အရိုင်းမြေ၊ ကောင်းကင်ဘုံ ... ။
Vol. 42 Ch. 501
စုရီက ချင်းရှန့်ကို ကြည့်ကာ ‘မင်းဘယ်ကလာတာလဲ’ -ဟု မေးမြန်းလိုက်၏။ ချင်းရှန့်မှ ပြောပြသင့်သည်လော မသိသဖြင့် တွန့်ဆုတ်သွားသည်။
“ အရိုင်းမြေ၊ ကောင်းကင်ဘုံ။ ”
ထိုအချိန်တွင် အာကာသဥမင် လိုဏ်ခေါင်းထဲမှ မဟူရာဓားဧကရာဇ်၏ အသံ ထွက်ပေါ်လာသည်။
“ အရိုင်းမြေလား ... ။ ”
စုရီ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ ပြန်လည်မွေးဖွားပြီး အရိုင်းမြေဟူသော စကားလုံးကို ပထမဆုံး အကြိမ် ပြန်ကြားလိုက်ရခြင်းပေပင်။
တည်ငြိမ်သော နှလုံးသားရှိသည့် သူပင် အနည်းငယ် တုန်လှုပ်သွား၏။ အရိုင်းမြေတွင် ပြည်နယ် ကိုးပါးရှိ၏။ ထိုပြည်နယ်များသည် ကမ္ဘာပေါင်း (၃၃)ခုဖြင့် ဖွဲ့စည်းထားသည်။
၎င်းတို့ထဲတွင် ကောင်းကင်ဘုံသည် ကမ္ဘာတစ်ခုဖြစ်၏။ နယ်မြေပိုင်းခြားမှုများအရ အရိုင်းမြေ၏ မြောက်ဘက်စွန်းရှိ ပြည်နယ်တွင် တည်ရှိသည်။
အခြားသော ကမ္ဘာ့ငါးခုနှင့်အတူ ကမ္ဘာခြောက်ခုကို ‘မြောက်ပိုင်း နှင်းပြည်နယ် ခြောက်ပါး’ အဖြစ်ခေါ်ဆို၏။
မြောက်ပိုင်းနှင်းပြည်နယ် ခြောက်ပါးရှိ ကျင့်ကြံမှု အင်အားစုများမှာ ရှုပ်ထွေးလွန်းပြီး ကွန်ဖြူးရှပ် အယူဝါဒ၊ ဗုဒ္ဓဘာသာနှင့် နတ်ဆိုးဂိုဏ်းတို့ ယှဉ်တွဲတည်ရှိသည်။
ထို့အပြင် တာအိုဘာသာ၊ မှော်ဝင်္ကပါ ပညာရှင်များနှင့် တစ္ဆေကျင့်ကြံသူများစွာလည်း ရှိနေ၏။
ယင်းသည် လက်အောက်ခံ ကမ္ဘာတစ်ခုမျှသာဖြစ်ပြီး ပြည်နယ်ကိုးပါးနှင့် ယှဉ်ရန်ပင် အလှမ်းဝေးနေသေးသည်။
ထိုကွာဟချက်သည် ဝေးလံခေါင်သီသော နိုင်ငံငယ်လေးများနှင့် မဟာရှကဲ့သို့ ကြီးမားနေ ချေပြီ။
သည့်ပြင် တစ်ဖက်လူသည် ရွှမ်ယိုဧကရာဇ်ဖြစ်သဖြင့် နှင်းပြည်နယ်တွင် ထိပ်တန်းအဆင့် သတ်မှတ်နိုင်သည်။
သို့သော် ထိုလူအကြောင်းကို သူ မကြားဖူးချေ။ ယင်းသည် ဖြစ်နိုင်ချေတစ်ခုသာ ရှိသည်။
မိုးပြာတိုက်ကြီးတွင် သူ ပြန်လည် မွေးဖွားနေစဉ် ဧကရာဇ်ဖြစ်လာသည့် ဂျူနီယာ တစ်ယောက် ဖြစ်ပုံရသည်။ သို့သော် အနည်းငယ် မသေချာချေ။
အချိန်အနည်းငယ်ကြာ တွေးတောနေပြီးနောက် ခေါင်းခါယမ်းကာ ထိုကိစ္စကို ဆက်မတွေးလိုတော့ချေ။ ယွီရှစ်ချန်ထံ လှည့်ကြည့်ပြီး။
“ ငါ့ကို သွေးတစ်စက်ပေး။ ”
-ဟု တောင်းလိုက်သည်။
ယွီရှစ်ချန်က လက်ချောင်းထိပ်ကို ကိုက်လိုက်သည်နှင့် အနီရောင်တောက်တောက် သွေးတစ်စက် ထွက်ကျလာသည်။
စုရီက ကျောက်စိမ်းပုလင်းဖြင့် သိမ်းစည်းကာ၊
“ မင်းကိုနောင်မှာ ငါလာရှာမယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထို့နောက် ကျောက်စိမ်းပြားတစ်ချပ် ထုတ်ယူကာ လျှို့ဝှက်ဆန်းကြယ်သော အမိန့်ကို နတ်အာရုံဖြင့်ရေးထိုးကာ ငရဲဘုံကိုးပါးဓားမှ ရောင်ဝါဖြင့် ပေါင်းစည်းလိုက်သည်။
“ အသက်အန္တရာယ်နဲ့ ကြုံတဲ့အခါ ဒီတံဆိပ်ကို အသက်သွင်းဖို့ မမေ့နဲ့ ... ။ ”
“ အစ်ကိုစု မင်းမျက်နှာ ... ။ ”
“ ငါအဆင်ပြေတယ်။ ”
မိနစ်အနည်းငယ်အတွင်း စုရီမျက်နှာ ဖြူဖျော့သွားကာ ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက်များ ပေါ်လာသည်။
ငရဲဘုံကိုးပါးဓား၏ အငွေ့အသက်သည် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ တားမြစ် အမိန့်ဖြင့်ပင် တံဆိပ်ခတ်လိုက်ရချေပြီ။
ယင်းသည် ကျင့်ကြံမှုနှင့် ဝိညာဉ်စွမ်းအားများ အလွန်အမင်း ဆုံးရှုံးသွားသဖြင့် သူ့မျက်နှာသည် ဖြူဖျော့သွားခဲ့ရသည်။
“ မင်းအနားမှာ ငါရှိတော့မှာ မဟုတ်ဘူး ... ဒါကြောင့် မင်းရဲ့ကြိုးစားမှုကို မလျော့လိုက်နဲ့။ ”
ယွီရှစ်ချန်က ကျောက်စိမ်းတုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။ စုရီမှ ခဏလောက် စဉ်းစားပြီးနောက်၊
“ ကောင်းကင်ဘုံကို ရောက်လို့ ... မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုများ ကြုံခဲ့ရင် အနောက်ဘက်ပြည်နယ်က ... အနောက်ဘက် သုခုဘုံ ဆိုတဲ့ ဗုဒ္ဓမြင့်မြတ်မြေကို သွားပါ ...
... တစ်ယောက်ယောက်က မင်းကိုမေးလာခဲ့ရင် ‘ကြာပန်းစင်ရှိသေးလား’ ပြန်မေးလိုက် ... ဒါဆိုတစ်ယောက်ယောက်က မင်းကိုတွေ့ဖို့လာရင် ...
... မင်းရဲ့ပြဿနာကို ပြောပြလိုက်ပါ သေချာပေါက် ပြေလည်သွားအောင် ... သူ ကူညီပါလိမ့်မယ်။ ”
ယွီရှစ်ချန်သည်သာမက ချင်းရှန့်ပင် အံ့ဩသွားလေသည်။ ဤစကားများသည် စုရီမှ အရိုင်းမြေအကြောင်း ကောင်းစွာနားလည်မှန်း မြင်သာ၏။
“ ဒီအကြောင်း အပြင်လူကို မပြောနဲ့ မဟုတ်ရင် မင်းဆီသေစေလောက်တဲ့ အန္တရာယ် ရောက်ရှိလာလိမ့်မယ်။ ”
ယွီရှစ်ချန်မှ ခေါင်းညိတ်လိုက်သည်။ ထို့နောက် မှိုင်းရင့်ရင့် သစ်သားဆံညှပ်တစ်ခုကို ထုတ်ယူ၍ စုရီထံပေးသည်။
“ အစ်ကိုစု၊ ငါငယ်ငယ်က ငါ့အဖွား ပထမဆုံးဝယ်ပေးခဲ့တဲ့ လက်ဆောင်ပဲ ရတနာ မဟုတ်ပေမယ့် ငါ့အတွက် အထူးအဓိပ္ပာယ် ရှိတယ်။ ”
“ ကောင်းပြီ ... ။ ”
စုရီက ပြုံးပြီး သစ်သားဆံညှပ်ကို ယူလိုက်သည်။ သို့မှသာ ယွီရှစ်ချန်တစ်ယောက် သက်သာရာရသွား၏။
“ သခင်ငယ် ငါတို့သွားသင့်ပြီ။ ”
ချင်းရှန့်က အာကာသဥမင်ထံ ပြန်လှည့်ကြည့်ကာ အနည်းငယ်စိုးရိမ်နေသည်။ အနည်းငယ်သော မတည်မငြိမ် လက္ခဏာများ ပြသလာ၏။
“ သွားပါ ... ။ ”
စုရီက ခေါင်းညိတ်သည်။ ယွီရှစ်ချန်က မနှောင့်နှေးတော့ဘဲရှေ့တိုးကာ အာကာသဥမင် လိုဏ်ခေါင်းထဲသို့ ပျံသန်းသွားတော့၏။
“ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်တာအိုမိတ်ဆွေ မင်း အနာဂတ်မှာ ပြန်ဆုံတွေ့ဖို့ ရည်မှန်းထားတယ် ဆိုရင် ငါယွီချန်ရှင်းက မင်းကို သေချာပေါက် ပြန်ဆပ်မှာပါ။ ”
မဟူရာဓားဧကရာဇ် အသံက ပဲ့တင်ထပ်လာစဉ် အာကာသဥမင်လိုဏ်ခေါင်း ပြင်းစွာ တုန်ခါလျက် မျက်စိတစ်မှိတ်အတွင်း အလင်းမိုးအဖြစ်သို့ ပြောင်းလဲသွားတော့၏။
“ ကောင်းကင်နယ်မြေမှ မဟူရာ ဓားဧကရာဇ် ယွီချန်ရှင်း။ ”
စုရီက နာမည်ကို မှတ်ထားလိုက်သည်။ ညသည်ပို၍နက်ရှိုင်းလာပြီး အရာအားလုံးမှာ တိတ်ဆိတ်သွား၏။
“ သခင် ... မင်းကောင်းကင်နယ်မြေကို သိတာလား။ ”
“ မသိဘူး ... ။ ”
စုရီက ရှင်းပြရန် ပြင်းသဖြင့် ငြင်းဆန်လိုက်သည်။ အရေးအကြီးဆုံးသည် လက်ရှိအချိန်၌ အရိုင်းမြေအကြောင်း တစ်စုံတစ်ယောက်ကို မပြောလိုသေးချေ။
“ သွားကြရအောင်။ ”
စုရီက လက်နောက်ပို့လျက် အမှောင်ထဲ ထွက်ခွာသွားသည်။ ယွီရှစ်ချန် ထွက်ခွာခြင်းမှာ သူနှင့် မသက်ဆိုင်သလိုပေပင်။ စိုးရိမ်ခြင်း ကင်းနေသည်။
ဆန့်ကျင်ဘက်အနေနှင့် သူမသည် အရိုင်းမြေရှိ ကမ္ဘာ(၃၃)လုံးသို့ ဦးတည်သွားနေ သဖြင့် အနည်းငယ် စိတ်ပျက်သွားသလိုပင် ခံစားလိုက်ရသည်။
စုရွှမ်ကြွယ်ဘဝ၌ ရွှမ်နင်ကိုထိုအရပ်သို့ စေလွှတ်စဉ် ကျောက်တုံးနှလုံးသားသည် သူ့ကို လူဝင်စားခြင်းလမ်းကို ရှာဖွေနေကြောင်း ခန့်မှန်းနိုင်ခဲ့သည်။
ယခု ယွီရှစ်ချန်သည်သာ အနာဂတ်တွင် မဖြေရှင်းနိုင်သော ပြဿနာမျိုး ကြုံတွေ့သော် ထိုအရပ်သို့ သွားခြင်းဖြင့် သူ လူဝင်စားခြင်းမှာ အောင်မြင်ကြောင်း နားလည်သွားပေမည်။
ထိုဘုန်းကြီးသည် သူ မယုံကြည်ရဆုံး လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ချေသည်။ ဤနေ့သည် နိုဝင်ဘာ (၁၅)ရက်ဖြစ်၏။
မဟာရှမှ ထွက်ခွာခဲ့သည်မှာ တစ်လခွဲနီးပါးရှိပြီ ဖြစ်လေသည်။ ထိုနေ့ညတွင် ယွီရှစ်ချန်ဖခင်သည် အာကာသဥမင်လိုဏ်ခေါင်း ဖွင့်ကာ သူမကို ခေါ်ဆောင်သွားချေပြီ။
***
“ သတ် ... ။ ”
နိုဝင်ဘာလ(၂၀)ရက် မဟာကျိုးနိုင်ငံ အင်ပါယာပြည်နယ် တိမ်မြစ်စီရင်မြို့တော် အပြင်ဘက် နေဝင်ရီတရောအချိန်တွင် တိုက်ပွဲများ ပြင်းထန်နေ၏။
အသေကောင်များ နေရာအနှံ့ ပြန့်ကျဲကာ မဟာသခင်အဆင့် စစ်သည်တော်တစ်ဖွဲ့သည် နတ်ဆိုးသားရဲများကို အပြင်းအထန် ခုခံနေသည်။
အဖွဲ့ကို ဦးဆောင်နေသည်မှာ မဟာသခင်အဆင့် ကျွမ်းကျင်သူ အယောက် နှစ်ဆယ်မျှသာရှိ၏။
တစ်ဦးစီသည် ရာနှင့်ချီသော စစ်သည်တော်အဖွဲ့ကို ဦးဆောင်သည်။ အဝေးရှိ မြို့ရိုးပေါ်တွင် လူအများရပ်ပြီး ထိုမြင်ကွင်းထံ ထိတ်လန့်တကြား ကြည့်နေခဲ့ကြ၏။
နေရာတိုင်းတွင် သွေးများစီးဆင်းနေကာ မြို့တံခါးအပြင်ဘက်တွင် အထပ်ထပ်ပုံနေသော အလောင်းများနှင့် အစိတ်အပိုင်းများရှိသည်။
တိုက်ပွဲသည် သုံးရက်တိုင်ပြီဖြစ်၏။ မရေမတွက်နိုင်သော စစ်သည်တော်များသေဆုံး နေကာ အနိုင်ရရန် မျှော်လင့်ချက် မတွေ့သေးချေ။
“ တစ်လအတွင်း ကမ္ဘာကြီးတစ်ခုလုံး လုံးဝပြောင်းလဲသွားတာပဲ ... ။ ”
မြို့ရိုးပေါ်ရှိ တစ်စုံတစ်ယောက်က မှုန်ကုပ်ကုပ်ဖြင့် သက်ပြင်းချလိုက်လေသည်။ ကျန်သူများအားလုံးလည်း တိတ်ဆိတ်နေ၏။
လွန်ခဲ့သည့်တစ်လက သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ မဟာကျိုးနိုင်ငံတစ်ဝှမ်းတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။
တောင်များ၊ မြစ်များ၊ ရေကန်များနှင့် ပင်လယ်များကိုဖြတ်၍ သားရဲများ ဝင်ရောက် လာခြင်း ဖြစ်၏။
အထူးသဖြင့် နတ်ဆိုးတောင်ရှစ်လုံး တည်ရာနေရာသည် အလွန်အန္တရာယ်များသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
အခြားကမ္ဘာမှ ကျင့်ကြံသူများသည် အာကာသဆုံမှတ်များအပေါ် ဖြတ်ကျော်ကာ တောင်တန်းများကို သိမ်းပိုက်ထားကြ၏။
ထို့ကြောင့် တစ်လအတွင်း ပရမ်းပတာ သွေးထွက်သံယိုပဋိပက္ခများနှင့် အပျက်အစီး များစွာကို နေရာတိုင်း မြင်တွေ့လာရသည်။
သားရဲဒီရေများသည်လည်း မကြာခဏ ဖြစ်ပေါ်ခြင်းနှင့်အတူ မရေမတွက်နိုင်သော မြို့များ လုံးဝပြိုလဲသွား၏။
ထိုသို့သော အခြေအနေမျိုးတွင် သာမန်လူများမဆိုနှင့် စစ်သည်တော်များပင် လုံခြုံမှုမရှိတော့ချေ။
“ အင်ပါယာ ပြည်နယ်တစ်ဝက်ကျော် သားရဲဒီရေအောက် ကျသွားပြီလို့ ငါ ကြားတယ် ငါတို့မတားနိုင်ရင် တိမ်မြစ်စီရင်စုမြို့တော်လဲ လုံးလုံးပျက်စီးသွားလိမ့်မယ်။ ”
မြစ်ပြာဓားစံအိမ်သခင် မုစန်းတုံမှ အလေးအနက် ပြောကြားလာ၏။ အကြီးအကဲ ကျောက်ဟိုက်ချွယ်မှ သက်ပြင်းချသည်။ တုန်ပြန်ခြင်း မပြုနိုင်ချေ။
“ ဂိုဏ်းရဲ့တပည့်တွေအတွက် မင်းဘယ်လို စီစဉ်ထားလဲ။ ”
မုစန်းတုံက မေးသည်။
“ စံအိမ်သခင်ကို သတင်းပို့ရင် ဂိုဏ်းထဲကတပည့်တွေအားလုံးကို အချိန်မရွေး ထွက်သွားနိုင်အောင် စီစဉ်ပေးထားပါတယ်။ ”
အကြီးအကဲကျောက်မှ ပြန်ဖြေ၏။ မုစန်းတုံက အဝေးသို့ မျှော်ကြည့်ကာ တစ်ခုခု စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့်၊
“ ကောင်းပြီ ... ငါတို့ တကယ် မထိန်းနိုင်ဘူးဆိုရင် ... မင်းသူတို့ကိုခေါ်သွားပြီး ကောင်းကင်မူလအကယ်ဒမီဆီ သွားပါ။ ”
-ဟု အမိန့်ပေးလိုက်တော့သည်။
***