← Chapters

အဖြူ-အမည်း ... ။

Vol. 42 Ch. 497

အဖြူ-အမည်း ... ။

Vol. 42 Ch. 497

လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် အခြားသူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။ သူတို့အားလုံးက စုရီကိုမုန်းတီးစွာ စိုက်ကြည့်၏။

အန္တရာယ်မှ လွတ်မြောက်ရန် လမ်းစပေါ်လာသော်လည်း တစ်စုံတစ်ဦးမှ ဝင်ရောက်စွက်ဖက်လာချေပြီ။

“ သခင် ... ။ ”

ယွမ်ဟမ်မှ လှည့်ကာ နှုတ်ဆက်သည်။ ယင်းကြောင့် လူငယ်သည် အံ့သြတုန်လှုပ်ပြီး မယုံနိုင်ဖြစ်သွား၏။

အသစ်ရောက်ရှိလာသော လူငယ်သည် သူ့ထက် နှစ်အနည်းငယ်မျှသာ ကြီးပေမည်။ ရွယ်တူအဖြစ်ပင် မှတ်ယူနိုင်၏။

သူ့ကဲ့သို့ပင် ဤမြင်ကွင်းသည် လူလတ်ပိုင်းအရွယ်အမျိုးသားကို ရေအေးဖြင့် လောင်းချလိုက်သလိုမျိုး ခံစားစေခဲ့သည်။

စုရီက အရာအားလုံးကို လျစ်လျူရှုပြီး လူငယ်ထံကြည့်ကာ၊

“ သွား ... မင်းကိုယ်တိုင် သတ်လိုက်။ ”

-ဟု အမိန့်ပေးသည်။

“ ငါ ... ။ ”

လူငယ်က တုံ့ဆိုင်းသွားသည်။

“ မင်း ဒီလိုမလုပ်ရင် ငါတို့ ချက်ချင်းထွက်သွားမယ် ... သူတို့မင်းကို ဘာဆက်လုပ်မလဲ သိရအောင်။ ”

“ မဟုတ်ဘူး ... ငါ သူ့ကိုဘယ်တော့မှ အန္တရာယ်ပေးတော့မှာ မဟုတ်ဘူးလို့ ကျိန်ဆို နိုင်ပါတယ်။ ”

လူလတ်ပိုင်းအရွယ် အမျိုးသားက ထိတ်လန့်တကြားအော်သည်။ ယွမ်ဟမ်က လှောင်ပြုံးဖြင့်၊

“ မင်းရဲ့ကျိန်ဆိုချက်ကြောင့် မင်းကိုယ်တိုင်မလုပ်နိုင်ပေမယ့် တခြားသူတွေနဲ့ မင်းစေခိုင်းလို့ရပါတယ်။ ”

-ဟု ပြောကြားလိုက်၏။

ဤသည်မှာ လူငယ်ကို မည်သို့ ဆက်လုပ်ရမည်ကို သိအောင် သတိပေးနေခြင်း ဖြစ်သည်။ စုရီသည် ယွမ်ဟမ်ထံ လည့်ကြည့် လိုက်၏။ ထို့ကြောင့် ချက်ချင်းပင်၊

“ သခင် ... ဒီလူငယ်လေး အမှားလုပ်မိမှာကို စိုးရိမ်လို့ပါ။ ”

-ဟု တောင်းပန်သည်။

“ ဆုံးဖြတ်ချက်ချရမှာ မင်းရဲ့အလှည့်ပဲ။ ”

စုရီက စကားမဆိုတော့ဘဲ လူငယ်ကို ကြည့်ကာပြောသည်။ လူငယ်သည် ရုတ်တရက် ဖိအားများ ပြိုကျလာသလို ခံစားလိုက်ရပြီး သူ့အမူအရာမှာ မရေရာတော့ချေ။

ခဏအကြာတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး အံကြိတ်ကာ ရှေ့သို့တိုးသွားသည်။

“ တိုက် ... ။ ”

ထိုမြင်ကွင်းကြောင့် ဒူးထောက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်း ထရပ်လာသည်။

“ ရွှပ် ... ။ ”

သို့သော် ဓားအလင်းတစ်လက် ပေါ်လာပြီးနောက် လူတိုင်းကို​မြက်ပင်များကဲ့သို့ ရိတ်သိမ်းသွား၏။ သွေးစွန်းနေသော ဦးခေါင်း ခုနစ်လုံး မြေပြင်ပေါ် လိမ့်ကျလာသည်။

ဤသွေးထွက်သံယို မြင်ကွင်းသည် လူငယ်ကိုတုန်လှုပ်သွားစေ၏။ အချိန်အနည်းငယ် ကြာပြီးနောက် လူငယ်က ခေါင်းမော့ကာ စုရီထံဦးညွှတ်ပြသည်။

“ မင်းရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ”

“ မင်း နားလည်ပြီလား ... ။ ”

“ သဘာဝပါပဲ ... ရန်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သနားကြင်နာမှု လုံးဝ ပြလို့မရဘူး။ ”

လူငယ်က ပြန်ဖြေ၏။

“ မဟုတ်သေးဘူး။ ”

စုရီက ခေါင်းခါလိုက်သည်။

“ ငါတို့လို ကျင့်ကြံသူတွေအတွက် စည်းမျဥ်းစည်းကမ်းမရှိဘူး လိုက်နာစရာ ဥပဒေ မရှိဘူး ဆိုလိုတာက ဒီကမ္ဘာကြီးမှာ အဖြူနဲ့အမည်းချည်ပဲ မဟုတ်ဘူး ...

... အကောင်းအဆိုးကို အတိအကျ ခွဲခြားသတ်မှတ်လို့ မရနိုင်ဘူး ... မင်းရန်သူနဲ့ ကျိုးကြောင်းဆင်ခြင်ချင်ရင် မင်းအတွက် တန်ဖိုးတစ်ခုပေးရမယ်။ ”

လူငယ်သည် တစ်စုံတစ်ခုကို ယောင်ဝါးဝါးနားလည်သွား သကဲ့သို့ ဖျတ်ခနဲ၊ ဖျတ်ခနဲ အကြည့်များ လင်းလက်သွားသည်။

သို့သော် ရှုပ်ထွေးနေဆဲပေပင်။ ဤသည်မှာသာမာန်ဖြစ်၏။ လူတစ်ယောက်၏ သိမြင်မှုအပေါ် စကားလုံးအနည်းငယ်နှင့် ပြောင်းလဲ၍ မရချေ။

“ စီနီယာ ... လုံလုံလောက်လောက် အားကောင်းနေရင် ... မင်းလုပ်ခဲ့တာမှန်သမျှ အမှန်လို့ ပြောနေတာလား။ ”

လူငယ်က ပြန်မေးသည်။ စုရီက လူငယ်၏ ရင်ဘတ်ထံညွှန်ပြပြီး၊

“ မင်းပြောနေတာ ခွန်အားပဲ ... ငါပြောနေတာ ကျင့်ကြံမှုလမ်း ဘာမှမဆိုင်ဘူး လောကကြီးမှာ အဖြူနဲ့အမည်း နယ်နိမိတ်ကို မင်းရဲ့နှလုံးသားနဲ့ ... ထိန်းထားသင့်တယ် ...

... ဒီညလိုပဲ မင်းရန်သူကို သတ်ဖို့ ငါကူညီပေးခဲ့တယ် .. မင်းမျက်လုံးထဲမှာ ငါက သဘာဝအတိုင်း လူကောင်းတစ်ယောက်ဖြစ်ပြီ ဒါပေမယ့် မင်းရန်သူတွေရဲ့ အမြင်မှာတော့ ငါကလူဆိုးတစ်ယောက် ...

... ဒီလိုအခြေအနေမျိုးမှာ အဖြူအမည်း၊ အမှားအမှန်၊ အကောင်းအဆိုး အရာအားလုံးကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်ပြီး စံနှုန်းတွေ ကွဲပြားသွားလိမ့်မယ် ...

... ဒီအကြောင်းကို ပြောရမယ်ဆိုရင် တစ်ချိန်က ငါ့မိတ်ဆွေ နတ်ဆိုးတစ်ပါးကို သတိရမိတယ် ... လူတိုင်းက သူ့ကိုနတ်ဆိုးလို့ ခေါ်ကြပေမယ့် ...

... သူ့မျက်လုံးထဲမှာတော့ သူ့ရန်သူတွေအားလုံးဟာ နတ်ဆိုးတွေပါပဲ ... ငါတို့မှာ မတူညီတဲ့ အမြင်တွေရှိတယ် ...

... မင်းက ဗုဒ္ဓဘာသာဝင်ဖြစ်ရင် သတ္တဝါအားလုံးကို ဗုဒ္ဓဖြစ်လာအောင် ကူညီမယ် တကယ်လို့ မင်းသာ နတ်ဆိုးဖြစ်နေရင် နတ်ဆိုး ဖြစ်လာအောင် ကူညီမယ် ... ။ ”

ထို့နောက် စုရီက သက်ပြင်းချကာ၊

“ ဒါက မင်းသိချင်တဲ့ ကျင့်ကြံမှုလောကပဲ စည်းကမ်းမရှိ ... ဥပဒေမရှိ ... အကောင်းအဆိုး မရှိ ... အဖြူအမည်းမရှိ ... နောက်ဆုံးမှာ မင်းလက်သီးနဲ့ထိုးနိုင်ရင် မလွဲမသွေ ပြေလည်သွားမယ်။ ”

-ဟု အဆုံးသတ်လိုက်တော့သည်။

ယွမ်ဟမ်က အံ့သြလာသည်။ ဤကဲ့သို့ရှည်လျားသော စကားကို သခင်သည် မိန့်ကြားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၏။

လူငယ်က မျက်လုံးများ မှေးစင်း သွားလေသည်။ ဤစကားများသည် သူ့အပေါ် များစွာ သက်ရောက်မှုရှိ၏။ တစ်ဆက်တည်း မှာပင် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

“ ဒါဆို လောကကြီးမှာ အကောင်းအဆိုး၊ အဖြူအမည်းဆိုတာ တကယ် မရှိတော့ဘူးလား ... ။ ”

လူငယ်မှ မေးသည်။ စုရီက ပြုံးလျက်၊

“ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မှာတော့ သေချာတယ် ... မဟုတ်ရင် မင်းကို ဒီညကယ်တင်ဖို့ ငါတို့ဘာလို့လာရမှာလဲ၊ ...

... အကောင်းအဆိုး ... အဖြူအမည်း မသဲကွဲတဲ့ ဒီလမ်းမှာ မင်းလုပ်ရမှာက မင်းရဲ့မူလ ရည်ရွယ်ချက်ကိုမမေ့ဖို့ပဲ ... အခုလိုမင်းရန်သူကို ကရုဏာပြမယ့်အစား ... ။ ”

ထိုစကားကို ပြောပြီးနောက် စုရီကနှာခေါင်းကို ပွတ်သပ်ကာ၊

“ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ ချန်ပင်းအန်လိုလူမျိုး ငါမဖြစ်ချင်ဘူး ... ဘဝရဲ့ အတက်အကျနဲ့ အခက်အခဲတွေကို ... မင်း မကြုံဖူးဘူးတဲ့အတွက် ...

... ငါ့စကားကို နားထောင်နေရင်တောင် နားမလည်နိုင်ဘူး ... ကြုံဖူးတဲ့လူတွေကတော့ နားထောင်ဖို့တောင် မလိုပြန်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

ယွမ်ဟမ်မှ မျက်ခုံးပင့်လိုက်သည်။ ချန်ပင်းအန်သည် မည်သူနည်း။ ဤအချိန်တွင် စုရီသည် ထိုကိစ္စအကြောင်းပြောရန် ဆန္ဒမရှိမှန်း နားလည်ထား၏။

“ စီနီယာ၊ ငါမင်းရဲ့စကားတွေကို မှတ်မိနေပါ့မယ် ငါအခုချိန် နားမလည်ပေမယ့် နောင်မှာ သေချာပေါက်နားလည်မှာပါ။ ”

လူငယ်၏ လေးနက်ပြီး ပြတ်သားသောအမူအရာကို ပြန်ကြည့်ကာ စုရီတစ်ယောက် အကြံရလာခဲ့သည်။

ထို့ကြောင့် ကျောက်စိမ်းအလွတ်တစ်ချပ် ထုတ်ယူပြီး အမွေတစ်ခုရေးထွင်းလျက် ပေးအပ် လိုက်တော့၏။

“ ဒီကျောက်စိမ်းတုံးမှာ ဆန်းကြယ်တဲ့ နတ်ဆိုးသန္ဓေသားလို့ခေါ်တဲ့ နတ်ဆိုးအယူအဆ ပါရှိတယ် အဲဒါဟာ ...

... မင်းလက်ရှိ ကျင့်ကြံမှုအမွေထက် အများကြီးပိုလေးနက်ပြီး တကယ့် စမ်းသပ်မှု တစ်ခုပါပဲ သတိရပါ ... မင်းရဲ့ မူလ ရည်ရွယ်ချက်ကို မပျောက်စေနဲ့ ...

... စွဲကိုင်ထားပါ မဟုတ်ရင် ... ဒီအမွေကြောင့် မင်းနတ်ဆိုးကျင့်ကြံသူအဖြစ်ကို ရောက်သွားလိမ့်မယ် ဟုတ်တယ် မလေ့ကျင့်ဖို့ မင်းရွေးချယ်နိုင်ပါတယ် ... ယွမ်ဟမ် ငါတို့သွားသင့်ပြီ ... ။ ”

ထိုသို့ ပြောပြီးနောက် စုရီတစ်ယောက် လှည့်ထွက်သွားလေသည်။ ယွမ်ဟမ်မှ အမြန် ပြေးလိုက်သွား၏။

လူငယ်က ကျောက်စိမ်းတုံးကို ဆုပ်ကိုင်လျက် နစ်မျောကျန်ရစ်နေခဲ့သည်။ သူ တွေ့ကြုံခဲ့ရသမျှ အိပ်မက်တစ်ခုလို ထူးထူးဆန်းဆန်း ပေပင်။

ထိုစဉ် အဝေးရှိယွမ်ဟမ်က ရုတ်တရက် မေးမြန်းလိုက်သည်။

“ ကောင်လေး ... မင်းနာမည် ဘယ်လိုခေါ်လဲ။ ”

“ ရှန်းလီ ... ။ ”

လူငယ်က အသိစိတ် ပြန်ဝင်လာပြီး၊

“ စီနီယာ မင်းနာမည်မေးလို့ရမလား။ ”

-ဟု အမြန် မေးမြန်းလိုက်၏။

သို့သော် သူ့မေးခွန်း ထွက်ပေါ် လာသောအခါတွင် စုရီနှင့် ယွမ်ဟမ်တို့သည် အမှောင်အတွင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ညသည် နက်၍အေးပြီး လရောင်များ တောက်ပနေ၏။ စုရီနှင့် အဖွဲ့သည် ခရီးဆက် နေဆဲဖြစ်သည်။

“ ဆရာစု၊ ချန်လီကို ဘာလို့ အမွေပေးခဲ့တာလဲ။ ”

ကောချင်က အနည်းငယ် အံ့သြနေ၏။

“ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ တာအို၊ နတ်ဆိုး၊ တစ္ဆေ ဘာတွေပဲ ဖြစ်နေပါစေ ကျင့်ကြံခြင်းလမ်းမမှာ လူတိုင်းကွာခြားမှု မရှိပါဘူး ...

... ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာကို ကျင့်သုံးတာဟာ လူတိုင်း ဗုဒ္ဓဘာသာဖြစ်သင့် တယ်လို့ မဆိုလိုဘူး ...

... အလားတူပဲ နတ်ဆိုးနည်းစနစ်ကို ကျင့်ကြံခြင်းကြောင့် ခွင့်မလွှတ်နိုင်တဲ့ နတ်ဆိုး ဖြစ်လာလိမ့်မယ်လို့လည်း မပြောနိုင်ဘူး ...

... အဖြူနဲ့အမည်းကို ပိုင်းခြား သိမြင်နိုင်ဖို့ဆိုတာ နှလုံးသားနဲ့သာဆိုင်တယ် ဒါတွေကို မင်းနားလည်မှသာ များပြားလှတဲ့ နိယာမတွေကို အသုံးချနိုင်လိမ့်မယ် ဥပမာ မင်းက နတ်ဆိုးအမွေကို ဆက်ခံခဲ့တယ် ... ဒါဆိုမင်းနဲ့ရှန်လီက ဘာကွာလဲ။ ”

ကောချင်ခမျာ တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာအောင် ငြိမ်ကျသွားသည်။

“ ဒါကို မင်းဆက်တွေးရင် မင်းရဲ့တာအိုနှလုံးသား ထိခိုက်လာလိမ့်မယ်။ ”

စုရီက သတိပေး၏။ သို့မှသာ ကောချင်တစ်ယောက် ထိတ်လန့်သွားပြီး မျက်နှာ အနည်းငယ်ပြောင်းသွားသည်။

“ တာအိုနဲ့ပတ်သက်တဲ့ တွေးနွေးငြင်းခုန်မှုတိုင်းဟာ လူတစ်ယောက်ရဲ့ မသိစိတ်ကို ထိခိုက်စေတယ် ...

... ဒါကြောင့် မူလနှလုံးသားကို စွဲကိုင်ထားနိုင်မှသာလျှင် မိမိနဲ့သက်ဆိုင်တဲ့ တာအိုကို ပုံဖော်နိုင်မယ် ... ။ ”

စကားစမြည်ပြောလျက် နှစ်နာရီ ကုန်လွန်ပြီးနောက် ပြိုကျပျက်စီးနေသည့် ဘုံကျောင်းတစ်ခုထံ ရောက်ရှိလာ၏။

“ ဒီဘုံကျောင်းမှာ ... ခဏလောက် အနားယူရအောင် မိုးသောက်ရင် ... ငါတို့တွေ ခရီးဆက်ကြမယ်။ ”

ဘုံကျောင်းသည် နေရာအနှံ့ ပင့်ကူမျှင်များတွယ်ကပ်နေပြီး ကြာမြင့်စွာ ပြိုကျနေခဲ့သည်။ ရုပ်ပွားတော်များပင် လဲပြိုလျက် စွန့်ပစ်ထားခဲ့သည်မှာ ကြာမြင့်ကြောင်း ထင်ရှားနေ၏။

ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းက အခန်းတစ်နေရာကို သန့်ရှင်းရေးလုပ်ကာ မီးထွန်းညှိလျက် စုရီအတွက် နူးညံ့သော တိရစ္ဆာန်အရေခွံ ဖြန့်ခင်းပေးသည်။

စုရီက တင်ပျဉ်ခွေထိုင်ကာ တရားထိုင်တော့၏။ မဟာရှမှ ထွက်လာခဲ့ သည်မှာ ဆယ်ရက်တိုင်ချေပြီ။

လမ်းတစ်လျှောက် တောင်များနှင့် မြစ်များကို ဖြတ်လျှောက်ခြင်းအပြင် တာအို အသိကိုလည်း ဆင်ခြင်ခဲ့သည်။

လက်ရှိ သူ့ကျင့်ကြံမှုသည် ကြယ်စုစည်းခြင်းအလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နှောင်းပိုင်းအဆင့် တက်လှမ်းနိုင် ပေတော့မည်။

ထိုအချိန်တွင် စဉ်းစားရမည့် အရာမှာ ဝိညာဉ်ဒုက္ခအပေါ် မည်သို့ကျော်လွှားရမည်ကို ဖြစ်လေသည်။

ကျင့်ကြံသူများအတွက် ဝိညာဉ်တာအို နယ်ပယ်ကို စတင်သည်နှင့် ဝိညာဉ်ကပ်ဘေးမှာ ရင်ဆိုင်ရပေမည်။

ဤကပ်ဘေးသည် အန္တရာယ်များလှ၏။ အရိုင်းမြေကိုးပါး၌ပင် အောင်မြင်မှုနှုန်းများသည် (၁၀%)အောက်သာ ရှိသည်။

အထူးသဖြင့်၊ အခြေခံအုတ်မြစ် အားကောင်းလေ ဘေးဆိုးများမှာ ကြောက်စရာ ကောင်းလေဖြစ်သည်။

လက်ရှိအုတ်မြစ်နှင့် သူ ရင်ဆိုင်ရမည့် ဝိညာဉ်ကပ်ဘေးသည် အလွန်ပင် ကြောက်စရာ ကောင်းသည့် ကံကြမ္မာဖြစ်လာမည်ကို ထုံးစံအတိုင်းသိ၏။

ခေတ်များတလျှောက် မူလနန်းတော်၌ တာအိုမျိုးစေ့ပေါင်းစည်းနိုင်သည့် တစ်စုံတစ်ဦး မရှိခဲ့ချေ။

ဆိုလိုသည်မှာ ဒုက္ခကို အမှန်တကယ် ကျော်လွှားသောအခါတွင် သူကြုံတွေ့ရမည့် အန္တရာယ်သည် ခန့်မှန်း၍ မရနိုင်အောင် ပြင်းထန်ပေလိမ့်မည်။

***

All Chapters