အခန်း (၁၀၂)
Vol. 8 Ch. 102
သုံးပွဲဆက်တိုက် နိုင်ပြီ။ ရှမ့်လန်သည် သုံးပွဲဆက်တိုက် နိုင်ခဲ့၏။
မြေပြင်ပေါ်တွင် လဲကျကာ တက်လျက်ရှိသော လီဝမ်ကျန့်ကို ကြည့်ပြီးနောက် တက်ရောက်လာကြသူအားလုံး၏ မျက်နှာများသည် နာရေးအိမ်သို့ ရောက်နေသည့်အလား ညှိုးငယ်လျက်ရှိတော့သည်။
ရှမ့်လန်သည် ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး လေသံအေးလေးဖြင့် မေးလိုက်၏။ “နောက်ထပ် ဘယ်သူရှိသေးလဲ”
မည်သူမျှ ပြန်မဖြေကြချေ။
“နောက်ထပ် ဘယ်သူရှိသေးလဲ” ဟု ရှမ့်လန်က ထပ်အော်လိုက်သည်။
ရွှေပွဲလာပရိသတ်အားလုံးသည် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေ၏။
ဓားကိုဆွဲထုတ်ကာ အရပ် လေးမျက်နှာကို ကြည့်လိုက်သော်လည်း ရင်ထဲတွင် အဖော်မဲ့ကာ အထီးကျန်နေသည်ဟူသော ခံစားချက်မျိုးပင် မဟုတ်သေး။ ယခုအချိန်တွင် ရှမ့်လန်၏ စိတ်အခြေအနေကို ဤသို့သော စကားလုံးများဖြင့် ဖော်ပြခြင်းမှာ မသင့်တော်ပေ။ ဤသီချင်းစာသားဖြင့် ဖော်ပြသင့်သည်။
အနိုင်ယူစရာမရှိခြင်းသည်... အထီးကျန်ခြင်းပင်။
အနိုင်ယူစရာမရှိခြင်းသည်... အကာတည်းမဲ့ခြင်းပင်။
ပရိသတ်အားလုံးသည် ရှမ့်လန်၏ လုပ်ရပ်ကြောင့် အမှန်တကယ်ပင် မှင်သက်မိနေကြသည်။ ဤပွဲသည် ရွှမ်ဝူမြို့စားအိမ်တော်ကို အဖက်ဖက်မှ ဝိုင်းဝန်းတိုက်ခိုက်ရန်အတွက် စီစဉ်ထားသည့် အကြိုပွဲဖြစ်သည်။ ရှမ့်လန်အား ဝိုင်းဝန်းဖိအားပေးကာ မိမိကိုယ်မိမိ အဆုံးစီရင်သွားစေရန် ကြံစည်ထားခဲ့ကြ၏။
ရှမ့်လန်သည် ယနေ့ညတွင် မုချသေရမည်ဖြစ်ပြီး ရွှမ်ဝူမြို့စားအိမ်တော်သည်လည်း ရေစုန်မျောရမည်ဟု လူတိုင်းနီးပါးက ယုံကြည်ခဲ့ကြသည်။ သို့ပေမည့် အဆုံးသတ်တွင် ရှမ့်လန်သည် သုံးပွဲဆက်တိုက် အနိုင်ယူခဲ့၏။ ထို့အပြင် အားစိုက်ထုတ်စရာပင်မလိုဘဲ လွယ်ကူစွာ ပြုလုပ်သွားခဲ့ခြင်းပင်။ အန္တရာယ်အနည်းငယ်များခဲ့သည် ဆိုလျှင်တောင်မှ ရှမ့်လန်အား တစ်ချက်ကလေးမှ ရင်မခုန်စေခဲ့ပုံပင် ပေါ်သည်။
ဤလူချောလေးသည် လက်ရုံးရည်အားနည်းသော်လည်း ၎င်း၏နှလုံးသားရည်မှာတော့ အလွန်ထက်မြက်သည်။ ယနေ့ညတွင် ခေါင်းပေါင်းများစွာ ပြတ်ကျကာ သွေးချောင်းစီးတော့မည်။ ကျင်းကျွင်း၏ ပုန်ကန်မှုသည် တုန်လှုပ်ခြောက်ခြားဖွယ် မုန်တိုင်းကြီးကို စတင်ခြင်းဖြစ်ရာ လူမည်မျှ ပါဝင်နစ်မွန်းမည်ဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။
......
မြေပြင်ပေါ်မှာတော့ လီဝမ်ကျန့်သည် တက်နေဆဲပင်။ ထို့အပြင် သူ၏နှုတ်မှ အမြှုပ်များသာမက ရဲရဲနီသော သွေးစများပါ ထွက်ကျနေသည်။
ရှမ့်လန်သည် ၎င်းအား တစ်ချက်မျှ အေးစက်စွာ ကြည့်လိုက်၏။ “အိုး... နောက်ခံအင်အား မရှိတဲ့သူတွေက တကယ်ပဲ သနားစရာကောင်းတယ်။ ဒုတိယအဆင့်အမှုထမ်းစာမေးပွဲကို ဘယ်နည်းနဲ့များ အောင်မြင်ခဲ့တာလဲ။ တော်တော်ညံ့တဲ့သူ။ ရွှမ်ဝူမြို့က ကလေးမိဘတွေ ဘယ်လောက်ရင်နာနေလိုက်မလဲ။ သူတို့သားသမီးကို ဆုံးမချိန်တိုင်း ဒီလူ့ချေးကျွေးမယ်ပြောခဲ့မိတာ။”
ဤသို့သော သာမန်အရပ်သားမျိုးရိုးမှ ဆင်းသက်လာသူများသည် တစ်ကြိမ်တစ်ခါ အမှားကျူးလွန်မိလျှင်ပင် သေလမ်းသို့ ရောက်နိုင်သည်။ သူ့ကဲ့သို့ ရွှမ်ဝူမြို့စားအိမ်တော်နှင့် ထောင်ပေါင်းများစွာသော စစ်သည်တော်များ၏ ကျောထောက်နောက်ခံကို ရထားသူပင်လျှင် သေချာသတိထား ပြုမူရသည်။ ဤလောက၌ အကောင်းဆုံးသော အစားအစာသည် ပညာနှင့် ရသော ထမင်းမဟုတ်ဘဲ ယောက်ျားတစ်ယောက်အနေဖြင့် မိန်းမကိုမှီခိုစားရသော ‘အချောင်ထမင်း’ပင် ဖြစ်ပေသည်။
ရှမ့်လန်သည် ကျန်းကျင်း၏ ရှေ့သို့လှမ်းလျှောက်သွားပြီး လေးနက်သောအသံဖြင့် ခေါ်လိုက်သည်။ “ညီနောင် ကျန်းကျင်း”
ကျန်းကျင်း၏ ဦးရေပြားသည် ထုံကျင်သွားသည်။ ခေါင်းများပင် ကျိန်းတက်သွား၏။
ရှမ့်လန်သည် ရိုးသား၊ ပွင့်လင်းသောအမူအရာဖြင့် ပြောလိုက်သည်။ “ဒီည ကိစ္စတွေများလွန်းလို့ ခင်ဗျားရဲ့ စေ့စပ်ပွဲအတွက် ဝမ်းမြောက်ကြောင်း မပြောလိုက်ရဘူး”
သို့နောက် ရှမ့်လန်၏ အကြည့်သည် ရှစ်ချင်းချင်းထံသို့ ရောက်သွား၏။ “ချင်းချင်း.. ကျုပ်တို့နှစ်ယောက် လမ်းခွဲခဲ့ကြပေမဲ့ တစ်ချိန်ကတော့ လင်မယားတွေ ဖြစ်ခဲ့ကြတာပဲ။ တစ်ညတာ လင်မယားဖြစ်ခဲ့ရင် ရက်တစ်ရာ သံယောဇဉ် ရှိတယ်လို့ ဆိုကြတယ် မဟုတ်လား။ ဒီလက်ဆောင်ကို ကျုပ် ပေးချင်ပါတယ်။ ခင်ဗျားတို့နှစ်ယောက် သာယာချမ်းမြေ့ပါစေလို့ ဆုတောင်းပေးပါတယ်”
ထို့နောက် ရှမ့်လန်သည် လက်နှစ်ဖက်ဖြင့် သူ၏ လက်ဆောင်ကို တရိုတသေ ပေးလိုက်သည်။ ရောင်စုံပုံနှိပ်ကာ အထူးထုတ်ထားသော ‘မာယာမျဉ်းပြိုင်’ စာအုပ်တစ်အုပ်နှင့် ရှမ့်လန် အထူးဖော်စပ်ထားသော ဆေးပုလင်း ဖြစ်သည်။
“ဒီပုလင်းထဲက ဆေးက ချင်းချင်းအတွက်ပါ။ အရင်တုန်းက သူ ကိုယ်ဝန်ရမှာစိုးလို့ ကျုပ်တို့ နှစ်ယောက်ရဲ့ အတူတူ နေထိုင်မှုက အတော်လေး ထူးခြားခဲ့တယ်။ ရှေးအစဉ်အဆက်တည်းက နောက်ဘက် တံခါးပေါက်က သွားရလာရ ခက်ခဲတယ် မဟုတ်လား။ ဒါကြောင့် ကျုပ်က ဒီဆေးရည်ပုလင်းကို အထူး ဖော်စပ်ပေးခဲ့တယ်။ သုံးရတာ အဆင်ပြေတယ်”
“အခုတော့ ဒီဆေးပုလင်းကို ညီနောင် ကျန်းကျင်းဆီကို ကျုပ် လက်ဆောင်ပေးလိုက်ပါတယ်။ ချင်းချင်းရဲ့ အချို့နေရာတွေကို အသုံးပြုခွင့်လည်း ကျုပ် ခင်ဗျားဆီ တရားဝင် လွှဲပြောင်းပေးလိုက်ပြီ။ ချင်းချင်းက တစ်ပတ်ရစ် ပစ္စည်းဖြစ်တဲ့အတွက်ကြောင့် သူ့ကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါနဲ့။ သူ့ရဲ့ နေထိုင်မှုက ရှုပ်ထွေးခဲ့တယ် ဆိုပေမဲ့ သူက မိန်းကလေးကောင်းတစ်ယောက်ပါ။ ခင်ဗျား တန်ဖိုးထား ပေါင်းသင်းသင့်တယ်”
ရှစ်ချင်းချင်း၏ မျက်လုံးအိမ်မှ မျက်ရည်များ ဒလဟော စီးကျလာသည်။ သာမန်အချိန်မျိုး ဆိုလျှင် ရှမ့်လန်၏ ဤအပြုအမူမှာ အလွန်အောက်တန်းကျ၏။ သို့ပေမည့် ယခုသုံးပွဲဆက်တိုက်နိုင်ပွဲ၏ အရှိန်အဝါကို ဆုပ်ကိုင်ထားသဖြင့် မည်သူမှသည် သူ၏စကားကို မလှန်ရဲကြပေ။
ယုတ်ညံ့သောစကားတို့သည် ရှမ့်လန်၏ နှုတ်ဖျားမှ ထွက်လာသောအခါတွင် ထူးခြားဆန်းကြယ်စွာ လှပပြီး နားထောင်ကောင်းနေသလိုပင်။
ဤအချိန်တွင် ရှမ့်လန်သည် ချင်းချင်း၏ ဂုဏ်သိက္ခာကို မြေကြီးပေါ်ဆွဲချကာ အကြိမ်ကြိမ်အခါခါ နင်းခြေ ပွတ်တိုက်နေလေသည်။ တစ်ဖက်လူသည် ခုခံကာကွယ်နိုင်စွမ်း လုံးဝမရှိပေ။ ထို့ပြင် ရှမ့်လန်ဆိုသော လူယုတ်မာသည် အမှန်တကယ်ပင် ယုတ်ညံ့လှ၏။ ၎င်း၏ တိုက်ခိုက်မှုများသည် ခါးအောက်ပိုင်းကိုသာ ဦးတည်နေသည်။
ရှစ်ချင်းချင်းသည် သည်းမခံနိုင်တော့ပေ။ သူမ ဘာတစ်ခုမှ ဂရုမစိုက်ဘဲ ပေါက်ကွဲပစ်လိုက်ချင်၏။ သို့ပေမည့် ကျန်းကျင်းသည် ရှစ်ချင်းချင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ငြင်သာစွာ ပုတ်လိုက်သည်။ ယနေ့ည သူတို့ ရှုံးနိမ့်ခဲ့ပြီဖြစ်၏။
ကျန်းကျင်းသည် ရှမ့်လန်အား ပြုံးလျက် ပြောလိုက်သည်။ “ညီနောင်ရှမ့်လန်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။ ဒီည ဧည့်ခံတာလစ်ဟင်းသွားတဲ့အတွက် တောင်းပန်ပါတယ်”
ရှမ့်လန်က မေးလိုက်၏။ “ကျုပ် လုပ်ပေးရမယ့် ကိစ္စများ ကျန်သေးလား။ ဥပမာ... ကျုပ်ကို ဘယ်သူများ စိန်ခေါ်ချင်သေးလဲ။ ခင်ဗျားတို့စီစဉ်ထားတာများရှိနေသေးရင် ကျုပ် ဒီမှာ ရပ်စောင့်နေပါတယ်”
ပရိသတ်ထဲမှ မည်သူမှ စကားမထွက်ရဲချေ။
“ကျုပ်ကို ဘယ်သူမှ စိန်မခေါ်တော့ဘူးဆိုတာ သေချာပြီလား။ ဘယ်သူမှ တိုက်ခိုက်ချင်တဲ့သူ မရှိတော့ဘူးလား”
ရှမ့်လန်က မေးလိုက်သည်။ “ဒါဖြင့် ကျုပ် သွားတော့မယ်”
ရှမ့်လန်သည် မူလန်၏လက်ကိုဆွဲကာ အပြင်ဘက်သို့ ထွက်ခွာသွားသည်။ အဝင်ဝသို့ရောက်ချိန်မှာတော့ ၎င်းက ပြောလိုက်၏။ “ကျုပ်ကို တကယ် ဘယ်သူမှ စိန်မခေါ်တော့ဘူးနော်။ ကျုပ် သွားတော့မယ်”
ခြေနှစ်လှမ်းလောက် ဆက်လျှောက်သွားပြီးနောက် တဖန်ပြန်လှည့်လာကာ အတည်ပြုပြန်သည်။ “ကျုပ် တကယ် သွားတော့မယ်နော်”
မြန်မြန်သွားစမ်းပါကွာ။ သူများမျက်နှာကို ရိုက်ရတာ အားမရနိုင်သေးဘူးလား။
...
လူတိုင်း၏ အမြင်အာရုံမှ ရှမ့်လန် လုံးဝပျောက်ကွယ်သွားပြီးနောက်မှာတော့ ရှစ်ကွမ်းယွမ်သည် လုံးဝ သည်းမခံနိုင်တော့ဘဲ သားရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အော်ဟစ်လိုက်သည်။ “ဘာကြောင့်လဲ။ ဘာကြောင့်လဲ။ ဒီခွေးကောင်ကို ကျုပ် ဘာလို့ အစတည်းက မသတ်ခဲ့မိတာလဲ”
...........
ရှစ်အိမ်တော်သခင်ကြီးသည် ဤသို့ မလုပ်သင့်ပေ။ ခန်းမထဲ၌ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ ရှိနေသေးသည်။ သို့သော်ကြား လူတိုင်းသည် သူ့ကို နားလည်မှုအပြည့်ရှိသော အကြည့်များဖြင့် ကြည့်နေမိကြ၏။ ယခုလို ခံရသည့်နေရာတွင် သူတို့သာဖြစ်မည် ဆိုပါက ရှစ်ကွမ်းယွမ်ထက် မည်သို့မှ မနိမ့်သော ဒေါသတရားဖြင့် လောင်မြိုက်နေမှာ သေချာ၏။
ခွမ်း ...။
ရှစ်ကွမ်းယွမ်၏ ဝမ်းနည်းဒေါသထွက်မှုသည် အထွတ်အထိပ်သို့ ရောက်သွားပြီး လက်သီးဖြင့် စားပွဲကို ပြင်းထန်စွာ ထုချလိုက်သည်။
သို့ပေမည့် ဤအချိန်တွင် ရှမ့်လန်သည် ရုတ်တရက် အခန်းထဲသို့ ပြန်လှည့်ဝင်လာသည်။ ၎င်း၏ ချောမောသည့် မျက်နှာသွင်ပြင်သည် အားလုံးသောသူတို့၏ မျက်လုံးထဲ၌ ပေါ်လာခဲ့၏။
“……”
လူတိုင်း လန့်ဖျပ်သွားကြသည်။ မင်း... မင်း မသွားသေးဘူးလား။
ရှမ့်လန်သည် ရှစ်ကွမ်းယွမ်ကို ကြည့်ကာ မေးလိုက်၏။ “ဘာလို့ အော်ဟစ်နေတာလဲ။ ကျုပ် ထွက်သွားတာကို ခင်ဗျား မကျေနပ်လို့လား။ ဒီမှာ နေစေချင်တာလား”
ရှစ်ကွမ်းယွမ်သည် ဓားကိုဆွဲထုတ်ပြီး ရှမ့်လန်ကို အပိုင်းပိုင်း ခုတ်သတ်ပစ်ချင်စိတ် ပေါက်နေ၏။ သို့ပေမည့် သူသည် စိတ်ထဲတွင်သာ ခုတ်ပိုင်းနိုင်သည်။
ရှမ့်လန်က ပြောလိုက်၏။ “စိတ်အေးအေးထားပါ။ ခင်ဗျားအလှည့်လည်း မကြာခင် ရောက်လာတော့မှာပါ”
ဤစကားမှာ ပွက်ပွက်ဆူနေသော သံပြားတစ်ချပ်ကို ရေခဲရေထဲသို့ ပစ်ချလိုက်သကဲ့သို့ပင်။ ရှစ်ကွမ်းယွမ်၏ ရင်ထဲမှ ဒေါသမီးများသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ ရှမ့်လန်၏ ဤစကားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
“ကဲ အားလုံးပဲ တွေ့ကြသေးတာပေါ့။ ကျုပ် ဒီတစ်ခါတော့ တကယ် သွားပြီ” ရှမ့်လန်က လက်ပြနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။ ထို့နောက်တွင်တော့ ခန်းမဆောင်တစ်ခုလုံး မည်သည့်အသံမှ မကြားရတော့ပေ။ တော်ကြာ နေစေချင်၍ အသံထွက်သည် ထင်နေပေဦးမည်။
...
အရေးပါသော ပုဂ္ဂိုလ်ကြီးအချို့သည် စကားတစ်ခွန်းမျှမဆိုဘဲ ခန်းမထဲမှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ကျန်းကျင်းသည် ဒေါသထွက်ခြင်းမရှိတော့ဘဲ ရင်ထဲ၌ အေးစက်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကိုသာ ခံစားနေရ၏။
ရှစ်ချင်းချင်းမှာမူ ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ရပ်နေဆဲဖြစ်၏။ ဤပွဲသည် သူမ၏ စေ့စပ်ပွဲဖြစ်ပြီး သူမဘဝ၏ အရေးအကြီးဆုံး အခိုက်အတန့်လည်း ဖြစ်သည်။ နောက်ဆုံးမှာတော့ ရှမ့်လန်ရေးခဲ့သော ‘မာယာမျဉ်းပြိုင်’က သူမကို နာမည်ပျက်စေခဲ့လျှင်ပင် မျက်နှာချင်းဆိုင်မဟုတ်ပေ။ ဓာတ်ပုံကိုကြည့်၍ မည်မျှ အာသာဖြေခံရ၊ ခံရ အလုံးအရပ်မလျော့သည် မဟုတ်ပါလား။
သို့ပေမည့် ယနေ့ညမှာတော့ ရှစ်ချင်းချင်းသည် မြေကြီးပေါ်တွင် အကြိမ်တစ်ရာမက ပွတ်တိုက်ခြင်း ခံလိုက်ရသကဲ့သို့ပင်။ ဂုဏ်သိက္ခာအနည်းငယ်မျှပင် မကျန်တော့ချေ။
ရှစ်အိမ်တော်သည်လည်း ဤစေ့စပ်ပွဲကို အခွင့်ကောင်းယူကာ ဂုဏ်သိက္ခာကြီးမားသော သူကြွယ်မျိုးအဖြစ်သို့ တက်လှမ်းရန် ကြံစည်ခဲ့သည်။ သို့ပေမည့် ယခုမှာမူ သူဌေးများအကြားတွင် လုံးဝ လှောင်ရယ်စရာ ဖြစ်သွားခဲ့သည်။
ယနေ့ညတွင် ဤလူအုပ်ကြီးသည် ရှမ့်လန်ကို ဝိုင်းဝန်းတိုက်ခိုက်ရာ၌ ကူညီခဲ့ကြသော်လည်း ရှစ်အိမ်တော်၏ ဤအရှက်ရဖွယ်ရာအဖြစ်ကို ဆယ်နှစ်တိုင်တိုင် ပြောမဆုံးပေါင် တောသုံးထောင်အဖြစ် ပြက်ရယ်ပြု လှောင်ရယ်နေကြမှာ သေချာ၏။
ခဏအကြာမှာတော့ ကျန်းကျင်းက ပြောလိုက်၏။ “ဒီလောက်ကြီးမားတဲ့ ကိစ္စဖြစ်လာမှတော့... ကျုပ်... ကျုပ် နုကျန့်ခရိုင်ကို ချက်ချင်းပြန်ပြီး အဖေ့ကို သတင်းပို့ရမယ်”
စေ့စပ်ပွဲမှ နိုင်ငံရေးကစားပွဲသည် လုံးဝ ရှုံးနိမ့်သွားခဲ့ပြီဖြစ်၏။ ပရိသတ်အားလုံးကို ရှမ့်လန်တစ်ယောက်တည်းက မြေပေါ်တွင် ပွတ်တိုက် အနိုင်ယူသွားခဲ့သည်။ သူ၏ဖခင်သည် ဤသတင်းကို ကြားပြီးနောက် မည်သို့ တုံ့ပြန်မည်ဖြစ်ကြောင်း ကျန်းကျင်း အမှန်တကယ် မသိနိုင်တော့ပေ။
“မင်းလည်း ဂရုစိုက်အုံး”
ကျန်းကျင်းသည် ရှစ်ချင်းချင်းကို လှမ်းပြောပြီးနောက် တခါတည်း ထွက်ခွာသွားသည်။
ခန်းမဆောင်တစ်ခုလုံးတွင် ရှစ်ကွမ်းယွမ်တို့ သားအဖနှင့် ရွှမ်ဝူမြို့၏ ဂုဏ်ဆောင် လီဝမ်ကျန့်တို့သာ ကျန်ရစ်ခဲ့၏။ ၎င်းကတော့ ယခုထိ တက်နေဆဲပင်။
......