ဤ ယွဲ့ဧကရာဇ်က သာမန် မဟုတ်နိုင်
Vol. 55 Ch. 811
ယွဲ့ဧကရာဇ်သည် အနက်ရောင်နှင့် ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် သန်မာသော မြင်းဖြူတစ်ကောင် ပေါ်တွင်ထိုင်နေပြီး ခါးတွင် ဓားရှည်တစ်ချောင်း ချိတ်ထားကာ သူမ၏ ဆံနွယ်များက လေထဲတွင် လွင့်နေသည်။ သူမ၏ ပုံသဏ္ဍာန်က စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
သူမသည် အဝေးရှိ လွင်ပြင်ဒေသတပ်၏ ထူထပ်သော စစ်ကြောင်းကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် လွင်ပြင်ဒေသနတ်ဘုရားမကို သူတို့ထဲတွင် မတွေ့ရပေ။
ယွဲ့ဧကရာဇ် မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဘုရားမဆိုသူ လာပုံမရပေ။
နတ်ဘုရားမသည် ကျူးနိုင်ငံတော်ကို အထင်အမြင်သေးလွန်း၍ လွင်ပြင်ဒေသတပ်ကိုသာ စေလွှတ်ပြီး သူမ ကိုယ်တိုင် မလာခြင်းလား။
ထိုအချိန်တွင် လွင်ပြင်ဒေသတပ်က ဆက်လက်မတိုးလာချေ။ သူတို့သည် အဝေးတွင် မလှုပ်မယှက် ရပ်နေကြပြီး တစ်စုံတစ်ယောက်၏ အမိန့်ကို စောင့်ဆိုင်းနေသည်ဟု ထင်ရသည်။
ထို့နောက် ယွဲ့ဧကရာဇ်က
“ပုံစံဖွဲ့ပြီး တိုက်ခိုက်”
ဟု အေးစက်စက် ပြောလိုက်သည်။
သူမ၏ စကားများ ဆုံးသွားသည်နှင့် ကျူးတပ်၏ စစ်ကြောင်းများသည် တြိဂံပုံစံသို့ ပြောင်းလဲသွားသည်။
လွင်ပြင်ဒေသနတ်ဘုရားမ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ရန် ယွဲ့ဧကရာဇ် ရည်ရွယ်သည်။ ထို့ကြောင့် သူမက ကျူးတပ်ကို ထိုးစစ်ပုံစံ ဖြန့်ကျက်ရန် တိုက်ရိုက် ညွှန်ကြားလိုက်သည်။
ကျူးစစ်တပ် ဖွဲ့စည်းပုံ ပြောင်းလဲမှုကို လိုက်၍ သဲမှော်ဘုရင်ကလည်း သူ၏ စစ်တပ်ကို ပုံစံပြောင်း လိုက်သည်။ လွင်ပြင်ဒေသတပ်ကလည်း ထိုးစစ်ပုံစံနှင့် ဆင်တူသည့် တြိဂံပုံစံကို ပြောင်းလိုက်သည်။
နှစ်ဖက်စလုံးက ထိုးစစ်ပုံစံကို ယူထားကြသည်။
ဤအရာကို မြင်ရသောအခါ ကျူးနိုင်ငံတော်စစ်သည်အချို့တွင် မထီမဲ့မြင်ပြုချင်သောအတွေးများ ပေါ်ပေါက်လာသည်။
ဒါက နာမည်ကြီးနေတဲ့ နည်းဗျူဟာ ပုံစံလား။
လွင်ပြင်ဒေသ၏ နည်းဗျုဟာပုံစံဆိုတာ ဒါပဲလား။
သိပ်တော့ အထင်ကြီးစရာ မကောင်းပေ။
ဒီလို နည်းဗျူဟာ ပုံစံမျိုးက ကောင်းကင်လူသားတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါ့မလား။
အောင်ပွဲက သူတို့၏ လက်ထဲတွင် ရှိပြီဟု ကျူးစစ်သည်များ ထင်နေစဉ် လွင်ပြင်ဒေသတပ်၏ စစ်ကြောင်းအတွင်းမှ ခရာသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
လွင်ပြင်ဒေသတပ်ဖက်မှ ဗုံသံများ ထွက်ပေါ်လာသော်လည်း ကျူးစစ်သည်များက အလေးအနက် မထားကြပေ။
မကြာမီ ကျူးတပ်၏ စစ်ကြောင်းအတွင်းမှ မြားများစွာ ပစ်ခတ်လိုက်သည်။ လွင်ပြင်ဒေသတပ်၏ အပေါ်ဘက် ကောင်းကင်တစ်ခုလုံး မြားများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားသည်။ သို့သော် လွင်ပြင်ဒေသစစ်သားများက ထိတ်လန့်ဟန် မပြကြပေ။
သဲမှော်ဘုရင်က
“ပုံစံဖွဲ့”
ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူပြောလိုက်သည်နှင့် တပြိုင်နက် သူ၏ ခန္ဓာကိုယ်မှ အတွင်းအားများ ထွက်ပေါ်လာသည်။ ထိုအားနှင့် ထိတွေ့လိုက်သည်နှင့် စစ်သည်များ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားများကိုလည်း ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။
ဤအရာကို မြင်ရသောအခါ ယွဲ့ဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။
တစ်စုံတစ်ရာ မှားယွင်းနေသည်။
သဲမှော်ဘုရင်က အဆင့်လွန်ပညာရှင် ဖြစ်သည်။ ထို့ကြောင့် အတွင်းအားများ ထုတ်လွှတ်နိုင်ခြင်းက မထူးဆန်းပေ။ သို့သော် ထိုလွင်ပြင်ဒေသ စစ်သားများက အဆင့်လွန်ပညာရှင်များ မဟုတ်ကြပေ။ အချို့မှာ ပထမအဆင့် သိုင်းသမားများသာ ဖြစ်ကြသည်။ ယခု သူတို့ပင် အတွင်းအားများ ထုတ်လွှတ်နေကြသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
လွင်ပြင်ဒေသစစ်သားများ၏ ခန္ဓာကိုယ်မှ အတွင်းအားများ ထွက်ပေါ်လာသည်နှင့် ကြီးမားသည့် ရွှေရောင် ပုံစံပုံသဏ္ဍာန်တစ်ခုသည် လွင်ပြင်ဒေသတပ်၏ ခြေထောက်များအောက်တွင် ပေါ်လာသည်။
ကျူးစစ်သားများ ပစ်ခတ်လိုက်သည့် မြားများသည် လွင်ပြင်ဒေသသားများအား ထိခိုက်တော့မည့် အချိန်တွင် လွင်ပြင်ဒေသတပ်၏ နည်းဗျူဟာ ပုံစံ ပြီးစီးသွားသည်။ နဂါးဟိန်းသံတစ်ခု စစ်မြေပြင် တစ်ခုလုံး ပဲ့တင်ထပ်သွားပြီးနောက် လွင်ပြင်ဒေသစစ်သားများအား ဦးတည်လာသည့် မြားများအားလုံးကို တားဆီးထားလိုက်သည်။
လွင်ပြင်ဒေသတပ်၏ အပေါ်တွင် ရွှေရောင်နဂါးတစ်ကောင် ပေါ်လာသည်ဟု ထင်ရသည်။
ထိုရွှေရောင်နဂါးကို မြင်ရသောအခါ ကျူးနိုင်ငံတော်စစ်သားများ ချက်ချင်းပင် ဖြူဖတ်ဖြူရော် ဖြစ်သွားကြသည်။ ထိုသို့သော မြင်ကွင်းမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ရွှေရောင်နဂါးကို မြင်ရသောအခါ ကျူးဧကရာဇ်က
“ ဒီလွင်ပြင်ဒေသနတ်ဘုရားမက တကယ်ပဲတခြားကမ္ဘာက လာတာပဲ”
ဟု တွေးလိုက်မိသည်။
ဤသို့သော ပုံစံမျိုးက ဤကမ္ဘာတွင် လုံးဝ မရှိနိုင်ပေ။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နည်းဗျူဟာ ပုံစံများသည် ကောင်းကင်လူသားများကိုပင် ခုခံနိုင်သည်ဟူသော ကောလာဟလများ ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။
ဒါက ပြဿနာရှိနိုင်သည်။
ကြောက်ရွံ့မှုကြောင့် စိတ်ရှုပ်ထွေးနေသည့် ကျူးစစ်သည်များကို မြင်ရသောအခါ သဲ မှော်ဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟား ဟား ဟား။ ကျူးကြွက်တွေ။ မင်းတို့ဘဝရဲ့ နောက်ဆုံး နေဝင်ဆည်းဆာကို ခံစားကြဦး။ နောက်ဆို မင်းတို့ ဒါကို ထပ်မြင်နိုင်မှာ မဟုတ်တော့ဘူး။”
ပြောနေစဉ်ပင် သဲမှော်ဘုရင်သည် ကောင်းကင်ပေါ်ရှိ နဂါးကို ကျူးနိုင်ငံတော်၏ စစ်ကြောင်းဘက်သို့ ဦးတည်၍ ပို့လွှတ်လိုက်သည်။
ကျူးဧကရာဇ် ဝင်ရောက်မနှောင့်ယှက်နိုင်မီ ရွှေရောင်နဂါးသည် ရှေ့တန်းမှ ကျူးစစ်သားများကို တိုက်ခိုက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ကျူးစစ်ကြောင်း ပြိုကွဲသွားသည်။
ကျူးစစ်သည်များ ဖရိုဖရဲဖြစ်နေသည်ကို မြင်ရသောအခါ သူမ၏စစ်သည်များ မခံနိုင် တော့ကြောင်း ယွဲ့ဧကရာဇ် ကောင်းစွာ သိလိုက်သည်။
ဤရွှေရောင်နဂါးကို အဆင့်လွန်ပညာရှင်တောင်မှ မခုခံနိုင်ပေ။ ကောင်းကင်လူသားတစ်ဦးသာ နည်းဗျူဟာ ပုံစံကို ခံနိုင်ပေလိမ့်မည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စစ်ရေးစွမ်းရည်သည် အမှန်တကယ်ပင် ထူးခြားသည်။ ကျူးနိုင်ငံတော်လည်း ဤနည်းဗျူဟာ ပုံစံကို ရရှိပါက ကောင်းကင်လူသား စွမ်းအားရှင်များကို ရင်ဆိုင်ရန် ယုံကြည်ချက်ရှိလာမည်။
ကျူးနိုင်ငံတော်တပ်သည် လုံးဝ ဖရိုဖရဲ ဖြစ်နေပုံရပြီး ရှုံးနိမ့်တော့မည်ဟု ထင်ရသော်လည်း ယွဲ့ဧကရာဇ်၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်မျှပင် မရှိပေ။
သူမက ဤနည်းဗျူဟာပုံစံ၏ အကြီးမားဆုံး အားနည်းချက်ကို သိနှင့်ပြီးသား ဖြစ်သည်။
ဤ နည်းဗျူဟာပုံစံကို စတင်အသုံး ပြုနိုင်သည့် အကြောင်းအရင်းမှာ တပ်အတွင်းမှ စစ်သည်တိုင်း၏ အတွင်းအားကို စုပ်ယူလိုက်ခြင်းကြောင့် ဖြစ်သည်။ အဆင့်နိမ့် သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများပင် ထုတ်ယူခံခဲ့ရသည်။
ဤကမ္ဘာမှ လူသားများ၏ အတွင်းအားသည် စိတ်ဝိညဉ်စွမ်းအင် ဖြစ်သည်။ သာမန်သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်များတွင် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်သာ ပါဝင်သည်။ ယခု နည်းဗျူဟာ ပုံစံကို အသုံးပြုရန် ထိုနည်းပါးသော စွမ်းအင်များ အတင်းအကျပ် ထုတ်ယူခံခဲ့ရသည်။
ကောင်းကင်လူသားများ မဟုတ်သည့် သိုင်းပညာရှင်အစုအဝေးတစ်ခုသည် ထိုအခြေအနေကို အချိန်အကြာကြီး မထိန်းသိမ်းနိုင်ပေ။ ကျူးနိုင်ငံတော်က ဘာမှမလုပ်လျှင်တောင် ဤနည်းဗျူဟာပုံစံ မကြာမီ ပြိုလဲသွားပေလိမ့်မည်။
နည်းဗျူဟာ ပုံစံပြိုလဲသွားသည်နှင့် လွင်ပြင်ဒေသ စစ်သားများ၏ တိုက်ခိုက်နိုင်စွမ်းလည်း ချက်ချင်း ဆုံးရှုံးသွားပေလိမ့်မည်။
ထို့ကြောင့် သဲမှော်ဘုရင်က အလောတကြီး တိုက်ခိုက်နေခြင်း ဖြစ်သည်။ နည်းဗျူဟာ ပုံစံ ပျောက်ကွယ်သွားခြင်းမရှိမီ ရန်သူကို အနိုင်ယူရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ကံမကောင်းသည်က သဲမှော်ဘုရင် ရင်ဆိုင်ရသူက ယွဲ့ဧကရာဇ် ဖြစ်နေခြင်းပင်။
ထိုအချိန်တွင် ယွဲ့ဧကရာဇ်သည် မြင်းဖြူပေါ်သို့ ခုန်တက်လိုက်သည်။ သူမ၏ လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ ထိုစဉ် သူမ၏ လက်ချောင်းများက ဓားသွားပေါ်သို့ ပွတ်ဆွဲလိုက်သည်။ ထိုအခါ ဓားသံ ပဲ့တင်ထပ်သွားသည်။
တစ်ချိန်တည်းမှာပင် အဝေးရှိ တောင်ငယ်တစ်ခုပေါ်မှ ဤမြင်ကွင်းကို တွေ့လိုက်ရသော မုယန်စီ၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူမ တစ်စုံတစ်ခုကို စဉ်းစားနေသည်ဟု ထင်ရသည်။
ခဏအကြာတွင် မုယန်စီက
“ဒါက ဒီကမ္ဘာက ဓားပညာ မဟုတ်ဘူး။ ဒီယွဲ့ဧကရာဇ်က သာမန် မဟုတ်နိုင်ဘူး”
ဟု သူမဘာသာ တီးတိုးရေရွတ်လိုက်၏။
သာမန်သိုင်းပညာကမ္ဘာတွင် ဓားစွမ်းအားတစ်ခုကို စုဖွဲ့ခိုင်မာစေနိုင်သည့် ဓားပညာမျိုး ရှိနိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် သဲမှော်ဘုရင်သည် ပြဿနာ၏ ပြင်းထန်မှုကို မသိသေးပေ။ သူသည် ရွှေရောင်နဂါးကို ထိန်းချုပ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောနေစဉ် ယွဲ့ဧကရာဇ်ဆီသို့ တည့်တည့်လှည့်၍ တိုက်ခိုက်လိုက်သည်။
“ မိန်းမလှလေး ကျုပ် လာနေပြီ။ ဟားဟားဟား”
နဂါးဟိန်းသံ တစ်ဖန် ပဲ့တင်ထပ်သွားသည်နှင့် နဂါးသည် ယွဲ့ဧကရာဇ်ကို လှည့်တိုက်လိုက်သည်။ ကျူးစစ်သားများလည်း ထိုမြင်ကွင်းကြောင့် ကြောက်လန့်တုန်လှုပ်နေကြပြီး ယွဲ့ဧကရာဇ် သေဆုံးတော့မည်ဟု တွေးလိုက်ကြသည်။
ကြီးမားသော နဂါး၏ မေးရိုးများ ကျူးဧကရာဇ်ထံသို့ ရောက်တော့မည့်အချိန်တွင် သူမက ဓားကို လွှဲလိုက်သည်။ ထိုစဉ် ခိုင်ခန့် မာကျောလှသော ဓားလှိုင်းတစ်ခုသည် ရွှေရောင်နဂါးကို ချက်ချင်းပင် လှီးဖြတ်သွားသည်။
ချက်ချင်းပင် ရွှေရောင်နဂါး နှစ်ခြမ်းကွဲသွားသည်။ ရွှေရောင်နဂါး ပျောက်ကွယ်သွားသည်နှင့် နဂါး နည်းဗျူဟာပုံစံကို ဖွဲ့စည်းထားသော လွင်ပြင်ဒေသစစ်သားများသည်လည်း အကျိုးဆက်များကို ခံစားလိုက်ရသည်။ အများအပြား သွေးများ အန်လာကြသည်။ သဲမှော်ဘုရင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
အချို့ လွင်ပြင်ဒေသစစ်သည်များကတော့ မခံနိုင်တော့ပဲ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အသက်မဲ့သွားကြသည်။
ထိုမြင်ကွင်းကို မြင်ရသောအခါ လွင်ပြင်ဒေသတပ်မှ အခြား မျိုးနွယ်စုများ အံ့အားသင့်သွားကြသည်။
သူတို့၏ နည်းဗျူဟာ ပုံစံက ဤမျှ အစွမ်းထက်နေပါလျက် ယွဲ့ဧကရာဇ်၏ ဓားချက်တစ်ချက်တည်းနှင့် ပျက်စီးသွားသည်။
ယွဲ့ဧကရာဇ်က ဤမျှ အစွမ်းထက်သလား။
ဤနည်းဗျူဟာ ပုံစံက ကောင်းကင်လူသားတစ်ဦးကိုပင် တိုက်ခိုက်နိုင်သည်ဟု သူတို့၏ နတ်ဘုရားမက ပြောခဲ့တယ် မဟုတ်လား။
အခု ဘာလို့ ဒီလောက် အားနည်းနေတာလဲ။
သူတို့၏ နတ်ဘုရားမက သူတို့ကို လှည့်စားလိမ့်မည် မဟုတ်တာတော့ သေချာသည်။ ဒါဆို ယွဲ့ဧကရာဇ်က ကောင်းကင်လူသားဖြစ်ပြီး အစွမ်းအထက်ဆုံး ကောင်းကင်လူသားများထဲမှ တစ်ဦး ဖြစ်နေပြီလား။
ဤအချိန်တွင် မုယန်စီ၏ ဘေးရှိ လွင်ပြင်ဒေသမျိုးနွယ်စုခေါင်းဆောင်များကတော့ စကားပင် မပြောနိုင်တော့ပေ။ မုယန်စီက အေးဆေးတည်ငြိမ်စွာဖြင့်
“တခြားသူတွေ ထပ်စမ်းကြည့်ချင်သေးလား။”
ထိုမေးခွန်းကို ကြားရသောအခါ လွင်ပြင်ဒေသ မျိုးနွယ်စုခေါင်းဆောင်များ တိတ်ဆိတ်နေကြသည်။ ခုနက မြင်ကွင်းကို သူတို့အားလုံး မြင်ခဲ့ရပြီ။ ယွဲ့ဧကရာဇ်၏ စွမ်းအားကို အခြေခံအားဖြင့် သူတို့ ခန့်မှန်းနိုင်ကြပြီဖြစ်သည်။
ဤကျူးနိုင်ငံမှ ဧကရီသည် သူတို့ ယှဉ်ပြိုင်နိုင်မည့်သူ မဟုတ်ပေ။
မုယန်စီလည်း သူတို့၏ အတွေးများကို နားလည်သွားပြီး ခပ်အေးအေး ပြောလိုက်သည်။
“သဲမှော်ဘုရင်ရဲ့ နည်းဗျူဟာ ပုံစံ လျင်မြန်စွာ ပြိုလဲသွားတဲ့ အကြောင်းရင်းက ပုံစံကို ထိန်းချုပ်နိုင်စွမ်း မလုံလောက်လို့ ဖြစ်တယ်။ ရှင့်တို့အားလုံး ပိုပြီး လေ့ကျင့်ဖို့ လိုတယ်”
ထိုသို့ပြောပြီး မုယန်စီ အဝေးသို့ လျှောက်သွားသည်။
မုယန်စီ ထွက်သွားပြီးနောက် လွင်ပြင်ဒေသ မျိုးနွယ်စုခေါင်းဆောင်များ နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။ သူတို့၏ နည်းဗျူဟာပုံစံက ကျူးနိုင်ငံတော်မှ ဧကရီကို အနိုင်မယူနိုင်သော်လည်း သူတို့တွင် နတ်ဘုရားမ ရှိနေသေးသည်။
နတ်ဘုရားမ၏ ကောင်းကင်လူသားအဆင့် စွမ်းအားဖြင့် ဧကရီကို အလွယ်တကူ အနိုင်ယူနိုင်သင့်သည်။