အခန်း (၉၈)
Vol. 8 Ch. 98
ဤစကားကို ကြားလိုက်ရသည့်အချိန်မှာတော့ ရွှေပွဲလာဧည့်သည်တော်အားလုံးတို့၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် ရယ်ချင်သလို ဖြစ်လို့နေသည်။
“မြို့တော်ဝန်လျှို... ခင်ဗျားလို ပုဂ္ဂိုလ်ကြီးက သုံးစက္ကန့်တောင် မကြာဘူးဆိုတာ လွန်တာပေါ့”
မြို့တော်ဝန် လျှိုဝူယမ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါလာသည်။ သူ၏ဘဝတွင် အရှက်အရဆုံး အခိုက်အတန့်ပင် ဖြစ်ပေသည်။ ယောကျ်ားတစ်ယောက်အတွက် အကြောက်ရဆုံး အရာသည် အခြားသူများ၏ မုန်းတီးသော သို့မဟုတ် မထီမဲ့မြင်ပြုသော အကြည့်များ မဟုတ်ပေ။ အခြားသူများ၏ သနားကြင်နာသော အကြည့်ပင်တည်း။
ခင်ဗျားက သုံးစက္ကန့်ပဲကြားတဲ့ ယောကျ်ားလား။ ကိုယ့်မိန်းမ သူများနဲ့ဖောက်ပြန်တာတောင် မသိတဲ့လူ၊ တကယ့်ကို သနားစရာပဲ။
မြို့တော်ဝန် လျှိုဝူယမ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဝမ်လျှံ.. မင်း အရက်မူးနေပြီ။ မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့”
“လာကြစမ်း၊ ဝမ်လျှံကို ဆွဲထုတ်သွားကြစမ်း။” လျှိုဝူယမ်က အမိန့်ပေးလိုက်၏။
ထိုနောက် မြို့တော်ဝန်အိမ်တော်မှ စစ်သည်နှစ်ယောက်သည် ရှေ့သို့ထွက်လာပြီး ဝမ်လျှံ့ကို ဆွဲထုတ်ရန် ကြိုးစားကြသည်။ သို့ပေမည့် ကျင်းဝေနှင့် မြို့စားကြီးအိမ်တော်မှ အခြားစစ်သည်များသည် ရှေ့သို့တက်၍ တားဆီးလိုက်ကြသည်။
“လမ်းဖယ်” မြို့တော်ဝန်အိမ်တော်မှ စစ်သည်တစ်ဦးက ပြောလိုက်၏။
“မဖယ်နိုင်ဘူး။ အခုမှ ဇာတ်လမ်းကောင်းကောင်း နားထောင်ရတာ” ကျင်းဝေနှင့် အခြားသူများသည် ဓားများကို ဆွဲထုတ်လိုက်ကြသည်။ တင်းမာမှုတို့သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ရှမ့်လန်က ဆက်မေးလိုက်၏။ “ဝမ်လျှံ... မင်း ဒီအဖြေလွှာကို ဘယ်လို အတုလုပ်ခဲ့တာလဲ။ ဒါက လွန်ခဲ့တဲ့ ရှစ်နှစ်က ခရိုင်စာမေးပွဲရဲ့ အဖြေလွှာအစစ်ဆိုတာ ထင်ရှားနေတာပဲ။ ဘာဖြစ်လို့ ငါ့ကဗျာက အထဲမှာ ပါနေရတာလဲ”
“ဟား ဟား ဟား......”
ဝမ်လျှံက ရယ်မောရင်း ပြောလိုက်သည်။ “ကျုပ်က စာတမ်းအဟောင်းတွေထဲကနေ ဒီကဗျာမှာပါတဲ့ စာလုံး ၁၆ လုံးကို တစ်လုံးချင်းစီ ရှာခဲ့တယ်။ ပြီးတော့ အတော်ဆုံး ပညာရှင်ကိုခေါ်ပြီး အဲဒီစာလုံးတွေကို ခွာထုတ်ပြီး စာရွက်ပေါ်မှာ ကပ်ခိုင်းခဲ့တယ်။ ပြီးတော့ စာရွက်ရဲ့အပေါ်ဆုံးမှာ အလွန်ပါးလွှာတဲ့ စက္ကူတစ်ရွက်ကို ထပ်ကပ်ခိုင်းခဲ့တယ်။ မင်းသိလား၊ အပေါ်ဆုံးက စက္ကူလွှာကလည်း လွန်ခဲ့တဲ့ ရှစ်နှစ်က စာတမ်းဟောင်းကနေ ခွာထုတ်ထားတာပဲ။ အားလုံးပြီးသွားတော့ မီးညွှန့်ရဲ့အထက် နှစ်ပေအကွာလောက်မှာ နာရီပေါင်းများစွာ အပူပေးလိုက်တယ်။ အရာအားလုံးက အောင်မြင်သွားတာပဲ”
ဝမ်လျှံသည် ဤသို့ပြောဆိုနေရင်းမှ လုံးဝရပ်တန့်နိုင်ခြင်း မရှိတော့ပေ။
“မင်းသိလား။ အဲလိုလုပ်တာကိုမြင်ရတုန်းက အရမ်းအံ့ဩသွားတယ်။ အစစ်နဲ့အတုကို ဒီလိုမျိုး ခွဲခြားမရအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ရှမ့်လန် .... မင်းက ငါ့ထောင်ချောက်ထဲမှာ အရှင်လတ်လတ် သေရမှာ။ ဟား ဟား ဟား”
ရှမ့်လန်က မေးလိုက်၏။ “မင်း ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”
ဝမ်လျှံက ပြောလိုက်သည်။ “ငါက ရွှမ်ဝူမြို့စားကြီးအိမ်တော်ကို သမက်တော်အဖြစ် ဝင်ချင်ခဲ့တာ။ ပြီးရင် ငါ့ဦးလေး ရှစ်ဝမ်ကျောင်းနဲ့အတူ မြို့စားကြီးအိမ်တော်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပူးတွဲပိုင်ဆိုင်ချင်ခဲ့တာ။ ရွှမ်ဝူမြို့စားကြီး သေသွားတဲ့အခါ ငါတို့က အသုံးမကျတဲ့ ကျင်းမူကုန်းကို ဖယ်ရှားမယ်။ နောက်ပိုင်းမှာ ငါ့သားက ရွှမ်ဝူမြို့စားအသစ် ဖြစ်လာလိမ့်မယ်”
“ဒါပေမဲ့ မင်း... ရှမ့်လန်က တစ်လှမ်းဦးသွားပြီး ငါ့ဦးလေး ရှစ်ဝမ်ကျောင်းကိုတောင် သတ်ပစ်ခဲ့တယ်။ ငါ လက်စားချေရမှာပေါ့။ ပြီးတော့ သူတို့တွေက ငါ့ကို ကတိပေးထားတယ်။ ငါသာ မင်းကို ဒုက္ခပေးနိုင်ခဲ့ရင် သူတို့ရဲ့ မူဝါဒအသစ် အဖွဲ့တင်ထဲ ငါ့ကို လက်ခံမယ်တဲ့။ နောက်တစ်ကြိမ် နန်းတွင်းစာမေးပွဲဖြေရင်တောင် ဒီအဖွဲ့က ငါ့ကို ကူညီမယ်လို့ ပြောထားတယ်”
ထို့နောက် ဝမ်လျှံသည် စကားလုံးများဖြင့် ပြောရခြင်းကို မကျေနပ်နိုင်တော့သည့်အလားပင်။ အဖြေလွှာစာရွက်ကို `ဖြောင်းခနဲ´ ဆွဲဖြဲလိုက်ပြီး အပေါ်ယံရှိ ပါးလွှာသော စက္ကူလွှာကို ဆွဲခွာလိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများဖြင့် စာရွက်ပေါ်မှ စာလုံးများကို ကုတ်ခြစ်ဖယ်ရှားလိုက်၏။
အမှန်ပင်... `ကောင်းမှုကောင်းကျိုး၊ မကောင်းမှုမကောင်းကျိုး။ တရားမျှတမှုကွန်ရက်တော်ကား ကျယ်ပြော လှသော်ငြား မလွတ်တမ်း ဖမ်းအုပ်ထား၏´ ဟူသော စာလုံး (၁၆) လုံးသည် အလွယ်တကူပင် ကွာသွားလေသည်။
“မင်းတို့ မြင်လား၊ ကွာသွားပြီ၊ ကွာသွားပြီ။ ရှမ့်လန်... ကျန်းကျင်းက မင်းကို အသေသတ်ဖို့ အကွက်ချထားပြီးပြီ။ မင်း မကြာခင် မင်း သေရတော့မှာ။ မူလန် .... မင်းငါ့ကို လက်ထပ်ပါ၊ ငါ့ကို လက်ထပ်ပါ” ဝမ်လျှံသည် အလွန် ပျော်ရွှင်မြူးတူးနေလေ၏။
သို့ပေမည့် ပွဲအတွင်းရှိ လူများမှာမူ မျက်နှာလွှဲလိုက်မိကြသည်။ ဆက်လက် ကြည့်ရှုရန်ပင် မစွမ်းတော့ချေ။ ဤမြင်ကွင်းသည် ဆိုးရွားလွန်းလှသည်။ ဝမ်လျှံသည် ရှိသမျှ အကြောင်းအရာအားလုံးကို ဖော်ကောင် လုပ်နေသည် သာမက ပုံဆိုးပန်းဆိုးဖြင့် ကခုန်လျက်လည်း ရှိသေးသည်။
ရှမ့်လန်မှာမူ မည်သည့်စကားမျှ မဆိုတော့ပေ။
စိတ်ကယောင်ခြောက်ခြား ဖြစ်နေသော ဝမ်လျှံသည် အလွန်ပင် အထီးကျန်နေပုံရသည်။ ထို့နောက် သူသည် ခန်းမဆောင်အတွင်း၌ ကိုယ်ဗလာဖြင့် ပြေးလွှားနေလေသည်။ လေထဲတွင် ယိမ်းထိုးနေသော ငှက်ငယ်လေးပမာပင် သူ၏ ဖွားဖက်တော်သည် သေးငယ်လှ၏။
ထိုမြင်ကွင်းကြောင့် ပွဲအတွင်းရှိ အမျိုးသမီးများသည် အဆက်မပြတ် အော်ဟစ်မိကြသည်။ ဤသည်မှာ ဝမ်လျှံ ကိုယ်ဗလာဖြင့် ပြေးလွှားနေသောကြောင့်သာ ဖြစ်သည်။ အကယ်၍ ရှမ့်လန်သာဆိုလျှင် ဤအမျိုးသမီးများသည် လျှာကိုပင် သပ်မိကြပေလိမ့်မည်။
ကျန်းကျင်းသည် လူလွှတ်၍ တားဆီးရန် ကြံရွယ်သော်လည်း ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဝမ်လျှံ့အား လွှတ်ထားရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်လျှံသည် ပို၍ရူးသွပ်လေလေ၊ သူပြောခဲ့သော စကားများကို ယုံကြည်နိုင်စရာ အကြောင်းမရှိလေလေ ဖြစ်သောကြောင့်ပင်။
အရက်မူးနေသော အရူးတစ်ယောက်၏ စကားများသည် ယုံကြည်စရာ တစ်စက်တစ်လေမှ မရှိပေ။ သို့ပေမည့် သူ ရှမ့်လန့်အား အပုပ်ချခဲ့သည့်အဖြစ်မှာတော့ အတည်ဖြစ်သွားခဲ့ပြီ။ အဘယ်ကြောင့်ဆိုသော် ဝမ်လျှံသည် ထိုစာလုံး ၁၆ လုံးကို ကိုယ်တိုင် ကုတ်ခြစ်ဖယ်ရှားခဲ့သောကြောင့် ဖြစ်သည်။
သို့ရာတွင် လျှိုဝူယမ်သည် ရှမ့်လန်အား အပုပ်ချရန် စေခိုင်းခဲ့ကြောင်း ပြောစကားများ၊ မူဝါဒအသစ်ကို ယုံကြည်သူများ စသည်တို့သည် ... ဤစကားများသည် လုံးဝ ယောင်ယမ်းကာ ပြောဆိုခြင်းဟု သတ်မှတ်နိုင်၏။
ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့၏ စိတ်ထဲ၌ မကျေမချမ်းမှုများ တဖန် ပြန်လည် ပေါ်ပေါက်လာသည်။ ရှမ့်လန် တကယ်ပဲ ဘာလုပ်လိုက်သနည်း။ သရဲ တစ္ဆေ ၊ မှော်ဆရာ ကဲ့သို့ပင်။ ဝမ်လျှံအား ရုတ်တရက် ဉာဏ်ရည်မဲ့သွားသည့်အလား ရူးသွပ်သွားစေပြီး ၎င်း၏ဦးနှောက်ထဲရှိ အမှန်တရားအားလုံးကို ဖွင့်ဟ ဝန်ခံစေခဲ့သည်။ ဤနည်းလမ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤအချိန်မှာတော့ ကျန်းကျင်းသည် ရှမ့်လန်က ဝမ်လျှံသောက်သော အရက်ထဲသို့ ဆေးခတ်လိုက်သည်ဟု သံသယဝင်မိ၏။ သို့ပေမည့် ထိုသို့ဆိုလျှင်ပင် အခြေအနေကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။ ကျန်းကျင်းသည် မျက်လုံးများကို မှိတ်ပြီး မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းကြိုးစားလိုက်၏။
ဤအကွက်သည် ရှမ့်လန်၏ ဂုဏ်သတင်းကို ညစ်ညမ်းစေရန်၊ ‘မာယာမျဉ်းပြိုင်’ စာအုပ်၏ ကျော်ကြားမှုကို ဖျက်ဆီးရန်နှင့် လူတိုင်း၏အာရုံကို ရှမ့်လန်၏ ကဗျာခိုးချသည့်အမှုဆီရောင်အောင် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား အရာမထင်တော့သဖြင့် ဒေါသနှင့် မကျေနပ်မှုများ ခံစားနေရသည်မှာ သဘာဝကျလှသည်။ သို့ပေမည့် ဤသည်မှာ အခြေအနေအရပ်ရပ်ကို ထိခိုက်ခြင်း မရှိသေးပေ။
အမှန်တကယ် သေစေနိုင်သော ထိုးနှက်ချက်သည် နောက်ကွယ်၌ ရှိနေသေးကြောင်း မမေ့သင့်ပေ။ ထိုအရာကသာ ရှမ့်လန်နှင့် ရွှမ်ဝူမြို့စားကြီးအိမ်တော်ကို အပြင်းထန်ဆုံး ထိုးနှက်နိုင်မှာ ဖြစ်သည်။ သူ၏ ဖခင်သည် သူ့အား အကြိမ်ကြိမ်သတိပေးခဲ့သည်။ အချိန်မဆွဲရန် နှင့် ဗျူဟာတစ်ခု မအောင်မြင်လျှင် ချက်ချင်း လက်လျှော့ပြီး နောက်တစ်ဆင့်သို့ ကူးပြောင်းရန် ဖြစ်သည်။
......
“သမက်တော်ရှမ့်လန်... ခင်ဗျား ဝမ်လျှံကို ဘာများမေးစရာ ရှိသေးပါသလဲ” ကျန်းကျင်းက မေးလိုက်၏။
ရှမ့်လန်က ခေါင်းခါပြရင်း ပြောလိုက်သည်။ “မရှိတော့ပါဘူး”
ကျန်းကျင်းက မုန်းတီးစွာ ပြောလိုက်၏။ “ဒီဝမ်လျှံဟာ ခင်ဗျားကို လက်စားချေဖို့အတွက် ဒီလောက် ယုတ်မာ ရိုင်းစိုင်းတဲ့နည်းလမ်းကို သုံးလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ခင်ဗျားရဲ့ခေါင်းပေါ်ကို ကဗျာခိုးချတဲ့အပြစ် ပုံချဖို့ ကြိုးစားခဲ့တယ်။ အခုတော့ အားလုံး အမှန်တရား ပေါ်လွင်သွားပြီ”
ရှမ့်လန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤကျန်းကျင်းသည် လျင်မြန်စွာ တိုးတက်လာသည် မျက်နှာပြောင်တိုက်သည့် အတတ်ပညာ၌ ပိုပို၍ ပေါက်မြောက်လာသည်။ သို့ပေမည့် ဤအချိန်၌ သူသည်လည်း အံကြိတ်၍ ဤအချက်အလက်ကို လက်ခံရပေမည်။ အားကောင်းသော ပြိုင်ဘက်သည် လူကို တိုးတက်စေသည့် သော့ချက်ပင်တည်း။ ရှမ့်လန်ရှိနေသောကြောင့် ကျန်းကျင်း၏ အဆင့်အတန်းသည် လျင်မြန်စွာ တိုးတက် လာသည်ဟု ဆိုနိုင်သည်။
ကျန်းကျင်းက ပြောလိုက်၏။ “ရှမ့်လန်.. ဝမ်လျှံက ခင်ဗျားကို ဒီလို အပုပ်ချပြီး ခင်ဗျားရေးတဲ့ကဗျာကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ မြို့တော်ဝန်လျှိုဝူယမ်..ရွှဲ့တိုင်းပြည်ရဲ့ ဥပဒေအရ ဝမ်လျှံကို ဘယ်လို အရေးယူသင့်ပါသလဲ”
မြို့တော်ဝန်လျှိုဝူယမ်က ပြောလိုက်သည်။ “ပြည်နယ်ပညာရေးမှူးကို တိုင်ကြားပြီး ဝမ်လျှံရဲ့ ပညာသင်ဆုကို ရုပ်သိမ်းမယ်။ ပြီးတော့ ဒဏ်ငွေ နှစ်ဆယ် ပေးဆောင်စေပြီး နစ်နာသူ ရှမ့်လန်ကို ပေးအပ်မယ်”
ပြီးနောက် ကျန်းကျင်းက မေးလိုက်၏။ “သမက်တော်ရှမ့်လန်... ဒီလိုအရေးယူတာကို ခင်ဗျား ကျေနပ်ပါရဲ့လား”
“ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ်” ရှမ့်လန်က ပြောလိုက်သည်။
ကျန်းကျင်းက ပြောလိုက်၏။ “ကျုပ် ဝမ်လျှံကို အရင်ဆုံး အိမ်ပြန်ပို့ပြီး အရက်မူးပြယ်အောင် လုပ်ခိုင်း လိုက်ပါ့မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပါပြီ”
ချက်ချင်းပင် စစ်သည်တော်နှစ်ဦးသည် ရှေ့ထွက်လာပြီး ဖွားဖက်တော်လေး ယိမ်းနွဲ့ကာ ပြေးလွှားနေသော ဝမ်လျှံ အား ဆွဲခေါ်သွားကြသည်။ သူတို့သည် ဝမ်လျှံ့အား အိမ်သို့ ပြန်ပို့မည် မဟုတ်ဘဲ လျှို့ဝှက်သော နေရာတစ်ခုသို့ ခေါ်ဆောင်သွားကြမည်မှာ သေချာသည်။ သို့ပေမည့် သုံးလီခန့်အကွာသို့ ရောက်သောအခါ အနက်ရောင်ဝတ်စုံနှင့် ကျွမ်းကျင်သူအချို့ ပေါ်ထွက်လာပြီး ဝမ်လျှံအား လုယူသွားကြ၏။
ရှမ့်လန်သည် ၎င်းအား လွယ်လွယ်ကူကူ သေခွင့်ပေးမည်လော။ သူသည် ဝမ်လျှံအား အရှက်ရဖွယ် အကောင်းဆုံးနှင့် အကြမ်းကြုတ်ဆုံးသော သေနည်းကို ရွေးချယ်ပေးရပေမည်။
ငါ့ကို ကဗျာခိုးချတယ်လို့ စွပ်စွဲတာ အရေးမကြီးဘူး။ ငါက မင်းရဲ့ လက်နဲ့ခြေထောက်တွေကိုသာ ချိုးပစ်ရုံပဲ လုပ်မိမှာ။ ဒါပေမဲ့ ငါ့မိန်းမရဲ့ သန့်ရှင်းစင်ကြယ်မှုကို စော်ကားပြီး ငါ့ကို နွားလိုပြောခဲ့တယ်မဟုတ်လား။ မင်းက ဒီလောကမှာ ကြောက်စရာအကောင်းဆုံးနှင့် အဆိုးရွားဆုံးသော သေခြင်းတရားကို လက်ခံရတော့မယ်။
......
စားသောက်ပွဲခန်းမအတွင်း ကျန်းကျင်းသည် ကျယ်လောင်စွာ ပြောလိုက်သည်။ “ဒီည စားသောက်ပွဲမှာ ဝမ်လျှံလို ယုတ်မာတဲ့လူကို ဖိတ်ခေါ်မိတဲ့အတွက် ရှမ့်လန်ကို ကျုပ် တောင်းပန်ရပါမယ်။ ဒီနေရာမှာ ကျုပ် ရှမ့်လန်အတွက် နာမည် ပြန်လည် ရှင်းလင်းပေးချင်ပါတယ်။ ဒီစာလုံး ၁၆ လုံးပါ ကဗျာဟာ အမှန်တကယ်ပဲ ရှမ့်လန် ရေးစပ်ခဲ့တာပါ။ တကယ့်ကို အံဩဖို့ကောင်းတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ”
ရှမ့်လန်သည် ပြုံး၍ပြောလိုက်၏။ “ကျန်းကျင်း.. ဒါဆိုရင် ကျုပ်မှာ တကယ်ပဲ ကဗျာစပ်နိုင်တဲ့ အရည်အချင်း နည်းနည်းရှိတယ်လို့ ဝန်ခံလိုက်တာလား”
ကျန်းကျင်းသည် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသော်လည်း ပြုံးကာ ပြောလိုက်သည်။ “သမက်တော် ရှမ့်လန်မှာ အရည်အချင်းရှိတာပေါ့။ ဒီကဗျာက သက်သေပါပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ဆရာကြီး လီဝမ်ကျန့်... ခင်ဗျားက ကျုပ်ကို အချစ်အကြောင်း ကဗျာတစ်ပုဒ် စပ်ခိုင်းပြီး ပညာရှင်တွေနဲ့ ယှဉ်ပြိုင်ခိုင်းခဲ့တယ်။ ကျုပ် ငြင်းဆိုခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျုပ်နဲ့ ကဗျာပြိုင်ဖို့ မထိုက်တန်ဘူးလို့ ထင်လို့ပဲ။ အခုတော့ ကျုပ် စဉ်းစားမိတာက......”
လူအများအံ့ဩသွားကြသည်။ ရှမ့်လန်.. မင်း ဘဝင်မြင့်လှချည်လား။
ရှမ့်လန်က ပြောလိုက်၏။ “အခု ကျုပ် စဉ်းစားမိတာက... သူတို့က မထိုက်တန်ရုံတင် မဟုတ်ဘူး။ ဘောင်ကို မဝင်တာ”
ကျောင်းတော်သားများသည် ဒေါသတကြီး လှည့်ကြည့်လိုက်ကြသည်။ “ရှမ့်လန်.. ခွေးသူတောင်းစား”
သို့ပေမည့် သူတို့သည် ဒေါသထွက်သော်လည်း မပြောရဲကြပေ။ ရှမ့်လန် ဝမ်လျှံအား ပြုမူခဲ့ပုံသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်း၏နည်းလမ်းသည် ဆန်းကြယ်ပြီး ဝမ်လျှံအား မည်သို့ ရူးသွပ်သွားစေကာ လျှို့ဝှက်ချက်အားလုံးကို ဖွင့်ဟဝန်ခံစေခဲ့ကြောင်း သူတို့ မသိကြပေ။ ထို့အပြင် ဝမ်လျှံသည် ဂွေးတန်းလန်းဖြင့် ပြေးခဲ့သေး၏။
လောကကြီးတွင် လျှို့ဝှက်ချက် မရှိသောသူ မည်သူ ရှိမည်နည်း။ ဤနေရာရှိ ကျောင်းတော်သားများတွင်လည်း ပြန်လည် မတွေးဝံ့သော၊ ပြန်လည် မပြောပြဝံ့သော အတိတ်များ ရှိကြသည်။ ဥပမာအားဖြင့် တချို့သည် ၎င်းတို့၏မရီးကို ခိုးစားခဲ့ဖူးသည်။ အခြားဥပမာတစ်ခုကို ညွှန်းပြရလျှင် တချို့ကျောင်းတော်သားများသည် စာမေးပွဲအောင်ရန်အတွက် မိမိ၏ ဂုဏ်သိက္ခာကို ပေါင်နှံခဲ့ဖူးသည်။
အကယ်၍ ဤလျှို့ဝှက်ချက်များအားလုံး မိမိကိုယ်တိုင် ဖွင့်ဟဝန်ခံမိပါက နောက်ဆက်လက် ရှင်သန်ရမည့်ဘဝသည် ပျော်စရာကောင်းတော့မည် မဟုတ်ချေ။ ထို့ကြောင့် ကျောင်းတော်သားများသည် တိတ်ဆိတ် ငြိမ်သက်သွားပြီး ရှမ့်လန့်အား မထိပါးရဲကြတော့ပေ။
ရှမ့်လန်က ဆက်ပြော၏။ “ဒါပေမဲ့ အရာရှိ လီဝမ်ကျန့်က ခေါင်းစဉ်ပေးထားမှတော့ ကျုပ် ကဗျာတစ်ပုဒ် မစပ်ဘူးဆိုရင် မသင့်တော်ဘူး။ ကျုပ်ရဲ့ ပညာဂုဏ်သတင်းကိုလည်း ထိခိုက်နိုင်တယ်။ အားလုံး နားထောင်ကြပါ။ ကျုပ် ကဗျာစပ်မယ်”
ရှမ့်လန်သည် ခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။ “ဒါဆိုရင် ကျုပ်ရဲ့ အရည်အချင်းကို ပြတော့မယ်။ ခေါင်းစဉ်က အချစ်ဇာတ်လမ်း”
ရှမ့်လန်သည် ဝိုင်ခွက်ကို ကိုင်မြှောက်လိုက်ပြီး အပြင်ဘက်ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ပုံစံသည် စာပေပညာရှင်ကြီးတစ်ဦး၏ အမူအရာအတိုင်းပင်။ လူများသည် မျှော်လင့်တကြီးနှင့် စောင့်မျှော်နေကြ၏။
ဤညသည် ရှမ့်လန့်အား ဝိုင်းဝန်းတိုက်ခိုက်ရန် ဖြစ်သော်လည်း ကဗျာကောင်းတစ်ပုဒ်ကို နားဆင်ရလျှင်လည်း အပြစ်ဆိုမည် မဟုတ်ပေ။ သို့ပေမည့် နားထောင်ပြီးလျှင် ပြီးသွားမည်သာ။ ရှမ့်လန့် နာမည်ကြီးလာဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။
ရှမ့်လန်သည် မျက်လုံးများကို မှိတ်ပြီး ကဗျာရွတ်ဆိုလိုက်သည်။ သူ၏အသံသည် တည်ကြည်လေးနက်ပြီး ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“သခင်များ မလိုချင်သည့်၊
စီးဆင်းကျလာ နီစွေးရေစင်။
တစ်ခါတိမ်၊ တစ်ခါနက်၊ တစ်ခါပေါ်၊ တစ်ခါမြုပ်။
မျက်နှာထက်တွင် အပြုံးတစ်ဝက်၊ မျက်ခုံးထက်တွင် အငိုတစ်ဝက်။
ငါချစ်သောချင်းချင်း၊ ကာမစည်းစိမ် အဆုံးမဲ့တကား”
(ဤကဗျာသည် `ကမ္ဘာမြေ၏ ကာမသျှတ္တရမဟာကျမ်း´ မှ ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်)
......
ဤကဗျာကို ကြားရချိန်မှာတော့ ပရိသတ်များသည် မိမိတို့၏ နားကိုပင် မယုံနိုင်သလို ဖြစ်သွားကြသည်။ အထူးသဖြင့် ခန်းမအတွင်းရှိ အမျိုးသမီးများပင်။ ၎င်းတို့သည် နားရွက်များ နီရဲလာပြီး တစ်ကိုယ်လုံး ပူလောင် ခြောက်သွေ့လာသလို ခံစားမိကြသည်။
ရှမ့်လန်.. မင်းက တကယ့်ကို ယုတ်မာတဲ့ကောင်ပဲ။ မင်းရေးတဲ့ကဗျာက ဒီလောက်တောင် ညစ်ညမ်းရသလား။
သို့ပေမည့် ရှစ်ချင်းချင်းနှင့် ကျန်းကျင်းတို့သည် ထိုကဗျာကိုကြားရပြီးနောက် တစ်ကိုယ်လုံး ပေါက်ကွဲထွက်မတတ် ဖြစ်သွားကြ၏။
ငါ မင်းကို သတ်မယ်၊ မင်းကို သတ်မယ်။
ဤကဗျာသည် ဘာကို ရည်ညွှန်းထားသနည်း။ ရှစ်ချင်းချင်းသည် ရာသီလာနေသော်လည်း ရှမ့်လန်နှင့် အတူ အချစ်နယ်ကျွံခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
မင်းက ခုနက ငါ့ကို ဒုက္ခပေးဖို့ ပြည့်တန်ဆာတစ်ယောက်ကို ရှာခဲ့တာ မဟုတ်လား။ ငါလည်း မင်းကို ကောင်းကောင်း ဒုက္ခပေးပြမယ်။
ကဗျာကို ရွတ်ဆိုပြီးနောက် ရှမ့်လန်က ပြောလိုက်၏။ “ဘာလို့ လက်ခုပ်သံ မကြားရတာလဲ။ ကျုပ်ကဗျာက မကောင်းလို့လား”
ထို့နောက် ရှမ့်လန်သည် ရှစ်ချင်းချင်းအား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ချင်းချင်း ကျုပ်တို့ လမ်းခွဲခဲ့ကြပေမဲ့ ဒီကဗျာကို မင်းအတွက် ပေးချင်တယ်။ ကျုပ်က မင်းအတွက် ကဗျာရေးပေးနိုင်ရုံတင် မဟုတ်ဘူး။ မင်းအတွက် သီချင်းလည်း ဆိုပြနိုင်တယ်”
ထို့နောက် ရှမ့်လန်သည် လွမ်းမောဖွယ်ကောင်းသော အသံဖြင့် သီချင်းစတင်ဆိုလေ၏။
“ချင်းချင်း......”
“မင်းဟာ ကိုယ့်ရဲ့ ရင်ထဲကလူ”
“နှင်းဆီလို မိန်းမလှ”
“မင်းရဲ့ နီစွေးတဲ့ နှုတ်ခမ်းဖျားနဲ့”
“သန်းခေါင်ယံမှာ ကိုယ့်ကို အဆုံးမဲ့ ကြည်နူးစေခဲ့သူ”
“လာပါ......”
“ခွမ်း”
ဝိုင်ခွက်တစ်ခွက်သည် ကြမ်းပြင်ပေါ်သို့ ကျကာ ကွဲသွားသည်။ အသည်းကွဲသီချင်းကို လွမ်းဆွေးစွာ သီဆိုနေသော ရှမ့်လန်သည် ရုတ်တရက် ပေါ်ပေါက်လာသော ဝိုင်ခွက်ကွဲသံကြောင့် အနှောင့်အယှက် ဖြစ်သွားသည်။
ရှစ်ချင်းချင်းသည် နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်လိုက်ပြီး ရှမ့်လန့်အား အမုန်းတရားများဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမသည် ရှမ့်လန့်အား အရေခွံခွာ၊ အရိုးကိုချေ၊ ပြာကိုလွှင့်ပစ်ချင်လောက်အောင် မုန်းတီး၏။
ရှမ့်လန်သည် သီချင်းဆိုခြင်းကို ရပ်တန့်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ “ချင်းချင်း.. မင်းရဲ့ အပေါ်နှုတ်ခမ်းလည်း သွေးထွက်နေပြီ”
ရှမ့်လန်သည် ပညာသားပါပါဖြင့် တရစပ် တိုက်ခိုက်လျက်ရှိ၏။
“ဘာဖြစ်လို့လဲ။ ကျုပ်သီချင်းဆိုတာ မကောင်းလို့လား။ ဒါမှမဟုတ် နောက်တစ်ပုဒ် ပြောင်းဆိုရမလား”
ပရိသတ်အားလုံးသည် တိတ်ဆိတ်နေကြပြီး မည်သူမျှ တုံ့ပြန်ခြင်းမပြုရဲပေ။ လူတိုင်းသည် ရှမ့်လန့်အား ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေကြသည်။
တကယ့်ကို ကြည့်လို့ကောင်းတယ်။ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲမျိုးကို မကြည့်ခဲ့ရတာ ကြာပြီ။
သို့ပေမည့် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အထူးသဖြင့် ခန်းမအတွင်းရှိ အမျိုးသမီးများသည် တုန်လှုပ်ချောက်ချားနေကြသည်။ ရှမ့်လန်၏ တိုက်ခိုက်နိုင်စွမ်းသည် အံ့မခန်းပင်။ တစ်ယောက်တည်းဖြင့် လူအားလုံးကို လွှမ်းမိုးထားသည်။ ၎င်းသည် မဟာမိစ္ဆာဘုရင်တစ်ပါးကဲ့သို့ပင်။ ရန်သူအားလုံးသည် မြေပေါ်၌ ပွတ်တိုက်ခံနေရသည့်အလား တုန်လှုပ်ချောက်ချားနေစေ၏။
......
ရှမ့်လန်သည် မူလန်အား လှမ်းကာတိုင်လိုက်သည်။ “မိန်းမ... ငါ့ကဗျာကို ဘယ်သူမှ မကြိုက်ကြဘူး ထင်တယ်။ ငါသီချင်းဆိုတာကိုလည်း ဘယ်သူမှ မကြိုက်ကြဘူး။ ငါတို့ အိမ်ပြန်ကြတာ ပိုကောင်းမယ်”
“ယောက်ျား.. ကျွန်မ ရှင်သီချင်းဆိုတာကို ကြိုက်ပါတယ်”
မူလန်က ပြောလိုက်၏။ “အင်း ... ရှင့်သဘောပဲ။ ကျွန်မတို့ အိမ်ပြန်ကြရအောင်”
ရှမ့်လန်သည် ကျန်းကျင်းအား ကြည့်၍ စိတ်ထဲ၌ ကြိမ်းဝါးလိုက်သည်။ မင်းမှာ တခြားအကွက်တွေ ရှိသေးရင် အမြန် ထုတ်သုံးလိုက်တော့။ မဟုတ်ရင် ငါ အိမ်ပြန်တော့မှာ။
ဤအချိန်မှာပဲ လူတစ်ယောက်သည် ဝိုင်ခွက်ကို မြှောက်ကိုင်ပြီး အသာဝင်ရောက် ပြောဆိုလိုက်သည်။ “ရှမ့်လန်.. မင်း ပြေးမလွတ်နိုင်တော့ဘူး”
ရှမ့်လန်သည် စကားပြောသူဘက်သို့ ကြည့်လိုက်သည်။ ဤသူမှာ ရွှမ်ဝူမြို့၏ ဂုဏ်ဆောင်၊ စာမေးပွဲကို ဒုတိယ အဆင့်ဖြင့်အောင်သူ လီဝမ်ကျန့် ဖြစ်သည်။ ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူး။ နိုင်ငံအတွင်းရှိ ခရိုင်အရာရှိများပင်လျှင် စိုးရွံ့ရသော အစိုးရရာထူးတစ်ခု။ ရာထူးအဆင့်မှာ မမြင့်မားသော်လည်း ဘုရင်မင်းမြတ် ၏ စိတ်ဆန္ဒကို ကိုယ်စားပြုပြီး ဘုရင်မင်းမြတ်ထံ တိုက်ရိုက်သတင်းပို့နိုင်သော အာဏာရှိသည်။ သို့ပေမည့် ယခု ထိုသူ၏ဓားသည် ရှမ့်လန့်ထံသို့ ဦးတည်လာပြီ ဖြစ်သည်။
လီဝမ်ကျန့်သည် အနီးရှိ ထန်ယွင်အား ပြောလိုက်၏။ “ညီတော်ထန်.. လောကမှာ အရယ်ရဆုံးအရာက ဘာလဲသိလား။ သေခါနီးလူတစ်ယောက်က ကိုယ့်အခြေအနေကိုယ် မသိဘဲ လူပြက်တစ်ယောက်လို ဟိုပြေးဒီလွှား လုပ်နေတာပဲ။ အခု ရှမ့်လန်က အဲဒီလိုပဲ။ ရှမ့်လန်... မင်း ဘုရင်မင်းမြတ်ကို ပုန်ကန်ဖို့ ကြံစည်ခဲ့တယ်”
ထို့နောက် လီဝမ်ကျန့်သည် ခပ်မာမာ ပြောလိုက်သည်။ “လာကြစမ်း။ ရှမ့်လန့်ကို ဖမ်းချုပ်ပြီး သံခြေချင်း ခတ်လိုက်၊ နန်းမြို့တော်ဆီ ခေါ်သွားကြမယ်”
ရှမ့်လန်သည် စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားပြီး သက်ပြင်းရှည်ကြီးကိုပင် ချလိုက်မိ၏။ နောက်ဆုံးတော့ တကယ့် ဗျူဟာ ရောက်လာပြီပဲ။