ညီအကိုကောင်း
Vol. 38 Ch. 558
မုန်ကျင်းကျိုးလှိုဏ်ဂူဆီ လုယန်ရောက်လာသည်။ တံခါးမခေါက်မီ မုန်ကျင်းကျိုးနှင့်တစ်ခြားလူတစ်ယောက် စကားပြောနေသည်ကို သူကြားရသည်။
"မဖြစ်နိုင်ဘူး။ မုန်ကျင်းကျိုးကို ဘယ်လိုလူစားမျိုးထင်လို့လဲ။ ကျုပ်ဂိုဏ်းတူညီအကိုကို ဘယ်လိုလုပ် ဒုက္ခတွင်းထဲ တွန်းပို့နိုင်မှာလဲ"
"ဒါက သခင်ကြီးရဲ့ဆန္ဒပါ။ သခင်လေးအနေနဲ့ လုယန်ကို ထိန်းချုပ်ချင်ရင် ဒီတစ်နည်းပဲရှိတယ်"
"ဒီကိစ္စလုံးဝမဖြစ်နိုင်ဘူး။ အဖေ့ကို မေ့လိုက်တော့လို့ ခင်ဗျားသွားပြောလိုက်ပါ...
ကျုပ်အဖေအကြောင်း ထပ်မပြောနဲ့။ သူသတ္တိရှိရင် တာအိုလမ်းစဉ်ဂိုဏ်းကို လာခိုင်းလိုက်။ ကျုပ်ဆရာကိုပြောပြီး သူ့ကိုရိုက်နှက်ခိုင်းမယ်"
"သခင်လေး...အင်း..."
ဖျောင်းဖျလည်း အကျိုးထူးမလာသဖြင့် ရှုယွီလက်လျှော့လိုက်သည်။ ထို့နောက် တံခါးအပြင်ဘက်တွင်ရပ်နေသည့်လုယန်ကို မြင်လိုက်ရသဖြင့် သူခဏမင်သက်မိသွားသည်။
လုယန်၏ ပုံတူပန်းချီကို သူမြင်ဖူးသည်။
လုယန်လည်း နည်းနည်းအနေခက်နေသည်။ ထိုနှစ်ယောက်က သူနှင့်ပတ်သက်သည့်အကြောင်း ပြောဆိုဆွေးနွေးနေသည်။ ချီးကျူးစကားမျိုးလည်းမဟုတ်။ သို့သော် မျက်နှာချင်းဆိုင်တိုက်ရိုက်တွေ့ရသည်မှာ အားနာစရာကောင်းသည်။
နှစ်ယောက်သား စကားမပြောကြဘဲ ခေါင်းသာငြိမ့်ပြ၍ ဖြတ်လျှောက်သွားကြသည်။ လုယန်က ဝင်လာသည်။ ရှုယွီက အပြင်ထွက်သွားသည်။
အထဲဝင်ပြီးနောက် ဒေါသထွက်နေသည့် မုန်ကျင်းကျိုးကို သူတွေ့သည်။
"အတော်ရိုင်းတာပဲ။ ငါ့အဖေ ဘာတွေကြံစည်နေလဲကြည့်ဦးလေ"
မုန်ကျင်းကျိုးက မကျေမနပ်ပြောသည်။ အမြဲလိုလို လုယန်ကို လှည့်စားဖို့ကြိုးစားနေသော်လည်း အရေးကြီးသည့်အချိန်ရောက်လျှင် သူအမြဲတမ်း လုယန်ဘက်မှရပ်တည်သည်။
လုယန် ရင်ထဲအတော်ထိသွားသည်။ ညီအကိုကောင်းစိတ်ဓာတ်အစစ်သည် ဘယ်တော့မှမသေ။ ထို့ကြောင့် ဘာမှမကြားလိုက်သလိုဟန်ဆောင်၍ သူမေးသည်။
"ခုနကလူက ဘယ်သူလဲ"
"ရှုယွီပါ။ အရင်က ငါ့အဖေရဲ့ အကြံပေးပေါ့။ အခု အိမ်အတော်ထိန်းဖြစ်သွားပြီ"
"သူကမင်းကို အိမ်ပြန်ဖို့လာဖျောင်းဖျတာလား"
"စစချင်းတော့ အဲလိုပဲ။ ဒါပေမယ့် စကားခဏပြောပြီးတော့ ငါကိုအိမ်ပြန်ဖို့ကိစ္စ ဆက်မပြောတော့ဘူး။ အရေးကြီးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ငါ့ကိုအကူအညီတောင်းတယ်"
"ဘာအကူအညီလဲ"
"အဖေက ငါ့ညီမကို မင်းနဲ့လက်ထပ်ပေးချင်တာလေ။ ငါမင်းကိုယ်စား အပြတ်ငြင်းလိုက်တယ်"
လုယန် "..."
ညီအကိုကောင်းဆိုတာ ဒါလား...
"မင်းညီမက ကျင့်စဉ်လမ်းကိုဝင်ဖို့အတွက် အသက်ငယ်လွန်းသေးတယ်မဟုတ်လား"
"စေ့စပ်ကြောင်းလမ်းတာလေ။ မျိုးနွယ်ကြီးမိသားစုတွေက ဒီလိုလုပ်တဲ့အစဉ်အလာကို သဘောကျတယ်။ ငါကလေးဘဝတုန်းကလည်း လူတွေအများကြီး လာစေ့စပ်ကြတာပဲ။ ရှေးရိုးစွဲအစဉ်အလာကြီးပါ။
ငါ့ညီမဆီ ငါပို့တဲ့စာတွေကို အဖေက ကြားဖြတ်ဖတ်ခဲ့တယ်ထင်တယ်။ စာထဲမှာ မင်းပါးနပ်တာ၊ ရက်စက်တာ၊ အတွေးထက်မြက်တာတွေကို ငါချီးကျူးထားတာကြည့်ပြီး သူမင်းကို သမက်တော်ချင်တာဖြစ်မယ်။
ဟိုအိမ်ထိန်းရှုကလည်း အဖေပြောတာကို ပြန်ပြောတယ်။ မင်းဆရာက တာအိုရှင်ဝစီပိတ်ဖြစ်နေလို့ မိန်းမရှာမရရင် ငါတို့မုန်မိသားစုဝင်နဲ့ လက်ထပ်ပါလားတဲ့။
...အဲ...ဒါနဲ့ မင်းငါ့ကိုလာတွေ့တာ ဘာကိစ္စလဲ"
"အမသုံးဆီက စာရောက်လာတယ်။ သူကနတ်ဆိုးနယ်မြေကို သွားချင်တယ်။ ငါသူနဲ့အတူ လိုက်သွားဖို့စီစဉ်ထားတယ်။ မင်းလိုက်မလားလို့လာမေးတာ"
"ဘယ်ကအမသုံးလဲ"
"အမသုံးကန်ထန်ပေါ့"
"အဲဒါဘယ်သူလဲ"
ထိုအချိန်ကျမှ ကန်ထန်အကြောင်း လူအများသိပ်မသိကြသည့်အဖြစ်ကို လုယန်ပြန်စဉ်းစားမိလာသည်။ ဂိုဏ်းသို့ပြန်မလာသည်မှာ အတော်ကြာပြီး ခပ်လျိုလျိုနေခဲ့သူဖြစ်၍ ဂိုဏ်းထဲတွင်ပြောကြသည့် ဇာတ်လမ်းများတွင် သူ့အကြောင်းသိပ်မပါခဲ့။
"ငါ့ဆရာမှာ တပည့်လေးယောက်ရှိတယ်။ အမယွမ်အပြင်တစ်ခြား တပည့်ကြီးနှစ်ယောက်ရှိသေးတယ်။ ဒုတိယအကို ယဲ့ဇီကျင်းနဲ့ တတိယအမကန်ထန်ပဲ။ တစ်ယောက်က ရွှေဗုဒ္ဓနိုင်ငံမှာ။ နောက်တစ်ယောက်က တောင်ပိုင်းနယ်ဆိုးနယ်မြေမှာ"
မုန်ကျင်းကျိုး နားလည်သွားပြီး ခေါင်းငြိမ့်သည်။
"မင်းအကိုနှစ်အကြောင်း ငါသိတယ်။ နတ်ဝိညာဉ်အဆင့်မှာ ကိုယ်ပိုင်နတ်ဝိညာဉ်ကိုအနိုင်မယူနိုင်လို့ ဝိညာဉ်သန္ဓေထွက်ပြေးသွားတဲ့လူမဟုတ်လား"
"...အကိုနှစ်နဲ့တွေ့တဲ့အခါမှ ဒီအကြောင်းပြောပါ"
ရှုယွီ ဝေးဝေးမသွား။ မြင်းအိုဘေးတွင်ထိုင်၍ ဝိုင်နှစ်လုံးထုတ်ပြီး သူတစ်လုံးသောက်သည်။ မြင်းအိုပါးစပ်ထဲတစ်လုံးထိုးပေးသည်။
ဝိုင်တစ်ဝက်ခန့်သောက်ချပြီးနောက် သူပြောသည်။
"အကိုမာ(မြင်း)၊ တာအိုလမ်းစဉ်ဂိုဏ်းမှာနေရတာဘယ်လိုလဲ။ အမှန်အတိုင်းပြောရရင် သခင်လေးဘေးမှာနေရတဲ့အကို့ကို ကျုပ်တကယ်မနာလိုဖြစ်မိတယ်။ တကယ်သက်တောင့်သက်သာရှိတာပဲ။ အိမ်ထိန်းဘဝ လုပ်စရာကိစ္စတွေ ဘယ်လောက်များလဲ အကိုသိပါတယ်။ တကယ်အလုပ်ရှုပ်တယ်။ မုန်မိသားစုတစ်ခုလုံး ထိန်းချုပ်စီမံရတာ အရမ်းပင်ပန်းတယ်။
ဒါကြောင့် အကိုကြီးက ဒီကောင်လေးနဲ့အတူပျောက်သွားတာလို့ကြားကြားချင်း တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်လိုက်လာတာပဲ။ သခင်လေးပြန်တာမပြန်တာ အရေးမကြီးဘူး။ အနည်းဆုံးတော့ ကျုပ်ရက်နည်းနည်းအနားယူလို့ရတယ်လေ"
မြင်းအိုက ရှုယွီကို တစ်ချက်ကြည့်သည်။ ဝိုင်ပုလင်းကိုပါးစပ်ဖြင့်ကိုက်၍ ခေါင်းမော့ပြီး သူလည်း ဝိုင်တစ်ဘက်ကုန်အောင် သောက်လိုက်သည်။ ထို့နောက် ပါးစပ်ကိုဟသည်။ ဝိုင်ပုလင်းက လေထဲတွင် တန်းလန်းကျန်နေသည်။
"သခင်လေးနောက်လိုက်ရတာ အဲလောက်လွယ်တယ်ထင်နေလား"
မြင်းအိုစိတ်ထဲတွေးသည်။
...မင်းရဲ့အိမ်ထိန်းအလုပ်ကပဲ ပင်ပန်းတယ်ထင်နေလား။ င့ါအလုပ်နဲ့ယှဉ်ရင် မင်းဟာကဘာဟုတ်သေးလို့လဲ...
တာအိုလမ်းစဉ်ဂိုဏ်းဆီ သခင်လေးကို ခေါ်လာတော့ ဂိတ်တံခါးထဲတောင်မဝင်ရသေးဘူး။ သခင်လေးက ယွမ်ကျိကို ရထားလုံးပေါ်ဆွဲတင်တယ်။ ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲလာဖြေတာလားလို့မေးတယ်။ သူ့ဆီမှာ စမ်းသပ်မေးခွန်းအစစ်တွေရှိတယ်လို့ပြောတယ်။
ယွမ်ကျိကို ရထားပေါ်ခေါ်တဲ့အချိန်က ငါအရမ်းကြောက်သွားတာ...
သခင်လေးနဲ့လုယန် မစ်ရှင်အတွက် အပြင်ထွက်တယ်။ ပထမဆုံးအကြိမ် သူတို့ပူးပေါင်းပြီး ထာဝရဂိုဏ်းထဲဝင်တယ်။ ဂိုဏ်းခွဲသခင်တွေဖြစ်လာတယ်။ ဂိုဏ္းကိုအပြန်လမ်းမှာ လုယန်က ထာဝရနတ်မယ်ရဲ့ နာမည်အစစ်ကို ရုတ်တရက် ထုတ်ပြောမိတယ်။
ရှေးဟောင်းခေတ်မသေမျိုးတစ်ယောက် ပြန်ရှင်သန်တာကို ငါတပ်အပ်မြင်ခဲ့ရတယ်။ ငါလိပ်ပြာလွင့်မတတ်ပဲ။
နောက်တော့ ချင်းကျိုးပွဲအတွက် သခင်လေးကိုခေါ်သွားတယ်။ မဟာယုစုစည်းခြင်းအဆင့်နှစ်ယောက် ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ပေါ်လာတယ်။ ယွမ်ကျိရောက်လာလို့ တော်သေးတာပေါ့...
ပြီးတော့ အရိုင်းနယ်မြေကို ငါတို့သွားတယ်။ ကူးဖြတ်ခြင်းအဆင့်သုံးယောက်တွေ့တယ်။ တစ်ယောက်က မဟာယုအင်ပါယာတဲ့။ သူတို့သုံးယောက်ရဲ့ဝိညာဉ်တွေကို ငါပြန်သယ်လာပေးရတယ်။
ငါ့လိုနတ်ဆိုးဘုရင်တစ်ယောက်က ဒီလိုအခြေအနေတွေကို ရင်ဆိုင်နိုင်ပါ့မလားကွာ...
မုန်မိသားစုဘိုးဘေးတွေကို ရထားဆွဲပေးနေရသလိုပဲ။ နောက်တစ်ခါ သူအဖေကိုပဲ ရထားဆွဲခိုင်းပါ။ ငါမဆွဲချင်တော့ဘူး...
"ငါ့အလုပ်လွယ်တယ်ထင်ရင် နေရာချင်းလဲမလား"
...အဲလိုဆို အဆင့်မြင့်ကျင့်ကြံသူဆိုတဲ့စကားကို မင်းနားလည်လာလိမ့်မယ်။ စုစည်းခြင်းအဆင့်ရောက်နေလို့ မင်းကိုယ်မင်းဟုတ်လှပြီမထင်နဲ့။ ကူးဖြတ်ခြင်းအဆင့်မရောက်ရင် သခင်လေးနဲ့အတူ အပြင်ကိုလိုက်ဖို့ မင်းအားငယ်သွားလိမ့်မယ်..
ပါးစပ်ဟ၍ လှောင်ရယ်နေသည့် မြင်းအိုကိုကြည့်၍ ရှုယွီ ချက်ချင်းအမူးပြေသွားပြီး ခေါင်းကိုအတင်းခါယမ်းနေသည်။
ထို့နောက် ရုတ်တရက် မြင်းအိုက နားမလည်ဟန်ဖြင့်မေးသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကိုရောက်တဲ့အချိန် မင်းဘာလုပ်ခဲ့သေးလဲ။ သူတို့ကမင်းကို ဘာလိုလာတွေ့ကြတာလဲ"
"ငါဘာလုပ်.."
ရှုယွီ နားမလည်။
ထို့နောက် မဟာအကြီးအကဲကို လမ်းပြ၍ခေါ်လာသည့် ဂိတ်စောင့်တပည့်ကို သူမြင်လိုက်ရသည်။
"မဟာအကြီးအကဲ၊ ကျုပ်တို့ကို လာဘ်ထိုးတာ ဒီလူပါ။ ဒါက သူပေးခဲ့တဲ့ မှော်လက်စွပ်ပါ"
ရှုယွီ "..."
မဟာအကြီးအကဲ၏အပြုံးက ရှုယွီအပြုံးနှင့် အတော်တူသည်။ မခိုးမခန့်အပြုံးဖြစ်သည်။
"အကိုရှု၊ ကျုပ်တို့ဂိုဏ်းကတပည့်တွေကိုလာဘ်ထိုးတာဟာ ကြီးလေးတဲ့ပြစ်မှုပဲ။ အာဏာပိုင်တွေဆီလွှဲပေးတာခံမလား။ ဒါမှမဟုတ် ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ရက်နည်းနည်းနေမလား"
ဂိုဏ်းအကြီးအကဲကိုးယောက်တွင် သက်တမ်းအရင့်ဆုံးနှင့် မစ်ရှင်ခန်းမ၏သခင်ဖြစ်၍ ဂိုဏ်း၏သတင်းအချက်အလက်အားလုံး စုစည်းခြင်းအဆင့်စွမ်းအားရှင်အားလုံးကို သူသိထားသည်။
မုန်မိသားစုခေါင်းဆောင်၊ မြင်းအိုနှင့် ရှုယွီတို့သည် မိတ်ဆွေရင်းများဖြစ်သည်။ ငယ်စဉ်က အတူစွန့်စားခဲ့သည်။ ရင်းနှီးမှုခိုင်မာခဲ့သည်။ နောက်ပိုင်းတွင် ရှုယွီက မုန်မိသားစု၏ အိမ်တော်ထိန်းဖြစ်လာသည်။ မြင်းအိုက မုန်မိသားစုနှင့် အရှေ့ပင်လယ်မှာ သူ့ဇာတိမြေကြား ကူးချည်သန်းချည်နေထိုင်သည်။
"တာအိုလမ်းစဉ်ဂိုဏ်းမှာနေပါ့မယ်"
ရှုယွီ ချက်ချင်းဆုံးဖြတ်ချက်ချသည်။
မဟာအကြီးအကဲ နောက်ထပ်စကားမပြော။ အသင့်ပြင်လာသည့် ကြိုးများထုတ်ပြီး ရှုယွီကို ခပ်ကြမ်းကြမ်းတုပ်နှောင်သည်။
"ဟေ့၊ ဒါက နည်းနည်းမလွန်လွန်းဘူးလားကွ"
မဟာအကြီးအကဲက ခပ်ညှင်းညှင်းရယ်သည်။
"မင်းဘာတွေးနေလဲ ငါမသိဘူးမထင်နဲ့။ အိမ်ထိန်းလုပ်ရတာ ငြီးငွေ့လို့ အဖမ်းခံရတာကို အခွင့်ကောင်းယူပြီး ငါတို့ဂိုဏ်းမှာ ရက်ပိုင်းလောက် အနားယူမယ်လို့ တွေးနေတာမဟုတ်လား။
ရိုးရိုးသားသားပြောပါ။ အမှန်အတိုင်းဝန်ခံရင် ငါသက်ညှာပါတယ်။ ဒါပေမယ့် လူလည်တော့မကျနဲ့။...မင်းကိုမဖမ်းလို့ တစ်ခြားဘယ်သူ့ကိုဖမ်းရမှာလဲ။ လိုက်ခဲ့"
သူ့ကိုလာလှည့်စား၍မရ။
ရှုယွီက စိတ်ပျက်လက်ပျက် မြင်းအိုကိုလှမ်းကြည့်သည်။ မြင်းအိုက သွားဖြဲ၍လှောင်ပြုံးပြုံးနေသည်။
ထို့နောက် သိပ်မကြာမီ မုန်ကျင်းကျိုး တံခါးမှထွက်လာသည်။
"ဟေ့ မြင်းအို၊ လုယန်နဲ့ကျုပ် နတ်ဆိုးနယ်မြေကိုသွားဖို့ စီစဉ်ထားတယ်"
မြင်းအိုမျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။ ရှုယွီနှင့် နေရာချင်းလဲချင်စိတ် ချက်ချင်းပေါ်လာသည်။
**********************************