← Chapters

အခန်း (၁၀၁)

Vol. 8 Ch. 101

အခန်း (၁၀၁)

Vol. 8 Ch. 101

လီဝမ်ကျန့်သည် ခန္ဓာကိုယ် တစ်ခုလုံး ယိမ်းထိုးသွားသည်။ ပြီးနောက် သူသည် ရှမ့်လန့်အား လက်ညှိုးထိုးကာ အော်ဟစ်လိုက်၏။ “လိမ်နေတာ၊ ခင်ဗျား လိမ်နေတာ။ ကျင်းကျွင်းက ဘယ်လိုလုပ် ပုန်ကန်မှာလဲ။ သူ ပုန်ကန်ခဲ့ရင်တောင် ဘာဖြစ်လို့ ဘာသတင်းမှ မကြားရတာလဲ။ ကျုပ်လို စုံစမ်းရေးမှူးတောင် မသိတဲ့အရာကို ခင်ဗျားလိုလူက ဘယ်လိုလုပ် သိနိုင်မှာလဲ”

ဟုတ်ပေ၏။ နန်အိုဘုရင် ကျင်းကျွင်းသည် ပုံမှန်အားဖြင့် မည်မျှတောက်ပသည့် ပုံရိပ်ကို ပြသခဲ့သနည်း။ ရွှဲ့တိုင်းပြည်အပေါ် မည်မျှ သစ္စာရှိခဲ့သနည်း။ ၎င်းသည် ပုန်ကန်ပါ့မည်လော။

နန်အိုဘုရင်နှင့် ရွှဲ့ဘုရင်မင်းမြတ်တို့၏ သံယောဇဉ်ကို ကြည့်လျှင် လူတိုင်း စိတ်လှုပ်ရှားကြပေမည်။ သားအဖ အရင်း မဟုတ်သော်လည်း သားအဖအရင်း ပမာပင်။ ၎င်းနှင့် နင်လော့မင်းသမီးတို့၏ ချစ်ခြင်းမေတ္တာကို ကြည့်ပြန်လျှင်ကော။ မင်းသားလေးနှင့် မင်းသမီးလေး၊ လုံးဝ နတ်သမီးပုံပြင်တစ်ခုလိုပင်။

သို့ပေမည့် အစစ်အမှန်လောကကြီးတွင် နတ်သမီးပုံပြင်ဟူ၍ မရှိပေ။ နတ်သမီးပုံပြင်သည် လူများကို လှည့်စားခြင်းသာ ဖြစ်သည်။ နိုင်ငံတစ်ခုနှင့် နိုင်ငံတစ်ခုကြား၊ အာဏာတိုက်ပွဲများကြားတွင် နတ်သမီးပုံပြင်ဟူ၍ မရှိချေ။

နန်အိုတိုင်းပြည်၏ သွေးသားမျိုးရိုးသည် သဲကန္တာရလူရိုင်းများနှင့် ပို၍နီးစပ်ပြီး ရွှဲ့တိုင်းပြည်၏ သွေးရင်းမျိုးရိုးနှင့် ဝေးကွာသည်။ သို့ပေမည့် နန်အိုဘုရင်သည် အနောက်တောင်ပိုင်းဒေသတွင် အသေးစားအင်ပါယာတစ်ခု တည်ထောင်ရန်အတွက် ရွှဲ့တိုင်းပြည်ကို မှီခိုခဲ့ရ၏။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက စစ်ပွဲတွင် ရွှဲ့တိုင်းပြည်၏ သိန်းပေါင်းများစွာသော စစ်တပ်သည် အရေးကြီးသော အခိုက်အတန့်တွင် ဆက်လက်မတိုက်ခိုက်ဘဲ ရပ်တန့်နေခဲ့သောကြောင့်သာ နန်အိုဘုရင်သည် စစ်မြေပြင်၌ ကျဆုံးခဲ့ရသည်။

နောက်ပိုင်းတွင် ရွှဲ့ဘုရင်သည် နန်အိုအိမ်ရှေ့မင်းသားအား မြို့တော်သို့ ခေါ်ဆောင်ခဲ့ပြီး သားအရင်းကဲ့သို့ မွေးမြူခဲ့သည်။ ကြားရသည်မှာ အလွန် ပျော်ရွှင်ဖွယ်ကောင်းသည် မဟုတ်ပါလား။

ဤနှစ်များအတွင်း ရွှဲ့တိုင်းပြည်သည် နန်အိုတိုင်းပြည်သို့ အရာရှိများ အဆက်မပြတ် စေလွှတ်ခဲ့ပြီး ဤလက်အောက်ခံနိုင်ငံ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာကို တဖြည်းဖြည်း ရယူခဲ့သည်။

နန်အိုအိမ်ရှေ့စံမင်းသား နင်ကျင်း အရွယ်ရောက်လာသောအခါ ဘုရင်မင်းမြတ်သည် နင်လော့မင်းသမီးနှင့် လက်ဆက်ပေးခဲ့၏။ နန်အိုအိမ်ရှေ့စံမင်းသားသည် နိုင်ငံသို့ပြန်လည်ရောက်ရှိပြီး ဘုရင်ရာထူးကို ဆက်ခံခဲ့ရသော်လည်း နိုင်ငံ၏အာဏာအားလုံးသည် ရွှဲ့တိုင်းပြည်မှလူများ၏ လက်ထဲသို့ ရောက်ရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရ၏။

နန်အိုတိုင်းပြည်၏ အရေးကြီးသော အရာရှိအားလုံးသည် နင်လော့မင်းသမီးကိုသာ ကိုးကွယ်ကြပြီး ဘုရင်ကိုမူ ရွှံ့ရုပ်တုတစ်ခုကဲ့သို့ သဘောထားကြသည်။

သို့ပေမည့် နန်အိုဘုရင် ကျင်းကျွင်းသည် အံ့မခန်း ချီးကျူးဖွယ်ရာကောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ နှစ်အနည်းငယ်အတွင်း ၎င်းသည် ရုန်းကန်ကြိုးစားခဲ့ပြီး အာဏာအများစုကို တဖြည်းဖြည်း ပြန်လည် ရယူနိုင်ခဲ့၏။

သို့ပေမည့် ဤအချိန်တွင် သူ၏ဇနီး နင်လော့ မင်းသမီးသည် အကြီးမားဆုံးသော အတားအဆီး ဖြစ်လာခဲ့သည်။ ထို့ကြောင့် နန်အိုဘုရင် ရှကျင်းသည် အလွန် လျှို့ဝှက်သော နည်းလမ်းဖြင့် နင်လော့မင်းသမီးအား အဆိပ်ခတ် သတ်ဖြတ်ရန် ကြံစည်ခဲ့၏။ ဤသည်မှာ အမှန်တရားပင်။ မည်သည့် ဇနီးမောင်နှံချစ်ခြင်း၊ မည်သည့် သားအဖ သံယောဇဉ်မှသည် နန်းတွင်းအရှုပ်တော်ပုံ၌ မရှိပေ၊ အားလုံးသည် လှည့်စားထားခြင်းသာဖြစ်သည်။

ထိုသို့ဆိုလျှင် ဇနီးဖြစ်သူ နင်လော့မင်းသမီးအား အဆိပ်ခတ်သတ်ဖြတ်သည့် ကျင်းကျွင်း၏ လျှို့ဝှက်သော ကိစ္စကြီးကို ရှမ့်လန်က မည်သို့ သိရှိခဲ့သနည်း။ ဤအကြောင်းကို ပြောရမည်ဆိုလျှင် လွန်ခဲ့သော တစ်လနီးပါးခန့်က စတင်ရပေမည်။ ထိုအချိန်က ရှမ့်လန်သည် `မာယာမျဉ်းပြိုင်´ ကို ရေးသားပြီး အိမ်၌ နေ့စဉ် ပန်းချီပုံများကို ရေးဆွဲနေခဲ့၏။

ထိုအချိန်အတောအတွင်း ရွှမ်ဝူမြို့စားအိမ်တော်သို့ အလွန်လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်တစ်ဦး ရောက်ရှိ လာခဲ့၏။ ထိုသူသည် နင်လော့မင်းသမီး ဖြစ်သည်။ နင်လော့မင်းသမီး နှင့် ကျင်းမူလန်တို့၏ ဆက်ဆံရေးမှာ ရင်းနှီးခြင်းအလျှင်းမရှိသလို ရွှမ်ဝူမြို့စားအိမ်တော်နှင့်လည်း တစ်စုံတစ်ခု ပတ်သက်ဆက်နွယ်ခြင်း မရှိပေ။

သူမသည် အသက်ရှင်သန်ရန်အတွက် သမားတော်ထံ လာရောက်ခြင်း ဖြစ်သည်။ သမားတော်အန်းသည် ရွှမ်ဝူမြို့စားအိမ်တော်၏ သမားတော်တစ်ဦးမျှသာ ဖြစ်သော်လည်း ၎င်း၏ ဆေးပညာကျွမ်းကျင်မှုကြောင့် ဂုဏ်သတင်း ကြီးမားသည်။

နင်လော့မင်းသမီးသည် လျှို့ဝှက်စွာ ကုသပေးဖို့ တောင်းဆိုခဲ့သည်။ သို့ပေမည့် နင်လော့မင်းသမီး၏ ရောဂါလက္ခဏာသည် အလွန်ထူးဆန်းသဖြင့် အသက်ရှင်သန်ရေးအတွက် အာမခံချက်ပေးနိုင်သော သမားတော်အန်းသည်ပင် ရောဂါဇစ်မြစ်ကို မရှာဖွေနိုင်ခဲ့ပေ။

နောက်ပိုင်းတွင် ရှမ့်လန်အပေါ်၌ ထားရှိသော ဘာမှန်းမသိသည့် ယုံကြည်မှုများကြောင့် မူလန်သည် ဤကိစ္စကို ရှမ့်လန်အား ပြောပြခဲ့သည်။ ရှမ့်လန်သည် ချက်ချင်းပင် နင်လော့မင်းသမီးသည် ခဲဆိပ်သင့်ခြင်းဖြစ်ကြောင်း အဆုံးအဖြတ်ပေးခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရောဂါလက္ခဏာမှာ ထင်ရှားနေသောကြောင့်ပင်။ မျက်လုံး သွေးလွှတ်ကြောများ ရောင်းရမ်းခြင်း၊ ဝမ်းဗိုက်ပြင်းထန်စွာ နာကျင်ခြင်း၊ သွေးအားနည်းခြင်း၊ ပျို့အန်ခြင်း၊ ဖျားနာခြင်း စသည့်လက္ခဏာများသည် ခဲဆိပ်သင့်သည့် လက္ခဏာမျိုးပင်။

တစ်စုံတစ်ယောက်သည် နည်းလမ်းတစ်ခုခုဖြင့် သူမအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေ၏။ ဤလောကတွင် ခဲဆိပ်သင့်ခြင်းမှတ်တမ်းသည် အလွန်ရှားပါးသည်။ ထို့ကြောင့် သမားတော်အားလုံးနီးပါးသည် ဤရောဂါကို မရှာဖွေနိုင်ခြင်း ဖြစ်၏။

နင်လော့မင်းသမီးသည် နာမည်ကြီးသမားတော်များစွာကို ရှာဖွေခဲ့သော်လည်း လူတိုင်းသည် အမျိုးမျိုးသော ထင်မြင်ချက်များကို ထုတ်ဖော်ရုံသာ ရှိခဲ့သည်။ မည်သူမှသည် အဆိပ်သင့်ခြင်းဟု မထင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သမားရိုးကျ အဆိပ်သင့်လက္ခဏာများနှင့် မကိုက်ညီသောကြောင့်ပင်။

နင်လော့မင်းသမီးနှင့် စကားပြောဆိုကြည့်ပြီးနောက် ရှမ့်လန်သည် ကျင်းကျွင်း၏ အဆိပ်ခတ်နည်းကို သိရှိသွား၏။ နင်လော့မင်းသမီး၏ ပန်းကန်၊ အိုး၊ ခွက် အစရှိသည်တို့တွင် ခဲဓာတ်များစွာ ထည့်သွင်းထားခြင်းပင်။ ဤအဆိပ်ခတ်နည်းမှာ အလွန်ပင် ကောင်းမွန်လှချေသည်။

ထပ်မံ၍ သေသေချာချာ အလေးအနက် ဆွေးနွေးပြီးနောက် ရှမ့်လန်နှင့် နင်လော့မင်းသမီးတို့သည် အဆိပ်ခတ်သူမှာ သူမ၏ခင်ပွန်း၊ နန်အိုဘုရင် ကျင်းကျွင်းဖြစ်ကြောင်း ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ထို့အပြင် မင်းသမီးသည် အဆိပ်သင့်မှု အလွန်ပြင်းထန်သဖြင့် ရှမ့်လန်သည် သူမအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မည်ဟု အာမ မခံခဲ့ပေ။ ခဲဓာတ် ပါဝင်သော အရာများကို ရပ်တန့်စေပြီး နို့နှင့် ဆေးအချို့ကို ပေါင်းစပ်ကာ ခန္ဓာကိုယ်ပြင်ပသို့ ခဲဆိပ်များကို တဖြည်းဖြည်း စွန့်ထုတ်စေရန်သာ တတ်နိုင်ပေမည်။ ရှမ့်လန်သည် သူမအတွက် ဆေးညွှန်းကို ကိုယ်တိုင်ရေးပေးခဲ့၏။

နင်လော့မင်းသမီးသည် နှစ်ရက်တာ နေထိုင်ပြီး နန်အိုတိုင်းပြည်သို့ ပြန်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အခြေအနေကို နားလည်သွားပြီဖြစ်သောကြောင့် သူမသည် ချက်ချင်း စတင်လှုပ်ရှားရပေတော့မည်။

တစ်ချိန်တည်းတွင် ရွှမ်ဝူမြို့စားအိမ်တော်သည် နန်အိုတိုင်းပြည်ရှိ အထူးချွန်ဆုံး လျှို့ဝှက်သူလျှိုများကို အသုံးပြုကာ နန်အိုတိုင်းပြည်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်စေခဲ့၏။ ရက်အနည်းငယ်ခန့်အကြာတွင် ရွှမ်ဝူမြို့စားအိမ်တော်၏ လျှို့ဝှက်သူလျှိုသည် ချိုးငှက်ဖြင့် စာပေးပို့ခဲ့သည်။

နင်လော့မင်းသမီးနှင့် နန်အိုဘုရင်တို့ တရားဝင် ရန်ဖြစ်ခဲ့ကြသည်။ နန်အိုဘုရင် ကျင်းကျွင်းသည် စစ်တပ်ကို စေလွှတ်၍ ပုန်ကန်ရန်မှာ လွှဲရှောင်မရသော အဆုံးသတ်တစ်ခု ဖြစ်လာခဲ့၏။ သာမန်လူတစ်ဦးသာ ဤလျှို့ဝှက်ချက်ကို သိရှိပါက ထူးခြားမည်မဟုတ်ပေ။ သို့ပေမည့် ရှမ့်လန်သည် ထိုအတွင်း၌ အခွင့်အရေး တစ်ခုကို ချက်ချင်း အနံ့ခံမိခဲ့၏။

တစ်သက်တွင် တစ်ခါသာရနိုင်သော အခွင့်အရေး၊ ရန်သူကို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်မည့် အခွင့်အရေး။ သို့ပေမည့် ဤကိစ္စတွင် နိုင်ငံရေးနှင့် ပတ်သက်သော အန္တရာယ်အချို့ ရှိသည်။ ကျင်းကျွင်း ပုန်ကန်ခဲ့လျှင်ပင် ရှမ့်လန်သည် စာအုပ်ထဲ၌ `ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ´ ဟု ဖုံးကွယ်ရေးသားခြင်းမှာ အနည်းငယ် အန္တရာယ်များသည်။

သူသည် ရွှမ်ဝူမြို့စားကြီးနှင့် နာရီပေါင်းများစွာ ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချခဲ့သည်။ ရှမ့်လန်သည် သူ့ယောက္ခထီးကြီး၏ အခြားကောင်းကွက်တစ်ခုကို တွေ့ရှိခဲ့၏။ အရေးကြီးသော အခိုက်အတန့် တွင် ဆုံးဖြတ်ချက်ချနိုင်ပြီး သွေးအေးခြင်းပင်။

သို့ဖြင့် ရှမ့်လန်သည် စွန့်စားမှု ပြုလုပ်ခဲ့ပြီး စာအုပ်များ၏ စာမျက်နှာ တစ်ရွက်ကို ပြန်လည်ပုံနှိပ်ခဲ့သည်။

စာအုပ်ထဲမှ တဲနီ´ ကို ကွပ်မျက်´ ဟု ပြန်လည်ပြင်ဆင် ရေးသားခဲ့ခြင်းပင်။ ကဗျာထဲတွင် `ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ´ ဟူသော စာလုံးလေးလုံးကို ဖုံးကွယ်ထားခဲ့သည်။ ဤသည်မှာ သူချထားသော ငါးစာပင်ဖြစ်ပြီး အခြားသူများ လာဟပ်စေဖို့ သူ မျှော်လင့်ထားခဲ့သေး၏။

မူလက သူနှင့် ရွှမ်ဝူမြို့စားကြီးတို့သည် လာဟပ်သူမှာ ကျန်းကျင်း ဖြစ်စေချင်ခဲ့သည်။ ထိုမှတစ်ဆင့် သေမင်းတမန် ရန်သူဖြစ်သော ကျန်းချုံးကို ရေထဲသို့ ဆွဲနှစ်နိုင်ပေမည်။ သို့ပေမည့် မထင်မှတ်ဘဲ လီဝမ်ကျန့်ကဲ့သို့ လတ်ဆတ် ရာထူးရရှိထားသော သော ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူးသည် အလောတကြီး ဝင်ဟပ်ခဲ့သည်။ သို့ပေမည့် ဟပ်ပြီးမှတော့ သေလိုက်ရန်သာ ရှိတော့သည်။

......

“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး......” ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူး လီဝမ်ကျန့်သည် တစ်ကိုယ်လုံး အေးစက် လာသလို ခံစားလိုက်ရပြီး မျက်လုံးများပင် ပြာဝေသွားသည်။ ခြေလက်များသည် မထိန်းနိုင်အောင် တုန်ခါနေသည်။ ခြေနှစ်ချောင်းကြားမှ ဖွားဖက်တော်ပင်လျှင် အတွင်းသို့ အဆက်မပြတ် ကျုံ့ဝင် နေသည်။ သို့ပေမည့် ဤသည်မှာ ခန္ဓာကိုယ်၏ တုံ့ပြန်မှုသာဖြစ်ပြီး ရှမ့်လန်ပြောသည့် ဖြစ်စဉ်ကို သူ မယုံကြည်ပေ။

“ရှမ့်လန်.... ခင်ဗျား လုပ်ကြံ ဖန်တီးထားတာလား”

လီဝမ်ကျန့်သည် ရှမ့်လန်အား လက်ညှိုးငေါက်ငေါက် ထိုးကာ ပြောလိုက်သည်။ “မင်းလုပ်နေတာတွေက ရွှမ်ဝူမြို့စားအိမ်တော်တစ်ခုလုံးကို ဖျက်ဆီးသလို ဖြစ်နေပြီ”

ပြီးနောက် လီဝမ်ကျန့်သည် ဒေါသတကြီး အမိန့်ပေးလိုက်၏။ “ဘာကြည့်နေကြတာလဲ။ ဖမ်းဆီးကြစမ်း”

ယခင်က လီဝမ်ကျန့်သည် လေပြည်လေညှင်းကဲ့သို့ တည်ငြိမ်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သည့် ပုံစံမျိုးဖြင့် ရှိခဲ့သည်။ သို့ပေမည့် ယခုမှာမူ သူ၏စိတ်တစ်ခုလုံးသည် ရှုပ်ထွေးနေပြီး မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ နီရဲနေကာ မျက်လုံးများ၌လည်း ကြောက်ရွံ့မှုများ၊ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

“ဖမ်းကြစမ်း။ ရှမ့်လန်နဲ့ ကျင်းမူလန် ဒီနှစ်ယောက်ကို ဖမ်းကြ။ အကျဉ်းထောင်ကို ရောက်ရင် သူ ဝန်မခံဘဲ နေနိုင်မလား ကြည့်လိုက်စမ်းမယ်”

သို့ပေမည့် ပွဲအတွင်းရှိ စစ်သည်ရာပေါင်းများစွာသည် အရူးများမဟုတ်ကြပေ။ သူတို့သည် ရှမ့်လန်နှင့် ကျင်းမူလန်ကို ဝန်းရံထားရုံသာ ရဲကြပြီး စတင်လှုပ်ရှားဖမ်းဆီးခြင်း မပြုရဲကြပေ။

ရှမ့်လန်က ပြောလိုက်သည်။ “လီဝမ်ကျန့်.. အလောမကြီးပါနဲ့။ နန်အိုတိုင်းပြည် ဘုရင်ကျင်းကျွင်းက လွန်ခဲ့တဲ့ လေးရက်တုန်းကက ပုန်ကန်ခဲ့တာ။ သတင်းက မြို့တော်ကို ရောက်လောက်ပြီ။ နောက်နှစ်ရက်အတွင်း နန်းမြို့တော်က အစိုးရပြန်တမ်း ရွှမ်ဝူမြို့ဆီ ရောက်လာလိမ့်မယ်။ ရိုးရိုးသားသားပြောရရင် ကျုပ် ခုနတုန်းကက အစိုးရပြန်တမ်း စောစောစီးစီး ရောက်လာမှာကို စိုးရိမ်ခဲ့ရတာ။ အဲလိုဆိုရင် ကျုပ်ရဲ့ ထောင်ချောက်ထဲ ခင်ဗျား ဘယ်ရောက်မှာလဲ”

ပြီးနောက် ရှမ့်လန် သည် မူလန်ကို ခေါ်ကာ မူလနေရာတွင် ပြန်ထိုင်လိုက်၏။ “နန်းမြို့တော်က အစိုးရပြန်တမ်း ရောက်လာတဲ့အခါ ကျုပ်တို့ စားသောက်ပွဲကို ဖျက်သိမ်းကြတာပေါ့။ လာကြ ... အခုတော့ အားလုံး ပျော်ကြရအောင်။”

သို့ပေမည့် ရှမ့်လန်တစ်ယောက်တည်းသာ အစမှအဆုံး စကားပြောနေသည်။ ကျန်းကျင်းနှင့် မြို့တော်ဝန် လျှိုဝူယမ်တို့သည် မျက်နှာများ ပျက်ရွင်းလျက်ရှိသည်။ သူတို့သည် ရှမ့်လန် လိမ်လည်နေခြင်းဖြစ်မည်ဟု စိတ်ထဲမှ မျှော်လင့်ကြသော်လည်း ကြုံဆုံခဲ့ဖူးသော သင်ခန်းစာများအရ ရှမ့်လန်သည် အတိုင်းအတာ တစ်ခုအထိ အလွန်ရိုးသားသော ကိုယ်ကျင့်တရားရှိသူဖြစ်ကြောင်း သူတို့ သိရှိကြသည်။

လျှိုဝူယမ်သည် လက်ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် စစ်သည်ရာပေါင်းများစွာသည် နောက်သို့ ဆုတ်ခွာသွား ကြ၏။

လီဝမ်ကျန့်သည်လည်း မိမိ၏နေရာ၌ ပြန်ထိုင်လိုက်၏။ သို့ပေမည့် သူ၏မျက်နှာသည် ဖြူဖျော့နေသည်။

......

ထို့နောက် လူတိုင်းသည် စောင့်ဆိုင်းနေကြသည်။ ရှမ့်လန်သည် ပျင်းရိနေပြီဖြစ်၏။ သူ့မိန်းမ မျက်နှာကိုသာ တစိမ့်စိမ့် ကြည့်နေမိ၏။

ထို့နောက် သူသည် ဝိုင်ခွက်ကို ကိုင်မြှောက်ကာ ပြောလိုက်သည်။ “အရာရှိလီ.. ကျုပ် ခင်ဗျားကို တစ်ခွက် တိုက်ချင်ပါတယ်”

လီဝမ်ကျန့်သည် အလိုအလျောက် ဝိုင်ခွက်ကို မြှောက်ကိုင်လိုက်သော်လည်း လက်နှစ်ဖက်သည် အဆက်မပြတ် တုန်ခါနေသည်။ သူသည် ချက်ချင်း တွေးမိလိုက်၏။ မင်းတိုက်တာကို ငါဘာလို့သောက်ရမှာလဲ။

ပြီးနောက် ခွက်ကို စားပွဲခုံပေါ်သို့ ခပ်ပြင်းပြင်း ပြန်ချလိုက်၏။

ရှမ့်လန်သည် ပြုံးကာ ပြောလိုက်သည်။ “အရာရှိလီ... ခင်ဗျားက ရွှမ်ဝူမြို့ရဲ့ ဂုဏ်ဆောင်ပဲ။ ကျုပ် ငယ်ငယ်တည်းက ခင်ဗျားရဲ့ နာမည်ကို ကြားပြီး ကြီးပြင်းလာခဲ့တာ။ ခင်ဗျားရဲ့ အဖေနဲ့ အမေက ခင်ဗျားကို ကြီးပြင်းအောင် ပျိုးထောင်ရတာ တကယ် မလွယ်ဘူးထင်တယ်”

ခန်းမဆောင်တစ်ခုလုံးတွင် ရှမ့်လန်တစ်ယောက်တည်း၏ အသံသာ ထွက်ပေါ်နေ၏။ “ခင်ဗျားက တကယ်ပဲ မိဘကျေးဇူးကို မသိတတ်ဘူး။ အိုမင်းလာချိန်မှာ ကိုယ်က အရင်မသွားရဘူး။ ကိုယ့်သား အသုဘလိုက်ပို့ရတော့မယ်”

လီဝမ်ကျန့်သည် မည်သို့မှ သည်းမခံနိုင်တော့ဘဲ လက်ထဲမှ ဝိုင်ခွက်ကို အားဖြင့် ခွဲချလိုက်သည်။

ရှမ့်လန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားထင်တာ ကျုပ်စာအုပ်ထဲက ဝှက်စာကဗျာကို ခင်ဗျား တွေ့တယ်ပေါ့။ အုပ်ချုပ်ရေးမှုးကျန်းချုံးလို မျက်စိလျင်တဲ့သူက မတွေ့ဘဲနေမလား။ ဒါပေမဲ့ သူ ဘာလို့ မလှုပ်ရှားခဲ့တာလဲ။ ခင်ဗျားလို ငတုံးမျိုး ရှိနေမယ်ဆိုတာ သိလို့ပေါ့။ အသက်ရှင်နေရတာ မကောင်းဘူးလား။ အခု ခင်ဗျား တစ်ယောက်တည်း သေရမှာ မဟုတ်ဘူး၊ လူအများကြီးပါ သေရမှာ။ ဒါက နိုင်ငံကို တုန်လှုပ်စေမယ့် ပုန်ကန်မှုပဲ။ လူ တစ်ရာ့ရှစ်ဆယ်လောက် မသေဘဲနဲ့ ပြီးသွားမယ်လို့ မထင်ဘူး။ ရှေ့ဆုံးကတော့ ခင်ဗျားပေါ့”

လီဝမ်ကျန့်သည် ဒေါသထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ခင်ဗျား ဘာတွေ ကျေနပ်နေတာလဲ။ အားလုံးက ခင်ဗျားပါးစပ်က ထွက်တဲ့အကြောင်းအရာတွေကြီးပဲ။ ဘယ်မှာလဲ သက်သေ။ ကျုပ် ဒီမှာ စောင့်နေမယ်၊ မနက်ဖြန်အထိ၊ သန်ဘက်ခါအထိ စောင့်မယ်။ ကျုပ် ခင်ဗျားကို ပြောမယ် ရှမ့်လန်၊ အကယ်၍ ကျင်းကျွင်းသာ မပုန်ကန်ခဲ့ရင် ခင်ဗျားရဲ့အပြစ်က ပိုကြီးသွားပြီ။ ခင်ဗျားကို ကိုယ်လက်အင်္ဂါဖြတ်တောက်ပြီး သတ်ပစ်ရမယ်။ ရွှမ်ဝူမြို့စားကြီးအိမ်တော်၊ ကျင်းမိသားစုရဲ့ နှစ်တစ်ရာကြာ အခြေခံအဆောက်အအုံတွေ တစ်ခဏအတွင်း ပျက်စီးသွားလိမ့်မယ်”

သို့ပေမည့် ထိုအချိန်မှာပဲ အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူမှာ ရွှမ်ဝူမြို့စားကြီးအိမ်တော်မှ ကျင်းကျုံး ဖြစ်သည်။ “သမက်တော်၊ သခင်မလေး၊ နန်းမြို့တော်က အရေးပေါ်သတင်း ရောက်လာပါတယ်။ နန်အိုဘုရင် ရှကျင်းက နင်လော့မင်းသမီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ပြီး ရွှဲ့တိုင်းပြည်အရာရှိတွေကို အကြီးအကျယ် သတ်ဖြတ်ခဲ့ပါတယ်။ ကျင်းကျွင်း ပုန်ကန်ပြီ”

ထိုစကားကိုကြားရချိန်မှာတော့ လီဝမ်ကျန့်သည် ပထမဦးဆုံး တုန်လှုပ်သွား၏။ ကြောက်လန့်၍ သေးပင် ထွက်ကျမတတ်ပင်။ သို့သော်ငြား သတင်းပို့သူမှာ ရွှမ်ဝူမြို့စားကြီးအိမ်တော်မှ အစေခံဖြစ်ကြောင်း မြင်တော့ ချက်ချင်းပဲ မျက်နှာတစ်ခုလုံး နီရဲသွားသည်။ ပြီးနောက် တင်းမာ ခက်ထန်စွာ ပြောလိုက်၏။ “ရှမ့်လန်.. ပြဇာတ်တွေ ကမနေနဲ့တော့။ ဒါက ခင်ဗျားရဲ့အပြစ်ကို တစ်ဆင့်ပိုကြီးသွားစေရုံပဲ”

စက္ကန့်အနည်းငယ်အကြာမှာတော့ မြို့တော်ဝန်လျှိုဝူယမ်၏ ယုံကြည်ရသော လက်ထောက်သည် အပြေးအလွှား ဝင်ရောက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မြို့တော်ဝန်၊ နန်းမြို့တော်က အရေးပေါ်သတင်း၊ တောင်ပိုင်းသစ္စာခံနိုင်ငံ နန်အိုဘုရင် ကျင်းကျွင်း ပုန်ကန်ပြီး ရွှဲ့တိုင်းပြည်အရာရှိတွေကို သတ်ဖြတ်ခဲ့ပါတယ်”

သုံးမိနစ်ပင် မပြည့်မီ အပြင်ဘက်မှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ထိုသူသည် အုပ်ချုပ်ရေးမှူး ကျန်းချုံး၏ ယုံကြည်ရသော လက်ထောက်ဖြစ်သည်။ ၎င်းသည် ခန်းမဆောင်ထဲသို့ တိုက်ရိုက် ပြေးဝင်လာပြီး ကျန်းကျင်း၏ နားသို့ ကပ်ကာ တိုးတိုးပြောရန် ကြံရွယ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အားလုံး သိနေကြပြီ။ တိုးတိုးပြောစရာ မလိုတော့ဘူး”

ကျန်းကျင်းသည် မျက်မှောင်ကြုတ်လိုက်၏။ “ပြော”

အုပ်ချုပ်ရေးမှူးကျန်းချုံး၏ လက်ထောက်က ပြောလိုက်သည်။ “သခင်လေးကို အစီရင်ခံပါတယ်။ နန်းမြို့တော်က အရေးပေါ်သတင်း၊ နန်အိုဘုရင် ကျင်းကျွင်း ပုန်ကန်ပါပြီ”

ခန်းမဆောင်တစ်ခုလုံးသည် ငရဲပြည်ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွား၏။ လူတိုင်း၏ မျက်နှာအမူအရာများသည် မကောင်းသည့်အရာတစ်ခုခုကို မြင်လိုက်ရသကဲ့သို့ ရှုံ့မဲ့သွားကြ၏။

လူတိုင်း၏အကြည့်သည် ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူး လီဝမ်ကျန့်ထံသို့ ရောက်သွားသည်။ ၎င်းအကြည့်များထဲတွင် အဆုံးမရှိသော သနားကြင်နာမှုများဖြင့် ပြည့်နှက်နေ၏။ လုံးဝ ခိုင်လုံသော သက်သေပင်။ နောက်တစ်ယောက် ရှမ့်လန်၏ လက်ထဲတွင် သေရပေတော့မည်။

ရှမ့်လန်သည် အသာပင် ပြောလိုက်သည်။ “လီဝမ်ကျန့် .. ခင်ဗျား ခုနက နန်အိုဘုရင် ကျင်းကျွင်းနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ ကိစ္စကို ပြောခဲ့တယ်နော်။ ဒီကလူအကုန်လည်း ကြားခဲ့ကြတယ်။ ကျုပ် ယောက္ခမကြီးကို ဘုရင်မင်းမြတ်ဆီ စာတင်ဖို့ တောင်းဆိုရမယ်။ ခင်ဗျားတော့ တကယ်သေပြီပဲ”

လီဝမ်ကျန့်၏ တစ်ကိုယ်လုံးသည် တုန်ယင်သွားသည်။ မျက်နှာသည် ဖြူဖျော့ရုံသာမကဘဲ စိမ်းပြာရောင်သို့ပင် ပြောင်းလဲသွားသည်။ အဆုံးမရှိသော ကြောက်ရွံ့မှုနှင့် အေးစက်မှုသည် သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖုံးလွှမ်းသွား၏။ သူ၏ ညာဘက်လက်သည် ခပ်ပြင်းပြင်း လှုပ်ခါနေသည်။ စိတ်တည်ငြိမ်မှုရရှိစေဖို့ ဝိုင်ခွက်ကို ကိုင်မြှောက်၍ တစ်ခွက် သောက်ရန် ကြိုးစားမိသည်။ သို့ပေမည့် မည်သို့မျှ ခွက်ကို ငြိမ်အောင် မကိုင်နိုင်ပေ။

လက်နှစ်ဖက်ဖြင့် ကြိုးစားကိုင်ပြီး ဝိုင်ခွက်ကိုမြှောက်ကာ သောက်ရန် ကြိုးစားသည်။ ထိုမှသာ သူ၏ စိတ်တည်ငြိမ်မည် မဟုတ်ပါလား။ သို့သော်ငြား ဝိုင်ခွက်သည် သူ၏ ပါးစပ်နားဆီသို့ မရောက်လိုက်ပေ။ သိစိတ်တစ်ခုလုံး ကင်းလွတ်ပြီး မြေပေါ်သို့ လဲကျသွားသောကြောင့်ပင်။

All Chapters