အခန်း (၉၇)
Vol. 8 Ch. 97
ရှမ့်လန်၏ ဟန်ရွှေမြို့မှ ကျောင်းဆရာကြီးသည် ဤစာမေးပွဲဖြေလွှာကို ဖတ်ပြီးသည့်နောက် ဒေါသ ထွက်နေဟန်တူသည်။ သူသည် တုန်တုန်ယင်ယင်ဖြင့် ရှမ့်လန်ကို လက်ညိုးညွှန်ကာ ပြောလိုက်၏။
“တိရစ္ဆာန်... မင်း ဟန်ရွှေမြို့ကျောင်းမှာ ကိုးနှစ်ကြာ ပညာသင်ကြားခဲ့ပေမယ့် အခြေခံတောင် မပြီးမြောက်ခဲ့ဘူး။ ငါ သည်းမခံနိုင်တော့တဲ့အဆုံး မင်းကို ကျောင်းကနေနှင်ထုတ်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီတုန်းက မင်းက ဖြူစင်ရိုးသားသေးတယ်။ အခုတော့ မထင်မှတ်ဘဲ ကဗျာခိုးချတာတောင် လုပ်နေပြီ။ ငါတကယ် ရှက်မိတယ်”
လွယ်ကူလှသည် မဟုတ်ပေ။ ဤမျှ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း တပါးသူအပေါ် သွားပုပ်လေလွင့် ပြောဆိုရန်၊ စွပ်စွဲရန် ကြိုးစားနေရသေးသည်။ သက်ကြီးရွယ်အိုကို လေးစားခြင်းနှင့် လူငယ်များကို စောင့်ရှောက်ခြင်းသည် ရိုးရာကျင့်ဝတ်ကောင်းတစ်ခု ဖြစ်၏။ သို့ပေမည့် အချို့သော အခြေခံမူမရှိသည့် အသက်ကြီးသူများနှင့် ပတ်သက်လာလျှင်မူ လုံးဝခြားနားသော ကိစ္စတစ်ခု အဖြစ် သတ်မှတ်ရပေမည်။
ဝမ်လျှံသည် ရှမ့်လန်ကို လက်ညိုးထိုးကာ ပြောလိုက်၏။ “ရှမ့်လန်... မင်းမှာ ဘာပြောစရာ ရှိသေးလဲ။ ပြောလေ”
ထိုအချိန်မှာပဲ အမျိုးသမီးတစ်ယောက်သည် ရုတ်တရက် ထကာ ပြောလိုက်သည်။ “သခင်လေးရှမ့်... ကျွန်မက ရှင် ကဗျာခိုးချတယ် ဆိုတာကို မယုံကြည်ဘူး။ ရှင့်ကဗျာ ဝမ်လျှံနဲ့ တူညီနေတာက တိုက်ဆိုင်မှုတစ်ခု သက်သက်ပဲ ဖြစ်မှာပါနော်။ ရှင်က ပိုကောင်းတဲ့ ကဗျာအနည်းငယ်ကို ရေးစပ်ပြလိုက်ပါလား။ ရှင့်မှာ တကယ် အရည်အချင်း ရှိကြောင်း လူတိုင်းကို ပြလိုက်ပါ”
“ဟုတ်တယ်၊ ဟုတ်တယ်”
“ရှမ့်လန်၊ ကဗျာရေးစပ်ပြီး မင်းရဲ့ အရည်အချင်းကို သက်သေပြလိုက်”
“ဟုတ်တယ်၊ ရှမ့်လန်... ခင်ဗျား ပိုကောင်းတဲ့ ကဗျာတစ်ပုဒ်ကို ရေးစပ်ပြလိုက်ပါ၊ ကဗျာသူခိုးမဟုတ်ကြောင်း သက်သေပြလိုက်စမ်းပါ”
သို့ပေမည့် ထိုအချိန်မှာပဲ ဒုတိယအဆင့် အစိုးရအမှုထမ်း လီဝမ်ကျန့်က ပြောလိုက်သည်။ “ဒီပွဲမှာ ပညာရှိတွေ အများကြီးရှိတယ်။ အနည်းဆုံး ကျောင်းတော်သား ပညာရှိတွေလည်း ရှိတယ်။ သမက်တော် ရှမ့်လန်... တကယ်လို့ ခင်ဗျား ဆန္ဒရှိတယ်ဆိုရင် သူတို့နဲ့ ကဗျာစွမ်းရည် ယှဉ်ပြိုင်နိုင်တယ်။ ကျုပ် ခေါင်းစဉ်တစ်ခု သတ်မှတ်ပေးမယ်။ အကယ်၍ ခင်ဗျား ရေးစပ်တဲ့ ကဗျာက သူတို့ထက် သာလွန်မယ်ဆိုရင် ခင်ဗျား က ကဗျာခိုးချတဲ့ လူတစ်ယောက် လုံးဝမဟုတ်ကြောင်း သက်သေထူသလို ဖြစ်လိမ့်မယ်”
“ဟုတ်တယ်။ သခင်ကြီးလီကို ခေါင်းစဉ်သတ်မှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ပွဲလာ ကျောင်းတော်သားအားလုံးက ရှမ့်လန်နဲ့ ကဗျာယှဉ်ပြိုင်ပါ့မယ်”
ရှစ်ချင်းချင်းသည် ဤအချိန်မှာတော့ စိတ်ထဲ၌ လှုပ်ရှားသွားသည်။ သူမသည် ရှမ့်လန်ကို ရွှေဆိုးဆေးနည်း ခိုးယူသည်ဟု စွပ်စွဲခဲ့သည့်နေ့ကို ပြန်လည် သတိရသွားမိသည်။ ရှမ့်လန်သည် မိမိကိုယ်ကိုယ် သက်သေပြရန် ပိုမိုကောင်းမွန်သော အဝါရောင်ဆိုးဆေး၊ ခရမ်းရောင်ဆိုးဆေးများကို ထုတ်ပြခဲ့၏။ ယခုအခါတွင်လည်း နည်းလမ်း မတူညီသော်လည်း ရလဒ်တူညီအောင် လုပ်ပြနိုင်မည်လား မသိပေ။
သို့ပေမည့် ထိုအချိန်က ရှစ်မိသားစု၏ အစီအစဉ်ကောင်းကို ဖျက်ဆီးရန် ဝမ်လျှံဆိုသည့် မိုက်မဲသူတစ်ယောက် ရှိခဲ့သော်လည်း ယနေ့တွင်မူ ဒုတိယမြောက် ဝမ်လျှံ ရှိမည်မဟုတ်ပေ။
ပရိသတ်အားလုံးသည် ရှမ့်လန်၏ ရန်သူများ ဖြစ်သည်။ ရှမ့်လန်ကို ကဗျာရေးစပ်ခိုင်းခြင်းမှာ လူပြက်တစ်ဦးလို သဘောထားနေခြင်းသာပင်။ နောက်ဆုံးတွင် ရှမ့်လန် မည်သို့သော ကဗျာကို ရေးစပ်သည်ဖြစ်စေ၊ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်အောင် ကောင်းမွန်သည့် ကဗျာဖြစ်စေ ရှုံးနိမ့်မည်သာ ဖြစ်သည်။
ဘောလုံးပွဲတွင် သင်မည်မျှကောင်းအောင် ကန်သည်ဖြစ်စေ၊ ဒိုင်လူကြီးကို ဝယ်ယူထားနိုင်ပါက ဘာမှဖြစ်လာလိမ့်မည်မဟုတ်ပေ။ ထို့အတူ ယနေ့ညတွင် ဒိုင်လူကြီးမရှိ၊ သို့မဟုတ် ဒိုင်လူကြီးမှာ လုံးဝ ရန်သူဖြစ်ပြီး ရှမ့်လန်ကို လုံးဝ နင်းခြေသတ်ဖြတ်မည့်သူ ဖြစ်နေ၏
ဤရွှမ်ဝူမြို့စားအိမ်တော်ကို ဝိုင်းဝန်းတိုက်ခိုက်သည့် အကြိုပွဲတွင် ရောက်ရှိနေသူတိုင်းသည် လူငယ်များဖြစ်သောကြောင့် အခြေခံ စည်းမျဉ်း မလိုအပ်ပေ။
လီဝမ်ကျန့်က ပြောလိုက်သည်။ “ရှမ့်လန်.. မင်းရေးတဲ့ စာအုပ်က ‘မာယာမျဉ်းပြိုင်’ မဟုတ်လား။ အချစ်ဇာတ်လမ်းကို ခေါင်းစဉ်လုပ်ပြီး ကဗျာရေးစပ်ရင် ဘယ်လိုနေမလဲ”
“ကောင်းတယ်။ အချစ်ဇာတ်လမ်းကို ခေါင်းစဉ်လုပ်ကြစို့”
“ရှမ့်လန်.... ကဗျာရေးစပ်ပါ”
“ရှမ့်လန်.... ကဗျာရေးစပ်ပါ” ပွဲရှိ ကျောင်းတော်သားတချို့က အော်ဟစ်နေကြသည်။
ရှမ့်လန်သည် မထီမဲ့မြင် ပြုံးကာ ပြောလိုက်၏။ “ကဗျာရေးစပ်ရမယ်။ ဘာဖြစ်လို့ ကျုပ်က ကဗျာရေးစပ်ရမှာလဲ။ ခင်ဗျားတို့မှာ ကျုပ်နဲ့ ကဗျာစွမ်းရည် ယှဉ်ပြိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ”
ချက်ချင်းပဲ ထိုကျောင်းတော်သားများသည် ဒေါသထွက်သွားကြသည်။ “ကျုပ်တို့က ကျောင်းတော်သားတွေ။ မင်း ရှမ့်လန်ကတော့ ဘာဘွဲ့မှမရှိဘူး။ အရည်အချင်းကို ပြောရမယ်ဆိုရင် မင်းက ကျုပ်တို့နဲ့ တန်းတူထားဖို့ အရည်အချင်းတာ”
“ကျုပ်တို့က ခင်ဗျားကို အပြစ်ကင်းစင်ကြောင်း သက်သေပြဖို့ အခွင့်အရေးပေးတာကို တန်ဖိုးမထားဘူးလား”
“ကျုပ်တို့က စာမေးပွဲအောင်ပြီးရင် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်။ နိုင်ငံရဲ့ ဒေါက်တိုင် ဖြစ်လာနိုင်တယ်၊ မင်းပြောစမ်း၊ ကျုပ်တို့လို အရည်အချင်း မင်းမှာရှိလား”
“မင်း ရှမ့်လန်က ဘာဘွဲ့မှ မရှိဘူး၊ မိန်းမမျိုးရိုးနာမည်ယူရမယ့် သမက်တစ်ယောက်ပဲ။ မင်းမှာ ငါတို့နဲ့ ယှဉ်ပြိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ” ချက်ချင်းပဲ ကျောင်းတော်သားများ၏ မာနထောင်လွှားမှုသည် အထွတ်အထိပ်သို့ ရောက်သွားသည်။
ရှမ့်လန်သည် လှောင်ပြောင်ကာ မေးလိုက်၏။ “ခင်ဗျားတို့ထဲက ငါးယောက်မှာ တစ်ယောက်လောက် စာမေးပွဲ အောင်နိုင်ပါ့မလား။ ခင်ဗျားတို့ စာမေးပွဲအောင်ရင်တောင် ဘာဖြစ်လဲ။ အရင်ဆုံး အရပ်ဘက်အရာရှိအဖြစ် နှစ်အနည်းငယ် လုပ်ရမယ်။ ပြီးတော့ မြို့တော်ဝန်ဖြစ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမယ်။ နောက်ဆုံး အုပ်ချုပ်ရေးမှုးရာထူး ရနိုင်ရင်တောင် ဘာလုပ်နိုင်မှာပဲ။ အသက်က ဖင်ဆွေးနေလောက်ပြီ”
“အသက်ငါးဆယ်အရွယ်မှာ ခင်ဗျားတို့ ခရိုင်အုပ်ချုပ်ရေးမှုးရာထူးရရင် ဘာများထူးခြားလာမှာလဲ။ ဘယ်လို စည်းစိမ်မျိုးကို ခံစားနိုင်မှာလဲ၊ ဘယ်လိုအဆင့်အတန်းနဲ့ မိန်းမတစ်ယောက်ကို လက်ထပ်နိုင်မှာလဲ။ ဘယ်လိုအိမ်မျိုးမှာ နေနိုင်မှာလဲ။ အစေခံ ဘယ်နှစ်ယောက်လောက် ထားနိုင်မှာလဲ”
“ကျုပ်နဲ့ နှိုင်းယှဉ်လို့ ရလို့လား။ ကျုပ် ရှမ့်လန်က ဧကတစ်သောင်းကျယ်တဲ့ မြေ၊ ဧကတစ်ထောင်ကျယ်တဲ့ စံအိမ်ကြီးမှာ နေတယ်။ ဘေးမှာ အစေခံ၊ အိမ်ဖော် ဒါဇင်နဲ့ချီပြီး ရှိတယ်။ ကျုပ်ဘေးက သာမန်အိမ်ဖော်မလေး တောင်မှ တစ်ထောင်ကိုတစ်ယောက် ဆိုသလို ရှားရှားပါးပါး လှတဲ့ မိန်းမလှလေးပဲ”
“ကျုပ်ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ ပိုးထည်ဝတ်စုံက ရွှေဒင်္ဂါး ရာပေါင်းများစွာ တန်တယ်။ ကျုပ်မိန်းမက မြို့စားကြီးရဲ့ သမီးတော်၊ နုကျင်းစီရင်စု တစ်ခုလုံးမှာ အလှဆုံးမိန်းမ။ ရုပ်ရည်က အရမ်းချော။ ကိုယ်လုံးကိုယ်ပေါက်က အရမ်းလှ၊ သိုင်းပညာကလည်း အရမ်းထူးချွန်တယ်။ ကျုပ် အပြင်ထွက်တိုင်းမှာ မြင်းစီးသူရဲကောင်း ဒါဇင်နဲ့ချီပြီး လိုက်ပါစောင့်ရှောက်တယ်။ ဘယ်လောက် ခမ်းနားထည်ဝါလိုက်သလဲ”
“ခင်ဗျားတို့ တစ်ဘဝလုံး ကြိုးစားရုန်းကန်ရတဲ့ ပန်းတိုင်ဟာ ကျုပ်အတွက်တော့ အစပျိုးရုံပဲ ရှိသေးတယ်။ ခင်ဗျားတို့ တစ်သက်လုံး တောင့်တနေတဲ့အရာတွေ၊ မဟုတ်ဘူး။ ခင်ဗျားတို့ အိပ်မက်ထဲမှာတောင် မရနိုင်တဲ့အရာတွေကို ကျုပ်က အလွယ်တကူ ရရှိနိုင်တယ်။ ခင်ဗျားတို့ ပြောစမ်း။ ခင်ဗျားတို့မှာ ကျုပ်နဲ့ ယှဉ်ပြိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ”
“ခင်ဗျားတို့က ကျုပ်ရှေ့မှာ အဓိပ္ပာယ်မရှိ မာနထောင်လွှားနေသေးတယ်။ ခင်ဗျားတို့ ကျောင်းတော်သားတွေက တော်တော်ကြီးကျယ်တယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ တခြားသူတွေ အတွက် ခွေးဖြစ်ခံပြီးမှ ဒီည စေ့စပ်ပွဲကို တက်ရောက်ခွင့်ရတာ မဟုတ်လား။ ဒါပေမဲ့ ဒီပွဲက ကျုပ်အတွက် ကျင်းပနေသလိုပဲ။ ဒါကြောင့် ခင်ဗျားတို့က ကျုပ်ရှေ့မှာ ဘာမှမဟုတ်ဘူး”
ဤစကားကို ကြားရချိန်မှာတော့ ထိုကျောင်းတော်သားတို့သည် ဒေါသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်သွားကြသည်။
“ရှမ့်လန်.. မင်းက တကယ် အရှက်မရှိတဲ့ကောင်။ မိန်းမကို အမှီပြုနေရတာကိုတောင် အရှက်မဲ့ ဝင့်ဝင့်ကြွားကြွား ပြောရဲတယ် ဟုတ်လား။”
သို့ပေမည့် အဘယ်ကြောင့်မှန်းမသိ၊ ဤလူများ၏ စိတ်ထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်လာ၏။ ရှမ့်လန်၏ စကားများသည် ရိုင်းစိုင်းသော်လည်း အမှန်တရားကို တိုက်ရိုက် ထောက်ပြနေသည်။ ဤလောကကြီးသည် ဤမျှ ရက်စက်လှသည်။လောက၏ အဝမ်းနည်းဆုံးအရာမှာ ဤအရာပင်။
တစ်ဘဝလုံး ကြိုးစားအားထုတ်နေရသော အမြင့်ဆုံးပန်းတိုင်သည် တခြားသူများ၏ အစပင် ဖြစ်နေ၏။ မိမိ အသက်ကို စတေးလုနီးပါး ကြိုးစားပြီး မရနိုင်သောအရာကို တခြားသူများသည် အိပ်ရာထက်၌ လှဲလျောင်းပြီး လွယ်လင့်တကူ ရယူနိုင်သည်။
ဤအချိန်တွင် သူတို့ ရှမ့်လန်ကို ဘာပြန်ပြောရမည်နည်း။ ကျုပ်က ပြည်သူ့အကျိုး ထမ်းဆောင်ဖို့၊ ရွှဲ့နိုင်ငံတော်တိုးတက်စေဖို့ စာသင်ကြားတာဟု ပြောရမည်လား။ ပွဲတွင် စာမတတ်သူ တစ်ယောက်မှ မရှိသောကြောင့် ထိုသို့ လိမ်ညာပြောဆို၍ မဖြစ်ချေ။
… …
ထို့နောက် ရှမ့်လန်သည် ရှစ်ချင်းချင်းကို ကြည့်ကာ လှောင်ပြောင်သရော်သလို ပြောလိုက်သည်။ “ကျုပ်ကို ကဗျာမခိုးကြောင်း သက်သေပြဖို့ ပိုကောင်းတဲ့ ကဗျာတစ်ပုဒ် ရေးစပ်စေချင်တယ် ဟုတ်လား။”
ဝမ်လျှံသည် ရှမ့်လန်၏ စကားများကို ကြားချိန်မှာတော့ ချက်ချင်း ရယ်မောကာ ပြောလိုက်၏။ “ရှမ့်လန်... မင်း လျှောက်ပြောနေတာပဲ။ မင်း ငါ့ကဗျာကို ခိုးချကြောင်း ဝန်ခံလိုက်စမ်ပါ။ မင်းက စာရေးဆရာတွေအတွက် အရှက်တရားပဲ။ မင်းက ငါ့မိန်းကလေးကို လုယူရုံတင်မကဘူး၊ ငါ့ကဗျာကိုပါ ခိုးယူတယ်။ ကျင်းမူလန်... မင်း မျက်စိကန်းနေတာပဲ။ ဒီလိုမျိုး ဂုဏ်သိက္ခာမရှိတဲ့ ယောက်ျား တစ်ယောက်ကို ရွေးချယ်ခဲ့တယ်”
ဝမ်လျှံသည် ခန်းမဆောင်ထဲ၌ ရှမ့်လန်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုနေသည်။
ရှစ်ချင်းချင်းသည် စိတ်ထဲတွင် အတိုင်းမသိ ပျော်ရွှင်နေ၏။ “ရှင် ရှမ့်လန် ကဗျာမရေးစပ်တော့ ဘာဖြစ်လဲ။ လျှောက်ပြောတော့ ဘာဖြစ်လဲ။ အချက်တစ်ချက်ကိုတော့ ပြောင်းလဲလို့ မရဘူး။ ရှင် ဒီည ဒုက္ခရောက်ရမယ်”
အမှန်တကယ်ပင်ဖြစ်သည်။ လက်ရှိအခြေအနေကို ရင်ဆိုင်ရာတွင် ဖြေရှင်းနည်း မရှိသလောက်ပင်။ အကြောင်းမှာ ဒိုင်လူကြီးမရှိသောကြောင့်ပင်။ သို့မဟုတ် ဒိုင်လူကြီးသည်လည်း ကစားပွဲထဲ၌ ပါဝင် တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။
ဤအချိန်တွင် ရှမ့်လန်သည် တိတ်ဆိတ်စွာဖြင့် အရာတစ်ခုကို ထုတ်လိုက်သည်။ ကမ္ဘာ့အပြင်းထန်ဆုံး စိတ်ယောင်မှားဆေးတစ်မျိုး။ ယခင်က ရှမ့်လန်သည် မှိုတက်နေသော ကောက်နှံ ပိဿာရာပေါင်းများစွာမှ မှိုတစ်မျိုးကို အနည်းငယ် ထုတ်ယူခဲ့သည်။ အရူးကြီး၏ မိထွေးကို အနည်းငယ်သုံးခဲ့ရာ အာနိသင်မှာ အံ့ဩဖွယ် ကောင်းခဲ့သည်။ ယခု ထိုဆေးများစွာကျန်ရှိနေသေးသည်။ ထိုဆေးသည် တကယ်ကြမ်းလွန်း၏။ ဖော်စပ်သည် သူ .. ရှမ့်လန်ပင်လျှင် ခံနိုင်လိမ့်မည် မဟုတ်ပေ။
၁၉၄၂ ခုနှစ်တွင် အမေရိကန် စီအိုင်အေသည် အာရုံကြောဆိုင်ရာ ပညာရှင်ခြောက်ဦးပါဝင်သော သုတေသနအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ရာဇဝတ်ကောင်များကို ဆေးများ ကျွေးခဲ့သည်။ ရာဇဝတ်သားများ အလိုလို ဝန်ခံစေနိုင်သော “စစ်ဆေးမေးမြန်းခြင်းဆေး” ကို တီထွင်လိုကြသည်။ ၎င်းတို့သည် ဆေးများစွာကို သုံးခဲ့ကြသော်လည်း အာနိသင်မှာ ကျေနပ်ဖွယ်ရာ မဖြစ်ခဲ့ချေ။
နောက်ဆုံးတွင် ၎င်းတို့သည် ဤဆေးကို တွေ့ရှိခဲ့သည်။ ရလဒ်သည် အထက်မြက်ဆုံးသော စစ်ဆေးမေးမြန်းခြင်းဆေးဖြစ်လာခဲ့ပြီး စီအိုင်အေသည် ထိုဆေးအား အမေရိကန်စစ်တပ်၏ အဆင့်မြင့် အရာရှိတစ်ဦးအပေါ်တွင် စမ်းသပ်ခဲ့သည်။ နောက်ဆုံးမှာတော့ ထိုအရာရှိသည် အဆင့်မြင့်လျှို့ဝှက်ချက်တစ်ခုကို တိုက်ရိုက် ဝန်ခံခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ခုခံမှုကို စိုးစိမျှမပြုလုပ်နိုင်ခဲ့ပေ။
ဤအရာမှာ ဆေးပမာဏနှင့်လည်း သက်ဆိုင်သည်။ ဆေးပမာဏနည်းပါက စိတ်ထင်ယောင်ထင်မှားမှုများ ဖြစ်ပေါ်ပြီး ဝိညာဉ်တစ်ခုလုံး လွင့်မျောနေသကဲ့သို့ ခံစားရနိုင်သည်။ သို့ပေမည့် ဆေးပမာဏများပါက ဦးနှောက်တစ်ခုလုံး ထိန်းချုပ်ခံရမှာဖြစ်သည်။
ဤဆေးရှိနေသောကြောင့် ရှမ့်လန်သည် အလွန်ရိုးရှင်းပြီး ကြမ်းတမ်းသော နည်းလမ်းဖြင့် ဝမ်လျှံကို ဖြေရှင်းနိုင်၏။ မိမိကိုယ်ကိုယ် အပြစ်ကင်းစင်ကြောင်း သက်သေပြရန် ကဗျာရေးစပ်နေစရာလား။ ရယ်စရာပင်။
ဝမ်လျှံသည် ရှမ့်လန်ကို လက်ညိုးထိုးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ရှမ့်လန်.. မင်း ယောက်ျားဆိုရင် မင်းမိန်းမရှေ့မှာ၊ ပရိသတ်အားလုံးရဲ့ရှေ့မှာ ငါ့ကဗျာကို ခိုးခဲ့ကြောင်း ဝန်ခံလိုက်စမ်း”
ပြီးနောက် ဝမ်လျှံသည် ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည်။ သူသည် အမှန်တကယ် မူးမနေသော်လည်း မူးချင် ယောင်ဆောင်ရန် ကြံရွယ်ထားသည်။
ရှမ့်လန်သည် ဤစိတ်ယောင်မှားဆေးကို မူလန်အား တိတ်တဆိတ် ပေးခဲ့ပြီး စကားအနည်းငယ်ကို မှားကြားလိုက်သည်။ မူလန်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။ ပြီးနောက် အကောင်းဆုံးအခွင့်အရေးကို ရှာဖွေကာ ကျောက်စိမ်းကဲ့သို့သော လှပသော လက်ချောင်းဖြင့် ဆေးကို ငြင်သာစွာ ပစ်လွှတ်လိုက်၏။
ဤကမ္ဘာ့အပြင်းထန်ဆုံး စိတ်ယောင်မှားဆေးသည် ဝမ်လျှံ၏ ခွက်ထဲသို့ ကျရောက်သွားသည်။ ဤဆေးပမာဏမှာ အရူးကြီးမိထွေးကို ပေးခဲ့သည်ထက် အဆပေါင်းများစွာ များသည်။
ထန်ယွင်၊ နန်ကုန်းဖျင်၊ ကျင်းဝူပိုင်နှင့် အခြားသူများမှာ သိုင်းပညာရှင်များဖြစ်ကြပြီး ဤသို့သော သေးငယ်သည့် လှုပ်ရှားမှုသည် ၎င်းတို့ထံမှ ဖုံးကွယ်၍ မရနိုင်ပေ။ သို့ပေမည့် ဝမ်လျှံသည် ရှမ့်လန်နှင့် မူလန်တို့၏ ရှေ့တွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်သည် ဤပညာရှင်များ၏ အမြင်များကို ကွယ်ကာထားသည်။ ဝမ်လျှံမှာမူ စာပေပညာရှိတစ်ဦးဖြစ်ပြီး သိုင်းပညာ လုံးဝမတတ်မြောက်ရာ ခွက်ထဲသို့ ဆေးဝင်သွားသည်ကို သိနိုင်လိမ့်မည် မဟုတ်ချေ။ တခြားသူများ တိုက်တွန်းရန်ပင် မလိုဘဲ သူသည် ဝိုင်များကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေ၏။
ဝမ်လျှံသည် ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ “ရှမ့်လန်... မင်းသိလား။ ငါမင်းကို အထင်သေးတယ်။ ငါမင်းကို အထင်သေးတယ်။ လုပ်ရဲပြီး မခံရဲတဲ့ကောင်။ ရွှမ်ဝူမြို့စားစံအိမ်တော်ကတော့ သိက္ခာကျတော့မှာပဲ။ မင်းလို သမက်မျိုးကို ရှာဖွေခဲ့တာကိုး။ မင်းလို ယုတ်ညံ့တဲ့လူမျိုးနဲ့ ပေါင်းဖက်ရတာ မူလန်အတွက် ရှက်စရာပဲ”
ထို့နောက် ဝမ်လျှံသည် ထွက်ခွာသွားရန် ပြင်လိုက်သည်။ သူ၏တာဝန်သည် ပြီးမြောက်သွားပြီ ဖြစ်သည်။ ရှမ့်လန်ကို စွပ်စွဲပြောဆိုပြီးနောက် ဇာတ်တိုက်ထားသည့်အတိုင်း ထွက်ခွာရန် ကြံရွယ်လိုက်၏။ တကယ်ပင် ကျေနပ်စရာကောင်းပြီး စိတ်တစ်ခုလုံးလည်း လန်းဆန်းသွားသည်။
ရှမ့်လန်သည် ပြန်လည် ချေပရန် အခွင့်အရေး လုံးဝမရှိပေ။ ဖြစ်စဉ်တစ်ခုလုံးသည် သူသည် ဝမ်လျှံ၏ လက်ညိုးငေါက်ငေါက်ထိုးကာ အော်ဟစ် ဆဲဆိုခြင်းကိုသာ ခံခဲ့ရ၏။
မင်း ရှမ့်လန်က အရမ်းတော်တယ် မဟုတ်လား။ ဘယ်လိုဖြစ်ပြီး အခု မထက်မြက်တော့တာလဲ။ ငါ မင်းကို စွပ်စွဲတယ်။ မင်းဘယ်လိုလုပ်မလဲ။
ဝမ်လျှံသည် မိမိကိုယ်ကိုယ် အလွန်တော်သည်ဟု ခံစားနေမိသည်။ ပတ်ဝန်းကျင်ရှိ ပုံရိပ်အားလုံးသည် စတင်လည်ပတ်လာပြီး ထူးဆန်းအံ့ဩဖွယ် ဖြစ်လာ၏။ လူတိုင်း၏ မျက်နှာသည် အရိပ်ကဲ့သို့ ဖြစ်လာသည်။ လူတိုင်း၏ နှလုံးခုန်သံ၊ အသက်ရှုသံကိုပင် သူ ကြားနေရသည်။ စိတ်လှုပ်ရှားစရာပင်။
“ငါမူးသွားပြီလား။ ဒီလောက်မြန်မြန် မူးသွားပြီလား။ အရက်မူးတဲ့ ခံစားချက်က ဒီလိုမျိုးလား။ နတ်ဘုရားတစ်ပါး ဖြစ်သွားသလိုပဲ” ဤခံစားချက်သည် အလွန်အံ့ဩဖွယ်ကောင်းပြီး သူ့အား လေထဲသို့ လွင့်မျောနေစေသည်။
“ငါ… ငါ လောကသစ်ရဲ့ တံခါးကို ဖွင့်လိုက်ပြီထင်တယ်” ဤအချိန်မှာတော့ ဝမ်လျှံသည် အလွန်ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။ မူးယစ်ခြင်း၏အာနိသင်သည် အဆ တစ်ရာ တိုးလာသကဲ့သို့ပင်။ လူအချို့သည် အရက်မူးပါက လျှောက်ပြောတတ်ကြပြီး တစ်ချို့ဆိုလျှင် စိတ်ထဲရှိ လျှို့ဝှက်ချက်အားလုံးကို ပြောထွက်တတ်ကြသည်။ ယခု ဝမ်လျှံ၏ ဦးနှောက်သည် ထိုအရာများကို ခုခံကာကွယ်နိုင်မှု လုံးဝမရှိတော့ပေ။
ရှမ့်လန်က ရုတ်တရက် မေးလိုက်သည်။ “ဝမ်လျှံ.. မင်း ငါ့ကို စွပ်စွဲခဲ့တာ၊ တမင်သက်သက် အပုပ်ချခဲ့တာ။ ဟုတ်တယ် မဟုတ်လား”
“ဟုတ်တယ်”
ဝမ်လျှံ၏ အသံသည် တုန်ယင်လျက်ရှိ၏။ “ရှမ့်လန်... ငါ မင်းကို အပုပ်ချခဲ့တာ”
ဤစကားသည် ပရိသတ်အားလုံးကို တုန်လှုပ်သွားစေသည်။ အားလုံးတို့သည် မည်သို့တုံ့ပြန်ရမည်ကိုပင် မသိ ဖြစ်သွားကြသည်။ လူအားလုံးနီးပါးသည် ဝမ်လျှံတစ်ယောက် ရှမ့်လန်အား တမင် ဒုက္ခပေးခဲ့ခြင်း ဖြစ်ကြောင်း သိကြသော်လည်း ယခု ဝမ်လျှ့သည် ၎င်း၏ပါးစပ်မှ ကိုယ်တိုင် ဝန်ခံနေလေသည်။
ရှမ့်လန်က ထပ်မေး၏။ “ငါ မင်းရဲ့ကဗျာကို ခိုးချခဲ့တာလား”
“မဟုတ်ဘူး”
ဝမ်လျှံက ပြုံးကာ ပြောလိုက်သည်။ “ငါ အဲဒီကဗျာကို မရေးခဲ့ဘူ။ အမှန်တရား ပြောပြရမှာ ငါ မကြောက်ဘူး။ အဲဒီကဗျာက အရမ်းတိုပြီး စာလုံး ၁၆ လုံးပဲရှိပေမယ့် အရမ်းကောင်းတယ်၊ ငါရေးနိုင်တဲ့ ကဗျာမျိုး မဟုတ်ဘူး”
ရှမ့်လန်က မေးလိုက်၏။ “ဒါဆို ဘယ်သူက မင်းကို ငါ့ကို စွပ်စွဲခိုင်းတာလဲ။ ငါ့ကို အပုပ်ချခိုင်းတာလဲ”
ချက်ချင်းပင် ကျန်းကျင်းသည် ထရပ်ကာ တားဆီးလိုက်သည်။ “သခင်လေးဝမ်လျှံ.. ခင်ဗျား မူးနေပြီ”
“လာစမ်း။ သခင်လေးဝမ်လျှံကို သွားနားခိုင်းလိုက်” ကျန်းကျင်းက အမိန့်ပေးလိုက်သည်။ ချက်ချင်းပဲ အမှုထမ်းနှစ်ဦး ရောက်လာပြီး ဝမ်လျှံကို အတင်းအကျပ် ခေါ်ဆောင်သွားရန် ပြင်လိုက်၏။
မူလန်သည် မည်သည့်စကားမှ မပြောဘဲ ခါးပတ်မှ ဓားပျော့တစ်ချောင်းကို ဆွဲထုတ်ကာ စားပွဲပေါ်တွင် တင်ထားလိုက်သည်။ “ရှင်တို့မှာ စည်းမရှိရင်၊ ကျွန်မတို့မှာလည်း စည်းမရှိဘူး။”
မူလန်သည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ရှင်တို့ ကျွန်မယောက်ျားကို ကြိုက်သလို စွပ်စွဲနိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့ကလည်း ပြန်ပြီး တုံ့ပြန်နိုင်တယ် ဆိုတာ မမေ့နဲ့။ တကယ်လို့ ပြန်လည်တုံ့ပြန်ခွင့် မပြုဘူး ဆိုရင်တော့ ကျွန်မကို စတင်တိုက်ခိုက်တယ်လို့ အပြစ်မတင်နဲ့”
မည်သူက ဝမ်လျှံကို ခေါ်ဆောင်သွားရဲသနည်း၊ မူလန်၏ ဓားသည် မည်သူ၏လက်ကို မဆို ဖြတ်တောက်ရဲသည်။
ရှမ့်လန်က ပြောလိုက်၏။ “ဝမ်လျှံ၊ ဘယ်သူက ငါ့ကို စွပ်စွဲခိုင်းတာလဲ”
ဝမ်လျှံက ပြောလိုက်သည်။ “မြို့တော်ဝန် လျှိုဝူယမ်”
လျှိုဝူယမ်၏ မျက်နှာသည် ပျက်ရွင်းသွားသည်။ ၎င်းသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဝမ်လျှံ.. လျှောက်မပြောနဲ့။ ပေါက်ကရတွေ မပြောနဲ့။ မင်းမူးနေပြီ”
ဝမ်လျှံသည် လောကသစ်တစ်ခုသို့ လုံးဝ ရောက်ရှိနေပြီး လွန်စိတ်လှုပ်ရှားနေသည်။ “ငါပျံသန်းရမယ်၊ ငါပျံသန်းရမယ်”
သူသည် သူ၏အဝတ်အစားများကို ချွတ်ကာ မြို့တော်ဝန် လျှိုဝူယမ်ကို ဖင်ကော့ပြလိုက်သည်။
“ခင်ဗျားပဲ လျှိုဝူယန်... ခင်ဗျားပဲ ကျုပ်ကို စွပ်စွဲခိုင်းတာ။ ခင်ဗျားက ကျုပ်ကို နေ့တိုင်း အော်ဟစ်အမိန့်ပေးတယ်၊ ဗိုလ်ကျတယ်။ ခင်ဗျားသိလား။ ကျုပ်က ခင်ဗျားကို နွားလုပ်ခိုင်းထားတယ်။ ကျုပ် ခင်ဗျားရဲ့ မယားငယ်နဲ့ အတူအိပ်ခဲ့တယ်။ ရှစ်ကြိမ်၊ ရှစ်ကြိမ်တောင်၊ ဟား ဟား။ ခင်ဗျားရဲ့ မယားငယ်က ခင်ဗျားမကောင်းဘူးလို့ ပြောတယ်။ အသက်သုံးရှိုက်စာတောင် မကြာဘူးလို့ ပြောတယ်။ ဟား ဟား ဟား ....”