ထျန်းမင် ကြယ်တာရာ အင်မော်တယ်ဂြိုဟ်အဖြစ်သို့၊ ရှေးဟောင်း သူတော်စင်များ (၂)
Vol. 40 Ch. 589
လုရီသည် အဆုံးမဲ့သော တာအိုအင်းကွက်များကို စိုက်ကြည့်ရင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွား၏။
ရှေးခေတ်လူများက အခင်းအကျင်းတာအိုကို တာအိုအင်းကွက်များမှ ဆင်းသက်လာသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်မှာ အံ့ဩစရာမရှိချေ။ ထိုစကားမှာ အမှန်ပင် ဖြစ်ပုံရ၏။
အခင်းအကျင်းတာအိုသည် တာအို၏ ရိုးရှင်းအောင် ပြုလုပ်ထားသော ပုံစံတစ်ခုဖြစ်လေသည်။ ၎င်းသည် အကျယ်ပြန့်ဆုံးသော စွမ်းဆောင်နိုင်မှုများကို ပိုင်ဆိုင်ထားသော်လည်း အနက်ရှိုင်းဆုံးနှင့် အသိရခက်ဆုံးလည်း ဖြစ်၏။
ထိုအခိုက်အတန့်တွင် လုရီသည် တာအို၏ တာအိုအင်းကွက်များကို တိုက်ရိုက် ကြည့်ရှုနိုင်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့ပါ။ ဖြစ်နိုင်သည်မှာ သူ ဖရိုဖရဲပုလဲလုံးကို မျိုချခဲ့သောကြောင့် ဖြစ်ပေမည်။ ဖရိုဖရဲမှ တာအို မွေးဖွားလာခဲ့ပြီး၊ ဖရိုဖရဲနှင့် ပေါင်းစည်းပြီးနောက် သူသည် ပိုမိုမြင့်မားသော အရာတစ်ခုအဖြစ်သို့ တိုးတက်ပြောင်းလဲသွားခဲ့ခြင်းကြောင့် တာအို၏ လည်ပတ်ပုံစည်းမျဉ်းများကို မြင်နိုင်ခဲ့ခြင်းပင်။
သာမန် ကောင်းကင်ဘုံအင်မော်တယ်များမှာမူ ဤသည်ကို မြင်နိုင်မည် မဟုတ်လောက်ပေ။ သို့သော် ပိုမို မြင့်မားသော အဆင့်ရှိ
အင်မော်တယ် တစ်ပါးကရော ဤသည်ကို မြင်နိုင်မည်လော။
လုရီသည် မျက်တောင်ခတ်လိုက်သည်။ သူ၏ မျက်ဝန်းများထဲမှ မီးခိုးရောင် ဖျော့ဖျော့ အလင်းရောင်များ တဖြည်းဖြည်း တည်ငြိမ်သွားပြီး ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းနေသော တာအိုအင်းကွက်များမှာလည်း ပျောက်ကွယ်သွား၏။
လုရီသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်သည်။ သူသည် တာအိုအင်းကွက်များကို မြင်နိုင်သော်လည်း ၎င်းတို့မှာ အလွန်ဆန်းကြယ်လှရာ သူ၏ လက်ရှိ နယ်ပယ်ဖြင့် အပြည့်အဝ နားလည်နိုင်မည် မဟုတ်ချေ။ ထို့ပြင် သူတို့၏ အဆုံးမဲ့သော နိယာမများတွင် နစ်မျောသွားပြီး မိမိကိုယ်ကို ပျောက်ဆုံးသွားနိုင်၏။
အသိပညာသည်လည်း ချစ်ခင်ဖွယ်ကောင်းသလို မုန်းတီးဖွယ်လည်းကောင်းသော အဆိပ်တစ်မျိုးပင် ဖြစ်သည်။
သို့သော် လုရီသည် ဤတာအိုအင်းကွက်များကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ပြီး သူ၏ဆန္ဒအတိုင်း ထိန်းချုပ်နိုင်သည့်အခါ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး သူနှင့်အတူ လိုက်ပါလှုပ်ရှားလာမည့် အနာဂတ်ကို အလွန်မျှော်လင့်နေမိ၏။
လုရီသည် ဆက်လက်မတွေးတောတော့ဘဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
သူ၏ အဆင့်ချိုးဖြတ်မှု ပြီးဆုံးသွားသည်နှင့် စောင့်ကြည့်နေခဲ့သော အင်မော်တယ်များသည် ပျံသန်းလာကြ၏။
လုံယွမ်က တောက်ပသော အပြုံးဖြင့် အော်ဟစ်လိုက်သည်။ “ဟားဟားဟား၊ လုရီ၊ ဂုဏ်ယူပါတယ်၊ တစ်ကြိမ်တည်းနဲ့ တက်လှမ်းနိုင်ပြီး ပိုးအိမ်ထဲကနေ လွတ်မြောက်သွားပြီပဲ”
သူသည် လုရီ၏ ကယ်တင်ခြင်းကို ခံခဲ့ရဖူးသူဖြစ်ရာ လုရီ၏ လျင်မြန်သော တက်လှမ်းမှုနှင့် အဆင့်ချိုးဖြတ်မှုအတွက် အလွန်ဝမ်းမြောက်နေ၏။
ပုယွင်ကျန့်ကလည်း ဝင်းပသော အပြုံးဖြင့် ပြောလာလေသည်။
“လုရီ၊ ထျန်းမင်က သက်ရှိ သန်းပေါင်းများစွာ မင်းရဲ့ ကျေးဇူးကို ခံယူခဲ့ရတယ်။ ဒီနေ့ကစပြီး မင်းက ထျန်းမင်ရဲ့ သူတော်စင်တစ်ပါး ဖြစ်နေပါပြီ”
ဝမ်ကျန်းယွမ်က စိတ်လှုပ်ရှားစွာ ပြောသည်။ “မင်းပြောတာ လုံးဝမှန်တယ်၊ မင်းရဲ့ တက်လှမ်းမှုက ထျန်းမင်တစ်ခုလုံးကို ဆည်ရေပေးဝေတဲ့ ကြီးမားတဲ့ ဝိညာဉ်မိုးစက်တွေကိုတောင် ယူဆောင်လာပေးခဲ့တယ်။ ဝိညာဉ်စွမ်းအင်ရဲ့ သိပ်သည်းမှုကို အကြီးအကျယ် တိုးမြှင့်ပေးပြီး အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်ကိုတောင် မွေးဖွားပေးခဲ့တယ်! ငါတို့ ထျန်းမင်က အနာဂတ်မှာ တကယ့် အင်မော်တယ်ကြယ်တာရာတစ်ခု ဖြစ်လာတော့မယ်”
အခြားသူများမှာလည်း ထိုနည်းတူစွာပင် စိတ်လှုပ်ရှားနေကြ၏။
သူတို့အားလုံးမှာ ထျန်းမင်မှ အင်မော်တယ်များဖြစ်ကြပြီး ကြယ်တာရာပင်လယ်ကို ဖြတ်သန်းသွားလာဖူးကာ သေမျိုးကြယ်တာရာနှင့် အင်မော်တယ်ကြယ်တာရာကြားက ကြီးမားသော ကွာခြားချက်ကို နားလည်ကြသည်။
ပြောနိုင်သည်မှာ သေမျိုးကြယ်တာရာတစ်ခုမှ သက်ရှိများအတွက် သူတို့၏ တစ်ဘဝလုံး ကြိုးစားရုန်းကန်မှုများသည် အင်မော်တယ်ကြယ်တာရာပေါ်မှ သက်ရှိများ စတင်သည့်အရာကိုပင် မမီနိုင်ချေ။
ထို့ပြင် လုရီသည် တစ်ဦးတည်းသော အစွမ်းဖြင့် ထျန်းမင်ကို သေမျိုးကြယ်တာရာမှ အင်မော်တယ်ကြယ်တာရာအဖြစ်သို့ ပြောင်းလဲပေးခဲ့ရာ ဤကျေးဇူးမှာ မည်မျှ ကြီးမားကြောင်းကို ထင်ရှားစေ၏။
ထျန်းမင်မှ သက်ရှိအားလုံး၊ လူသားမျိုးနွယ်သာမက မိစ္ဆာမျိုးနွယ်နှင့် ပင်လယ်မျိုးနွယ်များပင်လျှင် သူ၏ ဂုဏ်ကျေးဇူးကို ချီးကျူးသီဆိုကြရပေလိမ့်မည်။ သူသည် ရှေးအတိတ်မှသည် မျက်မှောက်ခေတ်အထိ ပြိုင်ဘက်ကင်းသော သူတော်စင်တစ်ပါး အမှန်ပင်ဖြစ်သည်။
“ဟုတ်တယ်၊ ဒီနေ့ကစပြီး ငါတို့ ထျန်းမင်က
အင်မော်တယ်ကြယ်တာရာ ဖြစ်သွားပြီ၊ ဟားဟားဟား! အနာဂတ်မှာ ငါတို့ ထျန်းမင်ကနေ ထွက်သွားတဲ့ အင်မော်တယ်တွေက ကောင်းကင်ကြယ်တာရာနယ်မြေတစ်ခုလုံးမှာတောင် ဂုဏ်ယူစွာ လျှောက်လှမ်းနိုင်ကြတော့မယ်”
အခြားအင်မော်တယ်များက ကျယ်လောင်စွာ ရယ်မောရင်း ဆိုကြ၏။
ထိုအခိုက်မှာပင် အရှိန်အဝါနှစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာသည်။ ထိုသူတို့မှာ လင်းလောင်တောင်ထိပ်သခင်မနှင့် အဘွားယွမ်လင်တို့ပင် ဖြစ်ပါ၏။
သူတို့နှစ်ဦးကို မြင်သော် အင်မော်တယ်အုပ်စုသည် ချက်ချင်းပင် လေးစားစွာ နှုတ်ဆက်ကြသည်။
“ဒုတိယဘသခင်မလေး၊ အကြီးအကဲယွမ်လင်”
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းအသာငြိမ့်ပြပြီး လုရီ့ကို ကြည့်ကာ ခပ်ဟဟရယ်မောလိုက်၏။
“ကောင်စုတ်လေး၊ နင် မဆိုးဘူးပဲ၊ ကိုယ့်အစွမ်းနဲ့ကိုယ် ထျန်းမင်ကို အင်မော်တယ်ကြယ်တာရာအဖြစ် ပြောင်းလဲပေးနိုင်တာက ခေတ်အဆက်ဆက်ရဲ့ သူတော်စင်တစ်ပါး အမှန်ပဲ”
ထိုအခါ လုရီက ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။
“ဆရာ..ကျွန်တော့်ကို မြှောက်နေပြန်ပြီ၊ ဒါက ကံကောင်းစွာနဲ့ တိုက်ဆိုင်သွားတာပါ”
လင်းလောင်တောင်ထိပ်သခင်မက မျက်လုံးများကို လှန်လိုက်သည်။ သူမ၏ ခေါင်းတစ်ခုလုံး
အမည်းရောင်မျဉ်းများဖြင့် ပြည့်နှက်သွား၏။
ဒီကောင်လေးမှာ တိုက်ဆိုင်မှုတွေ ဘယ်လောက်များများ ရှိနေပါလိမ့်။
“အရင်ဆုံး ပြန်ကြရအောင်”ဟု လင်းလောင်တောင်ထိပ်သခင်မက ဆိုလိုက်သည်။
လုရီက ခေါင်းညိတ်လိုက်၏။
ဝမ်ကျန်းယွမ်နှင့် အခြားသူများမှာမူ စိတ်ဓာတ်ကျသွားကြသည်။ သူတို့အားလုံးမှာ လုရီ၏ ဝိညာဉ်အစားအစာနှင့် ဝိညာဉ်ဝိုင်များမှာ ထူးကဲကြောင်းကို သိရှိကြပြီး လုရီ၏ တက်လှမ်းခြင်းကို အခမဲ့ စားသောက်ပွဲနှင့် သောက်ပွဲများဖြင့် ဆင်နွှဲရန် စဉ်းစားနေခဲ့ကြသည်လေ။
သို့သော် ယခု လုရီ့ကို လင်းလောင်တောင်ထိပ်သခင်မက ပြန်ခေါ်သွားပြီဖြစ်ရာ သူတို့၏ ဆန္ဒများမှာ သဘာဝအတိုင်းပင် ပျက်ပြယ်သွားခဲ့လေပြီ မဟုတ်ပါလော။
သို့သော်ငြား သူတို့သည် လင်းလောင်တောင်ထိပ်သခင်မကို ကြားဖြတ်တားဆီးရန် မဝံ့ရဲကြချေ။
---
…သူ တိမ်ဖြူဂိုဏ်းသို့ ပြန်လည်ရောက်ရှိသောအခါ လုရီသည် အနည်းငယ် မူးဝေဝေ ဖြစ်သွား၏။
ထိုအခိုက်အတန့်တွင် တိမ်ဖြူဂိုဏ်းသည် တိမ်တိုက်များသဖွယ် ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး တောင်တန်းများကြားတွင် မျောလွင့်နေသည်။ လုရီသည် တိမ်တိုက်များကြားတွင် မျောလွင့်နေသော အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်မျှင်တန်းများကိုပင် မြင်တွေ့နိုင်၏။
တိမ်ဖြူဂိုဏ်း၏ တောင်တန်းများကြားမှ လမ်းများနှင့် ရင်ပြင်များပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ခြေထောက်ချိတ်ထိုင်ကာ အသက်ရှူသွင်း ရှူထုတ်လုပ်နေကြသည်။ သူတို့၏ ပတ်လည်တွင် ဝိညာဉ်အလင်းများ လင်းလက်နေပြီး တာအိုအင်းကွက်များ စီးဆင်းနေကာ သူတို့၏ ကျင့်ကြံမှုအခြေခံများမှာ လျင်မြန်စွာ တိုးတက်နေ၏။
လုရီသည် လူငယ်ကျင့်ကြံသူများစွာ အယူအဆမျှင်တန်းများကို နားလည်သဘောပေါက်နေသည်ကိုပင် တွေ့မြင်လိုက်ရသည်။
အယူအဆ။ ဤသည်မှာ အယူအဆ ပင်ဖြစ်၏။
လုရီ လူငယ်တပည့်လေး ဘဝကတုန်းက အလွန်နည်းပါးသော ပါရမီရှင် ကျင့်ကြံသူ အရေအတွက်သာလျှင် ၎င်းကို နားလည်နိုင်ခဲ့သည်။ ယခုမူ ဤမျှ အဖြစ်များလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လင်းလောင်တောင်ထိပ် သခင်မက လေထဲတွင်ရပ်ကာ ကျင့်ကြံသူများကို ငုံ့ကြည့်ရင်း ပြုံးလျက် ဆိုသည်။
“အံ့ဩနေလား။ ဒီအတွက် မင်းကိုယ်မင်းပဲ ဂုဏ်ပြုရမှာ၊ လင်းလောင် တောင်ထိပ်ရဲ့ ဦးတည်ရာဘက်ကိုသာ ကြည့်လိုက်ဦး”
လုရီသည် လင်းလောင်တောင်ထိပ်၏ ထူးခြားမှုကို သဘာဝအတိုင်း သတိပြုမိ၏။
ထိုအခိုက်အတန့်တွင် လင်းလောင်တောင်ထိပ်၏ ထိပ်ပိုင်းအနီးတွင် ဆန်းကြယ်သော တာအိုအလင်းဖြင့် တောက်ပနေသော ရှေးဟောင်းသစ်ပင်ကြီးများစွာ ထည်ဝါစွာ ရပ်တည်နေသည်။
ဤရှေးဟောင်းသစ်ပင်များထဲမှ အချို့တွင် ကြယ်တာရာအလင်းများ ပါဝင်နေပြီး၊ အချို့မှာ ဓားစိတ်ဆန္ဒများဖြင့် ဝန်းရံထားကာ၊ အခြားအချို့မှာမူ အေးစက်သော မြူခိုးများကို ထုတ်လွှတ်နေသည်။ အခြားသော ဖြစ်စဉ်များလည်း ရှိနေသေး၏။
ဤသည်တို့မှာ လုရီ အလုပ် အမျိုးမျိုးမှ ရရှိခဲ့သော အင်မော်တယ် သစ်ပင်မျိုးစေ့များမှ ကြီးထွားလာသော အင်မော်တယ် သစ်ပင်များပင် ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း လုရီနှင့် ယွင်ရှီးတို့သည် အင်မော်တယ်သစ်ပင်များကို ပြုစုပျိုးထောင်ရန် သဘာဝနိယာမကို မကြာခဏ အသုံးပြုခဲ့သော်လည်း၊ ဤသစ်ပင်များမှာ အလွန်ရှည်လျားသော ကြီးထွားမှုသံသရာများ ရှိကြရာ ဤမျှ လျင်မြန်စွာ ရင့်ကျက်လာနိုင်မည်မဟုတ်ချေ။
ယခုမူ ၎င်းတို့ အတော်လေး ရင့်ကျက်လာပုံရသည်ဟု မည်သူက ထင်ထားမည်နည်း။
ဤအင်မော်တယ်သစ်ပင်များ ရင့်ကျက်လာပြီးနောက် ၎င်းတို့သည် မယုံနိုင်လောက်အောင် သိပ်သည်းသော အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်ကို ထုတ်လွှတ်ပေးရာ လင်းလောင်တောင်ထိပ်တစ်ခုလုံး အသက်ဝင်လာသကဲ့သို့ ထင်ရ၏။
လုရီ၏ မျက်လုံးများထဲတွင် ဆန်းကြယ်သော မီးခိုးရောင်နှင့် အဖြူရောင်အလင်းများ လင်းလက်နေသည်။
“အစောက ကျွန်တော် အဆင့်ချိုးဖြတ်တုန်းက သက်ရောက်မှုကြောင့်လား”
သူသည် လင်းလောင်တောင်ထိပ်၏ မွေးရာပါ တာအိုအင်းကွက်များမှာ အခြားနေရာများထက် များစွာ ပိုမိုနက်ရှိုင်းကြောင်းကို မြင်နေရ၏။
ဤနေရာသည် တာအို စုစည်းရာနေရာပင် ဖြစ်သည်။
ထိုအခါ တောင်ထိပ်သခင်မက ရှင်းပြသည်။
“ဒါပေါ့ ၊ နင့်ရဲ့ အဆင့်ချိုးဖြတ်မှုက တာအိုရဲ့ ပြုစုပျိုးထောင်မှုကို ယူဆောင်လာပေးခဲ့တယ်။ အဲ့ဒါက နင့်ရဲ့ ကြီးထွားမှုကို ပြုစု ပျိုးထောင်ပေးခဲ့တဲ့ ထျန်းမင်ကို အကျိုးပြုခဲ့တယ်။ အကြီးမားဆုံး အကျိုးကျေးဇူးကိုတော့ လင်းလောင်တောင်ထိပ်က ရရှိခဲ့ပြီး၊ နင် အရင်က စိုက်ပျိုးခဲ့တဲ့ အင်မော်တယ် သစ်ပင်တွေနဲ့ ပေါင်းလိုက်တော့ ဒီအသွင်ပြောင်းလဲမှု ဖြစ်ပေါ်လာခဲ့တာပေါ့”
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။
“နက်ရှိုင်းခြင်း အင်မော်တယ် တစ်ပါးတောင် လင်းလောင်တောင်ထိပ်ရဲ့ အခြေအနေကို မြင်ရင် အလွန်အမင်း မနာလိုဖြစ်သွားမှာပဲ”
ဤစကားကို ကြားသော် လုရီ၏ စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။
တာအိုသည် အမှန်ပင် အတော်လေး မျက်နှာသာပေးတတ်ပေ၏။
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့ လင်းလောင်တောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာသည်။ လျိုနင်ရွှမ်းနှင့် အခြားသုံးဦးမှာမူ ထွက်မလာသေးချေ။
လုရီသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် မွေးရာပါ တာအိုအင်းကွက်များ၏ လှုပ်ခတ်မှုများမှ သူတို့ ကျင့်ကြံခြင်းနှင့် နားလည်သဘောပေါက်ခြင်း ပြုလုပ်နေကြကြောင်းကို သိရှိနိုင်၏။ သူါကို အံ့အားသင့်စေသည်မှာ ကြယ်ရောင်သမင်၊ ကြယ်ငယ်လေးသည် ယခုအခါ အပြည့်အဝ ရင့်ကျက်နေသော ကောင်းကင်ကြယ်တာရာသစ်ပင်၏ အခြေတွင် ကြယ်တာရာအလင်းများဖြင့် စုစည်းထားသော ပိုးအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲနေခြင်းပင် ဖြစ်သည်။
ထိုပိုးအိမ်၏ အတွင်းပိုင်းတွင် မယုံနိုင်လောက်အောင် ဆန်းကြယ်သော တာအိုအင်းကွက်များ ပါဝင်နေပြီး ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နေ၏။
လုရီသည် သူ၏ တာအိုမျက်လုံးကို အသုံးပြု၍ ဤတာအိုအင်းကွက်များမှာ ကြယ်ရောင်သမင်မှ ချန်ထားခဲ့သော မွေးရာပါ အင်းကွက်များဖြစ်ပြီး မွေးရာပါ တာအိုအင်းကွက်များနှင့် ဆင်တူကြောင်းကို သတိပြုမိသည်။
သူသည် ကြယ်ငယ်လေးကဲ့သို့ သဘာဝအလျောက် ပြုစုပျိုးထောင်ခံရသော
အင်မော်တယ် သားရဲများသည် အခြေခံအားဖြင့် တာအို၏ ထင်ရှား ပေါ်ထွက်လာမှုများ ဖြစ်ပြီး ၎င်း၏ ကိုယ်စားလှယ်များအဖြစ် ဆောင်ရွက်ကာ တာအိုစွမ်းအားနှင့် ဆင်တူသော စွမ်းအားကို သဘာဝအတိုင်း ပိုင်ဆိုင်ကြကြောင်းကို နားလည်လိုက်၏။
တောင်ထိပ်သခင်မက ဖွင့်ဟ ပြောဆိုသည်။
“ဒီသတ္တဝါလေးက တော်တော် ကံကောင်းတာပဲ၊ တာအိုရဲ့ ပြုစုပျိုးထောင်မှုကနေ အကျိုးကျေးဇူးရပြီး ကောင်းကင်ကြယ်တာရာ သစ်ပင်ကလည်း ရင့်ကျက်လာတော့ သူ့ရဲ့ အသွင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ သူ နိုးလာတဲ့အခါ အစစ်အမှန် အင်မော်တယ် တစ်ပါးရဲ့ အဆင့်အတန်းကို ရောက်ရှိသွားနိုင်ခြေများတယ်”
အမှန်အတိုင်းပြောရလျှင် လင်းလောင်တောင်ထိပ်သခင်မသည် အတော်လေး မနာလိုဖြစ်နေ၏။
သူမကိုယ်တိုင်ပင်လျှင် အတိတ်က အစစ်အမှန် အင်မော်တယ်အဆင့်သို့ ဤမျှ လျင်မြန်စွာ မချိုးဖြတ်နိုင်ခဲ့ဘဲ၊ ဤသတ္တဝါလေးမှာမူ သူမထက်ပင် ပို၍ မြန်ဆန်နေသည်။
သို့သော် လုရီ၏ အဆင့်ချိုးဖြတ်မှုမှ ဤပြုစုပျိုးထောင်မှုသည် သူမအားလည်း ထူးကဲသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးခဲ့၏။
သူမကိုယ်တိုင်ပင် နက်ရှိုင်းခြင်း အင်မော်တယ်အဆင့်သို့ ရောက်ရှိခါနီးနေပြီ ဖြစ်သည်။
ဤသည်မှာ သူမ၏ ကိုယ်ပိုင်ခက်ခဲပင်ပန်းသော ကျင့်ကြံမှုထက် များစွာ ပိုမိုမြန်ဆန်လှ၏။ သူမ၏ ချစ်တပည့်မှာ အမှန်ပင် အထင်ကြီးလေးစားဖွယ်ကောင်းလေသည်။
လင်းလောင်တောင်ထိပ်သည် အလွန်ဂုဏ်ယူနေ၏။
လုရီက ကြယ်ရောင်ပိုးအိမ်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြီး ဆိုသည်။
“အဲ့ဒီကောင်လေးက တကယ်ပဲ အေးအေးဆေးဆေး နေရတာပဲ၊ နေ့တိုင်း စားလိုက် အိပ်လိုက်နဲ့၊ ဒါပေမဲ့ အဆင့် ချိုးဖြတ်တဲ့အခါကျတော့ တခြားသူတွေထက် ပိုမြန်နေတာနော်”
လုရီသည် အတော်လေး မနာလိုဖြစ်နေသော်လည်း ဤသို့ သဘာဝအလျောက် ပြုစုပျိုးထောင်ခံရသော အင်မော်တယ်သားရဲများသည် သာမန် မဟုတ်ကြောင်းကို သူ နားလည်၏။
နောက်ဆုံးတွင် မွေးဖွားလာရုံမျှဖြင့် ၎င်းတို့သည် ဟင်းလင်းပြင်ဥမင် အင်မော်တယ်အဆင့်တွင် ရှိနေပြီးဖြစ်ကာ၊ ထို့ပြင် ဤအသွင်ပြောင်းလဲမှုမှာ မည်မျှနှစ်ပေါင်းများစွာ ကြာမြင့်မည်ကို မသိနိုင်ချေ။
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းအသာငြိမ့်သည်။
လုရီ၏ ဂူစံအိမ် အပြင်ဘက်တွင် လင်းလောင်တောင်ထိပ်သခင်မသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ ဆို၏။
“ဟုတ်သားပဲ၊ ငါ နင်နဲ့ ပြောစရာ တစ်ခု ရှိတယ်”
လုရီက အံ့အားသင့်သွားပြီး တောင်ထိပ်သခင်မဘက်သို့ ကြည့်လိုက်သည်။
“ဘာများလဲ ဆရာ ”
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားပြီး ပြော လာလေသည်။
“ကျိုယိုချီ စစ်မြေပြင် အကြောင်းပဲ”