ဖန်တီးမှု၊ အထူးအဆင့် ကျွမ်းကျင်မှု ၏ အကျိုးသက်ရောက်မှုများ
Vol. 5 Ch. 66
ကျန်းကျဲ့က ဆရာမ မြောင် ၏ ပြောကြားချက်များကို နားထောင်ရင်း သူမ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
“ဆရာမ မြောင် ၊ ကျွန်တော် အရင် ပုံကြမ်းတစ်ချပ် ဆွဲကြည့်လိုက်ပါ့မယ်။ အဆင်ပြေမလားဆိုတာ ကြည့်ပေးပါ”
“လက်ဖက်ရည်အရင်သောက်ပါအုန်း ၊ အလျင်မလိုပါဘူး”
ကျန်းကျဲ့က လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ပုံကြမ်းစာအုပ်နှင့် ခဲတံကို ပြင်လိုက်သည်။
ဆရာမ မြောင် က “အရင်တုန်းက ရှောင်နင် မင်းကို ခေါ်လာတုန်းက ပန်းချီစျေးနှုန်း ဘယ်လို ပေးခဲ့လဲဆိုတာ ငါ မသိခဲ့ဘူး။ ဒီနေ့ကတော့ ငါကိုယ်တိုင် မင်းကို ပန်းချီဆွဲခိုင်းတာဆိုတော့ ဘယ်လောက် ပေးရမလဲ” ဟု မေးလိုက်သည်။
ကျန်းကျဲ့က “ဆရာမ မြောင် ၊ ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။ ဒါကြောင့်လည်း ပန်းချီဈေးနှုန်းကို မသတ်မှတ်ရသေးပါဘူး။
အခုလို မေးတော့ ဘယ်လိုပြန်ဖြေရမလဲ ကျွန်တော် မသိပါဘူး။ ဒီတစ်ချပ် ကတော့ အခမဲ့ ဆွဲပေးပါ့မယ် ”
ဆရာမ မြောင် က ငြင်းကာ “မရပါဘူး။ အခမဲ့ ပန်းချီဆွဲပေးစရာ မလို ပါဘူး။
မင်းကို ရှောင်နင်က ဘယ်လောက်ပေးခဲ့လဲဆိုတာ အမှန်အတိုင်း ပြောပါ။ စိတ်ချ၊ ငါ သူ့ကို ပြန်မပြောပါဘူး”
ကျန်းကျဲ့က ခဏမျှစဉ်းစားပြီး အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ဆရာမ မြောင် က ခဏမျှ စိတ်မကောင်းဖြစ်သွားပုံရပြီး “ဒီကိစ္စကို လူသိများအောင် မလုပ်ချင်ဘူး။ ငါကိုယ်တိုင် စုဆောင်းထားတဲ့ ငွေနဲ့ပဲ ပေးချင်ပေမဲ့ အဲ့လောက် ငွေ တော့ မရှိဘူး။ မင်းကို ပေးမယ့် ငွေကို လျှော့ပေး လို့ရမလား”
ကျန်းကျဲ့က ဤကိစ္စသည် စနစ်၏ ဆုလာဒ်နှင့် မသက်ဆိုင်ကြောင်း နားလည်သွား သည်။ ဆရာမ မြောင် သည် အခမဲ့ ယူ လို စိတ်မရှိသလို ဈေးနှုန်းလျှော့ပေးရန်လည်း တောင်းဆိုသည်။ ဤအခြေအနေက ကိုင်တွယ်ရခက်ခဲသည်။
သူ လျင်မြန်စွာ နည်းလမ်းတစ်ခုကို တွေးလိုက်မိသည်။ “ဆရာမ မြောင် ၊ ဒီပန်းချီကားအတွက် ကျွန်တော် ငွေယူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ၁ သောင်း ပေးခဲ့တယ် လို့ပဲ ပြောလိုက်ပါလား။ ဒါဆို ကျွန်တော့်ရဲ့ ပန်းချီကားဈေးနှုန်းကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ အဆင်ပြေမလား”
ဆရာမ မြောင် က ကျန်းကျဲ့၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ပြုံးလိုက်သည်။ “ကောင်းပြီ။ ငါ သိတဲ့ ပန်းချီဆရာတချို့လည်း ဒီနည်းလမ်းကို သုံးဖူးကြတယ်။ ဒါပေမဲ့ မင်းအတွက် အလကား အပင်ပန်းခံရာ ရောက်သွားလိမ့်မယ်”
ကျန်းကျဲ့က “ဘယ်လိုလုပ် အလကား အပင်ပန်းခံတာ ဖြစ်မှာလဲ။ ဆရာမ က ကျွန်တော့်ပန်းချီဈေးနှုန်းကို မြှင့်ပေးတာက ကျွန်တော့်ကို ကူညီတာပဲလေ။ ကျွန်တော်က ဆရာမကို ကျေးဇူးတင်ရမှာပါ။ ကျွန်တော်တို့ စလိုက်ကြမလား”
“ကောင်းပါပြီ”
ကျန်းကျဲ့က ခဲတံကိုယူပြီး ပထမဆုံးအနေဖြင့် စာအုပ်ပေါ်တွင် ပုံကြမ်းများ ဆွဲသည်။ ၎င်းသည် ပန်းချီကားထဲတွင် ပုံရိပ်နှစ်ခု၏ အနေအထားနှင့် အချိုးအစားကို သတ်မှတ်ရန် ဖြစ်သည်။
“ဆရာမ မြောင် ၊ ဆရာမ က သူ့ရဲ့ဘယ်ဘက် ဒါမှမဟုတ် ညာဘက်မှာ ထားစေချင်တာလဲ” သူသည် ရေးဆွဲပြီးသား ပုံကြမ်းများကို ဆရာမ မြောင် ကို ပြသည်။
ဆရာမ မြောင် သည် ပုံကြမ်းများကို ကြည့်ပြီး “သူ့ရဲ့ ဘယ်ဘက်လက်မှာ” ဟု ပြောလိုက်သည်။
ကျန်းကျဲ့က ပုံကြမ်းအသစ်ကို ဆွဲသည်။ “ထိုင်နေတဲ့ပုံစံလား၊ ဒါမှမဟုတ် မတ်တပ်ရပ်နေတဲ့ ပုံစံလား”
“သူ့လိုပဲ၊ ထိုင်နေတဲ့ ပုံစံ”
ကျန်းကျဲ့သည် ပန်းချီကားထဲတွင် ပုံရိပ်များကို မျဉ်း များဖြင့် ပုံဖော်နေချိန်တွင် ဆရာမ မြောင် သည် ဘေးမှ ကြည့်နေခဲ့သည်။
သူမသည် ကျန်းကျဲ့၏ ခဲတံအောက်တွင် ပုံရိပ်နှစ်ခုသည် လျင်မြန်စွာ ပုံပေါ်လာပုံကို တွေ့ရသောအခါ ပုံစံသည် ရိုးရှင်းသော်လည်း အနုပညာဆန်သည်ဟု ခံစားရပြီး ကျန်းကျဲ့၏ ပုံစံကို ဘေးတိုက် ကြည့် လိုက် သည်။
သူမသည် နာမည်ကြီး ပန်းချီဆရာအချို့၏ ဖန်တီးမှု ကို ကိုယ်တိုင် မြင်ဖူးသဖြင့် ကျန်းကျဲ့၏ ခဲတံမျဉ်း များအသုံးပြုပုံနှင့် သူ၏ အသက်အရွယ်ကို တွေးလိုက်သောအခါ အံ့အားသင့်သွားသည်။
သူမ မသိသည်မှာ ကျန်းကျဲ့ အခုလေးတင် ရရှိခဲ့သည့် ကျွမ်းကျင်မှုတွင် အင်ဂရက်စ်နှင့် ဒျူရာတို့၏ ပုံကြမ်းဆွဲခြင်းစွမ်းရည်သည် မျဉ်း များအသုံးပြုရာတွင် ထူးချွန်သောကြောင့် သူ၏ ပန်းချီကားထဲ မှ ပုံရိပ်များ၏ မျဉ်း များသည် ရိုးရှင်းပြီး ရဲရင့်ပြတ်သားသွားသည်။
ကျန်းကျဲ့က ပုံကြမ်းသုံးချပ်ကို ဆက်တိုက် ဆွဲလိုက်သည်။
ဆရာမ မြောင် သည် ၎င်းထဲမှ တစ်ချပ်ကို အကြိုက်ဆုံးဖြစ်နေသည်။
ကျန်းကျဲ့သည် ထိုပုံကြမ်းပေါ်တွင် မျက်နှာ၊ လှုပ်ရှားမှုများနှင့် အဝတ်အစားများကဲ့သို့သော အသေးစိတ်အချက်အလက်များကို ဆက်လက်ပုံဖော်သည်။
သူသည် ခဏနားပြီး ဆရာမ မြောင် ကို မေးသည်။ “ဆရာမမြောင် ရဲ့ လက်ရှိပုံစံကို ဆွဲပေးရမလား၊ ဒါမှမဟုတ် ငယ်ငယ်က ပုံစံကို ဆွဲပေးရမလား”
ဆရာမ မြောင် က ပြောသည်။ “ငါ မဆုံးဖြတ်ရသေးဘူး။ မူလကတော့ လက်ရှိပုံစံကိုပဲ ထည့်ဖို့ စဉ်းစားခဲ့ပေမဲ့ ပန်းချီကားက ဆန်းပြားနေမှာလည်း စိုးရိမ်မိတယ်။
မင်း ငါ့အတွက် အံဆွဲကို ဖွင့်ပေးပါဦး…”
ကျန်းကျဲ့က ဆရာမ မြောင် ၏ တောင်းဆိုမှုအတိုင်း ဓာတ်ပုံတစ်ပုံကို ရှာလိုက်သည်။
ဤဓာတ်ပုံသည်လည်း အဖြူအမည်းဓာတ်ပုံတစ်ပုံဖြစ်ပြီး အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦး၏ ပုံဖြစ်သည်။ ဆံပင်ကို ထုံးဖွဲ့ထားပြီး အဝတ်အစားနှင့် ဖိနပ်များကိုလည်း ရိုးရာပုံစံအတိုင်း ဝတ်ဆင်ထားသည်။
သူသည် ဓာတ်ပုံထဲမှ အမျိုးသမီးသည် ဆရာမ မြောင် ၏ မျက်လုံးနှင့် မျက်ခုံးများနှင့် ဆင်တူကြောင်း တွေ့ရှိသောကြောင့် ခန့်မှန်းလိုက်သည်။ “ဆရာမ မြောင် ၊ ဒါ ဆရာမ ငယ်ငယ်က ပုံလား။ တကယ်လှတာပဲ”
ဆရာမ မြောင် က ပြောသည်။ “မင်းကို ရယ်စရာဖြစ်အောင် လုပ်လိုက်သလို ဖြစ်နေ ပြီ။ ဓာတ်ပုံရိုက်တုန်းက ငါ အသက် ၄၀ နီးပါးရှိနေပြီ။ ဘယ်လိုလုပ် လှပါတော့မလဲ”
“ငါ သူ့ကို သိတုန်းကတော့ ဓာတ်ပုံမရှိသေးဘူး။ မင်း မြင်တဲ့ ဓာတ်ပုံကလည်း သူ့ရဲ့ မိသားစုကနေ ပေးခဲ့တာပါ။ ငါ့ငယ်ဘဝ ဓာတ်ပုံတွေက နည်းနည်းပဲ ရှိပြီး အားလုံး ပျောက်ကုန်ပြီ။ အခုတော့ ဒီဓာတ်ပုံတစ်ပုံပဲ ကျန်တော့တယ်။ ဒါကတော့ အစောဆုံးရိုက်ခဲ့တဲ့ ဓာတ်ပုံပဲ”
“မင်း ကြည့်လိုက်ပါဦး၊ ငါ့ကို နည်းနည်းငယ်အောင် ဆွဲပေးနိုင်မလား။ ဓာတ်ပုံထဲက သူ့ပုံစံနဲ့ အသက်အရွယ် နီးစပ်အောင်ပေါ့။ တကယ်တော့ သူက ငါ့ထက် နှစ်နှစ် ငယ်တယ်”
ကျန်းကျဲ့က ဆရာမ မြောင် ပြောနေသည့် “သူ” ဆိုသည်မှာ မည်သူဖြစ်ကြောင်း သိသည်။
သူသည် ဓာတ်ပုံကို ခဏကြာအောင် စိုက်ကြည့်နေပြီး “ကျွန်တော် စမ်းကြည့်ပါ့မယ်။ အဲ့ဒီတုန်းက ဆရာမ က ဘယ်လို အဝတ်အစားမျိုး ဝတ်ရတာ ကြိုက်လဲ” ဟု မေးလိုက်သည်။
“ကြယ်သီးတွေနဲ့ ရိုးရိုးအဝတ်အစားတွေပါပဲ၊ အဲ့ဒီတုန်းက ငါ့မှာ ဂါဝန်တွေ မရှိဘူး”
ဆရာမ မြောင် က ဂါဝန်အကြောင်း ပြောသည်ကို ကြားသောအခါ ကျန်းကျဲ့သည် ရုတ်တရက် အကြံရသွားသည်။ “ကျွန်တော် ဆရာမကို ဂါဝန်ဆွဲပေးလိုက်ရင် ဘယ်လိုလဲ”
သူသည် တစ်ချိန်က တွေ့ခဲ့ရသည့် မြင်းမျက်နှာစကပ်နှင့် ရိုးရာဝတ်စုံများကို သတိရလိုက် ပြီးနောက် ပုံစံအမျိုးမျိုးကို လျင်မြန်စွာ ဆွဲလိုက်သည်။ “ဆရာမ ကြိုက်ရဲ့လား”
ဆရာမ မြောင် သည် ကျန်းကျဲ့ဆွဲသည့် ဂါဝန်ပုံစံသည် သူမသိသော ရှေးဟောင်းဂါဝန်များနှင့် အနည်းငယ် ကွဲပြားသော်လည်း အားလုံးသည် အလွန်လှပသည်ဟု ထင်သည်။ သူမသည် အရိုးရှင်းဆုံးပုံစံကို ရွေးလိုက်သည်။ “ဒါ ကောင်းတယ်၊ သူ့အဝတ်အစားနဲ့ လိုက်ဖက်တယ်”
ထို့နောက် ပုံရိပ်နှစ်ခု၏ မျက်နှာအမူအရာနှင့် အသေးစိတ်အချက်အလက်များကို ဆုံးဖြတ်ရန် လိုသေး သည်။
အမျိုးသားပုံတူကို သူသည် အကြိမ်ကြိမ် ဆွဲဖူးသောကြောင့် ပြဿနာမရှိပေ။
ဆရာမ မြောင် ၏ ပုံတူကိုမူ ဓာတ်ပုံကို ကိုးကား၍ အကြိမ်ကြိမ် ပြင်ရမည်။
အသက် ၄၀ ရှိသည့် ဓာတ်ပုံကို ကြည့်ပြီး အသက် ၂၀ အရွယ်ကို ဆွဲရမည်မှာ သူအတွက် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။
သို့သော်လည်း အထူးအဆင့် ပုံကြမ်းကျွမ်းကျင်မှု ၏ အထောက်အပံ့ကြောင့် အခက်အခဲမရှိပေ။
သူသည် ပုံဆွဲရင်း ဆရာမ မြောင် ၏ အသက် ၂၀ အရွယ် လက္ခဏာများကို မေးမြန်းပြီး တဖြည်းဖြည်းချင်း ပြင်လေ သည်။
မိနစ် ၂၀ ကြာပြီးနောက် ဆရာမ မြောင် ၏ ငယ်ရွယ်စဉ်က ပုံစံသည် စာရွက်ပေါ်တွင် ပေါ်လာသည်။
ဆရာမ မြောင် က အနည်းငယ် မောသွားပုံရသည်။ “မင်း အနီးကပ် ယူလာပေးပါဦး”
ကျန်းကျဲ့က ပုံကြမ်းစာအုပ်ကို ဆရာမ မြောင် ဆီသို့ ယူလာပေးသည်။
ဆရာမ မြောင် သည် ပန်းချီကားကို ကြည့်လိုက်သည်။
အမျိုးသားငယ်နှင့် အမျိုးသမီးငယ်တို့သည် နောက်ခံဘုတ်ပြားရှေ့တွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေကြပြီး အမျိုးသားက ရှပ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး အမျိုးသမီးက ဂါဝန်အရှည်ကို ဝတ်ဆင်ထားကာ ငယ်ရွယ်ပြီး ချောမောသူများ အဖြစ် ပေါ်လွင်နေသည်။
ကျန်းကျဲ့က ဆရာမ မြောင် သည် ပန်းချီကားကို စိုက်ကြည့်နေပြီး အသေးစိတ်ကြည့်ပြီးနောက် သူ၏ မျက်လုံးများ မှေးမှိန်သွားပုံကို သတိပြုမိသည်။ သူမက အတိတ်ကို ပြန်အမှတ်ရနေပုံရသည်။
အချိန်အတော်ကြာပြီးနောက် ဆရာမ မြောင် က သတိပြန်ဝင်လာကာ “တောင်းပန်ပါတယ်ကွယ် အသက်ကြီးလာတော့ စိတ်တွေ ကစဉ့်ကလျား ဖြစ်တတ်တယ်။ မင်း ပန်းချီဆွဲတာ ဓာတ်ပုံထက်တောင် ပိုကောင်းသေး တယ်။ ငါ့အသက် ၂၀ အရွယ်နဲ့ တူတယ်။ အဲ့ဒီတုန်းကတော့…”
သူမသည် ခဏရပ်လိုက်ပြီး “တော်ပါပြီ၊ အရင်ကကိစ္စတွေ မပြောတော့ဘူး။ ဒီပုံစံအတိုင်းပဲ ဆွဲလိုက်ပါတော့ကွယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့ ” ကျန်းကျဲ့သည် ပန်းချီဘုတ်ပြား နှင့် ပန်းချီစာရွက်များကို ထုတ်လိုက်သည်။
“မင်း ဆေးလိပ်သောက်လား”
“ကျေးဇူးတင်ပါတယ် ဆရာမ မြောင် ကျွန်တော် ဆေးလိပ်မသောက်ပါဘူး”
ဆရာမ မြောင် က သူနာပြုကို ခေါ်ပြီး ကျန်းကျဲ့အတွက် လက်ဖက်ရည်ထပ်ထည့်ပေးခိုင်းသည်။
ကျန်းကျဲ့သည် လက်ဖက်ရည်ကို မသောက်ဘဲ ပန်းချီဆွဲခြင်းကို အာရုံစိုက်လိုက်သည်။
စံသတ်မှတ်ချက်များနှင့် ရှင်းလင်းသော တောင်းဆိုချက်များ ရှိသောကြောင့် ကျန်ရှိသည့် အလုပ်များသည် သူ့အတွက် ပြဿနာမရှိပေ။
သူသည် ပန်းချီကားပေါ်တွင် ပုံစံကို ဦးစွာ သတ်မှတ်ပြီး အမျိုးသားပုံတူနှင့် နောက်ခံကို အရင်ဆွဲကာ နောက်ဆုံးမှ ဆရာမ မြောင် ကို ပုံဖော်သည်။
ဆရာမ မြောင် ၏ ပုံတူကို ဆွဲနေစဉ်တွင် သူသည် ဆရာမ မြောင် ၏ မျက်လုံးများကို မကြာခဏ မော့ကြည့်သည်။
ဆရာမ မြောင် သည် ကျန်းကျဲ့၏ လှုပ်ရှားမှုကို သတိပြုမိပြီး သူ့ကိုယ်သူ အနည်းငယ် မတ်မတ် ထိုင်လိုက်သည်။
ကျန်းကျဲ့က ရှင်းပြသည်။ “ဆရာမ မြောင် ၊ အဲ့လို လုပ်စရာ မလိုပါဘူး။ ကျွန်တော်က ဆရာမရဲ့ မျက်လုံးကိုပဲ ကြည့်တာပါ။ ဆရာမ ဘယ်လိုပုံစံ နားနားနေနေ၊ စကားပြောပြော အနှောင့်အယှက်မဖြစ်ပါဘူး”
ဆရာမ မြောင်က ကျန်းကျဲ့ စကားပြောနေသော်လည်း သူ့လက်မှ အလုပ်မရပ်မနား လုပ်နေသည်ကို တွေ့ရသောအခါ စိတ်ပေါ့ သွားသည်။ သူမက ကျန်းကျဲ့နှင့် စကားပြောကြည့်သောအခါ သူ အမှန်တကယ် အနှောင့်အယှက်မဖြစ်ကြောင်း တွေ့ရသဖြင့် မိသားစု ကိစ္စအကြောင်း စပြောသည်။
သူမ၏ အတွေ့အကြုံအရ ကျန်းကျဲ့၏ အခြေအနေအချို့ကို တဖြည်းဖြည်းချင်း သိလာသည်။
ကျန်းကျဲ့သည် ပုံကြမ်းပန်းချီတစ်ချပ်ကို တစ်နာရီအတွင်း ဆွဲပြီးခဲ့သည်။
“ဆရာမ မြောင် ဘာများ ပြင်ဖို့ လိုသေးလဲ ကြည့်ပေးပါဦး”
ဆရာမ မြောင် သည် ပန်းချီကားကို ကြည့်ပြီးနောက် “ကောင်းပါတယ်၊ ဒီလောက်ဆို ရပါပြီ”ဟု စိတ်ကျေနပ်စွာ ပြောလိုက်သည်။
ကျန်းကျဲ့က “ဒါက ကျွန်တော့်အတွက် လုံလောက်အောင် မကောင်း သေးပါဘူး။ ကျွန်တော့်ကို တစ်ပတ်အချိန်ပေးပါ။ အိမ်ပြန်ရောက်ရင် သေချာစဉ်းစားပြီး ပန်းချီလက်ရာကောင်း တစ်ချပ်အဖြစ် ဆွဲပေးပါ့မယ်” ဟု ပြောလေသည်။
ဆရာမ မြောင် က ကျန်းကျဲ့ ပြန်တော့မည်ဖြစ်ကြောင်း သိလိုက်သည်။ “ဒီမှာပဲ ညစာ စားသွားပါ”
ကျန်းကျဲ့က “ဆရာမ မြောင် ၊ ကျွန်တော် အိမ်မှာ မိဘတွေနဲ့ ညစာစား မလို့ပါ ။ အိမ်မွေးတိရစ္ဆာန်လေးကိုလည်း ဂရုစိုက်ရဦးမယ်။ တခြား ဘာမှမရှိတော့ဘူးဆိုရင်တော့ ကျွန်တော် သွားပါတော့မယ်။ ဆရာမ မြောင် ကျန်းမာရေး ဂရုစိုက်ပါ”
“ဒီလိုလား၊ မင်းကို အလုပ်ရှုပ်သွားအောင် လုပ်လိုက်သလို ဖြစ်သွားပြီ။ လာမယ့်တစ်ပတ် မင်း အချိန်ရ တဲ့အခါ လာလို့ရပါတယ်” ဆရာမ မြောင် သည် လှုပ်ရှားမရသဖြင့် သူနာပြုကို ကျန်းကျဲ့အား လိုက်ပို့ခိုင်းသည်။
ကျန်းကျဲ့ ပြန်ခါနီးတွင် ဆရာမ မြောင် က ထပ်မံ၍ ဤကိစ္စကို နင်အန်းချီကို မပြောရန် ထပ်ပြောခဲ့သည်။