စိတ်ပုံနှိပ်ခြင်း
Vol. 55 Ch. 819
လုချန်း၏ သဘောထားကြီးမှုကို ထင်ဟပ်စေရန်အတွက် ဝူတော်ဝင်မိသားစုများအတွက် နေရာထိုင်ခင်းများကို အလွန် ခမ်းနားစွာ စီစဉ်ပေးထားသည်။ တစ်နေရာတည်း၌လည်း စုပြုံနေရခြင်းမရှိပေ။
နံနက်စောစော၌ ဝူကျန်းဝမ်သည် ဝူဧကရာဇ်၏ မိဖုရားတစ်ဦး နေအိမ်သို့ ရောက်ရှိလာခဲ့၏။
ဝူနိုင်ငံတော်ကို ချေမှုန်းပြီးနောက် မိဖုရားအများစုကို သူတို့၏ ဇာတိမြေသို့ ပြန်လည်စေလွှတ်လိုက်သည်။
သို့သော် ဝမ်ရွှီဖေးကတော့ မတူပေ။ ဝူနိုင်ငံတော်မှ ဝမ်မိသားစုသည် စစ်မက်လိုလားသူများဖြစ်ကြရာ ရှစစ်တပ်က ဝူနိုင်ငံတော်ကို တိုက်ခိုက်စဉ် လမ်းတစ်လျှောက်ရှိ ဝမ်မိသားစုကိုပါ ရှင်းလင်းပစ်ခဲ့ရသည်။ ယခု ဝမ်ရွှီဖေး၌ သွားစရာနေရာမရှိတော့ချေ။
သူမ ရှနိုင်ငံတော်မှ ဝူတော်ဝင်မိသားစုအတွက် ပေးထားသည့် အိမ်၌ နေနိုင်ရခြင်း၏ အကြောင်းရင်းမှာ ဝူဧကရာဇ်၏ မင်းသမီးတစ်ပါးကို မွေးဖွားပေးထားခဲ့၍ ဖြစ်သည်။
သမီးဖြစ်သူကို ပြုစုစောင့်ရှောက်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် ဝမ်ရွှီဖေးသည် သမီးဖြစ်သူ အကျယ်ချုပ်ကျခံနေရသည့် နေရာ၌ပင် နေထိုင်ခွင့် ရခဲ့သည်။
ဝူကျန်းဝမ်က ဝမ်ရွှီဖေး၏ ဆောင်သို့ ဝင်ရောက်လာသည်နှင့် ဝမ်ရွှီဖေးက သမီးဖြစ်သူကို အလျင်အမြန် ခေါ်လာကာ ဝူကျန်းဝမ်ကို ဂါရဝပြုလိုက်သည်။
“မိဖုရားကြီးကို ဂါရဝပြုပါတယ်”
ယခင်က ဝူနိုင်ငံတော်၌သာ ဖြစ်ပါက ဝူဧကရာဇ်၏ ချစ်ခင်မှုကို ရရှိခဲ့သော ဝမ်ရွှီဖေးသည် မင်းသမီး ကျန်းဝမ်ကို လျစ်လျူရှုနိုင်မည်ဖြစ်သော်လည်း ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်။
ဝူကျန်းဝမ်သည် ယခု ဆွမ်ဧကရာဇ်၏ မိဖုရားကြိီး ဖြစ်နေပြီး ဝမ်ရွှီဖေးအနေနှင့် စိတ်ဆိုးစေရန် မဝံ့ရဲသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သို့သော် ဝမ်ရွှီဖေးကို ဇဝေဇဝါ
ဖြစ်နေသည်။ သူမသည် ဝူဧကရာဇ်၏ မိဖုရားတစ်ပါးသာဖြစ်ပြီး ဝူနိုင်ငံတော်၌ရှိစဉ်လည်း မင်းသမီး ကျန်းဝမ်နှင့် ဆက်နွှယ်မှု နည်းပါးခဲ့သည်။ ထို့ကြောင့် ယနေ့ ဤနေရာသို့ သူမ အဘယ်ကြောင့် ရောက်လာရသည်ကို သိချင်နေသည်။
ယခုနေအိမ်၌ သူမနှင့် သမီးဖြစ်သူသာရှိပြီး ဝူမိသားစု၏ အရေးပါသော မည်သည့်တော်ဝင်မိသားစုဝင်မှ မရှိပေ။
ဆွမ်ဧကရာဇ်က သူ၏ ဆုံးဖြတ်ချက်များကို နောင်တရပြီး ဝူမိသားစုကို ဖယ်ရှားလိုလျှင်တောင် သူတို့ သားအမိထံ လာရောက်ရန် မလိုအပ်ပေ။
ဤခေတ်ကာလတွင် မျိုးဆက်တစ်ခုလုံးကို သုတ်သင်ရာတွင် အမျိုးသားများကိုသာ သတ်ဖြတ်လေ့ရှိပြီး အမျိုးသမီးများကို များသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိသည်။
ဝမ်ရွှီဖေး ဝူကျန်းဝမ်ရောက်လာရခြင်း၏ အကြောင်းရင်းကို တွေးတောနေစဉ် ဝူကျန်းဝမ်က ဝမ်ရွှီဖေးကို ကြည့်ပြီးနောက်
“ကျွန်မက ညီမ ဝူယောင်ကို ရှာဖို့ လာတာပါ”
ယင်းစကားကို ကြားသောအခါ ဝမ်ရွှီဖေး၏ နှလုံးခုန်နှုန်း မြန်ဆန်သွားသည်။
သူမ၏ သမီးကို တွေ့ရန်လား။
ဘာရည်ရွယ်ချက်အတွက်လဲ။
သူမ၏သမီးကို နန်းတော်သို့ ခေါ်ဆောင်ကာ ဆွမ်ဧကရာဇ်၏ အစေခံအဖြစ် အမှုထမ်းစေရန် ရည်ရွယ်နေတာလား။
ယင်းအတွေးက ဝမ်ရွှီဖေး၏ မျက်နှာ၌ စိုးရိမ်မှုအရိပ်အယောင်အချို့ ဖြစ်ပေါ်စေသည်။
အခြားသူများဆိုပါက သမီးဖြစ်သူကို နန်းတော်သို့ ပို့ဆောင်ရသည်ကို အလွန်ပင် ပျော်ရွှင်နေမည်ဖြစ်ပြီး သမီးဖြစ်သူ ဧကရာဇ်၏ အိပ်ရာထဲကိုပင် ရောက်ရှိနိုင်မည်ဟု တွေးတောနေကြမည်ဖြစ်သည်။
သို့သော် ဝမ်ရွှီဖေးကတော့ မတူပေ။ သူမသည် သူမ၏ ကိုယ်ပိုင်အခက်အခဲများကို ကောင်းစွာ သတိပြုမိသည်။ ဝူနိုင်ငံတော်မှ ဝမ်မိသားစုသည် ခေါင်းမာသော ပြိုင်ဘက်များဖြစ်ခဲ့ပြီး ရှစစ်တပ်အား များစွာ ဒုက္ခပေးခဲ့သည်။
အကယ်၍ သူမ၏ သမီး နန်းတော်သို့ ဝင်ရောက်ခဲ့ပြီး အချို့သော ပုဂ္ဂိုလ်များ သိရှိသွားပါက ဆွမ်ဧကရာဇ်က ဘာမှ မလုပ်သည့်တိုင် ရှနန်းတွင်းမှ လူအချို့က သူမကို နည်းလမ်းရှာ၍ ဒုက္ခပေးလာနိုင်သည်။
ယခင်က နန်းတော်၌ နေထိုင်ခဲ့ဖူးသော ဝမ်ရွှီဖေးသည် နန်းတော်တွင်း၌ မည်မျှအန္တရာယ်များကြောင်း ကောင်းစွာ သိရှိသည်။ သူမကိုယ်တိုင်လည်း ဝူဧကရာဇ်၏ ချစ်ခင်မှုကို ရခဲ့၍ လုပ်ကြံသတ်ဖြတ်မှုများစွာကို ကြုံတွေ့ခဲ့ရသည်။
သူမ၏ သမီးသည် ဆွမ်ဧကရာဇ်၏ ချစ်ခင်မှုကို မရရှိနိုင်သော်လည်း သူတို့၏ ရာထူးများကြောင့် နန်းတော်အတွင်းသို့ ရောက်သွားသည်နှင့် ဒုက္ခများစွာ ရောက်မည်မှာ သေချာသည်။
သမီးဖြစ်သူ တစ်စုံတစ်ခု ဖြစ်သွားပါက သူမလည်း ယခု နေထိုင်သော စံအိမ်မှပင် နှင်ထုတ်ခံရနိုင်သည်။ ထိုအတွေးများကြောင့် ဝမ်ရွှီဖေး အလွန် ထိတ်လန့်သွားသည်။
ဝမ်ရွှီဖေး၏ စိတ်အတွင်းမှ စိုးရိမ်သောကများကို မြင်လိုက်သော ဝူကျန်းဝမ်က ချက်ချင်းပင် ပြောလိုက်၏။
“မင်းကြီးက သူ့ကို မေးခွန်းအချို့ မေးချင်တာပါ။ ရှင် စိတ်ပူစရာ မလိုပါဘူး။”
ဝမ်ရွှီဖေးက အလျင်အမြန် ပြန်မေးလိုက်သည်။
“သူ ဒီည ပြန်လာလို့ ရပါ့မလား”
ဝူကျန်းဝမ်က
“ကျွန်မ လူလွှတ်ပြီး ညနေမရောက်ခင် သူ့ကို ပြန်ပို့ခိုင်းပါ့မယ်။”
ဝူကျန်းဝမ် စကားကြောင့် ဝမ်ရွှီဖေး သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။
ထိုအခိုက်အတန့်၌ ဝမ်ရွှီဖေး၏ ဘေးနား၌ ရပ်နေသည့် ဝူယောင်က ဝူကျန်းဝမ်ကို ကြည့်ပြီး မေးလိုက်သည်။
“မင်းသမီးကျန်းဝမ်။ မင်းကြီးက ကျွန်မကို ဘာတွေ မေးချင်တာပါလဲ။”
ဝူကျန်းဝမ်က
“နန်းတော်ထဲရောက်ရင် မင်းသိပါလိမ့်မယ်”
“နောက်ပြီး မင်းကို နန်းတော်ကို ခေါ်သွားတာကို တခြား ဝူမိသားစုဝင်တွေကို မပြောပါနဲ့။”
ထိုစကားကို ကြားသောအခါ ဝမ်ရွှီဖေး၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခုက ပေါ်လာသည်။ သူမတို့ သားအမိ နေထိုင်ရာ စံအိမ်သည် အခြားဝူမိသားစုဝင်များကို ထိန်းသိမ်းထားရာနေရာနှင့် ဝေးကွာနေသည်။ သူတို့နှင့် အခြားဝူမိသားစုများ တွေ့ဆုံနိုင်ခြေက နည်းပါးလှသည်။ ထိုကိစ္စကို သူတို့အား အသိပေးရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ ဝမ်ရွှီဖေးက တုံ့ပြန်လိုက်၏။
“နားလည်ပါတယ်။ လုံးဝ လျှို့ဝှက်ထားပါ့မယ်”
ဝူကျန်းဝမ်လည်း အချိန်ကြာကြာ မနေတော့ပေ။
“သွားကြစို့။”
ထိုအခိုက်အတန့်၌ ဝူယောင်သည် ဘေးနားမှ သူမ၏ မိခင်ကို ကြည့်လိုက်ပြီးနောက် ထွက်သွားသော ဝူကျန်းဝမ်ကိုပါ ကြည့်လိုက်၏။ ဝမ်ရွှီဖေးက သက်ပြင်းရှည်တစ်ချက် ချကာ နောက်ဆုံး၌ ဝူယောင်၏ ကျောကို တွန်းပေးလိုက်သည်။
“သွားပါယောင်ယောင်။မင်းသမီးကျန်းဝမ်က မင်းကို ထိခိုက်အောင် မလုပ်ပါဘူး။”
ဝူယောင်က စိတ်မကောင်းစွာနှင့်
“ သမီး သွားပါတော့မယ်။”
ဝူယောင်အတွက် ဝူကျန်းဝမ်နှင့် နန်းတော်သို့ လိုက်သွားရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိပေ။
……
တစ်ချိန်တည်း၌။
လုချန်းသည် စာကြည့်ခန်း၌ အလုပ်များနေသည်။ ယခု ဝူနိုင်ငံတော်ကို သိမ်းပိုက်ပြီးပြီဖြစ်ရာ ကျူးနိုင်ငံတော်ကို သိမ်းပိုက်ရန် စတင် ပြင်ဆင်နေရသည်။
လုချန်း စာရွက်စာတမ်းအမျိုးမျိုးကို စီမံနေစဉ် ပိုင်ချင်းချင်း၏ အသံက အပြင်မှ ထွက်ပေါ်လာသည်။
“မင်းကြီး။ မိဖုရားကြီးဝူက ဝင်ခွင့် တောင်းပါတယ်။”
ရောက်လာသူက ဝူကျန်းဝမ်ဖြစ်ကြောင်းကို ကြားလိုက်သောအခါ သူမ ဝူမိသားစုဝင်တစ်ဦးကို ခေါ်လာခြင်းဖြစ်သည်ဟု လုချန်း တွေးမိကာ ချက်ချင်းပင် ပြောလိုက်၏။
“ဝင်ခဲ့ပါ”
နောက်တစ်ခဏ၌ ဝူကျန်းဝမ်သည် ဝူယောင်နှင့်အတူ စာကြည့်ခန်းထဲသို့ လျှောက်လာကြပြီး နှစ်ဦးစလုံးက ဦးညွှတ်အရိုအသေပြုကာ ပြောလိုက်၏။
“မင်းကြီးကို ဂါရဝပြုပါတယ်”
ဝူကျန်းဝမ် သူ့ကို ဦးညွှတ်အရိုအသေပြုနေသည်ကို လုချန်း မြင်သောအခါ ပြုံးလိုက်မိသည်။
“ထပါ”
လုချန်းက ဝူကျန်းဝမ်ဘေးမှ ဝူယောင်ကို ကြည့်လိုက်၏။ ဝူယောင်သည် အသက် ၁၃ ၁၄ နှစ်ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး သူမ၏ ရမှတ်က အမှတ် ၈၀ ကျော်ရှိရာ အလှပဂေးတစ်ဦး ဖြစ်လာနိုင်မည်မှာ သေချာသည်။
ထို့နောက် ဝူကျန်းဝမ်က မိတ်ဆက်ပေးလိုက်သည်။
“မင်းကြီး။ သူက ဖခင်ဧကရာဇ်ရဲ့ သမီးတစ်ဦးပါ”
လုချန်းက စားပွဲမှ ထလိုက်ပြီး ဝူယောင်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ လုချန်း သူမထံ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကြောက်ရွံ့မှုကြောင့် ဝူယောင် ချက်ချင်းပင် တုန်ယင်လာသည်။
လုချန်းက ပြုံးပြီး ပြောလိုက်၏။
“မကြောက်ပါနဲ့ညီမလေး။ မင်းကို မေးခွန်းနည်းနည်းပဲ မေးမှာပါ။ တခြားဘာမှ မလုပ်ပါဘူး။”
ထိုအခိုက်အတန့်၌ ထူးဆန်းသည်ဟု လုချန်း ခံစားလိုက်ရသည်။ လူကြီးတစ်ဦးက ကလေးငယ်ကို ဖြားယောင်းနေသည့် ပုံစံမျိုးဖြစ်နေသည်ဟု တွေးမိသည်။
ဝူယောင်သည် ၁၃ နှစ်ဝန်းကျင်သာ ရှိသေးသော်လည်း ထိုခေတ်က လူများသည် ပို၍စောစော ရင့်ကျက်တတ်ကြသည်။ ဝူယောင်က သူမ၏ စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။
“မင်းကြီး မေးပါ။ ကျွန်မ သိသမျှ အကုန်ပြောပါ့မယ်”
လုချန်းက ချက်ချင်း မမေးသေးပေ။ သူက ဝူယောင်၏ နဖူးပေါ်မှ အမှတ်အသားကို ကြည့်လိုက်၏။ အမှန်ပင် ယင်းအမှတ်အသားသည် အမှောင် အငွေ့အသက်ကို ထုတ်လွှတ်နေပြီး အရေပြားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေသည်ဟု ထင်ရသည်။
ဤအမှတ်အသားတွင် အမှန်တကယ်ပင် ရည်ရွယ်ချက်အချို့ ရှိနေပုံရသည်။
“မင်းရဲ့ နဖူးက အမှတ်အသားက ဘယ်လိုဖြစ်လာတာလဲ ပြောပြနိုင်မလား။”
ယင်းမေးခွန်းကို ကြားပြီး ဝူယောင်အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း တုံ့ပြန်လိုက်သည်။
“ဒါက... ဒါက ကျွန်မရဲ့ ဖခင်ဧကရာဇ် နတ်ရွာစံတဲ့အခါတုန်းကပါ...”
ဆက်မပြောတတ်သဖြင့် သူမ ခဏရပ်သွားသည်။
လုချန်းက
“အလျင်မလိုပါနဲ့။ မင်းရဲ့ ဖခင်ဧကရာဇ်က မသေဆုံးမီ မင်းကို ဘာတွေလုပ်ခဲ့သလဲ။ဘာတွေ ပြောခဲ့သလဲဆိုတာ အကုန်ပြောပြပါ။”
“ကျွန်မ... ကျွန်မ နားလည်ပါတယ်...”
“ကျွန်မရဲ့ ဖခင်ဧကရာဇ် နတ်ရွာမစံခင် သူက...”
ထို့နောက် ဧကရာဇ်က သူ၏ သားသမီးများကို ခန်းမကြီး၌ စုဝေးစေပုံ၊ သူတို့၏ ခန္ဓာကိုယ်ထဲသို့ အတွင်းအားကို ထည့်သွင်းပေးပုံနှင့် မသေဆုံးမီ ပြောခဲ့သည့် စကားများကို လုချန်းကို ဆက်၍ ပြောပြသည်။
ဝူယောင်၏ စကားကို နားထောင်ပြီးနောက် ဝူကျန်းဝမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
သူမ၏ ဖခင်ဧကရာဇ် နည်းလမ်းအချို့ကို ချန်ထားခဲ့မည်ဟု သူမ ခန့်မှန်းခဲ့သော်လည်း ထိုသို့သော နည်းလမ်းများကို သူ၏ သားသမီးများအပေါ် အသုံးပြုမည်ဟုတော့ မမျှော်လင့်ခဲ့ပေ။
ယင်းအမှတ်အသားများ၏ လုပ်ဆောင်ပုံ အတိအကျကို မသိရသေးသော်လည်း ထိုအမှတ်အသားသည် အမှန်တကယ်ပင် ပြဿနာဖြစ်စေနိုင်သည်။ ထိုပြဿနာကို ဖြေရှင်းရန် ဝူမိသားစုဝင်များအားလုံးကို လုချန်း ချက်ချင်း ကွပ်မျက်လိုက်မည်ကို ဝူကျန်းဝမ် စိုးရိမ်လာသည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်း စိတ်ထဲမှ တွေးလိုက်သည်။
“စိတ်အမှတ်တံဆိပ်တစ်ခုပဲ။ ကိုယ့်ရဲ့ သားသမီးတွေထဲကို အမုန်းတရားတွေ အတင်းအကျပ် ပေးခဲ့တယ်။ ဒီအမှတ်အသားကို ဖယ်ရှားလို့ရပါ့မလား”
ယင်းအတွေးနှင့်အတူ လုချန်း သူ၏ လက်ကို မြှောက်လိုက်သည်။ လုချန်း လက်မြှောက်လိုက်သည်ကို မြင်သောအခါ ဝူယောင်လည်း ချက်ချင်းပင် ကြောက်လန့်တကြား ဒူးထောက်လိုက်၏။
“မင်းကြီး သနားပါ။ ကျွန်မ သိသမျှ အကုန်ပြောပြီးပါပြီ”
လုချန်းက ပြုံးပြီး ပြောလိုက်သည်။
“ကိုယ်တော်က အဲဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလား။”