အရာရာတိုင်း အကောင်းဘက်သို့ ဦးတည်ပါစေ
Vol. 55 Ch. 818
လက်နက်ချ အခမ်းအနား ပြီးဆုံးသည့်နောက် ဝူဟယ်နှင့် ဝူမိသားစုဝင်များကို သီးခြားနေရာတစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။
ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်တစ်ဦးဖြစ်သည့် ဝူကျန်းဝမ်သည် နောက်ဆုံးတွင် သူမ၏ မောင်နှမများကို သွားရောက်တွေ့ဆုံရန် ရွေးချယ်ခဲ့သည်။ မောင်နှမများနှင့် ပြန်လည်ဆုံဆည်းသောအခါ သူမ၏ မင်းသမီး ညီအစ်မများ မချိမတင်ကဲ ငိုကြွေးကြသည်။
ဝူဟယ်နှင့် တခြားမင်းသားများကတော့ စိတ်ထဲတွင် အလွန်တုန်လှုပ်နေကြသည်။ အတိတ်တုန်းက သူတို့သည် ဝူကျန်းဝမ်ကို ဝူနိုင်ငံတော်မှ မောင်းထုတ်ရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် ရန်ခရိုင်သို့ ပို့ဆောင်နိုင်ခဲ့သည်။
ထိုသို့ပို့ဆောင်နိုင်ခဲ့သည့် ဝူကျန်းဝမ်က ယခုအခါ ရှနိုင်ငံတော်၏ မိဖုရားကြီး ဖြစ်နေခဲ့ပြီး သူတို့အားလုံးကတော့ အကျဉ်းသားများ ဖြစ်နေကြကာ တစ်သက်လုံး ရန်ခရိုင်တွင် အချုပ်ခံရဖွယ် ရှိနေသည်။
ဝူကျန်းဝမ်သည် မင်းသားများကို လှောင်ပြောင်ခြင်း မပြုခဲ့ပေ။ ဝူနိုင်ငံတော် မရှိတော့သည့်အတွက် သူတို့၏ ဆက်ဆံရေးတွင်လည်း ပြိုင်ဆိုင်မှု မရှိတော့ပေ။ ဤအချက်ကို ဝူကျန်းဝမ်၏ စိတ်ထဲမှ လက်ခံထားပြီး ဖြစ်သည်။
ဝူကျန်းဝမ်သည် ဝူမင်းမျိုးမင်းနွယ်များ နေထိုင်ရာ နေရာတွင် တစ်နေကုန်နီးပါး နေထိုင်ခဲ့ပြီး ညနေပိုင်းမှသာ နန်းတော်သို့ ပြန်ခဲ့သည်။
သူမ၏ ကိုယ်ပိုင်အဆောင်သို့ ရောက်ရှိသောအခါ အတွင်း၌ စောင့်နေသည့် လုချန်းကို တွေ့လိုက်ရသည်။ သူမ ပြန်လာသည်ကို မြင်သောအခါ လုချန်းက
“မင်းရဲ့ မောင်နှမတွေက မင်းကို အငြိုးအတေး မထားကြပါဘူးနော်။”
ယခုအခါတွင် ဝူကျန်းဝမ်သည် ရှနိုင်ငံတော်၏ မိဖုရားကြီး ဖြစ်နေပြီဖြစ်ပြီး ဝူနိုင်ငံတော်၏ တော်ဝင်မိသားစုဝင်များသည် အကျဉ်းသားများဖြစ်နေသောကြောင့် ထိုမိသားစုဝင်များ၏ စိတ်ထဲတွင် ဝူကျန်းဝမ် အပေါ် မလိုမုန်းထားမှုများ ဖြစ်ပေါ်လာနိုင်သည်။
ကျန်းဝမ်က
“အပြင်ပန်းတော့ မရှိပါဘူး။ အခု ကျွန်မက ရှနိုင်ငံတော်ရဲ့ မိဖုရားကြီး ဖြစ်နေတဲ့အတွက် သူတို့ မုန်းတီးနေရင်တောင် အဲဒါကို အပြင်ပန်းမှာ ထုတ်ပြလို့ မရဘူးလေ။”
မိဖုရားကြီး၏ အဆင့်အတန်းသည် လူတိုင်း မြင်တွေ့နေရသည့် အဆင့်ဖြစ်သည်။ ထိုမိသားစုဝင်များ ဉာဏ်မရှိပါက ဝူကျန်းဝမ်၏ စကားအနည်းငယ်ဖြင့်ပင် သူတို့၏ အသက်များ စွန့်လွှတ်ရနိုင်သည်။
ထို့ကြောင့် ဝူနိုင်ငံတော်ကို သစ္စာဖောက်သည်ဟု စွပ်စွဲကာ ဝူကျန်းဝမ်ကို စိတ်ထဲက မည်မျှပင် မုန်းတီးနေကြပါစေ ထိုအရာကို ပေါ်ပေါ်တင်တင် ပြောဆိုမည်မဟုတ်ပေ။ ပြုံးလျက်သာ နှုတ်ဆက်ကြပေလိမ့်မည်။
ထိုအချိန်တွင် လုချန်းက ဝူကျန်းဝမ်ထံ လျှောက်လာကာ သူမ၏ သွယ်လျသော ခါးကို ဖက်လိုက်ကာ အိပ်ယာပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။ ထိုသို့ လျှောက်လာရင်း
“လက်နက်ချ အခမ်းအနားမှာ ဝူ မင်းမျိုးမင်းနွယ် တချို့ရဲ့ နဖူးတွေမှာ အမှတ်အသားတွေ ရှိနေတာကို ကိုယ် သတိထားမိတယ်။ အဲ့ဒီ အမှတ်အသားတွေက ဘယ်ကလာတယ်ဆိုတာ မင်းသိလား။”
“ဝူမင်း ရန်ခရိုင်ကို နှစ်ခါလာခဲ့တာကို ကိုယ် မှတ်မိတယ်။ အရင်တုန်းက သူ့နဖူးမှာ အဲဒီလို အမှတ်အသားမျိုး မရှိခဲ့ဘူး။”
လုချန်း၏ စကားကို ကြားသောအခါ ဝူကျန်းဝမ်လည်း သတိရလာသည်။ သူမ၏ မောင်နှမများကို သွားရောက်တွေ့ဆုံစဉ်ကလည်း သူတို့၏ နဖူးများတွင် အမှတ်အသားများ ရှိနေသည်ကို သတိထားမိသည်။ ထို့ပြင် ထိုအမှတ်အသားများသည် ဝူနိုင်ငံတော်၏ တော်ဝင်မိသားစု အမှတ်အသား ဖြစ်သည်။ ထိုအချိန်တုန်းကတော့ ထိုအကြောင်းကို မေးမြန်းမိခဲ့ခြင်း မရှိပေ။
ဝူကျန်းဝမ်က
“ကျွန်မလည်း သတိထားမိပါတယ်။ အဲဒီအမှတ်အသားတွေကို သူတို့ရဲ့ နဖူးပေါ်မှာ အခုမှ ထိုးထားခဲ့ကြတာ ဖြစ်ရမယ်။”
လုချန်းသည် ဖျော့တော့စွာ ပြုံးပြီး
“ထိုးထားတာ ဟုတ်ရဲ့လား။ အဲဒီလောက် ရိုးရှင်းတယ်လို့တော့ ကိုယ် မထင်ဘူး။”
ဝူကျန်းဝမ် ဇဝေဇဝါ ဖြစ်သွားသည်။
“အဲဒါ မဟုတ်ရင် အခြားဖြစ်နိုင်မှာလဲ။ သံပူနဲ့ နှိပ်ထားတာလား။”
မည်သို့ပင်ဆိုစေ သူတို့သည် ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်များ ဖြစ်ကြသည်။ သံပူနှိပ်ခြင်းကဲ့သို့သော နှိပ်စက်သည့် အရာများကို အသုံးပြု၍ အမှတ်အသားများ ပြုလုပ်မည်မဟုတ်ပေ။
လုချန်းက
“ကိုယ်လည်း မသိပေမဲ့ သူတို့ရဲ့ နဖူးက အမှတ်အသားတွေမှာ တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်။”
သူက ပြောနေရင်း ဝူကျန်းဝမ်ကို ရင်ခွင်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း ထိုင်ချပြီး သူမကို သူ၏ ပေါင်ပေါ်သို့ တင်လိုက်သည်။
လုချန်း၏ သံသယကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်ခုံးများသည် အနည်းငယ် တွန့်သွားပြီး
“မင်းကြီး ဘာတွေများ ရှာတွေ့ခဲ့တာလဲ။”
ခဏမျှ စဉ်းစားပြီးနောက် လုချန်းက
“ဒီနေ့ ကိုယ် နန်းတွင်းတံဆိပ်တော်ကို လက်ခံတဲ့အခါတုန်းက သူတို့ရဲ့ နဖူးတွေကနေ အမှောင် စွမ်းအင်တစ်မျိုး ထွက်နေသလိုမျိုး ခံစားရတယ်။ ဒီအရာက အဲ့ဒီအမှတ်အသားတွေ ရှိတဲ့သူတွေမှာပဲ ရှိနေတာ။”
ဒါက...
ဝူကျန်းဝမ် အတွေးထဲ နစ်မြောသွားသည်။
ထိုအမှတ်အသားများ မည်သို့ ပေါ်ပေါက်လာသည်ကို သူမမသိသလို ၎င်းတို့၏ ရည်ရွယ်ချက်ကိုလည်း မသိပေ။ တော်ဝင်မိသားစုဝင်များ၏ နဖူးပေါ်တွင် ဝူနိုင်ငံတော် တော်ဝင်မိသားစု အမှတ်အသားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူတို့၏ မူရင်း ဘဝကို အမြဲတမ်း သတိရနေစေရန် ရည်ရွယ်ထားသော နည်းလမ်းတစ်ခုဟု အစက ဝူကျန်းဝမ် ထင်ခဲ့သည်။
ယခု လုချန်း၏ စကားကို ကြားသောအခါမှ ထိုအမှတ်အသားများတွင် အခြား ရည်ရွယ်ချက်တစ်ခု ရှိနိုင်သည်ဟု ခံစားမိသည်။ သို့သော် ထိုအရာက ဘာလဲဆိုသည်ကိုတော့ မသေချာပေ။
လုချန်းက
“ဖြစ်နိုင်တာက မင်းရဲ့ ဖခင်ဖြစ်တဲ့ ဧကရာဇ် နတ်ရွာမစံခင်က သူတို့တစ်တွေကို တစ်ခုခု လွှဲအပ်ခဲ့တာ ဖြစ်နိုင်တယ်။”
ခဏမျှ စဉ်းစားပြီးနောက် ဝူကျန်းဝမ်က “မနက်ဖြန်ကျရင် ကျွန်မ မင်းသမီးတစ်ယောက်ကို နန်းတော်ကို ခေါ်လာပြီး သူရဲ့ နဖူးက အမှတ်အသားက ဘာလဲဆိုတာကို မေးပါမယ်။”
လုချန်း၏ အာရုံကို ဖမ်းစားခဲ့သည့် အမှတ်အသားဖြစ်သည့်အတွက် သာမန် အမှတ်အသားတစ်ခုတော့ မဟုတ်ပေ။ အထူးရည်ရွယ်ချက် တစ်ခုခု ရှိနိုင်သည်ဟု ဝူကျန်းဝမ် သံသယရှိလာသည်။
ဝူနိုင်ငံတော်၏ မင်းမျိုးမင်းနွယ်များ ရန်ခရိုင်၌ ပြဿနာများ ဖြစ်စေမည်ကို သူမ စိုးရိမ်သည်။ သူတို့ အေးအေးချမ်းချမ်း မနေနိုင်ပါက လုချန်းက မကြာမီ သူတို့ကို ဖယ်ရှားပစ်မည် ဖြစ်သည်။
လုချန်း၏ စောင့်ကြည့်မှုအောက်တွင် သူတို့၏သေဆုံးမှုများကို မတော်တဆဖြစ်ရပ်များကဲ့သို့ ပြသရန် နည်းလမ်းများစွာ ရှိသည်။
ဝူကျန်းဝမ်တွင် သူမ၏ မောင်နှမများအပေါ် ခံစားချက်များစွာ မရှိသော်လည်း သူတို့ချင်း သွေးသားတော်စပ်နေကြသည်။ ထို့ကြောင့် သူတို့အားလုံး ပျက်သုန်းသွားသည်ကို သူမ မလိုလားပေ။
လုချန်းက
“ဒါဆို မင်းကို အဲဒီအတွက် ဒုက္ခပေးမိပြီ။”
ဝူကျန်းဝမ်က ပုံမှန်လေသံဖြင့်
“ဒါ ကျွန်မ လုပ်သင့်တဲ့ အရာပါ။ ဖခင် ထားခဲ့တဲ့ ပြဿနာတွေကို ကျွန်မလည်း စိုးရိမ်ပါတယ်။”
ဝူကျန်းဝမ်တွင် ထိုသို့ အကျိုးအကြောင်း ဆင်ခြင်တုံတရား ရှိနေသည်ကို မြင်သောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ဝူကျန်းဝမ်သည် ရှနိုင်ငံတော်နှင့် လုံးဝ ပေါင်းစပ်သွားပြီး မိဖုရားကြီးအဖြစ် သူမ၏အခန်းကဏ္ဍကို အမှန်တကယ် လက်ခံယူထားသည်ဟု ထင်ရသည်။
စကားများ ပြီးဆုံးသောအခါ လုချန်း၏ အာရုံသည် ဝူကျန်းဝမ်၏ အလှအပပေါ်တွင် စူးစိုက်သွားသည်။
ဝူကျန်းဝမ်၏ မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသော၊ အေးစက်စက်နှင့် စွဲဆောင်မှုရှိသော မျက်နှာကို ကြည့်ကာ လုချန်း၏ စိတ်များလှုပ်ရှားလာသည်။
လုချန်း၏ အမူအရာ ပြောင်းလဲသွားသည်ကို ခံစားမိသောအခါ ထိုလူ ဘာကို စဉ်းစားနေသည်ကို ဝူကျန်းဝမ် သိလိုက်သည်။ ထို့နောက် သူမက
“မင်းကြီး။ အချိန်တော်တော် နောက်ကျနေပြီ။ မုယုံရွှီကို ခေါ်ပြီး အနားယူလိုက်ပါ။”
ဝူကျန်းဝမ် လုချန်းကို တကယ်တမ်း မောင်းထုတ်၍ မရပေ။ ထို့ကြောင့် မုယုံရွှီကို သူမ၏ အခန်းသို့ တိုက်ရိုက် ခေါ်ရန် ရည်ရွယ်လိုက်သည်။ သူတို့သည် တစ်ဆောင်တည်း နေနိုင်ကြသူများလည်း ဖြစ်သည်။
လုချန်းသည် ဖျော့တော့စွာ ပြုံးပြီး
“ဒီညတော့ မလိုပါဘူး။”
နေ့ဘက်တွင် ဝူနိုင်ငံတော်၏ လက်နက်ချမှုကို တရားဝင် လက်ခံပြီး ညဘက်တွင် ဝူကျန်းဝမ်ရှေ့တွင် အခြားမိန်းမတစ်ယောက်ကို အရှက်ခွဲသည်အထိ လုချန်း စိတ်ဓာတ်
မနိမ့်ကျသေးပေ။
ဝူကျန်းဝမ်က အားငယ်တတ်သူ မဟုတ်သော်လည်း သူမ၏ စိတ်နှလုံးအား ဝမ်းနည်းမှုအချို့ ဖြစ်ပေါ်စေနိုင်သေးသည်။ ယခုအချိန်တွင် သူမအတွက် နှစ်သိမ့်မှု လိုအပ်ပေသည်။ သူမ ဝမ်းနည်းပြီး ကိုယ်ဝန်ကို ထိခိုက်စေမည့် အဖြစ်ကို လုချန်း မလိုလားပေ။
ထို့နောက် လုချန်းက ဝူကျန်းဝမ်ကို ရင်ခွင်ထဲ ထည့်ကာ အိပ်စက်ခဲ့ပြီး တစ်ညလုံး ဘာမကောင်းမှုမှ မပြုလုပ်ခဲ့ပေ။
လုချန်း၏ ရင်ခွင်ထဲမှ နွေးထွေးမှုကို ခံစားမိသောအခါ ဝူကျန်းဝမ်၏ စိတ်နှလုံး အလွန်အေးချမ်းလာသည်။ သူမ၏ရန်သူဟုလည်း ဆိုနိုင်သော လူငယ်တစ်ဦးကို လုံးလုံးလျားလျား ချစ်မိသွားမည်ဟု တစ်ခါကမှ မျှော်လင့်မထားခဲ့ပေ။
ဤလူငယ် ဘယ်သောအခါမှ မပြောင်းလဲသွားပဲ အမြဲတမ်း ဒီလိုစိတ်ဓာတ်မျိုး ရှိနေဖို့ ဝူကျန်းဝမ် မျှော်လင့်မိသည်။
ဤလူငယ် မည်မျှပင် ရမ္မက်ကြီးနေပါစေ မည်မျှပင် မိန်းမများများ ရှိနေပါစေ သူမ ဂရုမစိုက်ပေ။ သူမ ဂရုစိုက်သည်မှာ သူမအပေါ်ထားရှိသော သူ၏ သဘောထား ဖြစ်သည်။
လုချန်းနှင့် အတူနေထိုင်ခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်သည့်အတွက် သူဘယ်လို လူမျိုးဖြစ်ကြောင်း သူမတဖြည်းဖြည်း နားလည်လာခဲ့သည်။ သူ၏ မိဖုရားဆောင်တွင် မိန်းမများစွာရှိသော်လည်း သူသည် ယောက်ျား အများစုထက် ပို၍တာဝန်ယူမှုရှိပြီး မိန်းမတိုင်းကို ကောင်းစွာဆက်ဆံသောကြောင့် ဤကမ္ဘာပေါ်တွင် အလွန်ရှားပါးသော ပုဂ္ဂိုလ်ဖြစ်သည်။
ထိုအချိန်တွင် ရှနိုင်ငံတော်နှင့် ကျူးနိုင်ငံတော်တို့အကြား ဖြစ်ပွားလာမည့် စစ်ပွဲအကြောင်းကို ဝူကျန်းဝမ် စဉ်းစားလာမိသည်။
ယွဲ့ဧကရာဇ်နှင့် လုချန်းတို့အကြား လုံးဝ စစ်မဖြစ်စေချင်သော်လည်း တားဆီး၍ မရနိုင်ကြောင်း သူမ သိသည်။
ကမ္ဘာကို စုစည်းမည့် လုချန်း၏ ဆုံးဖြတ်ချက်က မယိမ်းမယိုင် ရှိနေသကဲ့သို့ ကျူးနိုင်ငံတော်ကို ကာကွယ်မည့် ယွဲ့ဧကရာဇ်၏ ဆုံးဖြတ်ချက်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။
သူတို့နှစ်ဦးအကြား အဆုံးအဖြတ် တိုက်ပွဲတစ်ခုသည် မလွဲမသွေ ဖြစ်လာလိမ့်မည်။
ထိုအရာကို တွေးတောရင်း ဝူကျန်းဝမ် သက်ပြင်းချလိုက်သည်။ အရာရာတိုင်း အကောင်းဘက်သို့ ဦးတည်ပါစေဟု ဆုတောင်းနေမိတော့သည်။