အခုကစပြီး ရှနိုင်ငံတော်ဟာ မင်းရဲ့အိမ်ပဲ
Vol. 55 Ch. 816
ဝူနိုင်ငံတော် အညံ့ခံသည့် သတင်းသည် ရှနိုင်ငံတော်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ဝူနိုင်ငံတော် အညံ့ခံကြောင်း အစီရင်ခံစာ ရန်ခရိုင်သို့ မရောက်ရှိသေးမီပင် ရှနိုင်ငံတော်မှ ပြည်သူအချို့သည် ဝူနိုင်ငံတော် လက်နက်ချ အညံ့ခံလိုက်ကြောင်းကို ကြားသိခဲ့ကြပြီး ဖြစ်၏။
ထိုမျှ တိုတောင်းသော အချိန်ကာလအတွင်း၌ တစ်ချိန်က ရှနိုင်ငံတော်ကို ခြိမ်းခြောက်ခဲ့သည့် မင်းဆက်တစ်ခုလုံး ပျက်သုဉ်းသွားသည်။ ယင်းက ရှနိုင်ငံတော်ရှိ ပြည်သူအားလုံးကို ဝမ်းမြောက်ဝမ်းသာ ဖြစ်စေပြီး တိုင်းပြည်အတွက် ဂုဏ်ယူဝင့်ကြွားစိတ်များ ပေါ်ပေါက်လာစေသည်။
မကြာမီပင် ဝူနိုင်ငံတော် အညံ့ခံကြောင်း အစီရင်ခံစာသည်လည်း ရန်ခရိုင်သို့ ရောက်ရှိလာခဲ့၏။
အစီရင်ခံစာက ညအချိန်တွင် မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်၌ လုချန်းသည် မုယုံရွှီနှင့်အတူ အလုပ်များနေခဲ့သည်။ ထို့ကြောင့် ပိုင်ချင်းချင်းက သူ့ကို ခေါ်ထုတ်ခဲ့ရသည်။
သို့သော် ဝူနိုင်ငံတော် အညံ့ခံသည့် သတင်းဖြစ်ကြောင်း သိလိုက်သောအခါ လုချန်းအနည်းငယ်မှ စိတ်မလှုပ်ရှားခဲ့ပေ။
ထိုအချိန်၌ လုချန်းသည် အစီရင်ခံစာကို လက်ထဲတွင် ကိုင်ထားပြီး စိတ်ထဲတွင် ပြောမပြတတ်အောင် လန်းဆန်းမှုများ ဖြစ်ပေါ်နေသည်။
သို့သော် ထိုအချိန်တွင် ဝူဧကရာဇ် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားသည့် သတင်းကို အစီရင်ခံစာပေါ်၌ မြင်လိုက်သောအခါ သူ အံ့အားသင့်သွားခဲ့ရသည်။
သူသည် ဝူကျန်းဝမ်၏ ဘေးခန်းတွင် ပျော်ရွှင်နေပြီးမှ သူ၏ ယောက္ခမက ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း သတင်းကို ရရှိခဲ့သည်။ လုချန်း၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသည့် ခံစားချက်တစ်ခု ရုတ်တရက် ခံစားလိုက်ရသည်။
လုချန်း ညင်သာစွာ သက်ပြင်းချလိုက်ပြီး ထိုသတင်းကို ဝူကျန်းဝမ်အား မည်သို့ပြောပြရမည်ကို မသိပဲ ဖြစ်နေသည်။
ဝူကျန်းဝမ်သည် ဝူဧကရာဇ်နှင့် သမီး အဖေ ဆက်ဆံရေး သိပ်မရှိသော်လည်း သူမသည် ဝူဧကရာဇ်၏ သမီးအရင်းဖြစ်ပြီး သွေးသားတော်စပ်မှုတစ်ခုက သူတို့နှစ်ယောက်ကို ဆက်နွှယ်နေစေသည်။
ဝူကျန်းဝမ်သာ သူမ၏ ဖခင်ဧကရာဇ် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းကို ကြားရလျှင် လုံးဝစိတ်မထိခိုက်ပဲ နေနိုင်မည် မဟုတ်ချေ။
လုချန်းလည်း သူ၏လက်ထဲမှ အစီရင်ခံစာကို စိုက်ကြည့်ကာ အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။ မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် အစီရင်ခံစာကို ဘေးနားရှိ ပိုင်ချင်းချင်းအား ပေးလိုက်ပြီး ဝူနိုင်ငံတော် အညံ့ခံကြောင်း နောက်နေ့မနက်တွင် မြို့သူမြို့သားအားလုံး သိရှိနိုင်ရန် အစိုးရ သတင်းစာတိုက်နှင့် အရှေ့ပိုင်းသတင်းစာတိုက်တို့ဆီသို့ သွားရောက်ပို့ဆောင်ခိုင်းလိုက်သည်။
ထို့နောက်တွင်တော့ လုချန်း ဝူကျန်းဝမ်၏ အဆောင်သို့ ဦးတည်သွားခဲ့သည်။
ဝူကျန်းဝမ်က ကုလားထိုင်ပေါ်တွင် တစ်စောင်းလှဲလျက် ပန်းထိုးနေပြီး ပိုးထည် စောင်တစ်ထည်ကို ခြုံထားသည်။ ကိုယ်ဝန်ဆောင်ပြီးနောက် ဝူကျန်းဝမ်သည် ပိုမိုရင့်ကျက်၍ ဆွဲဆောင်မှုရှိလာသည်။
သူမ၏ အဆောင်သို့ လုချန်း အလောတကြီး ဝင်လာသည်ကို မြင်သောအခါ ဝူကျန်းဝမ်က ပုံမှန်လေသံဖြင့်
“မင်းကြီး ဘာကြောင့် ကျွန်မရဲ့နေရာကို ကြွလာရတာလဲ။”
ဘေးခန်းတွင် ကာမစိတ်ကြီးသည့် မိန်းမ၏ ဆူညံသံများကို စောစောက ကြားခဲ့ရသည်ဖြစ်ရာ လုချန်း မုယုံရွှီထံတွင် ရှိနေခဲ့ကြောင်း ဝူကျန်းဝမ် သိထားသည်။
ကိုယ်ဝန်ရှိလာပြီးနောက်ပိုင်း လုချန်း သူမ၏ အခန်းသို့ မလာရောက်သလောက် ဖြစ်သည်။ ကလေးကို လွယ်ထားရသဖြင့် သူမ လုချန်းကို ပြုစုနိုင်ခြင်း မရှိတော့ပေ။
လုချန်းသည် ကိုယ်ဝန်ရှိလာသော ဇနီးများအား ထိတွေ့ခြင်း ရှိခဲသည်။
ဝူကျန်းဝမ်၏ မေးခွန်းကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီးနောက် ဘေးတွင်ထိုင်လိုက်ကာ သူ၏ လက်ကို ဝူကျန်းဝမ်၏ ဗိုက်ပေါ်တွင် တင်လိုက်သည်။
“ဟုတ်ပါတယ်။ မင်း ဘေးခန်းမှာ တစ်ယောက်တည်း အထီးကျန်နေမှာ စိုးရိမ်လို့ အဖော်ပြုဖို့ လာခဲ့တာပါ။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က လုချန်းကို စိတ်မသက်မသာ ဖြစ်စွာ ကြည့်လိုက်သည်။
ဝူကျန်းဝမ် တစ်စုံတစ်ခု မပြောရသေးမီ လုချန်းက သူ၏ ဖိနပ်များကို ချွတ်၍ ပိုးထည်စောင်ထဲသို့ ဝင်ခြုံလိုက်သည်။ ဝူကျန်းဝမ်က အလျင်အမြန်ပင်
“မင်းကြီး။ ကျွန်မက ကိုယ်ဝန်ရှိနေတာပါ။ မင်းကြီးကို ပြုစုလို့ မရနိုင်ပါဘူး”
ထိုယောက်ျားက ဘေးအခန်း၌ ကာမဂုဏ် ပြည့်ဝမှုမရ၍ သူမထံသို့ လာရောက် လုပ်ဆောင်လိုသည်ဟု ဝူကျန်းဝမ် တွေးလိုက်မိသည်။
လုချန်းက
“ကိုယ် သိပါတယ်။ ကိုယ်က မင်းနဲ့ အတူရှိချင်ယုံပါ။ ဘာမှမလုပ်ပါဘူး။”
လုချန်း၏ စကားများကို ကြားသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ဝူကျန်းဝမ် ခံစားလိုက်ရသည်။
လုချန်းက စောင်ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ လက်မောင်းများကို ဖြန့်ကာ ဝူကျန်းဝမ်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။ ထပ်ပြီး ဘာမှ မပြောတော့ပေ။
စောစောက ကြားခဲ့ရသော ပိုင်ချင်းချင်း၏ အသံကို ဝူကျန်းဝမ် ရုတ်တရက် သတိရလိုက်သည်။
ပိုင်ချင်းချင်းသည် အရေးကြီးသည့် ကိစ္စမရှိပဲ ညသန်းခေါင်တွင် လုချန်းကို လာရောက်ရှာဖွေမည် မဟုတ်ချေ။ လုချန်း၏ ပျော်ရွှင်မှုကို လာရောက်အနှောင့်အယှက်ပေးမည် မဟုတ်ပေ။
မုယုံရွှီ၏ အခန်းမှ ထွက်ခွာပြီးနောက် လုချန်းသည် သူ၏လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်ရန် ပြန်မသွားပဲ သူမ၏အခန်းသို့ လာရောက်ခဲ့သည်။
ဘာကို ဆိုလိုသနည်း။
ယင်းက ပိုင်ချင်းချင်း လာခေါ်ရသည့် အကြောင်းအရာသည် သူမနှင့် ဆက်စပ်နိုင်သည်ဟု ဆိုလိုသည်။
ပိုင်ချင်းချင်း လာခေါ်ပြီးနောက် လုချန်းက သူမထံသို့ ရောက်လာပြီး စကားမပြောပဲ ပွေ့ဖက်ထားသည်...
ချက်ချင်းဆိုသလိုပင် အကြောင်းအရင်းကို ဝူကျန်းဝမ် ခန့်မှန်းမိလိုက်သည်။
အချိန်ကို တွက်ချက်ကြည့်လျှင် ဝူနိုင်ငံတော် ယခုအချိန်တွင် ပျက်သုဉ်းသွားလောက်ပြီ ဖြစ်သည်။
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ဝူကျန်းဝမ်က နောက်ဆုံးတွင်
“ဝူနိုင်ငံတော်ရဲ့ နေပြည်တော်ကို ဝင်ပြီးပြီလား”
လုချန်းက အသံဖျော့ဖျော့ဖြင့် “အင်း” ဟုသာ ပြန်ဖြေခဲ့သည်။
ဝူကျန်းဝမ်က ဆက်၍
“ကျွန်မရဲ့ ဖခင်ဧကရာဇ် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာလား။”
လုချန်း ချက်ချင်းပြန်မဖြေပဲ တိတ်ဆိတ်သွားခဲ့သည်။
ထိုအချိန်တွင် အိပ်ခန်းတစ်ခုလုံး အလွန်တိတ်ဆိတ်နေပြီး လူတို့၏ အသက်ရှူသံကိုပင် ကြားရနိုင်သည်။ ညင်သာသော လေပြေတစ်ချက် အခန်းထဲသို့ ဝင်လာသဖြင့် အိပ်ခန်း၏ အနီရောင်အခန်းဆီးများကို လှုပ်ခတ်သွားစေ၏။
လုချန်းက မဖြေသော်လည်း သူ၏ တိတ်ဆိတ်မှုက ဝူကျန်းဝမ်အား အဖြေကို ပေးပြီးသား ဖြစ်နေသည်။
ညသန်းခေါင်တွင် လုချန်း သူမထံသို့ ရောက်လာခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။
အချိန်အနည်းငယ်ကြာပြီးနောက် ဝူကျန်းဝမ်က
“ကျွန်မရဲ့ ဖခင်ရုပ်အလောင်းကို မင်းကြီး ဘယ်လို လုပ်ဆောင်ဖို့ စီစဉ်ထားပါလဲ။”
လုချန်းက
“ဂုဏ်သိက္ခာရှိရှိ မြှုပ်နှံပေးပါမယ်”
ဝူကျန်းဝမ်က
“ကျေးဇူးတင်ပါတယ် မင်းကြီး။”
ဝူကျန်းဝမ်က ဆက်၍
“ကျွန်မရဲ့ မောင်နှမတွေကိုကော မင်းကြီး ဘယ်လို လုပ်ဖို့ စီစဉ်ထားပါလဲ။”
လုချန်းက
“သူတို့ကို ရန်ခရိုင်ကို ပြောင်းရွှေ့ပေးပါမယ်။”
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဝူမင်းမျိုးမင်းနွယ်များ ဖြစ်သည်။ သူတို့ကို အခြားတစ်နေရာတွင် ထားပါက အခြားစိတ်ကူးများ ဝင်သွားနိုင်သည်။ သူတို့ကို ရန်ခိုင်သို့ ပြောင်းရွှေ့စေပြီး လုချန်း၏ အနီးကပ်စောင့်ကြည့်မှုအောက်တွင် ထားရှိခြင်းဖြင့်သာ ပြဿနာမရှာနိုင်အောင် ထိထိရောက်ရောက် တားဆီးနိုင်မည်။
ဝူကျန်းဝမ် လုချန်း၏ လုပ်ဆောင်မှုကို နားလည်သည်။ အခြားဧကရာဇ်သာဆိုလျှင် နိုင်ငံကျဆုံးသွားသောအခါ မင်းမျိုးမင်းနွယ်များအားလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ အသက်ချမ်းသာခွင့်ရခြင်းသည်ပင် ကြီးမားသော မျက်နှာသာပေးမှုဖြစ်သည်။ ဝူကျန်းဝမ် အနေနှင့် ကန့်ကွက်နိုင်စရာ မရှိချေ။
သူမကိုယ်တိုင်လည်း လုချန်း၏ မိန်းမဖြစ်လာခဲ့ပြီး ထိုလူငယ်၏ မျိုးစေ့ကို သူမ၏ ဝမ်းထဲတွင် လွယ်ထားရသည်။ သူမ ဘာလုပ်နိုင်ဦးမည်နည်း။ ဝူနိုင်ငံတော် ပြန်လည်ထူထောင်ရန်အတွက် တိုက်ပွဲဝင်နိုင်စွမ်း သူမမှာ မရှိတော့သည်မှာ သေချာသည်။
ထို့နောက် နှစ်ယောက်စလုံး နောက်တစ်ကြိမ် အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ကြသည်။
လုချန်း တွေးခဲ့သလိုပင် ဝူကျန်းဝမ်သည် ဝူဧကရာဇ်ကို သံယောဇဉ် နည်းပါးသော်လည်း ဘာပဲဖြစ်ဖြစ် သူမသည် ဝူဧကရာဇ်၏ အကြီးဆုံးသမီးဖြစ်ပြီး ဝူနိုင်ငံတော်သည် သူမ၏ မွေးရပ်မြေဖြစ်သည်။ ယခုအခါတွင် သူမ၏ဖခင် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပြီး မွေးရပ်မြေလည်း သိမ်းပိုက်ခံရသည်။ သူမ၏ညီအစ်ကိုမောင်နှမများလည်း အကျဉ်းချထားခံရသည်။ သူမ၏ နှလုံးသားထဲတွင်တော့ လျော့ပါးမသွားသည့် မသက်မသာ ခံစားမှုများ ရှိနေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် လုချန်းက ဝူကျန်းဝမ်၏ နားနားသို့ ကပ်၍
“အခုကစပြီး ရှနိုင်ငံတော်က မင်းရဲ့ အိမ်ပဲ။”
ဝူကျန်းဝမ် ဘာမှ မပြောတော့ပေ။ သူမ၏ ဦးခေါင်းကို လုချန်း၏ ရင်ဘတ်ပေါ်တွင် သာ မှီထားလိုက်သည်။
စိတ်ဓာတ်ခိုင်မာသော မိန်းမတစ်ဦးဖြစ်သည့်အားလျော်စွာ သူမ မျက်ရည်မကျခဲ့ချေ။ သို့သော် နက်ရှိုင်းသော ဝမ်းနည်းမှု တစ်ခုကိုတော့ သူမခံစားနေရသည်။
ဝူကျန်းဝမ် စကားမပြောတော့သည်ကို မြင်သောအခါ လုချန်း နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင် သူမကို နှစ်သိမ့်စကားများ ပြောဆိုလိုခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ သူသည် ဝူကျန်းဝမ်၏ မိခင်နိုင်ငံကို အောင်နိုင်ခဲ့သည်။ သူမကို နှစ်သိမ့်ပြီး စိတ်မကောင်းမဖြစ်ဖို့ ပြောဆိုခြင်းသည် အလွန်ဝါကြွားလွန်းရာ ရောက်မည်။
ဝူကျန်းဝမ် ဖြည်းဖြည်းချင်း စိတ်သက်သာရာရစေရန်သာ သူလုပ်ဆောင်ပေးနိုင်ပေသည်။ သူမ မကြာမီ ပြန်ကောင်းလာမည်ဟု သူ ယုံကြည်နေသည်။
ထိုအချိန်တွင် ဝူကျန်းဝမ်က ရုတ်တရက်
“ရှင်က ကျွန်မရဲ့ နိုင်ငံကို သိမ်းပိုက်ခဲ့တယ်။ ကျွန်မ ရှင်ရဲ့ ကလေးကို မွေးပြီးရင် နေ့တိုင်း ရိုက်မယ်။”
ထိုစကားကို ကြားသောအခါ လုချန်းက မချိပြုံးတစ်ခု ပြုံးလိုက်သည်။ သူက
“အဲ့ဒါက မင်းကိုနေလို့ ပိုကောင်းစေမယ်ဆိုရင် ရိုက်ပါ။ သေအောင်တော့ မရိုက်နဲ့ပေါ့။”
ထိုစကားကို ကြားသောအခါ ဝူကျန်းဝမ်က “ကိုယ့်ကလေးကိုတောင် မကာကွယ်ပေးဘူး။ မင်းကြီးက တကယ်ကို ရက်စက်တယ်။”
လုချန်းက ဝူကျန်းဝမ်၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်း သူမ၏ နားထဲသို့
“ကိုယ် ရက်စက်တယ် မရက်စက်ဘူးဆိုတာကို မင်း အသိဆုံး ဖြစ်သင့်တယ်။”
ဝူကျန်းဝမ် ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူမက
“အခု မင်းကြီးက ဝူနိုင်ငံတော်ကို သိမ်းပိုက်ပြီးပြီဆိုတော့ နောက်တစ်လှမ်းက ကျူးနိုင်ငံတော်လား။”
“တလောက ချင်ရို့ လွင်ပြင်ဒေသမျိုးနွယ်စုတွေကို တိုက်ဖို့ ကျူးတပ်တွေကို ဦးဆောင်သွားတယ်လို့ ကျွန်မကြားတယ်။ ကျူးနိုင်ငံတော်ကြီး အခု ဘယ်လို အနေအထားရှိနေမလဲ မသိဘူး။”
ဝူကျန်းဝမ်၏ သတင်းရင်းမြစ်များသည် လုချန်း၏ သတင်းရင်းမြစ်များလောက် မစုံပေ။ အခြားနိုင်ငံများတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ သူမ၏နားထဲသို့ ချက်ချင်းမရောက်နိုင်ပေ။
လုချန်းက
“ယွဲ့ဧကရာဇ်က လွင်ပြင်ဒေသမျိုးနွယ်စု နတ်ဘုရားမနဲ့ မဟာမိတ်ဖွဲ့ထားတယ်။ လွင်ပြင်ဒေသမျိုးနွယ်စုတွေကိုလည်း ကျူးနိုင်ငံတော်ထဲ တစ်ပေါင်းတည်း ထည့်လိုက်ပြီ။ ယွဲ့ဧကရာဇ်က ကျူးဧကရီအဖြစ် ရှိနေပြီး လွင်ပြင်ဒေသမျိုးနွယ်စု နတ်ဘုရားမကတော့ ကျူးနိုင်ငံတော်ရဲ့ နိုင်ငံတော် ပညာရှိ ဖြစ်လာတယ်။”