အခန်း (၁၀၀)
Vol. 8 Ch. 100
ပွဲအတွင်းရှိ လူတိုင်းလူတိုင်းသည် ရှမ့်လန်၏ ဇာတ်သိမ်းခန်းသို့ ရောက်ပြီဟု ထင်မှတ်လိုက်ကြ၏။ မည်သူမျှ ရှမ့်လန်အား ကယ်တင်နိုင်မည် မဟုတ်ချေ။ ရှမ့်လန်သည် ဤအခြေအနေသို့ ရောက်အောင် ကိုယ့်ဘာသာကိုယ် ပြုလုပ်ခဲ့သည် မဟုတ်ပါလား။
လီဝမ်ကျန့်သည် ကျန်းကျင်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုအကြည့်၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှ၏။ ကျန်းကျင်း.. ခင်ဗျား ကျုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကြည့်လိုက်စမ်း။ ခင်ဗျားတို့ရဲ့ အရင်က နည်းလမ်းတွေက ဘာတစ်ခုမှ အရာမရောက်ဘူး။ ရှမ့်လန်ရဲ့ ဆံပင်တစ်မျှင်ကိုတောင် မထိခိုက်နိုင်ခဲ့ဘူး။ ကျုပ် .. လီဝမ်ကျန့် လှုပ်ရှားပြီဆိုရင် တစ်ကွက်တည်းနဲ့ အသေသတ်တယ်။
ကျန်းကျင်းသည် စကားမဆိုသော်လည်း လီဝမ်ကျန့်ဘက်သို့ ပြုံးပြလိုက်သည်။
လီဝမ်ကျန့်၏ အကြည့်သည် ကျင်းမူလန်ထံသို့ ရောက်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ “သခင်မလေးကျင်း.. ခင်ဗျား အခု ရှမ့်လန်နဲ့ လမ်းခွဲမယ်ဆိုရင်တောင် အချိန်မမီတော့ဘူးထင်တယ်။ ခင်ဗျား ဘယ်လိုထင်လဲ”
ဤလူသည်လည်း မူလန်အပေါ်၌ ရိုင်းစိုင်းသော ရည်ရွယ်ချက်များ ရှိနေသည်။ ၎င်းသည် အလွန် သိုဝှက်စွာ ဖုံးကွယ်ထားသော်လည်း ရှမ့်လန်သည် ထိုအရာကို အတိုင်းသား မြင်တွေ့၏။ သို့ပေမည့် ဤသည်မှာ သာမန်ပင်။ ရွှမ်ဝူမြို့တစ်ခုလုံးရှိ ယောကျ်ားများသည် မူလန်အပေါ်၌ စိတ်ကူးရိုင်းများ ရှိကြသည်။
ရွှမ်ဝူမြို့၏ မင်းသမီး၊ နုကျင်းစီရင်စု၏ ပထမဆုံးအလှမယ်၊ ဤသည်မှာ ယောကျ်ားတိုင်း၏ အိပ်မက်ထဲမှ ချစ်သူပင် မဟုတ်ပါလား။ ဤလီဝမ်ကျန့်သည်လည်း ခြွင်းချက်မဟုတ်ပေ။ ၎င်းသည် ငယ်စဉ်တည်းက မူလန်အပေါ်၌ အထူးတလည် စွဲလမ်းခဲ့ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူသည် မိမိကိုယ်ကို အလွန် ထူးချွန်သည်ဟု ထင်မှတ်ထားပြီး ရွှမ်ဝူမြို့တစ်ခုလုံးတွင် သူမှလွဲ၍ မူလန်နှင့် ထိုက်တန်သော အခြားယောကျ်ား တစ်ဦးမှ မရှိဟု ယူဆထားခဲ့သည်။
ထို့ကြောင့် မူလန် ရှမ့်လန်နှင့် လက်ထပ်လိုက်ချိန်၌ အမုန်းဆုံးသူသည် သူ လီဝမ်ကျန့်ပင် ဖြစ်ခဲ့၏။ သူသည် အိမ်ပါသမက် ပြုလုပ်မည့်လူ မဟုတ်သဖြင့် မူလန်သည် သူနှင့် ဘယ်တော့မှ လက်ထပ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူသည် ဘုရင်မင်းမြတ်၏လူဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၏ ဆန့်ကျင်ဘက်တွင် ရပ်တည်ရမည့်သူ ဖြစ်သည်။ သို့ပေမည့် ‘ငါ မရနိုင်တဲ့မိန်းမကို အခြားဘယ်ယောကျ်ားမှ မရစေရ’ ဟူသော စိတ်ဓာတ်သည် ယောကျ်ားတိုင်း၏ သာမန်စိတ်အခံပင် မဟုတ်ပါလား။
မူလန်သည် အေးဆေးတည်ငြိမ်စွာပဲ ပြောလိုက်၏။ “ကျွန်မနဲ့ ရှမ့်လန်ဟာ တစ်စိတ်တစ်ဝမ်းတည်းပါပဲ။ အရာရှိလီ စိတ်ပူပေးစရာ မလိုပါဘူး”
လီဝမ်ကျန့်၏ အကြည့်သည် အေးစက်သွားသည်။ ကျင်းမူလန်သည် ဤမျှ အပေါ်ယံဆန်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ရှမ့်လန်ကဲ့သို့ ရုပ်ရည်ချောမောသော လူတစ်ယောက်၏ အပေါ်ယံအလှတွင် မိန်းမောနေသည်လား။ သူမ မသိပေဘူးလား။ ယောကျ်ားတစ်ယောက်၏ ဆွဲဆောင်မှုသည် အတွင်းပိုင်းအရည်အသွေးဆိုသည်ကို။
“ခင်ဗျား နောက်ဆို ရှမ့်လန်ကိုတွေ့ဖို့ နန်းမြို့တော်က အကျဉ်းထောင်ကို သွားတွေ့ရလိမ့်မယ်”
လီဝမ်ကျန့်က ပြောလိုက်၏။ “ဘာတွေ ကြာနေတာလဲ။ ရှမ့်လန့်ကိုဖမ်း၊ သံခြေချင်းခတ်ပြီး နန်းမြို့တော်ကို ပို့မယ်” စစ်သည်တော်နှစ်ဦးသည် သံခြေချင်းများကို ကိုင်ဆောင်ကာ ရှေ့သို့တက်လာပြီး ရှမ့်လန်အား ချုပ်နှောင်ရန် ကြိုးပမ်းကြသည်။
မူလန်သည် ထိုင်နေရာမှထလိုက်ပြီး ကျောက်စိမ်းကဲ့သို့ လှပလွန်းသော ခြေဖျားလေးကို တစ်ချက်ထောက်ကာ ရှမ့်လန်၏ ရှေ့မှောက်သို့ ငြင်သာစွာ ခုန်ဆင်းလိုက်၏။ သူမ၏လက်ထဲမှ ဓားပျော့သည် လေထဲ၌ တုန်ခါနေ၏။
စစ်သည်တော်နှစ်ဦးသည် ရှေ့ဆက်မတိုးရဲတော့ပေ။
လီဝမ်ကျန့်သည် အေးစက်သောအသံဖြင့် မေးလိုက်သည်။ “ကျင်းမူလန်.. မင်း ပုန်ကန်ချင်တာလား။”
ကျင်းမူလန်က ပြောလိုက်၏။ “အရာရှိလီဝမ်ကျန့်.. ရှင် မဖမ်းဆီးခင် ကျွန်မယောက်ျား ဘာပြောမလဲဆိုတာ နားထောင်သင့်တယ်”
လီဝမ်ကျန့်က ပြောလိုက်သည်။ “သူ့မှာ စကားပြောခွင့် ရှိသေးလို့လား။ ပြောစရာရှိရင် အကျဉ်းထောင်ထဲ ရောက်မှ ပြောပေါ့”
ကျင်းမူလန်က ပြောလိုက်၏။ “ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူးနဲ့ ကတောက်ကဆဖြစ်တဲ့အချိန်မှာ ကျွန်မတို့ ချေပခွင့်တောင် မရတော့ဘူးလား။ ရှင်သိပ်ပြီး မောက်မာထောင်ကြွားလွန်းနေပြီ ထင်တယ်”
လီဝမ်ကျန့်သည် လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ “ရှမ့်လန်က ဘာများပြောနိုင်မှာလဲ။ ဒီစာအုပ်ကို ပုံနှိပ်တုန်းက စာလုံးမှားသွားလို့ ‘တဲနီ´ ကနေ ‘ကွပ်မျက်´ ဖြစ်သွားတယ်လို့ ပြောမှာလား”
ဤသည်မှာ အမှန်တကယ်ပင် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်၏။ လက်ခံနိုင်ဖွယ်မရှိသော်လည်း အကြောင်းပြချက် တစ်ခုတော့ ဖြစ်သေး၏။
သို့ပေမည့် ရှမ့်လန်က ပြောလိုက်သည်။ “ဒီအကြောင်းပြချက်က သုံးနှစ်သားကလေးကိုတောင် လှည့်စားလို့မရဘူး။ ကျုပ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲကို။ ကျုပ်ရဲ့ ဝှက်စာကဗျာမှာ `ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ´ ဆိုတဲ့ စာလုံးလေးလုံးကို တမင်တကာ ထည့်သွင်းခဲ့တာ”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်းသည် အံ့အားသင့် မှင်သက်သွားကြ၏။ “ရှမ့်လန်.. မင်း လုံးဝ ရူးသွပ်သွားပြီပဲ။ ဒီအခြေအနေအထိရောက်မှတော့ ကောင်းကင်ဘုံကတောင် မင်းကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး”
လီဝမ်ကျန့်သည်လည်း မှင်သက်သွားသည်။ ၎င်းသည် မရယ်ဘဲ မနေနိုင်တော့ဘဲ ရယ်မောကာ ပြောလိုက်သည်။ “မသိနားမလည်သူက မကြောက်တတ်ဘူးဆိုတာ ဒါမျိုးကို ခေါ်တာပဲ။ ခင်ဗျားလို အရမ်းမောက်မာပြီး အသိဉာဏ်ကင်းမဲ့တဲ့ သူမျိုးကို ကျုပ် ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ဝန်ခံမှတော့ တိုက်ရိုက် ချုပ်နှောင်လိုက်တော့”
ရှမ့်လန်သည် ရုတ်တရက် လှမ်းမေးလိုက်၏။ “လီဝမ်ကျန့်.. ခင်ဗျားနဲ့ ကျင်းကျွင်းရဲ့ ဆက်ဆံရေး က အရမ်းကောင်းလား”
လီဝမ်ကျန့်က ပြောလိုက်သည်။ “ပြီးခဲ့တဲ့နှစ် မြို့တော်တုန်းက ကျင်းကျွင်းက ဘုရင်မင်းမြတ်ရဲ့ မွေးနေ့အတွက် ဂါရဝပြုဖို့ လာခဲ့တယ်။ ကျုပ် သူ့ကို ကံကောင်းစွာနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး စကားပြောခဲ့ရတယ်။ ကျင်းကျွင်းရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့လို့ ကျုပ် တော်တော် စိတ်လှုပ်ရှားခဲ့ရသေးတယ်။ နောက်ပိုင်းမှာ ကဗျာတွေ အပြန်အလှန်ပေးပြီး ကျင်းကျွင်းက ကျုပ်ကို မိတ်ဆွေကောင်းအဖြစ် အသိအမှတ်ပြုခဲ့တယ်”
ဤအကြောင်းအရာများကို ပြောဆိုသည့်အချိန်တွင် လီဝမ်ကျန့်သည် ဂုဏ်ယူဝံ့ကြွားနေမိသည်။ ဤသည်မှာ သူ၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော တွန်းအားတစ်ခုလည်း ဖြစ်၏။
ရှမ့်လန်က မေးလိုက်သည်။ “ခင်ဗျားနဲ့ ကျင်းကျွင်း ရက်အတော်ကြာ သီးသန့်စကားပြောခဲ့တာကို ဘယ်သူ သက်သေပြနိုင်မှာလဲ။ ခင်ဗျား လာကြွားနေတာပဲ”
လီဝမ်ကျန့်က ပြောလိုက်သည်။ “ကျုပ် ကျင်းကျွင်းရဲ့ အိမ်တော်ကို အကြိမ်ကြိမ် အဝင်အထွက်လုပ်ခဲ့တာကို လူတော်တော်များများ သက်သေပြနိုင်တယ်။ ပြီးတော့ ကျုပ်လို နာမည်ဂုဏ်သတင်းကို တန်ဖိုးထားတဲ့သူက ကျုပ်နဲ့ ကျင်းကျွင်းရဲ့ မိတ်ဆွေဆက်ဆံရေးကို ညစ်ညမ်းအောင် လုပ်ပါ့မလား”
ရှမ့်လန်က ပြောလိုက်၏။ “ဪ… အင်း .... ကျုပ် မေးချင်တာ မေးပြီးသွားပြီ”
လီဝမ်ကျန့်က ပြောလိုက်သည်။ “အခု ဘာဖြစ်လို့ ဝှက်စာကဗျာထဲမှာ `ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ´ လို့ ရေးခဲ့တာလဲ ဆိုတာကို အမှန်အတိုင်း ဝန်ခံလိုက်တော့။ ဘာဖြစ်လို့ ကျုပ်တို့ ရွှဲ့တိုင်းပြည်ရဲ့ အကာအကွယ်ကို ကျိန်ဆဲခဲ့တာလဲ။ ဘာဖြစ်လို့ ကျုပ်တို့ ရွှဲ့တိုင်းပြည်ရဲ့ တော်ဝင်မိသားစုကို ကျိန်ဆဲခဲ့တာလဲ”
ရှမ့်လန်သည် ထူးမခြားနားသလိုပင် ပြောလိုက်၏။ “ကျုပ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ”
ဤစကားကို ကြားရချိန်မှာတော့ လီဝမ်ကျန့်သည် မိမိ၏နားကိုပင် မယုံနိုင်သလို ဖြစ်သွားသည်။ ပရိသတ် အားလုံးလည်း မယုံနိုင်အောင် ဖြစ်သွားကြသည်။ ဤလောကတွင် မိမိ၏ အခြေအနေအား အောက်ဆုံးထိဆွဲချသူ ရှိနေသေးသည်လား။
“ဟားဟားဟားဟား......”
လီဝမ်ကျန့်က မေးလိုက်သည်။ “တကယ်ပဲ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးတာကို တွေ့ရကြားရတာပဲ။ ရှမ့်လန်.. မင်း ဒီဝှက်စာကဗျာ ရေးတာကို ရွှမ်ဝူမြို့စားကြီး သိလား”
ရှမ့်လန်က ပြောလိုက်၏။ “သိတာပေါ့။ ယောက္ခမကြီးက ဒီစာအုပ်ရဲ့ ပထမဆုံး စာဖတ်သူပဲ။ ကျုပ် ဒီကိစ္စအတွက် သူ့ဆီက အထူးတလည် လမ်းညွှန်မှု တောင်းခံခဲ့သေးတယ်။ သူကလည်း ဒီဝှက်စာကဗျာကို ရေးဖို့ သဘောတူခဲ့တယ်”
ပရိသတ်အားလုံး အံ့ဩမှင်သက်သွားကြသည်။ “ရှမ့်လန်က ကျင်းမူလန်နဲ့ အတူမအိပ်ရလို့ ကျင်းမိသားစုနဲ့ ရန်သူဖြစ်သွားတာလား။ ဒါက ရွှမ်ဝူမြို့စားအိမ်တော်တစ်ခုလုံးကို ရေထဲဆွဲချနေတာပဲ။ ဘယ်လို အမုန်းတရား၊ ဘယ်လို နာကြည်းချက်တွေလဲ”
အံ့အားသင့်စရာကောင်းသည်မှာ ကျင်းမူလန်သည် ဤအချိန်၌ ရှမ့်လန့်အား ဓားဖြင့်ထိုးသင့်သည် မဟုတ်ပါလား။ သို့ပေမည့် သူမသည် ဓားကိုကိုင်ကာ ရပ်နေဆဲဖြစ်ပြီး ရှမ့်လန်၏ ရှေ့မှ ကာကွယ်ပေးထားသည်။
လီဝမ်ကျန့်သည် ကျင်းမူလန့်အား တစ်ချက် ကြည့်လိုက်၏။ ထိုအကြည့်မှာ ရှင်းလင်းလွန်း၏။ ‘မင်းတို့ ကျင်းမိသားစုတော့ ဇာတ်သိမ်းပြီ’
“ရှမ့်လန့်ကို ဖမ်းဆီးကြ။ တကယ်လို့ တစ်စုံတစ်ယောက်က တားဆီးရင် ချက်ချင်းကွပ်မျက်ကြ” လီဝမ်ကျန့်သည် ဒေါသတကြီး အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် စစ်သည်တော် ခုနှစ်ဦး၊ ရှစ်ဦး ထွက်ပေါ်လာပြီး ရှမ့်လန်နှင့် ကျင်းမူလန်ကို ဝန်းရံလိုက်ကြသည်။ တိုက်ပွဲသည် အချိန်မရွေး စတင်ပေတော့မည်။
“တိုက်ကြ” လီဝမ်ကျန့်က အမိန့်ပေးလိုက်၏။
ငွေရောင်ဝတ်စုံနှင့် စစ်သည်တော်ရှစ်ဦးသည် ဓားများကို ဆွဲထုတ်ကာ ကျင်းမူလန်ထံသို့ တိုက်ခိုက်လိုက်ကြသည်။
ချလွမ်
မူလန်သည် ဓားတစ်ချက် ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပဲ စစ်သည်တော်ရှစ်ဦးတို့၏ လက်ထဲမှ ဓားများ လွင့်ထွက်သွားပြီး လက်ကောက်ဝတ်ရိုးများလည်း ကျိုးသွားကြ၏။
လီဝမ်ကျန့်သည် ဒေါသတကြီးအော်လိုက်သည်။ “ကျင်းမူလန်... မင်း ပုန်ကန်နေတာပဲ”
ထို့နောက် လီဝမ်ကျန့်က ပြောလိုက်သည်။ “မြို့တော်ဝန် လျှိုဝူယမ်၊ အရာရှိကျန်းကျင်း... ခင်ဗျားတို့လည်း ရွှဲ့တိုင်းပြည်ရဲ့ အရာရှိတွေပဲ။ နိုင်ငံအတွက် သစ္စာဖောက်တွေကို ရှင်းလင်းဖို့ တာဝန်ရှိတယ်။ ကျုပ် ... ငွေရောင်ဝတ်စုံဝတ် စုံစမ်းရေးမှူးတစ်ယောက်အနေနဲ့ ခင်ဗျားတို့အားလုံးကို အမိန့်ပေးတယ်။ စစ်သည်အားလုံးကို ဆင့်ခေါ်ပြီး ရှမ့်လန်နဲ့ ပုန်ကန်သူအဖွဲ့သားတွေကို ဖမ်းဆီးကြ။ တားဆီးသူရှိရင် ချက်ချင်း ကွပ်မျက်ကြ”
ထို့နောက် လီဝမ်ကျန့်သည် လက်ထဲမှ အမိန့်တံဆိပ်ပြားကို မြှောက်ကိုင်လိုက်၏။
ကျန်းကျင်းနှင့် မြို့တော်ဝန် လျှိုဝူယမ်တို့သည် အရိုအသေပြုလိုက်ကြသည်။
“ကောင်းပါပြီ” မြို့တော်ဝန်လျှိုဝူယမ်က ပြောလိုက်၏။ ပြီးနောက် သူသည် လက်ကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပဲ အပြင်ဘက်မှ သံချပ်ကာအပြည့်အစုံနှင့် စစ်သည်ရာပေါင်းများစွာသည် လှိုင်းလုံးကြီးကဲ့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ ထို့နောက် ခန်းမဆောင်တစ်ခုလုံးကို ပတ်ပတ်လည် ဝန်းပတ်ထားလိုက်ကြ၏။
မြို့တော်ဝန်လျှိုဝူယမ်သည် မြို့တော်ဝန်အိမ်တော်၏ တံဆိပ်ပြားကို လီဝမ်ကျန့်အား တိုက်ရိုက် ဆက်သလိုက်သည်။ စစ်သည်ရာပေါင်းများစွာတို့အား အမိန့်ပေးကွပ်ကဲခွင့်သည် လီဝမ်ကျန့်၏ လက်ထဲသို့ လုံးဝ ရောက်ရှိသွားသည်။ လီဝမ်ကျန့်၏မျက်နှာပေါ်တွင် ကြမ်းတမ်း ခက်ထန်သော အမူအရာအချို့ ပေါ်ထွက်လာ သည်။
“ကျင်းမူလန်.. မင်းရဲ့သိုင်းပညာက သိပ်မြင့်တယ်။ မင်းက ရှစ်ယောက်ကို အနိုင်တိုက်နိုင်တယ်၊ ၁၈ ယောက်ကိုတောင် အနိုင်တိုက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ရာပေါင်းများစွာကို အနိုင်တိုက်နိုင်လို့လား”
“ကျင်းမူလန်နဲ့ ရှမ့်လန်ကို အကုန်ဖမ်းဆီးကြ။ ခုခံရင် ချက်ချင်းကွပ်မျက်ကြ”
“ကောင်းပါပြီ”
စစ်သည်ဒါဇင်ပေါင်းများစွာသည် လက်နက်များကို ဆွဲထုတ်ကာ ရှမ့်လန်နှင့် ကျင်းမူလန်ထံသို့ ပြေးဝင်လာပြီး ဝိုင်းပိတ်ထားလိုက်ကြ၏။
လီဝမ်ကျန့်၏ စိတ်ထဲ၌ အတိုင်းမသိ ပျော်ရွှင်နေသည်။ “အာဏာရဲ့အရသာက ဒါလား။ ကြည်နူးစရာ ကောင်းတာပဲ”
မကြာသေးမီကပင် သူသည် ရွှမ်ဝူမြို့စားအိမ်တော်ကို မော့ကြည့်ခဲ့ရသည် မဟုတ်ပါလား။ ကျင်းမူလန်ကို တွေ့တိုင်း သူသည် နိမ့်ကျသည်ဟု အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသည်။ သို့ပေမည့် ယခုမူကား။ သူသည် ရွှမ်ဝူမြို့စားအိမ်တော်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ခဲ့ပြီ။ သူသည် အထက်တန်းလွှာမှ ကျင်းမူလန်၏ သေရေး၊ရှင်ရေးကို လက်ဖဝါးထဲ၌ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ။ ဤခံစားချက်သည် အလွန်ပင် အံ့ဩဖွယ်ကောင်းလှသည်။ ဤအမှုပြီးဆုံးပါက ရွှမ်ဝူမြို့စားအိမ်တော်သည် မပျက်စီးလျှင်တောင်မှ အလွန် အထိနာပေလိမ့်မည်။
ကျန်းချုံး.. ခင်ဗျား နှစ်ပေါင်းများစွာ မပြီးမြောက်နိုင်ခဲ့တဲ့ကိစ္စကို ကျုပ် လီဝမ်ကျန့် တစ်ယောက်တည်းနဲ့ ပြီးမြောက်စေခဲ့တယ်။ ကျုပ် လီဝမ်ကျန့်က ရွှမ်ဝူမြို့ရဲ့ ဂုဏ်ဆောင်၊ မွေးရာပါ ပါရမီရှင်ပဲ။ ဒီကိစ္စပြီးရင် ရာထူးတစ်ဆင့်တက်မှာ သေချာတယ်။
ဟား ဟား ဟား ဟား ..... ပျော်လိုက်တာ။ သူတစ်ပါးရဲ့ကံကြမ္မာကို ခြေအောက်မှာ နင်းထားရတဲ့ ခံစားချက်က တကယ်ကောင်းတာပဲ။ ရှမ့်လန်.. ခင်ဗျားက ကျုပ်ရဲ့ ရာထူးတက်လမ်းမှာ ပထမဆုံး ခြေနင်းခုံဖြစ်လာတဲ့အတွက် တကယ်ပဲ ဂုဏ်ယူသင့်တယ်။
သို့ပေမည့် ဤအချိန်မှာပဲ ရှမ့်လန်သည် ထူးမခြားနားသလို ပြောလိုက်၏။ “လီဝမ်ကျန့်.. ခင်ဗျားက တကယ် အသုံးမကျတဲ့ ငတုံးပဲ”
ထိုစကားကို ကြားရချိန်မှာတော့ လီဝမ်ကျန့်သည် အံ့အားသင့်မှင်သက်သွားသည်။ ရှမ့်လန် ... ခင်ဗျား ဦးနှောက် ရေဝင်သွားတာလား။ သေခါနီးနေပြီ၊ ကျုပ်ကို ဒီလိုပြောနေတုန်းပဲလား။
လီဝမ်ကျန့်သည် ဒေါသမထွက်ဘဲ ပြုံးကာ ပြောလိုက်၏။ “ရှမ့်လန်... ခင်ဗျားရဲ့ မသိနားမလည်နိုင်မှုက တကယ့်ကို ထူးခြားတာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ငတုံးက ခင်ဗျားပဲ လီဝမ်ကျန့်။ ခင်ဗျား မစဉ်းစားမိဘူးလား။ လန်ရှန်မြို့က ထုတ်ဝေတဲ့ မာယာမျဉ်းပြိုင်နဲ့ ရွှမ်ဝူမြို့က ထုတ်ဝေတဲ့ စာအုပ်ကြား ရက်အနည်းငယ်ပဲ ခြားတယ်။ ဘာဖြစ်လို့ ကျုပ်က ‘တဲနီ´ ကို ကွပ်မျက်´ လို့ ပြောင်းရတာလဲ။ ဘာဖြစ်လို့ ကျုပ်က ကဗျာထဲမှာ ‘ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ´ လို့ ဖုံးကွယ်ရေးခဲ့တာလဲ။
ဟုတ်တယ်၊ ကျုပ် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို အရူးလို့ ထင်နေလား။ ကျုပ် ဦးနှောက်ထဲ ရေဝင်နေတယ်လို့ ထင်နေတာလား။ ဒါမှမဟုတ် ခင်ဗျားက ကျုပ်ယောက္ခမနဲ့ ကျုပ်မိန်းမကို အရူးလို့ ထင်နေလား။ တကယ်တော့ နန်အိုဘုရင် ရှကျင်းက ပုန်ကန်ဖို့ ကြံစည်နေတယ်”
ရှမ့်လန်၏ ဤစကားများသည် အလွန်ငြင်သာသည်။ သို့ပေမည့် အမှန်တကယ် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ပွဲအတွင်းရှိ လူတိုင်းကို တုန်လှုပ်သွားစေ၏။ မိမိတို့၏နားကို မိမိ မယုံနိုင်သလို ဖြစ်သွားကြ၏။
လီဝမ်ကျန့်သည် အော်ဟစ်ရယ်မောရင်း ပြောလိုက်သည်။ “ရှမ့်လန်.. မင်း ရူးသွားပြီလား။ ကျင်းကျွင်းက ကျုပ်တို့ ရွှဲ့တိုင်းပြည်အတွက် အနောက်တောင်အရပ်ကို သစ္စာရှိရှိ ကာကွယ်ပေးနေတယ်။ သူက ဘုရင်မင်းမြတ်ရဲ့ မွေးစားသား၊ နင်လော့မင်းသမီးရဲ့ ခင်ပွန်းလည်းဖြစ်တယ်။ သူ ဘယ်လိုလုပ် ပုန်ကန်မှာလဲ”
ရှမ့်လန်သည် အသာပင် ပြောလိုက်၏။ “သူက နင်လော့မင်းသမီးကို အဆိပ်ခတ်သတ်ဖို့ ကြံစည်ခဲ့ပေမဲ့ မအောင်မြင်လို့ အချိန်မတိုင်ခင် ပုန်ကန်ရတော့တာပဲ။ ကျုပ်က ဒီဝှက်စာကို စာအုပ်ထဲမှာ တမင်တကာ ချထားခဲ့တာ။ ကျင်းကျွင်းရဲ့ ဘက်တော်သား ဘယ်သူအရင်သိမလဲ ငါးစာချထားတာ။ ခင်ဗျား အရင် သိခဲ့တာကိုး။
ဘာလို့ ဒီလောက် အသည်းအသန် လုပ်ရတာလဲ။ အသက်ရှင်နေရတာ မကောင်းလို့လား။ ဘာလို့ သေလမ်းကို ဒီလိုမျိုး အလောတကြီး ရှာရတာလဲ။ သာမန်မျိုးရိုးက လာတဲ့သူတွေက နိုင်ငံရေးအမြင် နိမ့်ပါးဘူး၊ အမြင်ကျဉ်းတယ်။ ကျုပ်တို့တော်ဝင်မျိုးနွယ်တွေလို အရှည်ကို မကြည့်တတ်ဘူးဆိုတာ အမှန်ပါလား”
ထိုစကားကိုကြားချိန်မှာတော့ လူတိုင်းသည် စိတ်ထဲ၌ ကြိတ်ကာ တံတွေးထွေးလိုက်မိကြသည်။ “ရှမ့်လန်.. မင်းက သာမန်ထက်တောင် သာမန်ကျသေးတယ်။ ဘယ်လိုဖြစ်ပြီး `ကျုပ်တို့ တော်ဝင်မျိုးနွယ်တွေ´ လို့ ပြောနေရတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က တော်ဝင်မျိုးနွယ်အမျိုးသမီးနဲ့ နေ့တိုင်း အတူအိပ်နေတာပဲ။ အဲတော ကျုပ် တော်ဝင်မျိုးနွယ် ဖြစ်မသွားဘူးလား။ ဒါအရမ်းကို ရိုးရှင်းတဲ့ အမှန်တရားပဲ။ ခင်ဗျားတို့ ဘာလို့ နားမလည်နိုင်ပါလိမ့်”
ထို့နောက် သူသည် တစ်စုံတစ်ယောက်၏ အံကြိတ်သံကို ကြားလိုက်ရ၏။ ဤမျှ ရှင်းလင်းပြတ်သားပြီး နားထောင်၍ကောင်းသော အံကြိတ်သံသည် သူ့မိန်းမဆီမှ လွဲ၍ တခြားမရှိနိုင်ချေ။
ရှမ့်လန်၏ လည်ပင်းသည် ကျုံ့ဝင်သွား၏။ ထိုအကြောင်းအရာကို ဆက်မပြောရဲတော့ပေ။
သူသည် လီဝမ်ကျန့်အား အထက်စီးမှ ကြည့်၍ စီးစီးပိုးပိုး ပြောဆိုလိုက်၏။ “ကျုပ် ခုနက ကျုပ်မိန်းမကို ပြောခဲ့တယ်။ ကျုပ်မျက်စိထဲမှာ ခင်ဗျားတို့အားလုံးက အမှိုက်တွေပဲ။ လီဝမ်ကျန့်.. ခင်ဗျား ခုနက ကိုယ်တိုင်ပြောခဲ့တယ် မဟုတ်လား။ နန်အိုဘုရင်နဲ့ အရမ်းရင်းနှီးပြီး ရက်ပေါင်းများစွာ အတူအိပ်ခဲ့တယ်၊ သီးသန့် စကားပြောခဲ့တယ်ဆို။ ဒါကြောင့် သူပုန်ကန်တဲ့အထဲမှာ ခင်ဗျားလည်း ပါဝင်ပတ်သက်နေနိုင်တယ်။ ဒါမှမဟုတ် ခင်ဗျားက ဒီပုန်ကန်မှုရဲ့ အဓိက စီစဉ်သူ ဖြစ်နိုင်တယ်။ လီဝမ်ကျန့်... ခင်ဗျားလို ငတုံးတော့ သေရတော့မယ်။ အိမ်ပြန်ပြီး အမေနဲ့ တွေ့လိုက်အုံး။ ပြီးတော့ လည်ပင်းကို သေချာဆေးပြီး ခွေးခေါင်းဓားစက်ကိုသာ စောင့်နေလိုက်တော့”