ထျန်းမင် ကြယ်တာရာ အင်မော်တယ်ဂြိုဟ်အဖြစ်သို့၊ ရှေးဟောင်း သူတော်စင်များ
Vol. 40 Ch. 588
ဝိညာဉ်မိုးစက်များသည် ဖြည်းညင်းစွာ ရွာသွန်းကျလာသည်။ ထျန်းမင်ရှိ ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုမှာ မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် တိုးပွားလာနေ၏။
ကျင့်ကြံသူများစွာသည် ဝိညာဉ်မိုးစက်များ၏ အားဖြည့်မှုကို ခံယူရင်း သူတို့၏ ကျင့်ကြံမှုအခြေခံတွင် လျင်မြန်သော တိုးတက်မှုကို တွေ့ကြုံခံစားခဲ့ရသည်။ အချို့မှာမူ တစ်ခဏအတွင်းမှာပင် သူတို့၏ နယ်ပယ်ကို ချိုးဖြတ်နိုင်ခဲ့ကြ၏။
တာအိုတေးသံသည်လည်း ထျန်းမင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ တာအိုအလင်းနှင့် တာအိုအင်းကွက်များမှာ မသေမချာ မှိတ်တုတ်
မှိတ်တုတ် လင်းလက်နေပြီး လူတစ်ဦးအတွက် နားလည်ရန် ခက်ခဲလှသော ဆန်းကြယ်သည့် နိယာမများ ပါဝင်နေ၏။ ထို့ကြောင့် ကျင့်ကြံသူအားလုံးမှာ ထိုအာရုံတွင် နစ်မျောသွားပြီး ဉာဏ်အလင်းပွင့်ခြင်းထဲသို့ နစ်မြုပ်သွားကြသည်။
ကောင်းကင်ဘုံအင်မော်တယ် အနည်းငယ်ပင်လျှင် ဤအခိုက်အတန့်တွင် တာအိုအလင်းကို ကြည့်ရှုရင်း၊ တာအိုတေးသံကို နားထောင်ရင်း နားလည်သဘောပေါက်မှုများဖြင့် လွှမ်းခြုံခံလိုက်ရ၏။
“လူတစ်ယောက် တာအိုကို ရရှိလျှင် ကြက်များ၊ခွေးများပင် ကောင်းကင်ဘုံသို့ တက်နိုင်သည်” ဟူသော စကားပုံအတိုင်းပင် ဖြစ်သည်။
လုရီ၏ ကပ်ဘေးဖြတ်ကျော်ခြင်းက ဆွဲဆောင်ခဲ့သော ကောင်းကင်ကပ်ဘေးမှာ အလွန်အမင်း အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းလှရာ၊ သူသည်လည်း ထိုက်တန်သော လက်ဆောင်တစ်ခုကို ပြန်လည်ရရှိခဲ့၏။
ထျန်းမင်မှ ကျင့်ကြံသူအားလုံးသည် လုရီ၏ အဆင့်ချိုးဖြတ်မှုမှ အကျိုးကျေးဇူးများ ရရှိခဲ့ကြသည်။ သူတို့၏ ကျင့်ကြံမှုအခြေခံ တိုးတက်လာရုံသာမက နားလည်သဘောပေါက်နိုင်စွမ်းမှာလည်း တိုးတက်လာခဲ့၏။
ထျန်းမင်တစ်ခွင်လုံးရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာပင် သိသိသာသာ တိုးပွားလာနေသည်။ ထျန်းမင်ဂြိုလ် ကိုယ်တိုင်သည် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့နေရ၏။
ဝမ်ကျန်းယွမ်နှင့် အခြား အင်မော်တယ်များမှာ အဘယ်အရာ ဖြစ်ပျက်နေသည်ကို နားမလည်ကြသော်လည်း ကြီးမားသော ပြောင်းလဲမှုများကိုမူ ခံစားမိနိုင်ကြသည်။ သူတို့၏ မျက်နှာများမှာ တုန်လှုပ်မှုနှင့် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေ၏။
သို့သော် ယွီမိသားစုမှ ကျင့်ကြံသူများဖြစ်ပြီး လောကအတွေ့အကြုံများစွာ ရှိကြသော လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့နှစ်ဦးမှာမူ ပိုမို၍ မြင်တွေ့နိုင်ကြသည်။
လင်းလောင်တောင်ထိပ်သခင်မသည် ဝိညာဉ်ကျောက်စိမ်းရတနာများ မြေပေါ်သို့ ကျဆင်းလာပြီး ကြွယ်ဝသော ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ထျန်းမင်တစ်ခုလုံးကို အားဖြည့်ပေးနေသည်ကို ကြည့်ရှုနေ၏။ ထျန်းမင်၏ တောင်တန်းများမှာ ပိုမို၍ ခန့်ညားထည်ဝါလာသည်။ ရေကန်များမှာ ပို၍ ကြည်လင်ပြာလဲ့လာပြီး သမုဒ္ဒရာများတွင် အဆုံးမဲ့သော ဝိညာဉ်အလင်းများ ပါဝင်နေကာ၊ မရေမတွက်နိုင်သော ကြမ်းကြုတ်သားရဲများမှာ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်နေကြ၏။
သူမသည် အလွန်အမင်း တုန်လှုပ်သွားပြီး ရေရွတ်လိုက်သည်။
“ဒီကောင်လေး တာအိုရဲ့ အားဖြည့်မှုကို ပြန်ရလိုက်တာလား။ ဒဏ္ဍာရီတွေအရ တာအိုရဲ့ အသိအမှတ်ပြုမှုကို ရရှိတဲ့သူတွေသာ ဒီလိုအားဖြည့်မှုကို ရရှိတယ်လို့ ဆိုတယ်။ ငါတို့ ဘိုးဘေးတောင် တာအိုရဲ့ အားဖြည့်မှုကို ရရှိခဲ့ပုံပဲ၊ ဒါပေမဲ့ ဒီလောက်ကြီး ချဲ့ကားမနေခဲ့ဘူး မဟုတ်လား။ ဒီနှုန်းအတိုင်းသာဆိုရင် ထျန်းမင်ကြယ်တာရာတစ်ခုလုံး အင်မော်တယ် နယ်မြေတစ်ခု ဖြစ်သွားတော့မယ့်ပုံပဲ”
အဘွားယွမ်လင်မှာလည်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေ၏။
“သခင်လေးလုရီမှာ အင်မော်တယ်ဘုရင် တစ်ပါးရဲ့ အရည်အချင်းတွေ ရှိနေပြီ။ အနာဂတ်မှာ သူ တကယ်ပဲ ဘိုးဘေးကို ကျော်လွန်သွားနိုင်လောက်တယ်”
မကြာမီမှာပင် သူမတို့နှစ်ဦးမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။
သူမတို့သည် ထျန်းမင်တွင် အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်မျှင်တန်းများ ပေါ်ထွက်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ကြ၏။
ဤသည်မှာ အင်မော်တယ်ကြယ်တာရာများတွင်သာ တည်ရှိသော အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်ဖြစ်ပြီး ယခု ဤနေရာတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤသည်မှာ ထျန်းမင်သည် အမှန်တကယ်ပင် အင်မော်တယ်ကြယ်တာရာတစ်ခု ဖြစ်လာခဲ့ပြီဟု အဓိပ္ပာယ်ရ၏။
အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်၏ အားဖြည့်မှုနှင့်အတူ နောက်ပိုင်းတွင် မွေးဖွားလာမည့် သက်ရှိတို့၏ ပါရမီများမှာ များစွာ ပိုမိုမြင့်မားလာမည်ဖြစ်သည်။ အခြေတည်ဝိညာဉ်အဖြစ် မွေးဖွားလာသော သက်ရှိများ သို့မဟုတ်
နတ်ဘုရားအသွင်ပြောင်းနှင့် ဟင်းလင်းပြင်ဥမင် အရည်အချင်းများပင် ပါဝင်လာနိုင်၏။
ထို့ပြင် အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်၏ အားဖြည့်မှုကို ခံယူရပြီး တက်လှမ်းခြင်းအရည်အချင်းကို ပိုင်ဆိုင်ကာ အင်မော်တယ် အဖြစ်သို့ တက်လှမ်းနိုင်မည့် သူများမှာလည်း သိသိသာသာ တိုးပွားလာမည် ဖြစ်သည်။
သာမန်အားဖြင့် အားအနည်းဆုံး အင်မော်တယ်ကြယ်တာရာ တစ်ခုတွင်ပင် အင်မော်တယ်အဆင့် သက်ရှိ ရာပေါင်းများစွာ ရှိတတ်၏။
နှိုင်းယှဉ်ကြည့်လျှင် သေမျိုးကြယ်တာရာများထဲတွင် အလွန်အစွမ်းထက်သည်ဟု သတ်မှတ်ခံရသော ထျန်းမင်တွင်ပင် အပြင်ဘက်၌ လှည့်လည်သွားလာနေသော အင်မော်တယ် ဒါဇင်အနည်းငယ်မျှသာ ရှိလေသည်။
ထျန်းမင်၏ အသွင်ပြောင်းလဲမှုမှာ မရပ်မနား ဆက်လက်ဖြစ်ပေါ်နေပြီး မကြာမီမှာပင်
လင်းလောင်တောင်ထိပ် သခင်မနှင့် အဘွားယွမ်လင်တို့နှစ်ဦးလုံးမှာ အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်များ အထူးတလည် စုစည်းနေသော နေရာတစ်ခုကို သတိပြုမိလိုက်ကြ၏။
သူတို့သည် အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြပြီး ထိုနေရာမှာ လင်းလောင်တောင်ထိပ်၏ ဦးတည်ရာဘက်ဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။
ကြွယ်ဝသော အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်များသည် ကောင်းကင်သို့ တဟုန်ထိုး တက်သွားကာ ကြယ်တာရာအစက်အပြောက်များကို ဖြစ်ပေါ်စေပြီး အသက်ရှုမှားလောက်အောင် လှပနေ၏။
အဘွားယွမ်လင်သည် တစ်စုံတစ်ခုကို သိရှိသွားပြီး တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
“အဲ့ဒါ… သခင်လေးလုရီ ဒီနှစ်တွေအတွင်း စိုက်ပျိုးခဲ့တဲ့ အင်မော်တယ်သစ်ပင်တွေပဲ!
တာအိုရဲ့ အားဖြည့်မှုအောက်မှာ သူတို့အားလုံး လျင်မြန်စွာ ကြီးထွားလာနေပြီး အစောဆုံးအသုတ်က ရင့်ကျက်ခါနီးနေပြီနဲ့တူတယ်”
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာမှာ မည်းမှောင်နေ၏။
“ငါ..တော်တော်လေး မေ့သွားတာပဲ၊ အဲ့ဒီကောင်လေး အရင်က အင်မော်တယ်သစ်ပင်တွေ အများကြီး စိုက်ခဲ့တာပဲ… တာအိုရဲ့ အားဖြည့်မှုသာ မရှိရင်တောင် ဒီအင်မော်တယ်သစ်ပင်တွေအားလုံး ရင့်ကျက်သွားတာနဲ့ ထျန်းမင်က အင်မော်တယ်နယ်မြေအဖြစ် လုံးဝမပြောင်းလဲရင်တောင် အနည်းဆုံးတော့ ချင်းကျိုးကတော့ ဖြစ်သွားနိုင်တယ်”
ရုတ်တရက်..,လင်းလောင်တောင်ထိပ်သခင်မသည် အကယ်၍ ထိုကောင်လေးက အင်မော်တယ်သစ်ပင်များစွာကို ရှာတွေ့နိုင်ခဲ့လျှင် သူမက သူ့ကို အဖေဟု ခေါ်မည်ဟု ယခင်က ကတိပေးခဲ့သည်ကို ပြန်သတိရသွားမိသည်။
အင်း… ထိုကောင်လေး မေ့သွားလောက်မှာပါ။ အကယ်၍သာ သူ မမေ့သေးဘူးဆိုလျှင်တော့ သူမက သူ့ကို မေ့သွားအောင် အင်အားသုံးရပေတော့မည်။
ထိုအခိုက်အတန့်၌ အဘွားယွမ်လင်က ဝင်ပြောလာ၏။
“ဟုတ်ပါတယ်… အခု တာအိုက ပြန်လည်အားဖြည့်ပေးနေတော့ ထျန်းမင် တစ်ခုလုံးက တိုးတက်ပြောင်းလဲလာနေပြီ။ တိမ်ဖြူဂိုဏ်းရဲ့ ဦးတည်ရာဘက်မှာ ရင့်ကျက်တဲ့ သစ်ပင်တွေ ရှိနေတော့ အဲ့ဒီနေရာက ကောင်းကင် ဥမင်မင်္ဂလာမြေ တစ်ခု ဖြစ်လာနိုင်ခြေများတယ်။ ယွီမိသားစုနဲ့တော့ မယှဉ်နိုင်ပေမယ့် သာမန်နက်ရှိုင်းခြင်း အင်မော်တယ် မိသားစု တစ်စုရဲ့ နယ်မြေထက်တော့ သိပ်နောက်ကျမှာ မဟုတ်ဘူး”
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းအသာငြိမ့်သည်။
“ဒီကောင်လေးရှိနေတာက တကယ်ပဲ
တိမ်ဖြူ ဂိုဏ်းရဲ့ ကံကောင်းခြင်းပဲ။ အနာဂတ်မှာ တိမ်ဖြူဂိုဏ်းက နက်ရှိုင်းခြင်း
အင်မော်တယ်အဆင့် စွမ်းအားရှင် အတော်များများကို မွေးထုတ်ပေးနိုင်လောက်တယ်၊ အကယ်၍သာ နင်ရွှမ်းလို ပုဂ္ဂိုလ်မျိုး အနည်းငယ်လောက် ထပ်ပေါ်လာရင် ရွှေအင်မော်တယ်တစ်ပါး မွေးထုတ်ပေးနိုင်တာတောင် မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး”
သူတို့နှစ်ဦးမှာ မကြာမီမှာပင် စကားဆက်မပြောတော့ပေ။ အကြောင်းမှာ တာအိုတေးသံနှင့် တာအိုအလင်းမှာ ပိုမိုပြင်းထန်လာပြီး သူမတို့လည်း နားလည်သဘောပေါက်ခြင်း အခြေအနေသို့ ဝင်ရောက်ရန် လိုအပ်သောကြောင့် ဖြစ်၏။
မဟုတ်လျှင် ဤသို့သော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းသည် သူတို့အတွက်လည်း ဆုံးရှုံးမှုတစ်ခု ဖြစ်ပေလိမ့်မည်။
---
…
အချိန်သည် စီးဆင်းသွားသည်။ မည်မျှကြာသွားသည်ကို မသိနိုင်ချေ။
ကျယ်ပြောလှသော မိုးကြိုးပင်လယ်ကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မိုးကြိုးအလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွား၏။
လုရီသည် ဟင်းလင်းပြင်ထဲတွင် မတ်တပ်ရပ်နေသည်။ သူ၏ ပတ်လည်တွင် မပျောက်ကွယ်သေးသော မိုးကြိုးလျှပ်စီးများ ဝန်းရံနေဆဲဖြစ်၏။
သူ၏ အရှိန်အဝါမှာ အလွန်တည်ငြိမ်နေပြီး သာမန်သေမျိုးတစ်ဦးနှင့်ပင် တူနေသည်။
သို့သော် သာမန်သေမျိုးတစ်ဦးသည် ဟင်းလင်းပြင်ထဲတွင် မည်သို့မျှ အသက်မရှင်နိုင်ဟု လူတိုင်း သိကြ၏။
လုရီ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ဖြူဖျော့ဖျော့ မီးခိုးရောင်အလင်းတန်းတစ်ခု သူ၏ မျက်ဝန်းများထဲတွင် လင်းလက်သွားပြီး အဆုံးမဲ့သော တာအိုအင်းကွက်များ ပါဝင်နေဟန်ရှိ၏။
ဖရိုဖရဲပုလဲလုံးကို စုပ်ယူပြီး ကောင်းကင်ဘုံ
အင်မော်တယ် နယ်ပယ်သို့ ချိုးဖြတ်ပြီးနောက်
လုရီသည် သူ၏ အခြေအနေ တစ်ဖန်ပြန်လည် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
သူ၏ အမြင်အာရုံထဲတွင် တာအိုသည် မြင်နိုင်သောအရာတစ်ခု ဖြစ်လာခဲ့၏။ အမှန်ပင်၊ လုရီသည် သူ တာအို၏ နိယာမများကို အမှန်တကယ် မြင်နိုင်နေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဆန်းကြယ်၍ တိုင်းတာမရနိုင်သော တာအိုအင်းကွက်များသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းကာ တောက်ပနေပြီး၊ ရှုပ်ထွေးတိကျသော အခင်းအကျင်းအင်းကွက်များသဖွယ် အဆုံးမဲ့သော မဟာအခင်းအကျင်းကြီးတစ်ခုကို ဖွဲ့စည်းထား၏။ ဤသည်တို့မှာ တာအို၏ သဘာဝ တာအိုအင်းကွက်များပင် ဖြစ်သည်။
စကြဝဠာ မွေးဖွားလာသည်နှင့်အတူ တာအိုသည်လည်း တစ်ပြိုင်နက်တည်း ဖြစ်တည်လာခဲ့ပြီး တာအိုအင်းကွက်များသည် တာအိုနှင့်အတူ ပျံ့နှံ့ကာ စကြဝဠာ၏ အဆုံးမဲ့သော နိယာမများအဖြစ်သို့ တိုးတက် ပြောင်းလဲလာခဲ့တော့၏။