ငရဲကမ္ဘာမှ အသူရာဧကရာဇ် ... ။
Vol. 42 Ch. 494
ငါးရက်ကုန်လွန်ပြီးနောက် မဟာရှနိုင်ငံ တောင်ဘက်နယ်စပ်ဒေသရှိ တစ္ဆေမြို့လေးသို့ ရောက်ရှိလာသည်။
ဤသည်မှာ မဟာရှသို့ လာရောက်စဉ် ပထမဆုံး သူ ခြေချခဲ့သော မြို့ငယ်လေးပေပင်။ တစ္ဆေဈေးတွင် အလောင်းထမ်း သရဲအိုကြီး၏ မျိုးရိုး မျက်မမြင်အဘိုးအိုနှင့် တွေ့ဆုံခဲ့၏။
စားသောက်ဆိုင် ဒုတိယထပ် ပြတင်းပေါက်နားတွင် နေရာယူကာ လမ်းမပေါ် ငေးလျက် ငါးယောက်သား စားသောက် နေသည်။
“ လွန်ခဲ့တဲ့ သုံးလလောက်က ... သခင်နဲ့ငါတိမ်လွှာတောင်တန်းမှာ မိန်းကလေး ပိုင်ကို တွေ့ခဲ့တယ် ... အဲဒီအချိန်တုန်းက တာအိုလင်းနဲ့ မိန်းကလေးချင်းယာတို့က ငါတို့နဲ့အတူ ခရီးနှင်နေခဲ့တာ ...
... သခင်ရဲ့ကျင့်ကြံမှုက အတွင်းပိုင်းသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတယ် အခုသုံးလကုန်လွန်ပြီး ကြယ်စုစည်းခြင်းအဆင့် ရောက်နေပြီ ...
... မဟာရှရဲ့ အတွေ့အကြုံတွေကို ပြန်တွေးကြည့်မိတဲ့အခါ အိပ်မက်မက်နေသလို ခံစားရပါတယ်။ ”
ယွမ်ဟမ်က ပြန်ပြောင်း ပြောပြသည်။ ပိုင်ဝမ်ချင်းမှ ခေါင်းညိတ်၏။ စုရီနှင့်ခရီးသွားရန် ရွေးချယ်ခြင်းသည် သူမ၏ကံကြမ္မာကို များစွာ ပြောင်းလဲစေသည်။
လွန်ခဲ့သည့် သုံးလက သူမသည် လူသားအသွင်ကို မဆောင်နိုင်သော နှင်းဘီးလူး စပါးအုံးမြွေမျှသာ ဖြစ်သေးသည်။
ယခုမူ ကြယ်စုစည်းခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ သူမ၏ အသွင် ကူးပြောင်းမှုသည် တုန်လှုပ်စရာပေပင်။
တစ်စုံတစ်ယောက်သည် တာအိုကို နားလည်သော် သူ့ခွေးနှင့်ကြက်များသည်ပင် ကောင်းကင်ဘုံသို့ ပျံတက်နိုင်၏။ ယင်းသည် အမှန်ဖြစ်ပုံပေပင်။
“ ဒီနှစ်ကုန်ရင် ဖြစ်လာတော့မယ့် အပြောင်းအလဲတွေကြားမှာ မင်းတို့ ဒီထက် ပြိုင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားပါ။ ”
စုရီက ဝိုင်ခွက်ကို ပြန်ချကာ ပြတင်းပေါက်မှတဆင့် အဝေးကို ငေးကြည့်ပြီး ပြောကြားသည်။
ဤငါးရက်အတွင်း အပြောင်းအလဲ အနည်းငယ်ကို သူ မြင်နိုင်၏။ လမ်းတလျှောက် ဝိညာဉ်စွမ်းအင်များ တိုးပွားလာနေသည်။
၎င်းသည် နည်းပါးသေးသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ ကျင်းကြံသူများအတွက် လုံလောက်နေပြီဖြစ်၏။
တောင်တန်းတောကန္တာရထဲရှိ မရေမတွက်နိုင်သော ယိုသားရဲများသည် သူတို့၏ အတားအဆီးများကို ချိုးဖျက်စီးပြီး အောင်မြင်မှု ရရှိလာခဲ့သည်။
ကန့်သတ်မှုများဖြင့် ကြာရှည်စွာ အကျဉ်းချထားသော ရှေးခေတ်အကြွင်းအကျန် ပါရမီရှင်များသည်လည်း ကောင်းကင်နှင့် မြေကြီးကြား ဉာဏ်အလင်းကို စုဆောင်းနိုင်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ကျင့်ကြံမှုတွင် အံ့အားသင့်ဖွယ်ရာ တိုးတက်မှုများ ရရှိလာစေ၏။
သာမန် စစ်သည်တော်များပင်လျှင် ဝိညာဉ်စွမ်းအင်များမှ အကျိုးကျေးဇူးမျိုးစုံကို ရရှိနိုင်သည်။
တစ်ချိန်က မိုးပြာတိုက်ကြီး၏ ဝိညာဉ်စွမ်းအင်သည် ယခုထက် အလွန်ကျဲပါး လွန်းခဲ့၏။
မဟာရှကဲ့သို့ အုပ်စိုးရှင်နိုင်ငံသာလျှင် ကျင့်ကြံခြင်းအတွက် ကောင်းချီးပေးနိုင်သော ရတနာနယ်မြေများ ပိုင်ဆိုင်တော့သည်။
သို့တိုင် အဆိုပါနိုင်ငံရှိ အင်အားစုကြီးများမှသာလျှင် စွမ်းရည်ရှိသော ပါရမီရှင်အချို့ကို မွေးထုတ်ပေးနိုင်၏။
ယခုမူ အရာများစွာ ကွဲပြားသွားသည်။ နေ့ရက်တိုင်းတွင် ဝိညာဉ်စွမ်းအင်များ မြင့်တက် လာနေပြီး လူတိုင်းအပေါ် သက်ရောက်မှု ပေးနိုင်ချေ၏။
ယင်းကို ‘ကောင်းကင်ဘုံ၏ တရားမျှတမှု၊’ ဟုခေါ်သည်။ ခွဲခြားမှုမရှိဘဲ မိုးရေစက်များသည် နေရာတိုင်း၌ အညီအမျှ ရွာသွန်းခြင်းမည်၏။
နေရာအနှံ့ ဝိညာဉ်စွမ်းအင်များ တိုးပွားလာသည်နှင့်အမျှ တာအိုနိယာများ၏ တည်ရှိမှုသည်လည်း တိုးလာသည်။
ဤအရာသည် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများစွာကို နက်နဲသောအရာများ အပေါ် ဉာဏ်အလင်း ရရှိသွားစေရန် လွယ်ကူလာစေသည်။
တစ်ချိန်တည်းမှာပင် သဘာဝ ရတနာများသည် တုန်လှုပ်ချောက်ချားဖွယ် အရှိန်ဖြင့် အသစ်အသစ်များ ထွက်ပေါ် ကြီးထွားလာနေသည်။
ဤသည်မှာ ကောင်းကင်နှင့်မြေကြီး ပြောင်းလဲမှု အစသာသည်။ အဆိုပါနှုန်းအတိုင်း ရွှေခေတ်တိုင်အောင် ဖြစ်ပွားနေပါက တုန်လှုပ်ဖွယ် အသွင်ကူးပြောင်းမှုများ မလွဲမသွေ ကြုံတွေ့ရပေမည်။
၎င်းသည် ကောင်းကင်အောက်ရှိ သက်ရှိများအားလုံးအပေါ် ကြီးမားသော ကျေးဇူးတော်သက်ရောက်ပေ၏။
စုရီစကားသည် ယွမ်ဟမ်၊ ပိုင်ဝမ်ချင်း၊ ယွီရှစ်ချန်နှင့် ကောချင်တို့ကို စိတ်လှုပ်ရှား လာစေတော့သည်။
လွန်ခဲ့သည့်ငါးရက်အတွင်း သူတို့ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်နှင့် တာအိုများ ကွဲပြားမှုရှိလာသည်ကို သိရှိထား၏။
“ မြို့နတ်ဘုရား ဘုံကျောင်းကို အရင်သွားကြည့်ရအောင် ပြီးရင် ချက်ခြင်း ခရီးဆက်မယ်။ ”
စုရီက ပြောပြီး သားသောက်ဆိုင်မှ ထွက်လာခဲ့သည်။ အပြန်ခရီးတွင် အလျင်စလို မဖြစ်ချေ။ တောင်၊မြစ်၊ကောင်းကင်၊ မြေကြီးနှင့် သက်ရှိသတ္တဝါအားလုံး၏ အသွင်ပြောင်းမှုကို သတိထားကြည့်လိုခဲ့သည်။
ယဇ်ပလ္လင်ရှေ့၌ နံ့သာပေါင်းမီးအိုးများ တောက်လောင်နေကာ ဗိမာန်တော်ကြီးရှေ့တွင် လူပင်လယ်ကို မြင်နိုင်၏။
ပေကိုးဆယ်မြင့်သော ရုပ်ပွားတော်တစ်ဆူသည် အဝင်ဝတွင် နေရာယူ ထားသည်။ ၎င်းရုပ်တုသည် သွယ်လျသော ရုပ်ပုံသဏ္ဍန် အမျိုးသမီးတစ်ဦးဖြစ်၏။
ခါးအောက်ပိုင်းသည် ရစ်ခွေနေသော မြွေတစ်ကောင်ဖြစ်ကာ လက်တစ်ဖက်တွင် တံဆိပ်တစ်ခုဖန်တီးလျက် ကျန်တစ်ဖက်၌ ကြာပန်းပုံမီးပုံးကို ကိုင်ထားသည်။
ယုံကြည်သူများသည် အထဲသို့ဝင်ရန် တန်းစီနေကြကာ နံ့သာပေါင်းအိုးကို ထွန်းလျက် ဒူးထောက်ဆုတောင်းကြ၏။ စုရီက ရုပ်တုကို မော့ကြည့်ကာ ကွဲလွဲစွားမြင်သည်။
သရဖူနှင့် ကြိုးကြာအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး၏ ရုပ်ပုံ ဖြစ်သည်။ ထို့ကြောင့် သတိရလာ၏။
မြွေတစ္ဆေများသည် ငရဲကမ္ဘာတွင် တော်ဝင်မျိုးနွယ် ကိုးစုအဆင့်ဝင်သည်။ တစ္ဆေ သရဲများနှင့် မကောင်းသော ဝိညာဉ်များသည် ၎င်းတို့အပေါ် မီးအိမ်တမန်အဖြစ်သာ ရှုမြင်၏။ အလွန်မြင့်မြတ်သော ရာထူးပေပင်။
“ သွားကြရအောင်။ ”
ခဏအကြာတွင် စုရီသည် သူ့စိတ်ခံစားချက်များကို ထိန်းကာ လှည့်ထွက် သွားတော့၏။ ဤရုပ်တုသည် ‘သစ်ရွက်လေး’ မဟုတ်ချေ။
၎င်းသည် သူမ၏ မီးအိမ်ကို ကိုင်ဆောင်ထားသော မြွေတစ္ဆေမျိုးရိုး အဖွဲ့ဝင် တစ်ဦးမျှသာ ဖြစ်သည်။
လမ်းမပေါ်တွင် ရှုပ်ပွနေသည့် လူအများကြား အနက်ရောင် ဝတ်ရုံဖြင့် အမျိုးသမီးတစ်ဦးကို ရုတ်တရက် သတိပြုမိလိုက်၏။
သူမက သူ့ကိုတွေ့သောအခါတွင် နှုတ်ဆက်ရန် သတ္တိများစုစည်းနေသကဲ့သို့ အသက်ပြင်းပြင်းရှူ လိုက်သည်။
“ ရွှမ်ကျစ်က ... နှုတ်ဆက်ပါတယ် တာအိုစု။ ”
ဤအနက်ရောင်ဝတ် အမျိုးသမီးသည် မရဏငရဲနန်းတော်၏ သန့်ရှင်းသော သမီးတော် မှတပါး အခြားမဟုတ်ချေ။
စုရီမျက်ခုံးများက အပေါ်သို့ ရွေ့သွားပြီး အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ဤတွေ့ဆုံမှုသည် တိုက်ဆိုင်မှု မဟုတ်ကြောင်း ကောင်းစွာ သဘောပေါက်လာခဲ့၏။
“ မင်း ... ငါ့နဲ့ကိစ္စရှိလို့လား။ ”
“ ငါ့စိတ်ထဲမှာ မေးခွန်းတစ်ခုရှိနေပါတယ် ဒါကြောင့် မျက်နှာချင်းဆိုင် မေးချင်နေလို့ပါ။ ”
“ လမ်းလျှောက်ရင်း စကားပြောရအောင်။”
ပြောပြီးသည်နှင့် စုရီက ရှေ့သို့ ဆက်လျှောက်သွား၏။ ကျန်သူများ သူတို့၏ စကားစမြည်တွင် မပါဝင်စေရန် အကွာအဝေး တစ်ခု ပြုလုပ်လိုက်ခြင်းပေပင်။
“ မင်းကို ... ဘာလို့ လွှတ်လိုက်တာလဲလို့ မေးချင်တာလား။ ”
စုရီက လမ်းလျှောက်လျက်ဖြင့် ပေါ့ပေါ့ပါးပါး မေးသည်။
“ မှန်ပါတယ် ... ဖြစ်နိုင်ရင် ငါ့ရဲ့သံသယတွေကို ရှင်းပစ်ဖို့ ကူညီပေးပါ။”
“ ငါ မဖြေခင်မှာ ... မင်းတို့ မြွေတစ္ဆေမျိုးရိုးက ဒီတိုက်ကြီးကို ဘယ်လို ရောက်လာလဲ ပြောပြပေးပါဦး။”
ရွှမ်ကျစ်က အနည်းငယ် တုံ့ဆိုင်းသွားပြီး၊
“ ငါသိသလောက်တော့ မရဏငရဲနန်းတော်ကို တည်ထောင်ထားသူ အသူရာဧကရာဇ်ဟာ မြွေတစ္ဆေမျိုးရိုးကနေ ဆင်းသက်လာသူလို့ ကြားတယ် ...
... အဲဒီတုန်းက မြွေတစ္ဆေမျိုးရိုးကနေ (၁၃)ယောက်လာခဲ့ပြီး ... အသူရာဧကရာဇ်က အဖွဲ့ကို ဦးဆောင်ပါတယ် ... သူတို့ကို ...
... မြင့်မြတ်တဲ့ တမန်တော်(၁၃)ပါးလို့ ခေါ်ကြတယ် ငါကတော့ တမန်တော်မီဟဲကနေ ဆင်းသက်လာသူပါ ...
... တစ်နည်းပြောရရင် ငါက မြွေတစ္ဆေမျိုးရိုးကနေ ဆင်းသက်လာပေမယ့် မိုးပြာတိုက်ကြီးမှာ မွေးဖွားခဲ့ပြီး ငရဲကမ္ဘာကို တစ်ခါမှ မရောက်ဖူးဘူး ... အဲဒါနဲ့ပတ်သက်ပြီး စီနီယာတွေပြောတာကိုပဲ ကြားဖူးတယ်။ ”
“ ငါနားလည်ပြီ ... ။ ”
စုရီက ခေါင်းညိတ်လျက် ပန်းချီကားတစ်ချပ်ထုတ်ကာ ရွှမ်ကျစ်ထံ ပြသလိုက်သည်။
“ ဒါကိုကြည့်ပါဦး ... မင်းပြောတဲ့ ငရဲကမ္ဘာကအသူရာဧကရာဇ်ဆိုတာ သူလား ... ။ ”
ရွှမ်ကျစ်က ပန်ချီကားကို ဖွင့်ကြည့်လိုက်လေသည်။ သွေးမြစ်ကြီးအတွင်း ကြာပန်းတစ်ပွင့်ပေါ်တွင် အမျိုးသားတစ်ဦး ထိုင်နေ၏။
၎င်းသည် အနက်ရောင် ၀တ်လုံနှင့် အမွေးအတောင်ပါရှိသော ခေါင်းစွပ်ကို ၀တ်ဆင် ထားကာ ကျောပေးထားသည်။ ထိုအသွင်ကပင် ကောင်းကင်ဘုံကိုးပါးကို အုပ်စိုးသော နတ်ဘုရားကဲ့သို့ ထင်မှားစေ၏။
ဤပန်းချီကားကို မိုရှင်းဇီထံမှ ရရှိခြင်းဖြစ်သည်။ ပန်းချီကားသည် သာမာန် ရတနာမဟုတ်ချေ။ အကြောင်းအရာသည် ဆန်းကြယ်ကြောင်း ပြောပြနိုင်သည်။
၎င်းပန်းချီကားရှိ သွေးမြစ်သည် အန္တရာယ်များလှသော နယ်မြေများမှအစပြုကာ နာကြည်းခြင်းပင်လယ်သို့ စီးဝင်၏။
မြစ်ရေတွင် အပြစ်များဖြင့် ပြည့်နှက်နေသည်။ မည်သူမဆို ထိုမြစ်ရေဖြင့် ထိတွေ့ပါက ရူးသွပ်နိုင်၏။
ဧကရာဇ်များအပေါ်သာ ကြောက်စရာမလိုဘဲ ၎င်းသက်ရောက်မှုများကို ရင်ဆိုင်နိုင်သည်။
“ မှန်ပါတယ် ... ဒါက ငရဲကမ္ဘာကနေလာခဲ့တဲ့ အသူရာဧကရာဇ်ရဲ့ ပုံတူပါပဲ ... အသူရာဧကရာဇ်က ဒီတိုက်ကြီးကို မရောက်ရှိမီ ... မြွေတစ္ဆေမျိုးနွယ်မှာ သြဇာကြီးမားတဲ့ ...
... ထိပ်တန်းကျွမ်းကျင်သူ တစ်ပါးပဲ ... သူ့အစ်မက မြွေတစ္ဆေမျိုးရိုးရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ဧကရီဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ”
ဤစကားကို ကြားချိန်၌ စုရီတစ်ယောက် တည်ငြိမ်မှု ပျက်ပြားသွား၏။ အသူရာ ဧကရာဇ် ဟူသည် သစ်ရွက်လေး၏ မောင်ပင်လော။
“ အဲဒီအသူရာဧကရာဇ် ဒီတိုက်ကြီးကို ဘယ်အချိန်လောက်က ရောက်လာခဲ့တာလဲ မင်းသိလား။ ”
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းရှစ်ထောင်လောက်က ဒီတိုက်ကြီးကို သူ ရောက်လာတာပါ။ ”
“ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းရှစ်ထောင်လား … ။ ”
စုရီတစ်ယောက် ထိုကာလကို တွေးတောနေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးရာတွင် လူဝင်စားပြီး စုရီဖြစ်လာ၏။
ထိုမတိုင်မီ လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းရှစ်ထောင်တွင် သူသည် အရိုင်းမြေ၌ အုပ်စိုးနေဆဲပေပင်။
“ ဟမ့် ... နေဦး ... ။ ”
သို့သော် ထိုနှစ်ပေါင်း (၃၈၀၀၀) မတိုင်မီအချိန်တွင် သူသည် သံသရာစက်ဝန်း၏ လျှို့ဝှက်ချက်များကို ရှာဖွေရန်နှင့် ငရဲကမ္ဘာသို့ ခရီးနှင်ခဲ့သည်။
ထိုခရီးတွင် သူနှင့် အခေါင်းထမ်း သရဲအိုကြီးသည် ပြန်လည်မွေးဖွားခြင်းရေကန်၌ လောင်းကြေးဖြင့် ငါးမျှားပြိုင်သည်။
နာကြည်းခြင်းပင်လယ်နှင့် အဝါရောင် စမ်းချောင်းကို ဖြတ်သန်းသည်။ မကြုံစဖူးသော ကောင်းကင်ဘုံကပ်ဘေးကို သစ်ရွက်လေး ခံယူနေရသဖြင့် ကူညီပေးခဲ့၏။
ထို့ကြောင့် သစ်ရွက်လေးသည် နက်နဲတာအိုနယ်ပယ်ထံ ဝင်ရောက်နိုင်ခဲ့ကာ မြွေတစ္ဆေမျိုးရိုး၏ ပထမဆုံးသောဧကရီ ဖြစ်လာခဲ့သည်။
အတိတ်ဘဝ အမှတ်ရစရာများ သူ့စိတ်ထဲတွင် အဆက်မပြတ် လွှမ်းခြုံလာစဉ် ထိုအသူရာဧကရာဇ်ဟူသည် မည်သူဖြစ်မည်ကို ခန့်မှန်းလာနိုင်ပြီး မျက်ခုံးပင့်လိုက်မိ၏။
“ ယောက်ဖ ... ။ ”
တစ်စုံတစ်ယောက်၏ ပြုံးရွှင်နေသော အမူအရာဖြင့် အဆိုပါခေါ်သံကြီး ပြန်ကြားကာ စုရီခမျာ နှုတ်ခမ်းထောင့် ထိန်းမနိုင်သိမ်းမရ တွန့်တက်လာတော့၏။
( ငါ့ကို ယောက်ဖလို့ အရှက်မရှိ ... လိုက်ခေါ်နေတတ်တဲ့ ... အဲဒီတိရစ္ဆာန်လေးလို့ မပြောနဲ့။ )
***