← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃) ချောက်နက်တစ်ခုနဲ့ ခွဲထားသလိုမျိုး ခြေလှမ်းတစ်လှမ်း

အထူးသဖြင့် ရှန်းရှန်းနှင့် နျန်နျန်တို့၏ အသက်အရွယ်နှင့် အလွန်နီးစပ်လှသော မိန်းကလေးကို ပို၍ စိတ်ဝင်စားနေကြသည်။ ထို့အပြင် သူမ​၏ အသွင်အပြင်က အလွန် နူးညံ့သိမ်မွေ့၍ ချစ်စဖွယ်ကောင်းလှသည်။ ကလေးငယ်များသည် သက်တူရွယ်တူများနှင့် ဆော့ကစားရခြင်းကို ကြိုက်နှစ်သက်ကြရာ၊ ရှန်းရှန်းနှင့် နျန်နျန်တို့သည်လည်း ချွင်းချက်မရှိပေ။

ထို့ကြောင့် ကလေးမလေးနှစ်ယောက်သည် တောက်ပသော မျက်လုံးများဖြင့် ဆန့်ကျင်ဘက်နေရာသို့ ဆက်လက် စိုက်ကြည့်နေကြသည်။ ကလေးမလေးနှစ်ယောက်၏ စူးရှသော အကြည့်များကို မြင်လိုက်ရသောအခါ ထိုမိန်းကလေး၏ မျက်လုံးများသည်လည်း တောက်ပလာ၍ ဝမ်းသာအားရ ပြန်ပြုံးပြလိုက်သည်။ သို့သော်လည်း ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် ရွှယ်အန်းဘက်သို့ သတိကြီးစွာ တစ်ချက်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်သည်။ ကလေးမလေး၏ မျက်လုံးများရှိ တောက်ပမှုများ တဖြည်းဖြည်း မှိန်ဖျော့သွား၍ သူမ​၏ခေါင်းကို ငုံ့ထားလိုက်သည်။

ထိုအချိန်တွင် မိန်းကလေးနှစ်ဦး မှာယူထားသည့် အစားအသောက်များသည် စားပွဲပေါ်သို့ ဆက်တိုက် ရောက်လာကြသည်။ မိန်းကလေးနှစ်ဦးသည် ၎င်းတို့​၏ အစားအသောက်များ အာရုံစိုက်၍ စားသောက်နေကြသည်။ ၎င်းသည် လျင်မြန်စွာ စားသောက်နေကြသည်ဟု ဆိုနိုင်သော်လည်း ၎င်းတို့​၏ အပြုအမူများသည် တင့်တယ်မှုများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။ ဤသည်မှာ ဟန်ဆောင်၍ ရနိုင်သော အပြုအမူမျိုးမဟုတ်ဘဲ ၎င်းတို့​၏ အရိုးများမှ ထွက်ပေါ်လာသော ပင်ကိုစရိုက်တစ်မျိုးဖြစ်သည်။

ရှန်းရှန်းနှင့် နျန်နျန်တို့က အနည်းငယ် စိတ်ပျက်စွာဖြင့် ရွှယ်အန်းကို မေးလိုက်သည်။ "ဖေဖေ၊ အဲ့ဒီ့မိန်းကလေး ဘာလို့ သမီးတို့နဲ့ မကစားချင်ရတာလဲ"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"အဲဒါက... တစ်ချို့တွေက ကြီးကြီးမားမား ပေးဆပ်ပြီး စွန့်စားခန်းထွက်တာဆိုတော့ လူတိုင်းကို သတိထားကြတာ ထုံးစံပါပဲ"

ရှန်းရှန်းနှင့် နျန်နျန်တို့သည် ရွှယ်အန်း ပြောခဲ့သော စကားများ၏အဓိပ္ပါယ်ကို နားမလည်ကြပေ။ ၎င်းတို့သည် အနည်းငယ် ဝမ်းနည်းလာသကဲ့သို့ ခံစားလိုက်ရသည်။ မည်သို့ဆိုသော် ၎င်းတို့သည် ဆန့်ကျင်ဘက်ရှိ ကလေးမလေးနှင့် အမှန်တကယ် ဆော့ကစားချင်နေသောကြောင့် ဖြစ်သည်။

ကွင်တီနာလျှင်ပင် ဤမိန်းကလေးနှစ်ဦး၏ မူရင်းဇစ်မြစ်ကို သိချင်နေမိသည်။

“အရှင်၊ သူတို့က…” သူမ စကားစလိုက်ချိန်တွင် ရွှယ်အန်းက ခေါင်းခါပြလာသောကြောင့် ကွင်တီနာက ပါးစပ် ပိတ်သွားသည်။

အရှင်က စကားမပြောလျှင် အကြောင်းပြချက် ရှိရမည်ဖြစ်သောကြောင့် ထပ်မမေးလျှင် ပိုကောင်းပေလိမ့်မည်။ မိန်းကလေးနှစ်ဦးက မြန်မြန်ဆန်ဆန် စားသောက်လိုက်ရာ၊ မကြာမီတွင် စားပွဲပေါ်ရှိ ပန်းကန်များကို အကုန်ရှင်းပစ်လိုက်လေသည်။

"မမ၊ သမီး ဗိုက်ပြည့်ပြီ" ကလေးမလေးက တီးတိုး ပြောလိုက်သည်။

ဆယ်ကျော်သက်ရွယ် အမျိုးသမီးငယ်က ခေါင်းညိတ်ပြပြီးနောက် စားပွဲထိုးကို ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီး နောက်တစ်ပွဲ လုပ်ပေးပါ၊ ပါဆယ်ယူသွားချင်လို့"

"ဟုတ်ကဲ့ပါ"

စားပွဲထိုးသည် အစားအသောက် ပြင်ဆင်ရန်အတွက် မီးဖိုချောင်ကို ညွှန်ကြားပြီးနောက် အချိုပွဲ အနည်းငယ် ယူလာခဲ့သည်။ ထိုမှသာ ဆယ်ကျော်သက်ရွယ် အမျိုးသမီးငယ်၏ မျက်နှာသည် အနည်းငယ် ပြေလျော့သွားသည်၊ သို့သော်လည်း ပြုံးပြခဲသည်။ မိန်းကလေးနှစ်ဦးသည် အချိုပွဲများ စားသောက်၍ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

နောက်ဆုံးတွင် အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ်ဝန်းကျင်ရှိ ကောင်လေးတစ်ဦးက ၎င်းတို့ထံ ချဉ်းကပ်လာ၍ ရှက်စိတ်အနည်းငယ်ဖြင့် ပြောလိုက်သည်။

“စိတ်မရှိပါနဲ့ မိန်းကလေး။ ကျွန်တော်နာမည်က ဂျွန်ပါ၊ ခင်မင်ခွင့်များ ရှိမလား…”

ကောင်လေး​၏ ချီတုံချတုံ စကားများ မပြီးဆုံးမီတွင် အမျိုးသမီးငယ်၏အမူအရာသည် ချက်ချင်းပင် တင်းမာလာ၍ ခေါင်းခါလိုက်သည်။

“စိတ်မရှိပါနဲ့၊ မရနိုင်ဘူး”

ကောင်လေးက ပြတ်ပြတ်သားသား ငြင်းဆိုခံရသောအခါ အနည်းငယ် မှင်သက်သွားပြီးနောက် ခဏအကြာတွင် ဟန်လုပ်ပြုံးလိုက်သည်။

"ကောင်းပြီ၊ ကျေးဇူးပြုပြီး ကျွန်တော် ပြောတာကို ယုံပါ၊ တကယ်ကို အန္တရာယ်ပြုလိုစိတ် မရှိပါဘူး"

သို့သော် လန့်ဖျပ်သွားသော ယုန်တစ်ကောင်ကဲ့သို့ အမျိုးသမီးငယ်သည် စားပွဲပေါ်တွင် ငွေစက္ကူအနည်းငယ်ကို ချထားပြီးနောက် ညီမဖြစ်သူ၏လက်ကို ဆုပ်ကိုင်၍ မတ်တပ်ထရပ်ကာ အပြင်သို့ အမြန်ထွက်သွားလေသည်။

“မိန်းကလေး၊ ဒီမှာ မှာထားတဲ့ အစားအသောက်တွေပါ…” စားပွဲထိုးသည် ထိုအချိန်တွင် အထုပ်နှင့်အတူ ထွက်လာ၍ မိန်းကလေး၏ ထိတ်လန့်တကြား ထွက်ခွာမှုကို မြင်လိုက်ရသဖြင့် အမြန်အော်ပြောလိုက်သည်။

သို့သော်လည်း အမျိုးသမီးငယ်သည် ဆိုင်မှ ထွက်ပြေးနေသကဲ့သို့ ပို၍ မြန်မြန်ထွက်သွားလေသည်။ ကောင်လေးသည် အနည်းငယ် အံ့အားသင့်သွားသည်။ ရိုးရှင်းလှသော စကားစမြည်ပြောရန် ကြိုးပမ်းမှုသည် အမျိုးသမီးငယ်ထံမှ ကြီးမားသော တုံ့ပြန်မှုမျိုး ရရှိစေလိမ့်မည်ဟု မည်သည့်အချိန်ကမှ မမျှော်လင့်ခဲ့ပေ။ အခြားလူများသည်လည်း တစ်ဦးကို တစ်ဦး စူးစူးစိုက်စိုက် ကြည့်နေကြသည်။ စကားစမြည်ပြောရန် ကြိုးစားရုံမျှဖြင့် အမျိုးသမီးငယ်၏ ထိုတုံ့ပြန်မှုသည် အနည်းငယ် ပြင်းထန်လွန်းသည် မဟုတ်လေသလော။

ထိုအချိန်တွင် ရွှယ်အန်းက အပြုံးဖြင့် ပြောလိုက်သည်။

"အကုန်လုံး ဗိုက်ပြည့်ပြီလား"

အန်းယန်က ခေါင်းညိတ်လိုက်သည်။

"တော်တော်လေး ပြည့်နေပြီ"

"ဗိုက်ပြည့်ပြီဆိုရရင် စိတ်လှုပ်ရှားစရာတွေ သွားကြည့်ရအောင် ခေါ်သွားပေးမယ်" ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဘာစိတ်လှုပ်ရှားစရာတွေလဲ" ရှန်းရှန်းက မေးလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်​။

"ထုံးစံအတိုင်းပဲ၊ ဟိုမိန်းကလေးနှစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာတွေပေါ့"

စားသောက်ဆိုင်အပြင်ဘက်ရှိ လန်ဒန်မြို့​၏ ကောင်းကင်ယံတွင် မိုးဖွဲဖွဲများ ကျလာပြန်သည်။ လမ်းများပေါ်ရှိ လမ်းသွားလမ်းလာအများစုသည် အနက်ရောင်ထီးများ ကိုင်ဆောင်ကာ စိမ်ပြေနပြေ လမ်းလျှောက်နေကြသည်။ လန်ဒန်မြို့တွင် မိုးရွာသွန်းခြင်းသည် သူတို့အတွက် နေ့စဉ်နေ့တိုင်း ကြုံတွေ့ရသော ဖြစ်စဉ်ဖြစ်သည်။ ထိုသို့မဟုတ်ခဲ့လျှင်သာ သတင်းထူး ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့က ဤဖြစ်စဉ်မျိုးကို ကျင့်သားရနေကြသည်။

သို့သော် ဤမိုးရွာသွန်းသောည၌ မိန်းကလေးငယ်တစ်ဦးသည် လမ်းပေါ်တွင် ထွက်ပြေးနေ၍ လန့်ဖျပ်နေသော ငှက်တစ်ကောင်ကဲ့သို့ ညီမငယ်လေး၏လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ ၎င်တို့၏အရှိန်အဟုန်သည် အံ့မခန်း မြန်ဆန်လွန်းလှရာ ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့စေသည်။ ထိုနှစ်ဦး ဖြတ်ပြေးလာစဉ် လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများအပေါ် ဖိတ်စဉ်ကျလာသော မိုးဖွဲဖွဲများသည် ၎င်းတို့၏မျက်လုံးများ အမြင်မှားယွင်းနေသလောဟု အံ့အားသင့်စေသည်။

နောက်ဆုံးတွင် လူစည်ကားသော မြို့လယ်ခေါင်နှင့် အလှမ်းဝေးလှသည့် တိတ်ဆိတ်ငြိမ်သက်သော လမ်းတစ်ခုသို့ ၎င်းတို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် နံရံကို မှီလျက် အနီးနားရှိ ညပတ်ဝန်းကျင်ကို သတိထား၍ စောင့်ကြည့်နေကြသည်။ အချိန်အတော်ကြာပြီးနောက် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်က သက်ပြင်းရှည်ရှည် ချလိုက်သည်။

"မမ၊ သမီးတို့ကို လူဆိုးတွေ လိုက်မီသွားပြီလား" ကလေးမလေးက တုန်လှုပ်ချောက်ချား၍ စိတ်မသက်မသာဖြစ်နေသော လေသံဖြင့် မေးလိုက်သည်။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်က ခေါင်းခါလိုက်သည်။

“ငါတော့ မထင်ပါဘူး၊ သူတို့ အငွေ့အသက်ကို အာရုံခံလို့ မရဘူး”

"ဒါတွေအားလုံးက သမီးအမှားပါ မမ။ အသားကင်ကို မစားချင်ခဲ့သင့်ဘူး။ သမီးတို့သာ အိမ်မှာ နေခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး" ကလေးမလေးက ညှိုးငယ်သော အမူအရာဖြင့် ပြောလိုက်သည်။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်ကညီမဖြစ်သူ​၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"အဲ့လိုမပြောပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ အိမ်မြန်မြန် ပြန်ရအောင်၊ ငါတို့ ပျောက်နေမှန်းသိသွားရင် အကြီးအကဲတွေ စိုးရိမ်နေကြလိမ့်မယ်"

မိန်းကလေးနှစ်ဦးက လမ်းကြားမှ ထွက်သွားတော့မည့်အချိန်တွင် မိုးစက်များသည် ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်းတို့အနီးတစ်ဝိုက်ရှိ ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်သွားခဲ့သည်။ လမ်းကြားတစ်ခုလုံးကို အမြှေးပါးတစ်ခုက ဖုံးအုပ်ထားသကဲ့သို့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်အားလုံးကို ပြတ်တောက်သွားလေသည်။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်​၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွား၍ ထိတ်လန့်တကြား အော်ပြောလိုက်သည်။

“ငါ့ကို မြဲမြဲ ကိုင်ထား”

ကလေးမလေးသည် အလွန် ဖျော့တော့သွားကာ အစ်မဖြစ်သူ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်သည် လေးကိုင်းမှ ထွက်လာသော မြှားတစ်စင်းကဲ့သို့ လမ်းအဝင်ဝဆီသို့ ပြေးသွားလေသည်။ သူမသည် အလွန်လျင်မြန်စွာ ရွေ့လျားလိုက်ရာ၊ ည​၏ အမှောင်ထုပင် အနည်းငယ် တုန်လှုပ်သွားပုံပေါ်သည်။

"ဒီလို ပစ္စည်းကောင်းတွေနဲ့ မတွေ့ရတာတောင် တော်တော်ကြာပြီ" ထိုအချိန်တွင် လောဘဇောနှင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်သည် လမ်းကြား​၏ အပေါက်ဝသို့ ရောက်လုနီးပါးဖြစ်နေကာ လမ်ကြားမှ ထွက်ခွာနိုင်ရန် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့သည်။ သို့သော် ထိုခြေလှမ်းသည် ချောက်ကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှကာ လုံးလုံးလျားလျား ဖြတ်ကျော်၍ မဖြစ်နိုင်ပေ။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်သည် ကြံမိကြံရာဖြင့် သူမ လက်ကို မြှောက်တင်လိုက်ရာ၊ အနက်ရောင် အလင်းတန်းများသည် သူမ၏ လက်ဖဝါးထဲတွင် စုစည်းလာပြီး ၎င်းအတားအဆီးကို ခုတ်ထစ်လိုက်သည်။ သူမဘက်မှ မည်သို့ ခုတ်ထစ်နေပါစေ၊ ပါးလွှာသော အလင်းမျက်နှာပြင်သည် အနည်းငယ်မျှသာ တုန်ခါသွား၍ ကွဲအက်သွားသော အရိပ်အယောင်မျိုး မပြသခဲ့ပေ။

"အသုံးမဝင်ဘူး။ မင်းတို့နှစ်ယောက် မပြောနု့ မင်းတို့အကြီးအကဲတွေတောင် ဒီအလင်းရောင် အတားအဆီးကို မဖြတ်နိုင်ဘူး" နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာသည်။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်၏မျက်နှာသည် တဖြည်းဖြည်း စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်လာသည်။ စကားပြောသံနှင့်အတူ ခရမ်းရောင် ၀တ်စုံဝတ်ဆင်ထားသော ဘုန်းတော်ကြီးနှစ်ပါးသည် လမ်းကြား​၏ နက်နဲသောနေရာမှ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ၎င်းတို့​၏ အနောက်တွင် အနီရောင်ဝတ်ရုံ ၀တ်ဆင်ထားသော လူတစ်ဦး လိုက်ပါလာသည်။

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်ကို စိတ်ပျက်အားငယ်မှုများ လုံးလုံးလျားလျား လွှမ်းခြုံသွားလေသည်။ ခရမ်းရောင် ဝတ်ရုံ ၀တ်ဆင်ထားသော ဘုရားကျောင်း အရာရှိ နှစ်ဦးနှင့် အနီရောင် ၀တ်ရုံ ဝတ်ဆင်ထားသော ကွပ်မျက်သူတစ်ဦး။ ထိုသို့သော အင်အားစုများသည် သူမ၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေသည်။ ထိုအချိန်တွင် ၎င်းတို့ သုံးဦးစလုံး သူမကို လောဘတကြီး စိုက်ကြည့်နေကြသည်။

“ရှားပါးပြီး ပြီးပြည့်စုံတဲ့ ပစ္စည်းပဲ။ ဆရာတော်ဂျွန်က တော်တော် ကျေနပ်လောက်တယ်"

"ဒီကလေးမလေးလည်း မဆိုးပါဘူး၊ လူကြီးလူကောင်း တော်တော်များများက ဒီလိုဟာမျိုးကို အရသာတွေ့ကြတယ်လေ၊ အရွယ်ရောက်တဲ့အထိ ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ထားရင် တော်တော် အရသာရှိမှာ"

၎င်းတို့​​က ထိန်းချုပ်မှုမရှိဘဲ ပွင့်လင်းစွာ ဆွေးနွေးနေကြစဉ် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်​၏ မျက်နှာသည် ပိုပို၍ ဖြူဖျော့လာသည်။ ပြီးနောက် သူမက အံကြိတ်လိုက်ရာ၊ သူမ၏ မျက်လုံးများတွင် သန္နိဋ္ဌာန်ချသော အကြည့်တစ်ခု ပေါ်ပေါက်လာသည်။

"ညီမလေး၊ ခဏနေရင် နည်းနည်းတော့နာသွားနိုင်တယ် ဒါပေမယ့် ညီမလေး သန်မာမှဖြစ်မယ်"

အခန်း (၃၇၄) အမှောင်ညနတ်သူငယ်

ကလေးမလေးသည် ကြောက်ရွံ့တုန်လှုပ်နေသော်လည်း အစ်မဖြစ်သူ၏စကားကို ကြားပြီးနောက် ခေါင်းညိတ်ကာ ငိုရှိုက်လိုက်သည်။

“မမ၊ ဒါ သမီးအပြစ်ပါ….”

ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်က ခေါင်းခါလိုက်သည်။

"အပြစ်​တင်ရမှာက ငါတို့ မဟုတ်​ဘူး၊ အပြစ်​တင်ရမှာ ဟိုလူ​တွေ​​ပဲ"

သူမ၏အမူအရာသည် စကားပြောနေစဉ် တဖြည်းဖြည်း သန့်စင်လာ၍ သူမ၏မျက်လုံးများသည် တောက်ပသော အလင်းရောင်များဖြင့် တောက်ပလာသည်။ တစ်ချိန်တည်းမှာပင် သူမ၏ရှည်လျားသော ဆံပင်အောက်တွင် ချွန်ထက်သော နားရွက်နှစ်ခု ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

"သူ့ကို တားကြ၊ ဒီကောင်မစုတ်လေးက ကိုယ့်ကိုယ်ကို စတေးဖို့ ပြင်ဆင်နေတာ" အနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ကွပ်မျက်သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။

ခရမ်းရောင်ဝတ်ရုံနှင့် ဘုန်းတော်ကြီး နှစ်ပါးက လှောင်ရယ်လိုက်သည်။

"စိတ်မပူပါနဲ့ ကွပ်မျက်သူ။ အခု ကျုပ်တို့လက်ထဲ ရောက်လာပြီဆိုမှတော့ သူတို့ သေချင်နေရင်တောင် သေရမှာမဟုတ်ဘူး"

စကားပြောနေစဉ်တွင် ၎င်းတို့၏ မျက်နှာပေါ်၌ သန့်စင်သော ရောင်ခြည်များ ဖြာထွက်လာကြသည်။

“'အလင်းရှိပါစေ' အရှင်ဘုရားက ပြောတယ်"

ခပ်တိုးတိုး ရွတ်ဆိုသံအပြီးတွင် ခြေချင်းများကဲ့သို့ စူးရှသော အလင်းတန်းတစ်ခုသည် အမျိုးသမီးငယ်ကို တင်းကျပ်စွာ ပိတ်လှောင်လိုက်သည်။ အလင်းရောင်နှင့် ထိတွေ့လိုက်တိုင်း အမျိုးသမီးငယ်၏ ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးငွေ့များ ထွက်ပေါ်လာစေ၍ သူမ​ကို စူးစူးဝါးဝါး အော်ဟစ်သွားစေသည်။

ကလေးမလေးက နာကျင်စွာဖြင့် စတင် အော်ဟစ်လာသည်။

“မမ”

အမျိုးသမီးငယ်သည် နာကျင်မှုဝေဒနာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေကာ သူမ၏ ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေသော်လည်း သူမ၏ နောက်ဆုံး ခွန်အားဖြင့် ပြောလိုက်သည်။

"ညီမလေး၊ မြန်မြန် ကိုယ့်ကိုယ်ကို စတေးပစ်။ ဒီလိုမျိုး အသက်ဆက် မရှင်ချင်နဲ့"

သူမ၏အသံသည် အဆုံးမဲ့သော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ မည်သို့ဆိုသော် ဤအဖွဲ့​၏ လက်ထဲသို့ ရောက်ရှိသွားသည်နှင့် ၎င်းတို့ကို စောင့်မျှော်နေသောအရာသည် အဆုံးမဲ့ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းသာဖြစ်ကြောင်း သူမ သိနေသည်။ သူမသည် ချည်နှောင်ခံထားရသောကြောင့် သေရမည့်အခွင့်အရေးကိုပင် လုယက်ခံခဲ့ရသည်။

သို့သော် သူ​၏ညီမလေးကို အဆုံးမဲ့သော အမှောင်ထုထဲသို့ မကျရောက်စေချင်ပေ။ ထိုသို့ကြားသောအခါ ကလေးမလေး​၏ မျက်နှာတွင် ခိုင်မာသော အကြည့်မျိုး ပြသလာ၍ သူ့မျက်လုံးများသည် အနက်ရောင် အလင်းတစ်ခုဖြင့် တောက်ပလာကာ ရွှေရောင်ဖျော့ဖျော့ အလင်းရောင်များဖြင့် ဝန်းရံထားသော သူမ​၏ နားရွက်လေးများသည် ဆံပင်များအောက်မှ ထွက်ပေါ်လာသည်။

"တော်ဝင်မိသားစုလား။ ဟားဟား၊ ဒီလိုကုန်ပစ္စည်းကောင်းများကို ဖမ်းမိတယ်ဆိုတော့ ငါတို့တော့ ဒီတစ်ခေါက် တကယ် ကံကောင်းတာပဲ" ခရမ်းရောင်ဝတ်ရုံနှင့် ဘုန်းတော်ကြီး နှစ်ဦးက ဝမ်းသာအားရ ပြောနေကြသည်။

သို့သော် ၎င်းတို့မလှုပ်ရှားမီတွင် အနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ကွပ်မျက်သူက လက်ကိုဝှေ့ယမ်းလိုက်ရာ၊ လက်ဝါးကပ်တိုင်ပုံသဏ္ဍာန်ရှိသော အလင်းတန်းတစ်ခု လွင့်ထွက်သွားလေသည်။ ကလေးမလေးသည် “X” စာလုံးပုံသဏ္ဍာန်ရှိသော အလင်းတန်းများကြားတွင် မြဲမြံစွာ ပိတ်မိနေခဲ့သည်။

“မဖြစ်ဘူး” ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်က နာကျင်စွာ အော်ဟစ်လိုက်သည်။

"နတ်ဘုရားရဲ့ ဘုန်းကျက်သရေအောက်မှာ မင်းတို့လို မိစ္ဆာဒိဋ္ဌိတွေက ကိုယ်ခန္ဓာနဲ့သာ ပေးဆပ်နိုင်မယ်" ကွပ်မျက်သူက ဘာသိဘာသာ ပြောလိုက်သည်။

သို့သော် ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်ခု ကြားလိုက်ရသည်။

“နတ်ဘုရားအမည်ကို သုံးပြီး အပြစ်မဲ့သူတွေကို ညှဉ်းဆဲတာက... အလင်းရောင်ရဲ့ နောက်လိုက်လို့ခေါ်တဲ့ ဘုန်းကျက်သရေလား"

"အဲ့မှာ ဘယ်သူလဲ" ၎င်းတို့ သုံးယောက်စလုံးသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်ကြသည်။

"လမ်းသွားလမ်းလာတစ်ယောက်ပါ" ရွှယ်အန်းသည် ဤစကားများဖြင့် လမ်းကြားရှိ အလင်းရောင် အတားအဆီးကို ဖြတ်သန်း၍ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

"ကျုပ်တို့က မိစ္ဆာဒိဋ္ဌိတွေကို သုတ်သင်ရှင်းလင်းနေတဲ့ အလင်းရောင် ဘုရားကျောင်းက ဘုန်းတော်ကြီးတွေပဲ။ ကျေးဇူးပြုပြီး အခု ထွက်သွားလိုက်ပါ" ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ဘုန်းတော်ကြီး နှစ်ဦးသည် အကြည့်ချင်းဖလှယ်ပြီးနောက် ခိုင်မာစွာ ပြောလိုက်သည်။

ရွှယ်အန်း​၏ အလင်းရောင် အတားအဆီးကို လျစ်လျူရှုခဲ့သော အပြုအမူသည် ၎င်းတို့ကို ထိတ်လန့်စေသောကြောင့် ရွှယ်အန်းနှင့် ပဋိပက္ခမျိုး မစတင်ချင်ကြပေ။ ထိုအချိန်တွင် မြေပြင်ပေါ်ရှိ အမျိုးသမီးငယ်သည် ရွှယ်အန်းကို ထိတ်လန့်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် စားသောက်ဆိုင်တွင် ၎င်းတို့ တွေ့ခဲ့သော ဟွာရှားမှ အမျိုးသား မဟုတ်သလော။ သူသည် မည်သို့ကြောင့် ဤနေရာတွင် ပေါ်ပေါက်လာရသနည်း။

ရွှယ်အန်းက သူမကို အပြုံးဖြင့် ငုံ့ကြည့်လိုက်သည်။

"နတ်သူငယ်တစ်ကောင်လား၊ ရှားပါးတဲ့ အမှောင်ညနတ်သူငယ်ပဲ။ ဒီကမ္ဘာမှာ မင်းတို့လို မျိုးနွယ်မျိုးကို ရှာတွေ့ဖို့ မမျှော်လင့်ထားဘူး"

သူသည် စကားတစ်ခွန်းတည်းဖြင့် အမျိုးသမီးငယ်​၏ ဇစ်မြစ်ကို ဖော်ထုတ်လိုက်သည်။ အမျိုးသမီးငယ်သည် အံ့ဩထိတ်လန့်စွာဖြင့် ဆွံ့အနေခဲ့သည်။

သို့သော် ကလေးမလေးသည် ငိုရှိုက်၍ တောင်းဆိုလာသည်။

"သမီးတို့ကို ကယ်ပါဦး၊ ဦးလေး။ သူတို့က လူဆိုးတွေပါ။ သမီးတို့ကို သက်သက် အနိုင်ကျင့်ချင်လို့ လာဖမ်းကြတာပါ၊ သမီးတို့က မိစ္ဆာဒိဋ္ဌိတွေ မဟုတ်ပါဘူး"

ရွှယ်အန်းက ညင်သာစွာ ပြုံးလိုက်သည်။ "မကြောက်နဲ့၊ မငိုနဲ့တော့"

ဤသို့ဖြင့် သူ​၏လက်ကို မြှောက်တင်လိုက်သည်။ မိန်းကလေးနှစ်ဦးကို ခိုင်မြဲစွာ ချည်နှောင်ထားသည့် အလင်းတန်းများသည် ၎င်းတို့​၏ ဧကရာဇ်မင်းမြတ်​ အရှေ့တွင် ထိတ်လန့်ကြောက်ရွံ့နေသော အစေအပါးများသကဲ့သို့ ပြန့်ကျဲသွားသည်။ ဤအပြုအမူသည် အလင်းရောင် ဘုရားကျောင်း​၏ အဖွဲ့ဝင်သုံးဦးစလုံးကို ထိတ်လန့်သွားစေသည်။

'အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

ဤအမျိုးသားသည် အလင်းရောင် ဘုရားကျောင်း၏ မြင့်မြတ်သော မှော်ပညာကို မည်ကဲ့သို့ အလွယ်တကူ ချိုးဖျက်နိုင်ခြင်းဖြစ်သနည်း။ ပြီးနောက် ရွှယ်အန်းသည် မှင်သက်အံ့ဩနေသော လူသုံးဦး မော့ကြည့်၍ အမူမထားဘဲ ပြောလိုက်သည်။

"ကျုပ် အမုန်းဆုံးအရာက သစ္စာမဲ့ပြီး ယုတ်မာတဲ့ လုပ်ရပ်တွေကို ကျူးလွန်ဖို့ ကြီးကျယ်ခမ်းနားတဲ့ ဆင်ခြေတွေ သုံးကြတဲ့ ခင်ဗျားတို ့လိုလူတွေကိုပဲ"

"ဒါဆို... ခင်ဗျားတို့တွေ ဘယ်လိုသေဖို့ စီစဉ်ထားကြလဲ"

ဤအခိုက်တွင် ၎င်းတို့သုံးဦးသည် ထိတ်လန့်တုန်လှုပ်မှုမှ အသိပြန်ဝင်လာခဲ့ရာ၊ အနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ကွပ်မျက်သူက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။

"ဟွာရှားက ကျင့်ကြံသူလား။ ကျုပ် ဝန်ခံပါတယ်၊ ခင်ဗျားက တကယ် အစွမ်းထက်တယ်။ ဒါပေမယ့် ကျုပ်တို့က အလင်းရောင် ဘုရားကျောင်းကပဲ၊ ဒါ့အပြင် ကျုပ်က မိစ္ဆာဒိဋ္ဌိသမာဓိခုံရုံးရဲ့ ကွပ်မျက်သူတစ်ယောက်ဆိုတာကို ခင်ဗျား နားလည်ဖို့လိုတယ်" ထိုလူသည် မောက်မာသော မျက်နှာထားဖြင့် ပြောလေ၏။

"ဒီအမှောင်ညနတ်သူငယ် နှစ်ယောက်ရဲ့ ဖြစ်တည်မှုက အလင်းရောင်ကို စော်ကားနေတာပဲ။ သူတို့ကို ဖယ်ရှားတာက သဘာဝကျတယ်။ ခင်ဗျား အခုထွက်သွားမယ်ဆိုရင် ကျုပ်ဘက်က ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်မယ်..."

"မဟုတ်ရင် ဘာဖြစ်လဲ" ရွှယ်အန်းသည် မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်သည်။

"မဟုတ်ရင် ကျုပ်တို့ရဲ့အလင်းရောင် ဘုရားကျောင်းက ကျုပ်တို့ကို ဆန့်ကျင်ဝံ့တဲ့လူ ဘယ်သူပဲဖြစ်ပါစေ လွှတ်ပေးမှာမဟုတ်ဘူး"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"တော်တော်လေး ကြောက်စရာကောင်းတာပဲ၊ ဆိုးတာက…"

ရွှယ်အန်းသည် စကားပြောနေစဉ် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ၊ မရေတွက်နိုင်သော ဓားအလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျုပ်မျက်လုံးထဲမှာ ခင်ဗျားတို့လို လူမျိုး မပြောနဲ့၊ ခင်ဗျားတို့ ကိုးကွယ်တဲ့နတ်တွေတောင် ပုရွက်ဆိတ်တွေပဲ"

သူ​၏စကားများ ပဲ့တင်ထပ်သွားသည်နှင့် ဓားအလင်းရောင်များသည် ကောင်းကင်ကြီး မှောင်မိုက်သွားသကဲ့သို့ ကျရောက်လာကြသည်။ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များသည် ၎င်းတို့သုံးဦးကို ထိတ်လန့်သွားစေသည်။

"နတ်အလင်းရောင်" အနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ကွပ်မျက်သူက ဟိန်းဟောက်လေ၏။

အလင်းရောင် မျက်နှာပြင်တစ်ခုသည် သူ့ကို လွှမ်းခြုံသွားခဲ့သည်။ သို့သော် ခရမ်းရောင်ဝတ်ရုံနှင့် ဘုန်းတော်ကြီး နှစ်ဦးသည် ခုခံချိန်ပင်မရှိဘဲ ဓားအလင်းရောင်ဖြင့် သွေးအိုင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ခင်ဗျားက ဘယ်သူလဲ၊ ကျုပ်တို့ကို ဘာလို့ ဆန့်ကျင်နေတာလဲ" အနီရောင် ဝတ်စုံနှင့် ကွပ်မျက်သူက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

"ကျုပ်လား။ ကျုပ်​က မတရားမှု​​တွေ့ရင်​ မကူညီဘဲ မနေနိုင်​တဲ့ လူတစ်​​ယောက်​ပဲ​လေ"

ထိုကြောင့် ရွှယ်အန်းသည် သူ​၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းရောင်များက အလင်းရောင် ဖန်သားပြင်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားခဲ့သည်။ အလင်းရောင် ဖန်သားပြင်သည် အသက်တစ်ရှိုက်စာအတွင်း လုံးလုံးလျားလျား ကွဲအက်သွား၍ ကွပ်မျက်သူသည် စူးစူးဝါးဝါးအော်ဟစ်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဓားအလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော သွေးအိုင်သုံးအိုင်ကသာ ၎င်းတို့​၏ ဖြစ်တည်မှုကို သက်သေပြနေသည်။ ပြီးနောက် ရွှယ်အန်းသည် အံ့ဩမှင်သက်နေသော အမှောင်ညနတ်သူငယ် နှစ်ဦးကို လှည့်ကြည့်၍ အနည်းငယ် ပြုံးပြလိုက်သည်။

"ကဲ၊ အခု မင်းတို့ လုံခြုံသွားပြီ"

အမျိုသမီးငယ်နှင့် ကလေးမလေးတို့သည် တဆက်ဆက် တုန်ရီပြီးနောက် ရိုသေလေးစားစွာ ခေါင်းငုံ့လိုက်ကြသည်။

"အမှောင်ည နတ်သူငယ်| ယုနာပါ" အမျိုးသမီးငယ်က ပြောလိုက်သည်။

"တော်ဝင်မိသားစုရဲ့ အမှောင်ည နတ်သူငယ်၊ အစ်ဘဲလ်လာပါ" ကလေးမလေးက ပြောလိုက်သည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်" ၎င်းတို့နှစ်ဦးစလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ပြဿနာမရှိပါဘူး၊ တကယ်ကို ပြဿနာမရှိတာ။ ကျုပ် အရမ်းသိချင်နေတာက ဒီကမ္ဘာမှာ မင်းတို့လို မျိုးနွယ်စုတွေ ဘယ်လိုလုပ် ရှိနေသေးတာလဲ"

ရွှယ်အန်း​၏ ဆိုလိုရင်းသည် ဝိညာဉ်စွမ်းအင် အလွန်ရှားပါးသော ဤကမ္ဘာတွင် သဘာဝ၏ ဝိညာဉ်စွမ်းအင်မှ ပေါက်ဖွားလာသော သတ္တဝါများဖြစ်ကြသည့် နတ်သူငယ်များက ဆက်လက်၍ မတည်ရှိသင့်ပေ။

ယူနာ၏ မျက်နှာအမူအရာသည် တုံ့ဆိုင်းသွားသည်။

ရွှယ်အန်းက သူ​၏လက်ကို ဝှေ့ယမ်းလိုက်သည်​။

"ကောင်းပြီ၊ မပြောချင်ရင်လည်း တော်ဝင်မိသားစုအကြောင်း ပြောစရာ မလိုပါဘူး"

ပြီးနောက် သူသည် အမှောင်ည တော်ဝင် နတ်သူငယ် အစ်ဘဲလ်လာထံသို့ လှည့်ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

"ကျုပ်သမီးနှစ်ယောက်က မင်းနဲ့ ကစားချင်တယ်ဆိုပြီး တောက်လျှောက်ပြောနေကြတာ"

အစ်ဘဲလ်လာ၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာကာ သူမက အားတက်သရော ခေါင်းညိတ်လိုက်သည်။ ကလေးငယ်များ၏ ခင်မင်ရင်းနှီးမှုသည် အမြဲတမ်း လျင်မြန်စွာ တိုးတက်လေ့ရှိသည်။ ယခုကဲ့သို့ ရှန်းရှန်း၊ နျန်နျန်နှင့် တော်ဝင် အစ်ဘဲလ်လာတို့သည် ညီအစ်မများကဲ့သို့ ခင်မင်ရင်းနှီးလာကြသည်။ တစ်ဖက်တွင်မူ ယူနာက ဂနာမငြိမ်ဖြစ်နေပုံရသည်။

ရွှယ်အန်းက ရယ်မောလိုက်သည်။

"ဘုရားကျောင်းကလူတွေက လက်စားချေဖို့ လာကြမှာကို ကြောက်နေတာလား"

ယုနာက ခေါင်းညိတ်ပြပြီးနောက် သူမ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်ပေါက်လာသည်။ နှစ်ပေါင်းများစွာသော နှိပ်စက်ညှဉ်းပန်းမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများသည် အလင်းရောင် ဘုရားကျောင်းကို ၎င်းတို့၏ အဆိုးဆုံး အိပ်မက်ဆိုးအဖြစ် ပြောင်းလဲစေခဲ့သည်။

အခန်း (၃၇၅) အလင်းရောင် ပိုးမွှားများ

အနီးနားရှိ ကွင်တီနာသည် “အလင်းဘုရားကျောင်း” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဒေါသထွက်စွာ နှာမှုတ်လိုက်သည်။

"ဒီအလင်းရောင် ပိုးမွှားတိရစ္ဆာန်တွေက တော်တော်ကို စိတ်တိုဖို့ ကောင်းတာပဲ"

ယူနာသည် ကွင်တီနာကို အံ့အားသင့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ကွင်တီနာက ပြုံးလိုက်ရာ၊ သူမ၏ မျက်လုံးများတွင် သွေးရောင် အရိပ်အမြွက်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာသည်။

"သွေးမျိုးနွယ်စု" ယူနာက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“အတိအကျပြောရမယ်ဆိုရင် သွေးမျိုးနွယ်စု မှူးမတ်ပဲ” ကွင်တီနာက ဂုဏ်ယူစွာ ပြောလိုက်သည်။

ယူနာက ရွှယ်အန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ နာမည်ဆိုးနှင့် ကျော်ကြား၍ မောက်မာသည့် သွေးမျိုးနွယ်စုသည် လူသားတစ်ဦးထံ၌ အညံ့ခံလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားပေ။

'ဒီလူက တကယ်ပဲ ဘယ်သူလဲ'

ယူနာက ဤအကြောင်းအရာကို စဉ်းစားနေစဉ် ရှန်းရှန်းနှင့် နျန်နျန်တို့က ပြေးလာကြသည်။ "ဖေဖေ၊ ဘဲလ်လာ အိမ်ပြန်သွားချင်တယ်တဲ့၊ ဒါပေမယ့် သမီးတို့က သူနဲ့ ကစားချင်သေးတယ်"

"သမီးတို့ တကယ် ပြန်သင့်နေပြီ၊ မဟုတ်ရင် ကျွန်မတို့ ပျောက်နေတာကိုသာ မိသားစုက သိသွားရင် စိတ်ပူနေလိမ့်မယ်၊ အရှင်" အစ်ဘဲလ်လာက ချဉ်းကပ်လာစဉ် ပြောလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်​။

"ဒါဆိုရင် မင်းတို့ကို အိမ်ပြန်လိုက်ပို့ပေးမယ်"

အစ်ဘဲလ်လာ၏ မျက်လုံးများ တောက်ပလာသည်။ သူမသည်လည်း ရှန်းရှန်းနှင့် နျန်နျန်တို့နှင့်အတူ ကစားချင်သော်လည်း အစ်မဖြစ်သူက သဘောမတူမည်ကို ကြောက်ရွံ့သောကြောင့် ယူနာ့ကို ခိုးကြည့်လိုက်သည်။

ယူနာက ခေတ္တတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်လိုက်သည်​။

"ဒီလိုဆိုရင်လည်း တကယ် ကျေးဇူးတင်ပါတယ်၊ အရှင်"

​ယူနာသည် ရွှယ်အန်း​၏ ၎င်းတို့ကို အိမ်ပြန်ပို့ရန် ကမ်းလှမ်းသော အပြုအမူသည် ၎င်းတို့ကို ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း နားလည်ခဲ့သည်။

ဤအခိုက်အတန့်တွင် အန်းယန်သည် သူမ၏ သိချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အရှေ့တိုးလာပြီးနောက် အပြုံးဖြင့် မေးလိုက်သည်။

“ဘဲလ်လာလေး၊ သမီးရဲ့နားရွက်တွေက အစစ်တွေလား”

အစ်ဘဲလ်လာ​၏ မျက်နှာအမူအရာ နီမြန်းသွားပြီးနောက် သူမက ထစ်ငေါ့စွာ ပြောလိုက်သည်

“ဟုတ်ပါတယ်… တကယ်အစစ်တွေပါ”

အန်းယန်၏ မျက်လုံးများက ပို၍ တောက်ပလာသည်။

"ဒါဆိုရင်... ထိကြည့်လို့ ရမလား"

အစ်စ်ဘဲလ်လာသည် ထိုသို့ကြားသောအခါ ပို၍ နီမြန်းလာကာ ယူနာ့ကို အကူအညီတောင်းနေဟန်ဖြင့် ကြည့်လိုက်သည်။ ယူနာက ရယ်ရမဲ့မဲ့ ငိုရမဲ့မဲ့ ဖြစ်နေသော်လည်း မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။

ထိုအချိန်တွင် အန်းယန်က အသနားခံနေပြီဖြစ်သည်။

"တစ်ခါတည်းပါ၊ တကယ် ကတိပေးပါတယ်"

"အဲ့ဒါဆိုရင်လည်း... ပြီးရော" အစ်ဘဲလ်လာ က ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်ရာ၊ သူမ မျက်နှာနှင့် နားရွက်များပင် နီရဲလာသည်။

အန်းယန်သည် သူမ​၏ လက်ကို ဆန့်ထုတ်ပြီးနောက် အစ်ဘဲလ်လာ​၏ နားရွက် ချွန်ချွန်များကို ညင်သာစွာ ထိကိုင်လိုက်ရာ၊ သူမ​၏ အမူအရာသည် တဖြည်းဖြည်း ယစ်မူးလာသည်။

"အရမ်း နူးညံ့တာပဲ၊ ချစ်စရာလေး"

အိမ်မွေးကြောင်လေးတစ်ကောင်ကို ပွတ်သပ်နေသကဲ့သို့သော ခံစားချက်မျိုး ဖြစ်သည်။ သို့သော် ထိုအချိန်တွင် အစ်ဘဲလ်လာသည် အရက်သေစာ ယစ်မူးနေသကဲ့သို့ ကြက်သွေးရောင်ပြောင်းလဲကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်၍ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ဘာဖြစ်သွားတာလဲ" အန်းယန်သည် တစ်စုံတစ်ခုကို ဖျက်ဆီးမိသွားသည်အထင်ဖြင့် ထိတ်လန့်သွားလေသည်။

ယူနာသည် အရှေ့တိုးကာ စစ်ဆေးကြည့်ပြီးနောက် မဲ့ရွဲ့ပြုံး၍ ခေါင်းယမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး ဘဲလ်လာက သူ့နားရွက်ကို တစ်ခါမှ အထိမခံဖူးတော့ ရုတ်တရက် လာထိတဲ့အချိန် မူးလဲသွားတာ"

အန်းယန်သည် သူမ​၏ ရင်ဘတ်ကို ပွတ်သပ်၍ အသက်ရှူထုတ်ပြီးနောက် တောင်းပန်စကား ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ အဲ့လို ဖြစ်သွားဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့် နားရွက်လေးတွေက တကယ် ချစ်စရာကောင်းလို့ပါ"

ယူနာသည်လည်း မျက်နှာပြင်မှ နားရွက်ဖျားများအထိ ချက်ချင်းပင် နီမြန်းလာ၍ သူမက အားတင်း၍ ပြောလိုက်သည်။

"ကျွန်မတို့... ကျွန်မတို့ အခု အမြန်ပြန်သင့်နေပြီ"

အမှောင်ညနတ်သူငယ်များ​၏ မွေးရပ်မြေသို့ သွားရာလမ်းတွင် အန်းယန်က ရွှယ်အန်းကို တီးတိုး ပြောလိုက်သည်။

"ကျွန်မလေ အဲဒီနားရွက်ပျော့လေးတွေကို အရမ်းကြိုက်တယ်၊ သူတို့က ကြောင်လေးတွေနဲ့ တူတယ်"

ရွှယ်အန်းက ရယ်မောလိုက်သည်​။

"ကြိုက်တယ်ဆိုရင် တစ်ကောင်လောက် မွေးပါလား"

"တကယ်လား" အန်းယန်၏ မျက်နှာအမူအရာ လင်းလက်လာသည်။

"ဒါပေါ့၊ ကိုယ့်မိန်းမက လိုချင်တယ်ဆိုရင် ဘာလို့မရနိုင်ရမှာလဲ" ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံး၍ ပြောလိုက်သည်။

သို့သော် အန်းယန်သည် ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါလိုက်သည်။

“မဖြစ်ပါဘူးလေ”

"ဘာလို့ မဖြစ်ရမှာလဲ"

"သူတို့က ရှန်းရှန်းနဲ့ နျန်နျန်တို့ရဲ့သူငယ်ချင်းတွေလေ၊ ကျွန်မသမီးတွေရဲ့သူငယ်ချင်းတွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ဘယ်လိုလုပ် ပြောင်းပစ်လို့ရမလဲ" အန်းယန်က ရှင်းပြလိုက်သည်။

၎င်းတို့သည် အကွာအဝေးတစ်ခုအထိ လျှောက်သွားကြရာ၊ လန်ဒန်မြို့စွန်ရှိ လူခြေဆိတ်ညံသည့် လယ်မြေများဆီ ရောက်သည်အထိ ဆက်လက် လျှောက်လှမ်းသွားကြသည်။ ယူနာသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်၍ အဝင်ပေါက်ရှိ သစ်ပင်ကြီးတစ်ပင်ကို ညင်သာစွာ ပုတ်လိုက်ပြီးနောက် စကားတစ်ခွန်းကို သာယာသော အသံဖြင့် ပြောလိုက်သည်။ သူမ​၏ စကားသံကို ၎င်းတို့ နားမလည်သော်လည်း ၎င်းအသံသည် အလွန် စွဲမက်ဖွယ်ကောင်းနေဆဲဖြစ်သည်။

"သူ ဘာပြောလိုက်တာလဲ၊ ဟန်နီ"

"သူက နတ်သူငယ် ဘာသာစကားနဲ့ ပြောလိုက်တာ"

"ကျွန်မ နားလည်ပြီ၊ သူ ဂါထာ ရွတ်နေတာ ဟုတ်လား ဝတ္ထုထဲက မှော်ဆရာတွေလိုလေ" အန်းယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရွှယ်အန်းက ရယ်မောလိုက်သည်​။

"အဲ့လောက် မရှုပ်ထွေးပါဘူး၊ သူပြောခဲ့တာကို တရုတ်လို ဘာသာပြန်ရင်... 'အိုးပန်းဆက်ဆမီ' တဲ့"

ထင်မှတ်ထားသည့်အတိုင်း ယူနာ​၏ အသံကျရောက်သွားသည်နှင့် သစ်ပင်မှ လှုပ်ရှားသံများ ထွက်ပေါ်လာ၍ မရေတွက်နိုင်သော အကိုင်းအခက်များ ရှည်ထွက်လာကာ အကိုင်းအခက်များ အရွက်များဖြင့် ပြုလုပ်ထားသော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။

"အမှောင်နတ်သူငယ်တို့ရဲ့ ခိုနားရာအရပ်မှ ကြိုဆိုပါတယ်၊ အရှင်" ယူနာက လေးလေးစားစား ပြောလိုက်သည်။

စပျစ်နွယ်ပင်များဖြင့် ပြုလုပ်ထားသော ကန့်လန့်ကာကို ဖြတ်လျှောက်သွားပြီးနောက် ရုတ်ချည်း ကျယ်ပြောလှသော နေရာတစ်ခုက ၎င်းတို့ ကြိုဆိုလာသည်။ ၎င်းသည် အကြမ်းဖျင်းအားဖြင့် ဧကထောင်ပေါင်းများစွာ ကျယ်ဝန်းသော ကုန်းမြေဖြစ်သည်။ ဘီလူးကြီးများကဲ့သို့ မြင့်မားလှသည့် ရှေးဟောင်း သစ်ပင်အများအပြား ပေါက်ရောက်နေကြသည်။ သို့သော် သစ်တောအလယ်ရှိ သစ်ပင်ကြီးနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့အားလုံးသည် ကလေးများကဲ့သို့ဖြစ်နေသည်။ ထိုသစ်ပင်ကြီးသည် ကောင်းကင်ကိုပင် ထိမိနိုင်ခြေရှိ၍ ဧရိယာ​၏ တစ်ဝက်ကျော်ခန့်ကို နေရာယူထားသည်။

ဤသစ်ပင်ကြီး၏ အကိုင်းအခက်များတွင် သစ်ခေါင်းအပေါက်များစွာကို အဝေးမှပင် မြင်တွေ့နိုင်ကာ ၎င်းတို့အနက် လူအများအပြား ဝင်ထွက်သွားလာနေကြသည်။ သို့သော် အနီးကပ်စစ်ဆေး ကြည့်သောအခါ ထိုလူများအားလုံးသည် ချွန်ထက်သော နားရွက်များ ရှိနေကြ၍ ကျားမ မရွေး အလွန် ထူးခြားစွာ လှပသူများဖြစ်ကြကြောင်း မြင်တွေ့နိုင်ပေလိမ့်မည်။ ဤအံ့ဩဖွယ် မြင်ကွင်းသည် အန်းယန်နှင့် အခြားသူများကို အံ့ဩသွားစေသည်။

သို့သော် ရွှယ်အန်းသည် ဧရာမသစ်ပင်ကြီးကို စိတ်ဝင်တစား ကြည့်ရှု၍ “စိတ်ဝင်စားစရာပဲ” ဟု ရေရွတ်လိုက်သည်။ ထိုအချိန်တွင် အလွန် ချောမောသော အမျိုးသား နတ်သူငယ်တစ်ဦး ဦးဆောင်နေသည့် အဖွဲ့တစ်ဖွဲ့ အမြန်ရောက်ရှိလာသည်။ ယူနာနှင့် အစ်ဘဲလ်လာတို့ကို တွေ့လိုက်ရသောအခါ အမျိုးသား နတ်သူငယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

“မယ်တော်နတ်ဘုရားမ ကောင်းချီးပေးပါစေ၊ မင်းတို့ ဘေးကင်းလို့ တော်သေးတာပေါ့”

ပြီးနောက် သူက စိုးရိမ်စွာ ပြောလိုက်သည်။

"အကြီးအကဲလူနာက စိုးရိမ်လွန်းလို့ ရူးတော့မယ်၊ မြန်မြန် ပြန်တော့... အယ် ဒီလူတွေက ဘယ်သူတွေလဲ..."

အမျိုးသား နတ်သူငယ်​၏ မျက်နှာပေါ်တွင် သတိဖြင့် ချင့်ချိန်နေသော အမူအရာတစ်ခု ပေါ်ပေါက်လာကာ သူ့နောက်ရှိ နတ်သူငယ်များအားလုံးက လေးနှင့်မြှားများကို မြှောက်တင်၍ ရွှယ်အန်းကို ချိန်ရွယ်ထားကြသည်။

"ရီဖုရို၊ ပေါက်ကရမလုပ်နဲ့။ ဒါက သမီးတို့ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးရှင်ပဲ" အစ်ဘဲလ်လာက အော်ဟစ်လိုက်သည်။

ရီဖုရို​က ရပ်တန့်လိုက်သည်၊ သူ​၏ မျက်နှာပေါ်တွင် မယုံသင်္ကာမှုများ ရှိနေသော်လည်း အနောက်ပြန်ဆုတ်ခွာကာ သူ​၏ရင်ဘတ်ပေါ်သို့ လက်တင်၍ ရိုသေစွာ ဦးညွှတ်လိုက်သည်။

"ဟုတ်ကဲ့ပါ၊ မင်းသမီး အစ်ဘဲလ်လာ"

အစ်ဘဲလ်လာက အနောက်လှည့်၍ ပြောလိုက်သည်။

“အဲဒီသစ်ပင်က သမီးတို့အမှောင်နတ်သူငယ်တွေရဲ့ မယ်တော်နတ်ဘုရားမပါ အရှင်”

ထိုစကားများပြောနေစဉ် သူမ​၏မျက်နှာတွင် ရိုသေလေးစာမှုများနှင့် ပြည့်နှက်နေသည်။ ဤကြီးမားသည့် သစ်ပင်ကြီးသည် အမှောင်နတ်သူငယ်မျိုးနွယ်ကို မိခင်ကဲ့သို့ ပြုစုပျိုးထောင်၍ ကာကွယ်ပေးခဲ့သည်။ ဤသည်မှာ ၎င်းတို့မျက်လုံးထဲတွင် ၎င်းတို့​၏ မိခင်နတ်ဘုရားမသာဖြစ်သည်။ ရွှယ်အန်းက မည်သည့်စကားမျှ မပြောဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

အန်းယန်ကသာ တတွတ်တွတ် ရေရွတ်နေခဲ့သည်။

"နူးညံ့တဲ့ နားရွက်လေးတွေ အများကြီးပါလား။ ဘုရားရေ တကယ်ကို ထိချင်လိုက်တာ"

အမှန်တကယ်ပင် နတ်သူငယ်များ၏ နားရွက်များသည် အန်းယန်ကို စွဲဆောင်နေခဲ့သည်။ ဤအခြေအနေသည် အမှောင်နတ်သူငယ် မျိုးနွယ်စု၏ ကောင်စီခန်းမထဲသို့ လျှောက်လှမ်းသွားသည်အထိ ဆက်ဖြစ်နေခဲ့သည်။

ရွှယ်အန်းနှင့် အခြားလူများ ရောက်ရှိလာမှုသည် နတ်သူငယ် မျိုးနွယ်များကြားတွင် ရုတ်ရုတ်သဲသဲများ ဖြစ်သွားစေသည်။ ရုတ်ရုတ်သဲသဲဖြစ်စေသည့် မူရင်းအရင်းမြစ်ကို သိရရန်အတွက် နတ်သူငယ်များအားလုံးက ဝိုင်းအုံ၍ ကြည့်နေကြသည်။

ယခုအခါ အန်းယန်သည် နတ်သူငယ်လေး တစ်ကောင်ကို ကောက်ယူကာ ကြောင်လေးတစ်ကောင်ကဲ့သို့ ပွတ်သပ်ချင်ပုံဖြင့် သူမ​၏ မျက်လုံးများ ပိုမို တောက်ပလာသည်။

ထိုအချိန်တွင် သစ်သားတံခါးပွင့်လာ၍ ဆံပင်ဖြူဖြူနှင့် နတ်သူငယ် အမျိုးသမီးကြီးတစ်ဦး ဖြည်းညှင်းစွာ ထွက်လာသည်။

အာဏာစက် သင်္ကေတဖြစ်သော ရတနာတစ်ပါးသည် သူမ၏နဖူးပေါ်၌ အလွန် လင်းလက်တောက်ပစွာ ကျိန်းဝပ်နေ၍ သူမ၏မျက်နှာအသွင်အပြင်သည် ဂုဏ်သိက္ခာနှင့် မေတ္တာကရုဏာများရှိနေသည်။ သူမကို မြင်သောအခါ အမှောင်နတ်သူငယ်များအားလုံးက ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။

အစ်ဘဲလ်လာလျှင်ပင် ညင်သာစွာ တီးတိုးပြောလိုက်သည်။

“အကြီးအကဲလူနာ”

All Chapters