ဖီးနစ်အိပ်ရာက နူးညံ့တယ်
Vol. 55 Ch. 820
ဝူကျန်းဝမ်သည်လည်း စိုးရိမ်တကြီးနှင့် လုချန်းကို ကြည့်လိုက်၏။ ညနေမရောက်မီ ဝူယောင်ကို ပြန်ခေါ်လာမည်ဟု သူမ ဝမ်ရွှီဖေးအားပြောခဲ့သည်။ အကယ်၍ လုချန်းသာ ဝူယောင်ကို သတ်လိုက်ပါက သူမ ကတိပျက်သွားမည် ဖြစ်သည်။
ပို၍အရေးကြီးသည်က အသက် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်သာရှိသေးသည့် မိန်းကလေးတစ်ဦးကို လုချန်း သတ်လိုက်သည်ကို သူမ မမြင်ချင်ပေ။
ထိုအခိုက်အတန့်၌ လုချန်းက ဆက်လက်၍
“ထပါ။မင်းကို ငါမသတ်ပါဘူး။ ငါက မင်းနဖူးက အမှတ်အသားကိုပဲ ကြည့်ချင်တာ။”
လုချန်း၏ စကားကို ကြားလိုက်သောအခါ ဝူယောင်က ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် မင်းကြီး”
ထို့နောက် ဝူယောင် တုန်ယင်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။
ဝူယောင် မတ်တတ်ရပ်ပြီးနောက် လုချန်းက သူမ၏ နဖူးပေါ်၌ လက်ကို တင်လိုက်ပြီး ပြန်လည်သန်စွမ်းစေသော စွမ်းအားကို အသုံးပြုကာ သူမ၏ နဖူးပေါ်မှ အမှတ်အသားကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။
လုချန်း၏ စိတ်ဝိညာဉ်စွမ်းအင် ဝူယောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသောအခါ သူမ၏ မျက်နှာ၌ နာကျင်မှု အရိပ်အယောင်များ ပေါ်လာသည်။
မကြာမီ အမှောင် စွမ်းအင်၏ အရင်းအမြစ်ကို လုချန်း ခံစားမိလိုက်သည်။ ဝူယောင်၏ နဖူးပေါ်အရေပြားအောက်၌ အမှောင် အစုအဝေးတစ်ခု ရှိနေ၏။
ထို့နောက် ထိုအမှောင် စွမ်းအင်ကို ဖျက်ဆီးရန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို လည်ပတ်လိုက်သော်လည်း ၎င်းသည် အလွန်ခိုင်မာနေပြီး ဖျက်ဆီးရန် ခက်ခဲနေသည်။
သို့သော် ပြန်လည်သန်စွမ်းစေသော စွမ်းအား၏ စိတ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်နှင့် အမှောင် အစုအဝေးသည် တဖြည်းဖြည်း မြူခိုးအဖြစ်သို့ ပြောင်းလဲသွားပြီး ဝူယောင်၏ နဖူးမှ ထွက်လာသည်။ ပြန်လည်သန်စွမ်းစေသော စွမ်းအား ထိရောက်မှုရှိသည်ကို မြင်သောအခါ လုချန်းလည်း စိတ်စွမ်းအင် ထည့်သွင်းမှုကို ချက်ချင်း တိုးမြှင့်လိုက်သည်။
ခဏအကြာတွင် ဝူယောင်၏ နဖူးပေါ်ရှိ အမှတ်အသား ပျောက်ကွယ်သွားပြီး အမဲရောင် အမှောင်စွမ်းအင်များ ဆက်လက်ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ထို့နောက် လုချန်းက ဝူယောင်၏ ကိုယ်ခန္ဓာအခြေအနေကို စစ်ဆေးရန် ပြန်လည်သန်စွမ်းစေသော စွမ်းအားကို အသုံးပြုလိုက်သည်။ အရာရာတိုင်း အဆင်ပြေကြောင်း သေချာသွားသောအခါမှ ကုသမှုကို အဆုံးသတ်လိုက်သည်။
ထိုအခိုက်အတန့်၌ ဝူယောင်၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူမ၏ ခန္ဓာကိုယ်လည်း ပျော့ကျသွားသည်။
သူမ လဲကျတော့မည်ကို မြင်သောအခါ ဝူကျန်းဝမ်က အလျင်အမြန်ပင် သူမကို ထောက်မလိုက်သည်။ မေ့လဲနေပြီဖြစ်သော ဝူယောင်ကို ကြည့်ပြီး လုချန်းက ပိုင်ချင်းချင်းကို ပြောလိုက်၏။
“ပိုင်။သူ ပင်ပန်းနေပုံရတယ်။ သူ့ကို ပြန်ခေါ်သွားခိုင်းပြီး ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ သူ့ရဲ့ အခြေအနေကို အချိန်တိုင်း စောင့်ကြည့်ခိုင်းပါ။”
“သူ့ရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု ပြောင်းလဲမှုရှိရင် ဒါမှမဟုတ် မသက်မသာ ဖြစ်ရင် ချက်ချင်း အစီရင်ခံခိုင်းပါ။”
ပိုင်ချင်းချင်းက ဦးညွှတ်အရိုအသေပြုကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းကြီး။”
ထို့နောက် ပိုင်ချင်းချင်းသည် ကိုယ်ရံတော်အချို့ကို ခေါ်လိုက်ပြီး ဝူယောင်ကို ပြန်ခေါ်သွားကြသည်။
ဝူယောင် စာကြည့်ခန်းမှ ထွက်သွားပြီးနောက် ဝူကျန်းဝမ်က နောက်ဆုံး၌ မေးကြည့်လိုက်သည်။
“မင်းကြီး ခုနက ဘာလုပ်နေတာလဲ။”
လုချန်းက ပြုံးပြီး ပြောလိုက်၏။
“ဘာမှ မဟုတ်ပါဘူး အဲဒီအမှတ်အသားက မကောင်းတဲ့ လက္ခဏာလို့ ကိုယ် ထင်တယ်။ မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ နဖူးမှာ ဒီလောက်ကြီးတဲ့ အမာရွတ်ရှိနေတာ မကောင်းဘူး။ ဒါကြောင့် ဖယ်ရှားပေးလိုက်တာပါ။”
လုချန်း၏ အဖြေကို ကြားသောအခါ ဝူကျန်းဝမ်၏ မျက်နှာ၌ သံသယတစ်ခု ပေါ်လာသည်။ လုချန်း သူမအား တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားမိသည်။ သို့သော် လုချန်းက မပြောရန် ရွေးချယ်ခဲ့သည့်အတွက် ဆက်လက်မေးမြန်းခြင်း မပြုလိုတော့ချေ။
ထိုအခိုက်အတန့်၌ လုချန်းလည်း အပြစ်ရှိသလို ခံစားနေရသည်။ ဝူမိသားစုဝင်များအားလုံး၏ အမှတ်အသားများကို သူ ဖယ်ရှားနိုင်သော်လည်း မပြုလုပ်ရန် ရွေးချယ်ခဲ့သည်။
အကယ်၍ ထိုအမှတ်အသားက အမုန်းတရားကို ပိုမိုမြင့်မားစေနိုင်သော စွမ်းရည်ရှိပါက ဝူဧကရာဇ်၏ သားသမီးများသည် တစ်နေ့တွင် ရှနိုင်ငံတော်၌ ပြဿနာများ ဖြစ်ပေါ်စေရန် နည်းလမ်းများ ရှာဖွေလာမည်မှာ သေချာသည်။ ယင်းက ထိုသူများကို ရှင်းလင်းရန် တရားဝင် အကြောင်းပြချက် ပေးနိုင်သည့်အတွက် လုချန်းအတွက် အကျိုးရှိမည် ဖြစ်သည်။
ထို့နောက် ဝူကျန်းဝမ်က ပြောလိုက်သည်။
“မင်းကြီးမှာ တခြား ဘာမှ မရှိရင် ကျွန်မကို ပြန်ခွင့်ပြုပါဦး။”
လုချန်းက ပုံမှန်အတိုင်းပင်
“ကောင်းပါပြီ သွားပါတော့။ ဂရုစိုက်ပါ။”
ထို့နောက် ဝူကျန်းဝမ် ကျောခိုင်းကာ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။ စာကြည့်ခန်းမှ ထွက်သွားပြီးနောက် လုချန်းတစ်ယောက် တစ်ခုခုကို ကြံစည်နေသည်ဟု သူမ ဆက်တိုက်ခံစားနေရသည်။
ဝူယောင် ပြောသွားသည်ကို ကြားပြီးနောက် ယင်းအမှတ်အသားများနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေနိုင်သည်ဟု ခံစားမိသည်။ သူမသည် မြူခိုးဒေသသို့ ရောက်ခဲ့ဖူးသူဖြစ်ပြီး ကျင့်စဉ်နယ်ပယ်၏ အင်းပညာအချို့ကို သိရှိထားသူဖြစ်သည်။ သူမ၏ ဖခင်သည် ကိုယ့်ကိုယ်ကို သတ်သေခြင်းမပြုမီ သူ၏ သားသမီးများအားလုံးအပေါ်၌ ကျိန်စာတစ်မျိုးမျိုး အသုံးပြုခဲ့သည်ဟု သံသယရှိသည်။
ယင်းကျိန်စာများသည် တစ်နေ့တွင် ရှနိုင်ငံတော်ကို အန္တရာယ်ဖြစ်စေနိုင်သည်။
နောင်တွင် သူမ၏ မောင်နှမများကို ပိုမိုအာရုံစိုက်ရန် ဝူကျန်းဝမ် ဆုံးဖြတ်လိုက်သည်။ သူတို့ မူမမှန်မှု တစ်စုံတစ်ရာ ပြသပါက သူမ ချက်ချင်း ရပ်တန့်ရန် လိုအပ်သည်။
.......…
ကျူးနိုင်ငံတော်။
နန်းတော်။
ဧကရီ၏ အိပ်ဆောင်အတွင်း။
ယခုအခိုက်အတန့်၌ ယွဲ့ဧကရာဇ်သည် အဖြူရောင် အတွင်းခံဝတ်စုံကို ဝတ်ဆင်ထားပြီး အခန်းအတွင်းရှိ လက်ဖက်ရည်စားပွဲ၌ ထိုင်နေကာ လက်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာကို အလေးအနက် ဖတ်ရှုနေသည်။
ထိုအချိန်တွင် မုယန်စီသည် ယွဲ့ဧကရာဇ်၏ ဖီးနစ်အိပ်ရာပေါ်၌ သက်သောင့်သက်သာ လဲလျောင်းနေသည်။
မုယန်စီက သူမ၏ သွယ်လျ၍ ဖြူဖွေးသော ခြေထောက်များကို မြှောက်လိုက်ပြီး မှတ်ချက်ချလိုက်သည်။
“ဧကရီရဲ့ ဖီးနစ်အိပ်ရာက တကယ်ပဲ နူးညံ့လှတယ်။ လွင်ပြင်ဒေသမှာ ကျွန်မ အိပ်ခဲ့တဲ့ နေရာတွေထက် ပိုသက်သောင့်သက်သာရှိတယ်။”
မုယန်စီသည် လွင်ပြင်ဒေသ၌ အကောင်းဆုံး အခြေအနေများကို ပိုင်ဆိုင်ထားသော်လည်း နေရာဒေသ ကွာခြားချက်ကြောင့် လွင်ပြင်ဒေသ၏ အစားအသောက်၊ အဝတ်အထည်နှင့် အဆောက်အဦးတို့သည် ကျူးနိုင်ငံတော်နှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။
ယွဲ့ဧကရာဇ်နှင့် မဟာမိတ်ဖွဲ့ပြီးနောက် မုယန်စီအတွက် သက်သောင့်သက်သာရှိသော ဘဝကို ရရှိခဲ့၏။ ဧကရီ၏ ကြီးမားပြီး နူးညံ့သော ဖီးနစ်အိပ်ရာ၌ သူမ တစ်ခါတစ်ရံ လာရောက် အိပ်စက်လေ့ရှိသည်။
ခံစားချက်မဲ့သော မျက်နှာနှင့် ယွဲ့ဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။
“ကျွန်မရဲ့ အိပ်ရာပေါ်မှာ မလဲလျောင်းတာ အကောင်းဆုံးပဲလို့ ရှင့်ကို အကြံပေးချင်ပါတယ်”
မဟာမိတ်ဖွဲ့ခဲ့ကြသော်လည်း ယင်းက မုယန်စီနှင့် ယုံကြည်စိတ်ချစွာ နီးနီးကပ်ကပ် နေရမည်ဟု မဆိုလိုပေ။ သူတို့၏ ဆက်ဆံရေးသည် အိပ်ရာတစ်ခုတည်းကို မျှဝေသည်အထိ တိုးတက်လာပြီဟု သူမ မယုံကြည်ပေ။
ယွဲ့ဧကရာဇ်၏ စကားများကို ကြားသော်လည်း မုယန်စီ မထလာပေ။ သူမ၏ မျက်လုံးများ အနည်းငယ် မှေးသွားပြီး ပြုံးရယ်လိုက်ကာ
“ဒီလောက်ကြီးတဲ့ အိပ်ရာနဲ့ တစ်ယောက်တည်း အိပ်ရတာ အထီးမကျန်ဘူးလား ဧကရီ”
“ကျွန်မကို အဖော်ပြုခွင့်ပြုပါလား။”
ယွဲ့ဧကရာဇ်က မုယန်စီ၏ စကားကို လျစ်လျူရှုလိုက်ပြီး ပြောလိုက်သည်။
“အရေးကိစ္စရှိရင် ပြောပါ။”
မုယန်စီ သူမထံသို့ ဤမျှနောက်ကျမှလာခြင်းက သူမရှေ့တွင် ပရောပရည်လုပ်လိုခြင်းသက်သက်ကြောင့်ဟု ယွဲ့ဧကရာဇ် မယုံကြည်ပေ။
ထို့နောက် မုယန်စီက ပြောလိုက်၏။
“ဝူနိုင်ငံတော်က ချေမှုန်းခံလိုက်ရပြီ။ နောက်လာမယ့် အလှည့်က ကျူးနိုင်ငံတော်ပဲ။ ရှင်ဘာမှ မစိုးရိမ်ဘူးလား”
ယင်းမေးခွန်းကို ကြားသောအခါ ယွဲ့ဧကရာဇ်က တည်ငြိမ်စွာဖြင့်
“ကျူးနိုင်ငံတော်ရဲ့ စစ်သားတွေက အမြင့်ပျံနဂါး နည်းဗျူဟာ ပုံစံကို ကျွမ်းကျင်နေပြီ။ သာမန်ကောင်းကင်လူသားတွေကို ကောင်းကောင်း တွန်းလှန်နိုင်ပါတယ်”
မုယန်စီက ဟက်ကနဲ ရယ်လိုက်ပြီး
“ရှင်က ကျွန်မရဲ့ နည်းဗျူဟာ ပုံစံကို ယုံကြည်မှု ရှိပုံရတာပဲ။”
ထိုအခိုက်အတန့်၌ ယွဲ့ဧကရာဇ်က မေးလိုက်သည်။
“ရှင် မြူခိုးဒေသက လာတာလား”
“မြူခိုးဒေသ”ဟူသော အသုံးအနှုန်းကို ကြားလိုက်သောအခါ မုယန်စီက အံ့အားသင့်စွာ မေးလိုက်သည်။
“ရှင်ရော မြူခိုးဒေသကို ရောက်ခဲ့ဖူးလား”
တိုက်ကြီး၏ အနောက်ဘက်ခြမ်းရှိ မြူခိုးဒေသနှင့် ၎င်း မည်သို့ ဖြစ်တည်လာကြောင်းကို မုယန်စီ ကောင်းစွာသိသည်။
ယွဲ့ဧကရာဇ်က ဖုံးကွယ်ရန် မကြိုးစားပေ။
“ရောက်ခဲ့ဖူးပါတယ်။”
မုယန်စီက
“မြူခိုးဒေသမှာ ကန့်သတ်ချက်တွေရှိတယ်။ မြူခိုးဒေသထဲ ဝင်နိုင်ပြီး ထွက်နိုင်တာက တော်တော်လေး အထင်ကြီးစရာပဲ။”
ထိုစဉ် မုယန်စီက ယွဲ့ဧကရာဇ်၏ မေးခွန်းကို တုံ့ပြန်လိုက်သည်။
“ကျွန်မ မြူခိုးဒေသထဲကို ဝင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မက အဲဒီက မဟုတ်ပါဘူး။ ကျွန်မက ပိုပြီးမြင့်မားတဲ့ ကျင့်စဉ်ကမ္ဘာက လာတာပါ”
“နောက်ပြီး မြူခိုးဒေသမှာ ဒေသခံဆိုတာ မရှိဘူး။ အဲ့ဒီနေရာက ပရမ်းပတာနေရာတစ်ခုပဲ။ တည်ငြိမ်မှုလည်း မရှိဘူး။ မြူခိုးဒေသရဲ့ မြေဟာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတဲ့ တခြားကမ္ဘာတွေကနေ ပြုတ်ကျလာတာ။”
မုယန်စီ၏ စကားဆုံးသောအခါ ယွဲ့ဧကရာဇ်က ဆက်ပြောလိုက်သည်။
“လုချန်း ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တာ သူ့နောက်ကွယ်မှာ တခြားကမ္ဘာတွေက ကျင့်စဉ်ကျင့်သူတွေလည်း ရှိနေနိုင်တယ်။ ရှင်နဲ့ ရည်ရွယ်ချက် တူနေတာလည်း ဖြစ်နိုင်တာပဲ။”
မုယန်စီက
“ကျွန်မလည်း အဲဒီလိုပဲ ယုံပါတယ်”
ထို့နောက် ယွဲ့ဧကရာဇ်က စူးစမ်းလိုက်၏။
“ရှင်တို့ ရည်ရွယ်ချက်ချင်း တူကြတာဆိုတော့ ရှနိုင်ငံတော်နဲ့ မဟာမိတ်ဖွဲ့ဖို့ မစဉ်းစားခဲ့ဖူးဘူးလား။”
ထိုစကားကို ကြားသောအခါ မုယန်စီ အနည်းငယ် ပြုံးလိုက်ပြီး သူမ၏ လှပသော မျက်လုံးများက ယွဲ့ဧကရာဇ်ကို စိုက်ကြည့်ရင်း
“ကျွန်မသာ ရှနိုင်ငံတော်နဲ့ ပူးပေါင်းချင်ရင် အခုလောက်ဆို ပူးပေါင်းပြီးနေပြီ။”
“ရှ့နိုင်ငံတော်နောက်က ကျင့်စဉ်ကျင့်ကြံသူတွေက ကျွန်မနဲ့ ရည်ရွယ်ချက်ချင်း တူနိုင်ပေမဲ့ ကမ္ဘာဝင်ပေါက်ကို ဖွင့်ပြီးသွားရင် နေရာတစ်ခုတည်းကိုပဲ ဦးတည်သွားနိုင်တယ်”
“ဒီကမ္ဘာက ပိတ်ထားတဲ့ ကမ္ဘာတစ်ခုဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် ခန်းခြောက်နေတဲ့ ကမ္ဘာတစ်ခုပဲ။ ကမ္ဘာဝင်ပေါက်ကို တစ်ခါဖွင့်လိုက်တိုင်း ဒီကမ္ဘာရဲ့ စိတ်ဝိညာဉ်စွမ်းအင် အများအပြားကို သုံးစွဲရတယ်။ ကျွန်မမှာ အခွင့်အရေး တစ်ခုပဲရှိတယ်။ ဒီအခွင့်အရေးကို ဘယ်သူနဲ့မှ မျှဝေမှာ မဟုတ်ဘူး။”
ကမ္ဘာထွက်ပေါက် ဖန်တီးခြင်းတွင် ဤကမ္ဘာ၏ စိတ်ဝိညာဉ်စွမ်းအင်များကို သုံးစွဲရန် လိုအပ်ပြီး ထိုထွက်ပေါက်သည် တစ်နေရာတည်းကိုသာ ဦးတည်ပေးသည်။ အရေးအကြီးဆုံးမှာ လူတစ်ဦးတည်းကိုပို့ဆောင်ရန်ပင် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်ခြင်း ဖြစ်သည်။
အထူးသဖြင့် ကျင့်စဉ်အဆင့်နယ်ပယ်မြင့်မားလေလေ စိတ်ဝိညာဉ်စွမ်းအင် ပိုမိုလိုအပ်လေလေဖြစ်သည်။ မုယန်စီအတွက် အခြားကမ္ဘာမှ ကျင့်စဉ်ကျင့်ကြံသူများသည် ပြိုင်ဘက်များဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူတစ်ဦးတည်းသာ ဤကမ္ဘာမှ ထွက်ခွာနိုင်မည်မှာ သေချာသည်။ ထို့ကြောင့် သူမ ဤအခွင့်အရေးကို အခြားမည်သူနှင့်မှ မျှဝေမည်မဟုတ်ချေ။