မင်းမယုံရင် စမ်းကြည့်နိုင်တယ်။
Vol. 42 Ch. 498
ယွမ်ဟမ်က ပျက်စီးနေသော ဘုံကျောင်းတံခါးဝတွင် တင်ပျဉ်ခွေထိုင်နေ၏။ တောင်တန်းရှိ ပိုးမွှားများနှင့် တိရစ္ဆာန်များကို ကြောက်ရွံ့ထိတ်လန့်စေသည့် ရောင်ဝါတစ်ခု သူ့ထံမှ ထွက်ပေါ်နေသည်။
ထို့ကြောင့် ပျက်စီးနေသော ဘုံကျောင်းဝန်းသည် အထူးဆိတ်ငြိမ်နေပြီး အေးချမ်းနေခဲ့၏။
ရုတ်တရက် ယွမ်ဟမ်သည် တရားထိုင်နေရာမှ မျက်လုံးဖွင့်ပြီး ကောင်းကင် အပေါ် မော့ကြည့်လိုက်သည်။
ကြည်လင်တောက်ပနေသော ရေခဲအလင်းတန်းတစ်ခု ကောင်းကင်အမိုးခုံး ထံမှ ဆင်းသက်လာနေသည်ကို မြင်၏။
ချက်ချင်းပင် ထရပ်လိုက်သည်။ ၎င်းသည်လျှို့ဝှက်ဆန်းကြယ်သော ရေခဲပန်း တစ်ပွင့်သဏ္ဍန်ဖြစ်၏။
“ စိတ်မပူနဲ့ ... အဲဒါ လျှို့ဝှက် အာကာသတံဆိပ်တစ်ခုပဲ။ ”
စုရီ၏ တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သော အခါ စုရီတစ်ယောက် သူ့အနားတွင် ရပ်နေသည်ကို မြင်လိုက်ရ၏။
တရားထိုင်နေကြသော ယွီရှစ်ချန်၊ ကောချင်နှင့် ပိုင်ဝမ်ချင်းက ထိုဆူညံသံကြောင့် နိုးထလာသည်။ လူတိုင်းမတ်တပ်ထရပ်ပြီး လှမ်းထွက်လာခဲ့၏။
“ အစ်ကိုစု၊ ဒါ ဖြစ်နိုင်လား ... ။ ”
ယွီရှစ်ချန်မှ မျက်နှာအနည်းငယ် ပြောင်းလဲသွားကာ မေးမြန်းလိုက်လေသည်။
“ ဟုတ်တယ် ... မင်း ဆုံးဖြတ်ချက်ချပြီးပြီလား။ ”
“ ငါ ... ။ ”
ယွီရှစ်ချန်မှ တုံ့ဆိုင်းလာပြီး မျက်လုံးအကြည့်များ အဆက်မပြတ် ပြောင်းလဲ နေခဲ့လေသည်။
“ မင်း ... သူတို့ရဲ့အကြောင်းကို ... ပိုသိလာပြီးမှ ဆုံးဖြတ်ချက်ချလဲ ... အချိန် မနှောင်းသေးပါဘူး။ ”
ရေခဲပန်းပွင့်ကြီး တဖြည်းဖြည်း ဖြစ်တည်လာသည်ကို စုရီကလက်နှစ်ဖက် နောက်ပို့ကာ မော့ကြည့်နေ၏။
ဤတစ်ကြိမ်၌ သူ မတားတော့ချေ။ ရေခဲပန်းပွင့်က အလင်းတန်းများ ထွက်လာကာ အမြင့်ဆယ်ပေခန့်ရှိသော မုခ်ဦးအသွင်မျိုး ဖြစ်ပေါ်လာသည်။
မုခ်ဝတစ်ဝိုက်ရှိ လေထုသည် လှိုင်းများဖြစ်ပေါ်လျက် ဆန်းကြယ်သော ရောင်ဝါအချို့ ထုတ်ဖော်နေ၏။
လူတိုင်း မှင်သပ်ကုန်သည်။ ဤကဲ့သို့ ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသော အာကာသ ဥမင်လိုဏ်ခေါင်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပေပင်။
“ ဒါဟာ ... ရွှမ်ယိုဧကရာဇ်ပဲ ရွှမ်ကျောက်ဧကရာဇ်ဆိုရင် ဒါကိုအောင်မြင်နိုင် ပေမယ့် သူတို့တည်ဆောက်ထားတဲ့ အာကာသ ဥမင်ဟာ တည်ငြိမ်နေမှာ မဟုတ်ဘူး။ ”
စုရီက ရှင်းပြလိုက်သည်။ ထို့ကြောင့် ယွီရှစ်ချန်စိတ်ဝိညာဉ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့သော တစ်ဖက်လူသည် အတော်ပင် ပြီးမြောက်ထားပုံရ၏။
နက်နဲနယ်ပယ်ကို ရွှမ်နယ်ပယ် (သို့) ဧကရာဇ်နယ်ပယ်ဟု ခေါ်ဆိုပြီး ရွှမ်ကျောက်၊ ရွှမ်ယိုနှင့် ရွှမ်ဟဲဟူ၍ ခွဲခြားထားသည်။
ရွှမ်ကျောက်ဧကရာဇ်သည် ထိပ်တန်းတာအိုဂိုဏ်းများကို အုပ်စိုးရန် လေနှင့် မိုးကို ဆင့်ခေါ်ကာ ကမ္ဘာကြီးကို ခြိမ်းခြောက်ရန် အရည်အချင်းပြည့်မီသည်။
ရွှမ်ယိုဧကရာဇ်သည် ကမ္ဘာပေါ်တွင် ထွက်ပေါ်ခဲ၏။ အများစုမှာ နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်ချီ၍ အထီးကျန်စွာ နေထိုင်တတ်ကြသည်။
ထိုသို့သော ဇာတ်ကောင်များသည် ထိပ်တန်းတာအိုဂိုဏ်းများ၌ အဓိကပုဂ္ဂိုလ်များ ဖြစ်၏။
သူတို့သည် ဂိုဏ်း၏အရေးကို ဂရုမစိုက်သော်လည်း အင်အားကြီး ရန်သူများ အပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိသည်။
ရွှမ်ဟဲအဆင့်သည် စစ်မှန်သော ဧကရာဇ်ဖြစ်၏။ ကောင်းကင်ဘုံကို ဖြိုခွင်း နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်သည်။ ထိုအဆင့်သည် အရှားပါးဆုံးပေပင်။
ယခု ရွှမ်ယိုဧကရာဇ်တစ်ပါးသည် မိုးပြာတိုက်ကြီးသို့ အာကာသဥမင်လိုဏ်ခေါင်း ဖွင့်ရန် အာကာသလျှို့ဝှက်တံဆိပ်ကို အသုံးပြုနေချေပြီ။
ထိုသူ ဖော်ဆောင်သောစွမ်းအားသည် မည်မျှအံ့သြစရာကောင်းစေကာမူ သူ့အပေါ် ခြောက်လှန့်ရန် မလုံလောက်ချေ။
စုရွှမ်ကြွယ်ဘဝတွင် ဤအဆင့် ဧကရာဇ်များသည် သူ့ရှေ့တွင် ပေါ်လာရန် အရည်အချင်းမရှိသည်မှာ သဘာဝပေပင်။
“ ဖျပ် ... ဖျပ် ... ။ ”
ရုတ်တရက် အာကာသ ဥမင်လိုဏ်ခေါင်းအတွင်းမှ ခြေသံတစ်စုံ ထွက်ပေါ်လာသည်။
ကောချင်နှင့် အခြားသူများသည် နှလုံးသားထဲတွင် တင်းကျပ်မှုကို ခံစားလာရ၏။ မုခ်ဦးမှ အလင်းတန်းတစ်ခု ဖြာထွက်လာပြီး သွယ်လျသောရုပ်သွင်ကို မြင်လိုက်ရသည်။
ထိုရုပ်သွင်သည် အလင်းမှုန်များဖြင့် သိုင်းခြုံဝန်းရံထားသော ချစ်စရာကောင်းသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။
လူတိုင်းက သူတို့ထံရောက်လာသော ဖိအားအချို့ခံစားလိုက်ရသဖြင့် အသက်ရှူ ကြပ်သွားတော့သည်။
ခန္ဓာကိုယ် တောင့်တင်းလာကာ လူတိုင်းအမူအရာများ ပြောင်းလဲသွားကုန်၏။ ဖိအားမှာ အရမ်းလေးလံ လွန်းပေသည်။
အမျိုးက နက်ပြာရောင်ဝတ်ရုံဖြင့် ဆံပင်ရှည်ရှည်များကို မြင့်မြင့်ချည်ထားပြီး မြေပြင်ကို ငုံ့ကြည့်လာ၏။
သွယ်လျသောခါးတွင် ငွေရောင် ဓားရှည်တစ်လက် ချိတ်ဆွဲကာ ရောင်ဝါသည် ထက်ရှလွန်းသည်။
“ ဝိညာဉ်တာအိုနယ်ပယ် ... ။ ”
စုရီက မအံ့သြမိချေ။ အာကာသ လျှို့ဝှက်တံဆိပ်ဖြင့် ဆောက်လုပ်ထားသော အာကာသဥမင်သည် ဧကရာဇ်ရောင်ဝါကို လုံးဝမခံနိုင်သဖြင့် ပြိုကျနိုင်သည်။
ယင်းအစား စုရီက မျက်မှောင်ကြုတ် လိုက်သည်။ ဤကောင်မလေးသည် ရောင်ဝါကို လုံးဝ မချုပ်တည်းထားချေ။
သူမက ယွီရှစ်ချန်ကို မြင်သောအခါတွင် ရွှင်လန်းမှုများပြသလျက် ရုတ်တရက် လေထဲမှ ဦးညွှတ်လာတော့သည်။
“ အစေခံချင်းရှန့်က ... သခင်ငယ်ကို ကြိုဆိုဖို့ရှိနေပါတယ်။ ”
“ အစေခံလား ... ။ ”
သူမစကားတစ်ခွန်းက လူတိုင်းကို အံသြသွားစေတော့သည်။ ဤမျှအစွမ်းထက် နေသည့် မိန်းကလေးသည် အစေခံမျှသာ ဖြစ်နေ၏။
ယွီရှစ်ချန်က အံ့အားသင့်သွားပြီး အနည်းငယ် သတိထားလာသည်။ ထိုအရာကို မြင်ချိန်၌ ချင်းရှန့်ဟုခေါ်သော အစေခံ မိန်းကလေးက၊
“ သခင်ငယ်၊ မင်းသံသယတွေ ရှိနေမယ်ဆိုတာ သခင်ကြီးက မျှော်လင့်ထား ပြီးသားပါ ... မင်းငါ့နဲ့အတူ ပြန်လာရင် သခင်က အားလုံးကို အဖြေပေးပါလိမ့်မယ်။ ”
-ဟု ထပ်မံပြောကြားလာသည်။
“ မင်း ... လူမှားနေတာလား။ ”
“ သခင်ငယ်၊ မင်းရဲ့စိတ်ဝိညာဉ်မှာ တံဆိပ်တစ်ခု ရှိနေလား။ ”
“ ရှိတယ် ... ။ ”
“ ဒီအမှတ်အသားကို မင်းကိုမွေးပြီး မကြာခင်မှာပဲ သခင်ကြီးကိုယ်တိုင်ထားခဲ့တာပါ ဒါကြောင့် မင်းကို ပြန်ခေါ်ဖို့ အာကာသဥမင် လိုဏ်ခေါင်းနဲ့ လာခဲ့ရတာပဲ ... ။ ”
ယွီရှစ်ချန်၏ လှပသောမျက်နှာသည် တုန်ရင်လျက် ဤအဖြေသည် စုရီမှပြောခဲ့သည့် အတိုင်း အတူတူဖြစ်ကြောင်း သတိရလာ၏။
“ မင်းပြောနေတဲ့ သခင်က ဘယ်သူလဲ။ ”
အဆုံးတွင် ယွီရှစ်ချန်တစ်ယောက် အသက်ပြင်းပြင်းရှူပြီး နှလုံးသားကို ထိန်းကာ မေးမြန်းလိုက်သည်။
“ သခင်ဆိုတာ ... မင်းရဲ့အဖေ၊ မဟူရာဓားဧကရာဇ်။ ”
“ မဟူရာဓားဧကရာဇ်လား ... ။ ”
လူတိုင်း အံ့သြကုန်တော့သည်။ ယွီရှစ်ချန် ဖခင်သည် ဧကရာဇ်တစ်ပါး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ချေ။
စုရီက အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ ယခုဆိုလျှင် လွန်ခဲ့သောနှစ်ပေါင်း(၃) သောင်းက မိုးပြာတိုက်ကြီးအကြောင်း သူ နားလည်နေပြီဖြစ်သည်။
ဥပမာအားဖြင့် မိုးပြာဧကရာဇ်ကိုးပါး၏ အမည်များ၊ ထိပ်တန်းဂိုဏ်းများ၊ နာမည်ကြီး အကြောင်းအရာများ စသည်တို့ဖြစ်သည်။
ဆိုလိုသည်မှာ အထက်ပါ အချက်အလက်များထဲတွင် မဟူရာဓားဧကရာဇ် ဟူသည့် အမည် မပါဝင်ချေ။
တစ်ဖက်လူသည် မိုးပြာတိုက်ကြီးမှ မဟုတ်ကြောင်း ထင်ရှားသည်။ တစ်ဖက်တွင် ယွီရှစ်ချန်သည်လည်း စိတ်မသက်သာချေ။
“ ဟမ့် ... ငါ့အဖေကအမည်ကို တခြားတစ်ယောက်က ပြောပြနေရတာလား ... ရယ်စရာ ကောင်းလိုက်တာ ... ။ ”
နှုတ်ခမ်းပေါ်တွင် မိမိကိုယ်ကို သရော်လှောင်ပြောင်နေသည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
စုရီက သူမကို လှည့်ကြည့်ကာ သနားသွားလေသည်။ ဤမိန်းကလေးသည် မည်မျှ စိတ်ခံစားနေရမှန်း မြင်သာလှ၏။
“ သခင်ငယ် ... ဒါက တကယ်ကို ရှောင်လွှဲလို့မရတဲ့ အကြောင်းရင်းတွေ ရှိပါတယ် ရွေးချယ်မှုသာရှိခဲ့ရင် သခင်ကြီးက မင်းနဲ့ခွဲဖို့ နှလုံးသားရှိမှာ မဟုတ်ပါဘူး။ ”
သို့သော် ယွီရှစ်ချန်မှ ထိုအချင်းအရာကို စိတ်မဝင်စားချေ။ သူမသည် ငယ်စဉ်တည်းက အထီးကျန်မှုကို ကျင့်သားရနေပြီဖြစ်၏။
နှစ်ပေါင်းများစွာ တစ်ယောက်တည်း ရှင်သန်နေထိုင်ပြီး ကမ္ဘာကြီးအနှံ့ လှည့်လည် သွားလာခဲ့သည်။ ဤကမ္ဘာပေါ်တွင် ဆွေမျိုးများ ရှိသည်ဟု တစ်ခါမျှပင် မတွေးချေ။
“ တကယ်တော့ သခင်ကြီးက ... ဒီမတိုင်မီမှာ အာကာသဥမင်ကို ဖန်တီးခဲ့ ပါသေးတယ် ... မမျှော်လင့်ဘဲ ...
... အင်အားတစ်ခုက ဝင်ရောက် ဖျက်ဆီးလိုက်တဲ့အတွက် အခုအချိန်အထိ နှောင့်နှေးနေခဲ့ရတာပါ။ ”
ယွီရှစ်ချန်က သိပြီးဖြစ်သဖြင့် တိတ်ဆိတ်နေသည်။ ယင်းကြောင့် ချင်းရှန့်က အနည်းငယ်စိုးရိမ်သွားကာ၊
“ သခင်ငယ်၊ ဒီအာကာသဥမင် လိုဏ်ခေါင်းဟာ နာရီဝက်ရဲ့ လေးပုံတစ်ပုံသာ ခံနိုင်ရည်ရှိပါတယ် ... ကျေးဇူးပြုပြီး
... ငါနဲ့ပြန်လိုက်ခဲ့ပါ သခင်နဲ့တွေ့တဲ့အခါ သခင်ငယ်ရဲ့ သံသယတွေကို .. ရှင်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်။ ”
“ ငါမလိုက်ရင် ဘာဖြစ်မလဲ။ ”
“ သခင်ငယ်၊ မင်းကို ဒီအစေခံက အတင်းအကြပ် ခေါ်ဆောင်သွားဖို့ကလွဲလို့ အခြားရွေးစရာ မရှိတော့ပါဘူး။ ”
ထိုစကားကြောင့် စုရီက ဘေးမှနေ၍ အေးစက်စွာဖြင့်၊
“ ငါအရင်က ပြောခဲ့သလိုပဲ ... မင်း မထွက်သွားချင်ရင် ဒီကမ္ဘာမှာ မင်းကိုဘယ်သူမှ ငါ့ဘေးကနေ ခေါ်မသွားနိုင်ပါဘူး ... ။ ”
-ဟု ယွီရှစ်ချန်ကို လှည့်ကြည့်ကာ ပြောကြားလိုက်သည်။
သူ့စကားကြောင့် လေဟာနယ်အတွင်း ရပ်နေသော အစေခံချင်းရှန်မှ အေးစက်သွား၏။ ဤအခိုက်တွင် ကောချင်နှင့် အခြားသူများသည် ၎င်းတို့၏လည်ပင်းအနား၌ ဓားတစ်လက် ပျံဝဲနေသကဲ့သို့ ခံစားလာရသည်။
“ ကျေးဇူးပြုပြီး မင်းစကားကို သတိထားပြောပါ ... လေထုကို ပျက်စီးစေမယ့် ဘာကိစ္စမှ မလုပ်ပါနဲ့။ ”
ချင်းရှန့်က သတိပေးလိုက်သည်။ စုရီကို လှည့်ကြည့်စဉ် သူမ၏ စိတ်နေစိတ်ထားသည် ချက်ချင်းပြောင်းလဲသွား၏။
“ ဒီည ... မင်းရဲ့သခင်ကြီးကိုယ်တိုင် လာမယ်ဆိုရင်တောင် မိန်းကလေးရှစ်ချန် ဆန္ဒ မရှိရင် ခေါ်သွားလို့မရဘူး ... မင်းမယုံရင် စမ်းကြည့်လို့ရတယ်။ ”
စကားလုံးများသည် ပေါ့ပေါ့ပါးပါးနှင့် မောက်မာမှုကို ပြသနေသည်။ ယင်းကြောင့် ချင်းရှန်ခမျာ အံ့အားသင့်သွား၏။
သူမ နားကြားပင် မှားနေသည်လော။ ကြယ်စုစည်းခြင်းအဆင့်မှ ဇာတ်ကောင်သည် မည်သည့်အချိန်ကစ၍ ဤမျှလောက် ဂုဏ်ယူဝံ့ကြွားလာသနည်း။
အထောက်အထားနှင့် နောက်ခံကို ဘေးဖယ်ထားလျှင်ပင် သူမ၏ကျင့်ကြံမှုအဆင့် တစ်ခုတည်းဖြင့် ဤတိုက်ပြီးရှိ မည်သူ့ကိုမဆို ကြောက်ရွံ့စေရန် လုံလောက်သည်။
ယခုမူ ဤကောင်လေးသည် စိန်ခေါ် နေချေ၏။ အထူးသဖြင့် သခင့်ကိုပင် ဂရုမစိုက် သည့်ဟန် ပြသနေပေသည်။ ယင်းသည် သည်းမခံနိုင်စရာပေပင်။ ကောင်းကင်ကြီး မည်မျှမြင့်ကြောင်း သိချင်နေပုံရ၏။
“ ဟမ့် ... ငါ့သခင်ကို မင်းဘယ်လို စော်ကားဝံ့သလဲ ... ကောင်းပြီ မင်း စမ်းကြည့် စေချင်တယ်ဆိုရင် ငါစမ်းကြည့်မယ်။ ”
***