ကြီးကျယ်ခမ်းနားသော ကျောက်စိမ်းကြယ်တာရာ၊ ယွီမိသားစုမှ လူများ
Vol. 40 Ch. 592
လင်းလောင်တောင်ထိပ်သခင်မက ခပ်ပြတ်ပြတ်ပင် ဆိုသည်။
“ငါ အရင်ဆုံး လုရီကို ယွီမိသားစုကို ခေါ်သွားမယ်၊ ပြီးတော့မှ ငါတို့ စစ်မြေပြင်ကို တိုက်ရိုက်သွားကြမယ်”
ဤစကားကို ကြားသော် ပါ့မူနှင့် အခြားသူများမှာ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ကြ၏။
နောက်ဆုံးတွင် အသစ်တက်လှမ်းလာသော ကောင်းကင်ဘုံအင်မော်တယ်တစ်ပါးကို လမ်းညွှန်ခြင်းသည် ကျိုယိုချီနယ်မြေနှင့် သက်ဆိုင်သောကြောင့် ယွီမိသားစုက သူတို့ကို ပေးအပ်ထားသော တာဝန်တစ်ခုဖြစ်သည်။
သူတို့၏ တာဝန်တွင် ပျက်ကွက်ခဲ့ပါက ပြင်းထန်သော ပြစ်ဒဏ်ကို ခံရနိုင်၏။
ထို့ပြင် သူတို့ ယခုဆက်ဆံနေရသော ပုဂ္ဂိုလ်မှာ ယွီမိသားစု၏ ဒုတိယသခင်မလေး ဖြစ်သည်။ အကယ်၍သာ ဒုတိယ သခင်မလေးက သူတို့ကို တစ်စုံတစ်ယောက်ကို ခေါ်ဆောင်သွားခွင့်မပြုပါက သူတို့တွင် ထိုသို့ပြုလုပ်ရန် အခွင့်အာဏာမရှိချေ။ သူတို့သည် ထိုအကြောင်းကို စိုးရိမ်နေခဲ့ကြသော်လည်း ယခုအခါ မလိုအပ်တော့ကြောင်း ထင်ရှားသွား၏။
မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူတစ်ဦးက အလျင်အမြန် ပြုံးကာ ဆိုသည်။
“ဒုတိယသခင်မလေးက ဒီလိုပြောမှတော့ ကျွန်တော်တို့မှာ ဘာပြဿနာမှ မရှိပါဘူး”
ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်ရင်း
“ဟုတ်တယ်၊ ငါတို့ မျက်လုံးသုံးလုံး မျိုးနွယ်ရဲ့ နေရာ ကူးပြောင်းအခင်းအကျင်းစင်မြင့်ကြီးကို ခဏလောက် အသုံးပြုဖို့ လိုအပ်တယ်၊ ပြီးတော့ ငါတို့ ခဏလောက် အတူတူ ခရီးသွားကြရလိမ့်မယ်”
ထျန်းလော့ ကြယ်တာရာနယ်မြေ၏ ကျယ်ပြောလှမှုကြောင့် နေရာ ကူးပြောင်းအခင်းအကျင်း စင်မြင့်ကြီးနှင့်ပင်လျှင် အလွန်ရှည်လျားသော အကွာအဝေးများကို တစ်ခဏအတွင်း ဖြတ်သန်းသွားလာရန် မဖြစ်နိုင်ချေ။
သို့သော် အချို့သော နေရာ ကူးပြောင်းအခင်းအကျင်းစင်မြင့်ကြီးများမှာ အထူးပြုလုပ်ထား၏။ အကြောင်းမှာ နေရာလပ်နိယာမ၌ ကျွမ်းကျင်သော ကျင့်ကြံသူများသည် နေရာလပ်အတွင်းရှိ အားနည်းသော နေရာများကို ရှာဖွေတွေ့ရှိခဲ့ပြီး တည်ငြိမ်၍ အလွန်ဝေးကွာသော နေရာလပ်ဥမင်များကို ဖန်တီးထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဤနေရာများသည် ကြယ်တာရာနယ်မြေများအကြား သွားလာရာတွင် ကြားခံနေရာများ ဖြစ်လာ၏။ ဤသို့သော ကြားခံနေရာများသည် ထျန်းလော့ကြယ်တာရာနယ်မြေတစ်ခုလုံးတွင် ပျံ့နှံ့နေပြီး မရေမတွက်နိုင်သော စွမ်းအားရှင်ကြီးများက စောင့်ကြပ်နေသည့် အဓိကမဟာဗျူဟာမြောက် နေရာများ ဖြစ်လေ့ရှိသည်။
အခြားကျင့်ကြံသူများက နာခံလိုက်ကြ၏။
“ဒုတိယသခင်မလေးနဲ့ လုရီတို့နဲ့အတူ ခရီးသွားရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ”
---
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့သည် သူမတို့၏ အဆင့်ချိုးဖြတ်မှုများကို ခိုင်မာအောင် ပြုလုပ်နေကြဆဲဖြစ်ရာ၊ သူမတို့သည် နှစ်လတိုင်အောင် စောင့်ဆိုင်းခဲ့ကြပြီးနောက် နှစ်ဦးလုံး သူတို့၏ တိုးတက်မှုများကို အပြည့်အဝ ခိုင်မာအောင် ပြုလုပ်ပြီးမှသာ အားလုံးအတူတကွ ထွက်ခွာခဲ့ကြ၏။
ခရီးသွားအဖွဲ့တွင် လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မအပြင် အသစ်တက်လှမ်းလာသော ကောင်းကင်ဘုံအင်မော်တယ်နှစ်ဦးဖြစ်သည့် လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့လည်း ပါဝင်ပါ၏။ ထို့အပြင် တက်လှမ်းခြင်း မပြုရသေးသော သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့ကိုလည်း အတူတကွ ခေါ်ဆောင်လာခဲ့လေသည်။
စင်စစ်တွင် သူမတို့ နှစ်ဦးလုံးမှာ တက်လှမ်းရန် နီးကပ်နေပြီဖြစ်ရာ အတူတကွ ခရီးသွားခြင်းက သဘာဝကျ၏။
ထိုအဖွဲ့သည် လူတိုင်းကို နှုတ်ဆက်ပြီးနောက် မျက်လုံးသုံးလုံး မျိုးနွယ်၏ အစောင့်အရှောက်သင်္ဘောပေါ်သို့ တက်ကာ မြူထုထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
---
တစ်လအကြာတွင်…
မျက်လုံးသုံးလုံး မျိုးနွယ်၏ နယ်မြေ၊ မျက်လုံးသုံးလုံး ကြယ်တာရာစနစ်သို့ ရောက်ရှိလာ၏။
ဤသည်မှာ ဗဟိုတွင် တည်ငြိမ်သော ကြယ်သုံးလုံးရှိပြီး လည်ပတ်ကာ အလင်းနှင့်အပူကို ထုတ်လွှတ်ပေးနေသော စနစ်တစ်ခု ဖြစ်သည်။ ၎င်းကို ဂြိုဟ် ဒါဇင်ပေါင်းများစွာက ဝန်းရံထားပြီး ထိုဂြိုဟ်များမှာ ကြယ်သုံးလုံးကို လှည့်ပတ်နေကြ၏။
ဤဂြိုဟ်များပေါ်တွင် သက်ရှိလက္ခဏာများ ရှိနေသည်။ အားလုံးမှာ သက်ရှိဂြိုဟ်များ ဖြစ်ကြ၏။ ၎င်းက မျက်လုံးသုံးလုံး မျိုးနွယ်၏ မိခင်စနစ်ဖြစ်ပြီး၊ ထျန်းလော့ကြယ်တာရာနယ်မြေ၏ ဗဟိုဒေသသို့ တိုက်ရိုက်ဦးတည်သော ကြယ်တာရာတံခါးပေါက်တစ်ခု ရှိသည်။ တစ်နည်းဆိုသော် တည်ငြိမ်သော နေရာလပ်ဥမင်တစ်ခုပင် ဖြစ်၏။
အာကာသယာဉ်တစ်စီးသည် မျက်လုံးသုံးလုံး ကြယ်တာရာစနစ်၏ အတွင်းပိုင်း၌ ပေါ်ထွက်လာသည်။ ၎င်းမှာ အစောင့်အရှောက်သင်္ဘောပင် ဖြစ်၏။ သင်္ဘောအတွင်းတွင် ပါ့မူနှင့် အခြား မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူများသည် လင်းလောင်တောင်ထိပ်သခင်မ၏ ဘေးတွင် လေးစားစွာ ရပ်နေကြသည်။
ပါ့မူက ဆို၏။
“ဒုတိယ သခင်မလေး၊ ကျွန်တော်တို့ မျက်လုံးသုံးလုံး ကြယ်တာရာ စနစ်ကို ရောက်ရှိလာပါပြီ”
လင်းလောင်တောင်ထိပ်သခင်မက ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကာ ခေါင်းအသာငြိမ့်လိုက်သည်။
“ဒါဆိုရင် ကြယ်တာရာ တံခါးပေါက်ဆီကိုပဲ သွားကြတာပေါ့”
လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားသူများသည်လည်း ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်ရှုနေကြပြီး မရေမတွက်နိုင်သော ဂြိုဟ်များကို ကြည့်ကာ ၎င်းတို့မှ ထွက်ပေါ်နေသော ကြီးမားလှသည့်
အင်မော်တယ် အငွေ့အသက်များကြောင့် အံ့အားသင့်နေကြ၏။
သုန်းကုန်းမင်ယွဲ့က ရေရွတ်လိုက်သည်။
“ဒီမှာ အင်မော်တယ်တွေ အများကြီးပဲ နော်”
ကျန်းရူယွီကလည်း သူမ၏ ရှုပ်ထွေးမှုကို ထုတ်ဖော်ပြောဆို၏။
“ပြီးတော့ ဘာလို့ ဒီကမ္ဘာတွေ အားလုံးက နေထိုင်လို့ ရနေတာလဲ”
ပါမုက ဂုဏ်ယူစွာ ရှင်းပြသည်။
“သခင်မလေးတို့၊ ဒါက ကျွန်တော်တို့ မျက်လုံးသုံးလုံး မျိုးနွယ်ရဲ့ မိခင်စနစ်ပါ။ ကျွန်တော်တို့ မျိုးနွယ်က မိခင်စနစ်တစ်ခုလုံးက ဂြိုဟ်တိုင်းမှာ မဟာအခင်းအကျင်းကြီးတွေ တပ်ဆင်ဖို့ အချိန်အများကြီး ယူခဲ့ရပါတယ်၊ မူလက နေထိုင်လို့မရတဲ့ ပတ်ဝန်းကျင်တွေကို နေထိုင်နိုင်တဲ့ ဂြိုဟ်တွေအဖြစ် ပြောင်းလဲခဲ့တာပါ။ မိခင်စနစ်ဖြစ်တဲ့အတွက် သဘာဝအတိုင်းပဲ ကျွန်တော်တို့ မျက်လုံးသုံးလုံး မျိုးနွယ်ရဲ့ အင်မော်တယ်အဆင့် အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေ အများဆုံး ရှိပါတယ်။ ဒါ့အပြင် တခြားဒေသတွေက တခြားအားကောင်းတဲ့ မျိုးနွယ်စုတွေနဲ့ မိသားစုအင်အားစုတွေက ကျွန်တော်တို့နဲ့ ကုန်သွယ်ပြီး အပြန်အလှန်ဆက်ဆံကြတော့ သဘာဝအတိုင်းပဲ တခြားမျိုးနွယ်စုတွေနဲ့ အင်အားစုတွေရဲ့ အင်မော်တယ်အဆင့် စွမ်းအားရှင်တွေလည်း ရှိနေတာပေါ့”
လုရီနှင့် အခြားသူများမှာ ရုတ်တရက် နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။
ထျန်းမင်မှ ထွက်ခွာလာပြီးနောက် သူတို့သည် ပိုမိုကျယ်ပြန့်သော ကမ္ဘာတစ်ခုသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်၏။
မကြာမီမှာပင် အာကာသယာဉ်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ နောက်ဆုံးတွင် ဂြိုဟ်တစ်လုံး၏ အပြင်ဘက်ရှိ နေရာလပ်တစ်ခုသို့ ရောက်ရှိလာသည်။
ထိုနေရာတွင် ကျယ်ပြန့်၍ အဆုံးအစမရှိသော သတ္တုခံတပ်ကြီးတစ်ခု မျောလွင့်နေပြီး သင်္ဘောများစွာမှာ ၎င်း၏ ပတ်ပတ်လည်တွင် ဝင်ထွက်သွားလာနေကြ၏။ ဤသတ္တုခံတပ်၏
အနက်ရှိုင်းဆုံးအပိုင်းတွင် အလွန်ကြီးမားသော အပြာရောင် ဂိတ်တံခါးတစ်ခု ရှိသည်။
ထိုအပြာရောင်ဂိတ်တံခါးပေါ်တွင် တောက်ပသော အလင်းရောင်များ လင်းလက်နေပြီး မရေမတွက်နိုင်သော သင်္ဘောများ ဝင်ထွက်သွားလာနေကြ၏။
ထိုအခိုက် ပါ့မူက ဂုဏ်ယူစွာ ရှင်းပြလာသည်။
“ဒါက ကျွန်တော်တို့ မျက်လုံးသုံးလုံး မျိုးနွယ်ရဲ့ ကြယ်တာရာတံခါးပေါက်ပါ။ ဒီကြယ်တာရာတံခါးပေါက်ကြောင့်ပဲ ကျွန်တော်တို့ မျိုးနွယ်က ဒီလောက် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နိုင်ခဲ့တာပါ။ တကယ်တော့ ကြယ်တာရာတံခါးပေါက်တိုင်းက ကြားခံနေရာ တစ်ခုဖြစ်ပြီး အရင်းအမြစ်တွေနဲ့ ဖလှယ်ရေးအခွင့်အလမ်းတွေ အများကြီးကို ယူဆောင်လာပေးပါတယ်”
လုရီသည် အပြာရောင်ဂိတ်တံခါးကို အကဲခတ်နေ၏။ သူ၏ အမြင်အာရုံထဲတွင် မရေမတွက်နိုင်သော နေရာလပ်မျဉ်းကြောင်းများကို ဂိတ်တံခါးက ဆွဲယူစုစည်းထားပြီး နောက်ဆုံးတွင် တည်ငြိမ်သော နေရာလပ်ဥမင်တစ်ခုကို ဖွဲ့စည်းထားခြင်းကို တွေ့လိုက်ရ၏။
သို့သော် အရေးကြီးဆုံးအချက်မှာ ထိုနေရာရှိ နေရာလပ်မျဉ်းကြောင်းများမှာ မွေးရာပါ အားနည်းနေပြီး တည်ငြိမ်သော နေရာလပ်ဥမင်တစ်ခုကို ဖန်တီးပေးထားခြင်း ဖြစ်၏။
လုရီသည် စိတ်ထဲမှ တိတ်တဆိတ် အံ့ဩသွားရသည်။
' နေရာလပ်နိယာမကို ကျွမ်းကျင်တဲ့ တခြားကျင့်ကြံသူတွေက တကယ်ပဲ အစွမ်းထက်ကြတာပဲ၊ သူတို့လည်း နေရာလပ်ထဲက ခြားနားချက်တွေကို ထောက်လှမ်းနိုင်ကြတာပဲ' ဟု သူက ကြိတ်၍ ချီးကျူးလိုက်သည်။
ဤအချက်က လုရီကို ပိုမိုသတိထားသွားစေ၏။
ငါက ထျန်းမင်မှာ တော်တော်လေး အားကောင်းတယ်ဆိုပေမဲ့ ထျန်းလော့ကြယ်တာရာနယ်မြေက ကျယ်ပြောလွန်းတော့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေမှာပဲ။ ငါလည်း သိပ်ပေါ်ပေါ်ထင်ထင်မနေဘဲ ကိုယ့်ကိုယ်ကိုယ် သိုသိုသိပ်သိပ် နေမှ တော်တော့မယ်။ မဟုတ်ရင် အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်။
အာကာသယာဉ်သည် လျင်မြန်စွာ ကြယ်တာရာတံခါးပေါက်ဘက်သို့ ဦးတည်သွားပြီး ခံတပ်ပေါ်ရှိ ရင်ပြင်တစ်ခုတွင် ဆင်းသက်လိုက်သည်။
မျက်လုံးသုံးလုံး မျိုးနွယ်မှ ကျင့်ကြံသူတစ်ဦးက အသိပေးလာ၏။
“ဒုတိယသခင်မလေး ၊ ကျွန်တော်တို့ မျိုးနွယ်ရဲ့ အကြီးအကဲက ခင်ဗျားရဲ့ လာရောက်လည်ပတ်မှုကို ကြားသိပြီး ခင်ဗျားကို ကြိုဆိုဖို့ ပွဲတော်တစ်ခု ကျင်းပလိုပါတယ်။ သူ့ကို တွေ့ဆုံလိုပါသလား”
လင်းလောင်တောင်ထိပ်သခင်မက ခေါင်းခါလိုက်သည်။
“အင်း..အခုတော့ မဟုတ်သေးဘူး၊ ငါတို့ ပြန်လာတဲ့အခါမှ ပြောကြတာပေါ့”
သူမတို့၏ ခရီးစဉ်ကို စီစဉ်ပြီးသား ဖြစ်လေ၏။
ပထမဦးစွာ သူမတို့သည် ယွီမိသားစုသို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး၊ ထို့နောက် ကျိုယိုချီစစ်မြေပြင်တွင် နှစ်တစ်ရာခန့် အချိန်ကုန်ဆုံးမည် ဖြစ်သည်။ ကျိုယိုချီစစ်မြေပြင်မှ ထွက်လာပြီးနောက် သူမတို့သည်
ထျန်းမင်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်၏။