဖြစ်သည်။ တုနှိုင်းမယှဉ်နိုင်သော ပြီးပြည့်စုံမှု၏ စံနမူနာသည် မည်သို့သောအရာဖြစ်သနည်း။

တခြားလူများဆီတွင် ရှိနေသောအရာများနှင့် မရှိသောအရာများကို ပိုင်ဆိုင်၍ ၎င်းအခြားသူများ ပိုင်ဆိုင်ရန် မဖြစ်နိုင်သည့်အရာများကို ကြိုးစားအားထုတ်ခြင်းဟု ဆိုလိုသည်။ ဤသည်မှာ ရွှယ်အန်း၏ ဒဿနနောက်ကွယ်က အတိအကျ အဓိပ္ပါယ်သာဖြစ်သည်။ ချင်းယွီသည် အပြစ်အနာအဆာကင်းစင်စွာ ပြုမူလှုပ်ရှားလိုက်သည်။ ယခုအချိန်တွင် ရာဖေးလ်နှင့် အခြားသူများသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဒီလူသာ မော်ဒယ်တစ်ယောက်ဖြစ်လာရင် ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းအမျိုးသားမော်ဒယ်တွေအားလုံး နုတ်ထွက်သွားနိုင်တယ်" ဤသည်မှာ ရာဖေးလ်၏ စိတ်ထဲရှိ တစ်ခုတည်းသော အတွေးဖြစ်သည်။

ဒီဇိုင်းလောကတွင် နှစ်ရှည်လများစွာ ကျင်လည်ကျက်စားလာသည့်အတွက် သူ၏မျက်လုံးများတွင် ထူးချွန်သော ပိုင်းခြားသိမြင်မှုများ ရရှိလာစေခဲ့သည်။ ထို့ကြောင့် ရွှယ်အန်း၏ အရပ်အမောင်းနှင့် အချိုးအစားသည် လုံးလုံးလျားလျား ပြီးပြည့်စုံကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ သူသည် ပန်းပုရုပ်များထက်ပင် ပို၍ ပြီးပြည့်စုံလှသည်။ လူတစ်ယောက်သည် ဤသို့ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်မျိုးကို မည်သို့ပိုင်ဆိုင်နိုင်ခြင်းဖြစ်သနည်း။

အန်းယန်ကိုမူကား အနီးကပ်ပင် မကြည့်ဝံ့ပေ။ ဤမိန်းကလေးသည် အလွန်ယုတ္တိကင်းမဲ့စွာ လှပလွန်း၍ သူမ၏ကိုယ်ရည်ကိုယ်သွေးသည်လည်း မနှိုင်းယှဉ်နိုင်အောင် ထူးခြားလှသောကြောင့် အချိန်ကြာကြာကြည့်မိလျှင် သူ၏ ချုပ်လုပ်မှု လုပ်ငန်းဆောင်တာတွင် အာရုံပျက်ပြားသွားစေနိုင်သည်။ တိုင်းတာမှုပြုလုပ်ရန်အချိန်ရောက်လာသောအခါ ရာဖေးလ်သည် မျက်နှာတွင် ညှို့ငင်မှုများဖြင့် တောက်ပလာ၍ အားရကျေနပ်စွာ အော်ဟစ်လိုက်မိသည်။ ထိုသို့သော ကိုယ်လုံးကိုယ်ပေါက်ရှိသူအတွက် အထည်ချုပ်လုပ်ခြင်းသည် ဒီဇိုင်းနာ အလုပ်၏ သက်တမ်းကို ပြီးမြောက်အောင်မြင်သွားစေနိုင်သည်။ အန်းယန်ကို တိုင်းတာရန် တာဝန်ယူထားသော အမျိုးသမီး လက်ထောက်များသည်လည်း အားကျမှုများဖြင့် ပြည့်နှက်နေသည်။

"မိန်းကလေး၊ ကျွန်တော် ဖန်တီးမယ့် မင်္ဂလာဝတ်စုံက ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်မယ်ဆိုတာ ကျိန်ပြောရဲတယ်။ ဘုရားရေ၊ ကျွန်တော်ရဲ့ စိတ်ကူးစိတ်သန်းတွေ ဦးနှောက်ကနေ ပေါက်ကွဲထွက်လာတော့မှာပဲ။ ဒီမှာ အလုပ်ခုံရှိလား၊ ကျွန်တော် ကျွန်တော်ရဲ့ စိတ်ကူးတွေကို ချက်ချင်း မှတ်တမ်းတင်ထားမှ ဖြစ်မယ်" အလွန် စိတ်အားထက်သန်နေသည့် မင်္ဂလာဝတ်စုံဒီဇိုင်နာ ဗေလန်က အော်ဟစ်လိုက်သည်။

ချင်းယွီက ပြုံးလိုက်သည်။

"ရှိတာပေါ့၊ ရှင်တို့ တစ်ယောက်ချင်းစီကို ကမ္ဘာ့အဆင့်မီ စတူဒီယိုတစ်ခုစီ ပြင်ဆင်ပြီးပါပြီ၊ ကမ္ဘာတစ်ဝှမ်းလုံးက နာမည်ကြီး အထည်စတွေကိုလည်း ကြိုက်သလို အသုံးပြုလို့ရပါတယ်။ အခုအချိန်မှာ စရိတ်စကကို မစိုးရိမ်ပဲ လှပမှုအတွက်ပဲ အာရုံစိုက်ထားဖို့ကိုတော့ မှတ်ထားပါ"

ဗေလန်သည် တစေသရဲဝင်ပူးနေသကဲ့သို့ စတူဒီယိုသို့ အလျင်အမြန်ပြေးသွားပုံအရ နောက်ရက်ပေါင်းများစွာ အိပ်စက်မည့်ပုံ မပေါ်ပေ။ ထိုအချိန်တွင် ရာဖေးလ်သည် ရွှယ်အန်း၏ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ထည်ကို ပိုမို မြှင့်တင်ရန်အတွက် မည်သည့်နည်းပညာများ အသုံးပြုရမည်ကို စဉ်းစားနေလေသည်။ ထိုအချိန်တွင် ချင်းယွီသည် ကနဦး သက်ကြီးရွယ်အို အမျိုးသားနှင့် စကားပြောနေခြင်းကို ကြားလိုက်ရသည်။

"မစ္စတာဖုန်း အသုံးပြုမယ့် ဦးတည်ချက်တစ်ခုကို ဆုံးဖြတ်ပြီးပြီလား”

မစ္စတာဖုန်း…

ရာဖေးလ်သည် ရုတ်တရက် တုန်လှုပ်သွား၍ ဒီဇိုင်းနှင့် စက်ချုပ်မှုလောကတွင် ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်တစ်ဦးကို သတိရသွားသည်။

‘ဟွာရှားဇာတိဖြစ်သည့် ဖုန်းချိုင်ယီ’

သူ၏ စက်ချုပ်ကျွမ်းကျင်မှုသည် ကမ္ဘာပေါ်တွင် မှော်ပညာလက်ရာကဲ့သို့ မနှိုင်းယှဉ်နိုင်အောင် ပြိုင်ဘက်ကင်းသည်ဟု ယူဆခဲ့ကြသည်။ ၎င်းတို့သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဖိတ်ခေါ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤအခိုက်အတန့်တွင် ဖုန်းချိုင်ယွီသည် အဝေးမှ ရွှယ်အန်းကို ရိုသေသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ ဝိညာဉ်ရေးလေ့ကျင့်မှုတွင် တစ်စိတ်တစ်ပိုင်း လိုက်လျောညီထွေစွာ တတ်ကျွမ်းထားသူတစ်ဦးဖြစ်သောကြောင့် ရွှယ်အန်း၏ ကြီးကျယ်ခမ်းနားသော ကျော်ကြားမှုကို သူ ကောင်းစွာသိရှိထားသည်။

သူသည် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကျုပ် အကြံတစ်ခုရတယ်။ ဒီ လူကြီးမင်းအတွက် တရုတ်ဝတ်စုံနဲ့ ဒီလှပတဲ့ အမျိုးသမီးအတွက် တရုတ်ရုိးရာ မင်္ဂလာဝတ်စုံတစ်ခု ဖန်တီးဖို့ စိတ်ကူးထားတယ်"

"သိပ့်ကောင်းတာပေါ့" ချင်းယွီက အလွန်သဘောကျသွားသည်။

"လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ သုံးရက်အတွင်း နမူနာတွေ အဆင်သင့်ဖြစ်ဖို့ မျှော်လင့်မိပါတယ္။ စိတ်မပူကြပါနဲ့ ရလဒ်တွေကောင်းတယ်ဆိုရင် ငွေပေးချေမှု နှစ်ဆတိုးပြီးပေးသွားပါ"

‘နှစ်ဆ’

ကနဦး ရက်ရောနေသော လစာသည် ယခုမူ ပို၍ များပြားလာပေတော့မည်။ အမေရိကန်နိုင်ငံမှ ဂါစီရာသည် အံကြိတ်၍ ကြိမ်းဝါးလိုက်သည်။

"ကျွန်မ အစွမ်းကုန်ကြိုးစားဖို့ အသင့်ပဲ"

ဒီဇိုင်နာများသည် ၎င်းတို့၏ ကိုယ်ပိုင်စတူဒီယိုတွင် အဝတ်အစားများကို စတင်ပြင်ဆင်နေကြသည်။ ပြီးနောက် ချင်းယွီသည် အခြားလိုအပ်သည့် ပစ္စည်းများကို စီစဉ်ပေးနေခဲ့သည်။ ထိုအချိန်တွင် သူမသည် ရွှယ်အန်း၏ မင်္ဂလာပွဲပြင်ဆင်မှုများကို အာရုံစိုက်ရန်အတွက် ကုမ္ပဏီကိစ္စများကို လုံးလုံးလျားလျား ဖယ်ကျဉ်းထားခဲ့သည်။ ချင်းယွီ၏ အဆောတလျင် ထွက်ခွာသွားမှုကို ကြည့်နေချိန်တွင် အန်းယန်က သက်ပြင်းချလိုက်မိသည်။

"ဒီရက်တွေအတွင်း သူ တကယ်ကို အလုပ်ကြိုးစားနေခဲ့တာပဲ"

ရွှယ်အန်းက မည်သည့်စကားမျှ မပြောဘဲ ပြုံးလိုက်သည်။ သူမကို အလုပ်ရှုပ်ခွင့်မပြုပါက ချင်းယွီသည် အမှန်တကယ် စိတ်ဒုက္ခ ရနေပေလိမ့်မည်။

အခန်း (၃၃၅) ဇိမ်ခံပစ္စည်း အစစ်အမှန် ဆိုတာဘာလဲ

ခေါ့ရှောင်ယန်သည် ရှန်ကျန်းမြို့ရှိ ကျိုးရှောင်ဖူရတနာ၏ စီမံခန့်ခွဲရေး စီအီးအိုဖြစ်ရာ၊ သူမသည် ရှန်ကျန်းမြို့တွင်သာမကဘဲ ကမ္ဘာတစ်ဝှမ်းရှိ လက်ဝတ်ရတနာလုပ်ငန်းတွင် သြဇာကြီးမား၍ အလွန်လေးစားရသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ဆုန်ယိ၏ဖိတ်ကြားမှုကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းသို့ ခရီးထွက်လာရခြင်းဖြစ်သည်။ ခေါ့ရှောင်ယန်သည် ဆုန်ယိကို အလွန်လေးစားနေသည်။

လွန်ခဲ့သော တစ်နှစ်က ရှန်ကျန်းကို သိမ်းပိုက်ခဲ့သည့် ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုကဲ့သို့ ကျွမ်းကျင်သော အုပ်ချုပ်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် လူအများကို အံ့အားသင့်စေခဲ့သည်။ ကနဦးတွင် လူများစွာက ဆုန်ယိကို အပြင်လူအဖြစ် မြင်ခဲ့ကြသောကြောင့် သူ့ကို အလေးအနက်မထားခဲ့ကြပေ။ သို့သော် တစ်နှစ်အကြာတွင် ရှန်ကျန်းရှိ အဓိကပုဂ္ဂိုလ်များအားလုံးက သူ့ကို နာခံမှုရှိစွာဖြင့် ခေါင်းညွှတ်လိုက်ကြသည်။

ထို့အပြင် ခေါ့ရှောင်ယန်သည် ကောလဟာလတချို့ကို ကြားသိခဲ့ရသည်။ ဆုန်ယိ၏နောက်ကွယ်တွင် မင်မိသားစုကို ညတွင်းချင်း ရှင်းထုတ်ပစ်နိုင်ခဲ့သည့် ကြောက်မက်ဖွယ်ပုဂ္ဂိုလ်တစ်ဦးရှိနေသည်။ ယင်းဖြစ်စဉ်သည် ဆုန်ယိ​၏ လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်ကို တိုးမြှင့်စေခဲ့သည်။ ထို့ကြောင့် ဆုန်ယိက လက်ဝတ်ရတနာများကို မှာယူရန် ဆက်သွယ်ခဲ့သောအခါ ခေါ့ရှောင်ယန်က သူမ၏ အကောင်းဆုံး ကျွမ်းကျင်သူအဖွဲ့ကို ချက်ချင်း ခေါ်ဆောင်ကာ မြောက်ဘက်သို့ ခရီးနှင်ခဲ့ခြင်းဖြစ်သည်။

"မိန်းကလေးခေါ့" ဆုန်ယိက သူမကို အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ခေါ့ရှောင်ယန်၏နှလုံးသားတုန်လှုပ်သွားသော်လည်း ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်ဆဲဖြစ်သည်။

"မစ္စတာဆုန်”

"မိန်းကလေးခေါ့က အချိန်ကိုက်ကို ရောက်လာတာပဲ၊ ကျုပ်တို့သူဌေးက ဒီနေ့အချိန်ရတယ်၊ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ" ဆုန်ယိက ပြောလိုက်သည်။

'သူဌေး…'

ခေါ့ရှောင်ယန်က အံ့အားသင့်သွားပြီးနောက် သူမ၏နှလုံးသားအတွင်းမှ အေးစက်မှုများ ရုတ်တရက် မြင့်တက်လာသည်။ ဆုန်ယိက သူဌေးဟု ရိုသေလေးစားစွာ ရည်ညွှန်းနေသော ပုဂ္ဂိုလ်သည် ထိုလူ ဖြစ်နေလေခြင်း ဖြစ်သလော။ ခေါ့ရှောင်ယန်က သံသယများဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ရွှယ်အန်းသည် အန်းယန်နှင့်အတူ ဝင်လာသောကြောင့် ဆုန်ယိက သူ့ထံ အမြန်ချဉ်းကပ်သွားလေသည်။

"သူဌေး၊ ဒါက ကျိုးရှောင်ဖူရဲ့ စီမံခန့်ခွဲရေး စီအီးအိုဖြစ်တဲ့ မိန်းကလေးခေါ့ ဖြစ်လေ။ သူတို့က တစ်ကမ္ဘာလုံးမှာ လက်ဝတ်ရတနာနဲ့ ပတ်သက်ပြီး အသိဆုံး ကျွမ်းကျင်သူတွေလို့ ဆိုလို့ရတယ်"

ရွှယ်အန်းသည် အနည်းငယ် ခေါင်းညိတ်ပြီးနောက် မလှမ်းမကမ်းရှိ ခေါ့ရှောင်ယန်ကို စိုက်ကြည့်လိုက်သည်။ သူ​၏အကြည့်များ ဖြတ်သန်းလာသည်နှင့် ခေါ့ရှောင်ယန်သည် သူမ​၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များ ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအမျိုးသား၏ မျက်လုံးများသည် ကောင်းကင်မှ ဧကရာဇ်တစ်ပါးကဲ့သို့ အလွန်မြင့်မား၍ ဩဇာကြီးလှရာ၊ သူမ၏ ကျောရိုးကိုပင် အေးစိမ့်သွားစေခဲ့သည်။

"သူဌေးက ဘယ်လိုလက်ဝတ်ရတနာ အမျိုးအစားကို လုပ်ချင်တာလဲဆိုတာ သိလို့ရနိုင်မလား" ခေါ့ရှောင်ယန်က မရဲတရဲ မေးမြန်းလိုက်သည်။

ရွှယ်အန်းက ပြုံး၍ အန်းယန်ကို ညွှန်ပြလိုက်သည်။

"ကျုပ်တို့နှစ်ယောက်က လက်ထပ်တော့မှာ၊ ဒါကြောင့် မင်္ဂလာဆောင်အတွက် လက်ဝတ်ရတနာမျိုး လုပ်ဖို့ စဉ်းစားထားတာ"

ခေါ့ရှောင်ယန်က ခေါင်းညိတ်ပြပြီးနောက် အန်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"အတိုင်းအတာမှုတချို့ ယူရမှာမို့လို့ ဒီဘက်ကို လာပေးပါ သူဌေးကတော်"

၎င်းတို့အားလုံး အနီးနားရှိ ဆိုဖာပေါ်တွင် ထိုင်နေကြစဉ် ခေါ့ရှောင်ယန်၏အဖွဲ့ဝင်များက အန်းယန်၏ လက်ကောက်ဝတ်နှင့် လက်ချောင်းအရွယ်အစားများကို တိုင်းတာရန် ပြင်ဆင်နေကြသည်။ ထိုအချိန်တွင် အန်းယန်၏လက်ရှိ တောက်ပနေသော လက်စွပ်တစ်ကွင်းကို ၎င်းတို့ သတိပြုမိလိုက်သည်။

“ဒါက…” ခေါ့ရှောင်ယန်သည် အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ထိတ်လန့်သွားလေသည်။

သူမ၏ ကျွမ်းကျင်မှု ရှုထောင့်မှကြည့်လျှင် လက်စွပ်သည် ကျောက်မျက်ရတနာသော်လည်းကောင်း ပုံစံသော်လည်းကောင်း ဒီဇိုင်းတစ်ခုလုံးသည် ချွတ်ယွင်းချက်မရှိစွာဖြင့် အရာအားလုံးပြီးပြည့်စုံလှသည်။ အခြားအရာများမဆိုနှင့် လက်စွပ်တစ်ကွင်းတည်းကပင် သန်းပေါင်းဆယ်နှင့်ချီ၍ အဖိုးတန်လှသည်။ ခေါ့ရှောင်ယန်က တုန်လှုပ်နေစဉ် သူမ​နံဘေးရှိ လက်ထောက်က အံ့သြတကြီး အော်ဟစ်လိုက်သည်။

“သူဌေးကတော် ဝတ်ထားတဲ့ ဆွဲကြိုးက…”

အန်းယန်က အပြုံးဖြင့် လည်ဆွဲကို ညင်သာစွာ ချွတ်လိုက်သည်။

"ဒါက ကျွန်မ ခင်ပွန်းဆီက လက်ဆောင်ပါ"

ခေါ့ရှောင်ယန်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြပြီးနောက် ဆံပင်ဖြူနှင့် အသက်ခြောက်ဆယ်ကျော်ခန့် အကြီးအကဲတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် လည်ဆွဲကို ညင်သာစွာ ထိကိုင်လိုက်သည်။ ဤအကြီးအကဲသည် ကျိုးရှောင်ဖူ၏ စီနီယာအဆင့် လက်ဝတ်ရတနာဆရာဖြစ်၍ ခေါ့ရှောင်ယန်လျှင်ပင် သူ့ကို ဆရာကျောက် အဖြစ် လေးစားစွာ ပြုမူဆက်ဆံလေ့ရှိသည်။

“ဆရာကျောက်၊ ဒါက…”

ခေါ့ရှောင်ယန်သည် လည်ဆွဲ၏ အံ့သြဖွယ်တန်ဖိုးကို သိသာထင်ရှားစွာ တွေ့မြင်နိုင်သော်လည်း ၎င်းက မည်သည့်ကျောက်မျက်ရတနာဖြင့် ပြုလုပ်ထားသည်ကို သူမ မသိနိုင်ခဲ့ပေ။ ဆရာကျောက် ခေါင်းခါလိုက်ပြီးနောက် အန်းယန်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေသည်။ ပြီးနောက် သူသည် ခေါ့ရှောင်ယန်ကို တီတိုး ပြောလိုက်သည်။

"ဒီလက်ဝတ်ရတနာမှာ စွမ်းအားကြီးတဲ့ ဝိညာဉ်ရေးအနှစ်သာရတွေပါတယ်။ ဒါက တန်ဖိုးမဖြတ်နိုင်ဘူး"

ခေါ့ရှောင်ယန်သည် လုံးလုံးလျားလျား အံ့အားသင့်သွားသည်။

'ဝိညာဉ်ရေးအနှစ်သာရများ ပါဝင်သော လက်ဝတ်ရတနာ...'

ထိုပစ္စည်းများသည် တစ်ဘီလီယံတွင် တစ်ခုမျှသာ တည်ရှိနိုင်၍ သူမသည် ဤနယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း တစ်ခုတလေကိုသာ မြင်တွေ့ခဲ့ဖူးသည်။ ထို့အပြင် ဆရာကျောက် ၏အဆိုအရ ဝိညာဉ်ရေးအနှစ်သာရသည် အလွန် အစွမ်းထက်ပုံရသည်။ အမှန်တကယ်ပင် ရွှယ်အန်းသည် ဤလည်ဆွဲကို ဒုစရိုက်မြို့တော်တွင်တွေ့ရှိခဲ့သော လူငယ်ဇာစ်မြစ်ဖြင့် ပြုလုပ်ထားသောကြောင့် ဝိညာဉ်အနှစ်သာရများဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။

ဆရာကျောက်က အသက်ပြင်းပြင်းရှူရှိုက်ပြီးနောက် ခါးသီးသော အပြုံးဖြင့်ပြောလိုက်သည် "သူဌေးကတော် ဝတ်ထားတဲ့ လက်ဝတ်ရတနာ နှစ်ခုနဲ့ဆိုရင်ပဲ၊ ရှန်ကျန်းမှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီတွေ အကုန်လုံးကို ဝယ်လို့ရနေပါပြီ ဘယ် လက်ဝတ်ရတနာကိုများ စိတ်ကြိုက်ပြုလုပ်စရာလိုသေးလို့လဲ"

မလှမ်းမကမ်းတွင် နားထောင်နေသော ဆုန်ယိက မျက်မှောင်ကြုတ်လိုက်သည်။

'စီးပွားရေးကို တွန်းထုတ်နေတာလား'

မှန်ကန်စွာပြောရမည်ဆိုလျှင် ဤသို့ရှားပါးသော ရတနာမျိုးကို ၀တ်ဆင်နိုင်သည့် ပုဂ္ဂိုလ်များသည် သာမန်လူများ မဟုတ်ကြောင်းကို ဆရာကျောက်သာ သိရှိထားသည်။ သူ​၏သေးငယ် သိမ်နုတ်သော ကျိုးရှောင်ဖူကသာ ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့လျှင် အဆုံးမဲ့ဒုက္ခများ သယ်ဆောင်လာမိမည် မဟုတ်လေသလော။

"ကျုပ်တို့ လိုအပ်လား မလိုအပ်လားကို စိတ်ပူမနေနဲ့၊ အရာအားလုံးကို အမြင့်ဆုံးစံနှုန်းအတိုင်းသာ ဆက်လုပ်" ထိုအချိန်တွင် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ရွှယ်အန်း၏စကားကို ကြားသောအခါ ဆရာကျောက်က သူ၏ ခေါင်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ဟုတ်ကဲ့"

ခေါ့ရှောင်ယန် အပါအဝင် သူမ ဘေးနားရှိ လက်ထောက် အမျိုးသမီး အနည်းငယ်သည် ၎င်းတို့၏ နှလုံးသားထဲတွင် အဆုံးမဲ့သော အားကျစိတ်များ ဖြစ်ပေါ်လာလေသည်။ အမျိုးသမီးတစ်ဦးသည် သူမ၏တစ်သက်တာတွင် ထိုသို့အင်အားကြီး၍ လျှို့ဝှက်ဆန်းကြယ်ကာ အလိုလိုက်တတ်သော အမျိုးသားတစ်ဦးနှင့် ကြုံတွေ့ရခြင်းသည် အလွန် ပီတိဖြစ်ဖွယ်ကောင်းလွန်းလှသည်ဟု ဆိုနိုင်သည်။

၎င်းတို့၏ကျွမ်းကျင်ပိုင်နိုင်မှုအရ တိုင်းတာမှုများပြုလုပ်ပြီးနောက် အန်းယန် ရွေးချယ်နိုင်ရန်အတွက် အဆိုပြုချက်ပေါင်း တစ်ဒါဇင်ကျော်ခန့် အလျင်အမြန် ရရှိလာခဲ့သည်။ အန်းယန်သည် များပြားလှသော ရွေးချယ်မှုများကြောင့် တွေဝေနေခဲ့သည်။ သူသည် အမျိုးသမီးတစ်ဦးအနေဖြင့် လက်ဝတ်ရတနာများကို ကြိုက်နှစ်သက်သူဖြစ်သည်။ လှပသော ဒီဇိုင်းများစွာကို ရုတ်တရက် မြင်လိုက်ရသော သူမသည် အနည်းငယ် စိတ်ရှုပ်ထွေးလာမိသည်။

ထိုအချိန်တွင် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘယ်လိုထင်လဲ"

"အကုန်လုံးက တော်တော်လေး လှပါတယ်"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ အကုန်ယူကြတာပေါ့"

'ဘာ'

ခေါ့ရှောင်ယန်နှင့် အခြားလူများက အံ့အားသင့်သွားကြသည်။ ယခင်က ချမ်းသာကြွယ်ဝသော မိသားစုများကို မြင်တွေ့ဖူးသော်လည်း ဤမျှ အလျှံပယ် သုံးဖြုန်းမှုမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးပေ။ လက်ဝတ်ရတနာတစ်ထည်ကို ဒီဇိုင်းဆွဲခြင်းသည် အနည်းဆုံး သန်းပေါင်းဆယ်နှင့်ချီ၍ ကုန်ကျသောကြောင့် ယင်းဒါဇင်နှင့်ချီသော လက်ဝတ်ရတနာများသည် ဘီလီယံပေါင်းများစွာအထိ ကုန်ကျနိုင်ကြောင်း သင်သိထားရမည်ဖြစ်သည်။ ဤအမျိုးသားသည် မျက်တောင်ပင် မခတ်ဘဲ အရာအားလုံးကို အမှန်တကယ် ဝယ်ယူနိုင်ခြင်းဖြစ်လေသလော။

အန်းယန်သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

“ယောက်ျား၊ ကျွန်မတို့တွေ အများကြီး မလိုပါဘူး…”

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကြိုက်တယ်ဆိုရင် အကုန်လုံး ယူလိုက်ပေါ့။ နောက်မှ ဖြည်းဖြည်းချင်း ဝတ်လို့လည်း ရတာပဲကို"

ပြီးနောက် သူသည် ခေါ့ရှောင်ယန်ဆီသို့ လှည့်ကြည့်လိုက်သည်။

"ဒါတွေ ဘယ်တော့ အဆင်သင့်ဖြစ်မလဲ"

ခေါ့ရှောင်ယန်သည် တုန်လှုပ်သွားပြီးနောက် အလျင်အမြန် ပြန်ဖြေလိုက်သည်။

"အမြန်ဆုံး... သုံးရက်လောက်ပါ"

ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"နှစ်ရက်အတွင်း ရအောင်လုပ်၊ စျေးနှုန်းကို သုံးဆယ်ရာခိုင်နှုန်း ပိုပေးမယ်"

ခေါ့ရှောင်ယန် မတုံ့ပြန်နိုင်မီတွင် ရွှယ်အန်းက ဆက်ပြောလိုက်သည်။

"ကျုပ်တို့ ငွေသားနဲ့ ရှင်းမယ်။ အချိန်မနှောင့်နှေးဖို့သာ သတိရ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အန်းယန်ကို ထိုနေရာမှ ခေါ်သွားလေသည်။ ခေါ့ရှောင်ယန်နှင့် အခြားလူများသည် ရွှယ်အန်းနှင့် အန်းယန်၏ ကျောခိုင်းသွားသော ပုံရိပ်များကို ကြည့်၍ ၎င်းတို့​၏ မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများ အထင်းသား ထင်ဟပ်နေသည်။ နောက်ဆုံးတွင် အစစ်အမှန် အသုံးအဖြုန်းကြီးမှုဟူသော အရာကို ၎င်းတို့အားလုံး တွေ့မြင်ခဲ့ရသည်။ ၎င်းတို့ မသိသေးသောအရာသည် ထိုအရာများကို ရွှယ်အန်းက သိပ်ဂရုမစိုက်လှပေ။

သူ့တွင်သာ အချိန်အလုံအလောက်ရှိမည်ဆိုလျှင် ရွှေသလင်းကျောက် ဒြပ်စင်ငါးသွယ်ကို စုဆောင်း၍ နေမင်း၊ လမင်းနှင့် ကြယ်များဂ အလင်းရောင်များဖြင့် ဖန်တီးပြုလုပ်ချင်ခဲ့သည်။ ထိုကဲ့သို့သော ဒြပ်ငါးသွယ်နှင့် နေမင်း၊ လမင်း ရွှေရောင်သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများသာလျှင် မြောက်မြားစွာသော အပြိုင်စကြဝဋ္ဌာတွင် အလှပဆုံး ဇိမ်ခံပစ္စည်းဟု ဆိုနိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ထိုအရာအတွက် အတိုးချ ပြင်ဆင်ပေးမည်ဟု ရွှယ်အန်းက တိတ်တဆိတ် တွေးနေခဲ့သည်။ ထိုအချိန်တွင် ချင်းယွီက အလျင်အမြန် ရောက်လာခဲ့သည်။

"အရှင်၊ အဝတ်အစားနဲ့ မင်္ဂလာဝတ်စုံ တစ်ချို့ကို ပြင်ဆင်ပြီးပါပြီ၊ အရင်ဆုံး စမ်းဝတ်ကြည့်ချင်လား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

"အဲ့ဒါအပြင်၊ ပြည်နယ်မြို့တော်က ဒါရိုက်တာ ချောင်ကျန့်က ကမ္ဘာ့ထိပ်တန်း ဓာတ်ပုံရိုက်ကူးရေးအဖွဲ့နဲ့အတူ ရောက်လာပါတယ်"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ချောင်ကျန့်လည်း သတင်းရသွားပြီလား၊ ခဏနေရင် သူ့ကို လာခိုင်းလိုက်"

“ဟုတ်ကဲ့"

ဤချောင်ကျန့်ဆိုသူသည် ထိုအချိန်က ပြည်နယ်မြို့တော်တွင် ရုပ်ရှင်ရိုက်ကူးနေသည့် ဒါရိုက်တာဖြစ်ရာ၊ သူ​၏ဇနီးဖြစ်သူကို ရွှယ်အန်း ကယ်တင်ခဲ့ရသောကြောင့် ထိုအချိန်မှစ၍ အလွန် ကျေးဇူးတင်နေခဲ့သူဖြစ်သည်။ သူသည် ရွှယ်အန်း လက်ထပ်တော့မည်ဟု ကြားလိုက်ရသောအခါ နိုင်ငံရပ်ခြားမှ ချက်ချင်း ပြန်လာခဲ့ခြင်းဖြစ်သည်။ ပြီးနောက် သူသည် လုပ်ငန်းခွင်ရှိ သူ၏အဆက်အသွယ်များကို အသုံးပြု၍ ကမ္ဘာ့ထိပ်တန်းရုပ်ရှင် ရိုက်ကူးသူများကို ဖိတ်ကြားကာ ရွှယ်အန်းနှင့် အန်းယန်အတွက် မင်္ဂလာဆောင် ဓာတ်ပုံများ ရိုက်ကူးပေးချင်ခဲ့သည်။

အခန်း (၃၃၆) ခြေထောက်များ မစုစည်းနိုင်သည်အထိ အလွန်ချောမောခြင်း

ရွှယ်အန်းသည် လက်ရာမြောက်စွာ အံဝင်ခွင်ကျ ချုပ်လုပ်ထားသော ၀တ်စုံကို ၀တ်ဆင်၍ ထွက်သွားသောအခါ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ ရွှယ်အန်းသည် ရာဖေးလ်ပြောခဲ့သကဲ့သို့ ပြီးပြည့်စုံသော မော်ဒယ်တစ်ဦးဟုဆိုနိုင်သည်။ အဝတ်အစားများ ဝတ်ပြီးသည်နှင့် အနှိုင်းမဲ့ မြင့်မြတ်သော သူ​၏ စိတ်နေသဘောထားများ ပို၍ပင် ပေါ်လွင်လာခဲ့သည်။

"ပြီးပြည့်စုံတယ်... ပြီးပြည့်စုံလွန်းတယ် ဒါက ကျုပ် ဘဝမှာ ချုပ်ဖူးသမျှ ဝတ်စုံတွေထဲမှာ အကောင်းဆုံးဝတ်စုံပဲ" ရာဖေးလ်က အော်ဟစ်လိုက်သည်။

ပြီးနောက် အန်းယန်သည် ကြမ်းပြင်ထိ ရှည်လျားသော ဂါဝန်ကို ဝတ်ဆင်၍ လှပစွာ ထွက်လာခဲ့သည်။ ဂရုတစိုက် ဒီဇိုင်းရေးဆွဲထားသော မင်္ဂလာဝတ်စုံသည် အန်းယန်၏ အနှိုင်းမဲ့ လှပလွန်းသော ခန္ဓာကိုယ်အရွယ်အစားနှင့်အတူ ပန်းပေါင်းများစွာ ပွင့်လန်းနေကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပနေခဲ့ရာ၊ ကြည့်ရှုနေသူများကို ရင်သပ်ရှုမောစေခဲ့သည်။

၎င်းတို့အနောက်တွင် စေ့စေ့စပ်စပ် ဒီဇိုင်းဆင်ထားသော ကလေးဝတ်စုံကို ၀တ်ဆင်ထားသည့် ကလေးမလေးနှစ်ဦးသည် မင်းသမီးငယ်လေူများကဲ့သို့ အလွန် သိမ်မွေ့၍ ချစ်စဖွယ်ကောင်းနေသည်။ စကားတစ်ခွန်းမျှ မပြောဘဲ ရပ်တန့်နေသော ဤမိသားစုသည် မြင်ရသူတိုင်းကို ရင်သပ်ရှုမောစေသည်။ ခဏတာ အံ့အားသင့်၍ တိတ်ဆိတ်သွားအပြီးတွင် ဖန်ကိုင်ယီ၏ မျက်လုံးများ လေးစားမှုအပြည့်ဖြင့် တောက်ပလာသည်။

"သိပ်ကောင်းတယ်၊ ဒါပေမယ့် သူဌေးနဲ့ သူဌေးကတော်၊ ကျွန်တော်လုပ်ထားတဲ့ တရုတ်ရိုးရာ ၀တ်စုံကိုလည်း စမ်းကြည့်သင့်တယ်"

ရွှယ်အန်းနှင့် အန်းယန်တို့သည် ဖုန်းချိုင်ယီ​၏ ကျွမ်းကျင်စွာ အံဝင်ခွင်ကျ ချုပ်လုပ်ထားသော တရုတ်ရိုးရာပုံစံကို ၀တ်ဆင်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နေသဘောထားများ ယခင်ကနှင့် မတူညီတော့ဘဲ ပြောင်းလဲသွားကြသည်။ ရွှယ်အန်းသည် အဖြူရောင် စာပေပညာရှင် ၀တ်စုံကို ၀တ်ဆင်ထား၍ ချွတ်ယွင်းနေသော ကမ္ဘာကြီးတွင် မားမားမတ်မတ် ရပ်တည်နေသည့် ဂုဏ်ကျက်သရေရှိ လူကြီးလူကောင်းတစ်ဦးကဲ့သို့ ထင်မှတ်ရစေသည်။

တစ်ဖက်တွင် အန်းယန်သည် အနီရောင်တောက်ပသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်၍ ဖီးနစ်သရဖူကို ဆင်မြန်းထားသောကြောင့် သူမ၏ ဂုဏ်ကျက်သရေသည် တော်ဝင်​ အမျိုးသမီးတစ်ဦး​ကဲ့သို့ ကျက်သရေရှိလှသည်။ ဤသည်မှာ ချောင်ကျန့်နှင့် ဓာတ်ပုံဆရာများ ရောက်ရှိချိန်တွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

ဤဓာတ်ပုံဆရာများသည် ဤနေရာသို့ လာရာလမ်းတွင် အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေခဲ့ကြသည်။ ၎င်းတို့တစ်ဦးစီသည် ၎င်းတို့၏ နယ်ပယ် အရပ်ရပ်တွင် ခေါင်းဆောင်များ ဖြစ်ကြ၍ အများအားဖြင့် ဇာတ်ကားကြီးများ သို့မဟုတ် ပျော်ပွဲရွှင်ပွဲကြီးများအတွက် ဓာတ်ပုံရိုက်ကူရန် တာဝန်ယူခဲ့ကြသူများဖြစ်သည်။ သို့သော် ၎င်းတို့က ဤနေရာသို့ မင်္ဂလာဓာတ်ပုံရိုက်ကူးရန် ရောက်လာရခြင်းဖြစ်လေသလော။

ဤအချက်သည် ၎င်းအဖွဲ့အတွက် အနည်းငယ် လက်ခံရန် ခက်ခဲစေခဲ့သော်လည်း ချောင်ကျန့်၏မျက်နှာကို ထောက်ထားသောကြောင့် တွန့်ဆုတ်စွာခြင့် သဘောတူခဲ့ကြသည်။ လက်ရှိအချိန်တွင် ​​ရုပ်ရှင်နယ်ပယ်ရှိ ချောင်ကျန့်​၏ လွှမ်းမိုးမှု ပိုမို ကြီးမားလာသောကြောင့် ဓာတ်ပုံဆရာများက သူ့ကို မစော်ကားဝံ့ကြပေ။ သို့သော် ၎င်းတို့အားလုံး ဤနေရာသို့ ရောက်သည်နှင့် ရွှယ်အန်းနှင့် အန်းယန်တို့ကို မြင်လိုက်ရသောအခါ ၎င်းတို့အားလုံး အံ့သြသွားကြသည်။

၎င်းတို့သည် မရေတွက်နိုင်သည့် ခန့်ညားသော အမျိုးသားများနှင့် ချောမောလှပသော အမျိုးသမီးများကို ဓာတ်ပုံရိုက်ကူးခဲ့ဖူးသည်။ ရုပ်ရှင်သရုပ်ဆောင်များသော်လည်းကောင်း ထိပ်တန်းမော်ဒယ်များသော်လည်းကောင်း ထိုလူများ​၏ အလှတရားများသည် အမြဲတစေ ချို့ယွင်းချက်တချို့ရှိနေကြသည်။ ဓာတ်ပုံဆရာများ၏ အလုပ်သည် ထိုချို့ယွင်းချက်များကို တတ်နိုင်သမျှ ရှောင်ရှား၍ လှပသောရှုထောင့်များကိုသာ ရိုက်ကူးရန်ဖြစ်သည်။ သို့သော် ရွှယ်အန်းနှင့် အန်းယန်တို့သည် ထိုနေရာတွင်ရပ်နေရုံဖြင့် ပြီးပြည့်စုံအောင် လှပနေကြသည်။

"ဘုရားရေ၊ ကျုပ် ကောင်းကင်တမန်တော်တွေကိုများ မြင်နေရတာလား" မုတ်ဆိတ်မွေးများနှင့် နိုင်ငံခြားသားတစ်ဦးကို တိတ်တဆိတ် ရေရွတ်လိုက်သည်။

ချောင်ကျန့်သည် ဤစကားကိုကြားသောအခါ ပြုံးရုံသာ ပြုံးလိုက်သည်။

'ကောင်းကင်တမန်တော်တဲ့လား၊ ဒီနိုင်ငံခြားသားတွေရဲ့ စိတ်ကူးစိတ်သန်းက တော်တော်လေး ချို့တဲ့တာပဲ။ မစ္စတာရွှယ်ရဲ့ အနားက ခွေးကလေးက ကျောက်လုံဆိုတာသာ သိသွားရင် သူတို့တွေ ဘယ်လောက် အံ့သြသွားကြမလဲ မသိဘူး'

ပြီးနောက် သူသည် အရှေ့သို့ တိုး၍ ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"မစ္စတာရွှယ်”

ရွှယ်အန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ခင်ဗျားဇနီးကိုပါ ဘာလို့ မခေါ်လာခဲ့တာလဲ"

ချောင်ကျန့်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"Ah Xui က တလောကမှ ကျွန်တော့်အတွက် သားလေး မွေးပေးထားလို့ ဆေးရုံမှာ ရှိသေးတယ်"

"အို ဟုတ်လား၊ ဂုဏ်ယူပါတယ်” ရွှယ်အန်းက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။

"မစ္စတာရွှယ် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းကြားတော့ မစ္စတာရွှယ်အတွက် မင်္ဂလာဓာတ်ပုံရိုက်ပြီး ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ဖို့ သူငယ်ချင်းတချို့ကို ကျုပ် စုစည်းထားတယ်။ ဒါပေမယ့် ပေကျင်းမှာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ သင့်တော်မယ့်နေရာမျိုးများ ရှိလား" ချောင်ကျန့်က မေးလိုက်သည်။

ချင်းယွီက ၎င်းတို့နံဘေးမှ ရယ်မောလိုက်သည်။

"ရှိတာပေါ့၊ မရှိရင်တောင် ရှိလာအောင် လုပ်လို့ရတာပဲကို"

သူမ​၏ ပြင်းပြသော ယုံကြည်မှုများ ပါဝင်သည့် စကားလုံးများသည် ဓာတ်ပုံဆရာများကို ခေတ္တရပ်တန့်သွားစေသည်။ ချင်ဖုန်းမြစ်သည် ပြည်နယ်နှင့် တိုင်းတစ်ခုလုံးတွင် ထင်ရှားကျော်ကြားသော ရှုခင်းနေရာတစ်ခုဖြစ်၍ ၎င်းသည် စုံတွဲမြောက်မြားစွာ၏ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ကူးမှုတွင် ရေပန်းစားသော နောက်ခံနေရာတစ်ခုလည်းဖြစ်သည်။ နိုင်ငံတစ်ဝှမ်းမှ စုံတွဲများစွာသည် နေ့စဉ်နေ့တိုင်း ထိုနေရာသို့ ရောက်ရှိလာလေ့ရှိရာ၊ ဤနေ့သည်လည်း ခြွင်းချက်မရှိလှပေ။

ပေကျင်းမှ ဒေသခံ စုံတွဲ အများအပြားက ဓာတ်ပုံရိုက်ကူးနေကြစဉ် ကျုံးတုမှ ဇိမ်ခံဘတ်စ်ကားတစ်စီး လမ်းဘေးတွင် ရပ်တန့်သွားပြီးနောက် ၎င်းထဲမှ အပြည့်အစုံ ဝတ်စားဆင်ယင်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဆင်းလာခဲ့သည်။

ပါးလွှာသောဆံပင်များနှင့် အသက် လေးဆယ် ငါးဆယ်ကျော်ခန့်ရှိသော ဗိုက်ပူပူ အမျိုးသားသည် သူ​၏မျက်နှာတွင် မောက်မာသည့် အမူအရာများ ဆင်မြန်းထားသည်။ သူ​၏ နံဘေးတွင် အင်တာနက်ရှိ နာမည်ကျော်ကြားသူများ​၏ အသွင်အပြင်များကို အလွန်အမင်း ထုဆစ်ထားသော အသက်နှစ်ဆယ်မျှသာရှိသေးသော အမျိုးသမီးသည် မတည်ကြည်မှုများဖြင့် ပြည့်နှက်နေသည်။

"ဟန်နီ၊ ကျွန်မကို ဥရောပခရီးစဉ် ခေါ်သွားမယ်လို့ ပြောတာမဟုတ်ဘူးလာ၊ ဘာလို့ဒီလို ချွတ်ခြုံကျတဲ့နေရာမျိုးကို ခေါ်လာတာလဲ" အမျိုးသမီးက နှုတ်ခမ်းစူ ဟန်ဆောင်လိုက်သည်။

"ကိုယ်တို့ လက်ထပ်တော့မယ်ဆိုတော့ မင်္ဂလာဆောင်ဓာတ်ပုံတွေ ရိုက်ရမှာပေါ့။ ပြီးတော့ ဒီနေရာက ဥရောပထက်တောင် ပိုကောင်းသေးတယ်" အမျိုးသားက ရယ်မော၍ ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။

သူမသည် ဤအဘိုးကြီးကို ပိုက်ဆံကြောင့်သာ လက်ထပ်မည်ဖြစ်သောကြောင့် ၎င်းတို့ မည်သည့်နေရာတွင် ဓာတ်ပုံများ ရိုက်ကူးမည့်အကြောင့်ကို သူမ စိုးရိမ်စရာ မလိုအပ်ပေ။ ထိုအချိန်တွင် ဇိမ်ခံဘတ်စ်ကားပေါ်မှ ကျွမ်းကျင်သူ ဓာတ်ပုံအဖွဲ့တစ်ဖွဲ့ ဆင်းလာခဲ့ရာ၊ ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပစ္စည်းကိရိယာများသည် အနီးနားရှိ ပေကျင်းစတူဒီယိုမှ ဓာတ်ပုံဆရာများထက် များစွာသာလွန်လှသည်။

အမျိုးသမီးသည် ဘဝင်ခိုက်နေသောဟန်ဖြင့် အခြားသော စုံတွဲများကို ကြည့်၍ လှောင်ရယ်လိုက်သည်။

"ဟန်နီရေ ရယ်စရာ မကောင်းဘူးလား တချို့လူတွေက မင်္ဂလာဓာတ်ပုံရိုက်ဖို့အတွက် ဒီလောက်ခေတ်နောက်ကျပြီး ဟောင်းနွမ်းတဲ့အဝတ်အစားတွေကို ဝတ်ထားတုန်းပဲ။ သူတို့တွေ ငှားထားတာပဲဖြစ်ရမယ်"

သူမသည် အနီးနားရှိ စုံတွဲများ ကြားနိုင်လောက်သည်အထိ အသံကျယ်ကျယ်ဖြင့် ရည်ရွယ်ချက်ရှိစွာ ပြောနေခြင်းကြောင့် ၎င်းတို့၏ အမူအရာများကို ဆိုးရွားသွားစေသည်။ ထိုသို့ကြားသောအခါ အမျိုးသားက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဒါက မြို့ငယ်လေးပဲကို၊ ဘယ်လိုလုပ် ကိုယ်တို့ ကျုံးတုနဲ့ ယှဉ်နိုင်မှာလဲ"

၎င်းတို့အားလုံး ရိုက်ကူးရေးစတင်ရန် ပြင်ဆင်လိုက်သောအခါ စောစော ရောက်ရှိနေသော စုံတွဲများက နေရာကောင်းများ သိမ်းပိုက်ထားကြောင်း တွေ့ရှိလိုက်သောကြောင့် ထိုအမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။

“မြန်မြန်ဖယ်စမ်း”

"ဒီနေရာကို ကျုပ်တို့ အရင်ရောက်တာလေ ဘာကိစ္စနဲ့ ဖယ်ပေးရမှာလဲ" တစ်စုံတစ်ယောက်က စိန်ခေါ်လိုက်သည်။

"ငါက ကျုံးတုကလာတာကြောင့်ပဲ မင်းကို ပိုက်ဆံနဲ့ မြေမမြှုပ်နိုင်ဘူးလို့ ထင်နေတာလား"

သူ​၏စကားများက မောက်မာသော်လည်း ထိရောက်နေဆဲဖြစ်သည်။ တခြားစုံတွဲများက မကျေမနပ်ဖြစ်နေဟန်ပေါ်သော်လည်း တုံ့ဆိုင်းစွာ ဘေးဖယ်လိုက်ကြသည်။

"ဟား တွေလား၊ ဘာတွေပဲဖြစ်နေပါစေ ပိုက်ဆံက အရေးပြီးဆုံးပဲ" ထိုအမျိုးသားက ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုအချိန်တွင် ကားအစီးရေ ဒါဇင်ကျော်ပါရှိသော ယာဉ်တန်းသည် ဝေးလံသော တောင်ကုန်းလမ်းမှ ပေါ်ပေါက်လာသည်။ ၎င်းတို့အားလုံးသာ် တောက်ပြောင်သော ဇိမ်ခံကားသစ်များဖြစ်ကြသည်။ ထိုသို့သော စုစည်းမှုများသည် လူများစွာကို အချင်းချင်း နှစ်ဆတိုး၍ တီးတိုးပြောစေသည်အထိ ဖြစ်စေခဲ့သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

"မသေချာဘူး၊ သူတို့လည်း ဒီမှာ ဓာတ်ပုံရိုက်ဖို့များလား"

ကားများ ရပ်တန့်သွားသောအခါ စနစ်တကျ လေ့ကျင့်ထားသော လုံခြုံရေးအစောင့်တစ်ဖွဲ့က ဦးစွာဆင်းသက်လာကြ၍ ၎င်းတို့ အနောက်တွင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးရေ အသုံးအဆောင်ပစ္စည်းမျိုးစုံကို ရွေ့လျားသူများ လိုက်ပါလာကြသည်။

" ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေကြပုံပဲ" စတူဒီယိုသမား အများအပြားက အချင်းချင်း တီးတိုးပြောနေကြသည်။

သူတို့အတွက် ထိုကဲ့သို့ သောင်းချီတန်သော ရိုက်ကူးရေးပစ္စည်းတစ်ခုစီသည် ရုပ်ရှင်ရိုက်ကူးရန်အတွက် ဖြစ်ပေလိမ့်မည်။ သူတို့အားလုံးစကားပြောနေစဉ် ကားပေါ်မှ ဓာတ်ပုံဆရာတစ်ဖွဲ့ ဆင်းလာသည်။

"သေစမ်း" စတူဒီယိုတစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆဲရေးတိုင်းထွာမိသွားသည်။

"ဘာဖြစ်တာလဲ" သူ့နံဘေးရှိ တစ်စုံတစ်ယောက်က မေးလိုက်သည်။

"အဲ့ဒါ ကမ္ဘာ့ထိပ်တန်း ဓာတ်ပုံဆရာ မာ့ခ် မဟုတ်ဘူးလား၊ သူ ဒီမှာ ဘာလုပ်နေတာလဲ" စတူဒီယိုဝန်ထမ်းက အံ့သြတုန်လှုပ်စွာ အော်ပြောလိုက်သည်။

ပရော်ဖက်ရှင်နယ် ကောလိပ်တစ်ခုမှ ဘွဲ့ရထားသည့် ထိုလူငယ်သည် ဘွဲ့ရပြီးနောက် အလုပ်ရှာဖွေရန် ရုန်းကန်ခဲ့ရသဖြင့် မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ကူးရေး စတူဒီယိုတွင်သာ အလုပ်ဝင်ခဲ့ရသည်။ သို့သော်လည်း သူသည် လုပ်ငန်းပိုင်းဆိုင်ရာ သတင်းများကို ဆက်လက်လေ့လာနေသောကြောင့် မာ့ခ်ကဲ့သို့ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်မျိုးက မည်မျှ ထူးကဲသည်ကို အတိအကျ သိရှိထားသည်။

ကျုံးတုမှ ဇနီးမောင်နှံသည်လည်း မသေချာမရေရာသော အကြည့်များဖြင့် ကြည့်နေခဲ့သည်။ ထိုသို့သော အပြုအမူမျိုးသည် သာမန်လူများအတွက် ဖြစ်ရိုးဖြစ်စဉ်များ မဟုတ်ပေ။ ထိုအချိန်တွင် ရွှယ်အန်းနှင့် အန်းယန်တို့က ကားပေါ်မှ ဖြည်းညှင်းစွာ ထွက်ခွာလာသည်။

၎င်းတို့နှစ်ဦးစလုံးသည် သပ်ရပ်သော ၀တ်စုံများကို ၀တ်ဆင်ကြ၍ လူအုပ်ကြီးအရှေ့တွင် ထွက်ပေါ်လာသည်နှင့် အံ့ဩမှင်သက်သံများ ထွက်ပေါ်လာစေသည်။

"သူတို့က အရမ်းကြည့်ကောင်းတာပဲ၊ အထူးသဖြင့် ဟိုအမျိုးသားက အရမ်းချောတာပဲ" အမျိုးသမီးတစ်ဦးက စတင် ယစ်မူးလာသည်။

All Chapters