← Chapters

အခန်း (၁၀၅)

Vol. 8 Ch. 105

အခန်း (၁၀၅)

Vol. 8 Ch. 105

သူ့အဖေ၏ စကားကို ကြားပြီးနောက် ကျန်းကျင်းသည် ထိတ်လန့်သွားသည်။ သို့ပေမည့် အိမ်တွင် အဖေသည် အကြွင်းမဲ့ အာဏာပိုင်စိုးသူဖြစ်ရာ အကြံအစည်မှာ ထူးခြားဆန်းကြယ်လှသော်လည်း ကျန်းကျင်းအနေဖြင့် ပြန်လှန်မေးခွန်းထုတ်၍ မဖြစ်ပေ။ သို့ပေမည့် သူသည် ရှမ့်လန် သူ၏ယောက်ဖ ဖြစ်လာမည်ကို မလိုလားပေ။

“လန်ရှန်မြို့စားအိမ်တော်က ကျူးဝမ်ဟွာကိစ္စကကော” ကျန်းကျင်းက မေးလိုက်သည်။

ကျန်းချုံးက ပြောလိုက်၏။ “သူနဲ့ ချွင်းဟွာက စေ့စပ်ကြောင်းလမ်းထားတာမှ မဟုတ်တာ။ မိန်းကလေးဆိုတာ အကောင်းဆုံး ဈေးကို စောင့်ဆိုင်းရစမြဲပဲ။ ဘာများ ထူးဆန်းလို့လဲ”

ကျန်းကျင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် ကျုပ်တို့က မြို့စားလေး ကျူးလန်ထင်ကို အကြီးအကျယ် စော်ကားသလို ဖြစ်သွားမှာပေါ့”

“အခုခေတ်မှာ ဘာက အဖိုးတန်ဆုံးလဲ။ အရည်အချင်းရှိတဲ့သူပဲ”

ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်လန်လို အရည်အချင်းရှိတဲ့လူကိုသာ ရနိုင်မယ်ဆိုရင် မြို့စားလေး ကျူးလန်ထင်ကို စော်ကားရတာက ဘာများ အရေးကြီးလို့လဲ”

ထို့နောက် ကျန်းချုံးသည် လက်ပြကာ တားလိုက်သည်။ “တော်ပြီ၊ ဒီကိစ္စကို ထပ်မပြောနဲ့တော့”

ကျန်းကျင်းက မေးလိုက်၏။ “အဖေ.. ဒါဆိုရင် ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်ကို ဝိုင်းဝန်းတိုက်ခိုက်မယ့် ကိစ္စကကော”

“ဆက်လုပ်ရမယ်။ ဒါပေမဲ့ နောက်ဆုတ်ထားအုံး”

ကျန်းချုံးက ပြောလိုက်သည်။ “နန်အိုတိုင်းပြည်က ကျင်းကျွင်း ပုန်ကန်ဖို့ ကြံစည်တာက မထူးဆန်းဘူး။ သူ့အဖေက မတရားသေဆုံးခဲ့ရပြီး နှစ်ပေါင်းတစ်ရာကြာမြင့်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေလည်း အသိမ်းခံရတော့မှာ ဆိုတော့ ပုန်ကန်မှာက သဘာဝပဲ။ ဒါပေမဲ့ စည်းချက်ပျက်သွားပြီး အချိန်မတိုင်ခင် ပုန်ကန်လိုက်တဲ့အတွက် ဒီလို ဧရာမ မုန်တိုင်းကြီး စတင်လာခဲ့တာပဲ”

ဘုရင်မင်းမြတ်၏ ရည်ရွယ်ချက်ကို ကျန်းချုံး နားလည်သည်။ နန်အိုဘုရင် ကျင်းကျွင်းအား သူ၏သမီးတော် နင်လော့မင်းသမီးနှင့် လက်ထပ်စေပြီးနောက် သားတော်တစ်ပါး ဖွားမြင်ပြီးလျှင် ကျင်းကျွင်းအား ဖျားနာ၍ ကွယ်လွန်စေမည်။ ထို့နောက် အိမ်ရှေ့စံမင်းသားအား ဘုရင်သစ်အဖြစ် တင်မြှောက်ပြီး နင်လော့မင်းသမီးက ရင်ခွင်ပိုက် အုပ်ချုပ်မည်။ သို့ဆိုလျှင် နန်အိုတိုင်းပြည်သည် ရွှဲ့နိုင်ငံတော်၏ လက်အောက်သို့ လုံးဝ ကျရောက် သွားပေလိမ့်မည်။

သို့ပေမည့် ကျင်းကျွင်းသည် အချိန်မတိုင်ခင် ပုန်ကန်ခဲ့သဖြင့် မျက်နှာဖုံး ကွာကျခဲ့သည်။ တစ်ချိန်က ဒဏ္ဍာရီ ပုံပြင်သည် အလုံးစုံ လိမ်လည်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှဲ့နိုင်ငံတော်တစ်ခုလုံး တုန်လှုပ်သွားပြီး နိုင်ငံရေး အခြေအနေမှာလည်း အကြီးအကျယ် ပြောင်းလဲသွားပေတော့မည်။

ကျန်းကျင်းသည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။ “မူဝါဒအပြောင်းအလဲက ဒီကျင်းကျွင်းအပေါ်မှာပဲ ရှိခဲ့တာ။ အခု ကျင်းကျွင်းပုန်ကန်ပြီဆိုတော့ အပြောင်းအလဲက နောက်ပြန်ဆုတ်သွားနိုင်မလား”

“နောက်ပြန်မဆုတ်နိုင်ဘူး”

ကျန်းချုံးက ပြောလိုက်၏။ “အပြောင်းအလဲသစ်က ဘုရင်မင်းမြတ်ရဲ့ ဆန္ဒပဲ။ ကျင်းကျွင်းနဲ့ မသက်ဆိုင်ဘူး။”

“အပြောင်းအလဲသစ်က နောက်ပြန်မဆုတ်နိုင်ပေမဲ့ စည်းချက်ကတော့ ပြောင်းလဲသွားနိုင်တယ်”

ကျန်းချုံးက ဆက်ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားက ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ နန်းတွင်း အစည်းအဝေးမှာ ဘုရင်မင်းမြတ်ကို ကျင်းကျွင်းရဲ့ ဘွဲ့ထူးအကုန်ကို အပြတ်အသတ် ဖြုတ်ချဖို့ လျှောက်တင်တင်လိမ့်မယ်။ အပေါ်ယံမှာ ကျင်းကျွင်းကို တိုက်ခိုက်တာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ အပြောင်းအလဲသစ် ကို တိုက်ခိုက်တာပဲ”

ကျန်းကျင်းက မေးလိုက်၏။ “ရွှမ်ဝူမြို့စားလိုလူတစ်ယောက်က ဘုရင်မင်းမြတ်နဲ့ နိုင်ငံရေး အားပြိုင်ရဲမှာလား”

ကျန်းချုံးက ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားကို အထင်မသေးနဲ့။ ဒီလူက အရမ်းမထူးချွန်ပေမဲ့ ခိုင်မာ ပြတ်သားပြီး အရမ်းတော်တဲ့သူပဲ”

ကျန်းကျင်းက မေးလိုက်၏။ “ဒါပေမဲ့ ဒီလိုလုပ်တာက တစ်နည်းအားဖြင့် ဘုရင်မင်းမြတ်ရဲ့ သိက္ခာကို ရိုက်ချိုးသလို ဖြစ်မနေဘူးလား”

“ဟုတ်တယ်။ ဒါပေမဲ့ ဘာဖြစ်လဲ”

ကျန်းချုံးက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်ရဲ့ ဓားက လည်ပင်းပေါ် တင်ထားမှတော့ ပြန်တွန်းလှန်ရုံအပြင် ဘာလုပ်နိုင်မှာလဲ။ ကျင်းကျွင်းက ဘုရင်မင်းမြတ်စိုက်ထူထားတဲ့ အလံတစ်ခုပဲ။ အခု အဲဒီအလံ လဲကျသွားပြီဆိုတော့ တခြားလူတွေက အခွင့်အရေးယူပြီး ခြေနဲ့ နင်းချေကြမှာပေါ့”

ကျန်းကျင်းသည် မယုံနိုင်အောင် ဖြစ်သွား၏။ ဤသည်မှာ ဘုရင်တစ်ပါးကို ဆက်ဆံပုံလား။ ဘုရင်နှင့် တိုင်းသူပြည်သားကြားက ဆက်ဆံရေးသည် မိုးနှင့်မြေထက် ကြီးမားသည် မဟုတ်ပါလား။

ကျန်းချုံးက ပြောလိုက်သည်။ “ဘုရင်နဲ့ ကျွန်အကြားက ဆက်ဆံရေးဟာ မိုးနဲ့မြေထက် ကြီးမားတယ်ဆိုတဲ့ စကားပုံက အခုကြည့်ရင် မမှားဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ကျင်းမျိုးနွယ်နဲ့ နင်မျိုးနွယ်က အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြတာပဲ။ ဒီအခြေခံအုတ်မြစ်ကို သူတို့ဘာသာ တည်ထောင်ခဲ့တာ။ နင်မျိုးနွယ်က ပေးသနားခဲ့တာ မဟုတ်ဘူး။ ကိုယ့်ဘာသာ တည်ထောင်ထားတဲ့အုတ်မြစ်ကို ဘုရင်မင်းမြတ်က သိမ်းယူချင်တော့ အသက်စွန့်ပြီး ခုခံကြမှာပေါ့”

ကျန်းကျင်းသည် သူ၏အဖေကို ကြောင်ငေးကြည့်နေသည်။ သူ၏အဖေသည် ရွှမ်ဝူမြို့စား၏ ရှုထောင့်မှ ရပ်တည်၍ စကားပြောနေသည်လား။

“နိုင်ငံရေးလုပ်တဲ့အခါ ချစ်ခြင်း ၊ မုန်းခြင်းကို ခွဲခြားထားရတယ်”

ကျန်းချုံးက ပြောလိုက်၏။ “နိုင်ငံရေးမှာ ကိုယ်ရပ်တည်နေတဲ့နေရာက ကိုယ့်ရဲ့အတွေးအခေါ်ကို ဆုံးဖြတ်တယ်။ ငါ ရွှမ်ဝူမြို့စားကို နားလည်တယ်။ ဒါပေမဲ့ ငါက ဘုရင်မင်းမြတ်လက်ထဲက ဓားတစ်စင်းပဲ။ သူ သာ တစ်စုံတစ်ယောက်ကို ခုတ်ခိုင်းရင် ငါခုတ်ရမှာပဲ။ နိုင်ငံရေးမျှခြေမှာ စကားတစ်ခွန်းပဲ ရှိတယ်၊ အဲဒါက အကျိုးအမြတ်ပဲ”

“အဖေ့ရဲ့ သင်ကြားပေးမှုကို ကျေးဇူးတင်ပါတယ်”

ကျန်းကျင်းက ပြောလိုက်သည်။ “အဖေ့အထင် ရွှမ်ဝူမြို့စားနဲ့ ဘုရင်မင်းမြတ်ရဲ့ ဒီကစားပွဲက ဘယ်လိုဖြစ်လာနိုင်မလဲ”

ကျန်းချုံးက ပြောလိုက်၏။ “ငါ့အထင်မမှားဘူးဆိုရင် ရွှမ်ဝူမြို့စားက အစည်းအဝေးမှာ လျှောက်တင်လွှာ နှစ်စောင် တင်သွင်းလိမ့်မယ်”

“ပထမ လျှောက်တင်လွှာက ဘုရင်မင်းမြတ်ကို ကျင်းကျွင်းရဲ့ ဘွဲ့ထူးကို အပြတ်အသတ် ဖြုတ်ချဖို့။ ဒါက ဘုရင်မင်းမြတ်ရဲ့ အရှက်သိက္ခာကို အနည်းငယ် ရိုက်ချိုးသလိုဖြစ်ပေမဲ့ မျှော်လင့်ထားသလို ဆိုရင် ဘုရင်မင်းမြတ် က လိုက်လျောလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျင်းကျွင်းက ပုန်ကန်ပြီးသွားပြီလေ။ သူ့ကို ပြတ်အသတ် မဖြုတ်ချဘူးဆိုရင် ကျင်းကျွင်းကို နှိမ်နင်းဖို့ဆိုတာ တရားနည်းလမ်းကျမှာ မဟုတ်ဘူး”

“ဒုတိယ လျှောက်တင်လွှာက ရွှမ်ဝူမြို့စားက ဘုရင်မင်းမြတ်ကို လီဝမ်ကျန့်က ကျင်းကျွင်းနဲ့ ပူးပေါင်းပြီး ပုန်ကန်မှုမှာ ပါဝင်ကြောင်း တိုင်ကြားပြီး ဥပဒေအရ အပြစ်ပေးဖို့ တောင်းဆိုလိမ့်မယ်။ အဲဒီ လျှောက်တင်လွှာ နှစ်စောင်က အရေးအကြီးဆုံးပဲ။ ဘာလို့လဲဆိုတော့ ဒါက နိုင်ငံရေး မူဝါဒအပြောင်းအလဲသစ်ကို ဆိုင်းငံ့မလား၊ မဆိုင်းငံ့မလားဆိုတဲ့ အချက်ပြမှုဖြစ်ပြီး ရွှဲ့နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံရေးအခြေအနေနဲ့ သက်ဆိုင်နေလို့ပဲ”

ကျန်းကျင်းသည် မယုံနိုင်စွာဖြင့် ပြောလိုက်၏ “လီဝမ်ကျန့်မှာ ဒီလောက်အရေးပါလို့လား။ သူက ဒုတိယတန်း အစိုးရအမှုထမ်း စာမေးပွဲအောင်ပြီး ငွေရောင်ဝတ်စုံဝတ် အရာရှိဆိုပေမဲ့ အခြေခံမရှိတဲ့ … အရေးမပါတဲ့လူ တစ်ယောက်ပဲလေ”

“ဒါက နိုင်ငံရေးရဲ့ ဆွဲဆောင်မှုပဲ။ သဲလွန်စ သေးသေးလေးကနေ အခြေအနေ အကြီးကြီးကို ကြိုမြင်နိုင်တယ်”

ကျန်းချုံးက ပြောလိုက်၏။ “အခုလည်း သေးသေးလေးက စတာပေါ့”

ဤသို့သောအချိန်မျိုး၌ ကျန်းကျင်းသည် မိမိတွင် အဖေကောင်းတစ်ဦးရှိနေခြင်းအတွက် စိတ်သက်သာရာရသလို သက်ပြင်းချမိသည်။ နိုင်ငံရေးတွင် သူ့အား ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးနိုင်သည်။ ထို့ကြောင့် သူ … ကျန်းကျင်းသည် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သော်လည်း အရေးကြီးသည့်အချိန်မျိုးတွင် ပြန်လည်ပြင်ဆင်၍မရသော အမှားမျိုး မကျူးလွန်မိခြင်းပင်။

“ဘုရင်မင်းမြတ်က လီဝမ်ကျန့်ကို ကွပ်မျက်လိုက်ရင် ဒါက သူ အလျှော့ပေးလိုက်တာလို့ သတ်မှတ်လို့ရပြီး နိုင်ငံရေး အပြောင်းအလဲသစ်လည်း ဆိုင်းငံ့သွားလိမ့်မယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က လီဝမ်ကျန့်ကို မကွပ်မျက်ဘူးဆိုရင်တော့ အပြောင်းအလဲသစ် က ဆက်လက်တည်ရှိနေပြီး ပိုပြီး ပြင်းထန်လာနိုင်တယ်”

ကျန်းကျင်းက မေးလိုက်၏။ “ကျင်းကျွင်း ပုန်ကန်လို့ စစ်ပွဲတွေဖြစ်နေတာဆိုတော့ ဘုရင်မင်းမြတ်က ပြည်တွင်း ပဋိပက္ခကို လျှော့ချရမှာ မဟုတ်လား။ ဘာလို့ အပြောင်းအလဲသစ်ကို ပိုပြီး တင်းကျပ်မှာလဲ”

ကျန်းချုံးက ပြောလိုက်သည်။ “မင်းက ယုတ္တိဗေဒအရ စဉ်းစားလွန်းတယ်။ နိုင်ငံရေးဆိုတာ မပြောင်းလဲဘဲ မနေဘူး။ သူက လေလိုပဲ၊ ရေလိုပဲ။ အခွင့်အရေးကို အသုံးချတတ်တယ်။ ကျင်းကျွင်းပုန်ကန်ပြီး စစ်ပွဲဖြစ်တာက မမှားဘူး။ ဒါပေမဲ့ ဘုရင်မင်းမြတ်က အဲဒီစစ်မြေပြင်ကို အသားကြိတ်စက်တစ်ခုလို သဘောထားရင်ကော …။ တော်ဝင်မျိုးနွယ်စုတွေရဲ့ သွေးစွန်းမယ့်နေရာအဖြစ် သတ်မှတ်လိုက်ရင်ကော ….”

“တိုင်းပြည်မှာ ပုန်ကန်မှုဖြစ်ရင် တော်ဝင်မျိုးနွယ်စုတွေမှာ စစ်ကူလွှတ်ဖို့ တာဝန်ရှိတယ်”

ကျန်းချုံးက ပြောလိုက်၏။ “ဘုရင်မင်းမြတ်က အမိန့်တော်တစ်စောင်နဲ့ ဒီတော်ဝင်မျိုးနွယ်စုတွေကို နန်အိုတိုင်းပြည်ဆီ စစ်ကူလွှတ်ပြီး ပုန်ကန်မှုကိုနှိမ်နင်းခိုင်းရင် တော်ဝင်မျိုးနွယ်တွေရဲ့ ကိုယ်ပိုင်စစ်တပ်တွေ လုံးဝ ပြုန်းတီးသွားမှာ မဟုတ်လား”

ကျန်းကျင်းက ပြောလိုက်သည်။ “ဒါပေမဲ့... ဒါက အရမ်းအန္တရာယ်များတယ်”

“ဟုတ်တယ်၊ အရမ်းအန္တရာယ်များတယ်”

ကျန်းချုံးက ပြောလိုက်၏။ “စစ်တုရင်ပညာရှင်တစ်ယောက် မဟုတ်ရင် အတွင်းစည်းထိ မစဉ်းစားနိုင်ဘူး။ ကိုယ့်ဒုက္ခ ကိုယ်ရှာမိသွားနိုင်တယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဒါကြောင့် စောင့်ကြည့်ရုံပဲ။ ဘုရင်မင်းမြတ်က လီဝမ်ကျန့်ကို ကွပ်မျက်ဖို့ ဆန္ဒရှိမလားဆိုတာ စောင့်ကြည့်ရမယ်။ ဒါက ရွှဲ့နိုင်ငံတော်ရဲ့ နောက်ဆက်တွဲ နိုင်ငံရေးအခြေအနေအတွက် အရေးအကြီးဆုံး အချက်ပြမှုပဲ”

...

ရွှမ်ဝူမြို့စားအိမ်တော်မှာတော့ မြို့စားကြီးသည် လျှောက်တင်လွှာ နှစ်စောင်ကို ရေးသားပြီးဖြစ်သည်။ ပထမ တစ်စောင်မှာ ဘုရင်မင်းမြတ်အား ကျင်းကျွင်း၏ ဘွဲ့ထူးအကုန်ကို အပြတ်အသတ် ဖြုတ်ချကာ ပုန်ကန်သူအဖြစ် သတ်မှတ်ရန် တိုင်ကြားခြင်း ဖြစ်သည်။ ဒုတိယတစ်စောင်မှာ ငွေရောင်ဝတ်စုံဝတ် အရာရှိ လီဝမ်ကျန့်သည် ကျင်းကျွင်း၏ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ကြောင်း သက်သေခိုင်လုံသောကြာင့် နောက်လူများ နမူနာမယူစေရန် ဥပဒေအရ အပြစ်ပေးရန် ဘုရင်မင်းမြတ်ကို တောင်းဆိုခြင်း ဖြစ်၏။

မြို့စားကြီးက မေးလိုက်သည်။ “လန်အာ… အဖေ့ရဲ့ ဒီ လျှောက်တင်လွှာနှစ်စောင်ကို ကြည့်စမ်း။ ပြဿနာများ ရှိနိုင်မလား”

ရှမ့်လန်သည် အသာယူကာ ကြည့်ရှုလိုက်သည်။ သူသည် လေ့လာလိုသော သဘောထားဖြင့် ကြည့်ရှုခြင်းပင်။ သူသည် အလွန်ဉာဏ်ကောင်းပြီး ထက်မြက်သော်လည်း နိုင်ငံရေး၏ အသေးစိတ်အခြေအနေမျိုးတွင်မူ မြို့စားကြီးသည် မုချ ပညာရှင်တစ်ဦး ဖြစ်၏။

ကြည့်ရှုပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “အဖေ… ထင်ထားသလိုဆိုရင် ပထမ လျှောက်တင်လွှာကို ဘုရင်မင်းမြတ်က သဘောတူလိမ့်မယ်။ ဒါက သူ့အရှက်သိက္ခာကို အနည်းငယ် ရိုက်ချိုးသလိုဖြစ်ပေမဲ့ပေါ့။ အဓိကက ဒီဒုတိယ လျှောက်တင်လွှာမှာပဲ။ ဘုရင်မင်းမြတ်က လီဝမ်ကျန့်ကို ကွပ်မျက်လိုက်ရင် ဒါက ပြည်တွင်းပဋိပက္ခကို လျှော့ချပြီး နန်အိုတိုင်းပြည်ရဲ့ ပုန်ကန်မှုကို နှိမ်နင်းဖို့ အာရုံစိုက်ကြောင်း ကိုယ်စားပြုတယ်။ ဘုရင်မင်းမြတ်က ကျုပ်တို့အပေါ် အလျှော့ပေးမှုတချို့ ပြုလုပ်တာဖြစ်ပြီး နိုင်ငံရေး မူဝါဒ အပြောင်းအလဲသစ်လည်း ဆိုင်းငံ့သွားလိမ့်မယ်”

မြို့စားကြီးသည် ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။

ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဘုရင်မင်းမြတ်က လီဝမ်ကျန့်ကို မကွပ်မျက်ဘူးဆိုရင်တော့ အပြောင်းအလဲ မူဝါဒသစ်က ဆက်ရှိနေပြီး ပိုပြီး ပြင်းထန်လာလိမ့်မယ်။ အပြင်မှာ ပုန်ကန်မှုရှိနေတော့ ဘုရင်မင်းမြတ်က တော်ဝင်မျိုးနွယ်စုတွေကို ခြိမ်းခြောက်ဖို့ ပိုပြီး ရက်စက်ကြမ်းကြုတ်စွာနဲ့ သူ့ရဲ့ ထက်မြက်တဲ့ သွားစွယ်တွေကို ထုတ်ပြလိမ့်မယ်”

ဤအချိန်တွင် ရွှမ်ဝူမြို့စား၏ ဆုံးဖြတ်ချက်သည် အရေးပါလာသည်။ ဤ လျှောက်တင်လွှာနှစ်စောင်ကို မပို့လျှင် ဘာကိစ္စမှ မရှိပေ။ သို့ပေမည့် ကျင်းမျိုးနွယ်သည် အနိုင်ကျင့်၍ ကောင်းသော၊ အသုံးမကျသော မျိုးနွယ်စုအဖြစ် ထင်မှတ်ကြပေလိမ့်မည်။ အကယ်၍ ဤလျှောက်တင်လွှာ နှစ်စောင်ကို ပို့လိုက်လျှင်မူ ဘုရင်မင်းမြတ်နှင့် ကစားပွဲပြုလုပ်ခြင်းဖြစ်ပြီး အန္တရာယ်အချို့ ရှိလာနိုင်၏။ သာမန် တော်သင့်ရုံသတ္တိဖြင့် လူမျိုးဖြစ်ပါက ဘုရင်မင်းမြတ်၏ အမျက်ဒေါသကို မဆွမိစေရန် ဤလျှောက်တင်လွှာ နှစ်စောင်ကို ပို့မည်မဟုတ်ပေ။

သို့ပေမည့် အားနည်းဟန်ဆောင်ခြင်းသည် အသုံးဝင်ပါသလား။ အသုံးမဝင်ပေ။ အသုံးမဝင်ရုံမက မြန်မြန်ဆန်ဆန် သေဆုံးစေသည်။ ယုန်တစ်ကောင် ဒူးထောက်အညံ့ခံသည်ကို တွေ့လျှင် ကျားသည် မစားဘဲနေမည်လား။ ဘယ်ဟုတ်ပါ့မည်နည်း။ ကျား ယုန်ကို စားခြင်း၊ မစားခြင်းသည် ဗိုက် ဆာ၊ မဆာပေါ်တွင်သာ မူတည်သည်။

“ပို့မယ်”

ရွှမ်ဝူမြို့စားသည် စားပွဲကို လက်ဖြင့်ရိုက်ကာ ပြောလိုက်၏။ “ငါတို့ရဲ့အခြေခံအုတ်မြစ်ကို ကျုပ်တို့ ငါတို့ဘိုးဘေးက တည်ထောင်ခဲ့တာ။ နင်မျိုးနွယ်က ပေးသနားခဲ့တာ မဟုတ်ဘူး။ သူ သိမ်းယူချင်တိုင်း သိမ်းယူလို့ ဘယ်လိုလုပ်ရမှာလဲ။ ငါ ကျင်းကျိုးက စိတ်ကြီးတယ်ကွ”

ရှမ့်လန်သည် ယောက္ခထီးဖြစ်သူကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ “အဖေ.. စိတ်အေးအေးထားပါ။ ဒီကိစ္စအတွက် ကျုပ်မှာ နောက်ဆက်တွဲအစီအစဉ် ရှိပါတယ်။ အရမ်းကြမ်းမယ့် အစီအစဉ်မျိုးပါ”

နာရီဝက်အကြာတွင် မြင်းသည်တော်တစ်စုသည် မြို့စားအိမ်တော်မှ ထွက်ခွာသွားပြီး ရွှမ်ဝူမြို့စား၏ လျှောက်တင်လွှာ နှစ်စောင်ကို မြို့တော်သို့ ပို့ဆောင်ရန် ဦးတည်သွား၏။

...

ကျန်းချွင်းဟွာသည် နုကျင်းခရိုင်၏ ပထမဆုံး အလှဆုံးမိန်းမပျို၊ ပထမဆုံး အရည်အချင်းအရှိဆုံး မိန်းမပျို ဖြစ်သည်။ မူလန်၏ ဆွဲဆောင်မှုအပြည့် ကိုယ်လုံးကိုယ်ပေါက်နှင့် မတူဘဲ ကျန်းချွင်းဟွာသည် ရှေးရိုးစွဲ အလှပိုင်ရှင်တစ်ဦး ဖြစ်သည်။ သွယ်လျပြီး မိုးမခပင်ကဲ့သို့ နူးညံ့သည်။ ဘဲဥပုံမျက်နှာ၊ ပြိုင်ဘက်ကင်းသော အလှဖြင့် လူတစ်ယောက်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်စွမ်းရှိသည်။ စကားလုံးများဖြင့် ဖော်ပြရလျှင် ညှို့ဓာတ်ပြင်းသော မိန်းမပျိုတစ်ဦးပင်။ သူသည် အမှန်တကယ်ပင် ညှို့ဓာတ်ပြင်းသော မျက်နှာရှိသဖြင့် အလွန် နစ်နာရသည်။

အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် သူ့သမီးကို ကြည့်ပြီး သက်ပြင်းတစ်ချက်ကို လေးလေးနက်နက် ချလိုက်မိသည်။ ဤသမီး၏ ပြစ်ချက်သည် အလွန် လှပလွန်းခြင်းပင်။ မိန်းမယူလျှင် သီလစောင့်ထိန်းသူ၊ ကျင့်ဝတ်ထိန်းသိမ်းသူကို ရွေးချယ်ပြီး၊ မယားငယ်ယူလျှင်တော့ အလှအပကို ရွေးချယ်ကြသည်။ သမီးဖြစ်သူကဲ့သို့ ညှို့ဓာတ်ပြင်းသော မျက်နှာအလှ ပိုင်ရှင်မျိုးသည် ဘုရင်မင်းမြတ်၏ သားတော်၊ ပြည်နယ်အုပ်ချုပ်ရေးမှုး ကျူးကျွင်း၏ သားတော်နှင့်ပင် လက်ထပ်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ မျက်နှာကိုကြည့်လိုက်ရုံဖြင့် အိပ်ရာထဲ တန်းခေါ်ချင်လောက်အောင် ဆွဲဆောင်မှုရှိသော မိန်းကလေးမျိုးကို ဘယ်ဘုရင်မှ မိဘုရားခေါင်အဖြစ် မြှောက်တင်မည် မဟုတ်ပေ။ အားလုံးက စိတ်ဖြင့် မှန်းကာ စော်ကားနေမည် မဟုတ်ပါလား။

ဤနှစ်များအတွင်း ကျန်းချုံးသည် သူ၏သမီးဖြစ်သူဆီမှ ညှို့ဓာတ်ကို ကဗျာ၊ ဂီတတို့ဖြင့် ဖယ်ရှားရန် ကြိုးစားခဲ့သည်။ ထိုတင်မကသေးချေ။ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ရသည်။ မည်မျှ အားစိုက်ထုတ်ခဲ့ရသည် ကိုပင် မသိတော့ချေ။ နောက်ဆုံးတွင်တော့ သူမသည် နုကျင်းခရိုင်၏ အရည်အချင်းအရှိဆုံး မိန်းမပျိုဖြစ်လာပြီး တော်ဝင်မျိုးနွယ်ဝင်များ၏ စံပြ မိန်းမပျို ဖြစ်လာခဲ့သည်။

သို့ပေမည့် ထိုဂုဏ်ပုဒ်သည် အခြားသူများ၏ ရှေ့မှောက်တွင်သာ ဖြစ်၏။

ယခုအချိန်မှာတော့ ဤမိန်းကလေသည် ဖခင်၏ရှေ့မှောက်ရှိ ကုလားထိုင်ပေါ်၌ ပျင်းရိစွာ မှီထိုင်နေပြီး ခြေတစ်ဖက်ကိုပင် ချိတ်ထားသေးသည်။ မွေးရာပါ ညှို့ဓာတ်ပြင်းသော သူတစ်ယောက်၏ ပေါ့ပေါ့ပါးပါး အမူအရာကသည်ပင် လူတစ်ယောက်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သည်။

ကျန်းချုံးသည် မျက်ခုံးများ လှုပ်သွားသည်။ သူသည် ဤသမီးကို အချစ်ဆုံးဖြစ်သော်လည်း သူမကို မြင်သည့် အခါတိုင်း ဆုံးမချင်စိတ်ကို မထိန်းနိုင်ပေ။ သူ၏သားနှစ်ယောက်သည် အလွန် နာခံမှုရှိပြီး တည်ငြိမ်သော်လည်း ဤအချစ်ဆုံးသမီးလေးမှာမူ ဉာဏ်ကောင်းသလောက် ဆိုးသွမ်းလှ၏။

“ဒီစာအုပ်ကို မင်း ဖတ်ပြီးပြီလား”

ကျန်းချုံးသည် စားပွဲပေါ်မှ ‘မာယာမျဉ်းပြိုင်’ စာအုပ်ကို လက်ညိုးညွှန်ကာ မေးလိုက်သည်။

ကျန်းချွင်းဟွာသည် ပျင်းရိစွာဖြင့် ပြောလိုက်၏။ “အကြိမ်တစ်ရာလောက် ဖတ်ပြီးပြီ။ အလွတ်တောင်ရနေပြီ။ အဖေ..ကျွန်မ နည်းနည်းလောက် ရွတ်ပြရမလား”

“ပင်လယ်ပြင်ကျယ် သစ္စာဆိုလျက်၊ ထောင်ခါမက ပွေ့ဖက်နမ်းရှိုက်၊ တိမ်တိုက်ကြားမှ မိုးစက်များနှယ်၊ သောင်းထောင်မက ညှို့ဓာတ်ခြယ်... ဖြတ်သန်းသွားသော လေတိုးသံသည် နားအစပ်မှ မခွာ... ချိုမြသော တံတွေးလေးများ၊ လျှာဖျားလေးကို ပြုံးလျက် ငုံကာ...”

သူမသည် ကဗျာအလွတ်ရွတ်ပြရုံမဟုတ်ပေ။ ကာမဂုဏ်ဆန်သော အပိုဒ်ကို ရွေး၍ပင် ရွတ်ပြနေသည်။

ကျန်းချုံးသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “တော်ပြီ။ သမီးမိန်းကလေး တစ်ယောက်က ဒီလောက်တောင် ကာမဂုဏ်ဆန်တဲ့ စကားတွေပြောနေတာ၊ မသင့်တော်ဘူး မဟုတ်လား”

ကျန်းချွင်းဟွာက မေးလိုက်၏။ “ဘယ်သူက ကာမဂုဏ်ဆန်လို့လဲ။ ကျွန်မရဲ့ လက်ချောင်းလေး တစ်ချောင်းကိုတောင် ယောက်ျားတစ်ယောက်မှ မထိဖူးသေးဘူး။ တခြားသူတွေရှေ့မှာ သမီးက စာအုပ်ထဲက အတိုင်း တော်ဝင်မျိုးနွယ်ဝင် သိမ်မွေ့တဲ့ မိန်းမပျိုလေးပဲ မဟုတ်လား။ အပျိုစစ်စစ်နော်”

ကျန်းချုံးက မေးလိုက်သည်။ “ဒီစာအုပ်ရေးတဲ့သူကို ဘယ်လိုထင်လဲ”

“ကောင်းတယ်၊ အရမ်းကောင်းတယ်၊ အရမ်း အရမ်းကောင်းတယ်”

ကျန်းချွင်းဟွာက ဖြေလိုက်၏။ “ကျွန်မ ဒီရက်ပိုင်း သူ့ကြောင့်ပဲ အသက်ရှင်နေတာ”

ကျန်းချုံးက မေးလိုက်သည်။ “ဒီစာအုပ်ကို ရေးတဲ့ စာရေးဆရာ ရှမ့်လန်အကြောင်း မင်း ကြားဖူးလား”

ကျန်းချွင်းဟွာက ပြောလိုက်၏။ “စိတ်ချင်းဆက်သွယ်နေတာ ကြာပြီ။ စာအုပ်ထဲမှာ စိတ်ချင်းဆက်သွယ်၊ အိပ်မက်ထဲမှာ စိတ်ချင်းဆက်သွယ်နေတာ”

အုပ်ချုပ်ရေးမှူးကျန်းချုံး၏ မျက်ခမ်းများသည် လှုပ်လာပြန်သည်။ “အဖေက မင်းကို ရှမ့်လန်နဲ့ နီးစပ် စေချင်တယ်။ အခွင့်အရေးရှိရင် သူ့ကို အဖေ့အတွက် သိမ်းသွင်းပေးပါ။ သူနဲ့ ကျင်းမူလန်က အတူတူ မအိပ်ရသေးဘူး။ ပြီးတော့ သူက အဆင့်အတန်းနိမ့်တဲ့ သမက်တစ်ယောက်ပဲ”

ကျန်းချွင်းဟွာသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ “အဖေ… ကျွန်မက နောက်ဆုံးတော့ အဲဒီအသုံးမကျတဲ့ ကျူးဝမ်ဟွာနဲ့ လက်ထပ်စရာ မလိုတော့ဘူးပေါ့။ ရှမ့်လန်ကို သွေးဆောင်ဖြားယောင်းခိုင်းတာလား။ ဒီကိစ္စမှာ ကျွန်မက ကျွမ်းကျင်သူပဲ။ ချက်ချင်း သွားလိုက်မယ်”

ကျန်းချုံး၏ ဦးခေါင်းတစ်ခုလုံးသည် ထုံကျင်သွားသည်။ ကျန်းချုံးက လေးနက်စွာ ပြောလိုက်သည်။ “ဒါက အရမ်း အရေးကြီးတဲ့ကိစ္စပဲ။ အခွင့်အရေးရှိရင် သူ့ကို အပိုင်သိမ်းလိုက်။ ဒါပေမဲ့ အပျိုဘဝကို အလကားမပေးလိုက်နဲ့”

“ရပ်”

ကျန်းချွင်းဟွာက ပြောလိုက်၏။ “အဖေ.. နိုင်ငံ့ရေးရာ စီမံခန့်ခွဲမှုမှာ အဖေက ကျွမ်းကျင်သူ။ ကျွန်မ အဖေ့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ယောက်ျားတစ်ယောက်ကို ဖြားယောင်းတဲ့နေရာမှာတော့ အဖေက ကျွန်မကို မယှဉ်နိုင်ဘူး။ သမီးက ကျွမ်းကျင်သူ”

ထို့နောက် သူမသည် သက်တောင့်သက်သာမရှိဟု တွေးကာ သူ၏နူးညံ့သော ခန္ဓာကိုယ်တစ်ခုလုံးကို ကုလားထိုင်ကြီးပေါ်၌ ပျင်းရိစွာ လှဲချလိုက်သည်။ ထိုသွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် လှပသော မျက်နှာတို့ ပေါင်းစပ်လိုက်သောအခါ လူ၏နှလုံးခုန်နှုန်းကို အမှန်တကယ်ပင် မြန်ဆန်စေသည်။

ကျန်းချုံးက ဆက်ပြောလိုက်၏။ “အရေးကြီးတဲ့အချိန်မှာ မင်း ထိန်းချုပ်နိုင်လိမ့်မယ်လို့ အဖေ ယုံကြည်တယ်။ ရှမ့်လန်က...”

ကျန်းချွင်းဟွာသည် လိမ္မော်သီးတစ်လုံးကို အခွံခွာရင်း နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။ “အဖေ … အဖေက ယောက်ျားတစ်ယောက်ဖြစ်ပြီး ကျွန်မလို မိန်းမတစ်ယောက်ကို ဘယ်လိုဖြားယောင်းရမလဲ၊ ဘယ်အချိန်မှာ နမ်းရမလဲ၊ ဘယ်အချိန်မှာ အိပ်ရာပေါ်တက်ရမလဲဆိုတာတွေ သင်ပေးနေတာလား။ အရေးကြီးတဲ့ အချိန်မှာ ကျွန်မအရာအားလုံးကို ထိန်းချုပ်နိုင်ပါတယ်”

“လာ... အဖေ၊ လိမ္မော်သီးစား” သူမသည် လိမ္မော်သီးအမွှာကို ကျန်းချုံး၏ နှုတ်ခမ်းဝသို့ ကမ်းပေးလိုက်သည်။ ဤဖြူဖွေးသော လက်များသည် ကျက်သရေရှိလှ၏။

“မစားဘူး” ကျန်းချုံးသည် မျက်နှာတည်ဖြင့် ပြောလိုက်သည်။

“အဖေ...” ကျန်းချွင်းဟွာက ညုတုတုအသံဖြင့် ခန္ဓာကိုယ်ကို ယိမ်းနွဲ့ကာ ချွဲနွဲ့လိုက်၏။

ကျန်းချုံးသည် မတတ်သာတော့ဘဲ သူမလက်ထဲမှ လိမ္မော်သီးအမွှာကို စားလိုက်ရသည်။

“အိုက်ယား... မေ့တော့မလို့။ သမီးရဲ့လက်က ခုနကမှ ဝမ်ချိုင်ရဲ့ ခွေးချေးကို ကောက်ပစ်ထားတာ” ကျန်းချွင်းဟွာသည် စနောက်လိုက်၏။

ကျန်းချုံးသည် မည်သို့မှ မတတ်သာတော့ဘဲ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်ရသည်။ “သွားတော့”

ကျန်းချွင်းဟွာသည် ခြေဖျားတစ်ချက်ထောက်ကာ ခုန်ချလိုက်ချိန်မှာတော့ ပြတင်းပေါက်မှ တဆင့် ပန်းခြံထဲသို့ ရောက်ရှိသွားသည်။

“အဲဒီ ရှမ့်လန်ကို ဖြားယောင်းရမယ်ပေါ့။ စိတ်ဝင်စားစရာပဲ။”

ထို့နောက် ကျန်းချွင်းဟွာသည် သူ၏မျက်နှာပေါ်မှ ညှို့ဓာတ်များအားလုံးကို ရုပ်သိမ်းလိုက်ပြီး ချက်ချင်းဆိုသလို တော်ဝင်မျိုးနွယ်ဝင် သိမ်မွေ့သော မိန်းမပျိုလေးအဖြစ်သို့ ပြောင်းလဲသွားသည်။ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းတွင် အပျိုစင်တစ်ဦး၏ ကျက်သရေကို ဆောင်ကြဉ်းနေသည်။ ထို့နောက် သူမသည် မိမိ၏အခန်းသို့ ပြန်ကာ ပစ္စည်းများကို အေးဆေးစွာ ထုပ်ပိုးတော့၏။

တစ်နာရီအကြာမှာတော့ မြင်းရထားတစ်စီးသည် နုကျင်းမြို့မှ ထွက်ခွာကာ ရွှမ်ဝူမြို့သို့ ဦးတည်သွားလေသည်။

...

လျှောက်တင်လွှာကို ပို့လိုက်ပြီ။

ရွှမ်ဝူမြို့တစ်ခုလုံး၊ နုကျင်းခရိုင်တစ်ခုလုံးသည် ထူးဆန်းစွာ ရွှမ်ဝူမြို့စားနှင့် သူ၏လူအားလုံးသည် အေးချမ်းစွာ ပုန်းအောင်းနေကြသည်။ ကျားသစ်များကဲ့သို့ ခါးကိုကုန်း၊ လက်သည်းကိုသိမ်းကာ စောင့်ဆိုင်းနေကြသည်။ မြို့တော်မှ အချက်ပြမှုကို စောင့်ဆိုင်းနေကြခြင်းပင်။ ဤသည်မှာ တိတ်ဆိတ်ငြိမ်သက်သောအချိန်တွင် တုန်လှုပ်ခြောက်ခြားဖွယ် မိုးခြိမ်းသံကို နားစွင့်နေရသကဲ့သို့ပင်။

ဤကဲ့သို့ ရှားပါးသော ငြိမ်သက်နေချိန်မျိုးတွင် ရှမ့်လန်မှာတော့ အေးချမ်းစွာ အနားယူနေသည်။ နေ့ခင်းဘက်တွင် ဘာကိစ္စမှ မရှိ။ ညဘက်တွင်လည်း ဘာလုပ်စရာမှမရှိပေ။ သို့ပေမည့် ရှမ့်လန်၏ မျက်ခမ်းများသည် လှုပ်လျက်ရှိပြီး မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေရသည်။ ဘယ်ဘက်မျက်ခမ်းလှုပ်ရင် လာဘ်ရပြီး၊ ညာဘက်မျက်ခမ်းလှုပ်ရင် ဘေးဒုက္ခရောက်တတ်သည်။ သို့ပေမည့် ဘယ်ညာနှစ်ဖက်လုံး တစ်ပြိုင်တည်း လှုပ်နေတာကရော ဘာအဓိပ္ပာယ်နည်း။

တစ်ရက်ကြာပြီးနောက် ကျင်းကျုံးသည် ထူးဆန်းသော မျက်နှာသွင်ပြင်ဖြင့် သတင်းပို့လာသည်။ “သခင်လေး၊ သခင်မလေး... အုပ်ချုပ်ရေးမှူးကျန်းချုံးရဲ့သမီး ကျန်းချွင်းဟွာက သခင်လေးကို လာတွေ့ပါတယ်”

...

All Chapters