ဆုလာဘ်၊ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပထမနေ့
Vol. 6 Ch. 78
ကျန်းကျဲ့က နောက်လတွင် ဆုလာဘ်များ နှစ်ဆတိုးမည်ဟူသောအချက်အလက်ကို မြင်သောအခါ ကောလိပ် စာမေးပွဲပြီးနောက် ကားနှင့်အိမ် ဝယ်ရန် စီစဉ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲနီးကပ်လာသောကြောင့် ဇွန်လ၏ ဆုလာဘ်အတွက် အချိန်ကုန်သက်သာစေမည့်နည်းလမ်းဖြစ်သည့် ထီကို ရွေးချယ်လိုက်သည်။
သူက ဆုလာဘ်ငွေကြေးကို ရယူပြီးနောက် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် အာရုံစိုက်လိုက်သည်။
ဇူလိုင်လသို့ ရောက်သောအခါ ကျောင်း၏ သင်ခန်းစာများက တဖြည်းဖြည်း လျော့နည်းလာပြီး အများစုမှာ မေးခွန်းများဖြေဆိုခြင်းသို့ ပြောင်းသွားသည်။ ကျောင်းသားများ၏ စိတ်ခံစားချက်များကို ချိန်ညှိရန်အတွက် ဆရာများက သင်ကြားမှုကို လျှော့ချကာ နားချိန် တစ်ရက်ကိုလည်း စီစဉ်ပေးခဲ့သည်။
စာမေးပွဲနေရာကို ကြေညာသည့်နေ့တွင် ကျန်းကျဲ့က စာမေးပွဲနေရာ မပြောင်းလဲကြောင်း သိလိုက်ရသည်။
စာမေးပွဲကျောင်းက သူ၏အိမ်မှ ဘတ်စ်ကားသုံးမှတ်တိုင်ခန့် ဝေးသည်။
စာမေးပွဲနေရာကို နေ့လယ်ပိုင်းတွင် ကြည့်ရ မည်ဖြစ်သောကြောင့် ကျန်းကျဲ့က သူ့မိဘများကို ခေါ်ကာ စာမေးပွဲနေရာသို့ လာခဲ့သည်။
သူက စာမေးပွဲနေရာအတွင်းသို့ ဝင်ပြီး စာမေးပွဲခန်း၏ နေရာကို ကြည့် ပြီးနောက် သူ၏မိဘများနှင့်အတူ စာမေးပွဲနေရာအနီးရှိ တစ်ခုတည်းသော ကြယ်သုံးပွင့်ဟိုတယ်သို့ ရောက်လာခဲ့သည်။
ဤဟိုတယ်ကို ရွေးချယ်ရခြင်းမှာ အနီးအနားတွင် ဤထက် ပိုကောင်းသည့် ဟိုတယ်မရှိသောကြောင့် ဖြစ်သည်။
ကျန်းယီနှင့် ဇနီးက ကျန်းကျဲ့ ဤဟိုတယ်ကို ကြိုတင်စာရင်းသွင်းထားသည်ကို သိသောအခါ အနည်းငယ် ဇိမ်ခံသည်ဟု ထင်သော်လည်း ၎င်းက ကောလိပ် စာမေးပွဲအတွက် ဖြစ်သည်ဟု တွေးကာ မည်သည့်အရာမှ မပြောတော့ပေ။
ကျန်းကျဲ့က အခန်းနှစ်ခန်းကို ကြိုတင်စာရင်းသွင်းထားသည်။ စာမေးပွဲကာလအတွင်း သူနှင့်သူ့မိဘများက ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားရန်အတွက် ဟိုတယ်တွင် နေမည်ဖြစ်သည်။
အခန်းသော့ကို ယူပြီး ဟိုတယ်အခန်းထဲသို့ ဝင်ခဲ့သည်။
သူက ပြတင်းပေါက်ကို ဖွင့်ကာ စာမေးပွဲနေရာကို ကြည့်လိုက်သည်။
ဟိုတယ်မှ စာမေးပွဲနေရာသို့ လမ်းလျှောက်ပါက မီတာ ၂၀၀ သာ ဝေးသည်။ ဟိုတယ်အခန်းမှ စာမေးပွဲခန်း၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ကျန်းယီနှင့် ဇနီးက သား၏အခန်းကို ကြည့်ပြီးနောက် သူတို့အခန်းသို့ သွားကြ သည်။ သူတို့နှစ်ဦးက အခန်းတွင်းရှိ အသုံးအဆောင်များကို စစ်ဆေးကြည့်ပြီး ပတ်ဝန်းကျင်နှင့် သန့်ရှင်းမှုကို ကျေနပ်ကာ သား၏ အစီအစဉ်က မှန်ကန်ကြောင်း ပို၍ ယုံကြည်လာသည်။
ဘိ .... ဘိ .... ဘိ..... ဖုန်းမြည်လာသည်။
ကျန်းကျဲ့က ဆရာမ မြောင် ၏ ဖုန်းဖြစ်သည်ကို မြင်သောအခါ ဖုန်းကိုင် မည်ဖြစ်ကြောင်း မိဘများကို အချက်ပြပြီး သူ့အခန်းထဲသို့ သွားကာ ဖုန်းကိုင် ရန် ခလုတ်ကို နှိပ် လိုက်သည်။
“ဆရာမ မြောင် လား” သူက ဖုန်းဆက်သူသည် ဆရာမ မြောင် ကိုယ်တိုင်လား သို့မဟုတ် သူမ၏ သူနာပြုလားဆိုတာ မသိပေ။
“ကျန်းကျဲ့၊ ငါပါ” ဆရာမ မြောင် ၏ အသံက အားနည်းနေဆဲဖြစ်သည်။
“ဆရာမ မြောင် ၊ ဒီရက်ပိုင်း ခန္ဓာကိုယ်အခြေအနေ ဘယ်လိုလဲ”
“ငါ ကောင်းပါတယ်။ ဒီနေ့ စာမေးပွဲနေရာ ကြည့်လို့ရပြီလို့ ကြားတယ်”
“ဟုတ်ပါတယ်၊ ကြည့်ပြီးပါပြီ”
“စိတ်ကို အေးအေးထားပြီး အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကို အရမ်း ဂရုမစိုက်နဲ့...” ဆရာမ မြောင်က ဖုန်းတွင် အချို့အချက်များကို မှာပြီးနောက် ဖုန်းချလိုက်သည်။
ကျန်းကျဲ့က ဖုန်းချလိုက်သည်နှင့် ချန်းယန်၏ ဖုန်းဝင်လာသည်။ “ကျန်းကျဲ့၊ နင် စာမေးပွဲနေရာ ကြည့်ပြီးပြီလား”
“ကြည့်ပြီးပြီ၊ငါ ဟိုတယ်အခန်းမှာ”
“ငါလည်း ဟိုတယ်အခန်းမှာပဲ။ နင့် အကြံပေးချက်ကို နားထောင်လိုက်လို့ တော်သေးတယ်။ ဟိုတယ်မှာ နေရတာ အဆင်ပြေတယ်။ ငါ့သူငယ်ချင်းအချို့ကလည်း ငါ ဟိုတယ်မှာ နေတယ်ဆိုတာကို သိပြီး ဟိုတယ်မှာ စာရင်းသွင်းဖို့ စီစဉ်နေကြတယ်”
ပင်းဟိုင်မြို့ရှိ အနုပညာစာမေးပွဲဖြေဆိုသူများက စာမေးပွဲနေရာတစ်ခုတည်းတွင် စုစည်းထားသည်။ ချန်းယန်က သူမ၏မိဘများနှင့်အတူ အခြားဟိုတယ်တွင် နေသည်။
သူတို့နှစ်ဦး ဖုန်းချပြီးနောက် နင်အန်းချီနှင့် အစ်မ လျောင် တို့လည်း တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်ပြီး ဆုတောင်းပေးကြသည်။
ကျန်းကျဲ့က ဖုန်းပြောပြီးနောက် သူ့မိဘများ၏ အခန်းသို့ ပြန်လာခဲ့သည်။
ကျန်းယီက “ ဖုန်းခေါ်တယ့်သူတွေက အဲ့လောက်တောင်များတာလား ” ဟု မေးသည်။
ကျန်းကျဲ့က “သူငယ်ချင်းတွေက နှုတ်ဆက်ကြတာပါ။ စာမေးပွဲနေ့မှာ ဒီပစ္စည်းတွေ ယူသွားလို့မရတော့ အဖေ ဖုန်းကို ကိုင်ထားပေးပါ။ တစ်ယောက်ယောက် ဖုန်းဆက်လာရင် မှတ်ထားပေးပါ” ဟု ပြန်ဖြေသည်။
“ရတယ်၊ ဒါတွေကို မင်း စိတ်မပူပါနဲ့။ ခုနက မင်းအမေနဲ့ ငါ တိုင်ပင်လိုက်တယ်။ မင်း မနက်စာကို ဟိုတယ်မှာ စားနိုင်တယ်။ မင်းအမေနဲ့ငါက နေ့လယ်စာနဲ့ ညစာကို ပြင်ပြီး မင်းဆီ ယူလာပေးမယ်။ မင်း အဆင်မပြေမှာ စိုးလို့”
ကျန်းကျဲ့က မိဘများ၏ အစီအစဉ်သည် အလွန်ကောင်းသော် လည်း ပင်ပန်းသည်ဟု ခံစားရသည်။ “ဒီလိုလုပ်ရင် အရမ်း ပင်ပန်းမှာပေါ့”
“သုံးရက်ပဲ ဖြေရမှာ။ တတိယနေ့ နေ့လယ်ပိုင်းဆို ပြီးပြီ။ ဒီအကြောင်းတွေကို မင်း စဉ်းစားမနေနဲ့တော့”
ကောလိပ်ဝင်ခွင့် စာမေးပွဲမတိုင်မီ တစ်ရက်တွင် ကျန်းကျဲ့က သူ့ပစ္စည်းများကို ယူကာ ဟိုတယ်သို့ ပြောင်းနေသည်။
ကျန်းယီနှင့် ဇနီးက အခန်းထဲတွင် တီဗွီကြည့်နေစဉ် ကျန်းကျဲ့က သူ့အခန်းထဲတွင် စာကျက်နေ သည်။ ပင်ပန်းသောအခါ ခဲတံခြစ်ခြင်းနှင့် ပုံဆွဲခြင်းများဖြင့် စိတ်ကို ဖြေလျော့သည်။
ည ၉ နာရီသို့ ရောက်သောအခါ မိဘများက သူ့ကို စောစော အနားယူရန် တိုက်တွန်းသည်။ ကျန်းကျဲ့က မျက်နှာသစ်ပြီးနောက် အိပ်ရာပေါ်တွင် မှီကာ ဂီတနားထောင်သည်။ အိပ်ချင်လာသောအခါ အိပ်လိုက်သည်။
မနက်စောစော ကျန်းကျဲ့က ၇ နာရီတွင် နှိုးစက်ကြောင့် နိုးလာခဲ့သည်။
သူက မျက်နှာသစ်၊ မနက်စာစားပြီးနောက် နာရီကို ကြည့်လိုက်ရာ ၇:၄၀ ဖြစ်နေသည်။
မနက်ပိုင်း စာမေးပွဲက ၉ နာရီတွင် စမည်ဖြစ်သောကြောင့် ဝင်ရန် လုံလောက်သော အချိန်ရှိသည်။
အဆင့်တိုင်းက အစီအစဉ်အတိုင်း ဖြစ်နေသည်။
အခန်းသို့ ပြန်လာသောအခါ အမေက ပြတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ “ကျန်းကျဲ့၊ သား ရဲ့ သူငယ်ချင်းတွေ စောစော ရောက်နေကြတယ်”
ကျန်းကျဲ့က ပြတင်းပေါက်ကို ကြည့်လိုက်ရာ ဘတ်စ်ကားများက စာမေးပွဲနေရာဘေး သို့ စာမေးပွဲဖြေဆိုသူများကို ပို့ပေးနေသည်အား မြင်လိုက်ရသည်။
သူ၏အတန်းမှ သူငယ်ချင်းများက ကျောင်း၏ အပြင်ဘက်ရှိ လူသွားလမ်းများပေါ်တွင် တန်းစီ၍ ဝင်ရန် စောင့်နေကြသည်။
ဤအချိန်တွင် စာမေးပွဲနေရာသို့ ရောက်နေသည်မှာ စာမေးပွဲစရန် အချိန်ကြာမြင့်စွာ စောင့်ရမည် ဖြစ်သည်။ ကံကောင်းစွာဖြင့် သူက ကြိုစီစဉ်ထားခဲ့သည်။
သူက သူ့အခန်းသို့ ပြန်လာပြီး ပစ္စည်းများကို ပြန်စစ်ကာ စိတ်ငြိမ်သက်စွာ စာဖတ်လိုက်သည်။
၈ နာရီ ၁၀ မိနစ်တွင် အဝတ်အစားလဲသည်။
အမေက ကူညီပေးရန် လာချင်သော်လည်း ကျန်းယီက သူ့ကို တားလိုက်ပြီး သားကို မနှောင့်ယှက်ရန် ပြော သည်။
ကျန်းကျဲ့က လေဝင်လေထွက်ကောင်းသော တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်လိုက်သည်။ ထို့နောက် ဖိနပ်ကို စီးသည်။ ဤအချိန်တွင် လှပနေရန် မလိုဘဲ သက်တောင့်သက်သာရှိမှုက သာ အဓိက ဖြစ်သည်။
သူက ဖောက်ထွင်းမြင်နိုင်သော ဖိုင်ကို ယူကာ မှတ်ပုံတင်၊ စာမေးပွဲခုံအမှတ်နှင့် စာရေးကိရိယာများကို ပြန်စစ်သည်။ “အဖေ၊ အမေ၊ ကျွန်တော် သွားတော့မယ်။ ဖုန်း မယူသွားတော့ဘူး”
“အတူတူ သွားကြတာပေါ့” ကျန်းယီနှင့် ဇနီးက တံခါးရှေ့တွင် ရပ်နေပြီဖြစ်သည်။
“မလိုပါဘူး၊ အဖေတို့က ဟိုတယ်ကနေ ကြည့်လို့ရတယ်”
ကျန်းကျဲ့က လှေကားမှ ဆင်းလာပြီး ဖြည်းဖြည်းချင်း စာမေးပွဲကျောင်းသို့ လမ်းလျှောက်လာသည်။
စာမေးပွဲနေရာ၏ အပြင်ဘက်တွင် ကျောင်းသားမိဘများနှင့် ဆရာများ ပြည့်နှက်နေသည်။
ဤစာမေးပွဲနေရာတွင် ယခုနှစ် အနုပညာစာမေးပွဲဖြေဆိုသူ ၁၂၀၀ ကျော်ရှိပြီး အခြားစာမေးပွဲဖြေဆိုသူများနှင့် ပေါင်းလျှင် လူ ၂၀၀၀ နီးပါးရှိသည်။
စာမေးပွဲဖြေဆိုသူအများစုက စကားပြောနေကြပြီး အချို့မှာမူ မြန်မြန် စာကျက်နေကြသည်။
ကျန်းကျဲ့က လူအုပ်ကြားထဲသို့ မတိုးဘဲ လေဝင်လေထွက်ကောင်းသော နေရာတွင် စောင့်နေသည်။
၈:၃၀ တွင် စာမေးပွဲခန်းသို့ ဝင်ရသည်။
စာမေးပွဲခန်းတိုင်းတွင် စာမေးပွဲခန်းစောင့် ဆရာတစ်ဦးက ကွင်းပြင်တွင် စာမေးပွဲဖြေဆိုသူများကို တန်းစီပြီး စာမေးပွဲခန်းသို့ ခေါ်သွားသည်။
ကျန်းကျဲ့က စာမေးပွဲခန်းသို့ ဝင်ပြီး စာမေးပွဲ၏ လိုအပ်ချက်များအတိုင်း ပြင်ဆင်သည်။
စာမေးပွဲခန်းစောင့် ဆရာတစ်ဦးက အနီရောင် မှင်ဘူးကို ယူလာပြီး စာမေးပွဲဖြေဆိုသူများကို သတ်မှတ်နေရာတွင် လက်ဗွေနှိပ်ခိုင်းသည်။
ကျန်းကျဲ့က လက်ဗွေနှိပ်ပြီးနောက် လက်ကို တစ်ရှူးဖြင့် သုတ်လိုက်သည်။
ယခင်ဘဝကလည်း ဤစာမေးပွဲခန်းတွင်ပင် ဖြစ်သည်။
အရာတစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသောအခါ မှတ်ဉာဏ်ထဲတွင် မှိန်ဖျော့နေသည့် အချက်အလက်များက ရှင်းလင်းလာသည်။
စာမေးပွဲ စတင်ပြီ ။
ကျန်းကျဲ့က မေးခွန်းစာရွက်ကို တစ်ခုလုံး ကြည့်လိုက်ရာ စာစီစာကုံး၏ မေးခွန်းက ယခင်ဘဝနှင့် အတူတူပင် ဖြစ်နေသည်။
သူ ပြင်ထားသည့် စာစီစာကုံးကို အနည်းငယ်ပြင်ရုံဖြင့် ဖြေဆိုနိုင်သည်။
စိတ်တည်ငြိမ်သွားသောအခါ သူက မေးခွန်းများကို စဖြေသည်။
ပထမပိုင်းမေးခွန်းများကို ဖြေဆိုရာတွင် အဆင်ပြေသည်။ ကျန်းကျဲ့က နာရီကို ကြည့်လိုက်ရာ အစမ်းစာမေးပွဲထက် ၅ မိနစ် ပိုမြန်သည်။ ထို့နောက် စာစီစာကုံးကို စရေးသည်။
သူက ပထမဆုံး အကြမ်းစာရွက်ပေါ်တွင် အကျဉ်းချုပ်နှင့် အချို့အချက်အလက်များကို ရေးပြီး အမှားအယွင်းများ လျော့နည်းအောင် စာလုံးများကို ဦးနှောက်ထဲတွင် ပြန်စစ်သည်။ ထို့နောက် စရေးတော့ သည်။
စာရေးနေစဉ် သူက စာလုံးလှစေရန်နှင့် သပ်ရပ်စေရန်အတွက် အရှိန်ကို တတ်နိုင်သမျှ လျှော့ချထားသည်။
ကျန်းကျဲ့က စာစီစာကုံးကို တစ်ဆက်တည်း ပြီးသွားသည်။ နာရီကို ကြည့်လိုက်ရာ စာမေးပွဲပြီးရန် ၁၀ မိနစ်ကျော် ကျန်သေးသည်။
သူက ပြန်လည်စစ်ပြီး အမှားမရှိကြောင်း သေချာစေသည်။ သူ၏ လက်ရေးကိုလည်း ကျေနပ်မိသည်။
ယခုအချိန်တွင် သူက အကောင်းဆုံး ကြိုးစားထားခဲ့ပြီဖြစ်သည်။
ပထမဆုံးစာမေးပွဲ ပြီးသောအခါ စာမေးပွဲဖြေဆိုသူများက မြန်မြန် ထွက်သွားကြသည်။
ကျန်းကျဲ့က ကွင်းပြင်တွင် ချန်းယန်နှင့် မမျှော်လင့်ဘဲ ဆုံတွေ့သည်။
ချန်းယန်က သူငယ်ချင်းအချို့နှင့် ကွဲသွားပြီး ကျန်းကျဲ့၏ဘေးသို့ ပြေးလာသည်။ “စာမေးပွဲ အခြေအနေ ဘယ်လိုလဲ”
ကျန်းကျဲ့က “ကောင်းပါတယ်။ မင်းကော” ဟု ပြောသည်။
“ငါ့ဘာသာတော့ ကောင်းတယ်လို့ ထင်တယ်။ နင်နေတဲ့ ဟိုတယ်က အဆင်ပြေလား” ချန်းယန်က စကားပြောရင်း သူငယ်ချင်းအချို့ကို အရင်သွားနှင့်ရန် အချက်ပြပြီး သူမကတော့ ကျန်ခဲ့သည်။
ကျောင်းသားအချို့က ချန်းယန်ကို လှမ်းပြီး လက်ပြကာ ထွက်သွားကြသည်။
ချန်းယန်နှင့် ကျန်းကျဲ့တို့က စာမေးပွဲနေရာ၏ တံခါးဝသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
“နင် ဟိုတယ်မှာ နေတာ ကားလ်ကို ခေါ်လာခဲ့လား”
“မခေါ်လာခဲ့ဘူး။ ဟိုတယ်က အိမ်မွေးတိရစ္ဆာန် ခေါ်လာ ခွင့်မပေးဘူး။ အဖေနဲ့အမေက နေ့တိုင်း အိမ်ပြန်ပြီး ထမင်းချက်တဲ့အခါ အစာကျွေးပေးတယ်”
ချန်းယန်က ထပ်မေးသည်။ “စာမေးပွဲပြီးတဲ့နေ့ ဘာတွေ လုပ်ဖို့ နင် စီစဉ်ထားလဲ”
ကျန်းကျဲ့က “မစဉ်းစားရသေးဘူး။ ပြီးမှပဲ စဉ်းစားတော့မယ်” ဟု ပြောသည်။
ချန်းယန်က ပြုံးပြီး “ခုနက သူငယ်ချင်းအချို့က ဒီနေ့ နေ့လယ်ပိုင်းမှာပဲ အပြင်ထွက်လည်ဖို့ စီစဉ်ထားကြတယ်။ ဘာလို့လဲဆိုတော့ နေ့လယ်ပိုင်းဖြေရတဲ့ သင်္ချာက အမှတ်ထဲမှာ မပါလို့လေ”
ကျန်းကျဲ့ကလည်း ရယ်လိုက်သည်။ “ဟေး၊ သူတို့ စိတ်ထား က တကယ်ကောင်းတာပဲ”
ချန်းယန်က “ငါတို့အတန်းက သူငယ်ချင်းတွေက အမြဲတမ်း ပေါ့ပေါ့ပါးပါးနေတတ်ကြတယ်” ဟု ပြောလိုက်သည်။