အန္တရာယ်မှ လွတ်မြောက်ခြင်း၊ မမျှော်လင့်သော တွေ့ဆုံခြင်း၊ တုံ့ပြန်ခြင်း
Vol. 5 Ch. 75
အရေးပေါ်ဌာန၏ အနေအထားက ဖိစီးမှုများနေသည်။ အချို့လူများက တိုးတိုးတိတ်တိတ်သာ ပြောနေ ကြသည်။
နင်အန်းချီနှင့် စကားပြောနေသည့် လှပသော အမျိုးသမီး၏ အသံက ကောင်းပြီး တစ်ကြိမ်ကြားရုံဖြင့် မှတ်မိနေသည်။
ကျန်းကျဲ့က ထိုလှပသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက အသက် ၂၀ ကျော်ခန့်ရှိပြီး ဆံပင်အနည်းငယ် ကောက်နေကာ ဘဲဥပုံမျက်နှာ၊ မျက်လုံးစောင်း ၊ မျက်ခုံးရှည်နှင့် ဖြူဖွေးသော အသားအရေကို ပိုင်ဆိုင်ထားသည်။ သူမက ဂါဝန်ရှည်တစ်ထည် ဝတ်ထားသည်။ သူမက အနည်းငယ် အလျင်လိုနေ ခဲ့သောကြောင့် မျက်နှာတွင် ချွေးစို့နေပြီး ပို၍ပင် ဖြူဖွေးနီရဲနေသည်။
နင်အန်းချီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ပထမဆုံး ကျန်းကျဲ့ကို မိတ်ဆက်ပေးသည်။ ထို့နောက် ကျန်းကျဲ့ကို “သူမကို အစ်မ လျောင် လို့ ခေါ်လို့ ရပါတယ်” ဟု ပြောသည်။
ကျန်းကျဲ့က အစ်မလျောင် ဟု ခေါ်လိုက်သည်။
အစ်မလျောင် က အကျင့်အရ ပြုံးလိုက်သည်။ သို့သော်လည်း ဤနေရာက မည်သည့်နေရာဖြစ်သည်ကို သိလိုက်သည်နှင့် ပြုံးခြင်းကို ပြန်သိမ်းလိုက်သည်။ “ကျန်းကျဲ့၊ နင့်အကြောင်း ရှောင်နင် ပြောတာ ငါ ကြားဖူးပါတယ်”
နင်အန်းချီက သူမ၏ ဂါဝန်ကို ဆွဲကာ ဤနေရာတွင် စကားများများ မပြောသင့်ကြောင်း သတိပေး သည်။
သူမက ကျန်းကျဲ့ကို “နင် ကျောင်းကနေ တန်းလာတာလား။ အိမ်ကို ဖုန်းဆက်ပြီးပြီလား” ဟု မေးသည်။
ကျန်းကျဲ့က “မိဘတွေကို ဖုန်းဆက်ပြီး နောက်ကျမှ ပြန်မယ်လို့ ပြောထားပါတယ်” ဟု ပြန်ဖြေသည်။
“ ကောင်းပြီ၊ နင် ထမင်းစားပြီးပြီလား”
ကျန်းကျဲ့က ခေါင်းခါလိုက်သည်။
“ငါ လူလွှတ် ပြီး ထမင်းမှာလိုက်မယ်၊ အတူတူ စားကြတာပေါ့” နင်အန်းချီ၏ လက်ထောက်က ချက်ချင်း ထမင်းသွားဝယ်သည်။ မသွားမီ အခြားစောင့်ဆိုင်းနေသူများကိုပါ ထမင်းစားပြီး၊ မပြီး မေးရန် မမေ့ခဲ့ပေ။
နင်အန်းချီက ထမင်းမစားရသေးသူများအတွက် ညစာ ပြင်ပေးသည်။
ဝန်ထမ်းများက ညစာကို ပို့ပေးသည်။
ကျန်းကျဲ့က “ကျေးဇူးပါ” ဟု ပြောပြီး လက်ထောက် လက်ထဲမှ ညစာထုပ်ကို ယူလိုက်သည်။
ညစာလက်ခံယူသူများကလည်း နင်အန်းချီကို ကျေးဇူးတင်ကြောင်း ပြောကြသည်။
နင်အန်းချီနှင့် အစ်မ လျောင် တို့က ကျန်းကျဲ့၏ဘေးတွင် ထိုင်ကာ ညစာအတူတူ စားကြသည်။
သူမက ထမင်းစားရင်း ကျန်းကျဲ့၏ လက်ရှိအခြေအနေကို မေးသည်။
သုံးယောက်သား ထမင်းစားပြီးသောအခါ သူမက ကျန်းကျဲ့ကို “နင် အရင်ပြန်တော့။ ငါ့လက်ထောက်ကို ကားနဲ့ လိုက်ပို့ခိုင်းလိုက်မယ်။ နင်က ဘွဲ့ရစာမေးပွဲ ဖြေရဦးမှာ။ ဒီမှာ အချိန်မဖြုန်း သင့်ဘူး” ဟု ပြောသည်။
ကျန်းကျဲ့က “ရပါတယ်၊ ကျွန်တော် ဒီမှာ စောင့်ရင်း စာကျက်လို့ရပါတယ်” ဟု ပြောပြီး သူက သူ့ကျောပိုးအိတ်ထဲမှ စာအုပ်ကို ထုတ်ကာ စာစကျက်သည်။
အစ်မလျောင်က စာကျက်ခြင်းတွင် နှစ်မြှုပ်နေသော ကျန်းကျဲ့ကို ကြည့်လိုက်ပြီး နင်အန်းချီ၏ အနားသို့ ကပ်ကာ “နင့် ပန်းချီဆရာက နင် ဂရုမစိုက်တဲ့ ပန်းချီဆရာဖြစ်မယ်လို့ ငါ ထင်ခဲ့တာ။ ဒီလိုချောတဲ့လူငယ်လေး ဖြစ်နေမယ်လို့ မထင်ထားဘူး။ ငါ သူ့ရဲ့ မျက်နှာကို ကြည့်လိုက်တော့ ...”
နင်အန်းချီက သူမ၏ လက်မောင်းဖြင့် တိုက်လိုက်သည်။ “မပြောနဲ့တော့”
အစ်မလျောင်က နင်အန်းချီ၏ အနားသို့ ကပ်ကာ “သူက ချော တယ်၊ ရုပ်ရည်လည်း ခန့်ညား တယ်၊ နှာခေါင်းကလည်း ချွန်တယ်၊ ခန္ဓာကိုယ်လည်း သန်မာတယ်။ နင် ...”
နင်အန်းချီက စိတ်ပူပန်လာသည်။ “ လျှောက် မပြောနဲ့။ ဒါက ဆေးရုံနော်”
အစ်မ လျောင်က နင်အန်းချီ၏ တုံ့ပြန်မှုကို ကြည့်ပြီး ပို၍ပင် စနောက်သည်။ “နင် သူ့ပန်းချီကားကို နင့် အိပ်ခန်းထဲမှာ ထားထားတာ ငါ တွေ့ပြီးပြီ ။ နင် ဘာတွေးနေ လဲဆိုတာ ငါ သိတယ်”
“မရှိဘူး၊ လျှောက် မပြောနဲ့” နင်အန်းချီက အသည်းအသန် ငြင်းသည်။
အစ်မလျောင်က သူမကို တမင် စနောက်သည်။ “မရှိဘူးဆိုရင် ငါကတော့ မ ယဉ်ကျေး တော့ဘူးနော်”
“နင်က အိမ်ထောင်သည်။ နင့်ရဲ့ လောင် ဝေကရော.......”
အစ်မ လျောင် ၏ မျက်နှာထားက ရုတ်တရက် တင်းမာလာသည်။ “အင်း၊ ဒီကိစ္စပြီးရင် ငါ လွတ်လပ်တော့မယ်”
နင်အန်းချီက ဤစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိလိုက်သောအခါ မျက်လုံးပြူးကာ အစ်မလျောင် ကို စိုက်ကြည့်လိုက်သည်။
သူတို့ စကားပြောနေစဉ် ဆရာမ မြောင် ကို လာကြည့်သူ အချို့ ရောက်လာကြသည်။
စတုရန်းကွက် ရှပ်အင်္ကျီ ဝတ်ထားပြီး ခရမ်းရောင် လည်စည်း စည်းထားသည့် အမျိုးသားတစ်ဦးက အမျိုးသမီး လက်ထောက်တစ်ဦးနှင့်အတူ အရေးပေါ်ဌာနသို့ ရောက်လာသည်။
သူက ပထမဆုံး ဆရာမ မြောင် ၏ သူနာပြုကို အခြေအနေ မေးမြန်းသည်။ ထို့နောက် နှစ်သိမ့်ပေးသည်။ “စိတ်မပူပါနဲ့။ ကျွန်တော် မလာခင် ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ထားတယ်။ သူက ဒီကဌာနမှူးပဲ။ သူတို့က ဆရာမ မြောင် ကို အကောင်းဆုံး ဂရုစိုက်ပေးလိမ့်မယ်”
ထိုစကားပြောသံကို စောင့်ဆိုင်းနေသူ အများအပြားက ကြားလိုက်ရသည်။
လူအများစုက မည်သည့်ခံစားချက်မှ မပြကြသော်လည်း အချို့လူများ၏ မျက်လုံးတွင် မကျေနပ်မှုအချို့ ပေါ်လာသည်။
အစ်မ လျောင်က မျက်လုံးလှန်လိုက်ပြီး ကျန်းကျဲ့၏ မျက်နှာသို့ စိုက် ကြည့်လိုက်သည်။
ကျန်းကျဲ့က သူမ၏ စိုက်ကြည့်ခြင်းကို မခံနိုင်ဘဲ ပြန်ကြည့်လိုက်သည်။
အစ်မ လျောင်က မရှောင်ဘဲ ပို၍ပင် တည်ငြိမ်စွာ ကြည့်နေသည်။
ကျန်းကျဲက အကြည့်ကို လွှဲ လိုက်ရသည်။
နင်အန်းချီက အစ်မ လျောင် ကို ဆွဲလိုက်သည်။ “နင့် လောင် ဝေ ရောက်လာပြီ၊ မမြင်ဘူးလား”
အစ်မ လျောင်က မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ “မြင်တယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ။ သူက မိန်းမ လှလေးတွေ ကြည့်ရင် ငါကလည်း အဆင် လေးတွေ ကြည့်ရတာ ပိုကြိုက်တယ်”
ကျန်းကျဲ့က သူတို့၏ စကားပြောသံကို တိုးတိုးလေး ကြားနေရသဖြင့် သူတို့နှင့် ဝေးရာသို့ သွားချင်မိသည်။
ထို့အတူ သူက နင်အန်းချီက လောင် ဝေဟု ခေါ်သည့် အမျိုးသားကိုလည်း တိတ်တိတ်လေး သတိပြုနေသည်။
ထိုအမျိုးသား၏ ဆံပင်များကို သပ်သပ်ရပ်ရပ် ဖီးထားပြီး ရွှေရောင်မျက်မှန် တပ်ထားသည်။ ငယ်စဉ်က ချောမောသူတစ်ဦး ဖြစ်ခဲ့ရမည်။ သူ၏ အသံက နားထောင်လို့ကောင်းပြီး သူတစ်ပါးကို ဆက်ဆံပုံမှာ အလွန်နူးညံ့သိမ်မွေ့သည်။ သို့သော်လည်း မည်သို့ပင် ကြည့်စေကာမူ တစ်ကိုယ်ကောင်းဆန်သော အသွင်အပြင်တစ်ခု ပေါ်လွင်နေသည်။
ထို လောင် ဝေက လူအုပ်ထဲတွင် နင်အန်းချီနှင့် အစ်မ လျောင် ကို မြင်သောအခါ လာ နှုတ်ဆက်သည်။ “ရှောင်နင်၊ ရှောင်ချိုး၊ မင်းတို့ အရင် ရောက်နေတာကိုး”
နင်အန်းချီက ထကာ ပြုံးပြီး ပြန်ဖြေသည်။
အစ်မ လျောင်က သူ့ကို လျစ်လျူရှုထားသည်။
လောင်ဝေက ဂရုမစိုက်ဘဲ အခြားသူများနှင့် စကားသွား ပြောသည်။
ကျန်းကျဲ့က အစ်မ လျောင်သည် နင်အန်းချီကို “သူ့ရဲ့ ရွံစရာကောင်းတဲ့ ပုံစံကို ကြည့်လိုက်ဦး” ဟု ပြောသည်ကို တိုးတိုးလေး ကြားလိုက်ရသည်။
“ရှူး....” နင်အန်းချီက ချက်ချင်း တားလိုက်သည်။
နာရီဝက်ကြာပြီးနောက် ဆရာဝန်က ထွက်လာပြီး လူနာက အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်ကြောင်း အားလုံးကို ပြောပြသည်။
လူအများစုက မေးမြန်းရန်အတွက် ဝိုင်းအုံနေကြသည်။
ကျန်းကျဲ့က မတိုးတော့ဘဲ အပြင်တွင် ရပ်နေရင်း နားထောင်ရုံသာဖြစ်သည်။
မကြာမီ ဆရာမ မြောင် ကို အထူးကြပ်မတ်ကုသဆောင်သို့ ရွှေ့လိုက်သည်ကို တွေ့လိုက်ရသည်။
လူတိုင်းက အပြင်မှသာ ကြည့်နိုင်ပြီး အတွင်းမှ အခြေအနေကို သေချာ မမြင်ရပေ။
သူနာပြုက အတိအကျသတင်းကို သိရသောအခါ စိတ်တည်ငြိမ်သွားပြီး လူတိုင်းကို အရင်ပြန်ကြရန် ဆိုသည်။
လူတိုင်းက တဖြည်းဖြည်း ပြန်ထွက်သွားကြသည်။
နင်အန်းချီက ကျန်းကျဲ့ကို လာတွေ့သည်။ “ကျန်းကျဲ့၊ ငါ လိုက်ပို့ပေးပါ့မယ်။ အခုဆို တက္ကစီ ငှားဖို့ ခက်တယ်”
ကျန်းကျဲ့က “အစ်မ နင် ၊ ကျွန်တော့်ကို ဂရုစိုက်မနေပါနဲ့။ ဆေးရုံအပြင်မှာ တက္ကစီ တွေ သေချာပေါက် ရှိမှာပါ”
သူ စကားပြောနေစဉ် လူအချို့က ဆရာမ မြောင် ကို လာကြည့်ရန် ရောက်လာကြ သည်။
ထွက်သွားရန် ပြင်နေသည့် လူအများစုက ချက်ချင်းပင် ဝိုင်းအုံလာကြသည်။
ကျန်းကျဲ့က အာရုံစိုက်ခံနေရသူကို ကြည့်လိုက်ရာ ရင်းနှီးသည်ဟု ခံစားမိသည်။ သူက ဒေသတွင်း သတင်းများတွင် ပါဖူးကြောင်း သတိရသွားသည်။
နင်အန်းချီတို့ သွား နှုတ်ဆက်နေစဉ် သူက လှည့်ပြီး ထွက်သွားသည်။
ဆေးရုံအပြင်ဘက်သို့ ရောက်သောအခါ နင်အန်းချီ ပြောသည်မှာ မှန်ကြောင်း သူတွေ့လိုက်ရသည်။ တက္ကစီ စောင့်နေသူများ တန်းစီနေကြသည်။ သူက ထိုလူနာများနှင့် မတိုးလိုသဖြင့် ဘတ်စ်ကားစီးရန် လမ်းလျှောက်သွားသည်။
ဘတ်စ်ကားဂိတ်သို့ မရောက်မီ နင်အန်းချီ၏ ကားက လမ်းဘေးတွင် ရပ်လိုက်သည်။
“ကျန်းကျဲ့” ကားတံခါးဖွင့်လိုက်ရာ နင်အန်းချီ ဆင်းလာသည်။ “လာ၊ ငါ လိုက်ပို့ပေးမယ်။ အခုဆို ဘတ်စ်ကားတွေလည်း နည်းသွားပြီ။ နင်လည်း စောစော အိမ်ပြန်ရတာပေါ့”
ကျန်းကျဲ့က နောက်ခန်းတွင် အစ်မ လျောင် ထိုင်နေသည်ကို တွေ့လိုက်ရပြီး ကားမောင်းသူမှာ နင်အန်းချီ၏ လက်ထောက် ဖြစ်သည်။
သူလည်း အိမ်သို့ စောစောပြန်ချင်သည်။ သူက ရှေ့ခန်းကားတံခါးကို ဖွင့်ရန် ပြင်နေစဉ် ဖောက်စ်ဝက်ဂွန် ကားတစ်စီး နောက်တွင် ရပ်လိုက်သည်။
လောင်ဝေက ဆင်းလာပြီး နင်အန်းချီ၏ ကားဘေးသို့ ရောက်လာသည်။
သူက နင်အန်းချီကို နှုတ်ဆက်ပြီး ကားထဲမှ အစ်မ လျောင် ကို “ရှောင်ချိုး၊ ငါ့ကားနဲ့ အိမ်ပြန်ရအောင်” ဟု ပြောသည်။
“မလိုဘူး၊ ငါ ရှောင်နင်နဲ့ စကားပြောစရာ ရှိသေးတယ်။ ရှင် အရင်ပြန်လိုက်ပါ” အစ်မ လျောင်က ကျန်းကျဲ့ကို “ရှောင်ကျန်း၊ မြန်မြန် ကားပေါ်တက်” ဟု ပြောသည်။
လောင်ဝေက ကျန်းကျဲ့ကို ကြည့်လိုက်သည်။ “ဒီမိတ်ဆွေ က ဘယ်သူလဲ”
ကျန်းကျဲ့က တံခါးဖွင့်ရန် ပြင်ထားသည့် လက်ကို သိမ်းလိုက်သည်။ “ကျွန်တော့်နာမည်က ကျန်းကျဲ့ပါ”
နင်အန်းချီက လောင် ဝေကို ကျန်းကျဲ့က သူမ၏ သူငယ်ချင်းဖြစ်ကြောင်း အကျဉ်းချုပ် ရှင်းပြသည်။
လောင်ဝေက ခေါင်းညိတ်လိုက်သည်။ “ကြည့်ရတာ မင်းက ကျောင်းသားပဲ။ မင်းက စာကျက်တဲ့ အလုပ်ကို အာရုံစိုက်သင့်တယ်။ ဆရာမ မြောင် ရဲ့ ကိစ္စက လူကြီးတွေ လုပ်ရမယ့် ကိစ္စ။ မင်း လာပါဝင်ရင် လူတိုင်းက မင်းကို ထပ်ပြီး ဂရုစိုက်ရဦးမယ်”
ကျန်းကျဲ့က သူ၏ စကားတွင် ဆုံးမသလို အဓိပ္ပာယ်ပါနေသည်ကို ကြားလိုက်သောအခါ စိတ်မချမ်းသာ ဖြစ်သွားသည်။ “မစ္စတာ ဝေ၊ စိတ်မပူပါနဲ့။ ကိုယ့်ကိစ္စကိုယ် လုပ်ပြီး ကိုယ့်လမ်းကိုယ် သွားကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူက ကားတံခါးကို ဖွင့်ကာ ရှေ့ခန်းတွင် ထိုင်လိုက်သည်။