လမ်းညွှန်အဖွဲ့ ရောက်ရှိလာခြင်း
Vol. 40 Ch. 591
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့သည်လည်း ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့၏ ပတ်လည်တွင် နိယာမစွမ်းအားများ လှိုင်းထနေ၏။ တစ်ဦး၏ ကိုယ်ပေါ်တွင် ရေခဲကျောက်များ ပေါ်ထွက်လာပြီး သူတို့ပတ်လည်မှ ဟင်းလင်းပြင်ကိုပင် နှင်းခဲများဖြင့် ခဲသွားစေဟန်ရှိသည်။
အခြားတစ်ဦးမှာမူ ထက်ရှသော ဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး ကမ္ဘာလောကတစ်ခုလုံးကို ဓားပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
သူမတို့နှစ်ဦးလုံး၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှရာ၊ သဘာဝအတိုင်းပင် စုစည်းလာသော မိုးကြိုးတိမ်တိုက်များမှာလည်း အတော်အတန်ပင် ကြီးမားလှသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး အနှောင့်အယှက်မဖြစ်စေရန် အပြန်အလှန် နားလည်မှုဖြင့် အလွန်ဝေးကွာသော နေရာမှနေ၍ သူတို့၏ ကပ်ဘေးဖြတ်ကျော်ခြင်းကို စတင်ကြ၏။
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မတို့ ရောက်ရှိလာပြီးနောက် လုံယွမ်နှင့် အခြားသူများသည် လျင်မြန်စွာ ပျံသန်းလာကြသည်။
အင်မော်တယ်များက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြ၏။
“ဒုတိယသခင်မလေး၊ တာအိုရောင်းရင်း လုရီ”
လုံယွမ်က လုရီကို ကြည့်ကာ မေးလိုက်သည်။
“တာအိုရောင်းရင်း လုရီ၊ မင်း အခု ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကို ချိုးဖြတ်ပြီးသွားပြီဆိုတော့ မကြာခင် ကျိုယိုချီစစ်မြေပြင်ကို သွားတော့မှာ မဟုတ်လား”
အခြားအင်မော်တယ်များမှာလည်း သိချင်စိတ် ပြင်းပြနေကြ၏။ ကျိုယိုချီစစ်မြေပြင်အကြောင်း ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုအချို့ပင် ထင်ဟပ်နေသည်။
အင်မော်တယ်များအနေနှင့် သူတို့သည် ထိုနေရာသို့ သဘာဝအတိုင်း ရောက်ခဲ့ဖူးကြပြီး မေ့ဖျောက်၍မရနိုင်သော အမှတ်တရများကို ချန်ထားခဲ့ကြ၏။
လုရီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “မျက်လုံးသုံးလုံး မျိုးနွယ်က ကျင့်ကြံသူတွေ ရောက်လာတာနဲ့ ကျွန်တော် ထွက်ခွာသွားမှာပါ”
ဝမ်ကျန်းယွမ်က သက်ပြင်းတစ်ချက်ချရင်း ဆို၏။ “တာအိုရောင်းရင်း လုရီ ..မင်း အဲ့ဒီကိုသွားရင် သတိထားရမယ်။ ကျိုယိုချီနယ်မြေက မယုံနိုင်လောက်အောင် လှည့်စားတတ်တယ်။ အဲ့ဒီမှာပဲ ငါ ကျိုယိုချီရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး နောက်ဆုံးမှာ ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်မိသွားခဲ့တာပဲ”
ဝမ်ကျန်းယွမ်သည် အင်မော်တယ်ဓားဂိုဏ်း အဖြစ်အပျက်ကို ရည်ညွှန်းနေကြောင်း လုရီ နားလည်လိုက်သည်။ သူက ခေါင်းအသာငြိမ့်ကာ “သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊
တာအိုရောင်းရင်းဝမ်။ ကျွန်တော် သတိထားပါ့မယ်” ဟု တုံ့ပြန်လိုက်၏။
ထိုစဉ် ပုယွင်ကျန့်က လက်များ ဆုပ်ကာ ဖွင့်ဟလာသည်။
“တာအိုရောင်းရင်း လုရီ၊ အကယ်၍ မင်း မျက်လုံးသုံးလုံး မျိုးနွယ်ရဲ့ နယ်မြေထဲက
ကျန်းအန်းစစ်မြေပြင်ကို သွားဖြစ်မယ်ဆိုရင် ကျွန်တော့်ရဲ့ နတ်ဓားဂိုဏ်းက ဝေ့ခန်းကို ကျေးဇူးပြုပြီး စောင့်ရှောက်ပေးနိုင်မလား”
လုရီက အံ့အားသင့်သွားသည်။ “ဝေ့ခန်းဆိုတာက”
ပုယွင်ကျန့်က မချိပြုံးတစ်ချက်ပြုံးရင်း ဆို၏။
“သူက ငါ့ရဲ့ နတ်ဓားဂိုဏ်းကနေ တက်လှမ်းသွားတဲ့ ဒုတိယမြောက် အင်မော်တယ်ပဲ။ ဒါပေမဲ့ သူက ကျန်းအန်းစစ်မြေပြင်ကို ဝင်သွားတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ၊ သူ့ရဲ့ လက်ရှိအခြေအနေကို ငါ မသိရဘူး”
လုရီက ခေါင်းအသာငြိမ့်လိုက်သည်။ “အကယ်၍ ကျွန်တော် ကျန်းအန်းစစ်မြေပြင်ကို သွားဖြစ်ခဲ့ရင် ခင်ဗျားရဲ့ ဂိုဏ်းတူပုဂ္ဂိုလ်ကို ကျွန်တော် ရှာဖွေကြည့်ရှုပေးပါ့မယ်”
လုရီ၏ ကတိစကားကြောင့် ပုယွင်ကျန့်မှာ အတိုင်းမသိ ဝမ်းမြောက်သွားပြီး အလျင်အမြန် ဦးညွှတ်လာ၏။
“ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း လုရီ!”
မကြာမီမှာပင် ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့၏ ကောင်းကင်ကပ်ဘေးမှာ တရားဝင် စတင်တော့သည်။
နှစ်ဦးလုံးမှာ အံ့မခန်းသော ပါရမီများကို ပိုင်ဆိုင်ထားပြီး အလားတူပင် အစွမ်းထက်ကြရာ၊ ဆွဲဆောင်လာသော တက်လှမ်းခြင်း မိုးကြိုးကပ်ဘေးမှာလည်း သဘာဝအတိုင်းပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
၎င်းသည် လုရီ၏ ကပ်ဘေးကဲ့သို့ အားမပြင်းသော်လည်း ရှားပါးကောင်းကင်မိုးကြိုးနှစ်မျိုး ပါဝင်နေသည်။
ဤအချက်ကြောင့် စုရုံးနေသော အင်မော်တယ်များမှာ အလွန်အံ့အားသင့်ကာ မနာလိုမှုများဖြင့် ပြည့်နှက်သွားကြ၏။ သေမျိုးဘုံတွင် သူတို့သည် ပါရမီရှင်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တက်လှမ်းပြီးနောက်တွင်မူ သူတို့ကို များစွာ ကျော်လွန်သော ပါရမီရှင်များစွာ ရှိနေသေးကြောင်းကို သူတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ကောင်းကင်ကပ်ဘေးမှာ အားပြင်းသော်လည်း ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့မှာ အားမနည်းကြချေ။ အမှန်တွင် သူမတို့သည် လုရီနှင့် မကြာခဏ လေ့ကျင့်နေကြပြီး သူ၏ အင်မော်တယ်သိုင်းနည်းစနစ်များနှင့် နိယာမများအပေါ် ထိုးထွင်းအမြင်များမှ အကျိုးကျေးဇူးများ ရရှိခဲ့ကြ၏။
ထို့ပြင် လုရီ ပေးအပ်ထားသော အင်မော်တယ်လက်နက်များကြောင့် ကပ်ဘေးကို ကာကွယ်ရန်မှာ အထူးတလည် ခက်ခဲခြင်းမရှိချေ။
သို့တိုင်အောင် ဖုန်အလိမ်းလိမ်းနှင့် ဖရိုဖရဲဖြစ်သွားခြင်းမှာမူ ရှောင်လွှဲ၍မရပေ။
မကြာမီမှာပင် မိုးခြိမ်းသံများ ထွက်ပေါ်နေသော ကပ်ဘေးမှာ ပျောက်ကွယ်သွားပြီး သူမတို့နှစ်ဦးမှာ သွေးများဖြင့် ရွှဲနစ်နေသော်လည်း သူတို့၏ အရှိန်အဝါမှာ ယခင်ကထက် အဆပေါင်းများစွာ အားကောင်းနေ၏။ သူမတို့သည် တရားဝင် အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူမတို့၏ ဒဏ်ရာများမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျောက်ကင်းသွားပြီး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြရာ သူမတို့၏ မျက်ဝန်းများတွင် ဝမ်းမြောက်အံ့ဩသော အမူအရာများ ထင်ဟပ်နေ၏။
ထို့နောက် သူမတို့သည် လုရီနှင့် အခြားသူများထံသို့ ပျံသန်းလာကြသည်။
“ဂုဏ်ယူပါတယ်၊ တာအိုရောင်းရင်း ကျန်းရူယွီ”
“ဂုဏ်ယူပါတယ်၊ တာအိုရောင်းရင်း လျိုနင်ရွှမ်း”
အကယ်၍သာ အရင်ကဖြစ်ပါက သူတို့သည်
ဂျူနီယာများသာ ဖြစ်ကြမည်ဖြစ်သော်လည်း ကောင်းကင်ဘုံအင်မော်တယ်အဆင့်ကို ရရှိပြီးနောက်တွင်မူ သူတို့သည် ဤစီနီယာများနှင့် တန်းတူရည်တူ ဖြစ်သွားကြပြီ ဖြစ်သည်။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့သည် တစ်ယောက်ချင်းစီ တုံ့ပြန်လိုက်ကြ၏။
လင်းလောင်တောင်ထိပ်သခင်မက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူးပဲ၊ ပြန်ကြရအောင်”
လုံယွမ်နှင့် အခြားသူများမှာတော့ “… …”
သူတို့၏ အခမဲ့ အစားအသောက်များ သုံးဆောင်ရန် မျှော်လင့်ချက်ကလေးများမှာ တစ်ဖန်ပြန်လည် ကြေမွသွားခဲ့ပြန်သည်။
လူတစ်စုသည် လင်းလောင်တောင်ထိပ်သို့ ပြန်လာခဲ့ကြ၏။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့သည် သူတို့၏ နယ်ပယ်များကို တည်ငြိမ်အောင် ပြုလုပ်ရန်
ဂူစံအိမ်များသို့ စိတ်အားထက်သန်စွာ ပြန်သွားကြသည်။
လုရီနှင့်မတူဘဲ သူတို့ ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ ချိုးဖြတ်သောအခါ သူတို့၏ ဝိညာဉ်စွမ်းအင်မှာ အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲနေသည်။ သူမတို့၏ အရှိန်အဝါ လှုပ်ခတ်မှုများမှာ ပြင်းထန်ပြီး
သူမတို့၏ နယ်ပယ်ကို တည်ငြိမ်အောင် ပြုလုပ်ရန် အချိန်လိုအပ်၏။
---
နောက်ထပ် လဝက်ခန့် ကြာမြင့်သွားသည်။
ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။
မျက်လုံးသုံးလုံး မျိုးနွယ်၏ ရုပ်တုများဖြင့် တန်ဆာဆင်ထားသော ပျံသန်းသင်္ဘောတစ်စီး ပေါက်ကွဲထွက်လာပြီး ထျန်းမင်ဘက်သို့ ဦးတည်လာနေသည်။
ပျံသန်းသင်္ဘောပေါ်တွင် ပါမုနှင့် မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူအချို့သည် မလှမ်းမကမ်းရှိ ထျန်းမင်ကို လှမ်းကြည့်နေကြ၏။
မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူအချို့မှာ အနည်းငယ် စိတ်လှုပ်ရှားနေကြလေသည်။ သူတို့ထဲမှ တစ်ဦးက ပါ့မူဘက်သို့ လှည့်ကာ “တာအိုရောင်းရင်း ပါ့မူ၊ ဒီလမ်းညွှန် တာဝန် အတွက် မိတ်ဆက်ပေးဖို့ ခင်ဗျားကို အနှောင့်အယှက်ပေးရတော့မယ်နဲ့တူတယ်” ဟု ပြောလေ၏။
“ဒီတစ်ခေါက် အဆင့်ချိုးဖြတ်တာက အဲ့ဒီ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်နေမလား။ စစ်ခေါင်းဆောင် ယွီထျန်းဖုန်းဆီက အဆုံးမဲ့ ချီးကျူးမှုတွေ ရရှိခဲ့တဲ့၊ ယွီမိသားစုရဲ့ ဒုတိယ သခင်မလေးရဲ့ တိုက်ရိုက်တပည့်ဖြစ်တဲ့ ပါရမီရှင်ပုဂ္ဂိုလ်လေ”
“အဲ့ဒီ တာအိုရောင်းရင်းရဲ့ စိတ်နေစိတ်ထားက ဘယ်လိုရှိမလဲ မသိဘူးနော်။ သူက စကားပြောရ ခက်တဲ့သူတော့ မဟုတ်လောက်ပါဘူးနော်”
ပါ့မူက ပြုံးကာ တုံ့ပြန်လိုက်သည်။
“တာအိုရောင်းရင်းတို့၊ ဘာမှ စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားတို့အားလုံး ကျွန်တော့်ကို လာရှာကြမှတော့ ကျွန်တော်လည်း သဘာဝအတိုင်း အကောင်းဆုံး ကြိုးစားပေးမှာပေါ့။ ကျွန်တော့်ရဲ့ ခန့်မှန်းချက်အရတော့ အဲ့ဒီ တာအိုရောင်းရင်းပဲ ဖြစ်ရမယ်။ သူ့ရဲ့ ပါရမီက တကယ်ပဲ ကြောက်မက်ဖွယ်ကောင်းတယ်။ တက်လှမ်းနိုင်ဖို့ ဒီလောက်တိုတောင်းတဲ့ အချိန်ပဲ ယူခဲ့တာကိုး။ ဒါပေမဲ့ စိတ်ချပါ၊ အဲ့ဒီ တာအိုရောင်းရင်းက နူးညံ့တဲ့ စိတ်ထားရှိပြီး ခင်ဗျားတို့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ပြီးတော့ ဒုတိယ သခင်မလေးလည်း ရှိနေမှတော့ ယွီမိသားစုက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို သူက အသိဆုံး ဖြစ်မှာပေါ့”
ဤစကားကို ကြားသော် မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူများမှာ သိသိသာသာပင် စိတ်အေးသွားကြ၏။
မျက်လုံးသုံးလုံး မျိုးနွယ်မှ အခြားကျင့်ကြံသူတစ်ဦးက ခပ်ဟဟရယ်မောရင်း ဆိုသည်။
“ဒါပေမဲ့လည်း ငါတို့က အဲ့ဒီပုဂ္ဂိုလ်နဲ့ ရင်းနှီးတာမှ မဟုတ်တာ။ သိတဲ့သူတစ်ယောက်ယောက် အနားမှာရှိနေတော့ စကားပြောရတာ ပိုလွယ်တာပေါ့၊ ဟုတ်တယ်မလား”
ပါ့မူက ခေါင်းအသာငြိမ့်လိုက်သည်။
“ဟုတ်ပါတယ်”
ပျံသန်းသင်္ဘောသည် လျင်မြန်စွာ ထျန်းမင်ထဲသို့ ဝင်ရောက်လာပြီး ပါ့မူ၏ လမ်းညွှန်မှုအောက်တွင် တိမ်ဖြူဂိုဏ်း၏ ဦးတည်ရာဘက်သို့ ပျံသန်းသွား၏။
…
လုရီသည် ထျန်းမင်တွင် ပေါ်ထွက်လာပြီးတိမ်ဖြူဂိုဏ်းဘက်သို့ လာနေသော အင်မော်တယ်တစ်ပါး၏ အားကောင်းသော အရှိန်အဝါကို သဘာဝအတိုင်း ခံစားမိလိုက်သည်။ သူ မျက်လုံးများကို ဖွင့်လိုက်ရာ အလင်းတန်းတစ်ခု လင်းလက်သွား၏။
“သူတို့ ရောက်လာကြပြီလား”
လုရီသည် ပြောဆိုရင်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ဂူစံအိမ်တော်မှ ထွက်ခွာပြီး တောင်ထိပ်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
လုရီက ဝါးအိမ်ရှေ့တွင်ရပ်ကာ “ဆရာ၊ တပည့် တွေ့ဆုံခွင့် တောင်းပါတယ်” ဟု ခေါ်လိုက်၏။
မကြာမီမှာပင် ဝါးအိမ်၏ တံခါး ပွင့်လာသည်။
“ဝင်ခဲ့”
လင်းလောင်တောင်ထိပ်သခင်မသည် ဝါးကုတင်ပေါ်တွင် လှဲလျောင်းနေပြီး အိပ်ချင်မူးတူး မျက်လုံးများဖြင့် ငါးခြောက်တစ်ကောင်နှင့် တူနေသည်။
ရာရှိုမွန်မျိုးနွယ်၏ တပ်မတော် ဆုတ်ခွာသွားပြီးကတည်းက သူမသည် သူမ၏ ငါးခြောက်ဘဝသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
လင်းလောင်တောင်ထိပ်သခင်မက ပြောသည်။
“ရောက်လာတာက လမ်းညွှန်အဖွဲ့ ဖြစ်ရမယ်”
သူမသည်လည်း ထိုရောက်ရှိလာမှုကို ခံစားမိလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ပျံသန်းသင်္ဘောသည် တိမ်ဖြူဂိုဏ်းနှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်၏။ အရှိန်အဝါအချို့သည် လျင်မြန်စွာ ချဉ်းကပ်လာပြီး တိမ်ဖြူဂိုဏ်း၏ အစွန်အဖျားသို့ ရောက်သောအခါ သူတို့အလိုအလျောက် ရပ်တန့်လိုက်ကြသည်။
ပါ့မူက ကြေညာလိုက်သည်။
“တိမ်ဖြူဂိုဏ်းက တာအိုရောင်းရင်းများခင်ဗျာ။ ကျွန်တော်က လုရီရဲ့ မိတ်ဆွေ ပါ့မူပါ။ တာအိုရောင်းရင်း လုရီနဲ့ တွေ့ဆုံခွင့် တောင်းချင်ပါတယ်”
ဤစကားကို ကြားသော် လုရီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။
လာသူမှာ ပါ့မူ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ထူးဆန်းနေ၏။
“လမ်းညွှန်အဖွဲ့က တက်လှမ်းသွားတာ နင်ပဲဖြစ်မယ်လို့ ခန့်မှန်းမိလောက်တယ်။ မဟုတ်ရင်တော့ သာမန် အသစ် တက်လှမ်းလာတဲ့ ကျင့်ကြံသူတစ်ယောက်အပေါ် ဒီလောက် ဖော်ရွေတဲ့ စိတ်ထားမျိုး ပြမှာ မဟုတ်ဘူး”
အမှန်မှာ လင်းလောင်တောင်ထိပ်သခင်မသာ နားမလည်နိုင် ဖြစ်နေခြင်းမဟုတ်ဘဲ၊ ပွဲကြည့်ရန် မျှော်လင့်နေကြသော လုံယွမ်နှင့် အခြားသူများမှာလည်း ထိုအခိုက်အတန့်တွင် ထူးဆန်းသော မျက်နှာအမူအရာများ ရှိနေကြသည်။
သူတို့သည်လည်း အတိတ်က လမ်းညွှန်ခြင်း ခံခဲ့ရဖူးပြီး ဤမျှ ကြင်နာသော ဆက်ဆံမှုကို မရရှိခဲ့ကြချေ။
များများစားစား မစဉ်းစားဘဲ လင်းလောင်တောင်ထိပ်သခင်မသည် လုရီကို ခေါ်ဆောင်ကာ ပျံထွက်သွားပြီး တိမ်တိုက်များအထက်သို့ ရောက်ရှိသွား၏။
ပါ့မူနှင့် မျက်လုံးသုံးလုံး မျိုးနွယ်မှ အင်မော်တယ်အချို့ ရှိနေကြသည်။ လင်းလောင်တောင်ထိပ်သခင်မကို မြင်သော် ပါ့မူသည် လျင်မြန်စွာ လက်များ ဆုပ်ကာ ဦးညွှတ်လိုက်သည်။
“ဒုတိယ သခင်မလေးကို ဂါရဝပြုပါတယ်”
အလွန် အကင်းပါးသော မျက်လုံးသုံးလုံး မျိုးနွယ်မှ အခြားကျင့်ကြံသူများမှာ ပါ့မူ၏ လုပ်ရပ်ကို မြင်သည်နှင့် သူ့လို အတုယူလိုက်ကြသည်။
“ဒုတိယသခင်မလေးကို ဂါရဝပြုပါတယ်”
“အင်း၊ နင်တို့က မျက်လုံးသုံးလုံး မျိုးနွယ်က လမ်းညွှန်အဖွဲ့ပဲ မဟုတ်လား။ လုရီကတော့
နင်တို့နဲ့ လိုက်သွားလို့ မဖြစ်ဘူး”တို့နဲ့ လိုက်သွားလို့ မဖြစ်ဘူး”
“အာ?”
ပါ့မူအပါအဝင် မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူများ၏ မျက်နှာပေါ်မှ အမူအရာများမှာ အေးခဲသွားကြတော့သည်။