← Chapters

ထူးခြားသော အငွေ့အသက်

Vol. 55 Ch. 817

ထူးခြားသော အငွေ့အသက်

Vol. 55 Ch. 817

လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ် မယုံနိုင်အောင် ဖြစ်သွား၏။ သူမ၏ အချစ်ရဆုံး သူငယ်ချင်းသည် လွင်ပြင်ဒေသ မျိုးနွယ်စုများအား တိုက်ခိုက်ရန် စစ်ချီသွားခဲ့ခြင်း ဖြစ်ပါလျက် အဘယ်ကြောင့် မဟာမိတ်ဖွဲ့ကာ အဆုံးသတ်သွားခဲ့ရသနည်း။

ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ရန်သူတော်ကြီးများ ဖြစ်ကြသည်။ ကျူးနိုင်ငံတော် စတင်တည်ထောင်ချိန်မှစ၍ လွင်ပြင်ဒေသ မျိုးနွယ်စုများက စစ်တပ်ကြီးများ ဖွဲ့ကာ ကျူးနိုင်ငံတော်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။

ကျူးနိုင်ငံတော်သားများနှင့် လွင်ပြင်ဒေသ မျိုးနွယ်စုများကြားတွင် နက်ရှိုင်းသော အမုန်းတရားများ ရှိနေကြသည်။ လွင်ပြင်ဒေသ မျိုးနွယ်စုများ ဟူသော စကားကို ကြားရုံနှင့်ပင် ကျူးနိုင်ငံသားတို့ အံကြိတ်တတ်ကြသည်။

သို့သော်ယခု သူတို့က ပြန်လည်သင့်မြတ်သွားခဲ့ကြပြီ။

ထိုမျှပင် မကသေး လွင်ပြင်ဒေသ မျိုးနွယ်စုများသည် ကျူးနိုင်ငံတော်၏ အစိတ်အပိုင်းပင် ဖြစ်လာခဲ့ကြသည်။ သူတို့၏ နတ်ဘုရားမက ကျူးနိုင်ငံတော်၏ နိုင်ငံတော်ပညာရှိ ပင် ဖြစ်လာခဲ့သည်။

ဝူကျန်းဝမ် စကားမပြောနိုင် ဖြစ်နေသည်ကို မြင်သောအခါ လုချန်းက

“မင်းလည်း မယုံနိုင်ဘူး မဟုတ်လား။”

“အဲ့ဒီထောက်လှမ်းရေး အစီရင်ခံစာကို စရတုန်းက ကိုယ်လည်း မယုံနိုင်ခဲ့ပေဘူး။ ဒါပေမဲ့ အဲ့ဒါက တကယ်ဖြစ်ခဲ့တာ။”

ဝူကျန်းဝမ်က

“ဒါဆို ကျူးနိုင်ငံတော်မှာ လွင်ပြင်ဒေသ မျိုးနွယ်စုတွေရဲ့ နည်းဗျူဟာ ပုံစံတွေ ရှိနေပြီပေါ့။”

လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နည်းဗျူဟာ ပုံစံများသည် ကောင်းကင်လူသား စွမ်းအားရှင်များကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြောင်း လုချန်း သူမအား ပြောပြဖူးသည်ကို ပြန်လည် အမှတ်ရမိသည်။

ယခုအခါ ကျူးနိုင်ငံတော်က လွင်ပြင်ဒေသ မျိုးနွယ်စုများနှင့် တစ်ဖွဲ့တည်းဖြစ်သွားပြီး လွင်ပြင်ဒေသ နတ်ဘုရားမကလည်း ကျူးဧကရာဇ်နှင့် မဟာမိတ်ဖွဲ့လိုက်ခြင်းကြောင့် ကျူးနိုင်ငံတော် စစ်တပ်သည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ နည်းဗျူဟာ ပုံစံများကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ဖြစ်ပါက ရှနိုင်ငံတော်အနေနှင့် ကျူးနိုင်ငံတော်ကို ဖျက်ဆီးရန် အလွန်ခက်ခဲပေလိမ့်မည်။

လုချန်းက

“သူလျှိုတွေရဲ့ အစီရင်ခံစာအရတော့ ကျူးစစ်တပ်က လွင်ပြင်ဒေသ မျိုးနွယ်စု နတ်ဘုရားမ ပေးတဲ့ နည်းဗျူဟာ ပုံစံတွေကို လေ့ကျင့်နေကြပြီ။”

“ဒါပေမဲ့ သူတို့ ကောင်းကင်လူသား စွမ်းအားရှင်တွေကို တကယ်ပဲ ရင်ဆိုင်နိုင်မလားဆိုတာကတော့ တကယ့် တိုက်ပွဲရောက်မှပဲ သိရမယ်။”

လုချန်း၏ စကားကို ကြားပြီးနောက် ဝူကျန်းဝမ် ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။

ထိုအခိုက်တွင် လုချန်း၏ အခြားလက်တစ်ဖက်က ဝူကျန်းဝမ်၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း

“ယွဲ့ဧကရာဇ်နဲ့ ကိုယ့်ကြားမှာ မင်းအတွက် ခက်ခဲနေတယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ယွဲ့ဧကရာဇ်နဲ့ ကိုယ့်ရဲ့အရေး ကိစ္စတွေကို မင်း စိုးရိမ်မနေပါနဲ့တော့။ ကျူးနိုင်ငံတော် ကျဆုံးသွားခဲ့ရင်တောင်မှ သူအသက်ရှင်အောင် ကိုယ်လုပ်ပေးမယ်လို့ မင်းကို ကတိပေးပါတယ်။”

ယွဲ့ဧကရာဇ်လည်း ဝူဧကရာဇ်ကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်သွားမည်လား ဆိုတာကိုတော့ လုချန်း မသေချာပေ။ သို့သော် ယွဲ့ဧကရာဇ်က ထိုသို့ ပြုမူသည်ဖြစ်စေ မပြုမူသည်ဖြစ်စေ ဝူကျန်းဝမ်၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သောကြောင့် သူမကို အသက်ရှင်အောင် ထားရန် နည်းလမ်းရှာဖွေရမည်။

ယခု ဝူကျန်းဝမ်၏ ဇာတိ‌မြေ သိမ်းပိုက်ခံလိုက်ရပြီး သူမ၏ ဖခင်သည်လည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီ ဖြစ်သဖြင့် ယွဲ့ဧကရာဇ်သည် သူမ၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်သည့်အပြင် သူမ၏ တစ်ဦးတည်းသော အားကိုးရာလည်း ဖြစ်သည်။

အကယ်၍ ယွဲ့ဧကရာဇ်ပါ တစ်ခုခု ဖြစ်သွားခဲ့ပါက ဝူကျန်းဝမ် အကြီးအကျယ် ဝမ်းနည်းသွားနိုင်သည်။

လုချန်းသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူ ဂရုစိုက်သော အမျိုးသမီးတစ်‌ယောက် ပူဆွေးနေသည်ကို မမြင်လိုပေ။

လုချန်း၏ အာမခံချက်ကို ကြားပြီးနောက် ဝူကျန်းဝမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျေးဇူးပါပဲ မင်းကြီး”။

သူမ ပြောလိုက်ပြီးသည်နှင့် ဝူကျန်းဝမ်၏ လက်များသည် လုချန်း၏ ခါးကို အလိုလို သိုင်းဖက်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးလည်း လုချန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

ထို့နောက်တွင် နှစ်ဦးသား တိတ်ဆိတ်စွာပင် တစ်ဦးကို တစ်ဦး ပွေ့ဖက်၍ နေကြသည်။

…….

နောက်တစ်နေ့။

မနက်စောစော၌ လုချန်း နိုင်ငံရေးရာ ခန်းမသို့ ရောက်သွားသည်။

ဝူကျန်းဝမ်နှင့် အချိန်ပို၍ ကုန်ဆုံးလိုသော်လည်း ဝူနိုင်ငံတော်ကို သိမ်းပိုက်ပြီးနောက် ဝူနိုင်ငံတော်၏ နယ်မြေများကို အုပ်ချုပ်ခြင်းက အရေးကြီးသော ကိစ္စတစ်ရပ် ဖြစ်သည်။ ယနေ့ နန်းတွင်း အစည်းအဝေးက အလွန်အရေးကြီးသောကြောင့် သူ ဝူကျန်းဝမ်နှင့်အတူ အိပ်ရာထဲတွင် နေ၍ မဖြစ်ချေ။

မနက်အစောပိုင်းတွင်ပင် ရန်ခရိုင်ရှိ အရာရှိများလည်း နိုင်ငံရေးရာ ခန်းမသို့ မဝင်မီ ဝူနိုင်ငံတော် ပျက်သုန်းသွားပြီ ဖြစ်ကြောင်း ကြားသိခဲ့ကြရသည်။ ဝန်ကြီးများ အားလုံး စိတ်လှုပ်ရှားနေကြသည်။ ရှနိုင်ငံတော်သည် ကြီးမားသော နယ်မြေတစ်ခုကို ရုတ်တရက် ရရှိလိုက်ခြင်းကြောင့် သူတို့ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာ ရှိလာခဲ့ကြသည်။

မူမတ်အများစုအတွက် ၎င်းသည် ကြီးမားသော အခွင့်အရေး ဖြစ်သည်။ ဝူနိုင်ငံတော်၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စအချို့ကို ကောင်းစွာ စီမံခန့်ခွဲနိုင်ပါက ရာထူးတိုးမြှင့်ခံရရန် အခွင့်အရေး အခိုင်အမာ ရှိနေသောကြောင့် အရာရှိ အများစု စိတ်လှုပ်ရှားနေခဲ့ကြသည်။

ယနေ့ နန်းတွင်း အစည်းအဝေးကို လုချန်း ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဝူနိုင်ငံတော်အား အုပ်ချုပ်ရေးကို အဓိကထား၍ ဆွေးနွေးခဲ့ကြသည်။

တစ်ရက်တာ ဆွေးနွေးပြီးနောက် ဝူနိုင်ငံတော်အတွက် အုပ်ချုပ်ရေး အစီအမံကို နောက်ဆုံးတွင် သတ်မှတ်နိုင်ခဲ့ကြသည်။ ထိုအစီအမံက လုချန်း မူလက စိတ်ကူးထားသည်နှင့် အလွန်နီးစပ်နေသည်။ ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုနှင့် နယ်စားများကို ရန်ခရိုင်သို့ ရွှေ့ပြောင်းစေရမည်။ အာဏာရှိ မိသားစုများအတွက်မူ ကိုင်တွယ်ဖြေရှင်းသင့်သောသူများကို ကိုင်တွယ်ဖြေရှင်းမည်။

ရှနိုင်ငံတော်မှ အရာရှိအများအပြားကို ဝူနိုင်ငံတော်သို့ ဒေသဆိုင်ရာ အရာရှိများအဖြစ် ခန့်ထားရန် စေလွှတ်မည်။

သို့သော် ဒေသခံ ပြည်သူလူထု၏ ခုခံမှုများကို လျှော့ချနိုင်ရန် ဝူနိုင်ငံတော်မှ အချို့ အရာရှိများကို ဒေသဆိုင်ရာ အရာရှိများအဖြစ် ဆက်လက် ခန့်အပ်ထားမည် ဖြစ်သည်။ နှစ်နှစ်အကြာတွင် ဝူနိုင်ငံတော် နယ်မြေ၌ နန်းတွင်း စာမေးပွဲ ကျင်းပရန်လည်း လုချန်း စဉ်းစားထားသည်။ ထိုစာမေးပွဲ အောင်မြင်သူများသည် အရာရှိများ ဖြစ်လာရန် အခွင့်အရေး ရရှိကြမည် ဖြစ်သည်။

အပြစ်သား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမျိုးကတော့လုချန်း၏ အစီအစဉ်တွင် မပါဝင်ပေ။ နိုင်ငံရေး ပြဿနာများကြောင့် ထောင်ချခံထားရသူများကိုသာ လွှတ်ပေးရန် ရည်ရွယ်ပြီး ဆိုးယုတ်သော ပြစ်မှုများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်သားများကိုမူ ရှနိုင်ငံတော်၏ ဥပဒေများနှင့်အညီ ကိုင်တွယ်ဖြေရှင်းပေမည်။

ဝူနိုင်ငံတော် အုပ်ချုပ်ရေး အစီအစဉ်ကို ဆုံးဖြတ်ပြီးနောက် ရှနိုင်ငံတော်၏ အရာရှိများ အားလုံးလည်း သူတို့၏ တာဝန်အသစ်များနှင့် အလုပ်ရှုပ်သွားကြတော့သည်။

……..

တစ်လအကြာတွင်...

ရန်ခရိုင်အပြင်ဘက်တွင် ကြီးမားသော မြင်းရထားတန်းကြီတစ်ခု ပေါ်လာသည်။

ထိုမြင်းရထားများပေါ်တွင် ထိုင်နေသူများမှာ ဝူနိုင်ငံတော်၏ တော်ဝင် မိသားစုဝင်များ ဖြစ်ကြသည်။

ဝူနိုင်ငံတော်က အလံဖြူတင် အညံ့ခံခဲ့သော်လည်း ရှစစ်တပ်ထံသို့ အညံ့ခံခဲ့ခြင်း သာဖြစ်သည်။ ရန်ခရိုင်သို့ ရောက်ရှိလာသည်နှင့် ဝူနိုင်ငံတော်မှ ကိုယ်စားလှယ်များသည် ရှနိုင်ငံတော်၏ ပြည်သူလူထုရှေ့တွင် လက်နက်ချ အခမ်းအနားကို ထပ်မံပြုလုပ်ရမည် ဖြစ်ပြီး လုချန်းထံ သစ္စာခံကြရမည် ဖြစ်သည်။

ဝူကျန်းဝမ်ကတော့ ထိုမြင်ကွင်းကို မမြင်လိုခဲ့သော်လည်း နောက်ဆုံးတွင်မူ ခံနိုင်ရည်ရှိရှိဖြင့် လုချန်းနှင့်အတူ မြို့အပြင်ဘက်သို့ လိုက်ပါလာခဲ့သည်။

မကြာမီပင် လုချန်း၏ ခမ်းနားသော မြင်းရထားသည် ရန်ခရိုင်အပြင်ဘက်သို့ ရောက်ရှိလာသည်။

ထိုခမ်းနားသော ရထားကြီးကို မြင်လိုက်ရသောအခါ ဝူ တောင်ဝင် မိသားစုဝင်များ အားလုံး၏ စိတ်နှလုံးများ တင်းကြပ်လာကြသည်။

ဆွမ်ဧကရာဇ်က သူတို့၏ အသက်ကို ချမ်းသာပေးမည်ဟု ကတိပြုထားသော်လည်း ထိုကတိကို ပြန်လည်ရုပ်သိမ်းသွားမည်လား ဆိုသည့် သံသယကိုတော့ မည်သူမှ မဖယ်နိုင်ကြသေးပေ။

ထို့ပြင် “ဧကရာဇ် တစ်ပါးသည် ကတိမဖျက်” ဟူသော စကားပုံသည် ကြီးမားသော အာဏာရှိသည့် ဧကရာဇ်တစ်ပါးနှင့် မသက်ဆိုင်ပေ။

ထို့ပြင် ဆွမ်ဧကရာဇ်တွင် မည်သူမှ သတိမပြုမိပဲ သူတို့အား ဖယ်ရှားနိုင်သည့် နည်းလမ်းများစွာ ရှိသည် မဟုတ်ပါလား။

ထိုအခိုက်တွင် ကိုယ်ရံတော်တပ်မှူးက မြင်ရထားဘေးမှ အော်လိုက်သည်။

“မင်းကြီး ရောက်ရှိပါပြီ”။

သူ၏ အသံ တိတ်ဆိတ်သွားသည်နှင့် တပြိုင်နက် အနားတွင် ရှိနေသည့် သာမန် ပြည်သူလူထု အားလုံးနှင့် မြို့ရိုးပေါ်ရှိ စစ်သားများ အပါအဝင် အားလုံးက ဂါရဝပြုရန် ဒူးထောက်လိုက်ကြသည်။

“မင်းကြီးကို ဂါရဝပြုပါတယ်။ သက်တော်ရာကျော် ရှည်ပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ။”

လူတို့၏ ဂါရဝပြုသံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး အချိန်အကြာကြီး လွင့်ပျံနေခဲ့သည်။

ဤအချိန်တွင် ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုဝင်များလည်း ဒူးထောက်လိုက်ကြသည်။

လုချန်းသည် ဝူနိုင်ငံတော်၏ တော်ဝင် မိသားစုဝင်များကို လှမ်းကြည့်လိုက်ပြီး မကြာမီတွင်ပင် ထိုအထဲ၌ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ဝူနိုင်ငံတော်၏ မင်းသား ဝူမင်းသည် လုချန်း၏ အကြည့်ကို ခံစားလိုက်ရပြီး ကြောက်လန့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။

လုချန်းကမူ ခပ်ဖွဖွ ပြုံးလိုက်ပြီး ဝူမင်းကို တစ်စုံတစ်ရာ ပြောဆိုခြင်း မပြုပေ။

ထို့နောက် လုချန်းက

“ထကြပါ”

ချက်ချင်းပင် လူများ၏ အသံများ မြင့်တက်လာပြန်သည်။

“မင်းကြီးကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။

ဝူဟယ်သည် သစ်သားဗန်းတစ်ခုကို ကိုင်ဆောင်၍ လုချန်းဆီသို့ ချက်ချင်း လျှောက်လာခဲ့သည်။ ဗန်းပေါ်တွင် နန်းတွင်းတံဆိပ်နှင့် အညံ့ခံ စာတမ်းတို့ ပါရှိသည်။ သူက လုချန်းနားသို့ ချဉ်းကပ်လာပြီး‌နောက် ဒူးထောက်လိုက်ကာ အသံကျယ်ကျယ်ဖြင့်

“အပြစ်ရှိသော ကျွန်တော်ဝူဟယ် မင်းကြီးကို ဂါရဝပြုပါတယ်။”

လုချန်း သူ့အား ထခိုင်းရန် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် ဝူဟယ်ထံမှ မကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေသည်ဟု သူ ခံစားလိုက်ရသည်။

ပို၍ တိတိကျကျ ဆိုရလျှင် သူ၏ နဖူးပေါ်တွင် မကောင်းသော အငွေ့အသက်တစ်ခု ရှိနေခြင်း ဖြစ်သည်။

ထို့နောက် အခြားတော်ဝင် မိသားစုဝင်များအား လုချန်း ကြည့်လိုက်သည်။ တော်ဝင်မိသားစုဝင် အားလုံးတွင် ထိုမကောင်းသော အငွေ့အသက် မရှိပဲ အချို့တွင်သာ ရှိနေသည်။ ထိုသူများသည် ဝူဧကရာဇ် သားသမီး အရင်းများ ဖြစ်ကြသည်။

ထို့ပြင် သူတို့တွင် နောက်ထပ် တူညီသော အချက်တစ်ချက် ရှိနေသေးသည်။ သူတို့ အားလုံး၏ နဖူးတွင် အမှတ်အသားတစ်ခု ရှိနေခြင်း ဖြစ်သည်။

လုချန်း မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာ မမှန်ကန်ကြောင်း ခံစားလိုက်ရသည်။

လုချန်းက ဝူဟယ်ကို ထခိုင်းခြင်း မရှိသည်ကို မြင်သောအခါ အနားရှိ လူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ လုပ်ထုံးလုပ်နည်းအရ လုချန်းသည် ဝူဟယ်၏ ဂါရဝပြုမှုကို လက်ခံသင့်ပြီး ဝူ တော်ဝင်မိသားစုကို ရှနိုင်ငံတော်၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်သင့်သည်။

လူတို့က စဉ်းစားမိလိုက်ကြသည်။ ဆွမ်ဧကရာဇ် စိတ်ပြောင်းနေပြီလား။ ထို့ကြောင့် ဝူဟယ်၏ လက်ထဲမှ နန်းတွင်းတံဆိပ်နှင့် အညံ့ခံစာတမ်းကို မယူသေးခြင်း ဖြစ်သလား။

အချိန်အတော်ကြာပြီးနောက်တွင် နောက်ဆုံးတော့ လုချန်းက

“ဝူ လူကြီးမင်း ထပါ။”

ထိုစကားကို ကြားသောအခါ ဝူဟယ်နှင့် ဝူ တော်ဝင်မိသားစုဝင်များ အားလုံး သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြသည်။ လုချန်း နောင်တရသွားသည်ဟု သူတို့ ထင်မှတ်ခဲ့ကြသည်။

ထို့နောက် လုချန်းက ဝူဟယ်၏ ဗန်းပေါ်မှ ဝူနိုင်ငံတော်၏ နန်းတွင်းတံဆိပ်ကို ကောက်ယူလိုက်ပြီး ကြည့်လိုက်သည်။ ထို့နောက် ဝူနိုင်ငံတော်၏ အညံ့ခံစာတမ်းကို ယူ၍ ဖတ်ကြည့်လိုက်သည်။

တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မတွေ့ရသောအခါ လုချန်းက

“ဒီနေ့ကစပြီး ဝူမိသားစုဟာ ရှနိုင်ငံတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပါပြီ။ ခင်ဗျားတို့အားလုံး ရှနိုင်ငံတော်ထဲကို အမြန်ဆုံး ဝင်ဆံ့နိုင်ပြီး ဘဝသစ်တစ်ခုကို စတင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။”

ထိုစကားများကို ကြားသောအခါ ဝူ‌တော်ဝင်မိသားစုဝင်များက

“ကျေးဇူးတော်ပါ မင်းကြီး”

ဟုဆိုကာ တစ်ဖန် ဒူးထောက်လိုက်ကြသည်။

All Chapters