← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

အကယ်၍ ဤနေရာတွင် ထူးခြားသည့် အထူးပြုလုပ်ချက်တစ်ခု (CGI) ကို ထည့်မည်ဆိုပါက မူလန်၏ နောက်ကျောဘက်မှ မီးတောက်တစ်ခု ထွက်ပေါ်လာပေလိမ့်မည်။ ထို့နောက် သူမတစ်ကိုယ်လုံးသည် မီးတောက်များဖြင့် ဟုန်းဟုန်းတောက်လောင်နေပေမည်။

“ရှမ့်လန်.. ရှင် တော်တော်လွန်လွန်းနေပြီ။ ခုနက ကျွန်မကို ငိုအောင်လုပ်ခဲ့တယ်” ကျင်းမူလန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လှပသော မျက်ဝန်းအစုံသည် မီးကဲ့သို့ တောက်လောင်လျက်ရှိသည်။

ရှမ့်လန်သည် ထိုအခြေအနေကို မြင်ရချိန်မှာတော့ ရှေ့သို့တိုးကာ သူမ၏ သေးသွယ်သော ခါးလေးကိုဖက်၍ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ ရှမ့်လန်သည် အခွင့်ကောင်းယူကာဖြင့် ဇနီးသည်၏ လည်ကုတ်ကို နမ်းရှိုက်ရင်း အသနားခံလိုက်၏။ “မိန်းမရယ်... ငါမှားသွားပါတယ်၊ ငါ့အမှားပါ။ ငါ့ကို ခွင့်လွှတ်ပါ”

မူလန်သည် ယခင်ကဆိုလျှင် ထိုသို့တောင်းပန်သည် ဆိုပါက ချက်ချင်းစိတ်ပြေသွားပေလိမ့်မည်။ သို့ပေမည့် ယခု ထိုသို့မဟုတ်ချေ။ ရှင် အမှားဝန်ခံနေတာလား။ အသားယူပြီး ဟိုပွတ်၊ ဒီပွတ် လုပ်နေတာလား။ ပြီးတော့ ဘာနဲ့ လာထောက်ထားတာလဲ။

မူလန်သည် မျက်လုံးကို မှိတ်ကာဖြင့် တတွတ်တွတ် ရေရွတ်လို့နေသည်။ “ကျင်းအိမ်တော်ရဲ့ မျိုးရိုးစဉ်ဆက် ဆုံးမစာအရ၊ ဇနီးသည် သည် ခင်ပွန်းကို မရိုက်ရ၊ ဇနီးသည် သည် ခင်ပွန်းကို မရိုက်ရ၊ ဇနီးသည် သည် ခင်ပွန်းကို မရိုက်ရ”

မူလန်သည် အမှန်ပင် ပင်ပန်းကြီးစွာ သည်းခံနေရသည်။ သို့ပေမည့် ခဏအကြာမှာတော့ မည်သို့မှ သည်းမခံနိုင်တော့ချေ။ ရှမ့်လန်အား ကိုင်ပေါက်လိုက်မိ၏။

…………

“မိန်းမ...မလုပ်ပါနဲ့…။ ကျိုးကုန်ပြီ၊ တကယ် ကျိုးကုန်တော့မယ်။ ခါးတင်မကဘူး၊ တခြားနေရာတွေပါ ကျိုးကုန်တော့မယ်”

ခြံဝင်းတစ်ခုလုံးသည် ရှမ့်လန်၏ ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံများဖြင့် ဆူညံသွားသည်။ ခြံဝင်းအတွင်းရှိ အစေခံမလေးများသည် တံခါးများကို လုံအောင်ပိတ်၍ တံခါးဝတွင် နားကပ်ကာ အသံကို နားစွင့်နေကြသည်။

သခင်လေးသည် သနားစရာကောင်းပေစွ။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ သခင်လေး၏ သနားစရာ အော်ဟစ်သံကို နားထောင်ရသည်မှာ အတော်ပင် နားဝင်ချို လှ၏။

အချိန်သုံးနာရီတိတိ ကြာမြင့်ခဲ့သည်။ ရှမ့်လန်သည် သုံးနာရီလုံးလုံး အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။ သူ၏ စိတ်ထဲတွင်တော့ ငရဲပြည်သို့ အရှင်လတ်လတ် ရောက်ရှိသွားသကဲ့သို့ပင်။ ယခုမှစ၍ သူသည် ‘သားရဲခြောက်ကောင် ကစားနည်း’ ဟူသော စကားကို ကြားလျှင် အသည်းများ တုန်လှုပ်ကာ စအိုပင် ကျုံ့သွားမိပေလိမ့်မည်။ ဤကစားနည်းသည် အမှန်ပင် ကြမ်းတမ်းလွန်းလှသည်။

နောက်ဆုံးမှာတော့ မူလန်သည် ရှမ့်လန်ကိုပွေ့ချီ၍ ချယ်ရီဆောင်၏ အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားသည်။ ဆေးပေါင်းရည်ကို အသင့်ပြင်ဆင်ထားပြီး မူလန်သည် ရှမ့်လန်ကို ရေစည်ထဲသို့ ထည့်လိုက်၏။

“ယောက်ျား .. ရေချိုးတာကိုကြည့်ရတာ သဘောကျတယ် မဟုတ်လား။ အခု ရေချိုးပြီ။ အားရပါးရ ကြည့်ပေတော့” မူလန်က ပြောလိုက်သည်။

ဝူး…ဝူး…

သို့ပေမည့်လည်း ပွင့်ပွင့်လင်းလင်း ကြည့်ရခြင်းမဟုတ်ပေ။ သူမသည် ဘေးချင်းကပ် အခန်းထဲတွင် ရေချိုးနေပြီး အလယ်တွင် ပိတ်ပုဝါတစ်ခုကို ခြားထားသည်။ ရေစည်နှင့် ပိတ်ပုဝါ၏ အကွာအဝေးသည် ငါးမီတာပင် မဝေးချေ။

ရေသံကို ကြားနေရသည်။ နွေးထွေးသော ရေနွေးနွေးက သူမ၏ ဖြူဖွေးသော အသားစိုင်များပေါ်သို့ ပွတ်တိုက် စီးဆင်းသွားသည့်အသံကိုပင် ကြားနေရသည်။

အလယ်တွင် ပိတ်ပုဝါတစ်ခုသာ ခြားထားသော်လည်း ရှမ့်လန်မှာ လမ်းလျှောက်ဖို့ မဆိုထားနှင့်၊ လက်မောင်းကိုပင် မြှောက်နိုင်စွမ်း မရှိချေ။ သူ့တွင် ကျန်ရှိသော အားအင်မှာ ပေါင်ဝက်ခန့် အလေးချိန်ရှိသော အရာတစ်ခုကိုသာ မြှောက်နိုင်စွမ်း ရှိတော့၏။ ထိုမျှလောက် သူ အားနည်းနေလေသည်။

“ဖူး…ဖူး…”

ယောက်ျားကောင်းတို့ မည်သည့် တော်ရုံဖြင့် လက်မလျော့ချေ။ လက်မမြှောက်နိုင်သော်လည်း သူသည် ဘေးတစ်ဖက်ရှိ ပိတ်ပုဝါအား လေဖြင့် လှမ်းကာ မှုတ်၍ ကြိုးစားကြည့်လိုက်သည်။

‘မူလန် .. မင်းရက်စက်လှချည်လား’

မူလန်၏ ချိုသာသော တီးတိုးသံ ထွက်ပေါ်လာသည်။ “ယောက်ျား... ကျွန်မ ရှင့်ဆီက သင်ယူထားတာလေ၊ မကောင်းတဲ့သူနဲ့ပေါင်းရင် မကောင်းတာတွေပဲ တတ်တတ်တယ် မဟုတ်လား”

‘ဘာရယ် .. ဒီမိန်းမ စိတ်ဖတ်တဲ့အတတ်ပါ တတ်နေပြီလား။’

……

ကျန်ခဲ့သောနှစ်ရက်အတွင်း အကြောင်းအရာ ဖြည့်စွက်ချက် ....။

မူလန်၏ဆရာဖြစ်သူ ကျုံးချူကဲ့သည် မျိုးဆက်တစ်ဆက်မှ သိုင်းပညာရှင်ဆရာကြီးတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က အိမ်တော်သို့ရောက်ရှိလာခဲ့ပြီး အရူးကြီး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို စစ်ဆေးခဲ့ရာ အဖြေများ ထွက်ပေါ်လာခဲ့သည်။

သိုင်းပညာ လေ့ကျင့်ရန် ရှားပါးသော ပါရမီရှင်၊ တစ်သောင်းတွင် တစ်ယောက်မရှိသော ရှားပါးပါရမီရှင်။

အမှန်တကယ်တွင် ထိုပါရမီသည် မြင့်မားပါသလား။ မည်သူမျှ မသိနိုင်ပေ။ သို့ပေမည့် အတိုချုပ်ဆိုရသော် မူလန်၏ ပါရမီထက် မြင့်မား၏။

ထို့ကြောင့် ရှမ့်လန်သည် ဆရာကြီးရှေ့သို့ စိတ်အားထက်သန်စွာ လှမ်းသွားပြီး အားတက်တရော မေးလိုက်သည်။ “ဆရာကြီး ... ကျုပ်ကို တစ်ချက်လောက် ကြည့်ပေးပါအုံး၊ ကျုပ်က နှစ်တစ်ထောင်မှာ တစ်ခါပေါ်တဲ့ သိုင်းပါရမီရှင် လား”

ဆရာကြီး ကျုံးချူကဲ့သည် ရှမ့်လန်ကို တစ်ချက်ကြည့်လိုက်၏။ သူ၏ အကြည့်သည် အနည်းငယ် ထူးဆန်း နေသည်။ စကားအနည်းငယ်ပြောချင်သော်လည်း ပြန်လည်မျိုချလိုက်၏။

“အတိုင်းအဆမရှိ နက်နဲတယ်။ နက်နဲလွန်းတယ်။ ကျုပ်လိုမျိုး ဆရာကြီးတောင် ထွင်းဖောက် မမြင်နိုင်ဘူး”

ဤအရာသည် ဆရာကြီး၏ သုံးသပ်ချက် ဖြစ်သည်။

ရှမ့်လန်သည် အလွန်အမင်း ပျော်ရွှင်သွား၏။ “ငါ့ရဲ့ သိုင်းပညာ ပါရမီက တကယ်ကို အံ့ဩစရာ ကောင်းပါလား။ ဆရာကြီးတောင်မှ ထွင်းဖောက်မမြင်နိုင်ဘူးတဲ့”

ဟုတ်ပေသည်။ မူလန်သည် သူမ၏ ဆရာကြီးအား တောင်းပန်သလို ကြည့်နေခဲ့ကြောင်း သူ မမြင်ခဲ့ချေ။

ဤသည်မှာ ဆရာကြီးကို အမှန်ပင် အကျပ်ရိုက်စေခဲ့သည်။ သူ အဘယ့်ကြောင့် လိမ်ညာပေးရသနည်း။ သို့ပေမည့် အရေးမကြီးပေ။ ဆရာကြီး၏ စကားလုံးအနုပညာသည် အလွန်ကောင်းမွန်သည်။

……

လူတိုင်းသည် ဘုရင်မင်းမြတ်၏ အမိန့်တော်၊ လီဝမ်ကျန့်အား စီရင်မည့် အမိန့်တော်ကို စောင့်မျှော်နေကြသည်။ အကယ်၍ လီဝမ်ကျန့်ကို သတ်လိုက်လျှင် မူဝါဒသစ်သည် ရွှေ့ဆိုင်းသွားပေလိမ့်မည်။ အကယ်၍ လီဝမ်ကျန့်ကို မသတ်လျှင်မူ မူဝါဒသစ်သည် ဆက်လက်တည်ရှိနေပေလိမ့်မည်။

ဘုရင်မင်းမြတ်၏ ဆန္ဒပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျူးကျွင်း၊ ကျန်းချုံးနှင့် အခြားသူများသည် ချက်ချင်းပင် ကြမ်းကြုတ်သော သားသတ်သမားများအဖြစ် ပြောင်းလဲကာ ရွှမ်ဝူမြို့စားအိမ်တော်ကို အပြင်းအထန် တိုက်ခိုက်လာကြပေလိမ့်မည်။ ရက်အနည်းငယ်ကြာ ငြိမ်သက်ခဲ့သော အချိန်များသည် ပျက်စီးသွားပေလိမ့်မည်။ ရက်အနည်းငယ်ကြာ အနားယူစောင့်ဆိုင်းခဲ့ခြင်းသည် သူတို့၏ လက်သည်းများကို ပို၍ထက်မြအောင် သွေးနေခြင်းသာ ဖြစ်၏။

……..……

နံနက်ခင်းတွင် မူလန်သည် သိုင်းကွင်းပြင်၌ သိုင်းလေ့ကျင့်နေသည်။

ရှမ့်လန်သည် ညက မူလန်၏ လေ့ကျင့်ပေးမှုကြောင့် တစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားသကဲ့သို့ ခံစားနေရသည်။ သို့ပေမည့်လည်း ညနှောင်းပိုင်းတွင် ဆေးပေါင်းရည်စိမ်ပြီး တစ်ညတာ အနားယူပြီးနောက် အံ့ဩဖွယ်ရာ လန်းဆန်းတက်ကြွလာပြီး လမ်းထလျှောက်နိုင်ခဲ့၏။

ရှမ့်လန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ “ငါက ဆရာကြီးတောင် အပြည့်အဝ နားမလည်နိုင်တဲ့ သိုင်းပါရမီရှင်ပါလား။”

နံနက်စာ စားသုံးပြီးနောက် ရှမ့်လန်သည် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ကာ သိုင်းကွင်းပြင်သို့ လျှောက်လှမ်း သွားသည်။

အရူးကြီး၏ ခြံဝင်းကို ပထမဆုံး ဖြတ်သွားရသည်။ ထိုရှားပါးလှသော သိုင်းပညာ ပါရမီရှင် လူဝံကြီးသည် မြေကြီးပေါ်တွင်ထိုင်၍ ပုရွက်ဆိတ်များ လမ်းလျှောက်နေသည်ကို ကြည့်နေ၏။

ရှမ့်လန် ရောက်လာသည်ကို မြင်ချိန်မှာတော့ အရူးကြီးသည် အလျင်အမြန် နှုတ်ဆက်လိုက်သည်။ “သခင်လေး ငတုံး.. ပုရွက်ဆိတ်တွေ လမ်းလျှောက်တာ ကြည့်မလို့လား၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ လာကြည့် ...”

ရှမ့်လန်၏ နှုတ်ခမ်းများသည် မဲ့ရွဲ့သွားသည်။ “မင်းက ငါ့ကို မင်းလိုပဲ ထင်နေလား။ တိုးတက်ဖို့ မကြိုးစားဘဲ ပုရွက်ဆိတ်တွေ လမ်းလျှောက်တာ ကြည့်နေရအောင် မင်းအသက် ဘယ်လောက်ရှိပြီလဲ၊ ဒီလို ကောင်းမွန်တဲ့ အချိန်အခါမှာ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်ပါလား။ ဘယ်လိုလုပ်ပြီး အလဟဿ အချိန်ဖြုန်းတီးနိုင်ရတာလဲ”

အရူးကြီးသည် တီးတိုးရေရွတ်လိုက်၏။ “မကြည့်ရင် မကြည့်နဲ့ပေါ့၊ ဘာလို့ ငါ့ကို ဆူနေရတာလဲ”

ထို့နောက် သူသည် စိတ်အားထက်သန်စွာဖြင့် ပုရွက်ဆိတ်များ လမ်းလျှောက်နေသည်ကို ဆက်ကြည့်နေလေသည်။ တစ်ချိန်တည်းမှာပင် ပုရွက်ဆိတ်တပ်တော်၏ ချီတက်ရာလမ်းကြောင်းကို မပိတ်ဆို့မိစေရန် သတိဖြင့် နေရာရွှေ့လိုက်သည်။

ရှမ့်လန်သည် သူရဲကောင်းပမာ ခပ်တည်တည်နှင့် ထွက်ခွာသွားလေသည်။ အရူးကြီးကို အဖက်မလုပ်တော့ပေ။

……

သိုင်းကွင်းပြင်သို့ ရောက်သောအခါ ....။

“မိန်းမ... ငါ သိုင်းလေ့ကျင့်မယ်” ဟု ရှမ့်လန်က ပြောလိုက်သည်။

မူလန်သည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “ယောက်ျား ... ဘာဖြစ်လို့ ဒီလိုအတွေးမျိုး ပေါ်လာရတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ငါ ကြိုးစားတိုးတက်ရမယ့် အချိန်ရောက်ပြီ။ မိန်းမက အရမ်း ထူးချွန်လွန်းတယ်။ ငါ မင်းရဲ့ ခြေလှမ်းတွေကို အမီလိုက်ဖို့ လိုအပ်တယ်၊ မဟုတ်ရင် ငါ မင်းရဲ့ လှပတဲ့တင်ပါးလေးရဲ့ အရိပ်ကိုတောင် လိုက်မကြည့်နိုင်မှာ စိုးရိမ်ရတယ်”

မူလန်သည် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ “ယောက်ျား.. သိုင်းလေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ”

ရှမ့်လန်သည် ညက သူ၏မိန်းမ သူ့ကို မြေပေါ်တွင် ဖိကြိတ်ကာ သားရဲခြောက်ကောင် ကစားကွက်ဖြင့် သုံးနာရီတိုင်တိုင် နှိပ်စက်ခဲ့သည့် ပုံရိပ်များကို ပြန်လည်အမှတ်ရလိုက်သည်။ သူသိုင်းလေ့ကျင့်ရသည့် ရည်ရွယ်ချက်သည် လက်စားချေရန်ပင်။

ရှမ့်လန်သည် တည်ကြည်လေးနက်သော အသွင်ဖြင့် ပြောလိုက်သည်။ “ငါ သိုင်းလေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က မိန်းမကို ကာကွယ်ဖို့၊ ယောက္ခထီးနဲ့ ယောက္ခမကြီးကို ကာကွယ်ဖို့ပဲ”

မူလန်က မေးလိုက်၏။ “ယောက်ျားမှာ တိကျတဲ့ ရည်မှန်းချက်နဲ့ တောင်းဆိုမှုရော ရှိလား”

ရှမ့်လန်က ပြောလိုက်သည်။ “ငါ့ရဲ့ ရည်မှန်းချက်က ရိုးရှင်းတယ်။ နေ့တိုင်း နာရီဝက်လောက် လေ့ကျင့်မယ်။ အရမ်း အပင်ပန်းခံစရာ မလိုဘူး။ တစ်နှစ်အတွင်းမှာ အင်အားကြီးတဲ့ ရန်သူတချို့ကို အနိုင်ယူနိုင်ရမယ်”

မူလန်က ခပ်အေးအေး ပြောလိုက်၏။ “ယောက်ျားပြောတဲ့ အင်အားကြီးရန်သူဆိုတာ ကျွန်မတော့ မဟုတ်လောက်ပါဘူးနော်”

ရှမ့်လန် လန့်သွား၏။ ပြီးနောက် သတိအပြည့်ဖြင့် ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက မိန်းမကို တန်ဖိုးထားတဲ့သူလေ”

မူလန်သည် နားမလည်နိုင်စွာဖြင့် စဉ်းစားနေမိ၏။ ဤအရာသည် သမားရိုးကျမဟုတ်ချေ။ မလျော်ညီသော အကြံအစည်များနှင့် သိုင်းကျင့်ခြင်းသာ ဖြစ်ပေမည်။ မျက်နှာကို ကြည့်ရသည်မှာလည်း လိပ်ပြာမလုံသလိုပင်။

မူလန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ‘ငါ ထပ်ပြီး သည်းခံရမယ်။ ကျင်းမျိုးနွယ် မိန်းမတွေက ယောက်ျားကို မရိုက်ဘူး။’

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... သိုင်းပညာလေ့ကျင့်တဲ့အချိန်မှာ အတတ်မြန်တဲ့ နည်းလမ်းတစ်ခုခု ရှိလား။ ငါ တစ်နေ့ကို နာရီဝက်လောက်ပဲ လေ့ကျင့်ပြီး တစ်နှစ်အတွင်းမှာ မင်းနဲ့ တန်းတူရည်တူ ဖြစ်လာမယ့် နည်းလမ်းမျိုးလေ”

မူလန်က ပြောလိုက်၏။ “ယောက်ျား... ရှင် အိပ်မက်မက်နေတာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ငါက နှစ်တစ်သောင်းမှာ တစ်ယောက် ရှားပါးပါရမီရှင် ဖြစ်နေနိုင်တာပဲ။ ဆရာကြီးကတောင် ငါ့ကို အတိုင်းအဆမရှိ နက်နဲတယ်။ ထွင်းဖောက်မမြင်နိုင်ဘူးလို့ ပြောခဲ့တယ်လေ”

မူလန်သည် သူမယောက်ျားကို မျက်စောင်းထိုးလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ငါသိတယ်။ ငါက လူတစ်သန်းမှာ တစ်ယောက်မရှိတဲ့ ရှားပါး ပါရမီရှင်မျိုးပဲ။ ငါ နာရီဝက်လောက် လေ့ကျင့်တာက တခြားသူတွေ သုံးနှစ် လေ့ကျင့်တာနဲ့ ညီမျှနိုင်တယ်”

မူလန်က ငြင်းခုံမနေတော့ဘဲ တိုက်ရိုက် ပြောလိုက်၏။ “ကောင်းပြီလေ၊ ယောက်ျား... ကျွန်မနဲ့အတူ သိုင်းလေ့ကျင့်ပါ”

ထို့နောက် ရှမ့်လန်သည် ကြီးမားသော ရည်မှန်းချက်အပြည့်ဖြင့် သူ့မိန်းမနောက်သို့ လိုက်ကာ သိုင်းလေ့ကျင့် လေတော့သည်။

……

နာရီဝက်ကြာ လေ့ကျင့်ပြီးနောက် လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံး ပြတ်ထွက်သွားတော့မတတ်ပင်။ တစ်နှစ်တာကဲ့သို့ ရှည်လျားသော နေ့တစ်နေ့ကို ဖြတ်သန်းရသလိုပင် နာရီဝက်ကြာ မြင်းထိုင်အနေအထား လေ့ကျင့်ရာတွင် သူသည် ၁၃ ကြိမ်တိုင်တိုင် အနားယူခဲ့ရသည်။ ထို့ကြောင့် ရှမ့်လန်သည် ပြတ်ပြတ်သားသား လက်လျှော့လိုက်တော့၏။

ဟမ့်... နှစ်တစ်သောင်းမှာ တစ်ယောက် ရှားပါးပါရမီရှင်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ငါ မမက်မောဘူး။ မိန်းမကို အနိုင်ယူနိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ကိစ္စမရှိဘူး။ အဆိုးဆုံး ညဘက်မှာ မင်းကို အပေါ်က ပေးနေလိုက်ရုံပဲ။

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ... ငါ အခုမှ သတိရတယ်။ အရူးကြီး ငါ့ကို ရှာနေတာပဲ။ သွားလိုက်အုံးမယ်။ နောက်မှ လေ့ကျင့်မယ်”

ထို့နောက် သူသည် သိုင်းကွင်းပြင်မှ အပြေး ထွက်ခွာသွားသည်။

ခင်ဗျားတို့၏ ဇာတ်လိုက်ကျော်ကြီးကို သိုင်းမလေ့ကျင့်ဘူးဟု ထင်နေသည်လား။ သူ ကြိုးစားခဲ့ဖူးသည်ကို ခင်ဗျားတို့ မသိကြခြင်းသာ ဖြစ်ပေလိမ့်မည်။ နာရီဝက်ကြာတာ တစ်ခုသာရှိ၏။

……

အရူးကြီး၏ ခြံဝင်းကို ဖြတ်သွားချိန်မှာတော့ အရူးကြီးသည် မြေကြီးပေါ်တွင် ထိုင်ချကာ ပုရွက်ဆိတ်များ လမ်းလျှောက်နေသည်ကို ကြည့်နေဆဲဖြစ်သည်။

ရှမ့်လန်သည် ထိုင်ခုံတစ်လုံးကို ရွှေ့ယူပြီးကာ အရူးကြီးနား တိုးလိုက်၏။ ပြီးနောက် အရူးညီအစ်ကိုနှစ်ယောက်သည် စိတ်အားထက်သန်စွာဖြင့် ပုရွက်ဆိတ်များ ချီတက်နေသည်ကို အတူတကွ ကြည့်ရှုနေကြ၏။

ခဏအကြာမှာတော့ ကျင်းမူကုန်း ရောက်လာပြီး မေးသည် “ဘာတွေ ကြည့်နေကြတာလဲ”

ထို့နောက် အရူးသုံးယောက်သည် အတူတကွ ထိုင်ကာ ကြည့်ရှုနေကြ၏။

“ပုရွက်ဆိတ်တွေ လမ်းလျှောက်တာ တကယ်ကို ဆွဲဆောင်မှုရှိတာပဲ”

“ဟုတ်တယ်၊ တော်တော်ခမ်းနားတယ်”

ကျင်းမူကုန်းက ပြောလိုက်သည်။ “ဘာလို့မှန်းမသိဘူး။ ကျုပ် ရုတ်တရက် ရေနွေးပူနဲ့ လောင်းချင်စိတ် ပေါက်လာတယ်”

သို့ပေမည့် ထိုအချိန်တွင် …

ဂျိန်း ...။

ရုတ်တရက် ကောင်းကင်ယံမှ တုန်လှုပ်ဖွယ် မိုးခြိမ်းသံကြီး ပေါ်ထွက်လာလေသည်။ ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များဖြင့် ဖြစ်တည်လာတော့သည်။ တိတ်ဆိတ်သော နေရာ၌ တုန်လှုပ်ဖွယ် မိုးခြိမ်းသံကို ကြားရခြင်း .....။

……

All Chapters