အခန်း (၃၅၅-၃၅၇)
Vol. 24 Ch. 355-357
အခန်း (၃၅၅) ဝိညာဉ်ဆိုး၏ဆင်းသက်မှု
ကုန်းရှောင်ချင်က တစ်ခုခုပြောဟန်ပြင်လိုက်ချိန် ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းကာ ကျန်းတုန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ကျုပ်က လူလိမ်လို့ ပြောချင်တာလား"
"ဟားဟား၊ ဟုတ်တာပေါ့"ကျန်းတုန်၏အမူအရာသည် ပို၍ မောက်မာလာသည်။
ဆုန်ယိနှင့် အခြားလူများက အဝေးမှ ကြည့်နေသော်လည်း ၎င်းတို့ဆီသို့ ရောက်မလာကြောင်း သူ သတိထားမိသွားသည်။ ထို့ကြောင့် ဤအမျိုးသားသည် အရေးကြီးသော ပုဂ္ဂိုလ်မဟုတ်ဟု သူ ထင်မှတ်နေသည်။
"ဒါဆို ခင်ဗျား ကျုပ်နဲ့ လောင်းကြေးထပ်ဖို့ သတ္တိရှိလား" ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"လောင်းကြေးက ဘာလောင်းကြေးလဲ"ကျန်းတုန်က အေးစက်စွာ ပြောလိုက်သည်။
"ဒီမိန်းကလေးကုန်မှာ ထူးဆန်းတာတစ်ခုရှိနေတယ်။ ကျုပ်သာ ဒါကို ဆွဲထုတ်နိုင်ရင် ခင်ဗျား ကျုပ်ကို အကြိမ်တစ်ရာ ဒူးထောက် တောင်းပန်ရမယ်။ ဘယ်လိုလဲ" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ကျန်းတုန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြင်းထန်စွာ အံကြိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါပေမယ့် ခင်ဗျား မဆွဲထုတ်နိုင်ရင် ဘယ်လိုလုပ်မလဲ"
"ကျုပ် ဘဝမှာ ဒီလို 'အကယ်၍' ဆိုတာမျိုး မရှိဘူး" ရွှယ်အန်းသည် သူ၏လက်ကို ကုန်းရှောင်ချင်၏ အရှေ့သို့ ရုတ်တရက် ဆန့်ထုတ်၍ ဆုပ်ကိုင်လိုက်ပြီးနောက် တည်ငြိမ်စွာ စကားပြောလိုက်သည်။
ရွှယ်အန်း၏လက်ထဲတွင် ပြင်းထန်သော ငါးညှီနံ့များ ထုတ်လွှတ်နေသော အရာတစ်ခု ပေါ်လာ၍ ၎င်းသည် နေရာအနှံ့သို့ အလွန်ရွံရှာဖွယ် ပျံ့နှံ့သွားသည်။ ကြည့်ရှုသော လူအုပ်ကြီးသည် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
သို့သော် ကုန်းရှောင်ချင်သည် လုံးဝ လန်းဆန်းသွားသည်ဟု ခံစားရသည်။
ကျန်းတုန်က ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားကာ သူ၏မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဒါ...ဒါက ဘာလဲ။ ကျုပ် သိပြီ၊ ဒါမှော်လှည့်ကွက်တစ်ခု မဟုတ်လား။ ဟား ခင်ဗျားက လူတွေကို လက်လှည့်ပြီး လှည့်စားချင်နေတာလား"
ရွှယ်အန်းက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
"ဘာလဲ၊ အလောင်းအစားကို ပယ်ဖျက်ဖို့ စီစဉ်နေတာလား"
ကျန်းတုန်သည် သဘောတူညီချက်ကို အမှန်တကယ် ကတိဖျက်ရန် ရည်ရွယ်ခဲ့သည်။ သူသာ အမှန်တကယ် ဒူးထောက် တောင်းပန်လိုက်လျှင် မနက်ဖြန်တွင် သတင်းကြီးများက ကြေငြာလိုက်ပါက သူ၏အနုပညာရှင်ဘဝ လုံးလုံးလျားလျား ပျက်စီးသွားပေလိမ့်မည်။
ရွှယ်အန်းက ပြုံးရုံသာပြုံးလိုက်သည်။
"ကောင်းပြီ၊ ခင်ဗျားက ဒီလိုလုပ်ဖို့ ရွေးချယ်မှတော့ ခင်ဗျားကို ကျုပ် ဒါပေးလိုက်မယ်"
ရွှယ်အန်းသည် စကားပြောနေစဉ်တွင် ပေါ့ဆစွာ ပစ်လိုက်သော အမူအရာတစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်းသည် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွား၍ ကျန်းတုန်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။ ကျန်းတုန်သည် ကြောက်လန့်တကြား အော်ဟစ်၍ ရှောင်တိမ်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ၎င်းအရာသည် မျက်စိပါနေသကဲ့သို့ သူ၏အနောက်သို့ လိုက်လာ၍ သူ၏ခန္ဓာကိုယ်ထဲသို့ မြုပ်ဝင်သွား၏။
"ဘာလဲ... ခင်ဗျား ကျုပ်ကို ဘာလုပ်လိုက်တာလဲ" ကျန်းတုန်က လုံးလုံးလျားလျား ကြောက်လန့်နေသည်။
ရွှယ်အန်းသည် ဆိုဖာပေါ်သို့ ပြန်လှဲကာ ဝိုင်နီတစ်ခွက်ကို ဖြည်းညှင်းစွာ သောက်သုံး၍ ပြုံးလိုက်သည်။
"ဒါက ဘာလဲဆိုတာ ခင်ဗျား မကြာခင် သိလာမှာပါ၊ ကံကောင်းပါစေ"
တခြားဟိုတယ်တစ်ခုတွင် ရှိနေသော လုံကွမ်ယွီသည် ရုတ်တရက် မျက်လုံးဖွင့်လာကာ ညမီးရောင်တစ်ခုသာ ထွန်းလင်းနေသော အခန်းသည် လျှပ်စီးလက်သကဲ့သို့ လင်းလက်သွားသည်။
"ဘာဖြစ်တာလဲ ငါ သတ်မှတ်ထားတဲ့ နတ်ဆိုးကျိန်စာတွေကို တစ်ယောက်ယောက်က ထိလိုက်ပုံရတယ်။ ဒါပေမယ့် ထူးဆန်းတာက အာရုံခံနိုင်သေးတယ်" လုံကွမ်ယွီ၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာသည်။
တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့် ဝင်သွားခဲ့သည်။
"လူကြီးမင်းလုံ၊ ကျုံးဟွိုင်ကလူတွေ ဒီကိုရောက်နေပါပြီ"
“ ဝင်လာခိုင်းလိုက်” လုံကွမ်ယွီက ဆိုဖာပေါ်သို့ ပြန်လဲလျောင်း၍ အမူမထားဘဲ ပြောလိုက်သည်။
မကြာမီတွင် ပေါ့ပါးစွာ ၀တ်စားဆင်ယင်ထားသော ဝမ်ကုန်းသည် ထိတ်လန့်သော အမူအရာများရှိနေသည့် လူနှစ်ဦးနှင့်အတူ ဝင်လာခဲ့သည်။
"ဆရာလုံ" ဝမ်ကုန်းက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
လုံကွမ်ယွီသည် ဝမ်ကုန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် လူနှစ်ဦးဆီ အာရုံရောက်သွားသည်။
"ဘာဖြစ်တာလဲ"
"ဆရာ၊ အဲဒီနေ့မှာက ကျွန်တော်တို့နဲ့ အကြီးဆုံးတပည့်က ကျုံးဟွိုင်မှာ ထုံးတမ်းစဉ်လာတွေ လုပ်နေချိန်မှာ မထင်မှတ်ပဲ... အကြီးဆုံးတပည့်ရဲ့ ဦးခေါင်းက ရုတ်တရက်ကြီး ပေါက်ကွဲသွားတာပါ"
၎င်းတို့နှစ်ဦးသည် ဤအဖြစ်အပျက်ကို ပြောနေစဉ် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။ လုံကွမ်ယွီ၏မျက်နှာ၌ပင် ထိတ်လန့်မှုများ ပေါ်ပေါက်လာ၍ ဝမ်ကုန်းဆီသို့ လှမ်းကြည့်လိုက်သည်။
"ဗိုလ်ချုပ်ဝမ်၊ ခင်ဗျားရဲ့ ဝမ်မိသားစုက ဒီအဖြစ်အပျက်အတွက် ဖြေရှင်းချက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
ဝမ်ကုန်းသည် စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး ခံစားလာရသော်လည်း တည်ငြိမ်အောင် ကြိုးစားနေဆဲဖြစ်သည်။
"ဆရာလုံ၊ ဆရာရဲ့ ချစ်တပည့်ကို သတ်ခဲ့တဲ့လူက ရွှယ်အန်းပဲ ဖြစ်ရမယ်လို့ ကျွန်တော် ထင်တယ်"
"ဟုတ်လား၊ ရွှယ်အန်းတဲ့လား" လုံကွမ်ယွီသည် အနည်းငယ် အံ့ဩသွားပြီးနောက် သူ၏အမူအရာ လေးနက်သွားသည်။
"ဟုတ်ပါတယ်၊ အဲဒီနေ့က ရွှယ်အန်းရဲ့ မောက်မာမှုကြောင့် ကျွန်တော် အရမ်း စိတ်တိုသွားတာ။ အဲ့ဒီ့နေ့က ရွှယ်အန်းရဲ့ မင်္ဂလာဆောင်တဲ့နေ့ဖြစ်နေတာနဲ့ ဆရာရဲ့တပည့်ကို မန္တန်အသေးစားလေးလုပ်ပြီး ရွှယ်အန်းကို သင်ခန်းစာလေးတစ်ခု ပေးခိုင်းလိုက်တာပါ"
"ဒါပေမယ့် ရွှယ်အန်းက အဲ့လောက် ကြီးစိုးတဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ အဲဒါက ကျွန်တော်တို့ဘက်က စခဲ့တာဆိုပေမယ့် ဒင်းက တုံ့ပြန်သတ်ပစ်ဖို့အထိ လုပ်ခဲ့တယ်" ဝမ်ကုန်းက တရားမျှတသော ဒေါသစိတ်ဖြင့် ပြောလိုက်သည်။
လုံကွမ်ယွီသည် ဆိုဖာပေါ်တွင် နောက်တစ်ကြိမ်လဲလျောင်းလိုက်ပြီးနောက် အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။
"ကျုပ် နားလည်ပြီ၊ အားလုံးထွက်သွားကြတော့"
“ဆရာလုံ၊ ဆရာ တစ်ခုခုလုပ်ဖို့ မစီစဉ်တော့ဘူးလား…”
"ဗိုလ်ချုပ်ဝမ်၊ ကျုပ်ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ခင်ဗျားဘက်က သင်ပေးစရာ မလိုဘူး။ ရွှယ်အန်းက ကျုပ်တပည့်ကို သတ်ပစ်လိုက်တဲ့အတွက် ထုံးစံအတိုင်း လက်စားချေရမယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ဘူး"
"ကျွန်တော် နားလည်ပါပြီ" ဝမ်ကုန်း၏ အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"ဆရာလည်း လေလံပွဲက အဲဒီပစ္စည်းအတွက် လာခဲ့တာပဲ"
ဝမ်ကုန်းဘက်မှ ထိုကိစ္စကို သိနေခြင်းအတွက် လုံကွမ်ယွီက မအံ့ဩမိပေ။
“ကျွန်တော်တို့တွေ ပူးပေါင်းဖို့ ဆွေးနွေးရင်ရော ဘယ်လိုလဲ” ဝမ်ကုန်းက ပြောလိုက်သည်။
"ဘယ်လို ပူးပေါင်းမှာလဲ"
"ရွှယ်အန်းကို သတ်ပေးရမယ်ဆိုရင် ကျွန်တော်တို့ ဝမ်မိသားစုက ဆရာ့ကို အဲဒီပစ္စည်း ရအောင်ယူပေးမယ့်အပြင် ဝမ်မိသားစု ရဲ့ ဧည့်သည် အကြီးအကဲတစ်ယောက်အဖြစ်လည်း ထားမှာပါ"
သူ၏အဆိုပြုချက်ကို အပြီးသတ်ပြီးနောက် ဝမ်ကုန်းသည် လုံကွမ်ယွီကို အနည်းငယ် စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ လုံကွမ်ယွီသည် နန်ယန်း အမှောင်ပညာ၏ ထိပ်တန်းဆရာအဖြစ် လွန်ခဲ့သည့် အနှစ်သုံးဆယ်အတွင်း လူသိများခဲ့သည်။ သူသည် များသောအားဖြင့် ဦးခေါင်းကို မြင်ရသော်လည်း အမြီးကို ကွယ်ဝှက်ထားတတ်သည့် နတ်နဂါးကဲ့သို့ တွေ့ရခဲသော ဖြစ်တည်မှုဖြစ်သည်။ ယခုအခါ ဝမ်ကုန်းသည် သူနှင့်တွေ့ရန် ရှားပါးသည့် အခွင့်အရေးမျိုး ရရှိလာသောကြောင့် လက်မလွတ်ချင်ခဲ့ပေ။
အထူးသဖြင့် ဤအမှောင်ပညာများကို လုပ်ကြံသတ်ဖြတ်မှုများတွင် လျှို့ဝှက်စွာ အသုံးပြုနိုင်သောကြောင့် နတ်ဘုရား သို့မဟုတ် သရဲတစ္ဆေများပင် သတိမပြုမိနိုင်သောကြောင့် ဝမ်မိသားစုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသူများကို ပစ်မှတ်ထားရန် လွယ်ကူစေသည်။ အကယ်၍ သူသာ ၎င်းတို့နှင့်ပူးပေါင်းမည်ဆိုပါက ပြီးပြည့်စုံမည်ဖြစ်သည်။ လုံကွမ်ယွီသည် ဝမ်ကုန်း ပြုလုပ်နေသည့် အကြံအစည်ကို နားလည်နေသည်။
သို့သော် သူသည် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ၊ ဒါပေမယ့် လေလံပွဲပြီးတဲ့အထိတော့ စောင့်”
"ကိစ္စမရှိပါဘူး၊ ဒီကာလအတွင်း ကျွန်တော် ရှန်ကျန်းမြို့ကနေ ထွက်သွားဦးမှာ မဟုတ်ပါဘူး။ ကျွန်တော် လူကြီးမင်းလုံရဲ့ သတင်းကောင်းကို စောင့်မျှော်နေပါတယ်"
ထိုစကားကို ပြောပြီးနောက် ဝမ်ကုန်း ထွက်ခွာသွားသည်။ လုံကွမ်ယွီ၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အကြည့်မျိုး ပေါ်ထွက်လာသည်။
'ကျုပ်ကို အသုံးချဖို့ စဉ်းစားနေတာလား။ မင်းရဲ့ ဝမ်မိသားစုက... အရည်အချင်း မပြည့်မီသေးဘူး'
ကျန်းတုန်သည် ကားပေါ်တွင် ထိုင်နေစဉ် အဆက်မပြတ် ဆဲရေးတိုင်းထွာနေလေသည်။ အရာအားလုံးသည် ထင်ယောင်ထင်မှားများဖြစ်၍ အရာအားလုံးသည် ထိုအမျိုးသား၏ မှော်လှည့်ကွက်များဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ဤကမ္ဘာကြီးသည် သိပ္ပံကမ္ဘာတစ်ခုဖြစ်သောကြောင့် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သောအရာများက မည်သည့်နေရာက လာခြင်းဖြစ်သနည်း။
ဤနည်းဖြင့် ကိုယ့်ကိုယ်ကို ခေတ္တနှစ်သိမ့်ပေးနေသော ကျန်းတုန်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားသကဲ့သို့ ခံစားလာရသည်။
"သူဌေး၊ ဘယ်သွားမလို့လဲ" သူ၏ယာဉ်မောင်းနှင့် လက်ထောက်က မေးလိုက်သည်။
"ရွှေရောင်နှင်းဆီကို သွားရအောင်" ကျန်းတုန်က ပြုံးလိုက်သည်။
"ဟားဟား၊ သူဌေးရဲ့ တစ်ညပြီး တစ်ည ရွှင်မြူးမှုတွေနဲ့ဆိုရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား" ယာဉ်မောင်းက ရယ်မောလိုက်သည်။
"ခံနိုင်ရည် မရှိစရာ အကြောင်းမရှိဘူး၊ ရှိတယ်ဆိုရင်တော့ ကလေးလေးတွေက သိပ်မလန်းလို့ပဲနေမယ်"ကျန်းတုန်က ဂုဏ်ယူစွာ ပြောလိုက်သည်။
ရွှေရောင်နှင်းဆီသို့ ရောက်လာသောအခါ သူ၏ကျော်ကြားမှု အဆင့်အတန်းနှင့် အနှစ်မဲ့သော မိန်းကလေးအချို့ ရရှိခြင်းက လွယ်ကူသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သူသည် ခဏအကြာတွင် ပစ်မှတ်တစ်ခုကို တွေ့သွားသည်။ စကားအနည်းငယ် ပြော၍ ယမကာများ သောက်သုံးပြီးနောက် တစ်ဦးနှင့် တစ်ဦး ပိုမို ရင်းနှီးလာကြသည်။
ထိုအချိန်တွင် ကျန်းတုန်က ရုတ်တရက် ဆီးသွားချင်လာသောကြောင့် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
"သန့်စင်ခန်းသွားမလို့ ခွင့်ပြုပါဦး"
သန့်စင်ခန်းထဲဝင်ကာ သူ၏ကိစ္စများကို ဖြေရှင်းပြီးနောက် မှန်ထဲရှိ သူ၏ချောမောသော ရောင်ပြန်ဟပ်မှုကို စိတ်ကျေနပ်စွာ ကြည့်လျက် ပြုံးလိုက်မိသည်။ သို့သော် ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ဂူသင်္ချိုင်းကဲ့သို့ တိတ်ဆိတ်သွားကြောင်း ရုတ်တရက် သတိထားလိုက်မိသည်။
'ဘာတွေဖြစ်နေတာလဲ။ အပြင်မှာ ဓာတ်အားပြတ်တောက်သွားတာလား'
ကျန်းတုန်သည် စိတ်ထဲတွင် တွေးတောလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် မြေပြင်ပေါ်တွင် ဝပ်တွားနေသည့် အနီရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးကို မှန်ထောင့်မှ မြင်တွေ့လိုက်သည်။ သူမ၏ မျက်နှာကို မမြင်ရသော်လည်း သေးသွယ်သော ခန္ဓာကိုယ်ကို အနောက်မှကြည့်လျှင် မြင်တွေ့နိုင်သည်။ ကျန်းတုန်က စိတ်ဝင်စားမိသွားသည်။ အရက်အလွန်အကျွံသောက်ပြီးနောက် သန့်စင်ခန်း မှားယွင်းကာ ရောက်လာခြင်း ဖြစ်လေသလော။
'ဟုတ်တယ်၊ အဲလိုပဲ ဖြစ်ရမယ်'
ထိုသို့တွေးနေသော ကျန်းတုန်သည် ပြင်းထန်သော တပ်မက်မှုမျိုး ခံစားလိုက်ရ၍ တုပသော စိုးရိမ်မှုမျိုးဖြင့် သူမ အနားကို ချဉ်းကပ်လာကာ မေးမြန်းလိုက်သည်။
"အဆင်ပြေရဲ့လား မိန်းကလေး"
အခန်း (၃၅၆) ဘားထဲတွင် ဆိုးရွားစွာ သေဆုံးခြင်း
မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးသည် အိပ်ပျော်သွားပုံရသည်။ ကျန်းတုန်သည် သူ၏လက်ကို ဆန့်ထုတ်ကာ ကောင်မလေး၏ ပခုံးပေါ်သို့ တင်လိုက်သည်။ သူမ၏ ဆံပင်ရှိ မွှေးနံ့များကို ရှူရှိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
"မိန်းကလေး မူးနေပြီလား၊ ကိုယ် မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်လေ"
ထိုသို့ပြောပြီးနောက် ၎င်းမိန်းကလေးက မည်သည့်ပုံသဏ္ဌာန်ရှိသည်ကို ကြည့်ချင်နေသည့်ဟန်ဖြင့် သူမ၏ ပုခုံးကို အားပြင်းပြင်း ဆွဲယူလိုက်သည်။ ပြီးနောက် မယုံကြည်နိုင်လောက်အောင် ချောမွေ့သော မျက်နှာကို မြင်တွေ့လိုက်ရသည်။ ကျန်းတုန်သည် အလွန် ကျယ်လောင်စွာ ထအော်လိုက်သည်။ သူမ၏ အရေပြားသည် အနည်းငယ်မျှသာ ကြမ်းတမ်းစွာ ပြုမူရုံဖြင့် ကွဲအက်သွားလောက်သည်အထိ နူးညံ့နေသော်လည်း မျက်နှာ အင်္ဂါရပ်များ မရှိပေ။
ကျန်းတုန်က အော်ဟစ်လိုက်ချိန်တွင် ၎င်း၏မျက်နှာသည် နှုတ်ခမ်းများ အဆုံးထိ ကွဲထွက်နေသည့် ရုပ်ရှင်ထဲက အမျိုးသမီးကဲ့သို့ ရုတ်တရက် ပြဲထွက်သွားကာ ကျန်းတုန်၏ ဦးခေါင်းတစ်ခုလုံးကို ဝါးမြိုသွားသည်။ ကျန်းတုန်၏ ဦးခေါင်းသည် အပိုင်းပိုင်းကျိုးကြေသွားကာ သူ၏ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ နောက်တစ်နေ့တွင် နာမည်ကျော် မင်းသားကျန်းတုန်သည် ဘားတစ်ခု၏ သန့်စင်ခန်းထဲတွင် ဆိုးရွားစွာ သေဆုံးသွားသည်ဟူသော သတင်းသည် ရှန်ကျန်းမြို့တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေသည်။
ကုန်းရှောင်ချင်သည် ထိုသတင်းကြားသောအခါ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။ အကယ်၍ ထိုလူအတွက်သာ မဟုတ်ခဲ့လျှင် အမှန်တကယ် သေဆုံးမည့်လူသည် သူမ ဖြစ်သွားပေလိမ့်မည်။ သူမသည် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ရုတ်တရက် ထရပ်လိုက်သည်။
"ဘယ်သွားမလို့လဲ မိန်းကလေးကုန်"
"ဆရာဆုန်ယိကို သွားတွေ့မလို့" ကုန်းရှောင်ချင်သည် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သို့သော် ကုန်းရှောင်ချင်သည် ဆုန်ယိ တည်းခိုသော ဟိုတယ်သို့ ရောက်သောအခါ ရုတ်တရက် တုံ့ဆိုင်းသွားသည်။ သူမသည် ထိုအမျိုးသား၏ နာမည်ကိုပင် မသိသောကြောင့် ရုတ်တရက် လာတွေ့ခြင်းက ရိုင်းစိုင်းသွားနိုင်လေသလော။ သူမသည် တံခါးဝတွင် တုံ့ဆိုင်းနေစဉ် ရွှယ်အန်းက အန်းယန်နှင့် သမီးနှစ်ဦးနှင့်အတူ ဟိုတယ်ထဲမှ ထွက်လာခဲ့သည်။ ရွှယ်အန်းသည် ၎င်းတို့နှင့် ဈေးဝယ်ထွက်ရန် စီစဉ်ထားခဲ့သည်။ ရှန်ကျန်းမြို့သို့ ရောက်လာပြီးနောက် ဈေးဝယ်မထွက်လျှင် လုံးလုံးလျားလျား မရောက်လာခြင်းနှင့် ဆင်တူပေလိမ့်မည်။
၎င်းတို့အားလုံး အပြင်သို့ ထွက်လာစဉ် ကုန်းရှောင်ချင်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ကုန်းရှောင်ချင်သည်လည်း ရွှယ်အန်းကိုမြင်သွားသောကြောင့် သူမ၏မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်နေသည့် အမူအရာမျိုး ပေါ်ပေါက်လာသည်။ ထို့ကြောင့် သူမသည် သူ့ထံ အမြန်ချဉ်းကပ်လာကာ ပြောလိုက်သည်။
"မစ္စတာရွှယ်"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"တိုက်ဆိုင်လိုက်တာ"
ကုန်းရှောင်ချင်သည် သူ့နံဘေးရှိ အန်းယန်ကို သတိပြုမိသွားသည်။ သို့သော် ရွှယ်အန်းသည် သူမ၏အသွင်အပြင်ကို ဖုံးကွယ်ရန် မန္တန်တစ်ခု သုံးထားသောကြောင့် သူမ အလွန်လှပနေကြောင်း ကုန်းရှောင်ချင် မပြောနိုင်ပေ။ မိန်းမ၏အသွင်အပြင်သည် သာမန်မျှသာဟု ခံစားရသော်လည်း သူမ၏မျက်လုံးများသည် အမှန်တကယ် ရင်သပ်ရှုမောဖွယ် လှပနေသည်။ ပြီးနောက် သူမက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ ဒါက..."
"ကျွန်တော် မိသားစုကို ရှန်ကျန်းမြို့ကို ခေါ်လာတော့ ပတ်လည်ကြည့်သင့်တယ်လေ"
"သူတို့က ရှင့်ရဲ့ မိသားစုဝင်တွေလား"
"ဟုတ်တယ်၊ ဒီနှစ်ယောက်က ကျုပ်သမီးတွေပဲ" ရွှယ်အန်းက ပြုံး၍ ပြောလိုက်သည်။
ကုန်းရှောင်ချင်က အံ့အားသင့်စွာ ခေါင်းညိတ်လိုက်သည်။ ရွှယ်အန်းတွင် မိသားစုရှိရန် သူမ မမျှော်လင့်ခဲ့ပေ။ သူမ၏ တုံ့ပြန်မှုသည် လျင်မြန်သောကြောင့် ချက်ချင်း မဆိုင်းမတွ ပြုံးပြ၍ ပြောလိုက်သည်။
"မစ္စတာရွှယ်မှာ အားကျဖို့ကောင်းတဲ့ မိသားစုရှိနေတာပဲ။ ဒါနဲ့ စကားမစပ် ကျွန်မ ရှင့်နာမည်ကို မသိရသေးဘူးနော်"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကျုပ်ရဲ့ မျိုးရိုးနာမည်က ရွှယ်ပါ"
"မစ္စတာရွှယ် မနေ့က ကိစ္စအတွက် ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်မ သတင်းစာဖတ်လိုက်ရတယ်၊ ဟို ကျန်းတုန်ဆိုတဲ့လူလေ..."
"သူ သေသွားပြီမဟုတ်လား" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။
ကုန်းရှောင်ချင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို မစ္စတာရွှယ် သိပြီးပြီပေါ့"
"ဒါအတွက် သတင်း ကြည့်စရာ မလိုပါဘူး၊ သူ သုံးရက်ထက်ပိုပြီး အသက်ရှင်မှာမှ မဟုတ်တာ။ တစ်ရက်တောင် အသက်မရှင်ဖို့တော့ ကျုပ် မမျှော်လင့်ထားဘူး" ရွှယ်အန်းက မှတ်ချက်ပေးလိုက်သည်။
ရွှယ်အန်းသည် ကုန်းရှောင်ချင်၏ ကံကြမ္မာတွင် ညစ်ညမ်းသော အရာတစ်ခု တွယ်ကပ်နေမှန်း ချက်ချင်း သတိပြုမိလိုက်သည်။ ဤအရာသည် လူတို့ကို တွယ်ကပ်လေ့ရှိသော နတ်ဆိုးများ ကျိန်စာများနှင့် ကွဲပြားနေသည်။ ၎င်းသည် လူတစ်ဦးတစ်ယောက်၏ ကံကြမ္မာအပေါ် တိုက်ရိုက် သက်ရောက်သောအရာဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကုန်းရှောင်ချင်၏ကံကြမ္မာသည် အတော်အတန် အားကောင်းနေသေးသောကြောင့် နောက်ထပ် ရက်အနည်းငယ်ကြာသည်အထိ ထိန်းထားနိုင်မည်ဖြစ်သည်။
သို့သော် ကျန်းတုန်ဆီသို့ ပြောင်းရွှေ့ပြီးသောအခါ သူ၏နှစ်ပေါင်းများစွာ အပျော်အပါးလိုက်စားမှုကြောင့် သူ၏ကံကြမ္မာသည် သိသိသာသာ အားနည်းနေခဲ့သည်။ ထို့ကြောင့် ထိုည၌ပင် ကျိန်စာဖြင့် သတ်ဖြတ်ခံခဲ့ရသည်။ ၎င်းကို ကျန်းတုန်က ကိုယ့်ဘာသာ ဖန်တီးလိုက်ခြင်းဟု ဆိုနိုင်သည်။
ကုန်းရှောင်ချင်သည် ဖျော့တော့သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျွန်မကို ဝင်ပြီး ကယ်တင်ပေးခဲ့တဲ့ မစ္စတာရွှယ်ကို တကယ်ပဲ ကျေးဇူးတင်ရမယ်"
"ဟား၊ ကိစ္စမရှိပါဘူး ဒါပေမယ့် ခင်ဗျားအတွက် ပြောရရင် ခင်ဗျားကို ကျိန်စာတိုက်တဲ့သူက တော်တော်လေး ကျွမ်းကျင်လူဖြစ်ရမယ်။ ခင်ဗျားကို တစ်ယောက်ယောက်က သေချာပေါက် ကြံစည်နေတာ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အန်းယန်နှင့် သမီးလေးများကို ခေါ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ နေရာတွင်ပင် ရပ်တန့်နေသော ကုန်းရှောင်ချင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ပြီးနောက် သူမ၏ အံကို တင်းတင်းကြိတ်၍ ၎င်းတို့အနောက်သို့ လိုက်ပါသွားခဲ့သည်။ ယခုအခါ အလွန် ထိတ်လန့်နေသော သူမသည် ရွှယ်အန်၏ နံဘေးတွင်သာ လုံခြုံအေးချမ်းနိုင်သည်။
"မစ္စတာရွှယ်၊ ကျွန်မ လမ်းပြပေးမယ်ဆိုရင် ဘယ်လိုလဲဟင်၊ ကျွန်မက ရှန်ကျန်းဇာတိဆိုတော့ အကောင်းဆုံးပစ္စည်းတွေ ဘယ်မှာ ရှာရမလဲဆိုတာ သိတယ်လေ" ကုန်းရှောင်ချင်က ကမ်းလှမ်းလိုက်သည်။
ထိုသို့ကြားသောအခါ ရွှယ်အန်းက အန်းယန်ကို လှည့်ကြည့်လိုက်သည်။ အန်းယန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် မိန်းကလေးကုန်ရဲ့ အကူအညီတောင်းပါရစေ"
ကုန်းရှောင်ချင်သည် အလွန်ဝမ်းသာသွားသည်။ "ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ ကျွန်မက ဝမ်းသာရမှာပါ"
ကျင်းယွမ်အဆောက်အဦးသည် ရှန်ကျန်းမြို့ တွင် အမြင့်မားဆုံးသော ဈေးဝယ်စင်တာတစ်ခုဖြစ်သည်။ နေကာမျက်မှန် တပ်ဆင်ထားသည့် ကုန်းရှောင်ချင်သည် အရှေ့မှ လမ်းပြနေစဉ် ရွှယ်အန်းတို့ မိသားစုက သူမ အနောက်မှ လိုက်ပါလာသည်။ ကုန်းရှောင်ချင်သည် ဤနေရာနှင့် အလွန်ရင်းနှီးသောကြောင့် စတိုးဆိုင်တိုင်းကို သူမ၏ လက်ဖမိုးကဲ့သို့ သိနေသည်။
"မစ္စတာရွှယ်၊ ဒီဆိုင်က ရှန်ကျန်းမြို့မှာ အခမ်းနားဆုံးနဲ့ ရွှေထည်ပစ္စည်းဆိုင်ပါ။ ဆိုင်တည်ထောင်သူက ကျိုးရှောင်ဖုလို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ပါ။ ကျွန်မ အပါအဝင် အနုပညာရှင်တော်တော်များများက သူတို့ရဲ့ လက်ဝတ်ရတနာတွေကို ဒီမှာပဲ ဝယ်ကြတာ"
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် အန်းယန်တို့ကို ဦးဆောင်၍ အထဲသို့ ဝင်ကြည့်ရန် ခေါ်သွားလိုက်သည်။ ထိုအချိန် ရတနာဆိုင်ထဲတွင် လူအများအပြား မရှိလှပေ။ ကျောက်စိမ်းပြခန်းတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေခဲ့ရာ၊ အမျိုးသမီးသည် အမျိုးသားဖြစ်သူ၏လက်ကို မှီလျက် ကလူ၏သို့မြှူ၏သို့ ပြုမူနေသည်။
"ကျွန်မ ဒီကျောက်စိမ်းဆွဲသီးကို တကယ် လိုချင်တာ"
အမျိုးသားက ချီတုံချတုံ ဖြစ်နေပုံပေါ်သည်။
"ဒါက ဆယ်သန်းကျော်တယ်၊ ကျောက်စိမ်းဆွဲသီးက အဲ့လောက် တန်လို့လား။ အဲ့ဒီ့အစား ရွှေဆွဲကြိုးဝယ်ပေးမယ်ဆိုရင် ဘယ်လိုလဲ"
"မရဘူး၊ ဒီကျောက်စိမ်းသီးပဲ လိုချင်တာ" အမျိုးသမီးသည် သေစေနိုင်သည်အထိ ချိုမြိန်လှသော လေသံဖြင့် ပြောလိုက်သည်။
လက်ဝတ်ရတနာဆိုင်ထဲသို့ ကုန်းရှောင်ချင် ဝင်လိုက်သည်နှင့်အမျှ ညုတုတု အမျိုးသမီးက ရုတ်တရက် အေးခဲသွားသည်။ ကုန်းရှောင်ချင်သည်လည်း ထိုအမျိုးသမီးကို မှတ်မိသွားသောကြောင့် သူမ၏ အမူအရာ နက်မှောင်သွားသည်။
"စီကျင်း"
ကုန်းရှောင်ချင်နှင့် စီကျင်းတို့သည် တူညီသော ဖျော်ဖြေရေးကုမ္ပဏီတစ်ခုတွင် လက်မှတ်ရေးထိုးထားကြသည်။ ၎င်းတို့နှစ်ဦးသည် မျိုးဆက်တစ်ခုတည်းကဖြစ်ကြ၍ အစပိုင်းတွင် ၎င်းတို့၏ဆက်ဆံရေးသည် သိပ်မဆိုးလှပေ၊ သို့သော်လည်း ကုန်းရှောင်ချင်၏ကျော်ကြားမှုနျား တိုးမြင့်လာသည်နှင့်အမျှ စီကျင်းသည် အကြောင်းပြချက်မရှိဘဲ ပြဿနာရှာလာခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပိုပို၍ ဝေးကွာလာကာ ရန်လိုလာကြသည်။
ကုန်းရှောင်ချင်သည် ဖန်သားပြင်ပေါ်တွင် ရေခဲတမျှ အလွန် ဖြူစင်သော ဤမိန်းကလေးသည် ကျောက်စိမ်းတုံး တစ်တုံးအတွက်ကြောင့် ဖခင်အရွယ်ဖြစ်ထိုက်သော အသက်အရွယ်ကြီးသူတစ်ဦးကို ဤမျှလောက် ပရောပရည်ပြုလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။ ဤအခိုက်တွင် စီကျင်း၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားသည့် မလုံမလဲဖြစ်မှုများ ခံစားလာရသည်။
သူမသည် လုံကွမ်ယွီကို ယမန်နေ့က ကုန်းရှောင်ချင်ကို ကျန်စာတိုက်ရန် လာဘ်ထိုးခဲ့၍ နောက်တစ်နေ့တွင် သူမနှင့် လမ်းပေါ်တွင် ထိပ်တိုက်တွေ့လိမ့်မည်ဟု မထင်မှတ်ထားပေ။ သို့သော် သူမ၏ တောက်ပနေသော အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သေခါနီးတွင် လူတစ်ယောက်အဖြစ် မထင်ရပေ။ သို့သော် ရွှယ်အန်းကို သူမ နံဘေးတွင်တွေ့သောအခါ စီကျင်း၏နှလုံးသား တုန်လှုပ်သွားကာ သူမက လှောင်ရယ်လိုက်သည်။
"အိုး၊ ဒါက ငွေကြယ်ပွင့်ကြီးကုန်း မဟုတ်ဘူးလား။ ဘာကိစ္စရှိလို့လဲ၊ အားလပ်ချိန်မှာ ယောက်ျားနဲ့ ဈေးဝယ်ထွက်နေတာလား"
သူမ၏ စကားများသည် ချောက်ချရန် ပြင်းပြသော ရည်ရွယ်ချက်များ သယ်ဆောင်လာသည်။
ကုန်းရှောင်ချင်၏မျက်နှာအမူအရာ မည်းမှောင်သွားကာ သူမက အေးစက်စွာ ပြောလိုက်သည်။
"ပေါက်ကရတွေ ပြောနေတာ ရပ်လိုက်။ ဒါက ကျွန်မရဲ့ကယ်တင်ရှင် မစ္စတာရွှယ်၊ သူ့မိသားစုကို လမ်းပြဖို့ ဒီကိုရောက်နေတာ။ ဒီလူကြီးမင်းက ကျွန်မ မမှားဘူးဆိုရင် မစ္စတာ လီဟော် မဟုတ်လား "
လီဟော်သည် သူ့ကိုယ်သူ ကျေနပ်စွာ ရယ်ပြုံးလျက် စီကျင်း၏ခါးကို လက်ဖြင့် ပွေ့ဖက်လိုက်သည်။
"ဟုတ်ပါတယ်၊ မိန်းကလေးကုန် ကျုပ် မင်းကို လိုက်ပိုးပန်းတုန်းက ကျုပ်ကို ငြင်းခဲ့တယ်လေ၊ ဒါကြောင့် မင်းရဲ့ဂျူနီယာညီမနဲ့ ကျေနပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူးပေါ့"
ထိုသို့ကြားသောအခါ စီကျင်း၏ မျက်နှာအမူအရာ ဖြူဖျော့သွား၍ ကုန်းရှောင်ချင်ကို ပြန်ကြည့်လိုက်ချိန်တွင် သူမ၏ မျက်လုံးများတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
'ဒီမိန်းမက ဘာလို့ အရာရာတိုင်းမှာ အကောင်းဆုံးတွေပဲ အမြဲရနေတာလဲ။ သူ့ကို မလိုက်နိုင်တဲ့ ယောက်ျားကတောင် ငါ့ဆီကို လှည့်လာတယ်'
ကုန်းရှောင်ချင်သည် အေးစက်စွာ စိုက်ကြည့်နေခဲ့ရာ၊ သူမ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်လာသည်။
ငါ့ကို ကျိန်စာတိုက်တဲ့လူက စီကျင်း ဖြစ်နေနိုင်မလား။
ထိုအချိန်၌ လီဟော်သည် ရည်ရွယ်ချက်ရှိနေဟန်ဖြင့် အရောင်းဝန်ထမ်းကို ဗိုလ်ကျသော လေသံဖြင့် ပြောလိုက်သည်။
"ခုနက ကျောက်စိမ်းဆွဲသီးကို ယူမယ်။ ထုတ်ပိုးလိုက်"
အခန်း(၃၅၇) ဟာသပဲ
စီကျင်းက အလွန်ပျော်ရွှင်စွာဖြင့် ကုန်းရှောင်ချင်နှင့် ရွှယ်အန်းကို ကြည့်နေပြီးနောက် လှောင်ရယ်လိုက်သည်။
“မိန်းကလေးကုန်း ကျွန်မ တကယ် စိတ်မကောင်းပါဘူး။ ဒါပေမယ့် မစ္စတာလီက သူကျွန်မကို ဆက်ဆံတာထက် ပိုသာအောင်ဆက်ဆံပါတယ်။ ရှင် ဒီလူ့ကို ခေါ်ထားပြီး အချိန်ပေးပြီး ဆက်စျေးဝယ်ထွက်လိုက်ပါဦး ဟီးဟီး”
စီကျင်းက အားပါးတရ လှောင်ရယ်လိုက်သည်။
ဝန်ထမ်းက ကျောက်စိမ်းလော့ကတ်ကို ထုတ်ယူလာသောအခါ သူမ အလွတ် သဘောကျသဖြင့် ယင်းကို လက်ထဲမှ မချတော့ဘဲ ကုန်းရှောင်ချင်နှင် ရွှယ်အန်းအရှေ့တွင် ကြွားဝါလျက်ရှိသည်။
“မြင်လား ဒါက ဆယ်သန်းကျော် တန်ကြေးရှိတဲ့ အဆင့်မြင့် ကျောက်စိမ်းပဲ။ နင်တို့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုဟာမျိုး ဝယ်နိုင်မှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်”
သူမ၏ စကားလုံးများက အလွန်နားဝင်ဆိုးလှသည်။
ကုန်းရှောင်ချင်၏ မျက်နှာက အလွန် အရုပ်ဆိုးလာကာ သူမက တစ်ခုခုပြောတော့မည့်အခိုက်၌ ရွှယ်အန်းက ရယ်၍ ခေါင်းခါလိုက်သည်။
“သနားစရာပဲ။ ဒီလို ဝက်လို အစီးခံရပြီဂတော့ ကြွားဝါဂုဏ်ယူနေတာ”
သူ့စကားလုံးများက ကျောက်မျက်ရတနာဆိုင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
“ရှင်ဘာကို ဆိုလိုတာလဲ။ ဘယ်သူ့ကို ဝက်လို့ ခေါ်နေတာလဲ”
ရွှယ်အန်းက ပြုံးလိုက်သည်။
“စိတ်မကောင်းပါဘူး။ ငါ ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်တာမဟုတ်ဘူးနော်။ အချက်ကျကျကပြောနေတာ။ အများဆုံး တစ်သန်းလောက်ပဲတန်မယ့် ကျောက်စိမ်းကို ဆယ်ဆတင်ပြီးရောင်းနေတာ အဲ့တာကြောင့် ဝက်လို့ ခေါ်လို့တော့မရဘူး”
ရွှယ်အန်းက ခဏတာ ရပ်ပြီးမှ ဆက်ပြောသည်။
“ဘာလို့လဲဆိုတော့ ဝက်တွေက မင်းထက် ဉာဏ်ကောင်းလို့လေ”
စီကျင်းက အနည်းငယ် တုံ့ဆိုင်သွားပြီးနောက် အော်လိုက်သည်။
“ရှင်က ဒီကျောက်စိမ်းဆွဲသီးကို အတုလို့ပြောနေတာလား”
လီဟော်၏ အမူအရာသည်လည်း မှောင်မိုက်လာသည်။
သို့သော် ကျောက်မျက်ရတနာဆိုင်မှ ထွက်လာသော တုံ့ပြန်မှုက အဆိုးဆုံးဖြစ်၏။ အရပ်ရှည်ရှည်နှင့် မာန်မာနကြီးပုံပေါ်သော အမျိုးသမီးဝန်ထမ်းက ရွှယ်အန်းကို အထင်သေးစွာကြည့်၍ လှောင်ရယ်လိုက်သည်။
“ဒါ ရှန်းကျန်းရှင့် ရှင်ရာစိုင်းလို့ရတဲ့နေရာမဟုတ်ဘူး။ ရှင်ဒီတိုင်းဆက်ပြောနေရင် အသရေဖျက်မှုနဲ့ ရှင့်ကို ငါ တရားဆွဲလို့ရတယ်”
“အမှန်ပဲ။ မဖြစ်နိုင်တာ။ ကျွန်မတို့ သူ့ကို အသရေဖျက်မှုနဲ့ တရားဆွဲလို့ရတယ်” စီကျင်းက အခြားသူများထက် ပို၍ စိတ်ဆိုးနေသည်။
ရွှယ်အန်းက စီကျင်းကို ကြည့်ကာ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။
“အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် မင်းက ပိုသိမှာပဲလေ။ ငါ သက်သေပြဖို့ လိုလား”
အမျိုးသမီး၏ မျက်နှာက အလွန် အရုပ်ဆိုးသွားကာ ဖုန်းကို ကောက်ကိုင်၍ ဖုန်းနံပါတ်ရိုက်လိုက်သည်။
“မန်နေဂျာ ပြဿနာရှာတဲ့လူတွေရှိနေလို့ပါ”
ဖုန်းကို ချလိုက်ပြီးနောက် သူမက ရွှယ်အန်းကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
“ကျွန်မတို့ မန်နေဂျာက ဒီကို မကြာခင်ရောက်လာလိမ့်မယ်။ အဲ့ကျမှ ရှင်ပြောလိုက်တာတွေအတွက် ရှင်းပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ မဟုတ်ရင် ရှင့်ကို တရားခွင်မှ တွေ့မယ်”
“ကောင်းတယ် ငါမင်းတို့ရဲ့ မန်နေဂျာကို စောင့်နေတာပဲ”
ဤသို့ပြော၍ ရွှယ်အန်းက ဆိုင်၏ ခုံပေါ်၌ ထိုင်ကာ အေးဆေးစွာ စောင့်သည်။ လီဟော်က ပြုံးနေကာ စီကျင်း၏ မျက်နှာသည်မူ မရေရာမှုများဖြင့် ပြည့်နေ၏။ မကြာမီတွင် ခြေသံအချို့ထွက်ပေါ်လာပြီးနောက် အသက်လတ်ပိုင်းလူတစ်ယောက် လမ်းလျှောက်လာသည်။ သူဝင်ာသည်နှင့် ဒေါသတကြီး အော်လိုက်၏။
“ဘယ်သူက ငါ့ဆိုင်မှာ ပြဿနာရှာရဲတာလဲကွ”
ဝန်ထမ်းက ချက်ချင်း ချဥ်းကပ်ကာ ဆိုဖာပေါ်ထိုင်နေသော ရွှယ်အန်းကို လက်ညှိုးထိုးပြလိုက်သည်။
“မန်နေဂျာ အဲ့တာ သူပါပဲ။ သူက ကျွန်မတို့ ဆိုင်က ကျောက်စိမ်းဆွဲသီးကို အတုလို့ စွပ်စွဲနေတယ်”
ဤသည်ကို ကြားသောအခါ မန်နေဂျာကျိုး၏ မျက်နှာက အလွန် ဒေါသအငွေ့အသက်များပြည့်နှက်လာကာ ရွှယ်အန်းကို ကြည့်လိုက်သည်။
“ကောင်လေး မင်းက ငါတို့ ကျောက်စိမ်းဆွဲသီးက အတုလို့ ပြောလိုက်တာလား။ သက်သေရှိလား”
ရွှယ်အန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ယခုတင် မာန်တက်နေသောမန်နေဂျာကျိုးက ချက်ချင်း နှလုံးသားတစ်ခုလုံးအေးစက်သွားသည့်အလား ခံစားလိုက်ရသည်။
‘အဲ့လူရဲ့အကြည့်က… အရမ်း ကြောက်ဖို့ ကောင်းတယ်’
“သက်သေဟုတ်လား” ရွှယ်အန်းက တည်ငြိမ်စွာပြန်မေးလိုက်သည်။
“ငါလည်း မင်းကို မေးချင်တယ်။ ဒီဆိုင်ကို ကျိုးရှောင်ဖုပိုင်တာလား”
“ဒါပေါ့ ငါက ကျိုးဟောက်ပဲ။ ကျိုးမိသားစုရဲ့ မျိုးဆက်ပဲ” ကျိုးဟောက်က ဂုဏ်ယူစွာပြောသည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်။ ဒါဆို ငါမင်းကို မေးမယ်။ ဘယ်သူက ခေါ့ရှောင်းယန်လဲ”
ကျိုးဟောက်နှင့် ဆိုင်ဝန်ထမ်းက ထိတ်လန့်သွားသည်။
“ မင်း… ဒါရိုက်တာ ခေါ့ကို သိတာလား” ကျိုးဟောက်၏ အသံက ရုတ်တရက် နူးညံ့သွား၏။
ရွှယ်အန်း ဆိုဖာပေါ်သို့ ကျောမှီကာ လက်ချောင်းများကို အနည်းငယ်ဆော့ကစားလျက် ပြောလိုက်သည်။
“သိတယ်လို့တော့ ပြောလို့မရဘူး”
ကျိုးဟောက်က နောက်ဆုံးတွင် သက်ပြင်းချစ်ချက်ချလိုက်သည်။
ကျိုးမိသားစု၏ မျိုးဆက်ဖြစ်နေသော်လည်း သူသည် အနည်းငယ်ဆွေမျိုးဝေးသည်။ တစ်ဖက်တွင်မူ ခေါ့ရှောင်းယန်က ကျိုးရှောင်ဖုအဖွဲ့အစည်း၏ ဒါရိုက်တာနှင့် ဒီဇိုင်နာဖြစ်သည်။ ထို့ကြောင့် သူက သူမကို ‘ဒါရိုက်တာ’ဟု တလေးတစား ခေါ်ဝေါ်ရသည်။
“ဘယ်လိုပဲဖြစ်ဖြစ်… လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့အဖွဲ့ကို ငါ့မိန်းမအတွက် ကျောက်မျက်ရတနာလုပ်ပေးဖို့ ခေါ်ခဲ့တုန်းက နည်းနည်းရင်းနှီးခဲ့တယ်လို့ ပြောလို့ရတယ်” ရွှယ်အန်းက ဘာသိဘာသာပြောသည်။
ဤစကားက ကျိုးဟောက်နှင့်အခြားသူများကို ပထမဆုံး အေးခဲသွားစေသော်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီးနောက် လှောင်ပြုံးပြုံးလိုက်ကြသည်။
“ကောင်လေး အခုလေးတင် ငါက မင်းကို အရေးကြီးတဲ့လူလို့ ထင်လိုက်တာ။ အခုတော့ မင်းက သက်သေမရှိဘဲ အာချောင်နေတဲ့ ငစားပဲကွ” ကျိုးဟောက်က လှောင်ရယ်သည်။
“ဒါပေါ့ အရမ်းထင်ရှားတဲ့ဧည့်သည်မဟုတ်ရင် ကျွန်မတို့ ဒါရိုက်တာခေါ့က အိမ်အထိ လိုက်လုပ်ပေးတာ ရှားပါတယ်” အမျိုးသမီးဝန်ထမ်းကလည်း အထင်သေးစွာရယ်သည်။
၎င်းတို့၏ စကားလုံးများက ရွှယ်အန်းသည်ထိုသို့အဆင့်မရှိဟု ပြောနေခြင်းဖြစ်သည်။
“မင်းတို့မယုံဘူးလား။ ကောင်းပြီ။ အခု သူ့ကို ခေါ်လိုက်’
“မင်းကိုမင်း ဘာထင်နေလဲ။ ဒါရိုက်တာခေါ့ကို မင်းပြောတာနဲ့ ခေါ်ဖို့ မျှော်လင့်နေတာလား။ နောက်ပြီး မင်းကသာ ဆွဲသီးက အတုလို့ပြောတဲ့လူပဲ။ စကားလမ်းကြောင်းမလွှဲနဲ့” ကျိုးဟောက်က အလွန်ရိုင်းစိုင်းသော အမူအရာဖြင့်ပြောသည်။
စီကျင်းနှင့် လီဟော်တို့က ပွဲကို ပျော်ရွှင်စွာ ဘေးမှ ကြည့်နေကြသည်။ စကားဝိုင်းကိုကြားပြီးနောက် စီကျင်း၏ မျက်နှာက ပျော်ရွှင်မှုအပြည့်ဖြင့် ဖြစ်နေ၏။
“မန်နေဂျာကျိုးပြောတာမှန်တယ်။ စကားလမ်းကြောင်းလွှဲဖို့မကြိုးစားနဲ့”
ရွှယ်အန်းက မျက်ခုံးပင့်၍ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုကောင်းပြီ။ မင်းတို့က မခေါ်ချင်ဘူးဆိုတော့ ငါပဲ ခေါ်ရတော့မှာပေါ့”
ဤသို့ပြော၍ ရွှယ်အန်းက ဖုန်းကို ထုတ်လိုက်သည်။
“ကောင်းတယ်။ မင်းဘယ်သူ့ကို ခေါ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
ရွှယ်အန်းက သူ၏ လှောင်ရယ်သံများကို လျစ်လျူရှု့ကာ ဆုန်ယိဆီသို့ တိုက်ရိုက်ခေါ်လိုက်သည်။
“ခေါ့ရှောင်းယွီကို လာခဲ့ဖို့ပြောလိုက်ပါ…” ရွှယ်အန်းက မော့ကြည့်ကာ ဆိုင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဆိုင်နာမည်က ဘာလဲ”
ကျိုးဟောက်က ပြန်မဖြေရသေးမီ စီကျင်းက အေးစက်စွာပြော၏။
“ကျင်းယွမ်အဆောက်အဦရဲ့ ကျိုးရှောင်ဖု သတ္တမမြောက်ဆိုင်ခန်း”
ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။
“မင်းကြားလိုက်လား။ သူ့ကို ဒီကိုလာခိုင်း အို… ပြီးတော့ ပြောလိုက်။ ငါ သူ့ကို ၁၅ မိနစ်အချိန်ပေးတယ်လို့”
ထို့နောက် ရွှယ်အန်းက ဖုန်းချလိုက်သည်။
“အခု ငါတို့ ၁၅ မိနစ်စောင့်ကြမယ်။ ကိစ္စတွေ မှန်လားမှားလားဆိုတာ ကြည့်ကြသေးတာပေါ့”
ကျိုးဟောက်က ရွှယ်အန်း၏ သဘောထားကိုကြည့်၍ စတင် သံသယဝင်လာသည်။
‘သူတကယ်ပဲ ဒါရိုက်တာခေါ့ကို ခေါ်လိုက်တာလား’
‘ဒီလူက သာမန်လိုပါပဲ။ ဘယ်လိုလုပ် ဒါရိုက်တာခေါ့ကို အိမ်ခေါ်နိုင်မှာလဲ’
ဤသည်ကိုတွေး၍ ကျိုးဟောက်က အနည်းငယ် စိတ်သက်သာရာရသွားကာ ခုံတစ်လုံးဆွဲ၍ ရွှယ်အန်းဘေး၌ ရဲရဲတင်းတင်းထိုင်လိုက်ကာ သူထွက်ပြေးမည်ကို စိုးသည့်အကြည့်မျိုးဖြင့် မျက်စိဒေါက်ထောက်ကြည့်နေ၏။
ကုန်းရှောင်ချင်းသည်လည်း အနည်းငယ် ဇဝေဇဝါဖြစ်လာသည်။
နာမည်မကြီးသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦးနေဖြင့် သူမသည် ကျိုးမိသားစု၏ ရှန်းကျန်းမှ ကျောက်မျက်ရတနာမျိုးဆက်အကြောင်းသိသည်။
ငါးမိနစ်ခန့်ကုန်ဆုံးသွားသည်။
မည်သူမျှ ရောက်မလာသေးပေ။
ဆယ်မိနစ်ခန့်ကုန်ဆုံးသွားပြန်သည့်တိုင် မည်သူမျှ မမြင်ရသေးပေ။
နာရီက ၁၅ မိနစ်သို့ရောက်တော့မည့်ဆဲဆဲတွင် ကျိုးဟောက်က စိတ်မရှည်စွာ မတ်တပ်ထရပ်လိုက်သည်။
“ကောင်းပြီ ကစားနေတာ တော်လောက်ပြီ။ မင်း ငါတို့ နာမည်ပျက်တာအတွက် ကိုယ့်အသိစိတ်နဲ့ကိုယ်ပြန်ပေးမလား ငါမင်းကို ရိုက်ပြီး ပေးခိုင်းရမလား”