← Chapters

အခန်း (၉၉)

Vol. 8 Ch. 99

အခန်း (၉၉)

Vol. 8 Ch. 99

လီဝမ်ကျန့် အမိန့်ပေးသည်နှင့် ချပ်ဝတ်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော စစ်သည်တော်နှစ်ဦးသည် ချက်ချင်း ရှေ့သို့ ထွက်လာကြသည်။ ပြီးနောက် ရှမ့်လန် အား တိုက်ရိုက်ဖမ်းဆီးရန် ကြိုးပမ်းကြ၏။

ရှမ့်လန်သည် စိတ်ထဲ၌ ကြိတ်ကာပြုံးလိုက်မိသည်။ လီဝမ်ကျန့် .. ခင်ဗျား နောက်ဆုံးတော့ ခုန်ဝင်လာခဲ့ပြီပဲ။ ခင်ဗျားလို ဂုဏ်သိက္ခာကြီးမားတဲ့ ထိပ်တန်းပညာရှင် ... ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူးတစ်ယောက်က နောက်ဆုံးတော့ သူတစ်ပါးလက်ထဲက ဓားတစ်လက် ဖြစ်သွားတဲ့တာပဲ။ အနာဂတ်ကောင်းတွေ ရှိနေပါလျက်နဲ့ ကိုယ့်သေလမ်းကိုယ်ရှာခဲ့တာပဲ။

ရှမ့်လန်သည် ပြုံးကာ မေးလိုက်၏။ “အရာရှိလီ.. ကျုပ် ဘာကြောင့်များ အဖမ်းခံရတာလဲဆိုတာကို သိချင်မိပါတယ်”

လီဝမ်ကျန့်သည် လက်ထဲရှိ ဝိုင်ခွက်ကို အသာကိုင်မြှောက်ရင်း အေးဆေးသက်သာစွာ ပြောလိုက်သည်။ “မင်း အဖမ်းခံရရုံတင်မကဘူး။ ရွှမ်ဝူမြို့စားကြီးအိမ်တော်ပါ ဒုက္ခရောက်လိမ့်မယ်။ သခင်မလေး မူလန် ခင်ဗျားတို့ မိသားစုလည်း ပါဝင်ပတ်သက်နေတယ်။ ရက်အနည်းငယ်ကြာရင် ဘုရင်မင်းမြတ်က ခင်ဗျားတို့ ရွှမ်ဝူမြို့စားအိမ်တော်ကို စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာကို စေလွှတ်လိမ့်မယ်”

သူ၏အကြည့်၊ မျက်နှာ အမူအရာ၊ လှုပ်ရှားမှု အရာအားလုံးသည် အေးဆေးသက်သာ ရှိလွန်းလှ၏။

ရှမ့်လန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ ကျုပ်က ခင်ဗျားလို ဘဝင်မြင့်၊ ဟိတ်ဟန်များနေတဲ့ ပုံစံမျိုးကို အမုန်းဆုံးပဲ။

ရှမ့်လန်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်သည်။ သူ့တွင် ကောင်းသော အကျင့်တစ်ခု ရှိသည်။ ထိုအကျင့်မှာ အခြားသူများကို သေခါနီးအချိန်တွင် ဘဝင်မြင့်ခွင့်၊ ဟိတ်ဟန်ထုတ်ခွင့်ပေးခြင်းဖြစ်သည်။ လုံးဝ အနှောင့်အယှက်မပေးချေ။

“အရာရှိလီ.. ကျုပ်ကို မဖမ်းခင် ကျုပ်ရဲ့ ပြစ်ချက်ကို ရှင်းပြပေးပါလား”

ရှမ့်လန်က မေးလိုက်၏။ “ဒါမှ တခြားသူတွေလည်း ရှင်းလင်းသွားမှာပေါ့”

လီဝမ်ကျန့်က ပြောလိုက်သည်။ “ရှမ့်လန်... မင်းရဲ့ ‘မာယာမျဉ်းပြိုင်’ စာအုပ်က ရိုးရိုးသားသား ပြောရရင် အကောင်းဆုံး ရေးထားတယ်။ အထဲမှာပါတဲ့ ကဗျာတွေကလည်း အဆင့်အတန်းမြင့်တယ်”

ထိုစကားကို ကြားရပါက ရှမ့်လန်သည် စကားတစ်ခုကို ဆိုသင့်၏။ “ခင်ဗျား မြှောက်ပြောလွန်းနေပါပြီ”

သို့သော်ငြား သူသည် ထိုသို့မပြောဘဲ ရိုးရိုးရှင်းရှင်းသာ ခွန်းတုံ့ပြန်လိုက်သည် “ကျုပ်စာရေးတတ်တယ်လို့ ချီးကျူးနေတာလား။ ကျေးဇူးပါပဲ။ ခင်ဗျားတောင် ဒီလိုပြောတယ်ဆိုတော့ ကျုပ်ရဲ့ စာပေအရေးအသား အဆင့်အတန်းက တကယ့်ကို မြင့်တယ်ထင်ပါရဲ့”

ဤစကားကြောင့် လီဝမ်ကျန့်သည် နင်မတတ် ဖြစ်သွားသည်။ သို့ပေမည့် သူသည် ချက်ချင်းပဲ စိတ်ကို လျှော့ချလိုက်၏။ ရှမ့်လန်ကဲ့သို့ သေဒဏ်ပေးခံရခါနီး အိမ်ပါသမက်တစ်ယောက်နှင့် စကားအခြေအတင် မလုပ်ရန် သူက ဆုံးဖြတ်ထား၏။

“ခင်ဗျားရဲ့စာအုပ်ထဲမှာ အရမ်းကောင်းတဲ့ ကဗျာတွေရှိတယ်။ ဥပမာ - ‘အပျော်ကြူးကာ ပန်းပေါင်းစုံနှင့် အကြိမ်တစ်သန်း အိပ်စက်ရခြင်းသည် အိမ်ပြန်၍ မိမိဇနီးနှင့် အိပ်စက်ခြင်းကို မယှဉ်နိုင်ပေ။ အရုဏ်တက်သည်အထိ အဖိုးအခမပေးရဘဲ အိပ်စက်နိုင်သည်’ ဆိုတဲ့ကဗျာပေါ့” လီဝမ်ကျန့်က ပြောလိုက်သည်။

‘ရှေးယခင်ခေတ်ကတည်းကပင် … မေတ္တာတရားနှင့် အမုန်းတရားတို့သည် နှစ်ပေါင်းထောင်သောင်းချီတိုင် ဖုန်မှုန့်မထင် ကျန်ရစ်ရသည်မှာ’ ဆိုတာကလည်း ကောင်းမွန်တဲ့ စာသားပဲ”

“ကျုပ်အကြိုက်ဆုံးကတော့ ဒီတစ်ပုဒ်ပဲ။

“ခမ်းနားထည်ဝါမှုတို့ ကွယ်ပျောက်ပြီးနောက် ခြေကျင်သွားသူတို့လည်း မရှိတော့ပြီ။ ပုလွေနှင့် တယောသံတို့ မကျယ်လောင်တော့သလို သီချင်းသံတို့လည်း တိတ်ဆိတ်သွားခဲ့ပြီ။ သူရဲကောင်း၏ ဓားသွားသည်လည်း အရောင်အဝါမှေးမှိန်ကာ နစ်မြုပ်သွားခဲ့ပြီ။ တန်ဖိုးကြီးသော စောင်းသည်လည်း မြေခကာ နံနက်ကြယ်ရောင်အလား တောက်ပမှုတို့လည်း ကွယ်ပျောက်ခဲ့ပြီ။ ကျောက်စိမ်းလှေကားထစ်များပေါ်တွင် ဆောင်းဦးနှင်းစက်တို့ တိတ်ဆိတ်စွာ ကျဆင်းနေပြီး လမင်းကြီးကမူ တစ်ချိန်က ကခုန်ခဲ့ကြသော နေရာကိုသာ ထွန်းလင်းပြနေတော့သည်။ ထိုစဉ်က ကခုန်ခဲ့သူသည် ပြန်မလာတော့ဘဲ ယနေ့အချိန်တွင်မူ ရှီလင်‌တောင်ကုန်းမှ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။”

ဤအချိန်မှာပဲ ကျန်းကျင်းသည် ဝင်ကာ ပြောလိုက်သည်။ “ကျုပ်ကတော့ နောက်တစ်ပုဒ်ကို အကောင်းဆုံးလို့ ထင်တယ်။ လူ့သဘာဝကို အပြည့်အဝ ဖော်ပြထားတယ်။ ‘ရေစက်သာပါလျှင် မိုင်ထောင်ချီကွာဝေးသော်လည်း ဆုံတွေ့နိုင်ကြပြီး၊ ရေစက်မပါလျှင်ကား မျက်နှာချင်းဆိုင်မှာပင် လွဲချော်ရတတ်သည်’”

ထို့နောက် ကျန်းကျင်းနှင့် လီဝမ်ကျန့်တို့နှစ်ဦးသည် တစ်ယောက်တစ်လှည့်ဖြင့် ရှမ့်လန်၏ စာအုပ်ထဲမှ ကဗျာများကို ရွတ်ဆိုကာ မြှောက်ပင့်ပြောဆိုနေကြ၏။

ထိုအချိန်မှာပဲ ရုတ်တရက် လီဝမ်ကျန့်သည် ဝိုင်ခွက်ကို စားပွဲပေါ်သို့ ဆောင့်ချပြီး ဒေါသတကြီးပြောလိုက်သည်။ “ဒါပေမဲ့ ရှမ့်လန်.. ခင်ဗျားရဲ့စာအုပ်ထဲမှာ ပုန်ကန်လိုတဲ့စိတ်တွေ ပါဝင်နေတယ်”

သူ၏အသံသည် ရုတ်တရက် ကျယ်လောင်သွားသဖြင့် လူပေါင်းများစွာတို့က အာရုံစိုက် နားစွင့်မိကြသည်။ သာမန်အခြေအနေ ရာသီဉတုဆီမှ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။ ဤသည်မှာ ရာထူးရာခံကြီးမားသော အာဏာရှင်ကြီးများ အနှစ်သက်ဆုံးသော နည်းလမ်းပင်။ အစပိုင်းတွင် ငြင်သာသော နည်းလမ်းများနှင့် ပြောဆိုနေရင်းမှ ရုတ်တရက် မထင်မှတ်စွာ ခြိမ်းခြောက်ခြင်းပင်။ အလွန်အမင်း ကြောက်လန့်တုန်လှုပ် သွားစေနိုင်၏။

“ဒီကဗျာကို နားထောင်ကြည့်စမ်း”

လီဝမ်ကျန့်သည် ကြည်လင်ပြတ်သားသောအသံဖြင့် ပြောလိုက်သည်။ ‘တောင်အရပ်မှ မီးနဂါးတစ်ကောင်နှယ် ရိုက်ခတ်လာသော အပူငွေ့တို့နှင့်အတူ၊ မီးလျှံတိမ်တိုက်တို့သည် ကောင်းကင်တစ်ခွင်ကို လောင်ကျွမ်းစေတော့၏။

မွန်းတည့်နေမင်း၏ အရှိန်အဝါသည်ကား ပြင်းထန်လွန်း၍၊ လောကဓာတ်တစ်ခွင်လုံးမှာ ပန်းပဲဖိုကြီးတစ်ခုနှယ် တည်ရှိနေသည်။

မြစိမ်းရောင် တောင်တန်းမြင့်များပေါ်မှ တိမ်စိုင်တို့ပင် ကွယ်ပျောက်လွင့်စင်၍၊ သမုဒ္ဒရာသည်ပင်လျှင် မိမိ၏ လှိုင်းတံပိုးတို့ ရေငတ်မည်ကို စိုးထိတ်နေရသည့်အလား။

မည်သည့်အချိန်မှ ညနေချမ်း၏ ရွှေရောင်စွမ်းအင်တို့ ရောက်ရှိလာပြီး၊ ကျွန်ုပ်အတွက် ဤလောက၏ အပူဒဏ်ကို သုတ်သင်ရှင်းလင်းပေးမည်နည်း။’

ဤကဗျာသည် ကြားရသူများကို တုန်လှုပ်စေခဲ့၏။

ပွဲအတွင်းရှိ လူအများအပြားသည် ရှမ့်လန်၏ ‘မာယာမျဉ်းပြိုင်’ ကို မဖတ်ဖူးကြပေ။ သူတို့စိတ်ထဲ၌ ဤသည်မှာ ကောင်းမွန်စွာရေးသားထားသော လူကြီးကြိုက် စာအုပ်တစ်အုပ်ဟုသာ ထင်မှတ်ထားကြ၏။ ဤမျှ အရှိန်အဝါ ကြီးမားသော ၊ နက်နဲလွန်းသော ကဗျာတစ်ပုဒ် ပါဝင်နေလိမ့်မည်ဟု မထင်ခဲ့ကြပေ။ တကယ့်ကို ကဗျာကောင်း တစ်ပုဒ်ပင်။ သို့ပေမည့် ဤကဗျာထဲ၌ ပုန်ကန်လိုသော စိတ်ဆန္ဒများအား ဖုံးကွယ်ထားသည်လား။

လီဝမ်ကျန့်သည် လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က မိန့်တယ်။ ငါ့ရဲ့ မူဝါဒသစ်က ကောင်းကင်ပေါ်မှာ ထွန်းလင်းတောက်ပနေတဲ့ နေမင်းပမာ ဖြစ်ရမယ်တဲ့။ ဆွေးမြေ့၊ ပျက်စီးမှု အားလုံးက အဲဒီအလင်းရောင်အောက်မှာ ထင်ပေါ်လာပြီး ခိုအောင်းနေလို့မရစေရတဲ့။ လောကတခွင်လုံးရဲ့ အညစ်အကြေး အားလုံးကို အကြွင်းမဲ့ သုတ်သင်ရှင်းလင်းပစ်ရမယ်တဲ့။ ဒါက ဘုရင်မင်းမြတ်ရဲ့ စိတ်ဆန္ဒပဲ။”

ဟုတ်ပေသည်။ ဘုရင်မင်းမြတ်သည် ထိုသို့သော စကားများကို အမှန်တကယ် မိန့်ကြားခဲ့ဖူး၏။

ရှမ့်လန်နှင့် ရွှမ်ဝူမြို့စားကြီးအိမ်တော်သည် မူဝါဒသစ်ကို ပူပြင်းသော နေရောင်ခြည်နှင့် တစ်ကြိမ်မက နှိုင်းယှဉ် ခဲ့ဖူးသည်။ ထျန်းနန်စီရင်စုတစ်ခုလုံးအား ယခင်က ကျန်းပေနယ်စားအိမ်တော်ဟူသော သစ်ပင်ကြီးက ကာကွယ်ပေးထားခဲ့သည်။ သို့ပေမည့် ယခုအခါ ကျန်းပေနယ်စားအိမ်တော်သည် ယခင်ရပ်တည်မှုမှ ထွက်ခွာသွားပြီဖြစ်၍ ရွှမ်ဝူမြို့စားကြီးအိမ်တော်သည် ပူပြင်းသော နေရောင်အောက်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

လီဝမ်ကျန့်က ပြောလိုက်၏။ “ရှမ့်လန်၊ ခင်ဗျားရဲ့ကဗျာက ကောင်းကင်ပေါ်က နေမင်းကို ဆိုးရွားတဲ့ မီးတောက်အဖြစ် ပုံဖော်ထားတယ်။ တော်ဝင်မျိုးနွယ်အများအပြားကို မင်းကြီးက ထွက်ပေါက်မရှိအောင် လောင်ကျွမ်းစေတယ်တဲ့။ အထူးသဖြင့် ဒီစာသား၊ 'မည်သည့်အချိန်မှ ညနေချမ်း၏ ရွှေရောင်စွမ်းအင်တို့ ရောက်ရှိလာပြီး၊ ကျွန်ုပ်အတွက် ဤလောက၏ အပူဒဏ်ကို သုတ်သင်ရှင်းလင်းပေးမည်နည်း။’ ဆိုတာပဲ”

“ရှမ့်လန်... ခင်ဗျား ဘာလုပ်ချင်တာလဲ။ ပုန်ကန်ဖို့ ကြံစည်နေတာလား။ ဘုရင်မင်းမြတ်ဟာ ကျုပ်တို့ ရွှဲ့တိုင်းပြည်ရဲ့ နေမင်းပဲ။ တောက်ပပြီး ကြီးကျယ်ခမ်းနားတယ်။ ခင်ဗျားက ဘာလုပ်ချင်တာလဲ။ နေကို အောက်ပြုတ်ကျစေချင်တာလား။ ရွှေရောင်စွမ်းအင် ဟုတ်လား”

လီဝမ်ကျန့်သည် အေးစက်သောလေ သံဖြင့် ပြောလိုက်သည်။ “မင်းတို့ ရွှမ်ဝူမြို့စားကြီး အိမ်တော်က ရွှေဓာတ်နဲ့ သက်ဆိုင်တယ်။ ကျင်းဆိုတာ ရွှေပဲ။ မင်းတို့ရဲ့ ရွှေရောင်လေက လောကရဲ့ ပူလောင်မှုကို သန့်စင်ပေးမယ်ပေါ့။ ဒါ မူဝါဒသစ်ကို ဖျက်ဆီးချင်တာလား၊ ဒါမှမဟုတ် မင်းကြီးကို ပုန်ကန်ချင်တာလား”

“တော်လိုက်တာ” ဤအချိန်တွင် ရှမ့်လန်သည် အမှန်တကယ်ပင် လေးစားသွား၏။

တကယ့် ပညာရှင်တစ်ယောက်ပါတကား။ စကားလုံးတွေနှင့် လှည့်ပတ်ပြီး အပြစ်ရှာသည့်နေရာတွင် အလွန်ထူးချွန်လေသည်။ သာမန်ကဗျာတစ်ပုဒ်အား မူဝါဒသစ်ကို ဆန့်ကျင်ပြီး ပုန်ကန်ဖို့ ကြံစည်သည်အထိ ဆွဲခေါ်သွားနိုင်လေသည်။

အဓိကအချက်မှာ ရှမ့်လန်သည် လီဝမ်ကျန့်၏ စကားကို နားထောင်ပြီးနောက် အနည်းငယ်မှန်ကန်နေသလို ခံစားနေရခြင်းပင်။ မငြိ ငြိအောင် အဓိပ္ပာယ်ဆွဲယူထားသော်လည်း ရှင်းပြထားပုံသည် အမှန်တကယ်ပင် လက်ခံနိုင်ဖွယ်ရှိသည်။ သို့ပေမည့် ဤနေရာသည် ရန်နိုင်ငံတော်၏ နန်မင်းဆက် ပိုင်စိုးသည့်နေရာဖြစ်သည်။ မန်ချုးချင်မင်းဆက် မဟုတ်ပေ။ စာပေ၊ ကဗျာတစ်ခု ကြောင့် အပြစ်ပေးခံရခြင်းမှာ အလွန်ရှားပါး၏။

ထို့ကြောင့် လီဝမ်ကျန့်သည် ဤကဗျာဖြင့် ရှမ့်လန်အား ပုန်ကန်သူ သစ္စာဖောက်ဟု တံဆိပ်ကပ်ရန် လွယ်ကူသော်လည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ရန်မှာမူ မဖြစ်နိုင်ပေ။ ဤသို့သာ အဓိပ္ပာယ်ကောက်မည်ဆိုလျှင် တလောကလုံးရှိ ကဗျာများ၏ ဆယ်ပုံတွင် ငါးပုံ၊ ခြောက်ပုံသည် ပုန်ကန်သည့်ကဗျာများ ဖြစ်ကုန်ပေလိမ့်မည်။

လီဝမ်ကျန့်က ပြောလိုက်သည်။ “ဒီကဗျာက ခင်ဗျားရဲ့အပြစ်ကို မဆုံးဖြတ်နိုင်ဘူးလို့ မင်းထင်နေလား။ ဒါဆိုရင် နောက်တစ်ပုဒ်ပေါ့။ ဒီတစ်ပုဒ်ကတော့ ကိုယ့်သေတွင်းကိုယ်တူးခဲ့တာပဲ”

ပြီးနောက် လီဝမ်ကျန့်သည် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့်အသံဖြင့် နောက်တစ်ပုဒ်ကို ရွတ်လိုက်သည်။ “မည်သူက ရှေ့မှောက်တွင် ချစ်ခင်ဟန်ဆောင်ပြီး၊ ယခု ဆန့်ကျင်ဘက်ပြု၍ ဒုက္ခပေးသနည်း။ စိုးရိမ်ပူပန်စွာဖြင့် အိပ်စက်ရင်း အရုဏ်တက်ချိန်ကို တဲနီအတွင်းမှ စောင့်မျှော်ခဲ့ရသည်။”

ဤကဗျာသည် မည်သည့်အရာမှ မထူးခြားဟု အားလုံးက တွေးထင်လိုက်ကြ၏။ ရေးသားပုံမှာ ကောင်းမွန်သော်လည်း အဆင့်အတန်းမှာမူ အပေါ်ကကဗျာထက် နိမ့်ကျပုံပေါ်သည်။ အဓိကအားဖြင့် ပုန်ကန်လိုသော အဓိပ္ပာယ်မရှိသည့်အပြင် လိုရာကို ဆွဲယူအဓိပ္ပာယ်ကောက်ရန်ပင် မလွယ်ကူပေ။

လီဝမ်ကျန့်သည် ‘မာယာမျဉ်းပြိုင်’ စာအုပ်နှစ်အုပ်ကို ထုတ်ပြလိုက်၏။ တစ်အုပ်မှာ လန်ရှန်မြို့တွင် ရောင်းချသော စာအုပ်ဖြစ်ပြီး၊ အခြားတစ်အုပ်မှာ ရွှမ်ဝူမြို့တွင် ရောင်းချသော စာအုပ်ဖြစ်သည်။

“စက္ကူ၊ မှင်တံ၊ မှင်၊ စုတ်တံ ယူလာခဲ့” လီဝမ်ကျန့်က ဒေါသတကြီး ခိုင်းစေလိုက်၏။

မကြာမီမှာပဲ အစေခံအချို့သည် စာရေးကိရိယာများနှင့် အလွန်ကြီးမားသော စက္ကူတစ်ရွက်ကို ယူဆောင်လာကြသည်။

လီဝမ်ကျန့်သည် ကဗျာကို စက္ကူပေါ်တွင် ချရေးလိုက်၏။ တကယ့်ကို လက်ရေး၊လက်သားကောင်းလှသည်။ လှပသော စာလုံးများတွင် ဓားသွားကဲ့သို့ အရှိန်အဝါများ ပါဝင်ပြီး လက်ရေးလှစွမ်းရည်သည် စက္ကူကိုပင် ထွင်းဖောက်သွားနိုင်သည့်အလားပင်။

အစေခံအချို့သည် ထိုစက္ကူကြီးကို ဖြန့်ကိုင်ထားပြီး လူတိုင်း ရှင်းလင်းစွာ မြင်နိုင်ရန် ပြလိုက်ကြ၏။

“ဒါက ဝှက်စာကဗျာတစ်ပုဒ်ပဲ။ အားလုံးပဲ ပထမ၊ တတိယ၊ ပဉ္စမ၊ သတ္တမ စာလုံးတွေကို ကြည့်လိုက်ပါ”

လူများ အံ့အားတသင့်ဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ကြသည်။

‘ကျွင်း ကျင်း ကျူး ထျန်း’

ပြောင်းပြန်ဖတ်လျှင် ‘ထျန်းကျူးကျင်းကျွင်း’ ဖြစ်၏။ (ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ။)

အားလုံး၏ မျက်နှာအမူအရာများသည် တုန်လှုပ်ခြောက်ခြားသွားကြ၏။ ဝှက်စာကဗျာတစ်ပုဒ်၊ အမှန်တကယ်ပင် ပုန်ကန်လိုသော အဓိပ္ပာယ်ရှိနေသည်။ တကယ့်ကို ခိုင်လုံသော သက်သေပင်။ ရှမ့်လန်သည် ဤတစ်ကြိမ်တွင် အမှန်တကယ် သေရပေတော့မည်။

လီဝမ်ကျန့်က ပြောလိုက်သည်။ “ဒါက တိုက်ဆိုင်မှုလို့ အချို့က သံသယဝင်နိုင်တယ်။ ကျုပ် အားလုံးကို ပြောနိုင်တာက ဒါ လုံးဝ တိုက်ဆိုင်မှုမဟုတ်ဘူး၊ ရှမ့်လန်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။ ဒီမှာ ‘မာယာမျဉ်းပြိုင်’ စာအုပ်နှစ်အုပ်ရှိတယ်။ တစ်အုပ်က လန်ရှန်မြို့က ဝယ်ထားတာ၊ တစ်အုပ်က ရွှမ်ဝူမြို့က ဝယ်ထားတာ။ ဒီနှစ်အုပ်မှာ ခြားနားချက် တစ်ခုရှိတယ်”

“အရင်ကဗျာမှာ စိုးရိမ်ပူပန်စွာဖြင့် အိပ်စက်ရင်း တဲနီအတွင်းမှ အရုဏ်တက်ချိန်ကို စောင့်မျှော်သည်´ လို့ရေးထားတယ်။ နောက်ပိုင်းစာအုပ်မှာတော့ စိုးရိမ်ပူပန်စွာဖြင့် အိပ်စက်ရင်း တဲကွပ်မျက်အတွင်းမှ အရုဏ်တက်ချိန်ကို စောင့်မျှော်သည် လို့ ပြောင်းထားတယ်”

“တစ်ခုက တဲနီ၊ နောက်တစ်ခုက ကွပ်မျက်။”

လီဝမ်ကျန့်က ပြောလိုက်၏။ “တဲနီဆိုတာက ဖြစ်နိုင်သေးတယ်။ တဲကွပ်မျက်ဆိုတာ ဘယ်မှာရှိလို့လဲ။ ဒါက ဘာကို သက်သေပြနေတာလဲ။ ရှမ့်လန်က ဒီဝှက်စာကဗျာကို ရေးပြီးတော့ ဘယ်သူမှ ဒါကို မဖော်နိုင်ဘူးဆိုပြီး မော်ကြွားခဲ့တယ်။ ပိုပြီး ရူးသွပ်လာပြီး တဲနီကို တဲကွပ်မျက်လို့ ပြောင်းလိုက်တာပဲ”

`ထျန်းကျူးကျင်းကျွင်း´ (ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ)

“ကျင်းကျွင်းဆိုတာ ဘယ်သူလဲ။ သူက ဘုရင်မင်းမြတ်ရဲ့ မွေးစားသား၊ နိုင်ငံရဲ့ သမက်တော်၊ တော်ဝင် မိသားစုဝင်ပဲ။ ခင်ဗျားက သူ့ကို ကောင်းကင်ဘုံက ဒဏ်ခတ်ပါစေလို့ ကျိန်ဆဲတယ်။ မင်းက တော်ဝင်မိသားစုကို ကျိန်ဆဲနေတာပဲ။ ရှမ့်လန်... ဒါ ပုန်ကန်တာ မဟုတ်ရင် ဘာလဲ။ မင်းက ကိုယ့်သေတွင်းကိုယ်တူးတာ မဟုတ်ရင် ဘာလဲ”

ယခုအခါ အပြစ်သည် ခိုင်မာသွားခဲ့လေပြီ။ ကျင်းကျွင်း ဆိုသည်မှာ မည်သူနည်း။ ၎င်းသည် ရွှဲ့တိုင်းပြည် တစ်ခုလုံးတွင် အနှောင့်အယှက်ပေး၍မရ၊ အပုပ်ချ၍မရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်း၏အမည်ရင်းသည် နင်ကျင်း ဖြစ်သည်။ သူ၏ မျိုးရိုးအမည်မှာ ရှ ဖြစ်ပြီး နန်အိုတိုင်းပြည်၏ အိမ်ရှေ့မင်းသားဖြစ်သည်။ နန်အိုတိုင်းပြည်သည် မည်သို့သော နိုင်ငံနည်း။ ၎င်းသည် ခရိုင်သုံးခုခန့်သာကြီးပြီး လူဦးရေ တစ်သန်းသာရှိသော နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး ရွှဲ့တိုင်းပြည်၏ သစ္စာခံနိုင်ငံဖြစ်သည်။

ဤလောက၏ နိုင်ငံရေးရာဆက်ဆံမှုမှာ အလွန်ရှုပ်ထွေးသည်။ ရွှဲ့တိုင်းပြည်သည် တာ့ယန်မင်းဆက်၏ နယ်စားတစ်ဦးဖြစ်ပြီး၊ နန်အိုတိုင်းပြည်မှာမူ ရွှဲ့တိုင်းပြည်၏ လက်အောက်ခံနိုင်ငံဖြစ်သည်။ နန်အိုတိုင်းပြည်၏ ပထဝီဝင်အနေအထားသည် အရေးပါပြီး ရွှဲ့တိုင်းပြည်နှင့် သဲကန္တာရလူရိုင်းများကြားတွင် တည်ရှိနေ၏။

လွန်ခဲ့သော နှစ်နှစ်ဆယ်က ရွှဲ့တိုင်းပြည်နှင့် အနောက်တောင်ပိုင်းမှ သဲကန္တာရလူရိုင်းများ စစ်ဖြစ်ပွားစဉ် နန်အိုဘုရင်သည် နိုင်ငံ၏ ထိပ်တန်းစစ်သည်များကို ဦးဆောင်ကာ ရွှဲ့တိုင်းပြည်စစ်တပ်၏ ရှေ့တန်းမှ ဝင်ရောက် တိုက်ခိုက်ပေးခဲ့ပြီး ထင်ရှားသော စစ်ရေးအောင်မြင်မှုများကို ရရှိစေခဲ့သည်။ သို့ပေမည့် ထိုအဆုံးအဖြတ် တိုက်ပွဲ၌ နန်အိုဘုရင်သည် စစ်မြေပြင်အတွင်း ကျဆုံးခဲ့သည်။

ရွှဲ့ဘုရင်သည် လူအများရှေ့တွင် သွေးအန်သည်အထိ ဝမ်းနည်းပူဆွေးခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့သည်။ ထိုစဉ်က နန်အိုတိုင်းပြည်၏ အိမ်ရှေ့မင်းသားသည် ကိုးနှစ်သား အရွယ်သာ ရှိသေးသဖြင့် ရွှဲ့ဘုရင်သည် ၎င်းအား မြို့တော်သို့ ခေါ်ဆောင်ခဲ့ပြီး မွေးစားသားအဖြစ် မွေးစားကာ ရွှဲ့တိုင်းပြည်၏ မျိုးရိုးအမည်ကို ပေးအပ်ပြီး နင်ကျင်းဟု အမည်ပြောင်းလဲပေးခဲ့သည်။

‘ကျင်း’ ဟူသည်မှာ ချီးကျူးဂုဏ်ပြုခြင်း၊ ‘ကျွင်း’ ဟူသည်မှာ လက်ဆောင်ပေးခြင်းဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ ရွှဲ့တိုင်းပြည်နှင့် နန်အိုတိုင်းပြည်တို့ ထာဝရ ညီအစ်ကိုများဖြစ်ကြောင်း ကိုယ်စားပြုခြင်းပင်။ နန်အိုအိမ်ရှေ့မင်းသား နင်ကျင်းသည် ရွှဲ့တိုင်းပြည် တော်ဝင်မိသားစုနှင့် တန်းတူ အခွင့်အရေးများ ရရှိခဲ့သည်။ အချို့နေရာများတွင် သူရရှိခဲ့သော ဂုဏ်သတင်းနှင့် အခွင့်အရေးတို့သည် ဘုရင်၏ အစစ်အမှန် သားတော်များထက်ပင် သာလွန်ခဲ့၏။

ရွှဲ့တိုင်းပြည်၏ နိုင်ငံရေးတည်ဆောက်ထားမှုတွင် မဟုတ်တာ ပြုလုပ်ပါက ဘုရင်၏ညီတော်၊ သားတော်များ၊ ရွှဲ့တိုင်းပြည်၏ အိမ်ရှေ့စံမင်းသားကိုပင် တိုက်ရိုက် အပုပ်ချနိုင်သည်။ သို့ပေမည့် ဤနန်အိုအိမ်ရှေ့မင်းသား နင်ကျင်းမှာမူ အပြစ်အနာအဆာကင်းသူဖြစ်ခဲ့သည်။ နင်ကျင်း၏ ဂုဏ်သတင်းကို ညှိုးနွမ်းအောင်ပြုလုပ်သည့် မည်သူမဆိုသည် ဘုရင်မင်းမြတ်၏ အပြစ်ပေးခြင်းကို ခံရပေမည်။

ထို့ကြောင့် ဤနင်ကျင်းအိမ်ရှေ့မင်းသားသည် ရွှဲ့တိုင်းပြည်နိုင်ငံရေး၌ ရှောင်ကြဉ်ရမည့်အရာတစ်ခု ဖြစ်လာခဲ့သည်။ နင်ကျင်းသည် မြို့တော်၌ ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီး အလွန်မြင့်မားသော ဂုဏ်သတင်းကို ရရှိကာ ၎င်း၏ ကောင်းသတင်းသည် နိုင်ငံကျော်ခဲ့၏။

ရွှဲ့တိုင်းပြည်၏ မူဝါဒသစ်နှင့်ပတ်သက်၍ တည်ဆောက်ရန် ပထမဆုံး အသနားခံလွှာကို မည်သူ ရေးသားခဲ့သနည်း။ ထိုသူမှာ ဤနန်အိုတိုင်းပြည် အိမ်ရှေ့စံမင်းသား နင်ကျင်းပင်ဖြစ်ပြီး၊ ထိုစဉ်က ၎င်းသည် ၁၈ နှစ်သားအရွယ်သာ ရှိသေး၏။ ထိုအချိန်ကတင်သွင်းခဲ့သော အသနားခံလွှာသည် အလွန်ကြီးမားသည့် ဂယက်ကြီး ဖြစ်စေခဲ့ပြီး ရွှဲ့တိုင်းပြည်၏ မူဝါဒသစ် အခန်းကဏ္ဍကို လူပိုမို သိလာစေခဲ့သည်။ ယခု မူဝါဒအသစ် အခြေခိုင်လာရခြင်း၏ အ ခြေခံအုတ်မြစ်သည် နင်ကျင်းပင်။

ဘုရင်မင်းမြတ်သည် ထိုနှစ်မှာပင် သမီးတော် နင်လော့မင်းသမီးအား နန်အိုအိမ်ရှေ့စံမင်းသားနှင့် လက်ဆက် ပေးခဲ့သည်။ နင်ကျင်းသည် သူ၏မူလမျိုးရိုးအမည်ကို ပြန်လည်အသုံးပြုပြီး ရှကျင်း ဖြစ်လာခဲ့သည်။ နင်လော့ မင်းသမီးသည် ခင်ပွန်းသည်နှင့်အတူ နန်အိုတိုင်းပြည်သို့ လိုက်ပါသွားခဲ့ပြီး နန်အို အိမ်ရှေ့စံမင်းသားသည် နန်အိုတိုင်းပြည်၏ ဘုရင်အသစ်အဖြစ် တရားဝင် နန်းတက်ခဲ့ကာ ဘုရင်ကျင်းကျွင်းဟု အမည်နာမ ရရှိခဲ့၏။

ထို့ကြောင့် ဤနန်အိုဘုရင် ရှကျင်းသည် ဘုရင်မင်းမြတ်၏ မွေးစားသားနှင့် သမက်တော်ဖြစ်ရုံသာမက ရွှဲ့တိုင်းပြည်၏ အနောက်တောင်ဘက်ရှိ အကာအကွယ်လည်း ဖြစ်၏။ ၎င်းသည် ဂုဏ်သိက္ခာ မညှိုးနွမ်းစေရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ ယခင်စကားများအတိုင်းပင် ရွှဲ့တိုင်းပြည်တွင် အိမ်ရှေ့စံမင်းသားကိုပင် အပုပ်ချနိုင်သော်လည်း ဤနန်အိုဘုရင် ရှကျင်းကိုမူ လုံးဝ အပုပ်ချ၍မရပေ။

သို့ပေမည့် ရှမ့်လန်သည် ‘မာယာမျဉ်းပြိုင်” စာအုပ်ထဲမှ ကဗျာတစ်ပုဒ်ထဲတွင် ကောင်းကင်ဘုံက ‘ကျင်းကျွင်းအား ကွပ်မျက်ပါစေ’ ဟု ဖုံးကွယ်ရေးသားခဲ့သည်။

လီဝမ်ကျန့်သည် ဤဝှက်စာကဗျာကို တွေ့ရှိစဉ်က ဝမ်းသာအားရဖြစ်ခဲ့ရ၏။ သူသည် အရာရှိသစ်တစ်ယောက် ဖြစ်ပြီး အရာရှိသစ်တစ်ယောက်အနေဖြင့် အလိုအပ်ဆုံးမှာ အောင်မြင်မှု ဖြစ်သည်။ သို့မဟုတ် ပို၍ တိုက်ရိုက်ပြောရလျှင် သူအလိုအပ်ဆုံးမှာ နောက်ခံပင်ဖြစ်လေ၏။

ထို့အပြင် သူသည် ဘုရင်မင်းမြတ်၏ မူဝါဒသစ်ကို ထိန်းသိမ်းကာကွယ်သူဖြစ်ပြီး နိုင်ငံရေးအရ လုံးဝ မှန်ကန်သော ဘက်တွင် ရှိသည်။ ထို့ကြောင့် ရွှမ်ဝူမြို့စားကြီးအိမ်တော်သည် အကောင်းမွန်ဆုံးသော ပစ်မှတ်တစ်ခုပင်။ ထို့ကြောင့် ရှမ့်လန်အား ဖျက်ဆီးခြင်းသည် သူ၏ ပန်းတိုင်မဟုတ်ပေ။ သူ၏ပန်းတိုင်သည် ရွှမ်ဝူမြို့စားကြီးအိမ်တော် တစ်ခုလုံးကို ရေထဲသို့ ဆွဲချရန်ဖြစ်သည်။ ရှမ့်လန်သည် သမက်တစ်ယောက်မျှသာ ဖြစ်ပြီး သူ၏ပြိုင်ဘက်ဖြစ်ရန် အရည်အချင်း မရှိချေ။

......

လီဝမ်ကျန့်သည် ရှမ့်လန်အား လက်ညှိုးထိုးကာ ဒေါသတကြီးပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်က ကျင်းကျွင်းက မူဝါဒသစ်အခန်းကဏ္ဍကို ဖွင့်လှစ်ဖို့ အသနားခံလွှာ ရေးခဲ့တာ မဟုတ်လား။ ဒါကြောင့် ခင်ဗျားက သူ့ကို ရန်သူအဖြစ် သတ်မှတ်ပြီး ကဗျာထဲမှာ သူ့ကို သေပါစေလို့ ကျိန်ဆဲခဲ့တာပဲဖြစ်မယ်။ တကယ့်ကို ရူးသွပ်တာပဲ”

“ကျင်းကျွင်းက ဘုရင်မင်းမြတ်ရဲ့ မွေးစားသား၊ ကျုပ်တို့ ရွှဲ့တိုင်းပြည်ရဲ့ သမက်တော်ဖြစ်ရုံသာမက၊ ကျုပ်တို့နိုင်ငံရဲ့ အနောက်တောင်ဘက် အကာအကွယ်လည်း ဖြစ်တယ်။ ရှမ့်လန်.. ခင်ဗျားက ကဗျာထဲမှာ ကျင်းကျွင်းကို သေပါစေလို့ ကျိန်ဆဲခဲ့တယ်။ ဒါက မူဝါဒသစ်ကို ဆန့်ကျင်တာမဟုတ်ရင် ဘာလဲ။ ဒါက ပုန်ကန်တာ မဟုတ်ရင် ဘာလဲ”

“ကျုပ်က နိုင်ငံတစ်ဝန်းက ခရိုင်တွေကို စုံစမ်းစစ်ဆေးရတဲ့ ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူးတစ်ယောက် ဖြစ်တယ်။ ဒီလိုကိစ္စမျိုးကို ဘယ်လို သည်းခံရမှာလဲ။ ဒါက ကြိုတင်ကြံစည်ထားတဲ့ အမှုတစ်ခုပဲ။ ကျုပ် သေချာ စုံစမ်းစစ်ဆေးရမယ်။ ခင်ဗျားရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာကို ဆက်ပြီးစုံစမ်းရမယ်။ ခင်ဗျားကို ဘယ်သူက ဒီလောက် သတ္တိတွေပေးထားလို့ စာအုပ်ထဲမှာ တော်ဝင်မိသားစုကို သေပါစေလို့ ကျိန်ဆဲထားတာလဲ။ အခု ခင်ဗျားဘယ်နေရာမှာ သေရမလဲဆိုတာ သိပြီလား။ လာကြစမ်း.. ရှမ့်လန်ကို ဖမ်းခေါ်သွားကြ” လီဝမ်ကျန့်သည် ဒေါသတကြီး ဟိန်းဟောက်နေရင်းမှ စိတ်ထဲတွင် အလွန် ကျေနပ်နေမိသည်။

All Chapters