အခန်း (၁၀၄)
Vol. 8 Ch. 104
ရှမ့်လန်၏ စကားကို ကြားပြီးနောက် ထိုမိန်းမများ၏ ကိုယ်ပေါ်မှ အနာစိမ်းများကို သေချာပြန်လည် ကြည့်ရှုလိုက်သည်။ ဝမ်လျှံသည် လုံးဝ ကြောင်ငေးသွားခဲ့သည်။ သူ၏မျက်လုံးများသည် ရှမ့်လန်ကို ကြည့်လိုက်၊ ထိုမိန်းမများကို ကြည့်လိုက်၊ မိမိ၏ ဖွားဖက်တော်ကို ငုံ့ကြည့်လိုက်ဖြင့် ပြူးကြောင်ကြောင် ဖြစ်လို့နေသည်။
ပြောရမည်လျှင် ဤကာလသားရောဂါအကြောင်းကို ဝမ်လျှံသည် အစအဆုံး သိသည်။ သူတို့လို ပညာတတ် များသည် လျှို့ဝှက်စွာဖြင့် ကာမဂုဏ် အလွန်လိုက်စားကြသည်။ ထို့အပြင် သူ၏ သူငယ်ချင်းအချို့သည် သတိမထားမိဘဲ ကူးစက်ခံခဲ့ရဖူးသည်။ ထိုအချိန်မျိုးတွင် ပတ်ဝန်းကျင်မှ မိတ်ဆွေအပေါင်းအသင်းများသည် အပေါ်ယံအားဖြင့် အလွန်ဝမ်းနည်းကြေကွဲဟန်ပြကာ မချိတင်ကဲဖြင့် နှစ်သိမ့်ပေးတတ်ကြ၏။ ‘ကျောင်းတော်သား ပညာတတ်တစ်ယောက်ဖြစ်ပြီး ဒီလောက်တောင် သတိမထားမိစရာလား’
သို့ပေမည့် စိတ်ထဲတွင်တော့ ပျော်ရွှင်နေတတ်ကြသည်။ ‘ဟား ဟား …. နောက်စာမေးပွဲမှာ ပြိုင်ဘက်တစ်ယောက် လျော့သွားပြီ’
ယခုမူ ဝမ်လျှံသည် အကွက်ဆင်ခံရသူ ဖြစ်သွားခဲ့သည်။ ရှေးခေတ်တွင် ပင်နီဆီလင် မရှိသောကြောင့် ကာလသားရောဂါသည် ကုရာနတ္ထိ ဆေးမရှိသော ရောဂါဖြစ်ပြီး သေမင်းကို စောင့်ဆိုင်းနေရုံသာ ရှိ၏။
“အား”
ဝမ်လျှံသည် ဝမ်းနည်းကြေကွဲစွာဖြင့် စူးစူးရှရှ အော်ဟစ်ကာ ခေါင်းဖြင့် နံရံကို အားကုန်ပြေးဆောင့် တော့သည်။ သူသည် ရူးသွပ်စွာဖြင့် သူ၏စိတ်ထဲမှ ကြောက်ရွံ့မှုများကို အားကုန် ထုတ်ဖော်နေခြင်းပင်။ ထို့နောက် နဖူးမှ သွေးများစီးကျနေသော ဝမ်လျှံသည် မိမိ၏ ဖွားဖက်တော်ကို ရုတ်တရက် ငုံ့ကြည့်လိုက်သည်။
ရှမ့်လန်သည် ဓားမြှောင်တစ်ချောင်းကို အသာ ကမ်းပေးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “အခု ဖြတ်ပစ်လိုက်ရင်တော့ အချိန်မီလောက်တယ်။ ဖြတ်လိုက်... ဖြတ်လိုက်။ ရှိနေရင် သူ့ကို ကျွေးမွေးနေရသေးတယ်”
ဝမ်လျှံ၏ ရှမ့်လန်ကို ကြည့်နေသော အကြည့်များသည် အရိုးထဲစွဲနေသော အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သူသည် ကြောက်မက်ဖွယ်ရာအသံဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ “ရှမ့်လန်... မင်း အသက်မရှင်ချင်တော့ဘူးလား။ မင်း သေခါနီးနေပြီ။ ဘာလို့ ငါ့ကို လာဒုက္ခပေးနေသေးတာလဲ”
ရှမ့်လန်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။
ကျင်းဝေသည် ရှေ့သို့ထွက်လာပြီး မနေ့ညက အဖြစ်အပျက်အားလုံးကို ဝမ်လျှံအား ပြောပြလိုက်သည်။
ဝမ်လျှံသည် လုံးဝ ကြက်သေ သေသွားခဲ့သည်။ သူ၏စိတ်ထဲတွင် အဆုံးမဲ့သော နာကျင်မှုများဖြင့် လှိုင်းထန်လာ၏။
“ရှမ့်လန် နိုင်သွားတာလား။ ဒီလို အခြေအနေမျိုးမှာ သူ နိုင်သွားတာတဲ့လား”
လွန်ခဲ့သည့်ညက သူ ပြုလုပ်ခဲ့သမျှကို ပြန်တွေးကြည့်ပြီးနောက် ဝမ်လျှံ၏ တစ်ကိုယ်လုံးသည် ရေခဲတမျှ အေးစက်သွားသည်။ မြေပြင်ပေါ်သို့ ဖင်ထိုင်ကျသွားတော့သည်။ သူ၏ ပညာတတ် ကျောင်းတော်သားဘွဲ့သည် ရုပ်သိမ်းခံရတော့မည်။ ထို့ပြင် သူသည် လျှိုဝူယမ်ကိုလည်း အပြစ်ပြုခဲ့သေးသည်။ သူ ကိစ္စပြတ်ပြီ။ကိစ္စပြတ်ပြီ။
“ဘာလို့လဲ... ဘာလို့လဲ”
ဝမ်လျှံသည် မြေပြင်ပေါ်တွင် ထိုင်ရင်း အော်ဟစ်ငိုကြွေး မြည်တမ်းနေသည်။ “မင်း... ရှမ့်လန်က အောက်တန်းစား ပုရွက်ဆိတ်တစ်ကောင်ပဲ မဟုတ်လား။ ဘာလို့ လုပ်ချင်တာကို လုပ်နိုင်ရတာလဲ”
ဝမ်လျှံသည် ရှိုက်ကြီးတငင်ဖြင့် ငိုရှိုက်ရင်း မေးလိုက်၏။ “ဘာလို့ မင်းက ကျင်းမူလန်ကို လက်ထပ်နိုင်ရတာလဲ။ ဘာလို့ မင်းက ချမ်းသာစည်းစိမ်ကို ခံစားနိုင်ရတာလဲ။ ဘာလို့ မင်းက နိုင်နိုင်နေရတာလဲ။ ငါက ပညာတတ် ကျောင်းတော်သား တစ်ယောက်၊ ငါက အရည်အချင်းရှိတဲ့လူတစ်ယောက်။ ဘာလို့ မင်းရတဲ့အရာတွေကို ငါ မရနိုင်ရတာလဲ”
ဝမ်လျှံသည် သူ၏စိတ်ထဲမှ နာကျင်မှုများကို ထုတ်ဖော်ကာ အော်ဟစ်မေးမြန်းနေမိသည်။
ရှမ့်လန်သည် အပြစ်ကင်စင်သည့် အမူအရာဖြင့် ပြောလိုက်၏။ “ညီနောင်ဝမ်လျှံ… မင်းရဲ့ မေးခွန်းတွေကို ငါ လည်း မကြာခဏ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိပါတယ်။ ငါ … ရှမ့်လန်က ကောင်းကင်ဘုံကို အမြဲတမ်း မေးခွန်း ထုတ်ခဲ့တယ်။ ငါ ဘာလို့ ဒီလောက် ချောမောခန့်ညားရတာလဲ။ ငါ ဘာလို့ ဒီလောက် ထူးချွန်ပြောင်မြောက် ရတာလဲ။ ငါ ဘာလို့ ဒီလောက် တော်နေရတာလဲ။ ဒါပေမဲ့ ငါ ဘယ်နှစ်ခါမေးမေး၊ ကောင်းကင်ဘုံက ပြန်မဖြေခဲ့ဘူး။ ဒါကြောင့် အဖြေကို မသိဘူး”
ဝမ်လျှံသည် မငိုတော့ပေ။ အကြောင်းမှာ အလုံးစုံ ဆွံ့အနေသောကြောင့်ပင်။
...
အနီးရှိ ကျင်းဝေမှာတော့ ပြင်းထန်စွာ အော့အန်ချင်စိတ် ပေါက်သွား၏။
“ဘာဖြစ်လို့လဲ” ရှမ့်လန်က လေသံအေးအေးဖြင့် မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး သခင်လေး။ သခင်လေးပြောတာ မှန်ပါတယ်”
ကျင်းဝေသည် ပြန်လည်ပြောဆိုလိုက်သည်။ ပြီးနောက် သခင်လေး၏အကြည့်ကို ကြောက်လန့်စွာဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်၏။ “သခင်ကြီး ပြောတာ မှန်ပါတယ်”
“အင်း.. ခင်ဗျား စကားပြောတတ်သားပဲ။ ကျုပ် သဘောကျတယ်” ရှမ့်လန်က ပြောလိုက်၏။
“ခစ် ခစ် ခစ် ခစ်”
အနီးရှိ သနားစရာ မိန်းမလှလေးယောက်သည် မည်သို့မှ မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။ သူတို့၏ ရှမ့်လန်ကို ကြည့်နေသော အကြည့်များသည် ချစ်ခင်ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။ တကယ်ကို ချစ်စရာ ကောင်းသော လူငယ်လေးပင်။ သို့ပေမည့် သူတို့၏ အကြည့်များသည် လျင်မြန်စွာပင် ညှိုးငယ်သွား ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းလူငယ်လေးမှာ ချစ်စရာကောင်းလေလေ၊ သူတို့ဘဝ၏ ကြေကွဲစရာအဖြစ်ကို ပိုမို ထင်ရှားစေလေလေ ဖြစ်သောကြောင့်ပင်။ သူတို့တွင် ညစ်ညမ်းသောရောဂါများ ရှိနေပြီး မကြာမီ အသက်ရှင်ရတော့မည် မဟုတ်ပေ။
ရှမ့်လန်က ပြောလိုက်သည်။ “ညီနောင်ဝမ်လျှံ.. ဒါကြောင့် ငါဘာလို့ ထူးချွန်ပြောင်မြောက် ချောမောနေရတာလဲဆိုတဲ့ နက်နဲတဲ့ကိစ္စမျိုးကို ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ပြီး မေးခွန်းမထုတ်ပါနဲ့တော့။ ငါတို့ ပစ္စုပ္ပန်ကိစ္စကိုပဲ စဉ်းစားကြရအောင်။ ဥပမာ... ဖြတ်လိုက်မလား။ တကယ်တော့ ဒီကောင်က ခဏခဏ ဆာလောင်တတ်တယ်။ ရှိနေရင် ရှုပ်နေတဲ့အရာမျိုးလို့ စဉ်းစားကြည့်လိုက်ရအောင်။
“ညီနောင်ဝမ်လျှံ… မင်းရဲ့သူငယ်ချင်းတွေ ဒီရောဂါတွေ ရခဲ့ဖူးတယ် မဟုတ်လား။ သေရတာတောင် အရမ်းကို ဆိုးရွားတဲ့ ဝေဒနာခံရတယ်။ ငါထင်တယ်။ မင်း အခု ဖြတ်လိုက်ရင် အချိန်မီလောက်သေးတယ်”
ရှမ့်လန်သည် အလွန်လေးနက်သော အမူအရာဖြင့် ပြောလိုက်၏၊ “အခု သွေးထဲက အဆိပ်က မင်းရဲ့ သွေးကြောတွေထဲထိ မဝင်သေးဘူး။ အခု ဖြတ်လိုက်ရင် မင်းရဲ့အသက်ကို ကယ်တင်နိုင်သေးတယ်။ နောက်ထပ် နာရီဝက်လောက်ကြာရင်တော့ အချိန်မမီတော့ဘူး”
“ညီအစ်ကိုဝမ်လျှံ.. ယောက်ျားတစ်ယောက်ဆိုတာ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ် ရက်စက်ရတယ်ကွ။ ပြီးတော့ မင်း ခံစားသင့်တာတွေလည်း ခံစားပြီးပြီပဲ။ စလိုက်တော့။ မင်းရဲ့အသက်အတွက်... စလိုက်တော့။ အချိန် မရှိတော့ဘူး။ နောက်ကျသွားရင် အဖိုးတန်တဲ့အသက်က ပျောက်ကွယ်သွားလိမ့်မယ်။ ဖြတ်ပြီးသွားရင် ကမ္ဘာသစ်ရဲ့ တံခါးပေါက်ကို ဖွင့်နိုင်မှာပဲ မဟုတ်လား။ ယောက်ျားတစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုးကို မရနိုင်တော့ပေမဲ့ အနောက်ဘက်တံခါးကနေ ကာမဂုဏ်အာရုံကို ခံစားလို့ရပါသေးတယ်။
အချိန် ရေပေးမယ်။ ခင်ဗျား မဖြတ်ဘူးဆိုရင် သွေးထဲကအဆိပ်တွေ သွေးကြောထဲ ဝင်သွားပြီး ကယ်တင်နိုင် တော့မှာ မဟုတ်ဘူး။ သေရလိမ့်မယ်။ ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်...”
ဝမ်လျှံသည် တကိုယ်လုံးတုန်ယင်နေရင်းမှ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားမှ အနာကျင်ရဆုံး ရွေးချယ်မှုကို ပြုလုပ်နေသည်။ သူ စဉ်းစားနေမိသည်မှာ... အခု ဖြတ်လိုက်လျှင် အချိန်မီနိုင်သေးသည်ဟူသော ဖြစ်နိုင်ခြေပင်။ အသက်က ပိုအရေးကြီးသည်။ ဖြတ်ပြီးသွားလျှင် သူသည် နန်းတော်ထဲသို့ မိန်းမစိုးအဖြစ် ဝင်ရောက် အမှုထမ်း နိုင်သေးသည်။ သူ၏ အရည်အချင်းဖြင့် ထိပ်တန်းနေရာတစ်ခုကို မုချ ရရှိပေလိမ့်မည်။
မိန်းမစိုးဖြစ်သွားပြီးနောက် သူသည် သူ၏အရာအားလုံးကို စတေးပြီး မိန်းမစိုးများ၏ အထွတ်အထိပ်သို့ ရောက်အောင် ကြိုးစားမည်။ ထိုအချိန်ရောက်လျှင် သူသည် ပြန်လည်သတ်ဖြတ်မည်။ ရွှမ်ဝူမြို့စားအိမ်တော်ကို မျိုးဖြုတ်သတ်မည်။ ရှမ့်လန်ကို အရေခွံခွာ အရိုးထုတ်မည်။ လက်စားချေရန်အတွက် အရာအားလုံးက ထိုက်တန်သည်။ အရာအားလုံးက တန်သည်။
“ရှမ့်လန်... ငါ မိန်းမစိုးခေါင်းဆောင်ဖြစ်ပြီး ပြန်လာတဲ့အခါ မင်းရဲ့မိသားစုတစ်စုလုံးကို သတ်ပစ်မယ်။ မင်းရဲ့မိသားစုတစ်စုလုံးကို သတ်ပစ်မယ်။ ဟုတ်တယ်။ ဒါက ငါ လက်စားချေနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ။ ကိုယ့်ကိုယ်ကိုယ် ဖြတ်မယ်။ နန်းတော်ထဲကို မိန်းမစိုးအဖြစ်ဝင်မယ်။ လက်စားချေမယ်၊ လက်စားချေမယ်”
...
အမုန်းတရားအပြည့်ဖြင့် ဝမ်လျှံသည် မြေပြင်ပေါ်မှ ဓားမြှောင်ကို ကောက်ယူလိုက်ပြီး မိမိ၏ ပေါင်ကြားရှိ အရာအား ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ဖြတ်လိုက်သည်။ အမှန်တကယ် သင်းကွပ်ခြင်းဖြင့် ထာဝရ အုပ်စိုးနိုင်မည်။ ဤပညာရပ်ကို လေ့ကျင့်လိုလျှင် ရှေးဦးစွာ မိမိကိုယ်ကို သင်းကွပ်ရမည်။ နေကြာသိုင်းကျမ်း ကဲ့သို့ပင်။
“တော်လိုက်တာ”
ရှမ့်လန်ပင် မြင်ကွင်းကို ကြည့်ရင်း ဦးရေပြားတစ်ခုလုံး ထုံသွားသည်။ သူသည် ညင်သာစွာ ပြောလိုက်၏။ “ညီနောင်ဝမ်လျှံ.. မင်း တော်တယ်။ ငါ … ရှမ့်လန် လက်မြှောက်ပါတယ်”
ဝမ်လျှံသည် အက်ကွဲနေသည့်အသံဖြင့် အော်ဟစ်လိုက်သည်။ “ဘာကြောင့်လဲ... ဘာ့ကြောင့်လဲ”
ရှမ့်လန်က ချီးကျူးလိုက်၏။ “ညီနောင်ဝမ်လျှံ တော်ပါတယ်။ မင်းက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ရဲတယ်။ သံမဏိယောက်ျားစစ်စစ်ပဲ။ ငါ လေးစားစွာ ဦးညွှတ်ပါတယ်။ ဒါပေမဲ့... ညီနောင်ဝမ်လျှံ၊ ငါ မင်းကို ပြောဖို့မေ့သွားတယ်။ မင်း မနိုးခင်တည်းက မင်းရဲ့ သွေးကြောတွေထဲကို အဆိပ်သွေးတွေ အားလုံး ထိုးသွင်းပြီးသွားပြီ။ ဒါကြောင့် မင်း ဖြတ်လိုက်လည်း အသုံးမဝင်တော့ဘူး”
“ဒီကြောက်စရာကောင်းတဲ့ ညစ်ညမ်းတဲ့ရောဂါက မင်းရဲ့ ကိုယ်ပေါ်မှာ အနာတွေ ပေါ်ထွက်လာစေလိမ့်မယ်။ မင်းက အရမ်းသနားဖို့ကောင်းတဲ့ ပုံစံမျိုးနဲ့ သေဆုံးရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ သနားစရာ ကောင်းတဲ့အဖြစ်က ငါ့အတွက် ပျော်ရွှင်မှုပဲ”
“ငါ ကျေနပ်သွားပြီ။ နှုတ်ဆက်ခဲ့ပါတယ်။ မင်း ဒီမှာပဲ ပုပ်သိုးပြီး သေဖို့ စောင့်နေလိုက်တော့။ လူလွှတ်ပြီး မင်းအတွက် အစားအသောက်တွေ ပို့ပေးမယ်။ နောက်ဘဝမှာ ငါလို ရုပ်ချောတဲ့လူမျိုးကို မစော်ကားမိစေနဲ့။ ဘာလို့လဲဆိုတော့ ချောမောတဲ့လူတွေက အရမ်းကို ထိလွယ်ရှလွယ်ဖြစ်လို့ပဲ” ထို့နောက် ရှမ့်လန်သည် ဝံ့ကြွားစွာဖြင့် ထွက်ခွာသွားသည်။
တံခါးသည် တင်းကျပ်စွာ ပိတ်သွား၏။
ခဏအကြာတွင် တစ်ကိုယ်လုံး အကာအကွယ်အပြည့်ဝတ်ဆင်ထားသော သမားတော်နှစ်ဦး ဝင်လာပြီး ဝမ်လျှံ၏ သွေးထွက်ခြင်းကို တားဆီးကာ ဒဏ်ရာကို ချုပ်ပေးကြသည်။
...
“အစ်မ လေးယောက်လုံးကို ကျေးဇူးတင်ပါတယ်” ရှမ့်လန်က ထိုသနားစရာ မိန်းမလှလေးယောက်ကို ဦးညွှတ် အရိုအသေပေးလိုက်၏။
ခေါင်းဆောင်ဖြစ်ဟန်တူသော မိန်းမလှလေးက ပြောလိုက်သည်။ “မဟုတ်တာ။ သေခါနီးအချိန်မှာ ရှင့်လို ချောမောတဲ့ လူငယ်လေးကို ကူညီပေးခွင့်ရတာ ပျော်စရာကိစ္စတစ်ခုပါ”
ဒုတိယမြောက် မိန်းမလှလေးက နှုတ်ခမ်းကိုကိုက်ကာ ရှိုက်ငိုရင်း ပြောလိုက်၏။ “သခင်လေးရှမ့်.. ကျွန်မ ကိုယ်ပေါ်က ညစ်ညမ်းတဲ့ရောဂါတွေ ဘယ်ကလာတယ်ဆိုတာ သိရဲ့လား။ ဒီ ဝမ်လျှံခေါ်လာတဲ့လူတွေက ကျွန်မကို ကူးစက်စေခဲ့တာပါ။ အဲဒီနေ့က ကဗျာရွတ်ပွဲမှာ သူ ရှုံးသွားတော့ ကျွန်မက မထိန်းနိုင်ဘဲ တစ်ချက် ရယ်မိလိုက်တယ်။ အဲတာကြောင့် သူ ကျွန်မကို ဒီလို လက်စားချေခဲ့တာပါ”
ဤမိန်းမလှလေးသည် ခုဏက ဝမ်လျှံ မမှတ်မိစေရန် မျက်နှာကို ဖုံးကွယ်ထားခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ရှမ့်လန်၏ မျက်နှာ၌ ဝမ်းနည်းသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ “အစ်မတို့.. တခြားကမ္ဘာတစ်ခုမှာသာ ဆိုရင် ကျုပ် အစ်မတို့ရဲ့ ရောဂါကို ကုသပေးနိုင်မှာပါ။ ဒါပေမဲ့ ဒီနေရာမှာတော့ ကျုပ် မကုသနိုင်ဘူး။ တောင်းပန်ပါတယ်”
ရှမ့်လန်၏ စကားကို သူတို့ နားမလည်နိုင်သော်လည်း ရှမ့်လန်၏ စိတ်ထဲမှ နက်ရှိုင်းသော စိတ်မကောင်းခြင်းကိုမူ သူတို့ ကောင်းစွာ သိနိုင်ကြ၏။ ထိုအရာသည် လေးနက်လို့နေကြောင်း သူတို့ ခံစားမိ၏။
ရှမ့်လန်သည် နွေးထွေးစွာ ပြောလိုက်သည်။ “ကျုပ် အထီးကျန်ဆိတ်ငြိမ်တဲ့ ပန်းခြံဝင်းတစ်ခုကို ပြင်ဆင်ထား တယ်။ ပန်းပင်တွေ ပြည့်နေအောင် စိုက်ပျိုးထားပြီး နေ့တိုင်း အစားအစာနဲ့ လှပတဲ့အဝတ်အစားတွေ ပို့ပေးမယ့်လူလည်း ရှိမယ်။ နှုတ်ခမ်းနီ၊ မိတ်ကပ်တွေတောင် မလျော့စေရပါဘူး။ အစ်မလေးယောက်ရဲ့ နောက်ပိုင်းနေ့ရက်တွေကို အဲဒီမှာ အေးချမ်းစွာ နေထိုင်သွားကြပါ။ အစ်မတို့ရဲ့ မိဘမိသားစုဝင်တွေကိုလည်း ကျုပ် ငွေတွေ ပို့ပေးပြီး သူတို့ အသက်ကြီးချိန်မှာ အေးချမ်းစွာ ဘဝကို ဖြတ်သန်းနိုင်အောင် စီစဉ်ပေးပါ့မယ်”
ခေါင်းဆောင်ဖြစ်ဟန်တူသော သနားစရာ မိန်းမလှလေးသည် မျက်ရည်များ ကျဆင်းကာဖြင့် ပြောလိုက်၏။ “ကျေးဇူး ….ကျေးဇူး အရမ်းတင်ပါတယ် သခင်လေး”
ထို့နောက် သူမ၏မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။ “သခင်လေးရှမ့်.. နောက်ဘဝ ဆိုတာသာ ရှိခဲ့ရင် … ပြီးတော့ ကျွန်မရဲ့ခန္ဓာကိုယ်ကလည်း သန့်ရှင်းနေအုံးမယ်ဆိုရင် …. ကျွန်မ ရှင့်ကို သုံးရက်သုံးညလုံး အိပ်ရာထဲက မထနိုင်အောင် ပြုစုမိမှာ သေချာတယ်”
ရှမ့်လန်သည် ငြင်သာစွာ ပြန်ပြောလိုက်၏။ “အစ်မရယ်.. ခင်ဗျားက ကျုပ်ရဲ့ စိတ်ကို လှုပ်ရှားစေတာပဲ”
ဤစကားသည် အကြီးမားဆုံးသော ချီးကျူးစကားဖြစ်ပြီး ခွဲခြားဆက်ဆံမှု အနည်းဆုံးသော စကားလည်း ဖြစ်သည်။ သနားစရာ မိန်းမလှလေးများသည် ‘ခစ် ခစ် ခစ် ခစ်’ နှင့် ရယ်မောလိုက်နေရင်း မျက်ရည်များ ဒလဟော စီးကျလာကြသည်။ ထို့နောက် သူတို့သည် ရှမ့်လန်အား တစ်ခုခု မသက်ရောက်သွားစေရန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြသည်။
“မိစ္ဆာတွေတောင် ချစ်ခင်ရလောက်တဲ့ လူလေးပဲ။ သခင်မလေး ကျင်းမူလန်ကို တကယ်ပဲ မနာလိုဖြစ်မိတယ်။ ဒီလောက် ဆွဲဆောင်မှုရှိပြီး … ဒီလောက် ဉာဏ်ကောင်းပြီး …. ဒီလောက် ချစ်စရာကောင်းပြီး …. နွေးထွေးကြင်နာတတ်တဲ့ ယောက်ျားမျိုးကို ရထားတယ်”
...
မနေ့ည စေ့စပ်ပွဲပြီးဆုံးပြီးနောက် ကျန်းကျင်းသည် မြင်းကိုအမြန်စီးကာ နုကျင်းခရိုင်သို့ ပြန်လာခဲ့သည်။ နေမထွက်မီအချိန်တွင် သူသည် အုပ်ချုပ်ရေးမှူး စံအိမ်တော်သို့ ဝင်ရောက်လာခဲ့သည်။ သူ၏ဖခင် ကျန်းချုံးသည် အနားယူခြင်းမရှိသေးဘဲ မြို့တော်မှလာသော အရေးပေါ်သတင်းကို ကြောင်ငေးကြည့်နေ၏။
“ကျင်းကျွင်း ပုန်ကန်ရန်ကြံစည်သည်”
ဤအဖြစ်အပျက်သည် မည်သို့သော အံ့မခန်းမုန်တိုင်းကြီးကို ဖြစ်ပေါ်စေမည်နည်း။ လူမည်မျှ သေဆုံးမည်နည်း။ နိုင်ငံရေး အပြောင်းအလဲသစ်တွင် မည်သို့သော အခြေအနေများ ပြောင်းလဲသွားမည်နည်း။ အရာအားလုံးမှာ မသေချာမရေရာ ဖြစ်နေသည်။
ကျန်းကျင်းသည် ဝင်ရောက်လာပြီးနောက် ဖခင်၏ရှေ့၌ ဒူးထောက်ကာ ပြောလိုက်၏။ “အဖေ.. စေ့စပ်ပွဲမှာ ရွှမ်ဝူမြို့စားအိမ်တော်ကို ဝိုင်းဝန်းတိုက်ခိုက်မယ့် အကြိုပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ သားကို ခွင့်လွှတ်ပေးပါ အဖေ”
ကျန်းချုံးက ခေါင်းညိတ်လိုက်သည်။ ဤရလဒ်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။ ရှမ့်လန်၏ စာအုပ်ထဲမှ လေးလုံးကဗျာ ‘ကောင်းကင်ဘုံက ကျင်းကျွင်းအား ကွပ်မျက်ပါစေ’ ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။
တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ဤသည်မှာ ရှမ့်လန်ကို သတ်ရန် အခွင့်အရေး၊ ရွှမ်ဝူမြို့စားအိမ်တော်တစ်ခုလုံးကို ရေစုန်မျောစေရန် အခွင့်အရေးဖြစ်ကြောင်း သိလိုက်သည်။ သို့ပေမည့် သူ၏ပင်ကိုအသိစိတ်က တစ်ခုခု မှားယွင်းနေကြောင်း သတိပေးနေသည်။ ပြင်းထန်သော အကွက်ဆင်မှု အငွေ့အသက်ကို သူ အနံ့ရခဲ့သည်။ ထို့ကြောင့် သူသည် လူအုပ်စုအများအပြားကို ဦးစွာ ခွဲ၍စေလွှတ်ခဲ့၏။
ပထမအုပ်စုသည် ပြည်နယ်အုပ်ချုပ်ရေးမှုးစံအိမ်တော်သို့၊ ဒုတိယအုပ်စုသည် ...၊ တတိယအုပ်စုသည် နန်အိုတိုင်းပြည်သို့ ဖြစ်သည်။ သူသည် ရှမ့်လန်၏ ဤကဗျာဆီမှ ဖြစ်နိုင်ခြေတစ်ခုကို ကောက်ချက်ချခဲ့သည်။ ကျင်းကျွင်း ပုန်ကန်ရန် ကြံစည်နိုင်သည် ဟူ၍ပင်။
ကျင်းကျွင်း၏ နာမည်ဂုဏ်သတင်းသည် အလွန်ကောင်းမွန်သည်။ ၎င်းနှင့် ဘုရင်မင်းမြတ်မှာ သားအဖအရင်း ထက်ပင် ပိုမိုရင်းနှီးပြီး နင်လော့မင်းသမီးနှင့်လည်း အလွန် သင့်မြတ်သည်။ သို့ပေမည့် ဤအရာများသည် သာမန် ပြည်သူများနှင့် လီဝမ့်ကျန့်ကဲ့သို့ အမှုထမ်း အရာရှိသစ်များကိုသာ လှည့်စားနိုင်ပြီး ကျန်းချုံးကဲ့သို့ ပါးနပ်သော ပုဂ္ဂိုလ်ကြီးကို မလှည့်စားနိုင်ပေ။
သို့ပေမည့် ကျန်းချုံးသည် ကျင်းကျွင်းက မိမိသဘောဖြင့် ပုန်ကန်လိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ပေ။ ထို့ကြောင့် သူသည် ဤသေစေနိုင်သော ဓားကို ကျန်းကျင်းအား ကိုင်ဆောင်စေခြင်းမပြုဘဲ လီဝမ်ကျန့်ဆိုသော ငထုံငအကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ဤပုဂ္ဂိုလ်၏ အန္တရာယ်ကိုကြိုတင်သိမြင်နိုင်စွမ်းနှင့် နိုင်ငံရေးအသိအမြင်သည် အမှန်တကယ်ပင် အံ့မခန်း ထက်မြက်လှသည်။ သို့ပေမည့် ကျင်းကျွင်းကိစ္စ အမှန်တကယ် ဖြစ်ပွားလာသည့်အခါမှာတော့ ကျန်းချုံးသည် အလွန် တုန်လှုပ်သွားသည်။ ကျင်းကျွင်းသည် တကယ်ပင် ပေါ်ပေါ်တင်တင် ပုန်ကန်ခဲ့သည်လား။ ထိုသို့ဆိုလျှင် ပြည်တွင်းနိုင်ငံရေးအခြေအနေသည် ပြောင်းလဲသွားပေတော့မည်။
မိန်းမ၏ မျိုးရိုးနာမည်ကို ယူထားရသော ရှမ့်လန်ဆိုသည့် သမက်ငယ်လေးတစ်ယောက်သည် ဤလျှို့ဝှက်ချက်ကို ကြိုတင်သိနေသည်လား။ ဤသည်မှာ အရေးအကြီးဆုံး မဟုတ်သေး။ အရေးအကြီးဆုံးမှာ ရှမ့်လန်သည် စာအုပ်ထဲတွင် ဤသေစေနိုင်သော ထောင်ချောက်ကို ခင်းကျင်းကာ အခြားသူများ လာနင်းရန် စောင့်ဆိုင်း နေခဲ့ခြင်းပင်။
ကျန်းကျင်းပင် ခြေချော်လက်ချော်ဖြင့် နင်းမိလုနီးပါး ဖြစ်ခဲ့သည်။ အကယ်၍ ကျန်းကျင်းသာ နင်းမိခဲ့ပါက အကျိုးဆက်မှာ ကြောက်မက်ဖွယ်ကောင်းပြီး သူ … ကျန်းချုံး၏ အနာဂတ်ပင် အန္တရာယ်ရှိသွားနိုင်သည်။ ဤသမက်ငယ်လေးသည် အမှန်တကယ် တော်လွန်းလှ၏။
“မနေ့ညက အဖြစ်အပျက်အားလုံးကို အစအဆုံး ပြောပြစမ်း” ကျန်းချုံးက ပြောလိုက်သည်။
ကျန်းကျင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မနေ့ညက အဖြစ်အပျက်များကို တစ်ခုမကျန် ပြောပြလိုက်၏။
“ကျုပ် အဖေ့ကို စိတ်ပျက်စေခဲ့ပါတယ်။ အဖေ အပြစ်ပေးတာကို ခံယူပါ့မယ်” ကျန်းကျင်းက ဦးတိုက်ကာ အရိုအသေပေးလိုက်သည်။
“မဟုတ်ဘူး၊ မင်း မမှားဘူး”
ကျန်းချုံးက ပြောလိုက်၏။ “မင်း အရင်ကအမှားတချို့ လုပ်ခဲ့ဖူးပေမဲ့ မနေ့ညက မင်းရဲ့ကိုင်တွယ်ပုံက မှန်ကန်တယ်”
ကျန်းကျင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ် မနေ့ညက အပြတ်အသတ် ရှုံးနိမ့်ခဲ့တယ်”
ကျန်းချုံးက ပြောလိုက်၏။ “အဲဒါ မင်းနဲ့မဆိုင်ဘူး။ မင်းရဲ့ ရန်သူက... အရမ်းကို ထက်မြက်လွန်းနေလို့ပဲ”
ဤစကားသည် နှလုံးသားကို ထိုးနှက်လိုက်သကဲ့သို့ပင် ကျန်းကျင်းကို ပို၍ မသက်မသာဖြစ်စေသည်။
“ထက်မြက်တယ်... ထက်မြက်တယ်”
ကျန်းချုံးက တီးတိုးရေရွတ်နေရင်းမှ ပြောလိုက်၏။ “ဒီလောက် ထက်မြက်တဲ့ လူငယ်မျိုးကို မတွေ့ရတာ အတော်ကြာပြီ။ လက်ရုံးရည်ရှိတာက ဘာမှမဟုတ်ဘူး။ အဓိကက ဉာဏ်ပညာ ၊ နှလုံးရည် အပြည့်ရှိတာပဲ။ ဉာဏ်ပညာရှိတာကလည်း ဘာမှမဟုတ်ဘူး။ အဓိကက ရက်စက်ကြမ်းကြုတ်တာပဲ။ တကယ်ကို အံ့ဩစရာပဲ။ ဒီကောင်လေးက အရမ်းရက်စက်လွန်းတယ်။ ဒီလိုလူမျိုး ရွှမ်ဝူမြို့စားအိမ်တော်မှာ ရှိနေတာ နှမြောစရာပဲ။ တကယ့်ကို နှမြောစရာပဲ”
ကျန်းချုံးသည် သူ၏လက်ထဲမှ ‘မာယာမျဉ်းပြိုင်’ စာအုပ်ကို ပွတ်သပ်ရင်း လေးစားစွာဖြင့် ပြောလိုက်သည်။ “ဒီကောင်လေးသာ ငါ့နဲ့အတူရှိရင် ဆယ်နှစ်အတွင်း ဝန်ကြီးချုပ်ရာထူးကို ရောက်အောင် လုပ်ပေးဖို့ ငါ့မှာ ယုံကြည်ချက် အပြည့်ရှိတယ်”
ကျန်းကျင်းက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မေးလိုက်၏။ “ဒါဆို သား သူ့ကို သတ်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြရမှာလား”
“မသတ်နိုင်ဘူး။ ဒီကောင်က မြေခွေးလို ကောက်ကျစ်တဲ့သူပဲ။ မင်းကို အခွင့်အရေး ဘယ်ပေးပါ့မလဲ”
ကျန်းချုံးက မေးလိုက်သည်။ “သူနဲ့ ကျင်းမူလန်တို့ အတူတူ အိပ်စက်ပြီးပြီလား”
အုပ်ချုပ်ရေးမှူး ကျန်းချုံး၏ ဤစကားသည် အလွန်ပင် ထူးခြားဆန်းကြယ်နေ၏။
ကျန်းကျင်းသည် ခဏမျှ အံ့အားသင့်သွားသည်။ ပြီးနောက် ပြန်ဖြေလိုက်သည်။ “မဖြစ်နိုင်လောက်သေးဘူး”
“တကယ်လား” ကျန်းချုံးက မေးလိုက်၏။
“အင်း . ကျင်းမူလန်က အဲလောက်မလွယ်ဘူးလေ” ကျန်းကျင်းက ပြန်ဖြေသည်။
ကျန်းချုံးက ပြောလိုက်၏။ “ဒါဆိုမင်းရဲ့ညီမ ချွင်းဟွာကို သွားခေါ်ချေ။ သူ့ကို ရှမ့်လန်နဲ့ နီးစပ်အောင်လုပ်ပြီး အတူတူ အိပ်ခိုင်းလိုက်”
“.......”