အခန်း (၃၆၈-၃၆၉)
Vol. 25 Ch. 367-369
အခန်း(၃၆၈) အိုဒင်ရဲတိုက်
ဘန်နီဒစ်သည် တုန်ယင်စွာဖြင့် မြေပြင်ပေါ်၌ တွားသွားကာ ကွင်တီနာ၏ ဖိနပ်ကို နမ်းလိုက်သည်။
“လေးစားရပါသော အမျိုးသမီး ကွင်တီနာ၊ ဘန်နီဒစ်က အရှင့်ရဲ့ ထာဝရသွေးကျွန်ဖြစ်လိုပါတယ်”
သူ အလွန်အမင်း ကြောက်ရွံ့နေပြီဖြစ်သည်။ အလွန် စွမ်းအားကြီးသည့် မြို့ဝန်စီစီယယ်က လုံးလုံးလျားလျား ပျက်သုဥ်းသွားခဲ့သည်။ ကွင်တီနာသည် မကြာမီ၌ မြို့ဝန်အဆင့်သို့ တက်လှမ်းမည့် အင်အားကြီးသော သွေးမျိုးနွယ်စုဝင်ဖြစ်လာတော့မည်ဖြစ်သည်။ ဤအရာများကြောင့် ကွင်တီနာက မိမိကို သတ်ပစ်မည်ကို အလွန် စိုးရိမ်လာရသည်။
“ထလော့ ငါ့သွေးကျွန်။ နင် ကောင်းကောင်းနေသရွေ့ ငါမင်းကို ထာဝရရှင်သန်မှုကို ပေးအပ်မယ်”
“ဟုတ်ကဲ့ပါ အမျိုးသမီးကွင်တီနာခင်ဗျာ”
ဘန်နီဒစ်က နောက်သို့ ဖြည်းညှင်းစွာ ပြန်ဆုတ်သွားသည်။ ကွင်တီနာသည် အသက်ပြင်းပြင်းရှူပြီးနောက် ရွှယ်အန်းတည်းခိုသော အခန်းဆီသို့ လေးလေးစားစား လျှောက်သွားခဲ့သည်။
"သခင်”
ကွင်တီနာ၏ ခေါ်ဆိုမှုကြောင့် အန်းယန်နှင့် ကစားနေရာမှ အသိပြန်ဝင်လာသည်။
“အဲ့တာ ဘာလဲ”
ကွင်တီနာက နှုတ်ခမ်းကို ကိုက်၍ ပြောလိုက်သည်။
“ဒါ သွေးမျိုးနွယ်စုနဲ့ဆိုင်တဲ့ကိစ္ဆပါ”
“ဘာကြီးလဲ”
“သခင် စီစီယယ်က ပျက်ဆီးသွားပြီ။ အယ်လ်ဒင်တန်မိသားစုရဲ့ မြို့စားက ချက်ချင်း ဒီကိစ္စကို စုံစမ်းလိမ့်မယ်။ ကျွန်မအထင်တော့ ဒီရက်ပိုင်း သိုသိုသိပ်သိပ်နေတာ ပိုကောင်းလိမ့်မယ်”
“အယ်လ်ဒင်တန်မြို့စား ဟုတ်လား” ရွှယ်အန်းက ဤအမည်ကို ရင်းနှီးနေသည့်အလား ခံစားလိုက်ရသည်။
“ဟုတ်တယ် အင်္ဂလန်ရဲ့ သွေးမျိုးနွယ်စုမှာ အသက်အကြီးဆုံးမိသားစုက အခြားမိသားစုရဲ့ အပေါ်မှာရှိပြီး အမြဲ ဖိနှပ် ချုပ်ချယ်တယ်” ကွင်တီနာက အံကြိတ်ကာ ပြောလိုက်သည်။
ရွှယ်အန်းက စိတ်ဝင်စားလာသည်။
“ဒါဆို နောက်ထပ် သွေးပုလဲတွေကို ငါတို့ လုပ်လို့ရနိုင်တယ်လို့ ပြောတာမလား”
ကွင်တီနာ ထိတ်လန့်သွားပြီးနောက် ရွှယ်အန်း၏ ရည်ရွယ်ချက်ကို နားလည်ကာ ရယ်ရခက် ငိုရခက်ဖြစ်သွားရသည်။
သူမက မိမိ၏ စိုးရိမ်သောကများကို သခင်နှင့်အတူ ဝေငှရာ နောက်ဆုံးတွင်မူ အယ်လ်ဒင်တန်သည် အနှစ်တစ်ထောင်ကျော် ကျော်ကြားခဲ့သည့် အလွန်စွမ်းအားကြီးသူတစ်ဦးဖြစ်ကာ မြို့ဝန်စီစီယယ်က နှိုင်းယှဥ်၍ ရသောလူတစ်ယောက်မဟုတ်ပေ။
သို့သော်လည်း ရွှယ်အန်း၏ အာရုံစိုက်မှုက သွေးပုလဲအပေါ် ၌သာ လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။
“ဒါပေမယ့် သခင်…” ကွင်တီနာက ဖြောင်းဖျချင်သေးသည်။
ရွှယ်အန်းက သူကလက်ကို အားတက်သရောဝှေ့ယမ်းလိုက်သည်။
“ဒါပေမယ့်ဆိုတာ မရှိပါဘူး။ သူက တော်ဝင်မြို့စားဆိုရင် အမြန်ထပြီး သတ်ပစ်လိုက်ရအောင်”
ကွင်တီနာက အနည်းငယ် အံ့သြသွားသည်။ ထိုအချိန်တွင် ဘန်နီဒစ်က အလွန်စိုးရိမ်၍ စိတ်မသက်မသာဖြစ်ကာ လမ်းလျှောက်လာလျက် ကွင်တီနာကို စာရွက်တစ်ရွက်ပေးလိုက်သည်။
“အမျိုးသမီး ကွင်တီနာ။ ကျွန်တော်တို့ ဒီစာကို အခုလေးတင်ရခဲ့တာပါ”
ကွင်တီနာက စာကို ခဏမျှ ငုံ့ကြည့်ကာ ခါးသက်စွာ ပြုံးပြလိုက်သည်။
“သခင် ကျွန်မတို့ သူတိုကို ရှာစရာမလိုတော့ဘူး။ အယ်လ်ဒင်တန်မိသားစုက မနက်ဖြန် အိုဒင်မိသားစုရဲတိုက်မှာ အစည်းအဝေးတက်ခိုင်းဖို့ ကျွန်မကို စာတစ်စောင်ပို့လာပါတယ်”
“ဒါဆို သွားရအောင်” ရွှယ်အန်းက ခပ်ပြုံးပြုံးပြောလိုက်သည်။
ထို့နောက် သူက ထိုင်ချ၍ ရှန်းရှန်းနှင့် နျန်နျန်တို့ကို ပြောလိုက်သည်။
“ရှန်းရှန်း၊ နျန်နျန် ဖေဖေ မနက်ဖြန် ရဲတိုက်ကို သွားကြည့်ရမလား”
"ဟုတ် ရဲတိုက်ထဲမှာ မင်းသမီးတွေရှိလား” ရွှယ်ရှန်းက စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“မင်းသမီးတွေတော့မရှိဘူး။ ဒါပေမယ့် လင်းနို့တွေ အများကြီးရှိတယ်။ သမီးတို့အတွက် ဖေဖေ သူတို့ကို လိုက်ဖမ်းပေးမယ်”
“ဟုတ်” ရွှယ်ရှန်းနှင့်ရွှယ်နျန်တို့က အားပါးတရ အော်လိုက်သည်။
“ဖေဖေ့ကို ကူပြီး သမီးတို့ ဒယ်ပြားနဲ့ တိုက်ပေးမယ်”
“သမီးရောပဲ” ရွှယ်နျန်က လျင်မြန်စွာ အော်လိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ၊ ဖေဖေတို့ အတူတိုက်ကြမယ် ဟုတ်ပြီလား"
ကွင်တီနာက နံဘေးမှနားထောင်၍ လုံးလုံးလျားလျား အံ့သြသွားသည်။
‘ဒယ်ပြားနဲ့တိုက်ပေးမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ’
‘ဒီကလေးလေးတွေက သွေးမျိုးနွယ်စုစွမ်းအားရှင်တွေကို တကယ် အနိုင်ယူနိုင်တာမျိုးဖြစ်နိုင်လို့လား’
‘နောက်နေတာရပ်လိုက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
ထိုခဏ၌ပင် တင်းကွမ်နှင့် တင်းရန်တို့ မောင်နှမနှစ်ယောက်က ၎င်းတို့၏ အဖွဲ့သားများနှင့်အတူ မြို့ငယ်လေးတစ်ခုဆီသို့ ရောက်ရှိလာကြသည်။
မြို့ငယ်လေး၏ အပြင်ဘက်၌ ရှု့ခင်းသာယာသော တောင်ကုန်းများရှိသည်။ အိုဒင်ရဲတိုက်သည် တောက်ပသော ပုလဲတစ်စင်းအလား တောင်ပေါ်၌ တည်ရှိနေသည်။
“ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦကြီးလဲ” တင်းရန်က အော်လိုက်သည်။
“ဟေးးး ရဲတိုက်ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေ တကယ်ရှိမယ်ထင်လား” အဖွဲ့ထဲမှ မိန်းကလေးတစ်ယောက်က တုန်လှုပ်နေသော အသံဖြင့် မေးလိုက်သည်။
ဤသည်ကိုကြားသောအခါ တင်းရန်က ပြောလိုက်သည်။
“ငါတို့အားလုံးက ပညာတတ်တွေပဲလေ။ ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေကို ဘယ်လိုလုပ် ယုံနေတာလဲ။ ဒီကမ္ဘာပေါ်မှာ သွေးစုပ်ဖုတ်ကောင်တွေ မရှိဘူး။ ကမ္ဘာကို မမြင်ဖူးသေးတဲ့ လူတစ်စုရဲ့ ဟာသတွေ သက်သက်ပါပဲ"
"ဒါပေမယ့် ဒီရဲတိုက်က တကယ်ကြောက်စရာကောင်းတယ်လို့ ငါကြားတယ်” မိန်းကလေးတစ်ယောက်က အနည်းငယ် ကြောက်လန့်တကြားပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ တခြားနေရာကို ရွေးသင့်တယ်။ ငါတို့ရဲ့ စာတမ်းက ဥရောပရဲတိုက်တွေရဲ့ ထိန်းသိမ်းမှုကို စစ်တမ်းကောက်ဖို့ပဲ၊ လူကိုယ်တိုင် စစ်ဆေးဖို့ မလိုဘူး" ပါမောက္ခက ပြောသည်။
၎င်းတို့ ဥရောပသို့ လာရသည့် အကြောင်းအရင်းသည် ဥရောပရဲတိုက်များ ထိန်းသိမ်းခြင်းဆိုင်ရာ စာတမ်းကို ပူးပေါင်း၍ ပြီးမြောက်စေရန်ဖြစ်သည်။ သို့သော် တင်းရန်က ခေါင်းယမ်းကာ ရယ်မောလိုက်သည်။
“ဒီလို့ ရှုပ်ထွေးနေတဲ့ ကောလဟာလတွေကို ကျွန်မမယုံပါဘူး။ ခဏလောက် ဆက်ပြီး တောင်တက်ကြည့်ရအောင်။ သွေးစုပ်ဖုတ်ကောင်တစ်ကောင်က ဘယ်လိုပုံစံလဲဆိုတာ ကြည့်ချင်တယ်”
ဤသို့ဖြင့် တင်းရန်က တောင်ပေါ်သို့ ဦးတည်သွားသည်။ သူမက ဦးဆောင်နေပြီဖြစ်၍ အခြားသူများက နောက်မှ လိုက်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
များမကြာမီ၌ပင် တောင်ပေါ်မှ ရဲတိုက်ရှေ့သို့ရောက်လာကြသည်။ ၎င်းတို့ နီးကပ်လာမှသာလျှင် ရဲတိုက်ကြီး၏ ကြီးကျယ်ခမ်းနားမှုကို အပြည့်အဝ တန်ဖိုးထားမိကြသည်။ တစ်ချိန်တည်း၌ပင် လေထုအလယ်၌ သွေးနံ့များ အနည်းယ် ထွက်ပေါ်လာသည်။
“ရန်ရန် သွားရအောင်ပါ” တင်းကွမ်က စိတ်ထဲမှ အနည်းငယ် ကြောက်လန့်သွားမိသည်။
“ဟုတ်တယ် သွားရအောင်”
လူတိုင်း၏ ညီညွတ်သော အသံများအောက်၌ တင်းရန်က အေးစက်သောအသံဖြင့် ပြောလိုက်သည်။
"ငကြောက်တွေ ၊ ဘာကိုကြောက်ရမှာလဲ၊ ဒီရဲတိုက်က ဘယ်လိုပုံစံလဲဆိုတာ ငါကြည့်ချင်တယ်"
ဤသို့ပြော၍ တင်းရန်က တံခါးခေါက်ရန် ရှေ့သို့ တိုးလာသည်။ သို့သော် တံခါးက သူ့အလိုလို ပွင့်သွားသည်။ ထို့နောက်တွင် ပြေပြစ်သော အသွင်အပြင်ရှိသည့် ဆံပင်ဖြူနှင့် လူတစ်ယောက်ထွက်လာ၍ တင်းရန်နှင့် အခြားသူများကို ပြုံးပြလိုက်သည်။
“မင်းရောက်လာတာကို ကြိုဆိုဖို့ သခင်က ညွှန်ကြားထားတယ်”
“သခင်ဟုတ်လား”
တင်းရန်နှင့်အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။ ထိုပုဂ္ဂိုလ်က ခပ်ပါးပါးရယ်လိုက်၏။
“ဝင်ကြည့်လိုက်ရင် သိရပါလိမ့်မယ်”
တင်းရန်၏ နှလုံးသားက တည်ငြိမ်သွားကာ သူမနောက်မှ လူများကို ပြုံးပြလိုက်သည်။
“ငါပြောသားပဲ။ သွေးမျိုးနွယ်စုဆိုတဲ့ဟာမျိုးရှိနေတယ်ဆိုတာ အဓိပ္ပါယ်မရှိမှန်း အသိသာကြီး။ လူကြီးလူကောင်းတစ်ယောက် ဒီနေရာမှာနေတယ်။ တွေ့လား သူက ငါတို့ကို အလည်လာဖို့တောင် ခေါ်နေတယ်လေ”
ဤသို့ဖြင့် တင်းရန်က ယုံကြည်မှုအပြည့်ဖြင့် ဝင်လာသည်။ တင်းကွမ်နှင့် အခြားသူများက တစ်စုံတစ်ခု ပုံမှန်မဟုတ်ဟု ခံစားမိသော်လည်း တင်းရန်ဝင်သွားသည်ကို မြင်လိုက်ရသဖြင့် ၎င်းတို့ပါ နောက်မှ လိုက်ရန်မျှတပါး ရွေးချယ်စရာမရှိတော့ပေ။
အထဲသို့ရောက်သွားသည်နှင့် တင်းရန်နှင့် အခြားသူများအားလုံး လုံးဝ အံ့သြသွားကြသည်။ ရဲတိုက်အတွင်းပိုင်းကို ခမ်းနားစွာ အလှဆင်ထားသည်။ ရှားပါးရှေးဟောင်းပစ္စည်းမျိုးစုံကို နေရာတိုင်းတွင် တွေ့မြင်နေရ၏။ ၎င်းတို့၏ ပတ်ဝန်းကျင်ကို စိတ်အားထက်သန်စွာ ဆန်းစစ်နေစဥ် အယ်လ်ဒင်တန်သည် ပြုံးရွှင်စွာဖြင့် လှေကားထစ်များမှ ကျော့ရှင်းစွာ ဆင်းသက်လာသည်။
"ခရီးကနေ ကြိုဆိုပါတယ်။ ကျုပ်က ရဲတိုက်ရဲ့ အရှင်သခင်ပါ”
တင်းရန်နှင့် အခြားသူများသည် အယ်လ်ဒင်တန်၏ ကျက်သရေနှင့် ခံ့ညားထည်ဝါမှုတို့အောက်၌ နစ်မြောကာ ချက်ချင်းဦးညွတ်လိုက်ကြသည်။ ယင်းက ၎င်းတို့၌ ရှိနေသော သံသယများကို ရှင်းပစ်လိုက်သည်။
တကယ်တမ်းတွင် ဤကဲ့သို့ လူကြီးလူကောင်းမျိုးက မည်ကဲ့သို့ လူဆိုးတစ်ယောက်ဖြစ်နိုင်မည်နည်း။ ၎င်းတို့ ပတ်ကြည့်ပြီးနောက် အယ်လ်ဒင်တန်က ၎င်းတို့ကို ထမင်းစားခန်း၌ နေ့ခင်းဘက် လက်ဖက်ရည်သောက်ရန် ဖိတ်ကြားခဲ့သည်။ ဤသာယာကောင်းမွန်သော လေထုက တင်းရန်နှင့် အခြားသူများကို စွဲလန်းစေသည်။
သို့သော် အယ်လ်ဒင်တန်က ပို၍ ပို၍ အားရကျေနပ်စွာပြုံးလိုက်သည်။ နစ်စဥ်နှစ်တိုင်း မိမိတို့၏ ကံကြမ္မာကို မသိဘဲ လာရောက်လည်ပတ်ကြသော ခရီးသွားများစွာရှိသည်။
အယ်လင်ဒင်တန်သည် ၎င်းတို့ကို လူသားနမူနာများအဖြစ်ပြောင်းလဲကာ မြေအောက်ခန်း၌ အပြီးအပိုင် ပိတ်လှောင်ထားခြင်းဖြင့် ၎င်းတို့၏ ကံကြမ္မာများကို အဆုံးသတ်သွားစေသည်။ ဤလူများသည်လည်း ခြွင်းချက်မရှိပေ။
အထူးသဖြင့် ချောမွေ့သောအသားအရေနှင့် အရုပ်ကလေးကဲ့သို့ လှပနေသော ဤမိန်းကလေးဖြစ်သည်
အယ်လ်ဒင်တန်က စိတ်ထဲမှ တွေးလိုက်၏။
အခန်း(၃၆၉) သွေးမျိုးနွယ်စုများကြားမှ ကြံ့ခိုင်မှုဆိုင်ရာ ညွှန်ကြားချက်များ
"မစ္စတာအယ်လ်ဒင်တန် ရှင် ဒီရှေးဟောင်းရဲတိုက်မှာ ဘယ်လောက်ကြာကြာနေခဲ့တာလဲ မေးလို့ရမလား" တင်းရန်က မေးသည်။
"အနှစ်တစ်ထောင်ကျော်လောက်ရှိပြီ" အယ်လ်ဒင်တန်က ခပ်ပြုံးပြုံးပြောလိုက်သည်။ လူတိုင်း ထိတ်လန့်သွားပြီးနောက် လူအားလုံးက ရယ်မောနေကြသည်။
"မစ္စတာအယ်လ်ဒင်တန်က တကယ်ကို ဟာသဥာဏ်ရှိတယ်" တင်းရန်က ရယ်မောကာ ပြန်ပြောခဲ့သည်။
အားလုံးက အယ်လ်ဒင်တန်က နောက်ပြောင်နေသည်ဟု ထင်နေကြသည်။ ရွှယ်အန်းသည်လည်း မိသားစုနှင့်အတူ မြို့သို့ ရောက်လာသည်။
ကွင်တီနာက တည်ကြည်သော အမူအရာဖြင့်ပြောကာ တောင်ပေါ်မှ ရဲတိုက်ကို ညွှန်ပြလိုက်သည်။
“ဒါ အိုဒင်ရဲတိုက်ပဲ”
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ့မျက်လုံးများက စိတ်အားထက်သန်မှုဖြင့် တောက်ပနေသည်။
"သွားရအောင်၊ ဒီကောင့်ကို မလွတ်စေနဲ့”
ကွင်တီနာသည် ရွှယ်အန်း၏ စိတ်နေသဘောထားကြောင့် ရယ်ရခက် ငိုရခက်ဖြစ်သွားရသည်။ အခြားသူများသည်လည်း
သွေးမျိုးနွယ်စု မြို့စားကို ပုလိပ်ရောဂါကဲ့သို့ ရှောင်ကြသည်။
‘ဒါပေမယ့် သူကတော့ ရတနာတစ်ခုလိုမျိုး တကယ် ပြေးသွားနေတာပဲ’
ထို့နောက် ရဲတိုက်ရှေ့သို့ ရောက်သွားကြသည်။
"စီစီယယ် မိသားစုရဲ့ မြို့ဝန်ကွင်တီနာက အလည်အပတ်ရောက်ရှိလာပါတယ်” ကွင်တီနာက လေးနက်စွာ ကြေညာလိုက်သည်။
သူ့စကားအဆုံး၌ အိမ်တော်ထိန်းက နောက်တစ်ကြိမ် ပြန်ထွက်လာသည်။
"မစ္စကွင်တီနာ၊ သခင်က ထမင်းစားခန်းထဲမှာ အသင့်စောင့်နေပါတယ်။ ပြီးတော့ မိန်းကလေးအတွက် ခမ်းနားတဲ့ နေ့ခင်း လက်ဖက်ရည်ကို ပြင်ဆင်ပေးထားပါတယ်"
သူ့မျက်လုံးထဲတွင် တင်းရန်နှင့် အခြားသူများသည် နေ့ခင်းလက်ဖက်ရည်တစ်ခွက်ကဲ့သို့သာဖြစ်သည်။ ကွင်တီနာက ဦးဆောင်၍ ရွှယ်အန်းက သူမနောက်မှ လိုက်သွားကာ ကလေးမလေးနှစ်ယောက်နှင့် အန်းယန်ကို ဦးဆောင်ခဲ့သည်။
ရဲတိုက်ထဲသို့ ဝင်သွားသောအခါတွင် အန်းယန်က ရုတ်တရက် အံ့ဩတကြီး အော်ပြောလိုက်မိသည်။
"ဘယ်လောက်တောင် နန်းဆန်နေတာလဲ"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"မင်းကြိုက်လား။ မင်းကြိုက်ရင် ငါတို့ဒီမှာနေမယ်”
ကွင်တီနာက ရှေ့သို့ လျှောက်သွားလျက် အံကြိတ်ကာ လဲကျလုနီးပါး ဖြစ်နေသည်။ သို့သော် ရွှယ်အန်းက များများစားစား မစဉ်းစားခဲ့ပေ။ ဤသည်ကား ရှေးဟောင်းရဲတိုက်တစ်ခုသာ ဖြစ်သည်။
‘ငါ့မိန်းမက သဘောကျလို့ နေမယ်လို့ပြောတာ ဘာမှားလို့လဲ’
၎င်းတို့အားလုံး ထမင်းစားခန်းထဲသို့ လျှောက်သွားကြသည်။
အယ်လ်ဒင်တန် နှင့် စကားစမြည်ပြောလျက် ရယ်မောနေသော တင်းရန်သည် ၎င်းတို့ကို အတန်ကြာစိုက်ကြည့်နေ၏။
"ဟဲ့ ရှင်က လေယာဉ်ပေါ်ကလူမဟုတ်ဘူးလား…”
ကွင်တီနာသည် ဤအဖွဲ့နှင့် ဤနေရာတွင် တွေ့ဆုံရန် မမျှော်လင့်ထားသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်ကာ လျစ်လျူရှု၍ အယ်လ်ဒင်တန်ကို ဦးညွတ်လိုက်သည်။
“မြို့စား ကျွန်မကို ခေါ်လိုက်တာ ဘာကိစ္စများရှိလို့လဲရှင့်"
မြို့စားလား။
ဤအခေါ်အဝေါ်က တင်းရန်နှင့်တခြားသူများကို အကြည့်ချင်း ဖလှယ်သွားစေခဲ့သည်။ ဤကဲ့သို့သော အခေါ်အဝေါ်မျိုးကို ယနေ့တိုင် အသုံးပြုနေသေးပါသလား။ အယ်လ်ဒင်တန်က သူ့လက်ကို ပိုးထည်ပိတ်စအဖြူရောင်ဖြင့် ညင်သာစွာ ပွတ်သပ်ကာ ခပ်ပါးပါး ပြုံးလိုက်သည်။
"မြို့ဝန်စီစီယယ် သေဆုံးမှုနဲ့ပတ်သက်ပြီး မင်းပြောစရာမရှိဘူးလား။"
"အရှင်မြို့စား မြို့ဝန်ရဲ့ သေဆုံးမှုက ကျွန်မနဲ့ဘာမှမဆိုင်ပါဘူး!" ကွင်တီနာက ဤအချက်ကို ငြင်းဆိုရန်ကြိုးစားလိုက်သည်။
"အိုး ဒီလိုလား။ ဒါဆို မင်းရဲ့ရုတ်တရက် ခွန်အားတွေ တက်လာတာကို မင်းဘယ်လိုရှင်းပြမလဲ" အယ်လ်ဒင်တန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ကွင်တီနာသည် သူမ၏ နှလုံးသားထဲမှ ဒေါသကို ထိန်းချုပ်ရန် ကြိုးစားလျက် အသံက ပို၍ အေးစက်လာသည်။
"အရှင် ကျွန်မက အရှင့်ရဲ့ မျိုးနွယ်စုထဲက မဟုတ်ပါဘူး။ ကျွန်မ ခွန်အားတွေ တိုးတာမတိုးတာက ရှင်နဲ့ဘာမှမဆိုင်ဘူးထင်တယ်”
အယ်လ်ဒင်တန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ ဒါပေမယ့် မင်းရှင်းရှင်းလင်းလင်းသိသင့်တာက ဒီ သွေးမျိုးနွယ်စုမှာ ငါက အသန်မာဆုံးပဲ။ ငါက အရေးကြီးတယ်လို့ ပြောရင် အရေးကြီးတယ်”
တင်းရန်နှင့်ကျန်သူများက နှစ်ယောက်ကြားမှ စကားဝိုင်းကြောင့် လုံးလုံး အံ့ဩသွားကြသည်။ ဤစကားအားလုံးသည် သွေးမျိုးနွယ်စုနှင့် မိသားစုအရေးဖြစ်သည်။
‘ပြဇာတ်တစ်ခုမှာ သူတို့သရုပ်ဆောင်နေတာများ ဖြစ်နိုင်လား’
အယ်လ်ဒင်တန်၏စကားများကြောင့် ကွင်တီနာ ဆွံ့အသွားရသည်။ သွေးမျိုးနွယ်စု၌ ခွန်အားက အရာအားလုံးပင်ဖြစ်သည်။ အယ်လ်ဒင်တန်က စွမ်းအားကြီးသောကြောင့် သူ၏စကားသည် ဥပဒေဖြစ်သည်။
"စီစီယယ်မိသားစုရဲ့ ပိုင်ဆိုင်မှု လေးပုံသုံးပုံကို လွှဲပြောင်းပေးပါ၊ ဒါဆို မင်းကို ငါအသိအမှတ်ပြုပေးမယ်" အယ်လ်ဒင်တန်က လျစ်လျူရှုကာ ပြောခဲ့သည်။
ကွင်တီနာ၏အမူအရာက ချက်ချင်း အရုပ်ဆိုးလာသည်။
သွေးမျိုးနွယ်စုသည်လည်း အသက်ရှင်ရန် လိုအပ်သည်။
၎င်းတို့၏ သက်တမ်း ရှည်လျားမှုကြောင့်ပင် ၎င်းတို့သည် ၎င်းတို့၏ စည်းစိမ်ဥစ္စာကို စွဲလမ်းခြင်းသို့ ဦးတည်စေသည့် အရည်အသွေးမြင့်သော ဘဝတစ်ခုကို အားကြိုးမာန်တက် ရှာဖွေကြသည်။ အယ်လ်ဒင်တန်က ပိုင်ဆိုင်မှု လေးပုံသုံးပုံကို တောင်းဆိုခဲ့ခြင်းသည် လက်တွေ့တွင် နေ့အလင်းရောင်အောက်၌ ဓားပြတိုက်ခြင်းပင်ဖြစ်သည်။
ယခုအချိန်တွင် တိတ်တဆိတ် နားထောင်နေသော တင်းရန်သည် ဆက်လက်၍ မိမိကိုယ်မိမိ မထိန်းထားနိုင်တော့ပေ
"မစ္စတာ အယ်ဒင်တန်" သူမက ကြားဖြတ်ပြောလိုက်သည်။
“စကားပြောတာကြည့်ရတာ ရှင်က ဒီမိန်းမပျိုကို ခြိမ်းခြောက်နေပုံရတယ်။ လူတိုင်းက တန်းတူညီမျှ ဖန်ဆင်းခံထားရတယ်ဆိုတာ ရှင်သိသင့်တယ်…”
သူမ၏ စကားကို အပြီးမသတ်နိုင်ခဲ့ပေ။
အကြောင်းမှာ အယ်ဒင်တန်သည် လူသားများကို စိတ်မရှည်တော့သောကြောင့်ဖြစ်သည်။ အလင်းတန်းတစ်ခု ပျံထွက်လာပြီးနောက် တင်းရန်၏ လက်မောင်းကို ခုံပေါ်၌ ထိုးစိုက်လိုက်သည်။
၎င်းသည်ကား ငွေခက်ရင်းတစ်ခုဖြစ်သည်။
တင်းရန်သည် အယ်လ်ဒင်တန်က ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခဏမျှ ထိတ်လန့်သွားပြီးနောက် သူမကထအော်လိုက်သည်။
ထို့နောက် တင်းကွမ်နှင့်အခြားသူများကလည်း အယ်လ်ဒင်တန်ကို ဒေါသတကြီး ထအော်လိုက်ကြသည်။
"မင်းဘာလုပ်နေတယ်ထင်လဲ ရန်ရန်ကို ဘာလို့တိုက်ခိုက်တာလဲ" တင်းကွမ်က ဟိန်းဟောက်လိုက်သည်။
အယ်လ်ဒင်တန်က ကြီးမားလှသော အတောင်ပံများကို ဖြန့်ကျက်လျက် အေးစက်စွာရယ်မောလိုက်သည်။ ရွှေဝါရောင်အစွယ်နှစ်ချောင်းက သူ့နှုတ်ခမ်းမှ ထွက်လာသည်။
ထိုမြင်ကွင်းသည် တင်းရန်နှင့် အခြားသူများကို ထိတ်လန့်စေခဲ့သည်။
"တန်ဖိုးမရှိတဲ့လူတွေ၊ တန်းတူညီမျှမှုအကြောင်း မင်းတို့က ငါ့ကိုပြောရဲလား။ မင်းတို့အားလုံး ငါ့နေ့လည်စာဖြစ်ဖို့ပဲ သင့်တော်တယ်"
အယ်လ်ဒင်တန်သည် မစာမစားခင် ရေဆေးသကဲ့သို့ သားကောင်ကို အစာမကျွေးမီတွင် ခင်မင်ရင်းနှီးစွာ စကားပြောဆိုခြင်းကို နှစ်သက်သည်။ သူလုပ်ခဲ့သမျှသည် အစာမစားခင် လုပ်လေ့လုပ်ထရှိသော ထုံးတမ်းတစ်ခုမျှသာဖြစ်သည်။
သို့သော် ပြဿနာမှာ အယ်လ်ဒင်တန်က သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဖြစ်၍ ကွင်တီနာ၏ ရှေ့၌ သူ၏ ခွန်အားကို ပြသချင်ခဲ့သည်။
"ကွင်တီနာ၊ မင်းရဲ့ စည်းစိမ်ဥစ္စာရဲ့ လေးပုံသုံးပုံလောက်ကို လွှဲပေးပြီးတော့ ဒီနေ့လည်လက်ဖက်ရည်ပါတီလေးကို ငါနဲ့ပူးပေါင်းလို့ရတယ်၊ ဒါမှမဟုတ် ငါ ကိုက်စားတာ ခံလိုက်” အယ်လ်ဒင်တန်က ရယ်မောကာ ပြောလိုက်သည်။
‘ဘာလဲ’
‘ဒီမိန်းမက သွေးစုပ်ဖုတ်ကောင်တစ်ကောင်လား’
ကွင်တီနာကိုကြည့်၍ တင်းရန်နှင့် အခြားလူများ အားလုံး ထိတ်လန့်သွားကြသည်။ ကွင်တီနာက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် နောက်ကျောမှ တောင်ပံတစ်စုံနှင့် တစ်ခြမ်းကို ထုတ်ပြလိုက်သည်။
"မြို့စား ရှင်နည်းနည်း လွန်လာပြီလို့ မထင်ဘူးလား"
အယ်လ်ဒင်တန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"လွန်တယ်ဟုတ်လား ဒါငါတို့ မျိုးနွယ်စုရဲ့ ခိုင်မာတဲ့ စည်းမျဉ်းပဲလေ အဲ့ဆိုရိုးကို မေ့သွားပြီလား"
လေထုက ထူးထူးခြားခြား တင်းမာလာသည်။
အထူးသဖြင့် တင်းရန်သည် ယခုအခိုက်အတန့်တွင် အလွန်နောင်တရလျက်ရှိသည်။ သူမသည် အမှန် ကိုယ့်သေတွင်းကိုယ် တူးနေခဲ့ခြင်းဖြစ်၏။ ထိုကဲ့သို့သော နတ်ဆိုး၏ တွင်းထဲသို့ သူမကိုယ်တိုင် လျှောက်သွားခဲ့သည်။
‘ဒီမိန်းမက သွေးစုပ်ဖုတ်ကောင်ပဲ။ အင်္ဂလန်မှာ သွေးစုပ်ဖုတ်ကောင်တွေ နေရာတိုင်းမှာ ရှိနေနိုင်လား’
ကွင်တီနာက သူမ၏ ခေါင်းကို ခါယမ်းလိုက်သည်။
“တကယ့်ကို ခိုင်မာတဲ့ စည်းမျဉ်းပါပဲ။ ဒါပေမယ့် အားနည်းတဲ့ သူတစ်ယောက်အနေနဲ့ ကျွန်မ ရှင့်ကို အညံ့ခံမှာမဟုတ်ဘူး”
ထိုစကားများဖြင့် ကွင်တီနာသည် ရုတ်တရက် အသံ၏အမြန်နှုန်းကို သုံးဆခွဲကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဟေး အရမ်းနှေးတယ်" အယ်လ်ဒင်တန်က လေထုထဲတွင် ရပ်နေ၍ ကွင်တီနာ၏ လက်သီးချက်ကို ပေါ့ပါးစွာ ဖမ်းလိုက်ပြီးနောက် သူမကို အဝေးသို့ ပစ်ပေါက်လိုက်ရာ သူမက လွင့်ထွက်၍ နံရံနှငိ့ တိုက်မိကာ နံရံတစ်ခုလုံး ကျိုးကျသွားသည်။
"ကဲ မင်းရဲ့ရွေးချယ်မှုကို ပြော" အယ်လ်ဒင်တန်သည် သူ့နောက်ကျောတွင် လက်နှစ်ဖက်ယှက်၍ ရပ်နေကာ ပြုံးလိုက်သည်။
ကွင်တီနာက အသက်ပြင်းပြင်းရှူ၍ မြေပြင်ပေါ်သို့ ဒူးထောက်ကာ ရွှယ်အန်းထံ ဦးညွတ်လိုက်သည်။
"သခင် ကျွန်မ သူ့ကို မနိုင်ဘူး”
သခင် ဟုတ်လား။
ဤအခေါ်အဝေါ်ကို ကြားသောအခါ တင်းရန်နှင့် အခြားသူများက ရွှယ်အန်းကို လှည့်ကြည့်လိုက်ကြသည်။
"သခင်လား လူသားက သွေးမျိုးနွယ်စုဝင်ရဲ့ သခင်တဲ့လား"
သို့သော် ရွှယ်အန်းက အနည်းငယ် ပြုံးရုံသာ ပြုံးလိုက်သည်။
"မင်းနာမည်က ရင်းနှီးနေတယ်လို့ ငါအမြဲထင်ခဲ့တာ အခုမှပဲ ငါမှတ်မိတော့တယ်"
ရွှယ်အန်းက ခေတ္တရပ်လိုက်သည်။
"ဒုစရိုက်မြို့မှာ ငါသတ်ခဲ့တဲ့ သွေးမျိုးနွယ်စုဝင်က အယ်လ်ဒင်တန် မိသားစုထဲက ဖြစ်ပုံရတယ်"
ထိုစကားကြောင့် အယ်လ်ဒင်တန်၏ မျက်လုံးများ နီရဲလာသည်။
"မင်းလက်စတာကို သတ်လိုက်တာလား။"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မသေခင်မှာ သူကျိန်စာတိုက်ခဲ့တယ်၊ ပြီးတော့ ကျိန်စာက သူ့အပေါ်ပြန်လှည်သွားတယ်လေ။ ဒါပေမယ့် မင်းကတော့ အသက်ရှင်နေသေးတာပဲ တကယ်ပဲ မြို့စားတွေက ကွဲပြားပုံရတယ်"