အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း(၃၄၃) ရေဘဝဲသားရဲ
လေထုထဲရောက်သွားမှသာလျှင် ရေဘဝဲသညးရဲ၏ ပြင်းထန်သော စွမ်းအားကို မြင်နိုင်မည်ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည် ဘောလုံးကွင်းတမျှ ကြီးမားကာ ၎င်း၏ လက်များက ဒါဇင်များစွာ ရှည်လျားသည်။
ဒီမြင်ကွင်းက လောင်ပိုင်ကို လုံးဝ အံ့ဩသွားစေခဲ့သည်။
ထိုအချိန်တွင် ရေဘဝဲသားရဲက ရုတ်တရက် စွမ်းအားကြီးလာကာ ရွှယ်အန်း၏ ဖမ်းဆုပ်မှုကို လျှပ်တပြက်အတွင်း ချိုးဖြတ်၍ ရေထဲသို့ အလျင်အမြန် ပြေးသွားသည်။ ၎င်း၏အသိစိတ်က မနိုးထသေးသော်လည်း ၎င်း၏ဇီဝဗီဇများက ဤအရာကို တုနှိုင်းမဲ့အကြပ်အတည်းတစ်ခုအဖြစ် ခံစားသိရှိစေသည်။
ထို့ကြောင့် ယခုကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ သို့သော် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"မင်းပြေးနိုင်မယ်ထင်လား"
ထို့နောက် ရှောင်ရှကို အော်ပြော၏။
"ဖမ်းလိုက် သားရဲအူတိုင်က မင်းအပိုင်ပဲ"
ရှောင်ရှသည် စကားအဆုံး၌ ခေါင်းညိတ်လိုက်ကာ ကောင်းကင်ဆီသို့ ပျံတံ၍ ဟိန်းဟောက်လိုက်သည်။ နဂါးဟောက်သံက တောကို တုန်လှုပ်စေသည်။ လောင်ပိုင်သည် အလွန်ထိတ်လန့်သွားသဖြင့် လှေပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်ပြီးနောက် ရှောင်ရှက သူ၏ရုပ်သွင်အမှန်ကို ရုတ်တရက် ထုတ်ပြသည်ကို မြင်လိုက်ရသည်။ အားကြီးသော ရွှေနဂါးကြီးတစ်ကောင် လေထဲ၌ ပေါ်လာသည်။
လောင်ပိုင်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါနေကာ မျက်ရည်များက သူ့မျက်နှာကို အထိန်းအကွပ်မရှိ စီးကျသဖြင့် ချက်ချင်းပင် လှေပေါ် ဒူးထောက်လိုက်လေသည်။ တံငါသည်တစ်ဦးအနေဖြင့် သူသည် နဂါးများကို လေးလေးနက်နက် ရိုသေမှုဖြင့် ကြီးပြင်းလာခဲ့ရာ ယခုအခါတွင် သက်ရှိရွှေနဂါးတစ်ကောင်ကို မြင်နေရသည်နှင့်အမျှ လောင်ပိုင်သည် ကြက်သွန်ဖြူကို ထောင်းနေသည့်အလား သူ့ခေါင်းကို အထပ်ထပ်အခါခါ ငုံ့ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့် နဂါးဘုရင်တို့က ဆုတောင်းသံများကြား၍ ကယ်တင်ရန် လာခဲ့ကြခြင်းဖြစ်သည်ဟု တွေးမိသည်။
ရှောင်ရှသည် အခြားသူများ၏ဝတ်ပြုရေးကို ဂရုစိုက်ရန် အချိန်မရှိ ပင်လယ်ထဲသို့ဝင်သည်နှင့် အရူးအမူးပြေးနေသော ရေဘဝဲဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ သူဖြတ်သန်းသွားရာ နေရာတိုင်းမှ များပြားလှသော ပင်လယ်မျိုးနွယ်စုများသည် ကြောက်လန့်တကြား တုန်လှုပ်ခြောက်ခြားလျက် ဘေးသို့ ပုန်းအောင်းနေကြသည်။
ဤသည်မှာ နဂါးမျိုးနွယ်စု၏ စွမ်းအားဖြစ်သည်။
ရေဘဝဲသားရဲသည် ရှောင်ရှ၏ ရောင်ဝါအောက်၌ ထိန်းချုပ်ခံထားရကာ ၎င်းတို့၏ မျိုးရိုးအဆင့်မှ ဖိနှိပ်မှုကြောင့် တုန်လှုပ်ခြောက်ခြားသွားကာ ဆက်မပြေးနိုင်တော့ပေ။ ဖမ်းမိပြီးနောက် ရှောင်ရှသည် မထိန်းနိုင်ဘဲ နဂါးပါးစပ်ကိုဖွင့်ကာ ရေဘဝဲသားရဲ၏ ခေါင်းကို ကိုက်လိုက်သည်။ အသွေးအသားနှင့်ရောနှောနေသည့် သားရဲအူတိုင်ကို ရှောင်ရှက တိုက်ရိုက်မျိုချခဲ့သည်။ ထို့နောက် ရှောင်ရှ၏ခန္ဓာကိုယ်က တောက်ပလာကာ သူ၏နဂါးအကြေးခွံများ ပိုမာလာပုံရသည်။
ဤသည်ကိုမြင်သောအခါ ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ရေဘဝဲသားရဲသည် နှစ်ပေါင်းများစွာ ဖျက်စီးမှုများပြုလုပ်ခဲ့သောကြောင့် ယနေ့အဆုံးသတ်နှင့် ထိုက်တန်သည်။
ထို့နောက် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာပြောလိုက်သည်။
"ထလော့"
ရေဘဝဲသားရဲ၏ ခန္ဓာကိုယ်သည် ရေမျက်နှာပြင်ပေါ်သို့ ပျံတက်သွားသည်။ ရှောင်ရှက ၎င်း၏ဦးခေါင်းကို ကိုက်ထားသော်လည်း ရေဘဝဲကြီးသည် ကြောက်မက်ဖွယ်ကောင်းဆဲဖြစ်သည်။
ထိုကဲ့သို့သော ရေဘဝဲတစ်ကောင်လုံးကို မစားနိုင်ခဲ့ပေ။ နှစ်ရာနှင့်ချီ၍ ကြီးထွားလာခြင်းကြောင့် အသားများက အလွန်မာကျောလွန်းသည်ဖြစ်ရာ သာမန်လူများက ၎င်းကို မျိုမချနိုင်ပေ။
သို့သော် ရွှယ်အန်းသည် ဤအရာများနှင့် အလွန်အသားကျနေသည်။
တစ်ချိန်က သူ့တွင် ထွေထွေထူးထူး လုပ်စရာမရှိသဖြင့် နတ်ဆိုးမျိုးနွယ်၏ စားသောက်မှုအလေ့အထကို စေ့စေ့စပ်စပ် သုတေသနပြုခဲ့ဖူးသည်။
ဤရေနတ်ဆိုးများကို ကိုင်တွယ်ရန်အတွက် သူ့တွင် ထူးခြားသော နည်းလမ်းတစ်ခုရှိသည်။ ဓားတာအိုအလင်းများက ရေဘဝဲသားရဲကို ဖုံးအုပ်ထားကာ အလွန်မာကျောသော အပြင်အရေပြားကို ခွါ၍ အတွင်းသားနုများကိုသာ ချန်ထားခဲ့သည်။
၎င်းသည် အလွန်လျင်မြန်လွန်းလှကာ ဧရာမ ရေဘဝဲ သားရဲကြီးသည် လုံး၀ အပိုင်းပိုင်းဖြတ်ခံရ၍ စားသုံးနိုင်သော အသားပေါင် နှစ်ရာမှ သုံးရာခန့်သာ ကျန်ရစ်ခဲ့သည်။
သို့သော် ၎င်းက လုံလောက်သည်။
ဤရေဘဝဲသားရဲက နှစ်ပေါင်းများစွာ ကျင့်ကြံထားသောကြောင့် ၎င်း၏အသားနှင့်သွေးတွင် အထူးအကျိုးသက်ရောက်မှုများရှိသည်။ သာမာန်လူများက စားလျှင် ကျန်းမာရေးကို မြှင့်တင်ပေးရုံသာမက ခန္ဓာကိုယ် ကြံ့ခိုင်စေကာ အသက်ကိုပါ တိုးစေနိုင်သည်။ ၎င်းကိုစားသော ကျင့်ကြံသူများသည်မူ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်ကိုပင် မြှင့်တင်နိုင်မည်ဖြစ်သည်။
သို့သော် ဤတစ်မျိုးတည်းသာရှိရုံဖြင့် အလုပ်မဖြစ်ပေ။
ရှောင်ရှသည် ပင်လယ်မျက်နှာပြင်အောက်တွင် လှည့်ပတ်နေပြီး နဂါးရောင်ဝါဖြတ်သန်းသွားတိုင်း မရေမတွက်နိုင်သော ရေနေသတ္တဝါများသည် မျက်နှာပြင်ပေါ်သို့ အလိုအလျောက် ပျံတက်သွားကာ ငါးပြတိုက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ မျိုးစိတ်အလိုက် အုပ်စုဖွဲ့ကြသည်။
ရွှယ်အန်းက လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် ရွေးချယ်ထားသော ပင်လယ်သတ္တဝါများသည် လေထဲတွင် စတင်လှုပ်ရှားလာသည်။ ဤအံ့သြဖွယ်မြင်ကွင်းသည် ဦးညွတ်နေသော လောင်ပိုင်ကို မနာလိုစိတ်ဖြင့် ပြည့်နှက်စေသည်။
ပင်လယ်ပြင်တွင် နှစ်ပေါင်းများစွာ ငါးဖမ်းပြီးနောက် ဤကဲ့သို့ ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် စူပါမားကတ်ကဲ့သို့ ငါးဖမ်းနည်းကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ရွှယ်အန်းသည် အကြမ်းဖျင်းအားဖြင့် ပေါင်နှစ်ထောင်မှ သုံးထောင်ခန့်ရှိသော ပင်လယ်စာမျိုးကွဲ ဒါဇင်ပေါင်းများစွာကို ရွေးချယ်ခဲ့ကာ လုံလောက်သည်ဟု ခံစားပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အခြားပင်လယ်သတ္တဝါများ အနက်သို့ ပြန်နစ်မြုပ်သွားကြသည်။
ပင်လယ်စာများစွာသည် လေထဲတွင် လွင့်မျောနေသဖြင့် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းကာပြောလိုက်၏။
"ကိုယ်ပျောက်"
ပင်လယ်စာများနှင့် ရေဘဝဲသားရဲ၏ အသားများသည် လျင်မြန်စွာ ကျုံ့သွားကာ ရွှယ်အန်း၏လက်တစ်ဝိုက်၌ တောက်ပသော မီးခိုးရောင် ပတ်လမ်းကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ဤအရာများအဆုံး၌ ရွှယ်အန်းသည် သနားကြင်နာမှုအပြည့်ရှိတဲ့ မျက်နှာဖြင့် Old Bai ကို ငုံ့ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
…
"ကံကြမ္မာက ကျုပ်တို့ကို တွေ့ဆုံစေတဲ့အတွက် ကျုပ် ခင်ဗျားကို ကူညီပေးမယ်"
ဤသို့ပြောကာ သူက လောင်ပိုင်အတွက် ငါးကျောင်းတစ်ခုစာကို စုပေးလိုက်သည်။ လောင်ပိုင်၏ တကိုယ်လုံး တုန်လှုပ်သွားကာ သူ့နှလုံးသားများ တုန်လှုပ်လျက် သူ့ဘဝတွင် သူလုပ်ဖူးသမျှထဲ အမှန်ကန်ဆုံးအရာကို လုပ်ခဲ့သည်။
မြေကြီးပေါ်တွင် ဒူးထောက်ကာအော်လိုက်၏။
“ဘုရားလောင်း၊ ကျွန်တော် ငါးတွေဆက်မလိုချင်တော့ပါဘူး ဖြစ်နိုင်ရင် အဖနဂါးမင်းဆီက ကျွန်တော်မျိုးတို့ မိသားစု ကိုးကွယ်စရာတစ်ခုခု စွန့််ကြဲပေးဖို့ပဲ တောင်းဆိုချင်ပါတော့တယ်”
ရွှယ်အန်းသည် ဤစကားကိုကြားသောအခါ အနည်းငယ် ခေတ္တရပ်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ခင်ဗျား ဘာတောင်းဖို့ စိတ်ကူးထားလဲ"
လောင်ပိုင်ကပြော၏။
"နဂါးသွားတစ်ချောင်းက ကောင်းမယ်ထင်တယ်"
ယခုအချိန်တွင် ရှောင်ရှသည် ပင်လယ်ပြင်မှ ထွက်လာပြီးဖြစ်ကာ ၎င်းကိုကြားလိုက်ရသည်နှင့် မျက်လုံးပြူးသွားရသည်။
သူက ငါ့နဂါးသွားကို တောင်းရဲတာလား။
အားပြင်းသော အရှိန်အဝါသည် ငါးဖမ်းလှေကို ချက်ချင်း လွှမ်းခြုံသွားသည်။ ကြောက်ရွံ့ထိတ်လန့်နေသော လောင်ပိုင်က သူ့အသံကို လျင်မြန်စွာပြောင်း၍ ပြင်ပြော၏။
"နောက်တာပါ၊ အရှင်ပေးချင်တာမှန်သမျှ အဆင်ပြေပါတယ်"
ရွှယ်အန်းက ပြုံးကာ ရှောင်ရှဆီမှ နဂါးအကြေးခွံကိုခွါလိုက်သည်။
"ဒါကို အမှတ်တရအဖြစ် သိမ်းထား"
ဤသို့ပြောကာ ရွှယ်အန်းက ပျံသန်းသွားသည်။ ရှောင်ရှသည် လောင်ပိုင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ အနည်းငယ် မကျေမနပ် ခံစားရသော်လည်း ၎င်း၏ နဂါးအကြေးခွံကိုဆုတ်သွားသူမှာ ရွှယ်အန်းဖြစ်သောကြောင့် အနီးကပ် လိုက်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။
လောင်ပိုင်သည် ရေအိုးကဲ့သို့ ကြီးမားသော နဂါးအကြေးခွံကိုကိုင်လျက် စိတ်လှုပ်ရှားနေသည်။
ဒါက... တကယ့် နဂါးအကြေးခွံပဲ။
"ဥက္ကဌ၊ ကျွန်တော်တို့တကယ်စားစရာရှာမတွေ့ရင် စံချိန်စံညွှန်းနည်းနည်းလျှော့နိုင်မယ်ထင်တယ်။ နောက်ပြီး စားပွဲတွေ အများကြီးအတွက် ဒီလောက်အဆင့်မြင့်တဲ့ ပင်လယ်စာတွေရှိရမှာက နည်းနည်းတော့ လွန်လွန်းတယ်" ကြယ်ငါးပွင့်စားဖိုမှူးတစ်ဦးက အကြံပြုသည်။
"ဟုတ်တယ် မဖြစ်နိုင်ရင်၊ အဓိကစားပွဲအတွက် အကောင်းဆုံးကို ကြိုမှာထား တခြားပွဲစားစားပွဲတွေက အရည်အသွေးနည်းနည်းနိမ့်လည်း အဆင်ပြေမှာပါ" တစ်စုံတစ်ယောက်က သံယောင်လိုက်၍ပြောသည်။
ဤအကြံပြုချက်များအားလုံးသည် ကျိုးကြောင်းဆီလျော်မှုရှိသည်။ သို့သော် ချင်းယွီက ဆုံးဖြတ်ချက်မချဝံ့ပေ။ သူမက ရွှယ်အန်း၏ ရည်ရွယ်ချက်ကို ကောင်းစွာနားလည်သည်။ ဤမင်္ဂလာပွဲကို နည်းလမ်းတိုင်းဖြင့် ပြီးပြည့်စုံအောင်လုပ်ရန် သူဆုံးဖြတ်ထားသည်။
"ခဏလောက်စောင့်ရအောင် လူကြီးမင်းရွှယ် ပြန်လာသင့်နေပြီ"
"ဒါပေမယ့် လူကြီးမင်းရွှယ်လိုက်သွားကြည့်ရင်တောင် အဖိုးတန်တဲ့ အစားအသောက် ပစ္စည်းတွေ အများကြီးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်၊ တော်တော်များများက ပိုက်ဆံနဲ့တောင် မရနိုင်တော့ဘူး" စားဖိုမှူးက သူ၏ စိုးရိမ်မှုကို ထုတ်ပြသည်။
ထိုအချိန်တွင်ပင် အလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်ပြေးသွားသည်။ ရပ်တန့်သွားသောအခါတွင် ရွှယ်အန်းကို မြင်လိုက်ကြရသည်။
"လူကြီးမင်းရွှယ်" ချင်းယွီက အော်လိုက်သည်။
အခြားစားဖိုမှူးများလည်း အံ့အားသင့်သွားကြသည်။
ဒါဆို ကောလဟာလတွေက အမှန်ပဲ။
ဒီလူကြီးမင်းရွှယ်က တကယ်ကို အင်မော်တယ်တစ်ယောက်ပဲ။ မဟုတ်ရင် သူဘယ်လိုပျံနိုင်မှာလဲ။
ဤအခိုက်တွင် ယွင်မင်ရေကန်အထက်တွင် ရပ်နေသော ရွှယ်အန်းကပြော၏။
"ငါ ပင်လယ်စာတွေ ရပြီ၊ ဒီရေကန်မှာ သိမ်းထားလိုက်ရအောင်"
ဤသို့ပြောကာ သူက လက်ကိုဝှေ့ယမ်းလိုက်သည်။
အိုး
မိုးရွာချလိုက်သည့်အလား မရေမတွက်နိုင်သော ပင်လယ်စာများသည် ကောင်းကင်မှပြုတ်ကျ၍ ယွင်မင်ရေကန်ထဲသို့ ဆင်းသက်လာသည်။ ကောင်းကင်မှ မိုးရွာနေသည့် ပင်လယ်စာများကို မြင်လိုက်ရသဖြင့် လူတိုင်း အံသြသွားကြသည်။
"မိုက်လိုက်တာ အဲတာကျောက်ငါးကြီးမလား"
“ဒီပုဇွန်မျိုးက မျိုးသုဉ်းသွားပြီ မဟုတ်ဘူးလား”
"ဘုရားရေ သူတို့အားလုံး အသက်ရှင်နေသေးတယ်"
အာမေဋိတ်များကြားတွင် ခေါင်းဆောင်စားဖိုမှုးက စိုးရိမ်တကြီးပြောသည်။
"လူကြီးမင်းရွှယ် ယွင်မင်ကန်က ရေချိုအိုင်ပဲ။ ဒီပင်လယ်စာတွေကို ဒီလိုထည့်ထားရင် သေလိမ့်မယ်"
ဤမှတ်ချက်ကြောင့် လူများစွာ အသိပြန်ကပ်လာသည်။
မှန်သည်။ ရေချို၌ ပင်လယ်စာ မွေးမြူရန် ကြိုးစာနေခြင်းက ရယ်စရာကောင်းသည်မဟုတ်သလော။
ရွှယ်အန်းက လေထဲ၌ ရယ်မောလိုက်သဘ်။
"စိတ်မပူနဲ့၊ ငါ သူတို့ကို မသေစေရဘူး၊ ဒါကြောင့် သူတို့ မသေရဲဘူး”
အမှန်ပင် ဤရေနေမျိုးနွယ်စုဝင်များသည် ယွင်မင်ရေကန်ထဲသို့ ဝင်သွားသည်နှင့် သေရမည်ကို အရိပ်အမြွက်မျှ မပြဘဲ အပြင်းအထန် တွန်းလှန်လိုက်ကြသည်။ စားဖိုမှူးအုပ်စုသည် သူတို့၏ဘဝတစ်ခုလုံး၏အသိပညာများ လုံးလုံးလျားလျား ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ရှောင်ရှက ယွင်မင်ရေကန်ကို သိမ်းပိုက်ပြီးစဉ်ကတည်းက ၎င်း၌ နဂါးစွမ်းအင်များ ဖြန့်ကျက်ထားပြီးသည်ကို ၎င်းတို့မသိခဲ့ကြပေ။ ၎င်းထဲသို့ဝင်ရောက်လာသော ရေနေသတ္တဝါအားလုံးသည် နဂါး၏အစွမ်းသတ္တိ စွမ်းအားမှ အကျိုးကျေးဇူးရရှိမည်ဖြစ်ကာ သဘာဝအတိုင်း အန္တရာယ်ကင်းမည်ဖြစ်သည်။
အခန်း(၃၄၄) ယန်အာ၏ ခန်းဝင်ပစ္စည်း
ခေါင်းကိုက်စေသည့် အစားအစာ ထောက်ပံ့မှု ပြဿနာကို ဖြေရှင်းပြီးဖြစ်သည်။ ကျန်သောအရာများသည် ပိုက်ဆံနှင့် ဖြေရှင်း၍ဎသော အသေးအဖွဲများသာဖြစ်သည်။
ပေကျန်း၌ ကြိုတင်ပြင်ဆင်မှုများဖြင့် စည်ကားနေချိန်၊ အန်းယန်လည်း ကျုံးတုသို့ ပြန်လာခဲ့သည်။
မော်တော်ယဉ်တန်းသည် အန်းမိသားစု၏နေအိမ်ရှေ့သို့ ဖြည်းညှင်းစွာချဉ်းကပ်လာကာ အန်းချင်သည် ကားထဲမှ ထွက်လာခဲ့သည်။ သို့သော် သူမကို ပထမဆုံး ကြိုဆိုသူမှာ အန်းမိသားစုဝင်မဟုတ်၊ ကြယ်ပွင့်များပါသည့် အဝတ်အစားကို ဝတ်ထားသော ပြတ်သားကာ ယုံကြည်မှုအပြည့်ရှိနေသည့် အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သည်။
ဤလူကိုတွေ့သောအခါ အန်းချင်၏မျက်နှာသည် မနှစ်မြို့ဖွယ်အမူအရာ ဖြစ်ပေါ်လာသည်။
"ဝမ်ကုန်း ကျွန်မအိမ် ဘာလုပ်နေတာလဲ"
အန်းချင်နှင့် ဝမ်ကုန်းသည် တူညီသော စစ်ဘက်နယ်မြေတွင် မရှိသည့်အတွက်ကြောင့် ဗိုလ်မှူးကြီးတစ်ဦးသာဖြစ်သော အန်းချင်က ဗိုလ်ချုပ်အဆင့်ရှိသော ဝမ်ကုန်းကို နာမည်တပ်ခေါ်ရဲသည်။
ဝမ်ကုန်းက ပြုံးလိုက်၏။
"ဗိုလ်ကြီးအန်း၊ ငါ မနေ့က ကျုံးတုကိုရောက်ခဲ့တယ်၊ ဒါပေမယ့် မင်းအိမ်မှာမရှိလို့ အခုအချိန်အထိ ငါစောင့်နေခဲ့တာ"
"မေးနေတယ်၊ ရှင် ဒီမှာ ဘာလုပ်နေတာလဲ" အန်းချင်သည် အနည်းငယ်မျှ သည်းခံလိုစိတ်မရှိပေ။
ဝမ်ကုန်း၏ မျက်လုံးများတွင် အနက်ရောင် အလင်းတန်းတစ်ခု လင်းလက်သွားသော်လည်း သူက အပြုံးမပျက်ဘဲဆက်ပြော၏။
"ကျွန်တော် နောက်ဆုံးအကြိမ် ပေးခဲ့တဲ့ လက်ဆောင်ကို ဗိုလ်ကြီးအန်း မကြိုက်ဘဲ ပြန်ပို့လိုက်လို့ ဒီတစ်ကြိမ်တော့ အထူးတောင်းပန်ဖို့ လာခဲ့တာပါ"
"မလိုပါဘူး" အန်းချင်က အေးစက်စွာပြောသည်။
ထိုအချိန်တွင် အန်းယန် ကားပေါ်မှ ဆင်းလာသည်။
"ချင်းအာ၊ ဘာကိစ္စရှိလို့လဲ"
"ဘာမှမဟုတ်ပါဘူး မမ စိတ်ညစ်စရာ ကောင်းလို့ပါ"
အန်းယန်ကိုမြင်သောအခါ ဝမ်ကုန်း၏ မျက်နှာက အံ့အားသင့်မှု အရိပ်အယောင်မျိုးထွက်ပေါ်လာသည်။
ညီအစ်မနှစ်ယောက်လုံးက အရမ်းလှတယ်။
"ကျန်တာရှိသေးလား မဟုတ်ရင် ထွက်သွားပေးပါ" အန်းချင်က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
နောက်ဆုံးတွင် စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ ဝမ်ကုန်း၏ အမူအရာက မှောင်မိုက်သွားသည်။
"ဗိုလ်ကြီး အန်း မင်းက ဘာလို့ ဒီလောက် ငြင်းနေတာလဲ။ ငါက သုံးဆယ့်ငါးနှစ်ပဲရှိသေးတယ်၊ ငါ့မှာ အကန့်အသတ်မရှိတဲ့ အနာဂတ်ကို ရှိတယ် ပြီးတော့ မင်းကို ငါတကယ်ကြိုက်တယ်။"
စစ်မှုထမ်းရာထူးအကြောင်း ပြောသောအခါ သူ့မျက်နှာ၌ ဂုဏ်ယူမှုအပြည့်ရှိနေသည်။ အမှန်ပင် သူ၏စကားများက မှန်သည်။ အသက်သုံးဆယ်ကျော်ရှိ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးသည် အမှန်တကယ် မှတ်သားဖွယ်ကောင်းလှသည်။
သို့သော်လည်း အန်းချင်က အနည်းငယ် ရယ်မောလိုက်၏။
"ဝမ်ကုန်း ရှင့်အတွက် စာလုံးပေါင်းပေးရမှာလား လျို့မိသားစုက နောက်ဆုံးအကြိမ် မီးဖီးနစ်ကို ခိုးဝင်တိုက်ခိုက်ရဲတဲ့ အကြောင်းရင်းက ရှင်တို့ ဝမ်မိသားစုကြောင့်မှန်း နားမလည်ဘူးလား"
ဤမှတ်ချက်ကြောင့် ဝမ်ကုန်း၏မျက်နှာသည် ရုတ်တရက် တိမ်မြုပ်သွားခဲ့သည်။ ဝမ်မိသားစုသည် လျို့မိသားစု အရေးကိစ္စတွင် အမှန်တကယ် ပါဝင်ပတ်သက်နေခဲ့သည်။ ဝမ်ကုန်းသည် အန်းချင်ကို ပိုင်ဆိုင်လိုသော ဆန္ဒအပြည့်ရှိသည်။ သို့သော် သူမသာ ကူကယ်ရာမဲ့မဖြစ်သရွေ့ ဤပန်းကို ဆွတ်၍မရနိုင်ကြောင်း သူကောင်းစွာသိသည်။ ထို့ကြောင့် မီးဖီးနစ်ကို ထိန်းချုပ်ရန် လျို့မိသားစုကို ကူညီပေးခဲ့သည်။ ဤအရာများအားလုံးသည် အန်းချင် နောက်မှသိလာရသော အချက်အလက်များဖြစ်သည်။
ထုံးစံအတိုင်း သူမတွင် ဤလူ ဝမ်ကုန်းအတွက် ဖော်ရွေမှု ကုန်ဆုံးသွားသည်။
“သွားကြစို့ မမ” အန်းချင်နှင့် အန်းယန်က အိမ်ထဲသို့ ဝင်တော့မည်ဖြစ်သည်။
ဝမ်ကုန်းက ဒေါသတကြီး လေသံဖြင့်ပြောလိုက်၏။
"ဗိုလ်ကြီးအန်း မင်း သေသေချာချာ စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်။ ကျုံးဟွိုင်မှာရှိတဲ့ ငါ့ရဲ့ ဝမ်မိသားစုရဲ့ အာဏာကို မင်းသိပါတယ်။ မင်းဆန္ဒရှိရင် မင်းမိသားစုအတွက် အဆုံးမဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်"
တုံ့ပြန်သည့်အနေနှင့် အန်းချင်က အေးစက်စက်ဖြင့်ပြောလိုက်သည်။
"ထွက်သွား ကျွန်မ စိတ်ကောင်းဝင်နေတုန်း မြန်မြန်ထွက်သွားစမ်းပါ"
ဝမ်ကုန်းဒေါသထွက်သွားသည်။ ကောင်းကင်ဘုံ၏ ချစ်လှစွာသော အချစ်တော်ဖြစ်ခဲ့သော သူသည် ယခင်က ဤကဲ့သို့ စော်ကားမှုမျိုး တစ်ခါမျှ မကြုံဖူးသဖြင့် ပေါက်ကွဲတော့မည် ဖြစ်သည်။ ထိုအချိန်တွင် ချန်ဟောက်နှင့် အခြားသူများသည် ကားပေါ်မှ ဆင်းကာ ဝမ်ကုန်းနှင့် သူ၏ ကိုယ်ရေးကိုယ်တာ စစ်သားများကို တင်းကျပ်စွာ ဝိုင်းရံထားသည်။
မီးဖီးနစ်အဖွဲ့ဝင်အားလုံးက ဝမ်ကုန်းကို ရန်လိုသောစိတ်ဖြင့် ကြည့်နေကြသည်။ မီးဖီးနစ်အဖွဲ့ဝင်များမှ ထွက်ပေါ်လာသော ပြင်းထန်သော ရောင်ဝါသည် စစ်မှန်သောတိုက်ပွဲကို မမြင်ဖူးသော ဝမ်ကုန်းကို တဖြည်းဖြည်း အရောင်ဖျော့သွားစေသည်။
"ဗိုလ်ကြီးအန်း မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ မင်းရဲ့လက်အောက်ငယ်သားတွေကို ကျုံးတုရဲ့လမ်းပေါ်မှာ ဒီ ဗိုလ်ချုပ်ကို လူသိရှင်ကြား အံတုခိုင်းနေတာလား"
အန်းချင်၏နှုတ်ခမ်းများသည် မထီမဲ့မြင်ပြုသော အပြုံးတစ်ခုအဖြစ်သို့ ကွေးသွားသည်။
"အဲ့တာဆိုရင်ရော ဘာဖြစ်လဲ"
“မင်း… မင်းရဲ့ အထက်လူကြီးကို မထီမဲ့မြင်လုပ်နေတာပဲ ငါ….”
ဝမ်ကုန်းက စကားကိုအဆုံးမသတ်ခင်၌ပင် မယုံနိုင်လောက်အောင် ခိုင်မာသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ကျုံးတုမှာ ကျုံးဟွိုင်စစ်ဘက်ခရိုင်ကလူတွေက ရိုင်းချင်တိုင်း ရိုင်းလို့ရတယ်လို့ ဘယ်တုန်းက ပြောလိုက်တာလဲ။ အထက်လူကြီးတွေကို မထီမဲ့မြင်ပြုတယ်ဟုတ်လား၊ ဟား၊ မင်းရဲ့ စစ်တပ်က ကျုံးဟွိုင် နယ်မြေက ဘယ်လောက်အဆင့်ရှိလဲ ဆိုတာ မရှင်းဘူးလား"
သူ့စကားသံနှင့်အတူ ခံ့ညားထည်ဝါသော စစ်ကားအစီးတစ်ဒါဇင်ကျော်သည် လမ်းဘေးတွင် ရပ်ကာ လူတစ်စု ထွက်လာကြသည်။
ဤပုဂ္ဂိုလ်များသည် အသက် လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်ခန့်ရှိကာ ပြတ်သားသော စစ်ယူနီဖောင်းများ ဝတ်ဆင်ထားကြ၍ အများစုမှာ စစ်ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသည်။ ပြောလာသူမှာ ရှေ့တန်းမှဖြစ်၍ ဒုဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ကြောင်း သူ၏ပခုံးပေါ်တွင် ထင်ထင်ရှားရှားမြင်နေရသည်။
ဝမ်ကုန်းအံ့အားသင့်သွားသည်။ ဤဗိုလ်ချုပ်များအားလုံးသည် ကျုံးတုတွင် သြဇာကြီးသူများဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သူကဲ့သို့ နိုင်ငံ့ဝန်ထမ်း ဗိုလ်ချုပ်တစ်ဦးမှ နှိုးဆော်ရန် တတ်နိုင်သည့် အမျိုးအစား မဟုတ်ပေ။ ဝမ်ကုန်းမဆိုနှင့် သူ့အဖေပင်လျှင် ရန်စရဲမည်မဟုတ်ပေ။
ဝမ်ကုန်း၏ အံ့အားသင့်နေသောအကြည့်များရှေ့တွင် ဗိုလ်ချုပ်အုပ်စုသည် အန်းချင်အနားသို့ လျှောက်လာကာပြောလိုက်သည်။
“ရှောင်ချင် မင်းအစ်မကို အိမ်ပြန်ခေါ်ခဲ့သေးလား"
အန်းချင်က ခေါင်းညိတ်လိုက်သည်။
"ဗိုလ်ချုပ်အားလုံးကို ကျွန်မတွေ့ဖူးပြီ"
"ဟားဟား၊ ငါတို့က စစ်အခြေစိုက်စခန်းမှာမဟုတ်ရင် ငါတို့ကို ဦးလေး ဒါမှမဟုတ် တစ်မျိုးမျိုးပဲ ခေါ်သင့်တယ်၊ ဗိုလ်ချုပ်ရာထူးက အရမ်း စိမ်းကားသလိုခံစားရတယ်" ဦးစီးဗိုလ်ချုပ်ကြီးယန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ ဦးလေးယန်" အန်းချင်က နာခံစွာပြောသည်။
"ဒါဆို မင်းခဲအို ဘယ်အချိန် ကျုံးတုကို လာမှာလဲ" အန်းချင်၏ ခဲအိုအကြောင်း ပြောသောအခါတွင် ဗိုလ်ချုပ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
အန်းချင်က ပြုံးလိုက်သည်။ "လေးရက်အတွင်း ကျွန်မ အစ်မမွေးနေ့အမှီရောက်မယ်လို့ သူပြောလိုက်တယ်"
"ကောင်းပြီ၊ ကောင်းပြီ"
ဒုတိယဗိုလ်ချုပ်ကြီးယန်က သဘောကျစွာ ခေါင်းညိတ်ကာ ပြုံးပြုံးရွှင်ရွှင် ပြုံးပြသည်။ သို့သော် မယုံကြည်နိုင်စွာ အံကြိတ်နေသော ဝမ်ကုန်းကို ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာမှ အပြုံးက ပျောက်ကွယ်သွားသည်။
"ကျုံးတုက မင်းရဲ့ ကျုံးဟွိုင်မဟုတ်ဘူး၊ ဝမ်မိသားစုက ဒီမှာ ရူးရူးမိုက်မိုက် လုပ်ပိုင်ခွင့်မရှိဘူးလို့ မင်းအဘိုးကြီးကို ပြန်ပြောပြီး မင်း အန်းမိသားစုကို စော်ကားတာကို ရပ်လိုက်ဖို့ ငါ အကြံပေးတယ် မဟုတ်ရင် ... အင်း"
ဒုတိယဗိုလ်ချုပ်ကြီးယန်က သူ့သတိပေးချက်ကို မပြောဘဲ ချန်ထားခဲ့သော်လည်း ဆိုလိုရင်းမှာ ရှင်းလင်းပြတ်သားသည်။
အန်းမိသားစုကို မည်သူက စော်စော်ကားကား ဆက်ဆံရဲသနည်း။ နောက်ဆုံးတွင်မူ ၎င်းသည် အနည်းငယ်မှတုံ့ဆိုင်းသွားခြင်းမရှိသည့် နတ်သုတ်သင်သူ ဖြစ်သည်။ သူတကယ်စိတ်ဆိုးလာခဲ့ပါက သင့်မိသားစု မည်မျှပင် ဂုဏ်သိက္ခာရှိပါစေ ပျက်ဆီးခြင်းကံကြမ္မာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဝမ်ကုန်းသည် ဤလူများရှေ့တွင် အဘယ်ကြောင့် ဤကဲ့သို့ ပြောဝံ့သနည်း။
ဗိုလ်မှူးကြီး အန်းချင်သာ ကျန်တော့၍ မိသားစု၏ လွှမ်းမိုးမှုမှာ သိသိသာသာ ကျဆင်းသွားကာ ၎င်းတို့သည် လွယ်ကူသော ပစ်မှတ်ဖြစ်လိမ့်မည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် သူက အန်းချင်ကို ထပ်ခါတလဲလဲ နှောက်ယှက်ရန် သတ္တိရှိနေခြင်းဖြစ်သည်။
သို့သော် လက်ရှိ အခြေအနေကို ကြည့်လျှင် …
ဤဗိုလ်ချုပ်များသည် အန်းချင်အပေါ် နွေးထွေးကာ နှစ်လိုဖွယ်ကောင်းသော အပြုအမူကို ပြသနေကြသည်။
ယင်းက အန်းမိသားစုသည် ယခုအချိန်တွင် မည်မျှ သြဇာကြီးမားသည်ကို သက်သေပြနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီးယန်က သူ့ကို ထွက်ခွာရန် အချက်ပြလိုက်သောအခါ ဝမ်ကုန်းသည် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သကဲ့သို့ အန်းချင်ကိုပင် မကြည့်ဝံ့ဘဲ ခြေထောက်နှင့်ဖနောင့် တစ်သားတည်းကျအောင် ပြေးသွား၏။
"ဟားဟား ဝမ်မိသားစုက ကျုံးဟွိုင်မှာ သူတို့ရဲ့ အာဏာနဲ့ ဒီလို လုပ်လေ့ရှိတယ်။ ကျုံးတုမှာလည်း လုပ်နိုင်တယ်လို့ သူတို့ တကယ်ထင်နေတာလား။" ဒုတိယဗိုလ်ချုပ်ကြီးယန်က အေးစက်စွာ ရယ်မော၍ ပြောသည်။
သို့သော် ၎င်း တို့က အန်းမိသားစု၏ နေအိမ်ထဲသို့ မဝင်ခင်…
ချန်ရှို့ဟဲလည်း သူ့အဖော်များနှင့် ရောက်လာသည်။
သူ့ကိုမြင်သောအထါ ဒုဗိုလ်ချုပ်ကြီးယန်ကပြော၏။
“လောင်ချန် လူကြီးမင်းရွှယ်က လက်ထပ်တော့မယ်လို့ ပြောလို့ ငါတို့အားလုံး အမြန်ထွက်လာတာ မင်းဘယ်ကိုပျောက်နေတာလဲ"
ချန်ရှို့ဟဲက ပြုံးလိုက်သည်။
"ယန်အာက ငါ့အတွက် ဂျူနီယာတစ်ယောက်ပဲ အခု သူလက်ထပ်တော့မှာဆိုတော့ လက်ဗလာနဲ့ လာလို့မရဘူးလေ"
ဤသို့ပြောနေစဉ် ထရပ်ကားကြီး တစ်ဒါဇင်ကျော် မောင်းတက်လာသည်။
"ဒါက..." အန်းချင်က အနည်းငယ် အံ့သြသွားသည်။
"ဒါက ယန်အာကို ငါပေးမယ့် ခန်းဝင်ပစ္စည်းပဲ" ချန်ရှို့ဟဲက စူးရှသော အပြုံးဖြင့် ပြောသည်။
အခန်း(၃၄၅) ကျုံးတု၏ အာရုံခံနိုင်စွမ်း
လွန်ခဲ့သောရက်အနည်းငယ်က ကျုံးတုတွင် အကြောင်းအရာတစ်ခု နာမည်ကြီးလာသည်။
လမ်းတိုင်း၊ လမ်းတိုင်း၌ လူအများက ထိုအကြောင်းပြောနေကြသည်။
"ဟေး၊ မင်းကြားလား အန်းယန်အတွက် အဘိုးကြီးချန်ရဲ့ ခန်းဝင်ပစ္စည်းက ထရပ်ကားကြီး တစ်ဒါဇင်ကျော် အပြည့်ပဲတဲ့"
"ဟား နင်က ကြားရုံကြားလိုက်တာ ငါက မျက်စိနဲ့ မြင်ခဲ့တယ်" တခြားလူက ပြက်ရယ်ပြုသည်။
"အယ်..တကယ်လား.. ဒါဆို ငါတို့ကိုပြောစမ်း သူတို့ ဘာပို့လိုက်တာလဲ"
၎င်းတို့ပတ်ဝန်းကျင်မှ လူအုပ်ကြီးက အုံကြွလာသည်။
"ဟုတ်ကဲ့ ပြောပါ"
"အထဲမှာ ဖန်စီလက်ဆောင်တွေ အများကြီးပါတယ်လို့ ငါကြားတယ်။ ရွှေလက်ဝတ်ရတနာတွေချည်းပဲ ကျင်တစ်ရာကျော်လောက် အလေးချိန်ရှိတယ်။"
"ရွှေ ဟုတ်လား အဲ့တ သူတို့ ပို့လိုက်တဲ့ထဲ တန်ဖိုးအနည်းဆုံး ပစ္စည်းပဲ"
လူများစွာ ဝိုင်းရံထားသည်ကို မြင်လိုက်ရသောအခါ ကောင်လေးက သူ့ကိုယ်သူ အလွန်ဂုဏ်ယူလျက် တမင်တကာ ကျယ်လောင်စွာ ပြောလိုက်သည်။ ဤမှတ်ချက်ကြောင့် အနီးနားရှိလူများစွာက ပိုစိတ်ဝင်စားလာကြသည်။
"ရွှေက အဖိုးမတန်ဘူးလား၊ ဒါဆို ဘာတန်ဖိုးရှိလဲ" တချို့လူများက အနည်းငယ် မယုံနိုင်ကြပေ။
"အဲ့တာကြောင့် မင်းတို့အားလုံးက သာမန်လူတွေချည်းပဲလို့ပြောတာပေါ့။ တကယ်ချမ်းသာတဲ့သူတွေရဲ့ ဘဝက ဘယ်လိုဖြစ်မလဲဆိုတာ မတွေးနိုင်ရင် ဒီနေ့တော့ ငါ မင်းတို့ကို အလင်းပြပေးမယ်။"
ထိုလူက လူတိုင်း၏ အာရုံကို ဖမ်းစားကာ ပြောလိုက်သည်။
“အမြင့်သုံးမီတာကျော်တဲ့ သွေးသန္တာကို မြင်ဖူးလား”
လူအုပ်ကြီးက ခေါင်းခါသည်။
"အဲ့နေ့က တွေ့ခဲ့တယ်၊ အဲ့တာ တကယ့်ရှားပါးရတနာပဲ"
"ကလေးလက်သီးအရွယ် ပုလဲတွေကို မြင်ဖူးလား အဲ့နေ့က အဲ့လို ဒါဇင်နဲ့ချီတဲ့ ပုလဲတွေကို မြင်လိုက်ရတယ်"
" အကန့်အသတ်နဲ့ထုတ်ထားတဲ့ ပြိုင်ကား မြင်ဖူးလား"
"အဲတာ ငါတို့မှာရှိတယ်" လူအုပ်ကြီးက ခေါင်းညိတ်သည်။
“ဟား အဲ့လိုကာရ ခုနှစ်စီးပို့ပေးလိုက်တာ”
"ဘာလို့ ခုနှစ်စီးလဲ" လူတစ်ယောက်က မေးသည်။
"သေချာတာက ကားခုနစ်စီးလုံးက အရောင်မျိုးစုံနဲ့ လာတာကြောင့် တစ်ပတ်တာ နေ့တိုင်းအတွက် မတူညီတဲ့ အရောင်တစ်မျိုးကို မောင်းဖို့ ပို့ပေးလိုက်တာပဲ"
“အိုး” နောက်ဆုံးတွင် လူအုပ်က နားလည်သွားသည်။
"ဒါတွေက တန်ဖိုးအရှိဆုံး အရာတွေ မဟုတ်သေးဘူး"
"ဒါတွေက အဖိုးမတန်ဘူးလား"
"ဟား ငါပြောသလိုပဲ၊ ဆင်းရဲမွဲတေမှုက မင်းတို့ရဲ့ အတွေးတွေကို ကန့်သတ်ထားတယ်"
"မင်း အဲ့မှာ ဘာသွားလုပ်တာလဲ" လူတစ်ယောက်က စိတ်ဝင်တစားမေးသည်။
"ဒီလောက်ကြီးတဲ့ သစ်သားသေတ္တာကို ဇီတန်သစ်သားနဲ့လုပ်ထားတာ တွေ့ဖူးလား။"
"အဲဒါက ဘာထူးခြားလို့လဲ။ ငါ့ရဲ့ ချမ်းသာတဲ့ သူငယ်ချင်းတစ်ယောက်မှာဆို အဲ့လိုဟာတွေ အများကြီးရှိတယ်” တစ်စုံတစ်ယောက်သည် ဝါကြွားရန် အခွင့်အလမ်းကို ရှာတွေ့ကာ လျင်မြန်စွာ ပြောလိုက်သည်။
“အဓိကအချက်က သေတ္တာမဟုတ်ဘူး"
"ဒါဆို ဘာလဲ"
"ဒါဟာ ငါမြင်ဖူးသမျှ အဖိုးတန်ဆုံး လက်ဆောင်ပဲ။ အတွင်းထဲမှာ ထုပ်ပိုးထားတာ ထူထပ်ပြီးများပြားတဲ့ ပိုင်ဆိုင်မှု ဥစ္စာတွေပဲ"
ဘမ်း
သုံးမီတာမြင့်သော သွေးသန္တာကျောက် သို့မဟုတ် လက်သီးအရွယ် ပုလဲများကြောင့် ထိတ်လန့်တုန်လှုပ်ခြင်းမရှိသော လူအုပ်ကြီးသည် ယခုအခါ လုံးဝ ရုတ်ရုတ်သဲသဲဖြစ်နေပြီဖြစ်သည်။
"ရှင်းရှင်းလင်းလင်းမြင်ခဲ့တာလား"
"ဒါပေါ့ ငါရှင်းရှင်းလင်းလင်းမြင်ခဲ့တာ”
"ဘယ်မှာလဲ"
"တတိယအဝိုင်းလမ်း"
လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။.
"အိမ်မက်မက်နေလိုက်။ တတိယအဝိုင်းလမ်းမှာ အိမ်တွေ အများကြီးရှိနေတာကျလို့။ မင်းလက်ဟန်ခြေဟန်နဲ့ဆို အနည်းဆုံး ယူနစ်တစ်ထောင်လောက်ရှိမယ်"
"ဟုတ်တယ် ငါ့မိသားစုက တတိယအဝိုင်းလမ်းမှာနေကြတာ အဲဒီက ပိုင်ဆိုင်မှုတွေက လက်တွေ့မှာ အဖိုးဖြတ်လို့ မရနိုင်ဘူး"
ထိုလူက လူတိုင်းပြောမည့်စကားများကို ဆုံးသည်အထိ နားထောင်ပြီးမှပြောသည်။
"သံသယတွေ ရှိနေမယ်ဆိုတာ ငါသိပါတယ်။ တစ်ချိန်တည်းမှာပဲ အဲ့အဘိုးကြီးချန်ကို လူတချို့က မေးကြတယ်။ သူဘာပြောလဲဆိုတာ ခန့်မှန်းကြည့်ရအောင်။"
"ဟမ် မင်း ဘာကိုဆိုလိုတာလဲ"
"အဘိုးကြီးချန်ပြောတာက အဲ့တာ အခုမှ ဆောက်ထားတဲ့ လူနေရပ်ကွက်အသစ်ဖြစ်ပြီး အိမ်အားလုံးအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေလည်း အဲ့ထဲ ရှိတယ်"
ဤစကားက လူတိုင်းကို အံသြသွားစေသည်။ အိမ်တစ်လုံးကို လက်ဆောင်အဖြစ် ပေးသည်ကို ကြားဖူးသော်လည်း တစ်ရပ်ကွက်လုံးကို ပေးလိုက်ခြင်းကိုမူ မကြားဖူးကြပေ။
"ကောင်းပြီ ငါလည်း ပျင်းလို့လျှောက်ပြောနေတာမဟုတ်ဘူး။ အခု အမြန်သွားစရာရှိတယ်”
"ညီကို မင်း ဘယ်ကိုသွားရမှာလဲ"
“သိသာပါတယ်၊ ရှုပ်ယှက်ခတ်နေတဲ့ အန်းမိသားစုကို ကြည့်ဖို့လေ”
"တရားဝင်လက်ထပ်ဖို့ ရက်နည်းနည်းပဲလိုသေးတယ်လို့ မကြေငြာထားဘူးလား၊ အခု ဘာကြည့်စရာရှိလို့လဲ" လူတစ်ယောက်က အံ့ဩစွာမေးသည်။
"ဟား ဒီလိုမျိုးဉာဏ်တိမ်တဲ့ကောင်တွေ။ အန်းမိသားစုမှာ လောလောဆယ် ကူညီနေတာ ဘယ်သူလဲ သိလား"
"ဘယ်သူလဲ"
"ကျုံးတုမှာ အဆင့်အတန်းရှိတဲ့လူတိုင်း တော်တော်များများက အဲ့မှာရှိတယ်။ တခြားဘယ်သူကိုမှ မပြောလိုပါဘူး၊ စိုက်ခင်းပညာရှင် ဝေ့ရူယန်ကို အားလုံးသိကြတယ်မလား"
"ဒါပေါ့ ငါ သူ့ရဲ့ ဥယျာဉ်ဖန်တီးမှုတွေကို အကြိုက်ဆုံးပဲ"
"သူအခု အန်းမိသားစုဆီရောက်နေတယ်။ အဲ့နေရာက ပန်းပင်သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားပြီ။ အဲ့တစ်ချက်တည်းနဲ့တင် အဲ့မှာ တစ်နေ့လုံး ထိုင်ထသွားလုပ်နေဖို့ လုံလောက်တယ်”
ဤသို့ပြောပြီးနောက် ထိုလူက လှည့်ထွက်သွားသည်။ အခြားလူများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
"သွားကြစို့၊ ကြည့်ရအောင်"
အပြင်၌ ထွက်နေသော ကောလဟာလများကဲ့သို့ပင်…
အန်းမိသားစုသည် ပန်းပင်လယ်ကြီးဖြစ်လာခဲ့သည်။ ဝေ့ရူယန်သည် သူမ၏ ကျွမ်းကျင်မှု အားလုံးကို ထုတ်သုံးကာ ထူးထူးခြားခြား ပန်းပွင့်များကို ထုတ်ပေး၍ အန်းမိသားစုအိမ်ရာကို ထူးထူးခြားခြား လှပစေခဲ့သည်။ သူမတင်မဟုတ် လက်တွေ့အားဖြင့် ကျုံးတုတွင် စွမ်းရည်အနည်းငယ်ရှိသော လူတိုင်းသည် ထိုနေရာတွင် ရှိနေသည်။
ကြမ်းတိုက်ပေးနေသောလူများပင်လျှင် ကုမ္ပဏီတစ်ခုခု၏ အထွေထွေမန်နေဂျာဖြစ်နိုင်သည်။ ကျောက်ရွှယ်ဟွေ့၊ ယန်ပင်းနှင့် ချောင်လဲ့တို့သည် နေ့တိုင်း မယုံနိုင်လောက်အောင် အလုပ်များနေသဖြင့် အန်းမိသားစုဆီမှ မထွက်သွားကြသေးပေ။ ယခုကဲ့သို့ပင် သုံးယောက်သား လှေကားထစ်တစ်ခုပေါ်တက်လျက် အခန်းတံခါးရှေ့တွင် မီးပုံးချိတ်ဆွဲနေကြသည်။
ယခု ၎င်းတို့သည် သန်းရာနှင့်ချီသော ချမ်းသာကြွယ်ဝမှုများရှိသော်လည်း သူဌေးကြီးများကဲ့သို့ အရှိန်အဝါမျိုးမရှိဘဲ ယခင်ကကဲ့သို့ပင် အလုပ်များနေကြသေးသည်။ အန်းမိသားစုသည် အခြေခံအားဖြင့် ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးဖြစ်လာကာ လူအုပ်ကြီးနှင့် စည်ကားနေသည်။
အကြွင်းမဲ့ ထိပ်တန်းအမျိုးသမီး အန်းယန်သည်မူ တလျှောက်လုံး စိတ်ရှုပ်ထွေးနေခဲ့သည်။ သူမ၏စိတ်ထဲတွင် အန်းချင်နောက်သို့လိုက်၍ ကျုံးတုသို့ပြန်လာကာ ရိုးရှင်းသောအလှဆင်မှုအချို့ပြုလုပ်၍ ရွှယ်အန်းလာမည်ကို တိတ်တဆိတ်စောင့်ဆိုင်းနေရန် စီစဉ်ထားခဲ့သည်။
သို့သော် ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသော ပြင်ဆင်မှုများ ဖြစ်လာမည်ဟု သူမ မျှော်လင့်ထားပေ။ ကြီးကျယ်ခမ်းနားလွန်းသဖြင့် သူမကို အနည်းငယ် မှိန်းသွားစေခဲ့သည်။
အန်းယန် အံ့သြသွားသည်ကို သတိပြုမိသောကြောင့် အန်းချင်က ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"မမ ဒါတွေအားလုံးက မမရဲ့ ခင်ပွန်းလောင်းက လုပ်ထားတာဖြစ်မယ်"
"အင်း၊ ငါ သူ့ကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ၊ ဒါတွေကို ငါတကယ် ဂရုမစိုက်ဘူး ငါတို့ အတူနေနိုင်သရွေ့ အဆင်ပြေတာကို။ ဒီမလိုအပ်တဲ့အရာတွေလုပ်စရာမလိုဘူးလေ" အန်းယန်က ပြော၏။
အန်းချင်က ခေါင်းယမ်းကာ ခပ်တိုးတိုး ရယ်လိုက်သည်။
"တကယ်တော့ မမ ခင်ပွန်းလောင်းရဲ့ လုပ်ရပ်ကို ညီမလေး နားလည်ပြီး သဘောတူပါတယ်။ မမတို့နှစ်ယောက် ဆုံတွေ့ပြီးကတည်းက ချစ်ကျွမ်းဝင်ပြီး ရှန်းရှန်း နဲ့ နျန်နျန်ကို ရတဲ့အထိ ခရီးတော်တော်ပေါက်ခဲ့ပြီလေ။ အခု မမရဲ့ ခင်ပွန်းလောင်းက ကမ္ဘာကြီးကို မအုပ်စိုးနိုင်လောက်ပေမယ့် သူကိုယ်တိုင်က တစ်ခုခုတော့ လုပ်ထားပြီးပြီ၊ ဒါပေါ့ သူအခု အတိတ်ကို ပြန်ပြင်ချင်မှာပေါ့"
ထိုအချိန်တွင် အန်းချင်၏ မျက်လုံးများတွင် အားကျမှု အနည်းငယ် ပေါ်လာသည်။
"သူလုပ်နေတဲ့ ပမာဏက မမက သူ့မိန်းမပဲဆိုတာ တစ်ကမ္ဘာလုံးကို ကြေငြာဖို့ ဖြစ်နိုင်တယ်"
ညီမလေး၏ နှစ်သိမ့်စကားများကို နားထောင်လျက် အန်းယန်က ခေါင်းညိတ်ကာ အလွန် ပျော်ရွှင်သွားရသည်။
ထိုအချိန်တွင် အခန်းတံခါးပွင့်လာသည်။
သပ်သပ်ရပ်ရပ် ဝတ်စားထားသော အမျိုးသမီးတစ်စု ဝင်လာသည်။
"မိန်းကလေးအန်း အစ်မရဲ့ မင်္ဂလာဆောင် အဝတ်အစားနဲ့ မိတ်ကပ်အတွက် အကြီးအကဲချန်က ကျွန်မတို့ကို လွှတ်လိုက်တာပါ”
"ဟမ်" အန်းယန် အနည်းငယ် ကြောင်အသွားပြန်သည်။
"သူတို့က ပေကျန်းက သတို့သမီးဝတ်စုံနဲ့ ဂါဝန်အစုံအလင်ကို မိန်းကလေးအန်းက ယူလာပေးတယ်လို့ ပြောလိုက်လို့ပါ။ မိန်းကလေးအန်း အခု ဝတ်ကြည့်ပေးလို့ရမလား။ ကျွန်မတို့ တစ်ချက်ကြည့်ရအောင်လို့"
အသက်အကြီးဆုံးနှင့် အကျော့ရှင်းဆုံး ဆံပင်ဖြူနေသည့် အမျိုးသမီးက ထူးမခြားနားသည့်ဟန်ဖြင့် ပြောလိုက်သည်။