← Chapters

အခန်း (၁၀၇)

Vol. 8 Ch. 107

အခန်း (၁၀၇)

Vol. 8 Ch. 107

ရှမ့်လန်သည် အတိုင်းမသိ ဝမ်းမြောက်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန့်မှန်းသည့်အတိုင်း မှန်ကန်နေသောကြောင့်ပင်။ ကျန်းချွင်းဟွာဆိုသော ဤမြွေဟောက်မလေးသည် သူ့အား အမှန်တကယ်ပင် မြှူဆွယ်နေသည် မဟုတ်ပါလား။

ဤသည်မှာ မည်သည့်အရာကို သက်သေပြနေသနည်း။ သူ ... ရှမ့်လန်၏ ဆွဲဆောင်နိုင်မှုသည် မည်သူနှင့်မျှ ယှဉ်နိုင်စွမ်းမရှိကြောင်း သက်သေပြနေခြင်းပင်။ နုကျင်းခရိုင်မှ နာမည်ကျော် နတ်မိမယ်လေးသည် သူ၏ ပါရမီကို ကြားသိရပြီးနောက် ပိုးဖလံမျိုး၊ မီးကိုတိုးသကဲ့သို့ နေမထိ ၊ ထိုင်မသာ ဖြစ်ခဲ့သည် မဟုတ်ပါလား။ ရုပ်ရည်ချောမောလွန်းခြင်း၊ ဆွဲဆောင်မှုရှိလွန်းခြင်းသည်လည်း အပြစ်တစ်ခုပင် ဖြစ်နေချေသည်။ မိန်းကလေးပေါင်းမြောက်များစွာ၏ ချစ်မြတ်နိုးခြင်းကို ခံရသောကြောင့် သူ အလွန်ပင်ပန်းနေချေပြီတကား။

...

ထို့နောက် ရှမ့်လန်သည် ပြတင်းပေါက် အပြင်ဘက်သို့ မနေနိုင်မထိုင်နိုင် လှမ်းမျှော်ကြည့်လိုက်မိသည်။ ညသန်းခေါင်ယံ တစ်နာရီမှ သုံးနာရီအတွင်း ဆယ်လီအကွာအဝေးရှိ တံတားဆီ လမ်းညွှန်ထားသည်။ ညနက်သန်းခေါင်ယံသည် ကာမဂုဏ်လိုက်စားရန် အကောင်းဆုံး အချိန် မဟုတ်ပါလား။

စဉ်းစားနေတုန်းမှာပဲ ရှမ့်လန်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားမိသည်။ သွားသင့်မသွားလည်း ချိတုံချတုံ ဖြစ်လို့နေသည်။ ထိုမြွေဟောက်မလေးသည် အမှန်တကယ်ပင် ဆွဲဆောင်မှုရှိလွန်းလှသည်။ တစ်သောင်းတွင် တစ်ယောက်ပင် ရှာရခက်သော အလှမယ်လေးပင်။

ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ် လမ်းမှားခြင်းသည် အမှန်တကယ် လမ်းမှားခြင်းမဟုတ်။ စိတ်ဓာတ် လမ်းမှားကသာ အမှန်တကယ် လမ်းမှားခြင်းမည်၏။ မိမိစိတ်ထဲတွင် ဇနီးသည်ကို ချစ်နေလျှင် အဆင်ပြေပြီဖြစ်သည်။ ယောက်ျားတစ်ယောက်အနေနှင့် တစ်ခါတစ်ရံ အပြင်တွင် အပျော်ရှာခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင်။ ခူးဆွတ်ရန် အသင့်ဖြစ်နေသော ပန်းကို ခူးဆွတ်ရမည်သာ။ လသာတုန်း ဗိုင်းငင်ဆိုသော စကားပုံလည်း ရှိသည် မဟုတ်ပါလား။

“ငါက ဗရမ်းဗတာနေတတ်တယ်ဆိုပေမဲ့ ယောက်ျားကောင်းတစ်ယောက်ပဲ။ သွားခဲ့ရင် ဘာမှထူးခြားပြီး လုပ်မှာ မဟုတ်ဘူး။ လုပ်မိရင်တောင် ဖက်ရုံလောက်ပေါ့ နမ်းမိမှာ မဟုတ်ဘူး။ နမ်းမိရင်တောင် ဟိုဟာမလုပ်ဘူး။ လုပ်မိရင်တောင် တာဝန်ယူစရာမလိုဘူးလေ။ လူတိုင်းက ကိုယ့်စိတ်ဆန္ဒနဲ့ ကိုယ်ပဲ မဟုတ်လား။”

သို့ပေမည့် တစ်စက္ကန့်မျှသာ ကြာလိုက်သည်။ ရှမ့်လန်သည် ထိုအတွေးများကို ချက်ချင်း ဖျောက်ပစ်လိုက်၏။ အကြောင်းမူကား သူသိနေသည်။ အကယ်၍ သူသာ ညသန်းခေါင်ယံတွင် တံတားဆီသို့ အမှန်တကယ် သွားခဲ့ပါက လှောင်ရယ်စရာ ပြက်လုံးတစ်ခု ဖြစ်လာပေလိမ့်မည်။ မှန်ပေ၏။ ထိုမြွေဟောက်မလေးသည် သူ့ကို စတင်မြှူဆွယ်နေပြီ ဖြစ်သော်လည်း ဤမျှလောက် တည့်တိုးကြီး ဖိတ်ခေါ်ပြီး ထိုးကျွေးမည် မဟုတ်ချေ။

သူမသည် ရှမ့်လန်၏ စိတ်ထဲတွင် ကြီးမားတဲ့ ပုံရိပ်တစ်ခုရရှိအောင် ပြုလုပ်လိုက်ခြင်းသာ ဖြစ်ပေမည်။ သူသည် သိက္ခာအပြည့်နှင့် ကျက်သရေရှိသော မိန်းမမျိုးနားတွင် နေထိုင်နေခဲ့သည်။ ထို့ကြောင့် ညို့ဓာတ်ပြင်းပြီး လိင်ဆွဲဆောင်မှုကောင်းလွန်းသော မျက်နှာ၊ နှုတ်ခမ်းတို့၏ ပိုင်ရှင် မိန်းကလေးကို မြင်ချိန်မှာတော့ တမျိုး ခံစားနေမိသည်မှာ သဘာဝပင်ဖြစ်ပေမည်။

ဤနေရာတွင် ‘ညို့ဓာတ်ပြင်းပြီး လိင်ဆွဲဆောင်မှုကောင်းလွန်းသော’ ဟူသည့် စကားလုံးသည် ချီးကျူးသည့် အဓိပ္ပာယ်ဖြင့် သုံးခြင်းဖြစ်သည်။

“မြွေဟောက်မလေး... ရှမ့်သခင်လေးကို ဒီလိုကစားနည်းမျိုးနဲ့ လာကစားနေတာလား။ မင်းက အတော် နုသေးတာပဲ။ မီးနဲ့ကစားရင် မီးအပူလောင်တတ်တယ် သတိထားအုံး” ရှမ့်လန်သည် ပြောရင်း ရုတ်တရက် ကျောချမ်းသွားသည်။ သူ၏ ပင်ကိုအသိစိတ်က အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူ၏ အသက်ရှင်ချင်စိတ်သည် ပြင်းပြစွာ ဖြစ်တည်လာခဲ့၏။ ယခုအချိန်တွင် လုံးဝ လှုပ်ရှား၍ မဖြစ်ချေ။ ထို့ကြောင့် ရှမ့်လန်သည် ကဗျာရေးထားသော စာရွက်ကို ယူကာ မူလန်၏ အခန်းသို့ အပြေးအလွှား သွားလိုက်၏။

... ..

“မိန်းမ.... ကျန်းချွင်းဟွာဆိုတဲ့ အရှက်မရှိတဲ့ မြွေဟောက်မက ငါ့ကို မြှူဆွယ်နေတယ်။ ကြည့်စမ်းပါအုံး.. ဒါ ဝှက်စာကဗျာပဲ။ သူက ငါ့ကို ညသန်းခေါင် တံတားပေါ်မှာ ချိန်းတွေ့ဖို့ ခေါ်နေတာ။ တကယ့်ကို အရှက်မရှိတဲ့ မိန်းမပဲ။ ငါက သူ့ကို ပညာတတ် ဂုဏ်သရေရှိ မိသားစုက မိန်းမကောင်းလေး တစ်ယောက်လို့ ထင်နေတာ။ သူက ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ မိန်းမ.. နောက်ဆိုရင် ဒီမိန်းမနဲ့ လုံးဝ အဆက်အသွယ် မလုပ်နဲ့တော့”

ရှမ့်လန်သည် ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။ “တကယ့်ကို လွန်လွန်းတယ်။ ငါက သူ့ကို ရန်သူလို သဘောထားနေတာကို သူက ငါ့ကို မြူစွယ်ချင်နေတယ်။ တော်တော်ဆိုးတာပဲ”

ထို့နောက် ရှမ့်လန်သည် မူလန်၏ စားပွဲပေါ်မှ စာရွက်ဖြူတစ်ရွက်ကို ခိုးကြည့်လိုက်ရာ ထိုအပေါ်တွင် ကျန်းချွင်းဟွာ၏ ကဗျာအား ရေးထားသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ကဗျာထဲတွင် ဝှက်ထားသော ‘ညသန်းခေါင်ယံ တစ်နာရီမှ သုံးနာရီအတွင်း ဆယ်လီအကွာအဝေးရှိ တံတားဆီ’ ဟူသော စာလုံးရှစ်လုံးကို မူလန်က စုတ်တံဖြင့် ဝိုင်းထားပြီးသား ဖြစ်နေ၏။

မူလန်သည် ပွင့်လင်းဖြောင့်မတ်သူ ဖြစ်ပြီး အလွန်လည်း ဉာဏ်ကောင်းသူဖြစ်သည်။ သူမသည် ကဗျာကို ကျွမ်းကျင်သော်လည်း သိပ်မနှစ်သက်ပေ။ သူမသည် ကဗျာထဲမှ ဝှက်စာကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်၏။ လေးကို တင်ထားသော်ငြား မပစ်သေးဘဲ ရှမ့်လန်၏ အပြုအမူကို စောင့်ကြည့်နေခြင်းသာ။

ရှမ့်လန်သည် သက်ပြင်းချလိုက်မိသည်။ ကံကောင်း၍ သူ အချိန်မီ တုံ့ပြန်နိုင်ခဲ့၏။ အကယ်၍ နာရီဝက်ခန့် နောက်ကျသွားပါက သူ ရှမ့်လန် သေပြီဖြစ်သည်။ နောက်ဆုံးတော့ အသက်ဘေးမှ လွတ်ခဲ့ပြီ။ လွယ်တော့ မလွယ်လှချေ။

“မိန်းမ... ငါ့ကို ကြည့်ပါအုံး။ ရိုးသားဖြောင့်မတ်ရဲ့လား။ ခိုင်မြဲတဲ့နှလုံးကို ပိုင်ဆိုင်ထားတယ် မဟုတ်လား” ရှမ့်လန်သည် ဇာတ်လမ်းတွဲထဲမှ မင်းသားတစ်ယောက်ကဲ့သို့ မျက်နှာတည်ဖြင့် မေးလိုက်သည်။

မူလန်သည် ငြင်သာသောအသံဖြင့် ပြောလိုက်၏။ “ယောက်ျား... ရှင့်မှာသာ သွားချင်တဲ့စိတ်မရှိရင် ဒီကဗျာကို စာရွက်ပေါ်မှာ ဘယ်လိုလုပ် ချရေးထားမှာလဲ။ အတွင်းက ဝှက်စာကို ဘယ်လိုရှာတွေ့မှာလဲ။ ဒါက ရှင် သူ့ကို အာရုံစိုက်နေတယ်၊ ရှင့်စိတ်ထဲမှာ သူ့အကြောင်းတွေးနေတယ်ဆိုတာ ထင်ရှားတာပဲ”

ရှမ့်လန်သည် ချက်ချင်း ငိုချင်စိတ် ပေါက်သွားသည်။ ဤသည်မှာ မိန်းမပင်။ ပွင့်ပွင့်လင်းလင်းဖြင့် မဆူငေါက်သော်လည်း အခြားနည်းလမ်းဖြင့် ဆူငေါက်နေသကဲ့သို့ပင်။

“ခစ် ခစ်”

မူလန်သည် လန်းဆန်းသော ပန်းပွင့်လေးကဲ့သို့ လှပသည့် မျက်နှာလေးဖြင့် ပြုံးလိုက်သည်။ “တော်ပါပြီ၊ ရှင့်ကို လူလည်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်”

မူလန်က ပြုံးကာပြောပြီးနောက် သူ၏ ပါးပြင်ပေါ်သို့ ငြင်သာစွာ နမ်းရှိုက်လိုက်၏။

...

ရာသီဥတုသည် မပူဘဲ အနည်းငယ် အေးမြနေပြီး ဆယ်ဒီဂရီ စင်တီဂရိတ်ခန့် ရှိနေသည်။

ကျန်းမိသားစု၏ အိမ်ဟောင်းကြီးထဲရှိ ခမ်းနားထည်ဝါသော အခန်းတစ်ခုအတွင်းမှာတော့ ကျောက်မီးသွေးကို မီးဖိုထားသောကြောင့် အပူချိန်သည် ဒီဂရီ ၂၀ ခန့်တွင် ရှိနေ၏။

ကျန်းချွင်းဟွာသည် ပျော့ပျောင်းသော ထိုင်ခုံကြီးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းရင်း စာဖတ်နေ၏။ သူမ၏ ကိုယ်ပေါ်တွင် အဝတ်အစားဟု မယ်မယ်ရရ မရှိဘဲ အပေါ်ဝတ်ရုံပါးတစ်ထည်ကိုသာ ဝတ်ဆင်ထားသည်။ ထိုမြင်ကွင်းသည် ကြည့်မဝ ရှုမခန်း လှပပြီး အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။ သူမဖတ်နေသော စာအုပ်သည် ရှမ့်လန်ရေးသားသော ‘မာယာမျဉ်းပြိုင်” စာအုပ်၏ အခန်း ၁၁ ပင် ဖြစ်သည်။

သူမ၏ ကိုယ်ခန္ဓာသည် အလွန်လှပသောကြောင့် အစေခံမလေးများပင် ကြာကြာ မကြည့်ရဲကြပေ။ အကြောင်းမှာ မိမိကိုယ်မိမိ သိမ်ငယ်စိတ်ဝင်လာမည် စိုးသောကြောင့်ပင်။

“သခင်မလေး... သခင်မလေးက သခင်လေးရှမ့်လန်ကို တံတားဆီကို ဖိတ်ခေါ်ထားတာ မဟုတ်လား။ ဘာလို့ အခုထိ မသွားသေးတာလဲ” အစေခံမလေးက မေးလိုက်၏။

“သူ လာမှာ မဟုတ်ဘူး”

ကျန်းချွင်းဟွာက ပြောလိုက်သည် “တကယ်လို့ သူသာ လာခဲ့ရင် ငါက သူ့ကို အထင်သေးမိမှာပဲ”

အစေခံမလေးက မေးလိုက်၏။ “ဒါဆို ဘာလို့ ဖိတ်ခေါ်နေသေးတာလဲ”

ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ငါက သူ့ကို စမ်းကြည့်တာ။ သူ့ရဲ့ အရည်အသွေးကို စမ်းသပ်တာ။ ပြီးတော့ ကျင်းမူလန်ကို တစ်ခါတည်း သတိပေးလိုက်တာမျိုးပေါ့။ ငါက သူ့ယောက်ျားကို လုယူဖို့ စီစဉ်နေပြီလို့”

ထို့နောက် ကျန်းချွင်းဟွာသည် ပျင်းရိစွာ ပြောလိုက်၏။ “ကျင်းမူလန် ဒေါသထွက်ပြီး ရူးသွားတာကို မြင်ချင်လိုက်တာ။”

...

အရူးကြီး နိုးလာပြီ။ သူ၏ ခန္ဓာကိုယ်သည် အလွန် ထူးခြားသည်။ ယခင်က ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း လဝက်မပြည့်မီမှာပဲ ပြန်လည် သက်သာလာခဲ့သည်။ ထို့အပြင် တခြားသူတို့ အရိုးကျိုးလျှင် အချိန်ကြာမြင့်စွာ ယူရသော်လည်း သူကမူ တစ်လမပြည့်မီ လုံးဝ ပြန်ကောင်းသွားသည်။

ဤသည်က သမားတော်များကို အံ့အားသင့်စေခဲ့သည်။ သို့ပေမည့် ပြန်လည်ကောင်းမွန်လာသော်လည်း အရူးကြီးသည် သတိလစ်နေဆဲဖြစ်ရာ လူအများကို အလွန်ပင် စဉ်းစားရ ကျပ်စေခဲ့သည်။

သို့ဖြင့် တစ်နေ့တွင် ရုတ်တရက် အရူးကြီး နိုးလာသည်။ လူဝံကြီးနှင့်ပင်တူသော အရူးကြီးသည် ကုတင်ပေါ်၌ ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏ စိတ်ထဲတွင် ဂန္ထဝင်မေးခွန်းသုံးခု ပေါ်လာ၏။

“ငါက အရူးကြီးဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒီနေရာက ဘယ်နေရာလဲ။ ငါ ဘာလို့ ဒီမှာ ရှိနေတာလဲ”

...

ရှမ့်လန်သည် ဝမ်းသာသွားသည်။ သို့ပေမည့် တစ်ခါတစ်ရံ အလွန်ရင်းနှီးသောလူတစ်ယောက်နှင့် စကားစမြည်ပြောရန် စကားလုံးမရှိသလို ဖြစ်ဖူးကြသည် မဟုတ်ပါလား။ ဥပမာအားဖြင့် လက်ရှိ ရှမ့်လန်နှင့် အရူးကြီး တို့လိုပင်။ အရူးကြီးသတိရလာကြောင်း သိရှိတော့ ရှမ့်လန်သည် စိတ်လှုပ်ရှားစွာဖြင့် အရင်ဆုံး ပြေးလာတွေ့ခဲ့သည်။ ထို့နောက်တွင်မူ နှစ်ယောက်သား စကားမပြောဘဲ တိတ်ဆိတ်ထိုင်နေမိကြသည်။

“အရူးကြီး ... နေကောင်းလား” ရှမ့်လန်က မေးလိုက်၏။

အရူးကြီးက ဖြေလိုက်သည်။ “အင်း နေကောင်းတယ် အရူးလေး”

ရှမ့်လန်က ပြောလိုက်၏။ “နောက်ကို ငါ့ကို အရူးလေးလို့ မခေါ်နဲ့။ သခင်လေးလို့ ခေါ်ရမယ်”

အရူးကြီးက ပြောလိုက်သည်။ “ကောင်းပါပြီ အရူးလေး”

ရှမ့်လန်က ထပ်ပြောလိုက်၏။ “ငါ့ကို သခင်လေးလို့ ခေါ်၊ အရူးလေးလို့ မခေါ်နဲ့”

အရူးကြီးက ပြောလိုက်သည်။ “ကောင်းပါပြီ အရူးလေး”

ဘေးတစ်ဖက်မှ မူလန်သည် တခစ်ခစ် ရယ်မောလိုက်မိသည်။ သူမက ဝင်ကာ ပြောလိုက်၏။ “အရူးကြီး.. နောက်ဆိုရင် သခင်လေး ရှမ့်လန်လို့ ခေါ်ရမယ် သိရဲ့လား”

အရူးကြီးသည် ချက်ချင်း ခေါ်လိုက်သည်။ “သခင်လေး ရှမ့်လန်”

ရှမ့်လန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး အရူးကြီးကို စိုက်ကြည့်နေမိသည်။ ဤလူဝံကောင်သည် တမင်တကာ ရူးချင်ယောင်ဆောင်နေသည်လား မသိပေ။ သူ သံသယဝင်လာမိ၏။

မူလန်က မေးလိုက်သည်။ “အရူးကြီး .... နောက်ဆိုရင် ဒီမှာပဲ နေတော့မှာလား”

အရူးကြီးက ပြောလိုက်၏။ “ကျုပ်အဖေ၊ ကျုပ်အမေ၊ ကျုပ်ညီလေး”

မူလန်က ဖြေလိုက်သည်။ “ရှင့်ရဲ့ညီလေးက ခရီးဝေးထွက်သွားပြီ။ ရှင့်အဖေက ဒဏ်ရာရထားလို့ ကုသနေတယ်။ ရှင့်မိထွေးလည်း အိမ်မှာပဲ”

အရူးကြီးသည် တုံ့ဆိုင်းသွားပြီး စကားမပြောတော့ပေ။ သူသည် သူတစ်ပါးအိမ်တွင် မနေချင်သော်လည်း မနေချင်ကြောင်းကို မည်သို့ပြောရမှန်းမသိပေ။

မူလန်က ကြင်နာလွန်းသောလေသံဖြင့် ပြောလိုက်၏။ “အရူးကြီး.. ရှမ့်လန်က ရှင့်ကို လိုအပ်တယ်။ လူတွေအများကြီးက သူ့ကို အနိုင်ကျင့်ချင်ကြတယ်။ ရှင် သူ့ကို ကာကွယ်ပေးနိုင်မလား”

အရူးကြီးသည် ချက်ချင်း မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။ “ဘယ်သူက အရူးလေးကို အနိုင်ကျင့်ချင်တာလဲ။ သူတို့ ကျုပ်ကို ထိုးလို့ရတယ်၊ အရူးလေးကိုတော့ ထိုးလို့မရဘူး”

အမှန်တော့ ရှန်လန်သည် ယနေ့တိုင် အရူးကြီး သူ့အပေါ် ဘာကြောင့် ဤမျှ ကောင်းရသည်ကို မသိပေ။ အကြောင်းအရင်းမှာ အလွန်ရိုးရှင်းပါသည်။ ငယ်စဉ်က ဉာဏ်ရည်မမီသော ရှန်လန်သည် အရူးကြီးကို သကြားလုံးတစ်လုံး ပေးခဲ့သောကြောင့်သာပင်။ တကယ်စိတ်စေသနာဖြင့် ကျွေးခဲ့ခြင်းလည်း ဟုတ်ချင်မှ ဟုတ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က ရှမ့်လန်သည် ဉာဏ်ရည်မမီသောကြောင့်ပင်။

သို့ပေမည့် ငယ်စဉ်မှ ကြီးပြင်းလာသည်အထိ အရူးကြီးအား မည်သူမှ သကြားလုံး မကျွေးခဲ့သလို သူနှင့်အတူ ကစားပေးရန် မည်သူမှ ဆန္ဒမရှိခဲ့ပေ။ အထီးကျန်ပြီး အေးစက်သော ဘဝတွင် နေထိုင်ရသူအတွက် ချိုမြိန်သော သကြားလုံးလေးတစ်ခုသည် တစ်သက်တာအတွက် အမှတ်ရစရာ ဖြစ်လောက်ပေသည်။ အထူးသဖြင့် ဦးနှောက် အနည်းငယ် မကောင်းသူအတွက် ပို၍ ထူးခြားသည်။

မူလန်က ပြောလိုက်၏။ “ဒါဆိုရင် ရှင်တို့ ညီအစ်ကိုနှစ်ယောက် အတူတူနေကြမလား။ ရှင့်မိထွေးလည်း အတူတူပဲပေါ့။ ရှင်သဘောတူရင် ရှင့်အဖေကိုလည်း ကျွန်မတို့ ခေါ်ထားလို့ရတယ်”

...

အရူးကြီးသည် နေရန် သဘောတူလိုက်သည်။ မူလန်နှင့် ရှမ့်လန်တို့သည် မိမိတို့၏ အိပ်ခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။

“ယောက်ျား.. မနက်ဖြန်ကျရင် အရူးကြီးရဲ့ သွေးကြောနဲ့ အရိုးအဆစ်တွေကို စစ်ဆေးဖို့ စီစဉ်ရမယ်။ သူက သိုင်းပညာမှာ မြင့်မားတဲ့ ပါရမီရှိနိုင်တယ်လို့ ကျွန်မ သံသယရှိတယ်” မူလန်က ပြောလိုက်၏။

ရှမ့်လန်သည်လည်း မျှော်လင့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် အရူးကြီး၏ ခန္ဓာကိုယ်သည် မျိုးရိုးဗီဇ ပြောင်းလဲသကဲ့သို့ အလွန်ပင်ထူးခြားပြီး ကြီးမားလွန်းသောကြောင့်ပင်။ ထို့အပြင် ဤမျှ ပြင်းထန်သော ဒဏ်ရာမှ အံ့အားသင့်ဖွယ် လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့သည်။

အရေးကြီးဆုံးမှာ ရှမ့်လန် x-ray အမြင်နှင့် ကြည့်လိုက်ချိန်မှာတော့ အရူးကြီး၏ ယခင်က ကျိုးသွားသော အရိုးတွင် အမာရွတ်လေးတစ်ခုမျှ မရှိသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရခြင်းပင်။ ဤသည်မှာ အလွန်ပင် မယုံနိုင်စရာ ကောင်းပြီး ဝတ္တုထဲမှ အဓိက မင်းသားတစ်ယောက်၏ အခွင့်အရေးမျိုးပင်။

ငါက မင်းသားလေ။ ဘာလို့ အဲလိုပါရမီကို ငါ့ မပေးရတာလဲ။ ဒါပေမဲ့ ငါ ရှမ့်လန်ကလည်း အံ့မခန်းပါရမီကို ပိုင်ဆိုင်သူဖြစ်နိုင်တယ်။ မနက်ဖြန် ငါလည်း စမ်းသပ်ရမယ်။ နှစ်တစ်သောင်းမှာ တစ်ယောက် ပေါ်လာနိုင်တဲ့ ပါရမီရှင် သိုင်းသမားတစ်ယောက် ဖြစ်နေနိုင်တယ်။ ငါ သိုင်းလေ့ကျင့်ဖို့ ဝါသနာမပါဘူးဆိုရင်တောင်မှ ပါရမီရှင် သိုင်းသမားတော့ ဖြစ်သင့်တယ် မဟုတ်လား။

သူမယောက်ျား စိတ်ကူးယဉ်ကမ္ဘာထဲသို့ ရောက်ရှိနေသည်ကိုမြင်ချိန်မှာတော့ မူလန်သည် စိတ်ထဲတွင် အားမလိုအားမရ ဖြစ်သွားသည်။ သူမသည် ငြင်သာသောအသံဖြင့် ပြောလိုက်၏။ “ယောက်ျား... ရာသီဥတုကလည်း အေးနေပြီ။ စောစော အနားယူသင့်ပြီ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း ဟုတ်တာပေါ့”

ပြီးနောက် သူမသည် မိမိ၏ အိပ်ဆောင်ဆီသို့ ပြန်သွားသည်။

......

ရှမ့်လန်သည် မိမိ၏ အခန်းသို့ ပြန်လာခဲ့သည်။ အိပ်ရာပေါ်မှာတော့ ရှမ့်လန်သည် လူးလွန့်နေမိသည်။ သူသည် အလွန်ပင် ပျင်းရိနေ၏။ ရက်အနည်းငယ်ကြာသွားသော်လည်း ဘုရင်မင်းမြတ်ဆီမှ အမိန့်တော် ရောက်မလာသေးပေ။ အရာအားလုံးသည် ငြိမ်သက်နေသည်။

ထိုအချိန်မှာတော့ ရှမ့်လန်သည် ပြတင်းပေါက်မှ မူလန်၏ ချယ်ရီဆောင်တွင် ရေနွေးငွေ့များ ဝေ့ဝဲနေသည်ကို မြင်လိုက်ရသည်။း သူမ၏ ပြတင်းပေါက်သည်လည်း ပိတ်မထားသလိုပင်။

“မူလန် ရေချိုးနေတာများလား”

ရှမ့်လန်၏စိတ်သည် ချက်ချင်း ယားကျိကျိ ဖြစ်လာသည်။ သူ၏ ဦးနှောက်ထဲတွင် အလွန် အံ့အားသင့်ဖွယ်ကောင်းသော ပုံရိပ်များကို စတင် စိတ်ကူးယဉ်နေမိသည်။ “ချောင်းကြည့်ရင် ကောင်းမလား။ အင်း ... မဖြစ်ဘူး။ ငါ ရှမ့်လန်က အတောင်ခြောက်ဆယ်ဝတ် မင်းယောက်ျား ဖြစ်တာကြောင့် ဒီလို ညစ်ညမ်းတဲ့ကိစ္စကို ဘာလို့လုပ်ရမှာလဲ။ မူလန် သိသွားရင် ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ။ ငါ .. ရှမ့်လန်က ဂုဏ်သိက္ခာကို အလေးထားသူပဲ။ မျက်နှာ အပျက်ခံလို့မဖြစ်ဘူး”

...

ဆယ့်ငါးမိနစ် ကြာပြီးနောက်...

ရှမ့်လန်သည် မျက်နှာဖုံးတစ်ခုကို ဝတ်၍ လေးဖက်ထောက်ကာဖြင့် ခြံစည်းရိုးဆီသို့ တိတ်ဆိတ် ချဉ်းကပ်သွားလေသည်။ မျက်နှာပျက်မည်ကို စိုးရွံ့လျှင် မျက်နှာဖုံးစွပ်ထားလိုက်ရုံပင်။ သူ ဤသို့ ခြံစည်းရိုးဆီသို့ သွားနေခြင်းသည် ညခင်း၏ လအလင်းကို ကြည့်ရှုရန်သာဖြစ်သည်။ သူ့မိန်းမ ရေချိုးသည်ကို ချောင်းကြည့်ရန် မဟုတ်ပေ။ မတော်တဆ မြင်သွားမည်ဆိုလျှင်တောင်မှ ထိုအရာကို ကြည့်ရန် စိတ်အစဉ် စိုးစေ့မှမရှိချေ။

မူလန်၏ ချယ်ရီဆောင်သည် အလွန်မြင့်မားရာ ခြံစည်းရိုးပေါ်တက်မှသာ အတွင်းသို့ မြင်နိုင်မည် ဖြစ်သည်။ သူသည် အမြင့်ကြောက်တတ်သူဖြစ်၏။ မိန်းမ ရေချိုး... မဟုတ်သေးပေ။ လသာသည်ကို ကြည့်ရန် သူ အသက်စွန့်ရန် ဆုံးဖြတ်လိုက်သည်။

ခက်ခဲစွာဖြင့် ခြံစည်းရိုးအမြင့်သို့ တက်ရောက်ပြီးနောက် ရှမ့်လန်သည် စာအုပ်ကိုဖွင့်ကာဖြင့် မူလန်၏ ချယ်ရီဆောင်ဆီသို့ မသိမသာ လှမ်းကြည့်လိုက်၏။ ခြံစည်းရိုးပေါ်တက်၍ လရောင်ခံကာ စာဖတ်သည်ဟု ဆင်ခြေ ပေးနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်၏။

သူသည် ပြတင်းပေါက်အနီးမှ မူလန်ကို မြင်လိုက်ရသည်။ အမှန်ပင်... သူမသည် ရေချိုးနေသည်။ တစ်ခါတစ်ရံ ထိုင်လိုက်၊ တစ်ခါတစ်ရံ ရပ်လိုက်ဖြင့်။ ထိုမြင်ကွင်းသည် အိပ်မက်တစ်ခုကဲ့သို့ လှပလွန်းသည်။

ရှမ့်လန်၏ နှလုံးခုန်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နေပြီး လည်ချောင်းမှာ ခြောက်ကပ်လာသည်။ ရုတ်တရက် သူသည် သူ့ကိုယ်သူ မေ့သွားလုနီးပါး ဖြစ်သွား၏။ ‘ငါ့မိန်းမက တကယ့်ကို လှပတာပဲ’

ထို့နောက် ရှမ့်လန်သည် ထိုသို့လှပသော မြင်ကွင်းထဲတွင် နစ်မျောနေမိသည်။

ထိုအချိန်မှာပဲ ကျယ်လောင်စူးရှသော အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာ၏။

“ဘုရင့်အမိန့်တော်မြတ်... ရှမ့်လန် အမိန့်တော်နာခံစေ”

“ဘုရင့်အမိန့်တော်မြတ်... ရှမ့်လန် အမိန့်တော်နာခံစေ”

ဤအသံသည် ည၏ တိတ်ဆိတ်မှုကို ဖျက်ဆီးသွားသည်။

ခြံစည်းရိုးပေါ်မှ ရှမ့်လန်သည် လန့်ဖြန့်ပြီး ငူငူကြီး ငိုင်နေမိ၏။

ချယ်ရီဆောင်ထဲတွင် ရေချိုးနေသော မူလန်သည်လည်း အသံကြောင့်လန့်သွားသည်။ သူမ၏ လှပသော မျက်ဝန်းများသည် အပြင်ဘက်သို့ ရောက်ရှိလာသည်။ ချက်ချင်းပင် သူမနှင့် ခြံစည်းရိုးပေါ်တွင် ထိုင်၍ ရေချိုးသည်ကို ဇိမ်ခံကြည့်ရှုနေသော ရှမ့်လန်တို့၏ မျက်လုံးများသည် အကြည့်ချင်း ဆုံသွားကြသည်။

“သောက်ကျိုးနည်း”

All Chapters