ကျူးနိုင်ငံတော်ကို ကျွန်တော် ကိုယ်တိုင် စစ်ချီဖို့ စီစဉ်ထားတယ်
Vol. 55 Ch. 823
အဝတ်အစားဝတ်ပြီးနောက် လုချန်းသည် မုယုံရွှီ၏ အခန်း၌ တစ်ခုခုစားပြီး ညက အသုံးပြုခဲ့သော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။ ထို့နောက် နိုင်ငံရေးရာ ခန်းမသို့ သွားရန် ထွက်ခွာခဲ့သည်။
ယနေ့ နန်းတွင်းအစည်းအဝေးကို လုချန်းကိုယ်တိုင်ဦးဆောင်ကျင်းပမည်ဖြစ်သည်။ သူသည် ဧကရာဇ်ဖြစ်သော်လည်း အလေ့အကျင့်တစ်ခု ရှိသည်။ နန်းတွင်းအစည်းအဝေးတစ်ခု ကျင်းပတော့မည်ဆိုပါက သူ ပြောလိုသည်များကို စိတ်ထဲမှ အမြဲတမ်း တွေးဆထားလေ့ရှိသည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် အစည်းအဝေးအတွင်း သူ၏ အတွေးများကို ချောမွေ့စွာနှင့် ရှင်းလင်းစွာ ဖော်ပြနိုင်ပြီး အစည်းအဝေးကြာချိန်ကိုလည်း တိုတောင်းစေမည်ဖြစ်သည်။
လုချန်း နိုင်ငံရေးရာ ခန်းမသို့ ရောက်သောအခါ အရာရှိများစွာ ရောက်နှင့်နေပြီဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ နန်းတွင်းအစည်းအဝေးသည် သတ်မှတ်ထားသောအချိန်၌သာ တက်ရောက်ရန် လိုအပ်သော်လည်း နန်းတွင်းအရာရှိများသည် ဧကရာဇ်က သူတို့အား စောင့်ဆိုင်းနေရမည့် အဖြစ်မျိုး အဖြစ်မခံရဲကြပေ။ ထို့ကြောင့် အများစုသည် အလွန်စောစောစီးစီးပင် ရောက်ရှိနေကြ၏။ အချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေ သေးသည်။
ပုံမှန်အားဖြင့် လုချန်းသည် အရာရှိများအားလုံး စုဝေးပြီးမှ နိုင်ငံရေးရာ ခန်းမ၌ ပေါ်လာလေ့ရှိသော်လည်း ယနေ့မူ အရာရှိများစွာထက် ပို၍ စောစီးစွာ ရောက်လာသည်။
လုချန်း ယနေ့ ဤမျှ စောစောစီးစီး ရောက်လာသည်ကို မြင်သောအခါ အရေးကြီးသော ကိစ္စများ ဆွေးနွေးရန် ရှိနေနိုင်သည်ဟု အရာရှိများ ချက်ချင်း နားလည်လိုက်ကြသည်။ မဟုတ်ပါက နိုင်ငံရေးရာ ခန်းမသို့ ဧကရာဇ် ဤမျှ စောစောစီးစီး လာမည်မဟုတ်ပေ။
ဧကရာဇ်ကို မြင်သည်နှင့် အရာရှိအချို့က သူတို့၏ ထိုင်ခုံများမှ အလျင်အမြန် ထရပ်ကာ ပြောလိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်”
“မင်းကြီးကို ဂါရဝပြုပါတယ်”
လုချန်းက ပုံမှန်အတိုင်း လက်ဝှေ့ယမ်းလိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။
“နန်းတွင်းအစည်းအဝေး မစသေးဘူး။ ထုံးစံ တွေ လုပ်နေစရာ မလိုသေးဘူး။ ဆွေးနွေးမယ့် ခေါင်းစဉ်တွေကို ပြန်သုံးသပ်ထားပါ။”
ထိုသို့ပြောပြီးနောက် နဂါးပလ္လင်ပေါ်၌ လုချန်းထိုင်လိုက်ပြီး မှတ်စုစာအုပ်ကို အာရုံစိုက်ကာ ဖတ်ရှုနေလိုက်သည်။
နိုင်ငံရေးရာ ခန်းမသို့ ပိုမိုများပြားသော အရာရှိများ ဝင်ရောက်လာ၏။ ဧကရာဇ် ဤမျှ စောစောစီးစီး ရောက်နှင့်နေသည်ကို မြင်သောအခါ နောက်ကျမှ ရောက်လာသော အရာရှိများလည်း ဧကရာဇ်ကို စောင့်ဆိုင်းစေမိသဖြင့် ကျောရိုး၌ အေးစက်မှုများ ခံစား နေရသည်။သူတို့သည် အရာရှိများ ဖြစ်ကြပြီး ဧကရာဇ် နောက်မှ အစည်းအဝေးခန်းမသို့ ရောက်ရှိလာပြီး ဧကရာဇ်ကို စောင့်ဆိုင်းစေခြင်းသည် ပြစ်မှုကြီးတစ်ခုပင် ဖြစ်သည်။
အရာရှိအချို့ ဒူးထောက်၍ သနားခံတော့မည်ပြုစဉ် လုချန်းက ပုံမှန်အတိုင်း ပြောလိုက်သည်။
“နေရာယူကြပါ။ ကျွန်တော့ကို အနှောင့်အယှက် မပေးနဲ့။”
ယင်းကို ကြားသောအခါ အရာရှိများသည် ၎င်းတို့၏ သက်ဆိုင်ရာ နေရာများသို့ အလျင်အမြန် သွားကြသည်။ လုချန်း၏ အကြည့်က သူ၏ လက်ထဲမှ မှတ်စုစာအုပ်ပေါ်၌သာ ဆက်လက်ရှိနေသည်ကို သတိပြုမိသောအခါ သူတို့သည် စိတ်အေးသွားကြသည်။
နန်းတွင်းအစည်းအဝေး မစမီ အရာရှိများအားလုံးနီးပါး ရောက်ရှိနေကြပြီး ခန်းမအပြင်ဘက်မှ ခေါင်းလောင်းသံ မြည်လာသည်အထိ စောင့်ဆိုင်းနေကြသည်။ အသံကြားသည်နှင့် အရာရှိများ ထရပ်ကာ နဂါးပလ္လင်ဘက်သို့ ဦးညွှတ်၍
“မင်းကြီးကို ဂါရဝပြုပါတယ်။အသက်ရာကျော် ရှည်ပါစေ၊ အသက်ရာကျော် ရှည်ပါစေ၊ အသက်ရာကျော် ရှည်ပါစေ မင်းကြီး”
လုချန်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ထကြ”
ဤစကားများပြီးနောက် လုချန်းဘေးမှ ကိုယ်ရံတော်က အော်လိုက်သည်။
“နေရာယူကြပါ”
အရာရှိများသည် သူတို့၏ နေရာများသို့ ပြန်သွားကြသည်။ လုချန်းက မှတ်စုစာအုပ်ကို ချကာ ခန်းမအတွင်းမှ အရာရှိအားလုံးကို ကြည့်၍
“ဒီနေ့ နန်းတွင်းအစည်းအဝေးကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ကျင်းပမှာပါ။”
ယင်းကို ကြားသောအခါ အရာရှိများ လုံးဝ အံ့ဩခြင်း မရှိတော့ပေ။ ဧကရာဇ် နံနက်စောစောကတည်းက နိုင်ငံရေးရာ ခန်းမသို့ အရာရှိအချို့ထက် ပို၍ စောစောစီးစီး ရောက်လာခြင်းက အရေးကြီးသော ကိစ္စများ ရှိနေသည်ကို ပြသနေသည်။
လုချန်းက ဆက်လက်၍
“ကျူးနိုင်ငံတော်ကို ကျွန်တော်ကိုယ်တိုင် စစ်ချီဖို့ စီစဉ်ထားတယ်။”
ထိုကြေညာချက်ကြောင့် နန်းတွင်းတစ်ခုလုံး အံ့အားသင့်သွားသည်။
ကိုယ်တိုင် စစ်ချီမယ်တဲ့လား။
ရယ်စရာ ပြောနေတာလား။
ရှနိုင်ငံတော်၏ စစ်အင်အားက ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်လူသားများစွာ ရှိနေသောကြောင့် ဧကရာဇ်ကိုယ်တိုင် သွားရန် မလိုအပ်ပေ။
ထိုအခိုက်၌ အရာရှိတစ်ဦး အလျင်အမြန် ထရပ်ကာ ခန်းမအလယ်သို့ သွား၍ ဒူးထောက်ရင်း
“ မလုပ်ပါနဲ့ မင်းကြီး။ ကျူးနိုင်ငံတော်ဟာ အခု လွင်ပြင်ဒေသ မျိုးနွယ်စုတွေနဲ့ မဟာမိတ်ဖွဲ့ထားပြီး ကောင်းကင်လူသားတွေကို တန်ပြန်ဖို့ နည်းလမ်းတစ်ခု ရှိပြီးသား ဖြစ်ပုံရပါတယ်။ စစ်မြေပြင်ဟာ ဓားသွားတွေနဲ့ ပြည့်နေတာကြောင့် မင်းကြီးရဲ့ ခန္ဓာကိုယ်ကို တစ်စုံတစ်ရာ ထိခိုက်ခဲ့ရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။”
ထိုအရာရှိ ပြောဆိုပြီးနောက် နောက်တစ်ဦးလည်း လိုက်၍ ခန်းမအလယ်သို့ သွားကာ ဒူးထောက်လိုက်သည်။
“ဟုတ်ပါတယ် မင်းကြီး။ ရှနိုင်ငံတော်မှာ သန်မာထက်မြက်တဲ့ စစ်သည်တော်တွေ အများကြီးရှိနေတာကြောင့် ရန်ခရိုင်ကနေ အမိန့်ပေးဖို့ပဲ လိုပါတယ်။ မင်းကြီးရဲ့ အမိန့်တစ်ခုတည်းနဲ့ စစ်သည်တော်တွေဟာ ကျူးနိုင်ငံတော်ကို သိမ်းပိုက်ပြီး လက်ဆောင်အဖြစ် မင်းကြီးကို ဆက်သနိုင်ပါတယ်။ မင်းကြီးက ဘာကြောင့် ကျူးနိုင်ငံတော်ကို ကိုယ်တိုင် စစ်ချီရမှာလဲ။”
ထိုအရာရှိနှစ်ဦးနောက်တွင် နောက်ထပ် အရာရှိများစွာ ထရပ်ပြီး လုချန်းကို ကိုယ်တိုင် စစ်မချီရန် တိုက်တွန်းကြ၏။ လုချန်း၏ လူရင်းများပင် ပါဝင်ကြသည်။
၎င်းတို့အဖို့ လုချန်းအတွက် အလုံခြုံဆုံးနေရာသည် ရန်ခရိုင်ဖြစ်ပြီး စွန့်စားရန် မလိုအပ်ပေ။
ခန်းမကြီး၏ အလယ်၌ ဒူးထောက်နေသော အရာရှိများကို ကြည့်ရင်း လုချန်းက ပုံမှန်အတိုင်း ပြောလိုက်သည်။
“ကျွန်တော့်အပေါ် သစ္စာရှိတဲ့ မူးမတ်တွေက ကျွန်တော့်ရဲ့ လုံခြုံရေးကို စိုးရိမ်နေကြတာကို သိပါတယ်။ ဒါပေမဲ့ ကျူးနိုင်ငံတော်ကို ကျွန်တော်သွားရမှာပါ။”
“ခင်ဗျားတို့ အားလုံး သိတဲ့အတိုင်း ကျူးနိုင်ငံတော်မှာ အခု ကောင်းကင်လူသား စွမ်းအားရှင်တွေကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ တိုက်ပွဲနည်းဗျူဟာ ပုံစံတစ်ခု ရှိနေတယ်။ ကျွန်တော်တို့က ကောင်းကင်လူသားတွေကို စေလွှတ်ခဲ့ရင်တောင် ကျူးနိုင်ငံတော်ရဲ့ တိုက်ပွဲနည်းဗျူဟာ ပုံစံကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကျွန်တော်တို့ ကျူးနိုင်ငံတော်ကို ဘယ်လိုလုပ် အောင်နိုင်မှာလဲ”
“ကျွန်တော် ကိုယ်တိုင် စစ်ချီလို့ ကျူးနိုင်ငံတော်ရဲ့ တိုက်ပွဲနည်းဗျူဟာ ပုံစံနဲ့ တွေ့ခဲ့ရင် ကျွန်တော့်ရဲ့ နတ်လက်နက်က အဲဒါကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။”
“နတ်လက်နက်”ဟူသော အသုံးအနှုန်းကို ပြောလိုက်သောအခါ နေပြည်တော်၌ လုချန်း ရရှိခဲ့သော လူသတ်လှံကို ပြန်လည်အမှတ်ရသွားကြသည်။
နေပြည်တော်မှ အရာရှိတစ်ဦးက အလျင်အမြန် ပြောလိုက်သည်။
“မင်းကြီး။ ယခင်ဧကရာဇ်ရဲ့ လက်နက်ကို လုံးဝ မသုံးရပါဘူး။ အဲဒီလို မကောင်းတဲ့ လက်နက် ထုတ်သုံးလို့ အကယ်၍ မင်းကြီး တစ်ခုခုဖြစ်ခဲ့ရင်...”
ထိုအရာရှိ စကားကို ဆက်မပြောတော့ပေ။
လုချန်းက ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ဒီနတ်လက်နက်ကို ကျွန်တော်အနိုင်ယူပြီးပြီ။ နေပြည်တော်မှာတုန်းကလို အခြေအနေမျိုး နောက်တစ်ကြိမ် ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ သစ္စာရှိ အရာရှိတွေ စိတ်ပူစရာမလိုဘူး။”
လုချန်းက ပြဿနာမရှိကြောင်း အာမခံခဲ့သော်လည်း အရာရှိများ၏ စိတ်ထဲ၌ စိုးရိမ်နေကြဆဲဖြစ်သည်။
လုချန်းက ဆက်၍
“ကျွန်တော့်ရဲ့ အဆင့်နယ်ပယ်က ကောင်းကင်လူသား နယ်ပယ်နဲ့ အလွန်နီးစပ်နေပြီ။ အကယ်၍ တကယ်ပဲ အန္တရာယ်နဲ့ တွေ့ခဲ့ရင်တောင် ကျွန်တော် အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်။”
သူ၏ စကားများဆုံးသွားပြီးနောက် လုချန်းက ခန်းမကြီးအတွင်းရှိ ဒူးထောက်နေသော အရာရှိများကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး လေးနက်သော အမူအရာနှင့် ပြောလိုက်၏။
“ဒီစစ်ဆင်ရေးက စစ်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ဖို့နဲ့ ကမ္ဘာကြီး ပေါင်းစည်းရေး လုပ်ငန်း အောင်မြင်ဖို့အတွက် ကျွန်တော် ကိုယ်တိုင် ဆောင်ရွက်တာပါ။”
“ကျွန်တော့်ရဲ့ သစ္စာရှိ အရာရှိတွေ နေရာကို ပြန်သွားကြပါ။ ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီ။ ကျွန်တော့်ကို စစ်မချီဖို့ တိုက်တွန်းနေမဲ့အစား ဒီစစ်ပွဲကို ဘယ်လို မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မလဲဆိုတာ စဉ်းစားကြပါ။”
ယင်းကို ကြားသောအခါ ဒူးထောက်နေသော အရာရှိများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် တစ်ဦးက ထရပ်ရာ ကျန်သူများလည်း လိုက်ထရပ်ကြသည်။
သူတို့၏ နေရာများသို့ ပြန်ရောက်သောအခါ အရာရှိများလည်း ကျူးနိုင်ငံတော်ကြီးကို စစ်ချီမည့် ကိစ္စကို စတင်ဆွေးနွေးကြသည်။ လုချန်း ကိုယ်တိုင် စစ်ချီမည်ဖြစ်သည့်အတွက် ကိစ္စက များစွာ ရှုပ်ထွေးသွားပြီး နန်းတွင်းအစည်းအဝေး တစ်နေကုန် ကြာမြင့်ခဲ့သည်။
……
ညနေခင်း၌။
လုချန်းသည် ဝမ်ရွန်ဆောင်သို့ သွားရောက်ကာ ချန်ဝမ်ရွန်၏ အခန်းဘက်သို့ ချက်ချင်း ဦးတည်လိုက်သည်။
ဤအချိန်၌ ချန်ဝမ်ရွန်၏ အိပ်ဆောင်အတွင်း၌ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်နှစ်ဦးစလုံးသည် ကြမ်းပြင်ပေါ်၌ ထိုင်နေကြပြီး လင်ဝမ်ရွန်က ချန်ဝမ်ရွန်၏ လက်ကို ကိုင်ထားကာ စကားပြောဆိုနေကြသည်။
ယွမ်ရှန်ရှန်က လျှို့ဝှက်လဝန်းနန်းတော်ကိစ္စများအတွက် ပြန်လာရန် စာရေးထားသဖြင့် ချန်ဝမ်ရွန် အခု ပြန်ရောက်နေသင့်ပြီဖြစ်သည်။
သို့သော် သူမ လူချန်းနှင့် မခွဲနိုင်သဖြင့် ယွမ်ရှန်ရှန်ကို စာပြန်လိုက်သည်။ သူမသည် အဆင့်နယ်ပယ်မြင့်တက်ရန် နီးနေပြီဟု ခံစားရပြီး လုချန်း၏ ဘေး၌ အချိန်အနည်းငယ် ကြာကြာ နေကာ အတူတကွ လေ့ကျင့်လိုကြောင်း ပြောထားသည်။
ယွမ်ရှန်ရှန်သည် အရူးမဟုတ်ပေ။ ချန်ဝမ်ရွန်၏ အကြံအစည်လေးများကို သူမ ခန့်မှန်းနိုင်သော်လည်း နောက်ဆုံးတွင် ချန်ဝမ်ရွန်အား ခဏတာ ဆက်နေရန် ခွင့်ပြုခဲ့သည်။
မည်သို့ပင်ဆိုစေ ရက်အနည်းငယ်အတွင်း ချန်ဝမ်ရွန် ပြန်ရမည်ဖြစ်သည်။ ရက်အနည်းငယ်အတွင်း သူမ မပြန်ပါက ယွမ်ရှန်ရှန် ကိုယ်တိုင် လာခေါ်နိုင်သည်။
ချန်ဝမ်ရွန်၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာသောအခါ သူမ၏ တည်ငြိမ် မြင့်မြတ်ပြီး လှပလွန်းသော မျက်နှာကို လုချန်း ချက်ချင်းပင် စွဲမက်သွားသည်။ ဤမျက်နှာကို သူ ဘယ်နှစ်ခါပဲ ကြည့်ကြည့် မရိုးနိုင်ပေ။
လုချန်း ရောက်လာသောအခါ လင်ဝမ်ရွန်က ထရပ်လိုက်ပြီး
“မင်းကြီး။ ကျွန်မ မနှောင့်ယှက်ပါတော့ဘူး”
လုချန်း ချန်ဝမ်ရွန်နှင့် အရေးကြီး ကိစ္စများ ဆွေးနွေးမည်ကို သိ၍ အနှောင့်အယှက် မဖြစ်စေဖို့အတွက် သူမ ဆက်မနေတော့ရန်ရည်ရွယ်လိုက်သည်။
သို့သော် ထိုအခိုက်၌ လုချန်းက ပြုံး၍ ပြောလိုက်သည်။
“မလိုပါဘူး။ ဆက်နေပါ ဒေါ်လေးလင်။ ဒေါ်လေးနဲ့လည်း ဆွေးနွေးစရာ တစ်ခုရှိတယ်။”
ယင်းကို ကြားလိုက်သောအခါ လင်ဝမ်ရွန်၏ ပါးပြင် နီရဲသွားပြီး လုချန်း၏ စကားများတွင် ပါဝင်သည့် အဓိပ္ပာယ်ကို ခွဲခြားသိမြင်လိုက်သည်။
ထို့နောက် လင်ဝမ်ရွန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“နားလည်ပါပြီ”