← Chapters

အမသုံး၏စာ

Vol. 38 Ch. 557

အမသုံး၏စာ

Vol. 38 Ch. 557

ဓာတ်ငါးမျိုးဂိုဏ်းမှ လုယန်ပြန်လာပြီးနောက် အချိန်သုံးလကုန်လွန်သွားသည်။ တစ်နေ့တွင် ယွမ်ကျိထံ 'မိုင်ထောင်ချီစာလွှာ'ရောက်လာသည်။ သူခဏမင်သက်မိသွားသည်။

အတော်ကြာအောင် စဉ်းစားနေပြီးနောက် သက်ပြင်းတစ်ချက်ကျိတ်ချလိုက်သည်။

"မောင်လေးလုကို ခရီးထွက်ခိုင်းရမယ့်အချိန် ရောက်လာပြီထင်တယ်"

ယခု လုယန်၏ကျင့်ကြံမှုက အရေးကြီးသည့်အချိန် ရောက်နေသည်။

ပါးစပ်ကိုကျယ်ကျယ်ဟ၍ ဝိညာဉ်စွမ်းအင်များ စုပ်ယူနေသည်။ တစ်ကိုယ်လုံးချွေးများစိုရွှဲနေသည်။ ချွေးများက မြူငွေ့အဖြစ်ပြောင်းသွားပြီး သူ့ဦးခေါင်းအထက်တွင် တော်ဝင်တိမ်တိုက်ပမာ စုဖွဲ့နေသည်။

"ဟူး...ရွှေသန္ဓေအဋ္ဌမအဆင့်ကို ရောက်လာပြီပဲ"

(**အဆင့်တစ်ခုချင်းစီတွင် အဆင့်ငယ်ကိုးခုပြန်ခွဲသည်။ ချီကိုးဆင့်၊ အခြေတည်ကိုးဆင့်...စသဖြင့် ခွဲခြင်းဖြစ်သည်။ ပထမသုံးဆင့်ကို အခြေခံအဆင့်၊ ဒုတိယသုံးဆင့်ကို အလတ်တန်းဆင့်၊ တတိယသုံးဆင့်ကို နောက်ဆုံးအဆင့်ဟု ခွဲခြားသည်။ မသေမျိုးငါးဂိုဏ်းနှင့်ထိပ်တန်းဂိုဏ်းများတွင် ထိုသို့အသေးစိတ်မခွဲပါ။ သုံးဆင့်သာအကြမ်းဖျင်းခွဲသည်။ နတ်မယ်က အဆင့်များများခွဲလေ စိတ်အားထက်သန်မှုပိုရလေဟုပြော၍ လုယန်ကို ချီသတ္တမအဆင့်၊ အဋ္ဌမအဆင့် စသဖြင့်ပြန်ခွဲသည်။

**လုယန်စာစဉ်သည် အီးဘာသာပြန် သုံးခုပြောင်းလဲခဲ့ရပါသည်။ ပထမဆုံးအီးဘာသာပြန်သည် အခန်း ၄၂၀ အထိဖြစ်သည်။ ကျွန်တော်အကြိုက်ဆုံး အီးထရန်ဖြစ်ပါသည်။ ထိုနောက်ပိုင်း တစ်ယောက်ပြောင်းသွားသည်။ သိပ်မကောင်းလှသော်လည်း ၅၀၀ လောက်ထိ မဆိုးလှ။ ထိုအီးထရန်က ၅၆၀ ထိပြန်ထားသည်။ ၅၀၀ နောက်ပိုင်းတွင် ဝါကျများက သိပ်ဟန်တော့သဖြင့် ဝဘ်ဆိုဒ်တစ်ခု ပြောင်းရသည်။

အီးဘာသာပြန်ပြောင်းသွားလျှင် ဘာသာပြန်ရဘယ်လောက်ဒုက္ခများသည်ကို ဘာသာပြန်သူများသာ သိပါသည်။ စကားတစ်လုံးအတွက် ရှေ့အခန်းပေါင်း ၁၀၀ လောက် ပြန်ရှာရသည့်အဖြစ်မျိုးနေ့တိုင်းလိုလို ကြုံရသည်။

ထို့ကြောင့် ရှေ့နောက်ကွဲလွဲချက်မရှိအောင် အကောင်းဆုံးကြိုးစားဘာသာပြန်နေသည့်ကြားမှ အပြောင်းအလဲလေးများ ပါလာခဲ့‌သော် သည်းခံဖတ်ရှုပေးကြဖို့ မေတ္တာရပ်ခံပါသည်။ စာစဉ်ကတော့ ဇာတ်ရှိန်မကျသေးပါ)

သူမျက်လုံးဖွင့်လိုက်သည်။ သူ့ရှေ့တွင်ရပ်နေသည့် ယွမ်ကျိက အရယ်အပြုံးကင်းသည့်မျက်နှာဖြင့် မေးသည်။

"ရွှေသန္ဓေအဆင့်ကို သတ္တမအဆင့် အဋ္ဌမအဆင့်လို့ ဘယ်တုန်းကခွဲထားတာလဲ"

လုယန်က နောက်ကွယ်မှ ဉာဏ်ကြီးရှင်ကို ချက်ချင်းလက်ညှိုးထိုးပြသည်။

"နတ်မယ်ပြောတာပါ။ အဆင့်များများခွဲလေ ကျင့်ကြံတဲ့အခါ စိတ်အားထက်သန်မှုပိုရလေတဲ့။ အဆင့်တစ်ဆင့်တက်တိုင်း အောင်မြင်မှုခံစားချက်မျိုးရတယ်တဲ့"

"ဟေ့ ဟေ့ ဟေ့၊ နင်ငါ့ကို သစ္စာဖောက်နေတာလား"

ပန်းရောင်ညဝတ်အင်္ကျီဝတ်ထားသည့်နတ်မယ် အခုမှနိုးလာဟန်ဖြင့် လုယန်ကိုယ်ထဲမှ ခုန်ထွက်လာသည်။ နှုတ်ဖွာသည့်လုယန်ကို မကျေမနပ်ဖြစ်နေသည်။

"ဒါက သစ္စာဖောက်တာမဟုတ်ဘူးလေ။ အမယွမ်ကမေးရင် ကျုပ်အမှန်အတိုင်းဖြေရမှာပေါ့"

"ဒါသစ္စာဖောက်တာပဲ"

"မဟုတ်ဘူး"

သူတို့နှစ်ယောက် ဆက်ငြင်းခုန်နေလျှင် တစ်နေကုန်ဘာမှလုပ်နိုင်တော့မည်မဟုတ်ဟု ယွမ်ကျိယူဆသည်။

စာတစ်စောင် သူထုတ်လိုက်သည်။ လှပသေသပ်သည့် စာလုံးများ စာအိတ်ပေါ်တွင်ပါသည်။

သို့...ချစ်ရတဲ့ အမယွမ်...

"ဒါကဘာလဲ"

"နတ်ဆိုးနယ်မြေမှာနေတဲ့ တတိယညီမ ကန်ထန်ဆီကစာပါ။ နတ်ဆိုးနယ်မြေမှာ ရှေးဟောင်းခေတ်နဲ့ ပတ်သက်တာတစ်ချို့တွေ့တယ်လို့ပြောတယ်။ သူနဲ့အတူလေ့လာဖို့ ဒါမှမဟုတ် မေးခွန်းတစ်ချို့ ကူညီဖြေရှင်းဖို့ ရှေးဟောင်းသမိုင်းကျွမ်းကျင်သူတစ်ယောက် ရှာပေးပါတဲ့"

'မိုင်ထောင်ချီစာလွှာ'သည် သာမန်စာမဟုတ်။ မှော်ရတနာဖြစ်သည်။ မူရင်းမှော်စာနှင့် လက်ခွဲမှော်စာဟူ၍ နှစ်မျိုးတွဲလျက်လာသည်။ ယွမ်ကျိက မူရင်းမှော်စာပိုင်ဆိုင်သည်။ ကန်ထန်က လက်ခွဲမှော်စာရှိသည်။ ကန်ထန်ရေးသမျှစာများလည်း ယွမ်ကျိ၏ မူရင်းမှော်စာ‌တွင်ပေါ်လာသည်။

"ငါပြန်စဉ်းစားကြည့်တယ်။ ရှေးဟောင်းသမိုင်းအကြောင်းအသိဆုံးလူက မင်းပဲရှိတာ။ မင်းအလုပ်မများရင် နတ်ဆိုးနယ်မြေကို သွားလို့ရတယ်လေ"

လုယန် စဉ်းစားသည်။ ယခုသူသည် ရွှေသန္ဓေအဋ္ဌမအဆင့်သို့ ရောက်ပြီးဖြစ်သည်။ သို့သော် နဝမအဆင့်ရောက်ဖို့ အဝေးကြီးလိုသေးသည်။ ဂိုဏ်းထဲတွင် အမြဲအောင်း၍ လေ့ကျင့်နေခြင်းသည် သိပ်မကောင်းလှ။ ထို့ကြာင့် အပြင်ထွက်၍ လောကအတွေ့အကြုံယူရမည်။

"ကျုပ်သွားမယ်"

လုယန် စိတ်အားထက်သန်နေသည့်ပုံစံကိုကြည့်၍ ဆရာဖြစ်သည့် တာအိုရှင်ဝစီပိတ်ကို ယွမ်ကျိပြန်မြင်ယောင်မိသည်။ သူသတိပေးလိုက်သည်။

"အလယ်ပိုင်းတိုက်နယ်နဲ့ နတ်ဆိုးနယ်မြေနယ်စပ်မှာ ထူးဆန်းတာတစ်ချို့ မင်းတွေ့လိမ့်မယ်။ နားမလည်ရင် မင်းရဲ့အမသုံးကို တွေ့တဲ့အခါ မေးကြည့်လို့ရတယ်"

....

မီးခိုးရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက် မြေပေါ်သို့ဆင်းလာသည်။ လက်တစ်ဘက်ကို အင်္ကျီလက်ထဲသို့ ထိုးထည့်ထားသည်။ နှုတ်ခမ်းတွင် အပြုံးတစ်ပွင့်ရှိနေပြီး မျက်လုံးကို မှိတ်လုမတတ်မှေးစင်းထားသည်။

"ရပ်စမ်း၊ နာမည်ပြော"

တာအိုလမ်းစဉ်ဂိုဏ်းဂိတ်တံခါးအစောင့်များက လက်ပြတားဆီး၍ သတိဖြင့်စောင့်ကြည့်နေသည်။

ထိုအဖြစ်ကို ကြိုတွေးထားဟန်ဖြင့် မီးခိုးရောင်ဝတ်ရုံရှင်က အင်္ကျီလက်ထဲမှ စာတစ်စောင်ထုတ်၍ အစောင့်နှစ်ယောက်ကိုပေးသည်။

"တစ်ခုကူညီပေးပါ။ ကျုပ်က မုန်မိသားစုရဲ့အိမ်တော်ထိန်း ရှုယွီပါ။ မုန်သခင်လေးဆီလာလည်တာပါ။ အဆင်ပြေအောင်စီစဉ်ပေးစေချင်ပါတယ်"

ဂိတ်စောင့်များက စာပါအကြောင်းအရာများကို စစ်ဆေးကြသည်။ မုန်မိသားစုထံမှ ရှုယွီကို ထောက်ခံအတည်ပြုပေးထားသည့် မိတ်ဆက်စာတစ်စောင် ဖြစ်သည်။ ထိုစာမျိုးကို ဘယ်သူမှအတုလုပ်ရဲမည်မဟုတ်။

မုန်မိသားစုသည် တစ်ခြားလူများကိုသာ လှည့်စားသည်။ တစ်ခြားလူလှည့်စားသည်ကို ဘယ်တော့မှမခံကြ။ မုန်မိသားစုဝင်အဖြစ် အယောင်ဆောင်သူသည် အလယ်ပိုင်းတိုက်နယ်တွင် ဆက်နေခွင့်ရတော့မည်မဟုတ်။

"အိမ်ထိန်းရှု၊ ညီလေးမုန်ကိုဘာလို့လာတွေ့တာလဲ သိခွင့်ရှိမလား"

ဘယ်သူမှ ထုတ်မပြောသော်လည်း တာအိုလမ်းစဉ်ဂိုဏ်းဝင်တိုင်း မုန်ကျင်းကျိုး၏နောက်ခံကို သိကြသည်။

ရှုယွီ သက်ပြင်းချသည်။ သူ့မျက်နှာမှအပြုံး ပျောက်ကွယ်သွားသည်။

"တစ်ခြားဘာကိစ္စရှိနိုင်မှာလဲ။ သခင်လေးကို အိမ်ပြန်လာဖို့ ဖျောင်းဖျဖို့ပေါ့။ သူ့မိဘတွေက သူ့ကိုသတိရနေတယ်။ ဒါကြောင့် ကျုပ်ကို သူ့ဆီသွားလည်ခိုင်းတာပါ"

ထိုသို့ပြောရင်း အင်္ကျီလက်ထဲမှ မှော်လက်စွပ်နှစ်ကွင်းထုတ်၍ အစောင့်နှစ်ယောက်ကို လှမ်းပေးလိုက်သည်။

"ဒီမှာက အေးတယ်။ ခင်ဗျားတို့နှစ်ယောက် ဂိတ်တံခါးစောင့်ရတာ မလွယ်လောက်ဘူး။ ဒီမှော်လက်စွပ်တွေထဲမှာ တန်ဖိုးသိပ်မကြီးတဲ့ လက်ဆောင်ပစ္စည်းလေးတွေ နည်းနည်းရှိတယ်။ ကျုပ်ကို ဂိုဏ်းထဲဝင်ခွင့်ရအောင် လုပ်ပေးပါ"

ဂိုဏ်းတပည့်နှစ်ယောက်က ထိုလက်စွပ်များကို လက်မခံနိုင်ကြောင်း ငြင်းကြသည်။

"ကျုပ်တို့ ဒီလိုလုပ်လို့မဖြစ်ဘူး။ ဂိုဏ်းစည်းမျဉ်းအရ လာဘ်ယူတာကို တားမြစ်ထားတယ်။ သိတာနဲ့ ချက်ချင်းပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပါ"

"ယူသာယူလိုက်ပါ။ ခင်ဗျားတို့နှစ်ယောက်ရယ် ကျုပ်ရယ် သုံးယောက်ပဲသိတာလေ။ ကျုပ်တို့ထုတ်မပြောရင် ဘယ်သူသိနိုင်မှာလဲ"

ဂိုဏ်းတပည့်နှစ်ယောက် ငြင်းမရသဖြင့် စိတ်မပါ့တပါ လက်ခံလိုက်သည်။

"မိဘက သားသမီးကို သတိရတာ သဘာဝပါပဲ။ ဝင်ပါ အိမ်ထိန်းရှု"

ဂိတ်စောင့်က စာကိုသေချာခေါက်၍ စာအိတ်ထဲပြန်ထည့်ပြီး ရှုယွီကိုပြန်ပေးသည်။ ထို့နောက် ဘေးသို့ဖယ်ပေးသည်။

ဂိုဏ်းထဲရောက်သည်နှင့် ရှုယွီမျက်နှာတွင် သောကရိပ် ဝမ်းနည်းရိပ်များ လုံးဝမရှိတော့ဘဲ ပြုံးရွှင်လာသည်။

မြစ်ဝိညာဉ်က မြစ်ထဲမှ ခေါင်းပြူကြည့်သည်။

ရှုယွီ မြစ်ဝိညာဉ်ကို လေးလေးစားစားဦးညွှတ်အရိုသေပေးလိုက်သည်။ မြစ်ဝိညာဉ် ရေထဲပြန်ငုပ်သွားသည်။ ရှုယွီ ဆက်လျှောက်လာခဲ့သည်။

မုန်ကျင်းကျိုး ခန္ဓာသန့်စင်မှုတောင်ထိပ်တွင်နေထိုင်ကြောင်း သူကြိုတင်သိထားသည်။ မြက်စားနေသည့် မြင်းအိုကိုတွေ့သည်။ ရှာရသိပ်မခက်လှ။

မြင်းအိုကို သူနှုတ်ဆက်သည်။ မြင်းအိုက နှာတစ်ချက်မှုတ်၍ တုံ့ပြန်သည်။ မုန်ကျင်းကျိုး လှိုဏ်ဂူထဲတွင်ရှိနေကြောင်း အချက်ပြသည်။

ရှုယွီ ကျောက်တံခါးကို ငြင်သာစွာ သုံးကြိမ်ခေါက်သည်။ ထို့နောက် စက္ကန့်သုံးဆယ်စောင့်သည်။ တံခါးလာမဖွင့်သဖြင့် နောက်သုံးကြိမ်ထပ်ခေါက်သည်။

တံခါးကို ခပ်ပြင်းပြင်းထပ်ခေါက်ရန် ပြင်နေစဉ် မုန်ကျင်းကိုးက စိတ်မရှည်သည့်ဟန်ဖြင့် တံခါးကိုတွန်းဖွင့်သည်။

"ဘယ်သူလဲကွ။ ငါတံခါးပိတ်ကျင့်နေတာမဟုတ်ဘူးလေ။ တွေ့ချင်ရင် ဝင်လာလိုက်ရုံပဲမဟုတ်လား"

ခေါင်းမော့ကြည့်လိုက်ချိန်တွင် ရှုယွီမျက်နှာကိုမြင်ရသဖြင့် သူအံ့ဩသွားသည်။ သတိဖြင့် မေးသည်။

"အိမ်ထိန်းရှု၊ ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ"

"သခင်လေး၊ အထဲဝင်ပြီးပြောကြမလား။ အပြင်မှာပြောလို့မဖြစ်တဲ့အကြောင်းတွေ့ ရှိလို့ပါ"

မတတ်သာတော့သဖြင့် မုန်ကျင်းကျိုး အိမ်ထိန်းရှုကို အထဲသို့ခေါ်လိုက်ရသည်။

အိမ်ထန်းရှု မြက်ဖျာတစ်ခုပေါ်ထိုင်ပြီး လာရင်းရည်ရွယ်ချက်ကို ရှင်းပြသည်။

"သခင်လေးပြန်မလာတာ နှစ်နှစ်ကြာပြီဆိုတော့ သခင်ကြီးက သူ့ဆီလာလည်စေချင်နေတယ်။ သူက သခင်လေးကို သိပ်သတိရနေတာ"

"မဖြစ်နိုင်ဘူး"

မုန်ကျင်းကျိုး ချက်ချင်းငြင်းသည်။ လွန်ခဲ့သည့်နှစ်နှစ်က ဆုံးဖြတ်ချက်အခိုင်အမာချပြီး အိမ်မှထွက်လာခြင်းဖြစ်သည်။ ပြန်မသွားနိုင်။

"သခင်လေးကျူးလွန်ခဲ့တဲ့ အမှားတွေအားလုံးကို သူသိတယ်လို့ပြောတယ်။ သူခွင့်လွှတ်ပါတယ်တဲ့"

ရှုယွီ၏ ပြုံးနေသည့်မျက်နှာကို မုန်ကျင်းကျိုး သံသယဖြင့်ကြည့်သည်။ စကားထဲတွင် အမှန်တရားပါမပါ ခွဲခြားရန်ကြိုးစားသည်။

"တကယ်လား"

"ဟုတ်ပါတယ်"

မုန်ကျင်းကျိုးပျော်သွားသည်။

"ဆောင်ကြာမြိုင်ကကောင်မလေးတစ်ယောက်ကို အဖေနဲ့ဦလေး ဈေးပြိုင်လေလံဆွဲမိအောင် ကျုပ်တမင်စီစဉ်ခဲ့တယ်။ နောက်ဆုံး အဖြစ်မှန်ပေါ်တော့ သူတို့အရှက်ကွဲတယ်။ ဒါတောင် အဖေက ကျုပ်ကိုခွင့်လွှတ်တယ်ပေါ့...

နောက်ပြီး ဝန်ကြီးလီရဲ့မြေး၊ ဝန်ကြီးကုန်းရဲံသား၊ ပြီးတော့ အင်ပါယာရဲ့သားတော်ကိုတောင် ကျုပ်ရိုက်ခဲ့တယ်။ လျှို့ဝှက်ပြီးလုပ်ခဲ့ပေမယ့် နောက်ဆုံးတော့ အဖေသိသွားတယ်။ ဒီကိစ္စအတွက်လည်း ကျုပ်ကိုခွင့်လွှတ်တယ်ပေါ့...

အဖေကိုယ်လုပ်တော်တစ်ယောက်ထားချင်တဲ့ကိစ္စ အမေ့ကို ကျုပ်ပြောလိုက်လို့ အဖေအရိုက်ခံရတယ်။ ကျုပ်ဖော်ကောင်လုပ်တာ အဖေသိသွားတယ်။ ဒီကိစ္စလည်း ခွင့်လွှတ်တယ်ပေါ့.."

ပြီးတော့...."

ရှုယွီနားထောင်လေ ပိုမျက်လုံးပြူးလာလေဖြစ်သည်။ သူထွက်မလာမီ မုန်သခင်ကြီးက အဖြစ်အပျက်တစ်ခုနှစ်ခုသာ ပြောခဲ့သည်။ ကျန်သည့်ကိစ္စများ လုံးဝမပြော။

အနေခက်လာသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်သည်။

"သခင်လေးအနေနဲ့ အိမ်ကိုအလျင်စလိုပြန်ဖို့ မလိုသေးပါဘူး။ သခင်ကြီးက တိုင်းပြည်ကိစ္စတွေနဲ့ အလုပ်များနေတာ။ သခင်လေးကိုတောင် တွေ့ချိန်မရှိလောက်ဘူး။ အိမ်ပြန်ဖို့ကိစ္စ သေချာအချိန်ယူဆုံးဖြတ်ပါ။

ကျုပ်ဒီကိုလာရတဲ့ အဓိကအကြောင်းရင်းက တစ်ခြားကိစ္စကြောင့်ပါ"

"ဘာကိစ္စလဲ"

ရှုယွီပြုံး၍ အလေးအနက်လေသံဖြင့်ပြောသည်။

"သခင်လေးက ပါရမီရှင်လုယန်နဲ့ ရင်းနှီးတယ်လို့ကြားတယ်။ ဒီကောင်လေးဟာ နောင်တစ်ချိန် သေချာပေါက်အောင်မြင်မှုရလာလိမ့်မယ်လို့ သခင်ကြီးကပြောတယ်။ သူက ကျုပ်တို့မုန်မိသားစုအတွက် အသုံးဝင်လာနိုင်တယ်လို့ ယူဆနေပုံပဲ"

************************************

All Chapters