တာဝန် ဆုလာဒ် ရရှိခြင်း၊ မော်ဒယ်ကြေး
Vol. 5 Ch. 68
ဝမ်ကျန်း၏ ရုံးခန်းတွင် ရှေ့နေချင်က စာချုပ်ကို ကြည့်ပြီးနောက် ကျန်းကျဲ့က လက်မှတ်ထိုးလိုက်ရာ အရောင်းအဝယ် အောင်မြင်ခဲ့သည်။
ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများကို ဝမ်ကျန်းနှင့် ရှေ့နေချင်တို့က ကူညီလုပ်ဆောင်ပေးကြသည်။
ကျန်းကျဲ့နှင့် ရှေ့နေချင်တို့က ဝမ်ကျန်းကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။
တက္ကစီကို စောင့်နေစဉ်တွင် ကျန်းကျဲ့က ရှေ့နေချင်ကို “ရှေ့နေချင် ကျွန်တော် ရောင်းလိုက်တဲ့ ပန်းချီကားတွေက ကျွန်တော် ငှားထားတဲ့ မော်ဒယ်လတစ်ယောက်ကို ပုံဖော်ထားတာပါ...”ဟု မေးလိုက်သည်။
သူသည် ချန်းယန်၏ အခြေအနေကို ရှေ့နေချင်အား ပြောပြပြီး ချန်းယန်ကို မော်ဒယ်ကြေးအချို့ ပေးလိုကြောင်း ပြောလိုက်သည်။
ရှေ့နေချင်က “သင့်တော်တဲ့ စာချုပ်ကို ချုပ် နိုင်ဖို့အတွက် အချက်အလက်အချို့ကို အရင်ရှာဖွေရပါမယ်။ ကျွန်မကို ယုံကြည်လို့ရ ပါတယ်”ဟု ပြောလေသည်။
“ကျေးဇူးတင်ပါတယ်”
ကျန်းကျဲ့က ရှေ့နေချင်နှင့် အကြိမ်အနည်းငယ် လက်တွဲလုပ်ဆောင်ခဲ့ဖူးသဖြင့် သူက အလုပ်များကို စနစ်တကျ လုပ်နိုင်သည်ကို သူ သိသည်။
အိမ်သို့ ပြန်ရောက်သောအခါ ည ၈ နာရီ ထိုးနေ ပြီဖြစ်သည်။
ကျန်းယီနှင့် ရှုလီတို့က စိတ်ပူပန်စွာဖြင့် စောင့်နေကြသည်။ ကျန်းကျဲ့ တံခါးဖွင့်သံကို ကြားလိုက်သည်နှင့် နှစ်ယောက်သား ဧည့်ခန်းမှ ထွက်လာကြသည်။
“ပြန်လာပြီလား” “အဆင်ပြေရဲ့လား”
ကျန်းကျဲ့က ပြေးလာသော ရှောင်ကားကို ပွတ်သပ် ရင်း “အဖေ၊ အမေ၊ အဆင်ပြေပါတယ်၊ အားလုံး အဆင်ပြေသွားပါပြီ” ဟု ပြောလိုက်သည်။
သားဖြစ်သူကို ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်ရသောအခါ ကျန်းယီနှင့် ရှုလီတို့ စိတ်သက်သာရာရသွားသည်။
“ဗိုက်ဆာသေးလား” “ငါတို့ကို အသေးစိတ် ပြောပြပါဦး”
“အမေ၊ ဗိုက်မဆာတော့ဘူး” ကျန်းကျဲ့က ဧည့်ခန်းသို့ လာထိုင်သည်။
ကျန်းယီက ကျန်းကျဲ့ကို ရေတစ်ခွက် ငှဲ့ပေးသည်။
ကျန်းကျဲ့က ပန်းချီကားများ ရောင်းချသည့် ကိစ္စ ကို ပြောပြလိုက်သည်။
ကျန်းယီက “ကုန်ကျစရိတ်တွေ နုတ်လိုက်ရင် ဘယ်လောက်လောက် ကျန်မလဲ” ဟု မေးလေသည်။
“ပိုက်ဆံက မရောက်သေးဘူး။ ငွေလဲနှုန်းအတိုင်း တွက်ချက်ပြီး အခွန်နဲ့ အခြားစရိတ်တွေ နုတ်လိုက်ရင်တော့ ၁ သိန်း ၈ သောင်း ဒါမှမဟုတ် ၁ သိန်း ၉ သောင်းလောက် ရမယ်ထင်တယ်” ကျန်းကျဲ့က ကိန်းဂဏန်းကို အတိအကျ မပြောရဲပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ချန်းယန်ကိုလည်း ပိုက်ဆံ ပေးရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။
“ဒီလောက်တောင် များတာလား။ လုံခြုံပါ့မလား” ကျန်းယီနှင့် ရှုလီတို့သည် ဤပမာဏကို အံ့အားသင့်သွားသည်။ သူတို့မိသားစုတွင် ဤမျှများပြားသော စုဆောင်းငွေမျိုး မရှိခဲ့ဖူးပေ။
“ကျွန်တော် ရှေ့နေချင်ကို အကူအညီတောင်းထားပါတယ်” အတူတူလုပ်ဖူးသည့် ရှေ့နေတစ်ယောက်၏ အကူအညီရမည်ဟု ကြားရသောအခါ ကျန်းယီနှင့် ရှုလီတို့ စိတ်ချသွားသည်။
“ဒီတစ်ခါရတဲ့ ဈေးက မင်းရဲ့ အရင်ပန်းချီကားတွေထက် ပိုများတယ်” ရှုလီသည် သားဖြစ်သူ၏ ရလဒ်များကို မှတ်မိနေသည်။
ကျန်းယီသည် ပျော်နေသော်လည်း “မင်း ခဏနားပြီးတာနဲ့ စာပြန်ကျက်ရမယ်။ ပိုက်ဆံတွေ ဘယ်လောက်ပဲ ရရ ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေရဦးမှာ” ဟု သတိပေးလိုက်သည်။
ကျန်းကျဲ့ အခန်းထဲသို့ စာကျက်ရန် ပြန်သွားပြီးနောက် ကျန်းယီနှင့် ရှုလီတို့က ဝမ်းမြောက်မှုဖြင့် နစ်မြုပ်နေကြသည်။
“ကြည့်ပါဦး၊ ကျွန်မ သားလေး ဘယ်လောက်တော်လိုက်လဲ” ရှုလီက တိုးတိုးလေး ပြောလိုက်သည်။
ကျန်းယီက ဟန့်ခနဲ ရယ်လိုက်ကာ “မင်း သားကလည်း ငါ့ သားပဲလေ ”
ထိုအချိန်မှသာ ဇနီးမောင်နှံနှစ်ဦးက သားဖြစ်သူ၏ ကေယလိပ် စရိတ်အတွက် စိတ်ပူစရာမလိုတော့ကြောင်း ယုံကြည်ခဲ့ကြသည်။
.........
ကျန်းကျဲ့သည် စနစ်ကို ဖွင့်ကြည့်သော်လည်း သတင်းအချက်အလက်အသစ်ကို မတွေ့ရပေ။
သူကိုယ်တိုင် ခန့်မှန်းထားသော ပန်းချီကားများ၏ ဈေးနှုန်းသည် ဆုလာဒ်နှင့် မကွာခြားလှပေ။ သူ ရရှိမည့်ငွေသည် ယွမ် ၂ သိန်းအောက် အနည်းငယ်လျော့နိုင်သော်လည်း ပြဿနာမရှိပေ။
သူသည် စိတ်ကို ထိန်းချုပ်ပြီး စာလေ့လာလေ သည်။
နောက်နေ့၊ တစ်ပတ်တာအသစ် စတင်ပြီဖြစ်ပြီး ကျောင်း၏ ဘဝကလည်း ငြိမ်သက်နေသည်။ ကျောင်းသားများအားလုံးက စာမေးပွဲအတွက် စတင်ပြင်ဆင်နေ ကြပြီဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် ဝမ်ကျန်းက ကျန်းကျဲ့ကို ဖုန်းဆက်ပြီး ပိုက်ဆံ အားလုံးကို ကျန်းကျဲ့၏ ဘဏ်အကောင့်သို့ လွှဲပေးပြီးကြောင်း အကြောင်းကြားလေ သည်။
ကျန်းကျဲ့သည် ဖုန်းချလိုက်ပြီး ပထမဆုံးအနေဖြင့် ဘဏ်အကောင့်သို့ ငွေဝင်မဝင်ကို စစ်ဆေးသည်။ ထို့နောက် ရှေ့နေချင်ကို ဖုန်းဆက်သည်။
ရှေ့နေချင်က အလုပ် ဈေးနှုန်းများကို ကိုးကား၍ စာချုပ်မူကြမ်းရေးဆွဲထားပြီးဖြစ်ကြောင်း ပြောပြီး ချန်းယန်နှင့် တွေ့ဆုံရန် အချိန်မရွေး စီစဉ်ပေးနိုင်ကြောင်း ပြောလေ သည်။
ကျန်းကျဲ့သည် ရှေ့နေချင်အတွက် ကုန်ကျစရိတ်များကို ပေးချေပြီး ချန်းယန်အတွက် မော်ဒယ်ကြေးကိုပါ ဖယ်ထားလိုက်သည်။ ထိုအခါ သူ၏ အကောင့်ထဲတွင် ယွမ် ၄ သိန်းနီးပါး ရှိနေပြီဖြစ်သည်။
သူက သတင်းကောင်းကို မိဘများအား ပြောပြလိုက်သည်။
ကျန်းယီနှင့် ရှုလီတို့က အကောင့်ထဲမှ ဂဏန်းများကို မြင်မှသာ စိတ်ပူပန်မှုများ လုံးဝ ပြေပျောက်သွားသည်။ သူတို့က အိမ်တွင် ဤမျှများပြားသော ပိုက်ဆံ မျိုး ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူးပေ။ သူတို့၏ လက်ရှိလစာအတိုင်း တွက်ချက်မည်ဆိုလျှင် ဤငွေပမာဏသည် နှစ်ပေါင်း ၂၀ သို့မဟုတ် ထိုထက်မက စုဆောင်းထားသည် နှင့် ညီမျှနေသည်။
နှစ်ယောက်သား သားဖြစ်သူ၏ အိမ်ထောင်ပြုရန်အတွက် ဤငွေကို စုဆောင်းထားရန် အသင့်တော်ဆုံးဖြစ်ကြောင်း တိုင်ပင်ကြသည်။
ကျန်းကျဲ့ စဉ်းစားသည်မှာ အိမ်ဖြစ်သည်။ ရေရှည်အတွက် ကြည့်လျှင် ပင်းဟိုင် မြို့၏ အိမ်ဈေးနှုန်းသည် လက်ရှိတွင် သိပ်မများလှပေ။ ဤငွေသည် အိမ်အတွက် ပထမဆုံး အရစ်ကျပေးချေရန် လုံလောက်နိုင်သည်။
တစ်ပတ်တာ စာသင်ကြားမှုပြီးဆုံးသွားချိန်တွင် ကျန်းကျဲ့သည် အောင် လက်မှတ် တစ်ခု ထပ်မံရရှိခဲ့သည်။ သူ ဖြေဆိုခဲ့သည့် အနုပညာစာမေးပွဲ ခုနစ်ခုတွင် လေးခုအောင်မြင်ခဲ့သည်။ စနစ်မှ အကောင်းဆုံးဟု အကဲဖြတ်ထားသည့် ကျောင်းသုံးကျောင်းမှာမူ သတင်းမကြားရသေးပေ။
စနေနေ့ နံနက်ပိုင်းတွင် သူက နေ့တစ်ဝက်အချိန်ကို သုံး၍ ရေဆေးပန်းချီကားတစ်ချပ် ဆွဲသည်။ ၎င်းက ဆရာမ မြောင် ၏ တောင်းဆိုမှုဖြစ်သည်။
၁၁ နာရီကျော်ကျော်တွင် ချန်းယန်က နေ့လယ်စာစားရန်အတွက် ကျန်းကျဲ့ကို ထပ်မံ ဖုန်းဆက်သည်။
ကျန်းကျဲ့က ဆုံမည့်နေရာကို ကော်ဖီဆိုင်တစ်ခုတွင် သတ်မှတ်လိုက်သည်။
သူက ရှောင်ကားကို ခေါ်ကာ ကော်ဖီဆိုင်သို့ အရင်ရောက်လာသည်။
ခဏအကြာတွင် ဖန်တံခါးအပြင်ဘက်မှ ချန်းယန်လျှောက်လာသည်ကို တွေ့ရသဖြင့် ကျန်းကျဲ့က လက်ပြ လိုက်သည်။
ချန်းယန်က ကျန်းကျဲ့ ရွေးထားသော နေရာသို့ ရောက်လာသည်။ “ဒီနေ့ကျတော့ ဘာလို့ ဒီမှာ တွေ့ဖို့ စဉ်းစားမိတာလဲ”
“မင်းကို သတင်းကောင်းတစ်ခု ပြောပြချင်လို့။ အရင် သောက်စရာ တစ်ခုခု မှာလိုက်ဦး”
ချန်းယန်က ဖျော်ရည်တစ်ခွက်မှာပြီး ရှောင်ကားကို ပွေ့ လိုက်သည်။
“ဘာသတင်းကောင်းလဲ”
ကျန်းကျဲ့က “ငါ ပန်းချီကားလေးချပ်ကို အရမ်းမြင့်တယ့် စျေးနှုန်းနဲ့ ရောင်းလိုက် တယ်”ဟု ပြောလိုက်သည်။
အိုး၊ ချန်းယန်သည် ပြုံးလိုက်ကာ “တကယ် သတင်းကောင်းပဲ။ ပိုက်ဆံ အများကြီးရလိုက်လား”
ကျန်းကျဲ့က ခေါင်းညိတ်ကာ “ဒုတိယသတင်းကောင်းကတော့ ဒီကိစ္စမှာ မင်းရဲ့ ကူညီမှုတွေလည်း ပါတယ်”
ချန်းယန်သည် ဖျော်ရည်ကို တစ်ငုံ သောက်လိုက်သည်။ “ငါ ဘယ်လို ကူညီခဲ့လို့လဲ”
ကျန်းကျဲ့က “ရောင်းလိုက်တဲ့ ပန်းချီကားလေးချပ်လုံးက မင်းကို မော်ဒယ်ယူပြီး ဆွဲထားတာ”ဟု ပြောလိုက်သည်။
ချန်းယန်က မျက်လုံး ပြူးသွားကာ “ဘာ၊ အဲ့ဒီထဲမှာ တချို့ပုံတွေက...” သူမက လူအများကြားတွင် ရှိနေကြောင်း သတိပြုမိသွားသဖြင့် အသံကို တိုးလိုက်ပြီး “တချို့ပုံတွေကလေ၊ ဟိုလိုမျိုးလေ...” ဟု ဆက်ပြောသည်။
ကျန်းကျဲ့က သူမ၏ ဆိုလိုရင်းကို နားလည်သည်။ “စိတ်ချပါ။ တချို့အထူးပုံတွေနဲ့ ငါ နှစ်သက်တဲ့ ပုံတွေကို မရောင်းခဲ့ပါဘူး။ ငါ ရောင်းခဲ့တဲ့ ပန်းချီကားတွေက မင်းရဲ့ နေ့စဉ်ဘဝထဲက အမှတ်တရ အခိုက်အတန့်တွေကို ပုံဖော်ထားတာပါ”
သူက ကင်မရာကို ထုတ်ပြီး ပန်းချီကားလေးချပ်၏ ပုံများကို ချန်းယန်ကို ပြသည်။ “ကြည့်၊ ဒီလေးချပ်ပဲ”
ချန်းယန်က သူစာဖတ်နေသည့်ပုံနှင့် လမ်းလျှောက်နေသည့် ပုံများကို တွေ့ရသောအခါ သိပ်ပြီး မဖော်ထားကြောင်း သိရသဖြင့် စိတ်သက်သာရာရသွားသည်။
“ငါ ရင်တုန်သွားတာပဲ။ ဒီနေ့ နေ့လယ်စာကို ဂုဏ်ပြုပြီး စားကြမလား”
ကျန်းကျဲ့က “အလျင်မလိုပါနဲ့၊ မင်းရဲ့ ကိစ္စလည်း ရှိသေးတယ်။ မင်းက မော်ဒယ်ပညာကို ရွေးချယ်ထားပြီးပြီဆိုတော့ ဒီပညာနဲ့ ပိုက်ဆံရှာရမယ်။ မင်းက ငါ့ရဲ့ မော်ဒယ်လုပ်ပေးခဲ့တဲ့အတွက် မော်ဒယ်ကြေး ပေးပါ့မယ်”ဟု ပြောလိုက်သည်။
“ဘာပြောလိုက်တာလဲ။ နင်က ငါ့ကို ပိုက်ဆံပေးမယ်ပေါ့”
“တကယ်တော့ ဒီကိစ္စအတွက် ရှေ့နေတစ်ယောက်တောင် ငှားထားတယ်”
“ဘာလို့ ရှေ့နေငှားရတာလဲ” ချန်းယန်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကာ “ဒါက ငါတို့ နှစ်ယောက်ရဲ့ ကိစ္စပဲလေ။ ရှေ့နေပါတော့ နင် ဘယ်လောက်တောင် စိမ်းကားလိုက်သလဲ”
ထိုအချိန်တွင် ကျန်းကျဲ့က ရှေ့နေချင် ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ထပြီး နှုတ်ဆက်သည်။
သူက ရှေ့နေချင်နှင့် ချန်းယန်ကို မိတ်ဆက်ပေးသည်။
ရှေ့နေချင်က ချန်းယန်ကို “ကျောင်းသူ ချန်းက တကယ်လှတာပဲ”ဟု ပြောလေသည်။
ချန်းယန်သည် ယဉ်ကျေးစွာ ပြန်ဖြေသည်။ ရှေ့နေရောက်လာခြင်းကို သူမသည် အနည်းငယ် ဂရုစိုက်နေသေးသည်။
ရှေ့နေချင်က “ကျန်းက ဒီကိစ္စကို ပြောပြပြီးပြီလား”ဟု မေးလိုက်သည်။
ချန်းယန်က ခေါင်းညိတ်သည်။ “ဒီလိုလုပ်ဖို့ လိုအပ်လို့လား။ အရမ်း တရားဝင် ဆန်တယ် မဟုတ်ဘူးလား”
ရှေ့နေချင်က ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သဖြင့် အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်သည်။
သူမက ချန်းယန်၏ ရှုထောင့်မှ ရှင်းပြသည်။ ပေးချေမှုက ချန်းယန်၏ အခွင့်အရေးကို အာမခံပေးရန်ဖြစ်ပြီး ကုန်ကျစရိတ် တွက်ချက်မှုနှင့် သဘောတူညီချက်များအကြောင်းကိုလည်း ရှင်းပြပေးသည်။
ချန်းယန်က ကျန်းကျဲ့နှင့် ဤမျှ တရားဝင်ပြုလုပ်ရန် မလိုအပ်ဟု ထင်သော်လည်း ရှေ့နေချင်၏ ရှင်းပြချက်များကို နားထောင်ပြီး လက်ခံနိုင်သွားသည်။
သူမက သဘောတူညီချက်တွင်ပါရှိသည့် ကိန်းဂဏန်းများကို ကြည့်ပြီး ကျန်းကျဲ့ကို “ဒီလောက်တောင် များတာလား”ဟု မေးလိုက်သည်။
ကျန်းကျဲ့က “ဒီတစ်ခါ အခြေအနေက အထူးဖြစ်နေလို့ပါ”ဟု ပြောလိုက်သည်။
ရှေ့နေချင်က ချန်းယန်ကို ပြောသည်။ အနာဂတ်တွင် ရေရှည်လက်တွဲမည်ဆိုလျှင် အနုပညာကျောင်းမှ မော်ဒယ်ကြေးကို ကိုးကား၍ လက် ခံနိုင်ကြောင်း ပြောသည်။
ချန်းယန်က ရှေ့နေချင်၏ လမ်းညွှန်မှုအောက်တွင် စာချုပ်ကို လက်မှတ်ထိုးလိုက်သည်။
ကျန်းကျဲ့က သူမကို စာအိတ်အနီတစ်ခု ပေးလိုက်သည်။ “ဒီထဲမှာ ဘဏ်ကတ်တစ်ကတ်ပါတယ်။ ဂဏန်းလျှို့ဝှက်နံပါတ်က သုည ခြောက်လုံး။ အချိန်ရရင် ပြောင်းလို့ရတယ် ။ ယွမ် ၁ သောင်း မော်ဒယ်ကြေးကို ကတ်ထဲ ထည့်ပေးထားပြီးပြီ”
ရှေ့နေချင်က အလုပ်ပြီးဆုံးသွားသဖြင့် နှုတ်ဆက်ပြီး ထွက်သွားသည်။
ချန်းယန်က ဘဏ်ကတ်ကို ကြည့်ရင်း “ဒီလိုမျိုး ငါ ယွမ် ၁ သောင်း ရလိုက်တာလား” ဟု တွေးလိုက်မိသည်။
ကျန်းကျဲ့က ခေါင်းညိတ်ကာ “မင်းရဲ့ တရားဝင် ဝင်ငွေပေါ့”
ချန်းယန်က ထပ်မံ ပြုံးလိုက်ကာ “ဒါဆို၊ ငါ နင့်ကို ထမင်းလိုက် ကျွေးမယ်”