ကြီးကျယ်ခမ်းနားသော ကျောက်စိမ်းကြယ်တာရာ၊ ယွီမိသားစုမှ လူများ (၂)
Vol. 40 Ch. 593
နောက်ဆုံးတွင် ထျန်းမင်သည်လည်း အင်မော်တယ်ကြယ်တာရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လင်းလောင်တောင်ထိပ်တွင်လည်း အင်မော်တယ်သစ်ပင်များစွာကို စိုက်ပျိုးထား၏။ ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေတစ်ခုအနေနှင့် ၎င်းမှာ အတော်လေး ကျေနပ်ဖွယ်ကောင်းသည်။ ကျင့်ကြံရန်အတွက် အခြားနေရာတစ်ခုသို့ သွားရန် မလိုအပ်တော့ချေ။
ဟုတ်ပါသည်။ လုရီအတွက်မူ အကယ်၍ သူ လျင်မြန်စွာ တိုးတက်လိုပါက ဆုလာဘ်များရရှိရန် အလုပ်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်ပါသည်။ ဤသို့သော အရာမျိုးအတွက် အချိန်ကျလာသောအခါ သူသည် အတွေ့အကြုံအချို့ ရရှိရန် အပြင်ထွက်ပြီး လမ်းတစ်လျှောက်တွင် အလုပ်အချို့ကို လုပ်ဆောင်သွားနိုင်၏။
ငယ်စဉ်ကတည်းက ထျန်းမင်တွင် ကြီးပြင်းလာခဲ့သော လုရီအတွက်မူ သူသည် ထျန်းမင်အပေါ်တွင် ထူးခြားသော ခံစားချက်များ သဘာဝအတိုင်း ရှိလေသည်။ အကယ်၍သာ သူ
ထျန်းမင်တွင် နေနိုင်မည်ဆိုလျှင် ထွက်ခွာသွားမည်မဟုတ်ချေ။
ထို့နောက်မှာတော့ လင်းလောင်တောင်ထိပ်သခင်မသည် လုရီနှင့် အခြားလေးဦးကို အာကာသယာဉ်ပေါ်မှ ထွက်ခွာစေပြီးနောက်၊
ပါ့မူနှင့် အခြားသူများကို နှုတ်ဆက်ကာ သူတို့သည် လင်းလောင်တောင်ထိပ်သခင်မ၏ အာကာသယာဉ်ပေါ်သို့ တက်ရောက်ပြီး ကြယ်တာရာတံခါးပေါက်ကို ဖြတ်သန်းကာ မျက်လုံးသုံးလုံး မျိုးနွယ်၏ မိခင်ကြယ်တာရာစနစ်ကို ဖြတ်သန်းသွားကြလေသည်။
---
ကောင်းကင်ကြယ်တာရာနယ်မြေသည် အလွန်ကျယ်ပြောလှပြီး ယွီမိသားစုမှာ အလယ်ဗဟိုအကျဆုံး နေရာတွင် တည်ရှိ၏။ သူတို့ ကြယ်တာရာတံခါးပေါက်ကို ဖြတ်သန်းပြီးသည်နှင့် အာကာသယာဉ်သည် ကြယ်တာရာမြစ်များ ကျယ်ပြောပြီး ကြယ်အလင်းများ တောက်ပနေသော ဟင်းလင်းပြင်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
လုရီနှင့် အခြားသူများသည် ပြတင်းပေါက်ဘေးတွင် ရပ်နေရင်း သူတို့၏ မျက်လုံးများမှာ တုန်လှုပ်မှုများဖြင့် ပြူးကျယ်သွားကြ၏။
သူတို့၏ ရှေ့တွင် လုရီပင် နားမလည်နိုင်သော နည်းလမ်းများဖြင့် စနစ်တကျ စီတန်းထားသော ဂြိုဟ်များ ထူထပ်စွာ တည်ရှိနေသည်။ ဤဂြိုဟ်များသည် တိတ်ဆိတ်စွာ မျောလွင့်နေကြပြီး၊ ဝင်ရိုးပေါ်တွင် လည်ပတ်ခြင်းလည်းမရှိ၊ ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်ခြင်းလည်းမရှိဘဲ၊ ဟင်းလင်းပြင်၏ နက်ရှိုင်းသော အမှောင်ထုထဲတွင် ဆိုင်းငံ့ထားသော တိတ်ဆိတ်သည့် ကျောက်တုံးများသဖွယ် ဖြစ်နေ၏။ သို့သော် ၎င်းတို့မှာ ကျောက်တုံးများ မဟုတ်ချေ။ ဂြိုဟ်တစ်ခုချင်းစီမှာ ထျန်းမင်ထက် ကြီးမားပြီး၊ မြင်နိုင်သော ရေကန်များ၊ ပင်လယ်များ၊ တောင်တန်းများနှင့် မြက်ခင်းပြင်များ ရှိလေသည်။
ဂြိုဟ်တစ်ခုချင်းစီမှ အလွန်ပြင်းထန်၍ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေ၏။
သုန်းကုန်းမင်ယွဲ့၏ တောက်ပသော မျက်လုံးများမှာ အံ့အားသင့်မှုများဖြင့် ပြူးကျယ်နေသည်။
“ဆရာ.. ကျွန်မတို့ အခု ယွီမိသားစုရဲ့ နယ်မြေထဲမှာလားဟင်”
“ဘာလို့ ဒီဂြိုဟ်တွေက လုံးဝမလှုပ်ရှားတာလဲ”
လင်းလောင်တောင်ထိပ်သခင်မက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး အေးအေးသက်သာစွာ ဆိုသည်။
“ဟုတ်တယ်၊ ဒါက ယွီမိသားစုရဲ့ နယ်မြေ အပြင်ဘက်ဒေသပဲ။ ဒီဂြိုဟ်တွေကို ငါတို့မိသားစုက အစွမ်းထက်တဲ့ အဖွဲ့ဝင်တွေက အပြင်ကနေ ပြန်ယူဆောင်လာခဲ့တာ၊ လက်အောက်ခံ အင်အားစုတွေအတွက် နေထိုင်စရာ ပေးအပ်ဖို့ပေါ့။ မိသားစုရဲ့ မိခင်ကြယ်တာရာစနစ်ကတော့ ဒီထက်ပိုပြီး အတွင်းကျကျမှာ ရှိတယ်”
လုရီနှင့် အခြားသူများမှာ “… …”
အလိုလေး၊ ဒီဧရာမ ဂြိုဟ်ကြီးတွေကို တကယ်ပဲ တစ်စုံတစ်ယောက်က ပြန်ယူဆောင်လာခဲ့တာတဲ့လား။ အခုအချိန်မှာ ငါကိုယ်တိုင်တောင်
ထျန်းမင်ကို လှုပ်ခါနိုင်ပေမယ့် ထျန်းမင်ကို အဝေးကြီး ရွှေ့ပြောင်းဖို့က အလွန်အမင်း ခက်ခဲနေတုန်းပဲ။
ကြယ်တာရာကောင်းကင်ကို ဖြတ်ပြီး ဒီဧရာမ ဂြိုဟ်ကြီးတွေကို ပြန်ယူဆောင်လာဖို့ဆိုရင် ဘယ်လောက်တောင် အားကောင်းနေရမှာလဲ။
ဒါက တစ်လုံးတည်းပဲ ရှိသေးတာ၊
ဒီမှာ အများကြီး ထူထပ်နေတာပဲ။
အဝေးကို လှမ်းကြည့်လိုက်ရင် ဒီလိုဂြိုဟ်တွေ သန်းပေါင်းများစွာလောက် ရှိလောက်တယ်။
လုရီသည် ဤသို့သော အရာကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ကို စတင်၍ပင် စိတ်ကူးကြည့်၍မရချေ။
ထို့ပြင် ဤသည်မှာ ယွီမိသားစုမှ လူများ နေထိုင်ရာနေရာပင် မဟုတ်သေးဘူးတဲ့လား။
လုရီသည် ကြိုတင်၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ယွီမိသားစုမှာ ကြောက်မက်ဖွယ်ကောင်းနိုင်သည်ဟု သိရှိထားသော်လည်း သူတို့ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါပေ။
ထိုအခိုက်အတန့်၌ လင်းလောင်တောင်ထိပ်သခင်မက ဆိုသည်။
“အစွန်အဖျားမှာ အတွင်းပိုင်းဒေသတွေကို သွားဖို့ ကြယ်တာရာတံခါးပေါက်တစ်ခု ရှိတယ်။ ငါတို့ အဲ့ဒါကို ဖြတ်သွားဖို့ပဲ လိုတယ်”
သူတို့ စကားပြောဆိုနေကြစဉ်မှာပင် အာကာသယာဉ်အများအပြားသည် လျင်မြန်စွာ ပျံသန်းလာကြပြီး ဧရာမ အာကာသယာဉ်တစ်စီးက ရှေ့မှ ဦးဆောင်လာ၏။
ထိုအာကာသယာဉ်၏ ဒီဇိုင်းမှာ လုရီ့အတွက် ရင်းနှီးနေသည်။ ၎င်းမှာ ကြယ်တာရာနယ်မြေတပ်မတော်၏ အာကာသယာဉ်တစ်စီး ဖြစ်၏။
မကြာမီမှာပင် ထိုအာကာသယာဉ်သည် လင်းလောင်တောင်ထိပ်သခင်မနှင့် မလှမ်းမကမ်းတွင် ရပ်တန့်လိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပျံထွက်လာသည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသားမှာ လူသားမျိုးနွယ်မှ မဟုတ်ဘဲ နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်ရှည်များနှင့် ချွန်သော နားရွက်များရှိသော မျိုးနွယ် တစ်ခုမှ ဖြစ်၏။
သူက ဂါရဝပြုလိုက်ကာ ပြောဆိုလာသည်။
“အစောင့်တပ်ရဲ့ တတိယတပ်ခွဲမှ တပ်မှူး
အလာဘယ်လာပါ၊ ဒုတိယ သခင်မလေးအတွက် အသင့်ရှိနေပါတယ်။ အိမ်ပြန်ရောက်တာကို ကြိုဆိုပါတယ်၊ ဒုတိယ သခင်မလေး”
“အလာဘယ်လာ၊ ငါတို့ကို ကြယ်တာရာတံခါးပေါက်ဆီ ခေါ်သွားပါ”
“ဟုတ်ကဲ့၊ ဒုတိယသခင်မလေး”
အလာဘယ်လာဟု အမည်ရသော ဤအမျိုးသားသည် လုရီနှင့် အခြားသူများကို ဧရာမ ကြယ်တာရာတံခါးပေါက်တစ်ခုဆီသို့ ဦးဆောင်သွားပြီးနောက် လုရီတို့၏ အာကာသယာဉ် ပျံသန်းဝင်ရောက်သွားသည်ကို ကြည့်ရှုနေ၏။
သူတို့ ကြယ်တာရာတံခါးပေါက်ကို ဖြတ်သန်းသွားသောအခါ သူတို့၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ မယုံနိုင်လောက်အောင် ကျယ်ပြောလှသော ဂြိုဟ်ကြီးတစ်လုံး ဖြစ်သည်။
ဤဂြိုဟ်ကြီးမှာ အလွန်ကြီးမားလှရာ သူတို့၏ လက်ရှိ ဟင်းလင်းပြင်ထဲမှ အနေအထားနှင့်ပင် လုရီသည် ၎င်း၏ ပုံသဏ္ဌာန်အပြည့်အစုံကို မမြင်နိုင်ချေ။
ဤဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင် ဧရာမ တည်ငြိမ်သော ကြယ်ကြီး ခြောက်လုံး မျောလွင့်နေပြီး၊ ၎င်းတို့မှာ ဂြိုဟ်ကြီးပတ်လည်တွင် လှည့်ပတ်နေကာ ဂြိုဟ်ကြီးထက်ပင် သေးငယ်နေလေ၏။ ယင်းတည်ငြိမ်သော ကြယ်ကြီးများသည် ဂြိုဟ်ကြီးကို လှည့်ပတ်နေကြရာ ဂြိုဟ်ကြီးမှာ အရာအားလုံး၏ ဗဟိုဖြစ်သည့်အလားပင်။
ထိုအခိုက်အတန့်တွင် ဂြိုဟ်ကြီးမှ မယုံနိုင်လောက်အောင် ကြွယ်ဝသော အင်မော်တယ်ဝိညာဉ် ချီစွမ်းအင်ကို ထုတ်လွှတ်နေပြီး ဟင်းလင်းပြင်ထဲတွင် ရှိနေသော လုရီပင်လျှင် ၎င်းကို ခံစားမိနိုင်၏။ ဤသို့သော ဂြိုဟ်ကြီးမှာ အလွန်အံ့ဩဖွယ် ကောင်းလှသည်။
လုရီသည် အနည်းငယ်ပင် ကြောင်တောင်တောင် ဖြစ်သွား၏။
တည်ငြိမ်သော ကြယ်ကြီးများထက် ကြီးမားသော ဂြိုဟ်တစ်ခု အမှန်တကယ် ရှိနိုင်ပါမည်လော။ သူ ဤသည်ကို အနည်းငယ် နားလည်ရခက်နေသည်။
ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မ၏ အသံ ထွက်ပေါ်လာပြီး လုရီနှင့် အခြားသူများကို
သူတို့၏ အတွေးများမှ ပြန်လည် နိုးထစေ၏။
“ဒါက ငါတို့ရဲ့ အင်မော်တယ်အရှင်သခင် ဘိုးဘေးအတော်များများက နှစ်သန်းပေါင်းများစွာ အချိန်ယူပြီး ဖန်တီးခဲ့တဲ့ ကျောက်စိမ်းကြယ်တာရာပဲ။ ဒါက ငါတို့ ယွီမိသားစုရဲ့ မိခင်ဂြိုဟ်ဖြစ်ပြီး ယွီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေ နေထိုင်ရာနေရာပဲ”
အင်မော်တယ် အရှင်သခင်အဆင့် ဘိုးဘေးတစ်ပါးက ဖန်တီးခဲ့ပြီး နှစ်သန်းပေါင်းများစွာတောင် အချိန်ယူခဲ့ရတာလား။ ဒါဆိုရင်တော့ အံ့ဩစရာ မရှိတော့ပါဘူး။
ဤစကားကို ကြားသော် လုရီ အံ့အားသင့်မှု နည်းပါးသွားသည်။
အင်မော်တယ် အရှင်သခင် တစ်ပါး မည်မျှ အစွမ်းထက်သည်ကို သူ နားမလည်နိုင်သော်လည်း အလွန်အမင်း အစွမ်းထက်သည်မှာ သေချာ၏။
ဤသို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက ဤသို့သော ဂြိုဟ်ကြီးတစ်လုံးကို ဖန်တီးရန် နှစ်သန်းပေါင်းများစွာ အချိန်ယူခဲ့ရာ ၎င်း ဤမျှလောက် ထူးကဲနေသည်မှာ အံ့ဩစရာမရှိချေ။
လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေသည်။ အိမ်ပြန်ရောက်သည့် အကြောင်းရင်းကြောင့် ဖြစ်တန်ရာ၏။
“သွားကြစို့၊ ငါ မင်းတို့အားလုံးကို အိမ်ပြန်ခေါ်သွားမယ်...”
တဆက်တည်း၌ ...အာကာသယာဉ်သည် ဧရာမ ဂြိုဟ်ကြီးဘက်သို့ အရှိန်မြင့်စွာ ပျံသန်းသွားလေသည်။
ဂြိုဟ်ကြီး၏ လေထုထဲသို့ ဝင်ရောက်ပြီးနောက် လုရီ၊ လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးလုံးမှာ ပြတင်းပေါက်ဘေးတွင် ရပ်ကာ အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရှုနေကြ၏။
နေရာတိုင်းတွင် လှပသော တောင်များနှင့် တောင်တန်းများအပြင် အဆုံးမဲ့သော မြက်ခင်းပြင်များနှင့် ပင်လယ်များ ရှိသည်။
ကောင်းကင်ယံတွင် အတောင်ပံပါသော နဂါးများ၊ ပျံသန်းနဂါးများနှင့် အလားတူ ထူးဆန်းသော သတ္တဝါများ ပျံဝဲနေကြပြီး၊ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ခြင်္သေ့များနှင့် ကျားများမှာမူ တောင်စွယ်များအကြားတွင် လျှောက်လှမ်းနေကြ၏။
ခရီးတစ်လျှောက်လုံးတွင် လုရီသည်
အင်မော်တယ် သားရဲများစွာကိုလည်း တွေ့မြင်ခဲ့ရပြီး ကြယ်ရောင်သမင် အနည်းငယ်ကိုပင် တွေ့ရှိခဲ့လေသည်။
ဤအင်မော်တယ်သားရဲများသည် ယွီမိသားစုဂြိုဟ်ပေါ်တွင် အလွန်ယဉ်ပါးပုံ ပေါက်၏။
ဟုတ်ပါသည်။ ယင်းက ဤနေရာတွင် အထူးတလည် ရန်လိုသော အင်မော်တယ်သားရဲများ မရှိသောကြောင့်လည်း ဖြစ်ပါသည်။
ထို့အပြင် ဂြိုဟ်ကြီးပေါ်တွင် နန်းတော်များ ပြန့်ကျဲ တည်ရှိနေ၏။
လမ်းတစ်လျှောက်လုံးတွင် လင်းလောင်တောင်ထိပ်သခင်မသည် ယွီမိသားစုဂြိုဟ်အကြောင်း အရာအားလုံးကို လုရီနှင့် အခြားသူများအား မိတ်ဆက်ပေးနေသလို၊ ထိုနန်းတော်များတွင် မည်သူ နေထိုင်ကြောင်းကိုလည်း ပြောပြနေသည်။
မကြာမီမှာပင် သူတို့သည် နန်းတော်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြ၏။
ထိုနန်းတော်ကို မြေပြန့်လွင်ပြင်တစ်ခုပေါ်တွင် တည်ဆောက်ထား၏။ ဘေးတွင် ဧရာမ ရေကန်ကြီးတစ်ခု ရှိကာ၊ ရွှေရောင်ငါးကြင်းကြီးများ ရေထဲမှ ခုန်တက်နေကြရာ ရေပန်းများ ဖြစ်ပေါ်နေလေသည်။
အခြားတစ်ဖက်တွင်မူ ဝါးတောတစ်ခု တည်ရှိ၏။ လေတိုက်ခတ်သောအခါ ဝါးရွက်များ တရှဲရှဲ မြည်သံများနှင့်အတူ အရွက်များ လွင့်လူးနေကြသည်။
လုရီသည် ဤဝါးများမှာ လင်းလောင်တောင်ထိပ်၏ ထိပ်ဆုံးမှ ဝါးများနှင့် တူညီကြောင်းကို သတိပြုမိ၏။
လင်းလောင်တောင်ထိပ်သခင်မက ပြုံးကာ ဆိုသည်။
“ဒီမှာပဲ၊ ဒါက ငါ့မိဘတွေရဲ့ နန်းတော်ပဲ။ ဆင်းကြစို့”
အဖွဲ့သည် အာကာသယာဉ်ပေါ်မှ ဆင်းသက်လာကြပြီး လုရီနှင့် အခြားသူများမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။
သုန်းကုန်းမင်ယွဲ့က နန်းတော်ဘက်သို့ စူးစမ်းစွာ ခေါင်းထိုးကြည့်ရင်း “ဆရာ၊ ဆရာ့ရဲ့ မိဘတွေ တကယ်ပဲ ဒီမှာ ရှိနေတာလား” ဟု မေးလာလေသည်။
လင်းလောင်တောင်ထိပ်သခင်မက ရှင်းပြလာသည်။
“ဟုတ်တယ်လေ၊ ငါက ဒီမနိုင်စိန်ကောင်လေးနဲ့ မင်းတို့ ကောင်မလေးတွေကို ပြန်ခေါ်လာမယ်လို့ သူတို့ကို အကြောင်းကြားပြီးသား”
ဤစကားကို ကြားသော် လုရီနှင့် အခြားသူများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြ၏။
သူတို့ ဝင်ပေါက်သို့ ရောက်သောအခါ အစေခံမလေးများသည် သူတို့ကို ကြိုဆိုရန် အပြင်ဘက်တွင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ဦးဆောင်လာသော အစေခံမလေးက လှပ၍ ကြည်နူးဖွယ်ကောင်းသော အသွင်အပြင်ရှိ၏။
သူမက ပြုံးကာ လုရီနှင့် သူ၏ အဖော်များကိုလည်း ခေါင်းညိတ်ပြ၏။
“ဒုတိယသခင်မလေး၊ ပြန်လည်ကြိုဆိုပါတယ်။ သခင်ကြီး၊ သခင်မကြီး၊ သခင်လေးအကြီးနဲ့ သခင်လေးအငယ်တို့က အိမ်မှာ သခင်မလေးကို စောင့်နေကြပါတယ်”
လုရီသည် အစေခံမလေးအချို့ကို တွေ့မြင်ရသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။
သူတို့အားလုံး နက်ရှိုင်းခြင်း အင်မော်တယ်များ၏ ကျင့်ကြံမှုအခြေခံကို ပိုင်ဆိုင်ထားကြောင်းကို သူ သိရှိလိုက်ရသောကြောင့်ပင်။
ကြယ်တာရာနယ်မြေတပ်မတော်၏ ခေါင်းဆောင်များပင်လျှင် နက်ရှိုင်းခြင်း အင်မော်တယ်များသာ ဖြစ်ကြောင်းကို သိထားရမည်။
ဤအစေခံမလေးများ၏ အဆင့်အတန်း မည်မျှ မြင့်မားသည်ကို စိတ်ကူးကြည့်နိုင်ပါသည်။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့သည်လည်း ဤသည်ကို သတိပြုမိကြပြီး သူမတို့၏ မျက်နှာများမှာလည်း အလားတူ တုန်လှုပ်မှုများဖြင့် ထိမှန်သွားကြ၏။ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့မှာမူ သူတို့၏ မလုံလောက်သော ကျင့်ကြံမှုအခြေခံများကြောင့် ဤအစေခံမလေးများ၏ အစွမ်းကို သတိမပြုမိကြဘဲ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း အတော်လေး တည်ငြိမ်နေကြသည်။
လင်းလောင်တောင်ထိပ်သခင်မက လူများကို နန်းတော်ထဲသို့ ဦးဆောင်သွားလေသည်။ လမ်းတလျှောက်၊ ရင်ပြင်မှာ ထူးဆန်းသော ပန်းများနှင့် အပင်များဖြင့် ပြည့်နှက်နေ၏။ တစ်ခုချင်းစီမှာ အင်မော်တယ်မျိုးစေ့များဖြစ်ကာ ကြွယ်ဝသော အင်မော်တယ်ဝိညာဉ်ချီစွမ်းအင်ကို ထုတ်လွှတ်နေလေ၏။
လုရီသည် လောဘကြီးစွာဖြင့် ကြည့်ရှုနေတော့သည်။ သူကိုယ်တိုင်ပင်လျှင် ဤမျှများပြားသော အင်မော်တယ်သစ်ပင်များနှင့်
အင်မော်တယ်မြက်ပင်များကို မပိုင်ဆိုင်ပါချေ။
ယွီမိသားစုမှာ အလွန်အမင်း ချမ်းသာကြွယ်ဝသည်ဟု ဆိုကြသည်မှာ အံ့ဩစရာမရှိကြောင်း လုရီ စိတ်ထဲတွင် မြည်တမ်းလိုက်၏။
ထိုအခိုက်အတန့်တွင် လင်းလောင်တောင်ထိပ်သခင်မနှင့် ရုပ်ရည်အနည်းငယ် ဆင်တူသော အလွန်ချောမောသည့် လူနှစ်ဦး ထွက်လာသည်။ တစ်ဦးမှာ အသက်ကြီးသော လူငယ်ဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ ဆယ်ကျော်သက်အရွယ်ဟု ထင်ရ၏။
ထိုနှစ်ဦးမှာ စိတ်လှုပ်ရှားစွာ ပြေးထွက်လာကြပြီး လင်းလောင်တောင်ထိပ်သခင်မကို မြင်သော် ဝင်းပသော အပြုံးများဖြင့် ပြုံးနေကြသည်။
“ညီမလေး”
ညီငယ်ဖြစ်သူက ဆိုသည်။
“ဒုတိယအစ်မ၊ ပြန်လာပြီလား။ ဒီနှစ်တွေအတွင်းမှာ ကျွန်တော် အစ်မကို အရမ်းလွမ်းနေခဲ့တာ”
လင်းလောင်တောင်ထိပ်သခင်မက စိတ်ပျက်စွာ သက်ပြင်းချရင်း မျက်လုံးများကို လှန်လိုက်၏။
“အစ်ကိုကြီး၊ ငမွှေထိုးကောင်လေး၊ နင်တို့နှစ်ယောက် ဘယ်လို ပြန်ရောက်လာတာလဲ။ ငါ
နင်တို့နှစ်ယောက်ကို အကြောင်းမကြားခဲ့ပါဘူး”
ညီအစ်ကိုနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှစ်ဦးလုံး ပြုံးလိုက်ကြပြီးနောက် လုရီ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။
လင်းလောင်တောင်ထိပ်သခင်မ၏ အစ်ကိုကြီး၏ မျက်လုံးများမှာ ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ရယ်မောကာ ဆို၏။
“ဟုတ်တယ်လေ၊ ဒါက မင်းရဲ့ တိုက်ရိုက်တပည့်ကြောင့်ပေါ့ကွ”
“ဒါဆို မင်းက ငါ့ဒုတိယ အစ်မရဲ့ တပည့်ပေါ့ ဟုတ်လား။ ကျောက်စိမ်းကြယ်တာရာပေါ်မှာ မင်းရဲ့ အစွမ်းအကြောင်း ငါ ကြားပြီးပြီ။ ငါနဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ကြည့်မလား”
ညီငယ်ဖြစ်သူ၏ မျက်လုံးများမှာမူ သိချင်စိတ်ပြင်းပြသော အရောင်များဖြင့် ပြည့်နှက်နေပြီး စမ်းသပ်လိုသော အမူအရာကို ပြသကာ လုရီအား စိန်ခေါ်လိုက်လေသည်။