အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်း (၂)
Vol. 40 Ch. 587
ကြောက်မက်ဖွယ် စွမ်းအားကြီးသည် လုရီ၏ ထိန်းချုပ်မှုအောက်တွင် ရေစီးကြောင်းသဖွယ် စုစည်းသွားသည်။ ထို့နောက် အသွားထက်ဆုံး ဓားအလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အဆင့်အတားအဆီးကြီးဆီသို့ အရှိန်ပြင်းစွာ ထိုးစိုက်ဝင်ရောက်သွား၏။
ဂျုန်း! ဂျုန်း!
ဂျုန်း!ဂျုန်း!
ဂျုန်း...
မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများက အဆုံးမရှိ မြည်ဟည်းနေသည်။ ကျင့်ကြံခြင်းအခန်းတစ်ခုလုံးတွင် တာအိုတေးသံများ ပဲ့တင်ထပ်လျက်၊ တာအိုအငွေ့အသက်များ လည်ပတ်စီးဆင်းနေပြီး၊ အင်မော်တယ်ဘုံတစ်ခုအလား မရေမတွက်နိုင်သော ဆန်းကြယ်မြင်ကွင်းများ ပေါ်ထွက်နေတော့၏။
အကယ်၍သာ လုရီ စီရင်ထားသော အစွမ်းထက် ကာကွယ်ရေး အခင်းအကျင်းကြီးသာ မရှိခဲ့ပါက၊ ဤသို့သော ဆန်းကြယ်မြင်ကွင်းများသည် အရှေ့ နယ်မြေတစ်ခုလုံးသို့ပင် ပျံ့နှံ့ထွက်ပေါ်သွားဖွယ် ရှိလေသည်။
လုရီ၏ စိတ်အစဉ်မှာမူ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်နေ၏။ သူ၏ ထိုးဖောက်တိုက်ခိုက်မှုမှာ တစ်စက်ကလေးမျှ
မရပ်တန့်ဘဲ လပေါင်းများစွာတိုင် ဆက်လက်ဖြစ်ပွားနေခဲ့သည်။
နောက်ဆုံးတွင်တော့... “ဂျောက်” ဟူသော သိမ်မွေ့သည့် အက်ကွဲသံလေးတစ်ခုက လုရီ့ကို နိုးထစေခဲ့၏။
အဟန့်အတားကြီး ကျိုးပေါက်သွားခဲ့ပြီ ဖြစ်သည်။
လုရီသည် အသက် တစ်ချက် ပြင်းပြင်းရှိုက်သွင်းလိုက်ပြီး ဖရိုဖရဲ ပုလဲလုံးကို ထုတ်ယူလိုက်တော့၏။
ထိုဖရိုဖရဲ ပုလဲလုံးမှာ ခိုဥ အရွယ်အစားရှိပြီး အတွင်းပိုင်းမှာတော့ အရောင်အားလုံးကို စုပ်ယူထားသည့်အလား ဖြူဖျော့ဖျော့ ဖြစ်နေသည်။ ဆန်းကြယ်သော တာအိုအင်းကွက်များက
မသေမချာ မှိတ်တုတ်လင်းလက်နေပြီး တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လုရီ့ကို အနည်းငယ် မူးဝေသွားစေ၏။
ဤသို့သော တာအိုအင်းကွက်များတွင် ပါဝင်သော အသိပညာမှာ အလွန်နက်နဲပြီး ရှုပ်ထွေးလွန်းလှသည်။ သူသည် နိယာမ အမျိုးမျိုးကို
မသေးငယ်သော နယ်ပယ်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသော်လည်း ဤအရာကို ကြည့်ရှုရန်မှာမူ အင်အားမနိုင် ဖြစ်နေဆဲပင်။
ဤသည်မှာ လုရီဖြစ်နေ၍သာ တော်သေး၏။
အခြားကျင့်ကြံသူတစ်ဦး၊ ရွှေအင်မော်တယ်တစ်ပါးပင်ဖြစ်လင့်ကစား နိယာမများအပေါ် သူတို့၏ နားလည်မှု မလုံလောက်ပါက ရူးသွပ်သွားပြီး နောက်ဆုံးတွင် တာအိုထဲသို့ ပေါင်းစည်းပျော်ဝင်သွားဖွယ် ရှိလေသည်။
ဤသည်မှာ ဖရိုဖရဲပုလဲလုံး၏ အန္တရာယ်များထဲမှ သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သေး၏။ ခိုဥအရွယ် ပုလဲလုံးလေးသည် ဂြိုဟ်တစ်လုံးကဲ့သို့ လေးလံလှသည်။
လုရီ၏ ရုပ်ခန္ဓာမှာ အလွန်အမင်း သန်မာလှသော်လည်း ဤသို့သော အလေးချိန်နှင့် ရင်ဆိုင်ရသောအခါ အနည်းငယ် မနိုင်ဝန်မရ ဖြစ်နေဆဲပင်။ သူ၏ အရိုးများမှာ ကျွတ်ဆတ်မြည်သံများ ထွက်ပေါ်လာတော့၏။
သူသည် နောက်တစ်ကြိမ် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီး ဖရိုဖရဲပုလဲလုံးကို မျိုချလိုက်လေသည်။
ထိုအခါ... လုရီ၏ ခန္ဓာကိုယ်သည် စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာကာ တောက်ပနေသော အရိုးများကိုပင် မြင်နေရတော့၏။
ဖရိုဖရဲပုလဲလုံးတွင် ပါဝင်သော စွမ်းအားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှရာ၊ လုရီကဲ့သို့ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့်ပင် အပြည့်အဝ ကြံ့ကြံ့ခံနိုင်ရန် ခက်ခဲလှသည်။
ကြေမွမှုများက ဆက်လက်ဖြစ်ပေါ်နေပြီး အကယ်၍သာ ကြားဖြတ်မတားဆီးပါက လုရီ၏ ရုပ်ခန္ဓာသည် နောက်ဆုံးတွင် ဖရိုဖရဲ ပုလဲလုံး ကြောင့် လုံးဝ ကြေမွသွားပေလိမ့်မည်။
သို့သော် လုရီကတော့ ဖရိုဖရဲပုလဲလုံး၏ စွမ်းအားကို သူ၏ခန္ဓာကိုယ်အား ဖျက်ဆီးခွင့်ပြုမည်မဟုတ်သည်မှာ သဘာဝကျလှသည်။ သူသည် သဘာဝနိယာမကို အပြည့်အဝ လည်ပတ်စေပြီး အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်းကို ထုတ်ဖော်လိုက်တော့၏။
အလုံးစုံ ပြန်လည် ရှင်သန်ခြင်းသိုင်း၏ အစွမ်းထက် ပြန်လည်ရှင်သန်နိုင်စွမ်းကြောင့်
လုရီ၏ အစပိုင်းတွင် အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ခန္ဓာကိုယ်မှာ ကြေမွပျက်စီးခြင်းမှ ရပ်တန့်သွားပြီး တစ်စချင်းစီ ပြန်လည်ကျက်ဆက်လာတော့သည်။
သူ၏ ခန္ဓာကိုယ် ပျက်စီးလိုက်၊ ပြန်လည်တည်ဆောက်လိုက် ဖြစ်နေစဉ်မှာပင် ဖရိုဖရဲ
တာအိုအင်းကွက်များသည် လုရီ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုးပေါ်တွင် တဖြည်းဖြည်း စွဲထင်လာခဲ့၏။ အသားတစ်လက်မ၊ အရိုးတစ်ဆစ်တိုင်းသည် ဖရိုဖရဲတာအိုအင်းကွက်များ၏ တောက်ပမှုဖြင့် ဝင်းလက်နေတော့သည်။
ဖရိုဖရဲပုလဲလုံးတွင် ပါဝင်သော စွမ်းအားမှာ ကြီးမားလှပြီး တစ်ခဏအတွင်းမှာပင် မူလက အက်ကွဲနေသော အဆင့်အဟန့်အတားကြီးမှာ ကျိုးပေါက်သွားခဲ့၏။ လုရီက ဖရိုဖရဲပုလဲလုံးကို စုပ်ယူရင်း အစွမ်းထက်သော ဖရိုဖရဲချီစွမ်းအင်ကို အသုံးပြု၍ သူ၏ အခြေခံအုတ်မြစ်ကို တည်ဆောက်လိုက်ရာ သူ၏ ကျင့်ကြံမှုအခြေခံမှာလည်း တည်ငြိမ်စွာ တိုးတက်လာတော့သည်။
ကောင်းကင်ဘုံတာအိုသည် လှုပ်ခတ်စပြုလာပုံရပြီး ထျန်းမင်အနီးရှိ ကြယ်တာရာမြစ်တစ်ခုလုံးမှာ အနည်းငယ် ဝိုးတဝါး လင်းလက်သွား၏။
အင်မော်တယ် ဝိညာဉ်ချီစွမ်းအင် စီးကြောင်းများသည် လုရီ၏ ကာကွယ်ရေး အခင်းအကျင်းကို ဖြတ်သန်းကာ လုရီ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းဝင်ရောက်လာသည်။
လုရီ၏ ရုပ်ခန္ဓာသည် တစ်စချင်းစီ ပြန်လည်ပုံဖော်ခြင်း ခံနေရ၏။ သူ၏ ရုပ်ခန္ဓာသည် သာမန်သေမျိုး ခန္ဓာကိုယ်မှ အင်မော်တယ် ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲနေသည်။ ထိုမျှသာမက လုရီ၏ အတွင်းရှိ ကြွယ်ဝသော ဝိညာဉ်စွမ်းအားမှာလည်း ပိုမိုမြင့်မားသောအဆင့်ရှိ အင်မော်တယ်ဝိညာဉ်စွမ်းအားအဖြစ်သို့ ပြောင်းလဲနေ၏။
အတွင်းမှ အပြင်သို့ ပျံ့နှံ့ထွက်ပေါ်လာသော အစွမ်းထက် စွမ်းအားတစ်ခုက လုရီကို နက်ရှိုင်းစွာ နှစ်မြှုပ်သွားစေခဲ့သည်။ သူ၏ ကျင့်ကြံမှုအခြေခံ တိုးတက်လာသည်နှင့်အမျှ လုရီ၏ စွမ်းအားမှာလည်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရ၏။ သူသည် ကျန်ရှိနေသော ဖရိုဖရဲ ပုလဲလုံးများကို တစ်လုံးပြီးတစ်လုံး အသုံးပြုကာ သူ၏ ကျင့်ကြံမှုအခြေခံကို ကောင်းကင်ဘုံ အင်မော်တယ် အဆင့်တွင် ခိုင်မာအောင် ပြုလုပ်လိုက်သည်။
---
ကောင်းကင်ဘုံ အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားပြီးနောက် လုရီသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျင့်ကြံခြင်း အခန်းမှ ထွက်ခွာလာခဲ့၏။သူသည် လင်းလောင်တောင်ထိပ်တွင် မနေဘဲ တိုက်ရိုက် ကောင်းကင်သို့ တဟုန်ထိုး ပျံတက်သွားပြီး ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားတော့သည်။
တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးသည် သေမျိုးဘုံတွင် အစွမ်းအထက်ဆုံး မိုးကြိုးကပ်ဘေးဖြစ်ပြီး ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူအများစုကို ချေမှုန်းဖျက်ဆီးနိုင်လောက်အောင် အားပြင်းလှ၏။
လုရီ၏ ကိုယ်ပိုင်အစွမ်းထက်မှုကြောင့် သူ၏ တက်လှမ်းခြင်းကပ်ဘေးမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနိုင်လေရာ ဂြိုဟ်မျက်နှာပြင်ပေါ်တွင်သာ နေခဲ့ပါက ထျန်းမင်အတွက် မခန့်မှန်းနိုင်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထျန်းမင်ကဲ့သို့ ကြီးမားသော ဂြိုဟ်ကြီးတစ်လုံးကို ဖျက်ဆီးပစ်မည်ဟု မဆိုနိုင်သော်ငြား၊ မဟာနယ်မြေကြီးတစ်ခုကို ချေမှုန်းပစ်ရန်မှာမူ လုံးဝ နောက်စရာ မဟုတ်ချေ။
လုရီ ပေါ်ထွက်လာသည်နှင့် ကောင်းကင်ဘုံ
အင်မော်တယ်အဆင့်၏ ကြောက်မက်ဖွယ် အရှိန်အဝါကြီး ပျံ့နှံ့ထွက်ပေါ်လာရာ ထျန်းမင်ပေါ်ရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ချီသန့်စင်ခြင်း နယ်ပယ်မှ ကျင့်ကြံသူများပင်လျှင် စိတ်ကူးဖြင့် မမှန်းဆနိုင်သော စွမ်းအား
တစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိလိုက်ကြ၏။
လင်းလောင်တောင်ထိပ်သခင်မ၊ အဘွားယွမ်လင်၊ ဝမ်ကျန်းယွမ်၊ တာအိုပညာရှင်မုနှင့် အခြားအင်မော်တယ်များအားလုံးမှာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။
လျိုနင်ရွှမ်းနှင့် အခြားသူများ၊ ချင်းချုံးဟွာ၊ ကောင်းကင်နဂါး သူတော်စင်သားတော်၊
လေ့ယင် သူတော်စင်သမီးတော်တို့မှာလည်း အံ့အားသင့်ဟန်များ ထင်ရှားစွာဖြင့် ကောင်းကင်သို့ မော့ကြည့်နေကြ၏။
တစ်စုံတစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
“ဒါ… လုရီရဲ့ အရှိန်အဝါလား”
အဘွားယွမ်လင်၏ မျက်နှာပေါ်တွင် မယုံနိုင်စရာ အရိပ်အယောင်တို့ ထင်ဟပ်နေ၏။
“အဲ့ဒီ ကောင်လေး… တက်လှမ်းသွားပြီလား။ ဒီအဘွားကြီး ထင်ထားတာထက်တောင် မြန်နေသေးပါလား၊ ပြီးတော့ ဒီအရှိန်အဝါက… အရမ်းကြီး ကြီးစိုးလွန်းနေပြီလေ”
ကျင့်ကြံသူအားလုံးမှာ မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်နေကြသည်။
ကျင့်ကြံသူ အုပ်စုတစ်စုသည် လေထဲသို့ ပျံတက်လာကြပြီး ဟင်းလင်းပြင်အနီးသို့ ရောက်ရှိလာကာ လုရီ့ကို အဝေးမှ လှမ်းကြည့်နေကြ၏။
သူတို့၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ကွဲပြားနေကြ၏။
ဟင်းလင်းပြင်ထဲတွင်တော့ လုရီသည် စကား
မပြောနိုင်လောက်အောင် ဖြစ်နေသော မျက်နှာထားဖြင့် အထက်သို့ မော့ကြည့်နေမိသည်။ သူ၏ အထက်တွင် ခရမ်းရောင်မိုးကြိုးပင်လယ်ကြီးများ စုစည်းနေ၏။ မိုးတိမ်မည်းများ လုံးဝမရှိဘဲ ကောင်းကင် မိုးကြိုးများဖြင့်သာ
လုံးဝ ဖွဲ့စည်းထားသည်။ ဤကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားမျိုးကို လုရီသည် သူ၏ ယခင် အဆင့်ချိုးဖြတ်မှုများတွင် တစ်ခါမျှ
မကြုံတွေ့ခဲ့ဖူးချေ။
ဤသည်မှာ လုံးဝ မဖြစ်နိုင်လောက်အောင်ပင်။
ဘုန်း!!!
အဆုံးမဲ့ ဖျက်ဆီးခြင်းမိုးကြိုးများသည် ကြောက်မက်ဖွယ် ဒီရေလှိုင်းကြီးသဖွယ် အရိုင်းဆန်သော လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲကာ လုရီ့ဆီသို့ အသိပေးခြင်း တစ်ချက်မျှမရှိဘဲ တဟုန်ထိုး ဝင်ရောက်လာပြီး သူ့ကို လွှမ်းခြုံသွားတော့၏။
မိုးကြိုးများသည် လုရီ၏ ခန္ဓာကိုယ်ကို ထိမှန်ကာ သူ့ကို လုံးဝ ဖျက်ဆီးပစ်ရန် ကြံရွယ်နေသည်။
သူသည် အလွန်အမင်း အစွမ်းထက်လွန်းရာ ကောင်းကင်ဘုံတာအိုကပင် သည်းမခံနိုင်တော့သည့်အလား။ သို့သော်ငြားလည်း ဖရိုဖရဲ ပုလဲလုံးကို စုပ်ယူပြီးနောက် လုရီ၏ ခန္ဓာကိုယ်မှာ တစ်ဖန်ပြန်လည် သန်မာလာခဲ့ပြီ ဖြစ်၏။ ဤသို့ အစွမ်းထက်သော မိုးကြိုးများပင်လျှင် သူ့အပေါ်သို့ ကျရောက်လာသောအခါ သူ၏ အရေပြားပေါ်တွင် မီးလောင်ဒဏ်ရာ အနည်းငယ်ကိုသာ ချန်ထားနိုင်ပြီး ထိခိုက်မှု အလျင်းမရှိသလောက်ပင်ဖြစ်၏။
ဤမိုးကြိုးများမှတစ်ဆင့် လုရီသည် ကောင်းကင်ဘုံတာအို၏ အမျက်ဒေါသကို ခံစားမိလိုက်သည်။ သူလည်း မတတ်နိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလွန်းနေပြီး ကောင်းကင်ဘုံတာအိုကို လုံးဝ အလေးမထားသလို ဖြစ်နေ၏။ အဝေးမှ ကျင့်ကြံသူများမှာလည်း ဤသို့သော ကပ်ဘေးမျိုးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။ သူတို့၏ မျက်နှာအမူအရာများမှာ ထုံကျင်နေပြီး အံ့ဩလွန်း၍ မှင်တက်နေကြတော့၏။
တစ်ယောက်က အာမေဋိတ်သံပြုလိုက်သည်။
“ဒီကပ်ဘေး… ဘာတွေ ဖြစ်နေတာလဲ။ မိုးကြိုးတိမ်တွေ မရှိဘဲ ကောင်းကင်မိုးကြိုးတွေနဲ့ချည်းပဲ ဖွဲ့စည်းထားတာလား”
နောက်တစ်ယောက်က ထိတ်လန့်တကြား ဝင်ပြော၏။
“သုံးရောင်ခြယ် ကောင်းကင်မိုးကြိုး၊ ရွှေနီရောင် ကောင်းကင်မိုးကြိုး၊ ရွှမ်ဟွမ် ကောင်းကင်မိုးကြိုး… အဲ့ဒီထဲမှာ ရှားပါးတဲ့ ကောင်းကင်မိုးကြိုးအမျိုးအစား ဒါဇင်နဲ့ချီပြီး ပါနေတယ်!
လုရီ၊ မင်း ကောင်းကင်ဘုံရဲ့ နိယာမကို ဆန့်ကျင်တဲ့ ဘယ်လို ခွင့်မလွှတ်နိုင်တဲ့ အပြစ်မျိုးကို ကျူးလွန်ခဲ့လို့လဲ”
ဝမ်ကျန်းယွမ်က အသက်ရှူဖို့ပင်မေ့နေသလို ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒီလို ကောင်းကင်မိုးကြိုးမျိုးကို ဒီအဘိုးကြီး တစ်ခါမှ မမြင်ဖူးဘူး။ ရွှေအင်မော်တယ်တွေ တက်လှမ်းတုန်းက ဒီလို မိုးကြိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရလို့လား။ အင်မော်တယ်ဘုရင်တွေကကော”
ပုယွင်ကျန့်နှင့် လုံယွမ်တို့မှာ ထွက်ခွာမသွားသေးဘဲ ယခုအခိုက်အတန့်တွင် ဝမ်ကျန်းယွမ်နှင့်
တာအို ပညာရှင်မုတို့နှင့်အတူ ရောနှောကာ ဆွေးနွေးနေကြသည်။
သူတို့ ဆွေးနွေးနေကြစဉ် တစ်ဖက်တွင်တော့ လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့ အတူတကွ ရပ်နေကြ၏။ အဘွားယွမ်လင်သည် အဝေးမှ မိုးကြိုးပင်လယ်ကြီးကို ကြည့်ကာ သူ၏ မျက်နှာမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူမက စိုးရိမ်တကြီး မေးမြန်းလိုက်၏။ “သခင်မလေး… ဒီကပ်ဘေးက… အားမပြင်းလွန်းဘူးလား”
လင်းလောင်တောင်ထိပ်သခင်မမှာလည်း တုန်လှုပ်နေပြီး ခေါင်းညိတ်ကာ ဆိုသည်။
“အမှန်ပဲ၊ ကျွန်မတို့ ဘိုးဘေးတောင် သူ့ရဲ့ တက်လှမ်းခြင်းအချိန်တုန်းက ဒီလောက်အစွမ်းထက်တဲ့ ကပ်ဘေးမျိုးနဲ့ ရင်ဆိုင်ခဲ့ရမှာ မဟုတ်ဘူး… ဘိုးဘေးက သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိထဲမှာ ရှားပါးတဲ့ ကောင်းကင်မိုးကြိုး အမျိုးအစား ကိုးမျိုးကို ဆင့်ခေါ်နိုင်ခဲ့တယ်လို့ ရေးထားတယ်၊
မကြုံစဖူးလို့တောင် ဆိုထားသေးတယ်… အဲ့ဒီ
အဘိုးကြီးကတော့ တကယ်ပဲ ကြွားတတ်တာပဲ”
အဘွားယွမ်လင်မှာတော့ “… …”
သူမ စကားမပြောနိုင်တော့ချေ။
ယွီမိသားစု ဘိုးဘေးမှာ အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်ကြီးဖြစ်ရာ သူက ဘယ်လိုလုပ် ကြွားဝါနိုင်ပါ့မလဲ။
သူသည် ကြွားဝါရန် လုံးဝပင် အထင်သေးမည့်သူဖြစ်၏။
ပြောနိုင်သည်မှာ သခင်လေးလုရီ၏ ကပ်ဘေးကသာ အမှန်တကယ် လွန်လွန်ကဲကဲ ချဲ့ကားလွန်းနေခြင်းပင်။
သို့သော် အဘွားယွမ်လင်သည် ဤစကားကို လင်းလောင်တောင်ထိပ်သခင်မအား ပြောနိုင်မည်မဟုတ်သည်မှာ သဘာဝကျလှသည်။
သူမသည် အားတင်းကာ ရယ်လိုက်ပြီး တုံ့ပြန်ခြင်း မပြုဘဲ နေလိုက်၏။
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပလာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရှားပါးတဲ့ ကောင်းကင်မိုးကြိုး ဒါဇင်နဲ့ချီပြီး ဆင့်ခေါ်နိုင်တဲ့ တက်လှမ်းခြင်းကပ်ဘေး… ဒီကောင်လေးက တကယ်ပဲ အင်မော်တယ်အရှင်သခင် တစ်ပါးရဲ့ ပြန်လည်ဝင်စားခြင်း မဟုတ်လောက်ဘူး… ပြန်လည်ဝင်စားလာတဲ့ အင်မော်တယ်အရှင်သခင်တွေတောင် ဒီလိုအစွမ်းမျိုး ပိုင်ဆိုင်လို့လား။ ဒီကောင်လေးက ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်၊ ဒါမှမဟုတ် အင်မော်တယ် ဧကရာဇ် တစ်ပါးရဲ့ ပြန်လည်ဝင်စားသူများ ဖြစ်နေမလား”
လင်းလောင်တောင်ထိပ်သခင်မမှာ အနည်းငယ် မယုံနိုင်ဖြစ်နေ၏။
အကြောင်းမှာ စကြဝဠာတစ်ခုလုံးတွင်
အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များမှာ နှစ်ဘီလီယံပေါင်းများစွာတိုင် ပေါ်ထွက်မလာခဲ့တော့သောကြောင့် ဖြစ်သည်။
အင်မော်တယ် အရှင်သခင် တစ်ပါးသည် စကြဝဠာ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။
အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များ ဘယ်ကို ရောက်သွားကြသည်ကို မည်သူမျှ မသိချေ။
သို့သော် အချို့သော ဒဏ္ဍာရီများအရ
အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များသည် ကျိုယိုချီ နယ်မြေနှင့် စကြဝဠာအနှံ့ ပျံ့နှံ့နေသော တားမြစ် နယ်မြေအမျိုးမျိုးနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ဆိုကြသည်။
သို့သော် ယွီမိသားစုဘိုးဘေး၏ ခန့်မှန်းချက်များအရ စကြဝဠာအတွင်းရှိ အလွန်ရှေးကျသော မိသားစုအချို့တွင် အင်မော်တယ်ဘုရင်များ သို့မဟုတ် အင်မော်တယ်ဧကရာဇ်များပင် နှစ်ခြိုက်စွာ အိပ်စက်နေနိုင်သည်ဟု ဆို၏။
ဟုတ်ပါ၏၊ ယင်းက သက်သက် ထင်ကြေးပေးခြင်းမျှသာ ဖြစ်သည်။
လင်းလောင်တောင်ထိပ်သခင်မသည် သူမအနေဖြင့် အသက်ရှင်နေသော အင်မော်တယ်ဘုရင် တစ်ပါး သို့မဟုတ် အင်မော်တယ်ဧကရာဇ် တစ်ပါး၏ ပြန်လည်ဝင်စားခြင်းနှင့် ကြုံတွေ့ခဲ့ရသည်ဟု ခံစားလိုက်ရ၏။
ဒီပုဂ္ဂိုလ်က သူမရဲ့ တိုက်ရိုက်တပည့် ဖြစ်လာတယ်တဲ့လား။
လင်းလောင်တောင်ထိပ်သခင်မသည် သူမ ထီပေါက်သွားသည်ဟု ခံစားလိုက်ရသည်။ ဤနေရာတွင် အလွန်ပျင်းစရာကောင်းလှသော်လည်း တပည့်အနည်းငယ် စုဆောင်းလိုက်ရာမှ ဤသို့သော စွမ်းအားရှင်ကြီးတစ်ဦးကို စုဆောင်းနိုင်ခဲ့သည်တဲ့လား။
ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ!
---
ထိုအခိုက်မှာပင် ကောင်းကင်မိုးကြိုးများကြားမှ အဆုံးမဲ့သော အလင်းရောင်များ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့၏။
တာအိုတေးသံများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ပဲ့တင်ထပ်သွားပြီး တာအိုအင်းကွက်များက ထျန်းမင်ကို လွှမ်းခြုံကာ အလုံးစုံကို ပြည့်နှက်သွားစေခဲ့သည်။
ကြယ်တာရာကောင်းကင်တစ်ခုလုံး၏ ဝိညာဉ်စွမ်းအင်များသည် ထျန်းမင်ဆီသို့ တဟုန်ထိုး စီးဝင်လာပြီး ဝိညာဉ်မိုးစက်များအဖြစ်သို့ ပြောင်းလဲကာ ထျန်းမင်အပေါ်သို့ ရွာသွန်းချလိုက်လေတော့၏။