← Chapters

ညီညွတ်သည့်နတ်ဆိုးမျိုးနွယ်

Vol. 38 Ch. 559

ညီညွတ်သည့်နတ်ဆိုးမျိုးနွယ်

Vol. 38 Ch. 559

လုယန်တို့နှစ်ယောက် နတ်ဆိုးနယ်မြေသို့သွားရန် ဆုံးဖြတ်ကြသည်။

"ငါတို့ စိတ်လောလို့မဖြစ်ဘူး။ အရင်ဆုံး နတ်ဆိုးနယ်မြေအကြောင်း နည်းနည်းစုံစမ်းဖို့လိုတယ်"

လုယန်က လှုပ်ရှားနေသည့်စိတ်ကိုထိန်း၍ပြောသည်။

"အရိုးရိုင်းနဲ့ ဟိုနှစ်ယောက်ကို သွားခေါ်ဦးမလား"

"အရိုးရိုင်း မလိုက်နိုင်ဘူး။ သူ့ရှေးဟောင်းအရိုင်းမျိုးနွယ်သွေးဆက်က နတ်ဆိုးမျိုးနွယ်အတွက် အသွားနှစ်ဘက်ပါတဲ့ဓားလိုပဲ။ အဆင့်နိမ့်နတ်ဆိုးတွေကို နှိပ်ကွယ်နိုင်ပေမယ့် အဆင့်မြင့်နတ်ဆိုးတွေကျတော့ ပိုဒေါသထွက်အောင်ဆွသလိုဖြစ်နေတယ်"

အခြေတည်အဆင့်တွင် နယ်စပ်တောနက်ထဲလေ့ကျင့်စဉ်ကအဖြစ်ကို ပြန်တွေးရင်း လုယန်ကြက်သီးထမိသည်။ အရိုးရိုင်း၏ ရှေးဟောင်းအရိုင်းသွေးဆက် နိုးထလာသည်။ ရွှေသန္ဓေနတ်ဆိုးသားရဲများကို အုပ်လိုက်ဆွဲခေါ်သလိုဖြစ်ခဲ့သည်။

မန်ကုသာ နတ်ဆိုးနယ်မြေသို့သွားလျှင် ရွှေသန္ဓေအဆင့်နတ်ဆိုးများသာမဟုတ်။ ထိုထက်အဆင့်မြင့်သည် နတ်ဆိုးသားရဲများ အုံနှင့်ကျင်းနှင့် ရောက်လာနိုင်သည်။ သူတို့အားလုံး အသက်လုပြေးရုံသာရှိမည်။

သို့သော် နတ်ဆိုးသားရဲများထက် မြန်အောင်ပြေးဖို့လည်း မဖြစ်နိုင်။ ယွမ်ကျိအရိပ်တုလက်သီးကို အားကိုးရုံသာရှိသည်။

"ညီမထောင်က ငှက်မသေမျိုးခန္ဓာကျင့်ကြံရင်း အလုပ်များနေတယ်။ ဂိုဏ်းထဲကနေ ထွက်လို့မရဘူး"

လုယန် ဆက်ပြောသည်။

မုန်ကျင်းကျိုးဆီမလာမီ ထောင်ယော်ယဲ့ကို သူသွားတွေ့ခဲ့သည်။ ရွှေဖြူရောင်ငှက်မွှေးများ တစ်ကိုယ်လုံးအလုံပိတ်ထားသည်ကို မြင်ရသည်။ အထဲတွင် တစ်ခုခုကို အဟာရပေးနေသယောင်ရှိသည်။ အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ထားသည်။ လုံးဝအနှောက်အယှက်မခံ။

"ညီလေးလီတော့ အားလောက်ပါတယ်။ သူ့ကိုသွားခေါ်ကြတာပေါ့"

နှစ်ယောက်သား မြင်းအိုကိုထားခဲ့သည်။ ချုပ်နှောင်ခံရသည့် ရှုယွီအတွက်လည်း စိတ်ပူပန်ခြင်းမရှိဘဲ သန့်စင်မှုတစ်ရာတောင်ထိပ်သို့ သွားကြသည်။

လီဟော်ရန်က ရင်ဘတ်ဗလာကျင်းလျက်ရှိသည်။ ဆံပင်တုဖြုတ်ထားသည်။ ဖောင်းထနေသည့်ကြွက်သားများနှင့် ပြောင်လက်နေသည့်ဦးခေါင်းက ပေါ်လွင်နေသည်။ ကြီးမားသည့်တူတစ်လက်ကိုလွှဲယမ်း၍ မှော်လက်နက်တစ်မျိုး ပုံသွင်းနေသည်။

မှော်ပစ္စည်းများသန့်စင်ရာမှ ထွက်လာသည့် ဆူညံသံများက ကျယ်လောင်သည်။ သန့်စင်မှုတစ်ရာတောင်ထိပ်မှ တပည့်များသည် ပစ္စည်းမသန့်စင်မီ အသံလုံမှော်စက်ဝန်းများ အမြဲကြိုတင်တည်ဆောက်သည်။ တစ်ခြားဂိုဏ်းတပည့်များ အနှောက်အယှက်မဖြစ်စေဖို့ဖြစ်သည်။

"ဟူး..အခုမှပဲ ပြီးတော့တယ်။"

လီဟော်ရန် လေတစ်ချက်မှုတ်ထုတ်၍ တူအောက်မှ စတုဂံပုံပစ္စည်းတစ်ခုကို ကောက်ကိုင်သည်။

"အဲဒါဘာလဲ"

လုယန်အသံကြားသဖြင့် လီဟော်ရန် လှမ်းကြည့်သည်။ လုယန်နှင့်မုန်ကျင်းကျိုးကိုမြင်သည်။ အလုပ်တွင် ဈာန်ဝင်နေသဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့။

"ဒါလား...ဪ၊ မှော်ပစ္စည်းတစ်မျိုးပါ။ သိပ်သည်းအောင်ချုံ့ထားတဲ့ မုန့်ပေါင်းလေ။ သန့်စင်မှုတစ်ရာတောင်ထိပ်က ဈေးတန်းရဲ့ အထူးစားသောက်ကုန်ပေါ့။ ကျုပ်တို့ဂိုဏ်းတပည့်တွေအတွက်ပဲ သီးသန့်ရောင်းတာ။ မဟာအားဖြည့်ဆေးနဲ့ ဝိညာဉ်စွမ်းအင်စုဆေးလုံးတွေနဲ့ ပေါင်းစပ်ထားတဲ့မုန့်ပေါင်းပါ။ ခရီးဝေးသွားရင်း ပင်ပန်းလို့ဖြစ်ဖြစ် တိုက်ရင်းခိုက်ရင်း ဝိညာဉ်စွမ်းအင်ကုန်ခမ်းလို့ဖြစ်ဖြစ် တစ်ကိုက်စားလိုက်တာနဲ့ ရုပ်ခန္ဓာကိုရော ဝိညာဉ်စွမ်းအင်ပါ ပြန်ဖြည့်နိုင်တယ်။

ရင်ဘတ်အကာအကွယ်အဖြစ်လည်း သုံးလို့ရတယ်။ အရင်ကလုပ်တဲ့ နှမ်းပျစ်မုန့်ထက် သုံးရတာပိုအဆင်ပြေတယ်။ စမ်းကြည့်မလား။ ကျုပ်အခုမှ လုပ်ထားတာပါ"

နှစ်ယောက်လုံး ချက်ချင်းခေါင်းခါ၍ငြင်းကြသည်။ လာရင်းကိစ္စကို ရှင်းပြသည်။

လီဟော်ရန် အခက်တွေ့နေဟန်ဖြင့် မျက်မှောင်ကျုံ့သွားသည်။

"နတ်ဆိုးနယ်မြေကိုသွားမှာလား။ ကျုပ်တော့ မလိုက်နိုင်လောက်ဘူး။ အကိုတို့နှစ်ယောက်ရဲ့ စွမ်းအားအဆင့်ကို မမီမချင်း အပြင်မထွက်ဘဲ ဂိုဏ်းထဲမှာပဲ ကျင့်ကြံဖို့ ဆရာကပြောတယ်"

"မင်းက ရွှေသန္ဓေနောက်ဆုံးအဆင့်ရောက်နေပြီမဟုတ်လား"

"ဟုတ်ပါတယ်။ ဒါပေမယ့် အဆင့်တက်တာ သုံးလပဲရှိသေးတာလေ။ အကိုတို့နှစ်ယောက်က ငါးလရှိနေပြီ"

လုယန် နားလည်သည်။ လီဟော်ရန်သည် လက်ရှိတွင် ရွှေသန္တေသတ္တမဆင့်ဖြစ်သည်။ သူနှင့်လောင်မုန်က အဋ္ဌမအဆင့်ရောက်ပြီးဖြစ်သည်။

ထိုနှစ်ဆင့်က ကွဲပြားခြားနားသည်။

"နတ်ဆိုးနယ်မြေကိုသွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်တာ ပိုကောင်းမယ်နော်။ ချင်ဟော်ရန်က ကြွေးရှင်တွေကိုရှောင်ဖို့ နတ်ဆိုးနယ်မြေမှာ ပုန်းအောင်းခဲ့တာ။ ကျုပ်က သူ့မှတ်ဉာဏ်တစ်ချို့ရထားတော့ အဲဒီ့နယ်မြေအကြောင်း အတော်များများသိထားတယ်။ အကိုတို့ သတိထားရမယ့်ကိစ္စတွေရှိတယ်။ ဥပမာ အကိုမုန်အနေနဲ့ အကို့ရဲ့မြင်းကို နတ်ဆိုးနယ်မြေထဲ ခေါ်မသွားတာ အကောင်းဆုံးပဲ"

"ဟ...ဘာလို့လဲ"

"လောင်မာ(မြင်းအို)က သန္ဓေပြောင်းနတ်ဆိုးသားရဲလေ။ နတ်ဆိုးသားရဲတစ်ကောင်က ရထားဆွဲနေတယ်ဆိုရင် နတ်ဆိုးမျိုးနွယ်တွေ နှိမ်ချသလိုဖြစ်နေတယ်မဟုတ်လား"

လောင်မာ၏ နဖူးပြင်တွင် နဂါးကြေးခွံများရှိသည်။ သန္ဓေပြောင်းသားရဲဖြစ်ကြောင်း သိသာသည်။ နတ်ဆိုးသွေးဆက်ပါသော်လည်း သွေးနှောသားရဲဖြစ်သည်။

လောင်မာ၏ဇစ်မြစ်အမှန်ကို လီဟော်ရန်မသိ။

သို့သော် နတ်ဆိုးသားရဲဖြစ်စေ သန္ဓေပြောင်းနတ်ဆိုးသားရဲဖြစ်စေ သူ့ကိုရထားဆွဲခိုင်းခြင်းသည် အရိုးရိုင်းကို နတ်ဆိုးနယ်မြေခေါ်သွားခြင်းနှင့် သိပ်မကွာလှ။

"ဒါပေမယ့် အကိုတို့နှစ်ယောက် လောင်မာနဲ့နေရာချင်းလဲရင်တော့ ရန်စသလိုမဖြစ်လောက်ပါဘူး"

"ဘယ်လိုနေရာလဲရမှာလဲ"

"လောင်မာကို ရထားပေါ်ထိုင်ခိုင်းပြီး အကိုတို့နှစ်ယောက်က ရထားဆွဲပေါ့"

ထိုသို့သာဆိုလျှင် ဘာကြောင့်ခေါ်နေတော့မည်နည်း။

"နတ်ဆိုးသားရဲတွေက အမြဲတမ်း အဲလိုစည်းလုံးကြတာလား"

လုယန် သူ့ဘာသာရေရွတ်သည်။ လူသားမျိုးနွယ်သည် မျိုးနွယ်တစ်ခုတည်းဖြစ်သည်။ သို့သော် နတ်ဆိုးမျိုးနွယ်ဆိုသည်က မျိုးနွယ်များစွာကို စုပေါင်းခေါ်ဝေါ်ခြင်းဖြစ်သည်။ ဥပမာ ကျားဖြူမျိုးနွယ်သည် လောင်မာရထားဆွဲနေသည်ကိုမြင်လျှင် ဒေါသထွက်မည်လော...

ထိုသို့ဆိုလျှင် အလွန်သွေးစည်းညီညွတ်လွန်းသလို ဖြစ်နေမည်။

"အဲလိုတော့ အမြဲတမ်းမစည်းလုံးကြပါဘူး"

အတွင်းကျသည့် အချက်အလက်များကို နတ်မယ်သိထားသည်။

"ကမ္ဘာဦးအစမှာ နတ်ဆိုးသားရဲတွေဟာ နေရာတိုင်းမှာရှိတယ်။ လူသားမျိုးနွယ်အတွက် နေရာမရှိဘူး။ နဂါးမျိုးနွယ်၊ ကျားမျိုးနွယ်နဲ့ တစ်ခြားမျိုးနွယ်စုတွေက ကိုယ်ပိုင်နယ်မြေသီးခြားသတ်မှတ်ကြတယ်။ မကြာခဏ အသေအရှင်တိုက်ပွဲတွေဖြစ်ခဲ့တယ်။

နောက်တော့ လူသားမျိုးနွယ် တိုးတက်ဖွံ့ဖြိုးပြီး မျိုးနွယ်တွေပွားလာတယ်။ အဲဒီ့မှာ နတ်ဆိုးမျိုးနွယ်တွေ စိုးရိမ်လာတယ်။ ငါတို့ခေတ်မှာ ရှေးဟောင်းမသေမျိုးငါးယောက်ထဲက သုံးယောက်ဟာ လူသားမျိုးနွယ်ပဲ။ နတ်ဆိုးမျိုးနွယ်ဆိုလို့ ချီလင်ပဲရှိတယ်။ အချိန်မသေမျိုးကတော့ ဘယ်မျိုးနွယ်ထဲမှ အကျုံးမဝင်ဘူး။ သုံးယောက်တစ်ယောက်ဆိုတော့ လူသားမျိုးနွယ်တွေ အသာစီးရတယ်။ လွှမ်းမိုးနိုင်တဲ့ အဆင့်အတန်းတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။

လူသားမျိုးနွယ်တွေရဲ့ဖိအားကိုခံစားမိတော့ နတ်ဆိုးမျိုးနွယ်တွေ အလိုလိုစည်းလုံးလာတယ်။ သားရဲမျိုးနွယ်တွေအားလုံးကို စုပေါင်းပြီး နတ်ဆိုးမျိုးနွယ်လို့ သူတို့ဘာသာသတ်မှတ်ခဲ့ကြတယ်"

လုယန်စိတ်တွင် 'သူတို့က ခင်ဗျားချက်စားတာခံရမှာကြောက်လို့ ဘုံရန်သူကိုဆန့်ကျင်ဖို့ စည်းလုံးသွားတာဖြစ်မှာပါ'ဟု တွေးနေသည်။

"ညီလေးလီ၊ နတ်ဆိုးနယ်မြေအကြောင်း ငါတို့ကိုပြောပြပါလား"

မုန်ကျင်းကျိုးကပြောသည်။

လီဟော်ရန် ခေါင်းငြိမ့်၍ တုတ်တစ်ချောင်းဖြင့် မြေပေါ်တွင် စက်ဝိုင်းကြီးတစ်ခုဆွဲသည်။ ထိုစက်ဝိုင်းထဲတွင် စက်ဝိုင်းငယ်များ ထပ်ဆွဲသည်။

"ဒါက နတ်ဆိုးနယ်မြေ။ ဒီစက်ဝိုင်းငယ်တွေက နတ်ဆိုးမျိုးနွယ်တွေပေါ့။

မဟာရှားတို့ ဗုဒ္ဓနိုင်ငံတို့နဲ့မတူဘူး။ နတ်ဆိုးမျိုးနွယ်အုပ်ချုပ်ရေးစနစ်က တရားသေမရှိဘူး။ နိုင်ငံမတည်ထောင်ဘူး။ ကမ္ဘာဦးလူသားမျိုးနွယ်တွေလို မျိုးနွယ်စုတွေ ကိုယ်ပိုင်နယ်မြေတည်ဆောက်ပြီး နေထိုင်ကြတယ်။

မတူညီတဲ့မျိုးနွယ်စုတွေကြားက ဆက်ဆံရေးဟာ ရှုပ်ထွေးတယ်။ သွေးကြွေးတွေ၊ ကမ္ဘာမကြေရန်ငြှိုးတွေ၊ သစ္စာဖောက်တာတွေရှိတယ်။ သူတို့ရဲ့ အပေါ်ယံဆက်ဆံပုံတွေကိုမကြည့်နဲ့။ သူတို့အကြောင်း ကျုပ်တို့မသိသေးတာတွေ အများကြီးရှိတယ်။

နတ်ဆိုးမျိုးနွယ်ကို အကြမ်းဖျင်းအနေနဲ့ အုပ်စုသုံးခုခွဲနိုင်တယ်။ လူသားတွေနဲ့ ရင်းနှီးတဲ့အုပ်စု၊ ကြားနေအုပ်စုနဲ့ လူသားတွေကိုမုန်းတဲ့အုပ်စုပေါ့။

ဥပမာ နဂါးမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်ဟာ လူသားတွေနဲ့ အရမ်းရင်းနှီးတယ်။ ထောင်ကျူးမျိုးနွယ်ဟာ လူသားတွေကိုမုန်းတယ်။ ကပ်ဆိုးမျိုးနွယ်ကတော့ ကြားနေမျိုးနွယ်စုထဲမှာပါတယ်။ နတ်ဆိုးနယ်မြေကိုရောက်ရင် သေချာသတိထားပြီး လူသားမျိုးနွယ်နဲ့ ရင်းနှီးတဲ့နတ်ဆိုးမျိုးနွယ်တွေဆီ ချဉ်းကပ်ရတယ်။

နတ်ဆိုးမျိုးနွယ်က စွမ်းအားကိုနဲ့ သွေးဆက်သန့်စင်မှုကို အလေးထားတယ်။ သွေးဆက်ပိုသန့်စင်ပြီး ပိုစွမ်းအားကြီးလေ ပိုလေးစားခံရလေပဲ။

ဥပမာ သွေးဆက်သန့်စင်တဲ့ နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ် ရွှမ်ဝူမျိုးနွယ်တွေဟာ နတ်ဆိုးမျိုးနွယ်ကြားမှာ အဆင့်အတန်းအမြင့်ဆုံးပါ။

ဒါပေမယ့် လူသားမျိုးနွယ်ကတော့ ချွင်းချက်ပဲ။ လူသားသွေးဆက်စစ်စစ်ဖြစ်လို့ နတ်ဆိုးတွေ လေးစားခံရတယ်လို့တော့ တစ်ခါမှမကြားဖူးဘူး"

ထို့နောက် မျိုးနွယ်တစ်ခုချင်းစီနှင့်ပတ်သက်သည့် သတိထားရမည့်အချက်များကို သူဆက်ပြောသည်။ ဥပမာ နဂါးတစ်ကောင်၏ ပြောင်းပြန်အကြေးခွံကို ဘယ်တော့မှသွားမထိသင့်။ ဖီးနစ်မျိုးနွယ် သွေးရောင်းချသည့်လုပ်ငန်းအကြောင်း ဘယ်တော့မှထုတ်မပြောသင့်။

"နတ်ဆိုးနယ်မြေအကြောင်း ကျုပ်သိသမျှကတော့ အဲဒါပဲ။ ကျုပ်ကလည်း ချင်ဟော်ရန်ရဲ့ မှတ်ဉာဏ်တစ်ဝက်ပဲ ရထားတာလေ။ သေချာရှင်းရှင်းလင်းလင်းမသိသေးတာတွေ အများကြီးရှိတယ်။ ဒါတွေအားလုံးပြောပြရင် အကိုတို့ နားလည်မှုလွဲသွားနိုင်တယ်။ ကျုပ်တို့အကြီးအကဲတွေဟာ ငယ်ငယ်က နေရာစုံကို ခရီးဆန့်ခဲ့တဲ့လူတွေပါ။ နတ်ဆိုးနယ်မြေအကြောင်း သူတို့သိထားလောက်တယ်။ တစ်ခြားသတိထားစရာတွေရှိမရှိသိရအောင် သူတို့ကိုသွားမေးကြည့်ပါလား"

"ဟုတ်တယ်၊ အဲဒါသဘာဝကျပါတယ်"

အကြီးအကဲများသည် အတွေ့အကြုံကြွယ်သည်။ မြေအောက်လောကမှစ၍ အကျဉ်းထောင်များ၊ ဆောင်ကြာမြိုင်များ၊ ဗုဒ္ဓနိုင်ငံနှင့် နတ်ဆိုးနယ်မြေများသို့ ရောက်ဖူးကြသည်။

သူတို့နှစ်ယောက် လောင်ပါးဆီ သွားတွေ့ချိန်တွင် မဟာအကြီးအကဲက ရှုယွီနှင် စကားလက်ဆုံပြောနေသည်ကို မြင်ရသည်။

"မင်းတို့က နတ်ဆိုးနယ်မြေကိုသွားမလို့လား။ ငါတို့သိထားတဲ့ သတိထားစရာအချက်တွေကို သိချင်တယ်ပေါ့"

လောင်ပါး ခေါင်းငုံ့၍ ခဏစဉ်းစားနေသည်။ ထို့နောက် အလေးအနက်လေသံဖြင့်

"မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းသားတွေဆိုတာ ထုတ်မပြောနဲ့"

***********************************

All Chapters