← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

အုပ်ချုပ်ရေးမှူးအိမ်တော်မှာတော့ ..

လီဝမ်ကျန့်သည် ထိပ်တုံးခတ်လျက် မြေကြီးပေါ်တွင် ဒူးထောက်နေသည်။ ဆယ်ရက်တာ ကုန်ဆုံးသွားသော်လည်း သူသည် နေ့စဉ်နေ့တိုင်းအား တစ်နှစ်ပမာ ရှည်လျားစွာ ဖြတ်သန်းနေရသည်။ တစ်ကိုယ်လုံး ပိန်လှီကာ ပုံပျက်နေလေပြီ။ နေ့စဉ်နေ့တိုင်း အတိုင်းအဆမရှိသော ကြောက်ရွံ့မှုများဖြင့် အသက်ရှင်နေခဲ့ရသည်။

ယခုမူ ဘုရင်မင်းမြတ်၏ အမိန့်တော် ရောက်ရှိလာခဲ့ပြီ။

“ဘုရင်မင်းမြတ်၏ အမိန့်တော်အရ လီဝမ်ကျန့်သည် ကိုယ်ကျင့်တရား ပျက်ယွင်းကာ အကျင့်စာရိတ္တ မကောင်းမွန်သောကြောင့် လစာတစ်နှစ် ဖြတ်တောက်သည့် အပြစ်ပေးလိုက်သည်။ နောင်တွင် ဤသို့ မဖြစ်စေရန် သတိပေးလိုက်သည်။ အမိန့်တော်...”

ဤအမိန့်တော်ကို ကြားရချိန်မှာတော့ လီဝမ်ကျန့်သည် ကြောင်ငေးသွားမိသည်။ ဤအပြစ်ဒဏ်သည် အလွန်ပင် ပေါ့ပါးနေသည် မဟုတ်ပါလား။ သူသည် သေဆုံးတော့မည်ဟု သေချာပေါက် ထင်မှတ်ထားခဲ့သည်။ သို့ပေမည့် သေဒဏ်မပေးရုံသာမက၊ ရာထူးကိုပင် မသိမ်းဆည်း၊ ပညာတတ်ဘွဲ့ကိုပင် မဖယ်ရှားခဲ့ချေ။ ဤသည်မှာ အရက်သုံးခွက် သောက်ရန် ဒဏ်ပေးခြင်းကဲ့သို့ပင်။

‘ငါ လီဝမ်ကျန့်မှာ တကယ်ပဲ ဒီလောက်အထိ မြင့်မြတ်တဲ့ ကံကြမ္မာကောင်းချီးရှိနေတာလား။’

ထိုအခိုက်အတန့်မှာတော့ ကြောက်ရွံ့မှုအားလုံးသည် လွင့်ပြယ်ပျောက်ကွယ်သွားသည်။ ထိုအစား အတိုင်းအဆ မရှိသော ကျေနပ်အားရမှုများသည် နှလုံးသားအတွင်းသို့ ဝင်ရောက်လာသည်။

“ဟား ဟား ဟား။ ဘုရင်မင်းမြတ်က ငါ့ကို ဒီလောက်တောင် အရေးပေးနေတာပဲ။ ငါမသေဘူး။ နောင်မှာ ငါ့ကို ဘယ်သူ တားဆီးနိုင်မှာလဲ။ ငါ လီဝမ်ကျန့်က ကြီးပွားတိုးတက်ဖို့ ကံပါလာတာ၊ ငါက အင်အားကြီးဖို့ ကံပါလာတာပဲ။ ရှမ့်လန် ... မင်း ငါ့ကို စောင့်နေလိုက်။ ဒီတစ်ခါ ငါမသေဘူးဆိုရင် မင်းသေရမယ်။ ရွှမ်ဝူမြို့စားကြီး ... ကျင်းမူလန် မင်းတို့ ငါ့ကို စောင့်နေလိုက်။ လူကြီးလူကောင်းတစ်ယောက်ရဲ့ လက်စားချေမှုဆိုတာ ဘာလဲဆိုတာ မင်းတို့ကို ပြမယ်။ လူကြီးလူကောင်းတွေ လက်စားချေရင် ဘယ်သူမှ အိပ်မပျော်စေရဘူး”

ပိတ်ကားနောက်ကွယ်မှ အုပ်ချုပ်ရေးမှူး ကျန်းချုံးသည်လည်း အံ့ဩနေမိသည်။ လီဝမ်ကျန့်ကို သတ်ရန် ငြင်းဆန်ခဲ့သည်မှာ အရေးအကြီးဆုံး နိုင်ငံရေးအချက်ပြမှု ဖြစ်ပြီး ဘုရင်မင်းမြတ်၏ ဆန္ဒတော်ကို ကိုယ်စားပြု နေသည်။ သို့သော်ငြား ဘုရင်မင်းမြတ်သည် လီဝမ်ကျန့်ကို သေဒဏ်မပေးရုံသာမက အစိုးရရာထူးနှင့် ပညာတတ် ဘွဲ့ကိုပါ ချန်ထားခဲ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ လစာတစ်နှစ် ဖြတ်တောက်ရုံမျှသာ။

ဤသည်မှာ ရွှမ်ဝူမြို့စားကြီး၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းပင်။ ဤအချက်ပြမှုသည် အလွန်ပင် ပြင်းထန်လှသည်။ မူဝါဒသစ်သည် ဆက်လက် တည်ရှိရုံသာမက အရှိန်မြှင့်တင်ကာ ပိုမို ပြင်းထန်လာမည် ဖြစ်သည်။

ထို့နောက် သူ ကျန်းချုံး၏ ရက်အနည်းငယ်ကြာ ငြိမ်သက်နေခဲ့သည့် ထက်မြက်သော ဓားသွားသည် ချက်ချင်းပင် ဓားအိမ်မှ ထွက်လာရပေတော့မည်။ ထို့နောက်တွင်မူ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားပေလိမ့်မည်။

သို့ပေမည့် ဤဘုရင်မင်းမြတ်သည် အမှန်ပင် ကျေးဇူးကန်းလှသည် ကျင်းကျွင်း၏ ပုန်ကန်မှုတွင် ရွှမ်ဝူမြို့စားကြီး သည် ကြီးမားသော အကျိုးကျေးဇူးကို ထမ်းဆောင်ခဲ့သည် မဟုတ်ပါလား။ ရွှမ်ဝူမြို့စားကြီး စံအိမ်တော်ကို အရပ်ရှစ်မျက်နှာမှ စစ်သည် ရှစ်သောင်းဖြင့် ဝန်းရံထားခြင်းသည် ဆက်လက်တည်ရှိရုံသာမက ပို၍ပင် ပြင်းထန်လာခဲ့သည်။

ဤတစ်ကြိမ် အမိန့်တော် လာပို့သော မိန်းမစိုး၏ ရာထူးသည် မနိမ့်ကျဘဲ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။

“အရာရှိလီကို ဂုဏ်ပြုပါတယ်”

မိန်းမစိုးသည် လီဝမ်ကျန့်အား ပြုံးလျက် ဆိုသည်။ “ဘုရင်မင်းမြတ်က အရာရှိမင်းကို အလွန် အရေးပေးတော်မူတယ်”

လီဝမ်ကျန့်သည် ဦးခေါင်းဖြင့်တိုက်ကာ အထပ်ထပ် အရိုအသေပေးရသောကြောင့် နဖူးပင် ကွဲမတတ် ဖြစ်နေသည်။ သူသည် ရှိုက်ကြီးတငင် ပြောလိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ ကြီးမားတဲ့ကျေးဇူးတော်ကို ကျွန်တော်မျိုး သေသည့်တိုင်အောင် ဆပ်လို့ကုန်နိုင်မှာ မဟုတ်ပါဘူး”

……

မိန်းမစိုး ထွက်ခွာသွားပြီးနောက် အုပ်ချုပ်ရေးမှူး ကျန်းချုံး ထွက်လာပြီး လီဝမ်ကျန့်အား ဦးညွှတ်ကာ ဆိုသည်။ “အရာရှိလီ၊ ဂုဏ်ယူပါတယ်။ ခုချိန်ကစပြီး အရာရှိမင်းက ဘုရင်မင်းမြတ်ရဲ့ အားထားရသူ ဖြစ်လာပါပြီ”

လီဝမ်ကျန့်သည် ချက်ချင်းပဲ မာန်တက်သွားမိသည် “အုပ်ချုပ်ရေးမှူး... အရမ်းချီးကျူးလွန်းနေပါပြီ”

ကျန်းချုံးက ပြောလိုက်၏။ “လာကြ၊ အရာရှိလီကို ရေမိုးချိုး အဝတ်အစား လဲပေးကြ”

လီဝမ်ကျန့်သည် ကျိုးနွံစွာ အရိုအသေပြုပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူ၏ ခြေလှမ်းများထဲတွင် သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်နေသည်။

……

ညနေခင်း... ရွှမ်ဝူမြို့စားကြီး စံအိမ်တော်၌ ...

မြို့စားကြီး၏ လက်သီးသည် စားပွဲပေါ်သို့ ထိုးချလိုက်သည်။

ဘုန်း

ချက်ချင်းပဲ ခိုင်မာသော အနီရောင် သစ်သားစားပွဲသည် အပေါက်ဖြစ်သွားသည်။ ရွှမ်ဝူမြို့စားကြီးသည် ယခုကဲ့သို့ ရိုင်းစိုင်းစွာ ပြုမူခြင်းမျိုး မရှိခဲ့ဖူးပေ။ လီဝမ်ကျန့်သည် မသေရုံသာမက၊ အစိုးရရာထူးနှင့် ပညာတတ်ဘွဲ့ကိုပင် မဖယ်ရှားခဲ့ချေ။ လစာတစ်နှစ် ဖြတ်တောက်ရုံသာ အပြစ်ပေးခံရ၏။

ကျင်းကျွင်း၏ ပုန်ကန်မှုသည် လီဝမ်ကျန့်နှင့် အခြေခံအားဖြင့် မသက်ဆိုင်ကြောင်း လူတိုင်းသိကြသော်လည်း လီဝမ်ကျန့်သည် သူနှင့် ကျင်းကျွင်းတို့၏ ပုဂ္ဂိုလ်ရေး ခင်မင်မှု အတိမ်အနက်ကို ပွင့်လင်းစွာ ဝန်ခံခဲ့သူ ဖြစ်သည်။

“ဘုရင်တစ်ပါးအနေနဲ့ ကျုပ်တို့ ကျင်းမျိုးရိုးရဲ့ အခြေခံအုတ်မြစ်ကို လုယူဖို့ ဒီလောက် စိတ်မရှည် ဖြစ်နေတာလား။ ဘုရင်တစ်ပါးအနေနဲ့ ဒီလိုပြုမူခြင်းက ကျေးဇူးကန်းတာ မဟုတ်ဘူးလား။ ဒီအရာတွေက ကျုပ်တို့ ဘိုးဘေးတွေရဲ့ အခြေခံအုတ်မြစ်တွေ၊ နင်မျိုးရိုးရဲ့ ပေးသနားမှု မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီအတွင်း ကျုပ်တို့ ကျင်းမျိုးရိုးက ခင်ဗျားတို့ နင်မျိုးရိုးအတွက် ကိစ္စကြီးတွေ ဆောင်ရွက်ခဲ့ရတယ်”

ရှမ့်လန်သည် သန့်ရှင်းသော ပိုးထည်ကိုယူ၍ ယောက္ခမကြီး၏ သွေးထွက်နေသော လက်ကို ပတ်တီးစည်းပေးလိုက်သည်။

“အဖေ... စိတ်ရှည်ပါ”

ရှမ့်လန်က ခပ်အေးအေး ပြောလိုက်၏။ “တကယ်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘုရင်မင်းမြတ်က ကျုပ်ကို (မင်းနေပြည်) ကျောင်းတော်သားအဖြစ် ချီးမြှင့်တည်းက ဒီရလဒ်ကို မျှော်လင့်ထားခဲ့ကြတာပဲ မဟုတ်လား”

ကျင်းကျိုးက ပြောလိုက်သည်။ “လန်အာ... မင်းပြောတော့ ဘိုးဘေးတွေရဲ့ အုတ်မြစ်ကို အဖေ့အတွက် ကာကွယ် ပေးနိုင်တယ်ဆို”

သူသည် အမှန်ပင် ယုံကြည်မှု မရှိတော့ပေ။

ရှမ့်လန်က ခပ်အေးအေး ပြောလိုက်သည်။ “ကာကွယ်နိုင်ပါတယ်”

ကျင်းကျိုးက ပြောလိုက်၏။ “ဒါပေမဲ့ ဒါက ရွှဲ့နိုင်ငံတော်ထဲမှာလေ။ ဘုရင်မင်းမြတ်က စောင့်ကြည့်နေပြီဆိုရင် ...”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် မပြောနိုင်တဲ့ စကားတချို့ ရှိနေတယ်။ ဒါပေမဲ့ အဖေ... ကျုပ်တို့ မရှုံးပါဘူး။ ခဏစောင့် .... လီဝမ်ကျန့်က ခွေးရူးတစ်ကောင်လို ကျုပ်တို့ကို ကိုက်ဖြတ်ဖို့ လာလိမ့်မယ်။ ဒီည … ကျုပ်တို့ အဲဒီခွေးရူးကို အပြီးတိုင် သတ်ပစ်ကြမယ်”

ရှမ့်လန်သည် အပြင်ဘက် ညကောင်းကင်ကို ကြည့်ရှုရင်း မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ “လီဝမ်ကျန့်... ခင်ဗျား တကယ်ကို ကျေနပ်နေမှာပဲ။ ဘဝရဲ့ အထွတ်အထိပ်ကို ရောက်ပြီလို့ ထင်နေမှာပဲ။ ခင်ဗျားအတွက် ဒီညဟာ အဆုံးသတ်ပဲ။ ခင်ဗျား ကံကောင်းခဲ့တယ်။ ဒါပေမဲ့ သေရမှာပဲ”

ထိုအချိန်မှာပဲ ကျင်းကျုံးသည် အလျင်အမြန် ဝင်ရောက်လာကာ သတင်းပို့သည်။ “သခင်ကြီး၊ သခင်လေး၊ ငွေရောင်ဝတ်စုံဝတ် လီဝမ်ကျန့်က တပ်ကိုဦးဆောင်ပြီး ဖမ်းဆီးဖို့ ရောက်လာပါပြီ”

ရွှမ်ဝူမြို့စားကြီး၏ မျက်နှာသည် အေးစက်သွား၏။ “သူလား။ ကျုပ်အိမ်တော်ကို တပ်ဦးဆောင်ပြီး ဖမ်းဆီးဖို့ လာတယ်ဟုတ်လား။ ဘယ်သူ့ကို ဖမ်းမှာလဲ။ သမက်တော်ကိုလား”

……

ရွှမ်ဝူမြို့စားကြီး စံအိမ်တော် ရဲတိုက်၏ ရှေ့တံခါးအပြင်ဘက်တွင် ပိန်လှီလျက်ရှိသော ငွေရောင်ဝတ် ကင်းလှည့်တပ်မှူး လီဝမ်ကျန့်သည် မြင့်မားသော မြင်းကြီးကို စီးနင်းလျက် စံအိမ်တော်ကို ကြည့်နေသည်။ သူ၏ အကြည့်၌ နက်ရှိုင်းသော မုန်းတီးမှု၊ အာဃာတများဖြင့် ပြည့်နှက်နေသည်။

ရှေ့တံခါးပွင့်လာပြီးသည့်နောက် ရွှမ်ဝူမြို့စားကြီးက ခပ်အေးအေး ပြောလိုက်၏။ “လီဝမ်ကျန့်... ဘာလာလုပ်တာလဲ”

လီဝမ်ကျန့်သည် ခပ်အေးအေး ပြောလိုက်သည်။ “ဖမ်းဆီးဖို့ လာတာ”

ရွှမ်ဝူမြို့စားကြီးက မေးလိုက်သည်။ “ဘယ်သူ့ကို ဖမ်းမှာလဲ”

လီဝမ်ကျန့်သည် တင်းမာခက်ထန်စွာဖြင့် ပြောလိုက်၏။ “ကျင်းမူလန်”

……

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရွှမ်ဝူမြို့စားကြီး၏ မျက်နှာသည် ဒေါသတရားကြောင့် တင်းမာသွား၏။ လွန်လွန်းလှချေသည်။ အရှင်မင်းမြတ်၏ အချက်ပြမှု ထွက်ပေါ်လာသည်နှင့် ဤခွေးရူးတစ်သိုက်သည် အရှက်သိက္ခာပင် မရှိတော့သည့်ပုံပင်။ အကျည်းတန်လွန်းလှချေသည်။

ရွှမ်ဝူမြို့စားကြီးသည် အေးစက်စက်လေသံဖြင့် မေးလိုက်၏။ “ကျူပ်သမီးက ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ခဲ့လို့ ငွေရောင်ဝတ်စုံဝတ် အရာရှိတစ်ယောက် အနေနဲ့ ဒီလို လာရောက်ဖမ်းဆီးရတာလဲ”

နှစ်တစ်ရာကျော် ကာလအတွင်း မည်သူတစ်ဦးတစ်ယောက်မှသည် မြို့စားအိမ်တော်၏ တံခါးဝသို့ တပ်နှင့်ချီ၍ ဤသို့ ဗြောင်ကျကျ မခြိမ်းခြောက်ရဲကြချေ။ ကျန်းချုံးဖြစ်ဖြစ် ၊ ဘုရင်ခံ ကျုးကျွင်းဖြစ်ဖြစ် မည်သူမှ ဤသို့မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်သောကြောင့် ဤသို့ပြုလုပ်လိုက်သည်နှင့် နောက်ဆုတ်ရန် လမ်းမရှိတော့ကြောင်း သိရှိသောကြောင့်ပင်။

သို့ပေမည့် လီဝမ်ကျန့်မှာတော့ မတူပေ။ သေဘေးမှ လွတ်မြောက်ခဲ့ပြီးနောက် သူသည် အစွယ်ငေါငေါ၊ သွားရည် တမြားမြားဖြင့် ခွေးရူးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူသည် အရှင်မင်းမြတ်ကို နောက်ခံကို ရရှိထားသူဖြစ်ရာ မလုပ်ရဲသည့်အရာဟူ၍ ဘယ်ရှိမည်နည်း။

ရွှမ်ဝူမြို့စားကြီး၏မေးခွန်းကို ကြားရချိန်မှာတော့ လီဝမ်ကျန့်သည် လှောင်ရယ်ကာ ပြောလိုက်၏။ “အမှုက လူသတ်မှုပဲ”

ထိုစကားကိုကြားသည့်အချိန်မှာတော့ လူပေါင်းမျာစွာတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။ ရွှမ်ဝူမြို့စားကြီးသည် ပြည်သူများကို မိမိ၏ သားသမီးကဲ့သို့ ချစ်မြတ်နိုးကြောင်း လူတိုင်း သိကြသည်။ ရွှမ်ဝူမြို့ရှိ သာမန်ပြည်သူများသည် သူ၏ပိုင်နက်နယ်မြေမှလူများ မဟုတ်ကြတော့သော်ငြားလည်း သူသည် ထိုသူတို့အပေါ်၌ ကြင်နာသနားမှု အပြည့်ရှိသည်။ သူ၏ နယ်မြေမှ လူများဆိုလျှင် ပြောနေစရာပင် အထူးမလိုချေ။ အခြားနယ်များထက် ရွှမ်ဝူမြို့စားကြီး၏ နယ်မြေသည် အခွန်အကောက် အနိမ့်ဆုံး ဖြစ်သည်။ အငတ်ဘေးကြုံသောနှစ်များ၌ မြို့စားကြီး၏ အိမ်တော်သည် အကျိုးအမြတ် မယူသည့်အပြင် ပြည်သူ များကို ထောက်ပံ့ရန် ငွေပင် စိုက်ထုတ်ရသေးသည်။

ဤအကြောင်းကြောင့်ပင် အခြားနယ်မှ အမျိုးသမီးများသည် ရွှမ်ဝူမြို့စားကြီး၏ နယ်မြေမှ အမျိုးသားများနှင့် လက်ထပ်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြပြီး အချို့မှာမူ မိမိတို့၏ အိုးအိမ်များကို စွန့်ခွာ၍ ကျင်းမိသားစု၏ နယ်မြေသို့ တိုက်ရိုက် ပြောင်းရွှေ့လာကြ၏။

လီဝမ်ကျန့်သည် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ “ကျင်းမူလန်... မင်းရဲ့ လက်အောက်ခံ မြင်းသည်တော်တွေက ဥပဒေကို လျစ်လျူရှုပြီး လမ်းမပေါ်မှာ မြင်းကို အရှိန်ပြင်းစွာ စီးနင်းတဲ့အတွက် အရပ်သား ၁၃ ဦး ဒဏ်ရာရပြီး ၅ ဦး သေဆုံးခဲ့တယ်။ ဒီကိစ္စက သူတို့ရဲ့ တပ်မှူးဖြစ်တဲ့ မင်းမှာ တာဝန်ရှိတယ်။ ကျုပ်က ငွေရောင်ဝတ်စုံဝတ်အရာရှိဖြစ်ပြီး အရှင်မင်းမြတ်ကိုယ်စား စစ်ဆေးရသူဖြစ်တယ်။ ဒီလို ပြည်သူတွေ မကျေမချမ်း ဖြစ်ရတဲ့ကိစ္စကို ကိုင်တွယ်ဖြေရှင်းရမယ့် တာဝန် ကျုပ်မှာ ရှိတယ်”

“ဒဏ်ရာရသူတွေ နဲ့ အလောင်းတွေကို သယ်လာခဲ့ကြ။ မျက်မြင်သက်သေတွေကိုပါ ခေါ်လာခဲ့ကြ” လီဝမ်ကျန့်က အမိန့်ပေးလိုက်၏။

အလောင်း ငါးလောင်းနှင့် ကိုယ်လက်အင်္ဂါ ကျိုးပဲ့နေသော အရပ်သား ရှစ်ဦးကို သယ်ဆောင်လာကြသည်။ မျက်မြင်သက်သေ ဒါဇင်ပေါင်းများစွာကိုလည်း ခေါ်ဆောင်လာကြသည်။

ဤမြင်ကွင်းသည် အလွန်ရင်းနှီးနေသည် မဟုတ်ပါလား။ မှန်ပေသည်။ ဤလောက၌ အသစ်အဆန်းဟူ၍ မရှိချေ။ ဥပဒေကို အသုံးချ၍ ထောင်ချောက်ဆင်ခြင်းပင်။ ရှမ့်လန်နှင့် ကျင်းမူလန်တို့သည် ထိုအရာကို လွယ်လွယ်ကူကူ နားလည်လိုက်မိ၏။

သို့ပေမည့် လီဝမ်ကျန့်နှင့် သူ၏လူများသည် ပရက်စက် ကြမ်းကြုတ်လွန်းလှ၏။ သူတို့ အသုံးချခဲ့သည်မှာ အစစ်အမှန် သာမန်ပြည်သူများ ဖြစ်နေသည်။ ဇာတ်လမ်းဇာတ်ကွက် ပြည့်စုံအောင် ဖန်တီးထားသေးသည်။

ကျင်းမူလန်သည် ရှေ့သို့ထွက်ကာ မေးလိုက်သည်။ “ကျွန်မရဲ့ မြင်းသည်တော်တွေ ဘယ်မှာလဲ”

လီဝမ်ကျန့်က ပြော၏။ “တပ်ဖွဲ့တစ်ထောင်မှုးက ဖမ်းဆီးပြီး အကျဉ်းထောင်ထဲ ထည့်ထားတယ်။ မောက်မာရိုင်းစိုင်းတဲ့ စစ်သည်တွေက လမ်းပေါ်မှာရှိတဲ့ အပြစ်မဲ့ အရပ်သားတွေကို နင်းသတ်ခဲ့ကြတယ်။ သူတို့ကို မြို့တော်ဝန်နဲ့ အုပ်ချုပ်ရေးမှူးဆီ အစီအရင်ခံပြီး ကွပ်မျက်ပစ်မယ်”

မည်သို့ ဖြစ်နိုင်မည်နည်း။ မြို့စားကြီးအိမ်တော်၏ မြင်းတပ်သည် အလွန် သတိကြီးသူများ ဖြစ်ကြသည်။ မြင်းသည်တော် ရာပေါင်းများစွာ ချီတက်လျှင်ပင် လူတစ်ဦးတစ်ယောက်ကို နင်းမိမည် မဟုတ်ပေ။ ရှမ့်လန်သည် ကျင်းမူလန်ကို တမင်တကာ ဝင်တိုက်၍ ဒဏ်ရာအနည်းငယ်ရခဲ့သည်မှာ မှန်သော်လည်း မြင်းသည်တော် ဆယ်ဦး ကျော်သာပါသော ကင်းလှည့်တပ်ဖွဲ့ငယ်လေးတစ်ခုသည် လူဆယ်ဦးထက်မနည်းကို သေစေ၊ ဒဏ်ရာရ စေသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ယခု မူလန်၏ လက်အောက်မှ မြင်းတပ်ဖွဲ့သည် အဖမ်းခံရပြီး အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသည်။ ရွှမ်ဝူမြို့တော်တစ်ခုလုံးတွင် တပ်မှူးတစ်ထောင် ရုံးစိုက်ရာ သုံးခုရှိပြီး (ယန်ရှန်း တပ်မှူးတစ်ထောင်) ရုံးလည်း တစ်ခုအပါအဝင် ဖြစ်၏။ ထိုရုံး၌ စစ်သည်အင်အား ၃၀၀၀ အပြည့် ရှိနေသည်။

“ရွှမ်ဝူမြို့စားကြီး ... သက်သေအထောက်အထားတွေက ခိုင်လုံနေပါပြီ”

လီဝမ်ကျန့်က ပြောလိုက်၏။ “ကျင်းမူလန်ရဲ့ လက်အောက်ခံ မြင်းတပ်က မြင်းသည်တော်တွေက အရှိန်ပြင်းစွာ စီးနင်းပြီး အပြစ်မဲ့အရပ်သားတွေကို နင်းသတ်ခဲ့တယ်။ ဒါကြောင့် တပ်မှူးဖြစ်တဲ့ သူမ မှာ တာဝန်ရှိတယ်။ ကျင်းမူလန်.. ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးဖို့အတွက် ကျုပ်နဲ့အတူ မြို့တော်ဝန် အိမ်ရာကို လိုက်ခဲ့ပါ”

လီဝမ်ကျန့်၏ အသံသည် ညကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး သူ၏မျက်ဝန်းများတွင် ကျေနပ်မှုများ ပြည့်နှက်နေသည်။ ဆယ်ရက်ကျော်ကြာ အသက်ဘေးအား စိုးရိမ်ပူပန်ခဲ့ရပြီးနောက် နောက်ဆုံးတွင် လက်စားချေနိုင်ခဲ့ပေပြီ။ အလွန်ပင် ကြည်နူးစရာကောင်းလှသည်။

သူ၏ စိတ်ထဲတွင် မျှော်လင့်နေမိသည်။ ရွှမ်ဝူမြို့စားကြီးသည်သာ ဒေါသတကြီးဖြင့် မြင်းတပ်ကို ဦးဆောင်၍ ဖမ်းဆီးထားသူများအား အတင်းအဓမ္မ လုယူကယ်တင်ချင်လျှင် မည်မျှကောင်းလိုက်မည်နည်း။ ထိုမှသာလျှင် ပြည်နယ်အုပ်ချုပ်ရေးမှုး ကျုးကျွင်းနှင့် အုပ်ချုပ်ရေးမှူး ကျန်းချုံးတို့သည် ပုန်ကန်မှုကို နှိမ်နင်းရန် တရားဝင် အမိန့်ပေးနိုင်ပေမည်။

“ကျင်းမူလန်. မင်းလိုက်ရဲလား၊ မလိုက်ရဲဘူးလား”

လီဝမ်ကျန့်က ပြောလိုက်၏။ “မင်း သေချာ တာဝန်မယူဘူးဆိုရင် အကုန်ရှုပ်ကုန်မယ်နော်။ ပြီးတော့ အကျဉ်းထောင်ထဲက လူတွေက အရမ်းကြမ်းတယ်။ ကြာကြာထားလို့ မင်းရဲ့ မြင်းသည်တော်တွေ တစ်စုံတစ်ခု ဖြစ်သွားမှဖြင့် .....ပြီးတော့ မြင်းသည်တော်အဖွဲ့ခေါင်းဆောင်က အမျိုးသမီးတစ်ယောက် မဟုတ်လား”

ထိုမြင်းတပ်အဖွဲ့ခေါင်းဆောင်ကို ရှမ့်လန် မြင်ဖူးသည်။ သူမ၏အမည်မှာ ကျင်းကျန့်နန် ဖြစ်၏။ သူမသည် ငယ်စဉ်တည်းက မြို့စားကြီးအိမ်တော်၌ ကြီးပြင်းလာပြီး သစ္စာအရှိဆုံးသော အိမ်သားလည်း ဖြစ်သည်။ ကျင်းကျန့်နန်သည် သိုင်းပညာ မြင့်မားသော်လည်း အလွန် ရှက်တတ်သူဖြစ်ကာ ရှမ့်လန်ကို မြင်တိုင်း မျက်နှာ နီရဲသွားတတ်သည်။ အဖွဲ့ခေါင်းဆောင် အမျိုးသမီးတစ်ဦး ရန်သူ့လက်တွင်းသို့ ကျရောက်သွားခဲ့သောကြောင့် အချိန်မီ မကယ်တင်နိုင်ပါက အကျိုးဆက်မှာ ပြောရခက်ပေသည်။

မူလန်သည် စစ်သည်များကို သားသမီးကဲ့သို့ ချစ်ခင်ပြီး ကျန့်နန်မှာ သူမ၏ အရင်းနှီးဆုံး လက်ထောက်ဖြစ်ကာ အစ်မအရင်းနှင့်ပင် တူလှသည်။ ထို့ကြောင့် သူမ မြို့တော်ဝန် အိမ်တော်သို့ လိုက်သွားရပေမည်။ ဘာပဲဖြစ်ဖြစ် ကျန့်နန်နှင့် မြင်းတပ်သား ဆယ်ဦးကျော်ကို ကယ်တင်ရပေမည်။

သို့ပေမည့် ရှမ့်လန်သည် သူမ၏ လက်လေးကို လှမ်းကာ ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ခြေတစ်လှမ်းတိုး၍ မူလန်၏ ရှေ့၌ ကာဆီးကာ ရပ်လိုက်သည်။

ထိုတစ်ခဏ၌ မူလန်၏ နှလုံးသားသည် အရည်ပျော်ကျသွားမတတ်ပင်။

ယောက်ျားတစ်ယောက်၏ အစွမ်းသတ္တိသည် သိုင်းပညာ မြင့်မားမှုအပေါ်၌ မရှိချေ၊ အရေးကြီးသည့် အခိုက်အတန့်၌ ရဲရဲဝံ့ဝံ့ ရှေ့သို့ထွက်ရပ်ပေးလိုစိတ် ရှိမရှိကိုသာ ကြည့်ရပေမည်။

............

ရှမ့်လန်သည် လီဝမ်ကျန့်၏ ရှေ့သို့ ရောက်ရှိသွားသည်။

“အမလေး …. အရာရှိလီ ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ”

ရှမ့်လန်က မေးလိုက်၏။ “ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ရတာလဲ။ ခင်ဗျားက ငယ်ပါသေးတယ်။ ကိုယ်သေတာကြောင့် ကိုယ့်မိဘတွေ ငိုကြွေးရမယ့်အခြေအနေမျိုးရောက်အောင် မလုပ်နဲ့”

လီဝမ်ကျန့်သည် လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။ “ဟန်လုပ်မနေနဲ့ ရှမ့်လန်။ လူရွှင်တော်လို သရုပ်ဆောင်နေတာ ရပ်လိုက်တော့။ ဒါက အလကားပဲ”

ထိုအခိုက်အတန့်၌ လီဝမ်ကျန့်သည် အထက်စီးဆန်သော ခံစားချက်ကို ခံစားနေရ၏။ ရှမ့်လန်အပေါ်၌ သနားစိတ်ပင် ဝင်လာမိသည်။ ရှမ့်လန်သည် အမှန်တကယ် အရည်အချင်း၏။ သို့ပေမည့် နောက်ခံအင်အား မကောင်းသောကြောင့် အရည်အချင်းရှိလည်း အသုံးမဝင်ပေ။ နင်းခြေခံရမည့် ကံကြမ္မာမျိုးပင်။

သူ .. လီဝမ်ကျန့်၏ နောက်တွင် ဘုရင်မင်းမြတ်ရှိသည်။ ထိုထက် ပိုမို ခိုင်မာသည့် နောက်ခံရှိပါမည်လား။

လီဝမ်ကျန့်သည် ပျော်ရွှင်စွာ ပြောလိုက်၏။ “ရှမ့်လန်... ခင်ဗျား ကြားဖူးမယ်မထင်တဲ့ စကားအချို့ ရှိတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ပုစဉ်းရင်ကွဲက ရထားကို လက်နှင့်ကာသလိုလား။ ဒါမှမဟုတ် အနိုင်မခံ အရှုံးမပေး တိုက်ခိုက်ခြင်းလား”

လီဝမ်ကျန့်သည် ပြုံးကာ ပြောလိုက်သည်။ “နှစ်ခုစလုံးပဲ ဘာနိုင်ငံရေး၊ ဘာပါးနပ်တဲ့ လှည့်ကွက်၊ ဘာနတ်ဆိုး နဲ့တူတဲ့ ဉာဏ်ပညာလဲ။ အသုံးမဝင်ဘူး။ အနှိုင်းမဲ့အင်အားက မဟာဗျူဟာ အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ ရှမ့်လန်... မင်းက အရမ်းကြောက်စရာ ကောင်းတယ်၊ ဉာဏ်ကောင်းတယ်။ ကျုပ်ကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထဲကို တွန်းပို့လုနီးပါး လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်လဲ။ အရှင်မင်းမြတ်က ကျုပ်ကို ယုံကြည်တယ်။ ကျုပ်ဘယ်လိုမှ မသေနိုင်ဘူး၊ ကျုပ်ဒီမှာ မတ်မတ်ရပ်နေနိုင်ပြီ။

ကျုပ်မသေဘူးဆိုမှတော့ ရှမ့်လန် မင်း …. ကံဆိုးပြီ။ ရွှမ်ဝူမြို့စားအိမ်တော်လည်း ကံဆိုးပြီ။ ဒီနေ့ကစပြီး ကျုပ် ရွှမ်ဝူမြို့ကနေ မခွာဘူး။ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ဒီမိသားစုကို ဖျက်ဆီးပစ်မယ်” လီဝမ်ကျန့် သည် ထိုစကားများကို ပြောဆိုချိန်၌ သွားဖုံးမှ သွေးထွက်သည်အထိ အံကြိတ်ကာ ပြောဆိုနေမိ၏။

ဤရှမ့်လန်သည် သူ့ကို အာဏာရှိသူများအကြားတွင် လှောင်ပြောင်စရာ လူတန်းစား ဖြစ်စေရုံမက သူ၏ ဂုဏ်သိက္ခာကို အပြီးတိုင် ဖျက်ဆီးခဲ့သည်။ ဤအဖြစ်အပျက်နောက်ပိုင်းတွင် သူ၏ ကျော်ကြားသော စာပေပညာရှင်၊ ငွေရောင်ဝတ်စုံဝတ် အရာရှိဟူသော ဂုဏ်သတင်းသည် ပျက်စီးခဲ့၏။ ထို့ကြောင့် သူသည် အခြားလမ်းကြောင်းတစ်ခုကိုသာ လျှောက်လှမ်းနိုင်တော့မည်။ အရှင်မင်းမြတ်၏ သစ္စာရှိ ခွေးရူးတစ်ကောင် ပုံစံပင်။

ရှမ့်လန်သည် မျက်တွင်းများ ချိုင့်ဝင်နေပြီး ရူးသွပ်လုနီးပါး ဖြစ်နေသော လီဝမ်ကျန့်ကို ကြည့်လိုက်သည်။ အရည်အချင်းရှိသော လူတစ်ယောက်၏ ဟန်ပန်သည် ပျောက်ကွယ်သွားပြီး ယုတ်မာသော အဆိပ်ပြင်း မြွေတစ်ကောင်နှင့် တူလာသည်။ သက်ပြင်းတစ်ချက်ချပြီးနောက် ရှမ့်လန်သည် ငြင်သာစွာ ပြောလိုက်၏။ “လီဝမ်ကျန့်... ပြေးတော့။ သူတို့ မကြာခင် ရောက်လာကြတော့မယ်”

ရှမ့်လန်၏ စကားကို ကြားသည့်အချိန်မှာတော့ လီဝမ်ကျန့်သည် အံ့အားသင့်သွားသည်။ ပြီးနောက် လှောင်ပြောင်ရယ်မောကာ ပြောလိုက်သည်။ “ရှမ့်လန်... မင်း ဘာအကွက်ဆန်းတွေ ထွင်နေပြန်တာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “လွန်ခဲ့တဲ့ ခြောက်နာရီတည်းက သူတို့နုကျန့်စီရင်စု ထဲ ဝင်လာပြီး ခင်ဗျားကို ရှာနေကြတယ်။ အခု ရွှမ်ဝူမြို့ဆီ လာနေကြပြီ။ ခင်ဗျားပြေးတော့ …”

လီဝမ်ကျန့်က အော်လိုက်သည်။ “ရှမ့်လန်... မင်း ရူးနေပြီလား။ မင်း ဘာတွေပြောနေတာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “လီဝမ်ကျန့်.. ခင်ဗျား သေတော့မယ်။ ခင်ဗျား မနက်ဖြန်နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူး”

လီဝမ်ကျန့်သည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ဟားတိုက်ရယ်မောကာ ပြောလိုက်သည်။ “တကယ့်ကို ရယ်စရာကောင်းတာပဲ။ ဘယ်သူက ကျုပ်ကို သတ်ရဲလို့လဲ။ အရှင်မင်းမြတ်က ကျုပ်ကို တစ်နှစ် လစာလျှော့တဲ့ အပြစ်ပဲ ပေးခဲ့တာ။ လျှို့ဝှက်ချက်တစ်ခု မင်းကို မပြောရသေးဘူး။ အဲဒီ အမိန့်တော်ကို လာပို့တဲ့ မိန်းမစိုးက ကျုပ်အိမ်ကိုသွားပြီး ကျုပ်မိဘတွေဆီ ငွေတစ်ထုပ် ပေးခဲ့တယ်။ အဲဒါ ကျုပ်ရဲ့ သုံးနှစ်စာ လစာပဲ။ ဘာကို ဆိုလိုတာလဲ မင်း သိလား။

ဆိုလိုတာက အရှင်မင်းမြတ်က ကျုပ်ကို နားလည်ပေးတယ်။ ဆိုလိုတာက ရှမ့်လန် ... မင်းနဲ့ ရွှမ်ဝူမြို့စား အိမ်တော်ရဲ့ အဆုံးသတ် ရောက်လာတော့မယ်။ ဒါပေမဲ့ ရှမ့်လန်… မင်းက ကျုပ် သေတော့မယ်လို့ ပြောနေတယ်။ ဘယ်လောက် ဆိုးရွားလိုက်လဲ။ ကျုပ်ကို ဘယ်သူသတ်မှာလဲ။

ဘယ်သူက ကျုပ်ကို သတ်ရဲမှာလဲ။ မင်းလား ရှမ့်လန် …. ရွှမ်ဝူမြို့စားအိမ်တော်လား။ ကျုပ် ဒီမှာ ရပ်နေတယ်။ မင်းတို့ မလုပ်ရဲပါဘူး။ ကျုပ်ခေါင်းပေါ်က ဆံချည်တမျှင်ကိုတောင် မင်းတို့မထိရဲဘူး။

ကျုပ်က ရွှဲ့တိုင်းပြည်ရဲ့ ငွေရောင်ဝတ်စုံဝတ် စစ်ဆေးရေးအရာရှိပဲ။ ကျုပ်က ဘုရင်မင်းမြတ်ကို ကိုယ်စားပြုတယ်။ ကျုပ်ကို သတ်ရဲရင် အကုန်သေကုန်မှာပေါ့”

ရက်အနည်းငယ်လောက် မအိပ်ခဲ့ရသော လီဝမ်ကျန့်သည် ရူးသွပ်တော့မလို အခြေအနေမျိုးထိ စိတ်လှုပ်ရှားလို့နေသည်။

ရှမ့်လန်က ပြောလိုက်၏ “ဟုတ်တာပေါ့။ ကျုပ်က ခင်ဗျားကို ဘယ်သတ်ရဲမှာလဲ။ ရွှမ်ဝူအိမ်တော်ကလည်း ခင်ဗျားကို မသတ်ရဲဘူး။ ဘာလို့လဲ ဆိုတော့ ခင်ဗျားကို သတ်မယ့်သူ က ဘုရင်မင်းမြတ်ဖြစ်နေလို့ပဲ”

……….

(စာစဉ် ၉ က အင်္ဂါနေ့ပါ။ ပုံမှန်ဆို တနင်္လာနေ့ထွက်ရမှာ ဆိုပေမဲ့ တစ်ရက်နောက်ကျမယ်ဗျာ။ မနက်ဖြန် medical checked လေးလုပ်စရာရှိလို့ စာရေးဖို့အချိန်မရလို့ပါ)

All Chapters