ရှေ့လူတူးခဲ့သည့်ကျင်းထဲ နောက်လူများပြုတ်ကျသည်
Vol. 38 Ch. 560
"ဦးလေးပါးငယ်ငယ်တုန်းက နတ်ဆိုးနယ်မြေမှာ ပြဿနာရှာခဲ့ဖူးလို့လား"
"ဘယ်လိုဖြစ်နိုင်မှာလဲကွာ။ ငါက ရိုးသားတဲ့လူပါ။ တစ်ခြားလူတွေကို အသေးအဖွဲကိစ္စလေးတွေ ကူညီပေးခဲ့တာပဲရှိတာပါ။ ဆိုးဝါးတာတွေလုပ်ခဲ့တဲ့ အဓိကလူမဟုတ်ပါဘူး"
"နဂါးမျိုးနွယ်နဲ့ဖီးနစ်မျိုးနွယ်တွေက လူသားတွေနဲ့ရင်းနှီးတယ်ကြားတယ်။ သူတို့ဆီသွားလည်ရင် ရလောက်လား"
လီဟော်ရန်၏ဇာတိမြို့သို့သွားစဉ်က ဖီးနစ်ကျောက်ထုတ်လုပ်ရန် ဖီးနစ်သွေးရောင်းနေသည့် ဖီးနစ်မျိုးနွယ်တစ်ယောက်နှင့် တွေ့ခဲ့သည်ကို လုယန်မှတ်မိသည်။ တာအိုလမ်းစဉ်ဂိုဏ်းဝင်များဖြစ်ကြောင် ထုတ်ပြောပြီးနောက်တွင် ထိုဖီးနစ်မျိုးနွယ်က သူတို့ကို အတော်လေးဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သည်။
"သွားလို့တော့ရပါတယ်။ ဒါပေမယ့် ထုတ်မပြောသင့်တဲ့ ကိစ္စလေးတွေတော့ရှိတယ်"
"ဘာကိစ္စတွေလဲ"
"နဂါးနဲ့ဖီးနစ်ဟာ မင်္ဂလာကောင်းချီးကို ယူဆောင်ပေးတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ကံကောင်းခြင်းကို ကိုယ်စားပြုတယ်။ လက်ထပ်ပွဲတွေမှာ ချမ်းသာတဲ့မိသားစုတွေက နဂါးနဲ့ဖီးနစ်စက္ကူဖြတ်ပိုင်းလေးတွေ ကပ်လေ့ရှိတယ်။
ဒါကို ညီကိုးက စဉ်းစားတယ်။ လက်ထပ်ပွဲဆိုတာ ညရောက်ရင် စုံတွဲတစ်တွဲ ချစ်တင်းနှောကြတော့မယ်ဆိုတာ အားလုံးသိအောင် ကြေညာတဲ့ပွဲပဲ။ ဒီတော့ နဂါးနဲ့ဖီးနစ် စက္ကူရုပ်တွေဟာလည်း ဒီအဓိပ္ပါယ်ကို ဆောင်သင့်တယ်။ ဒါပေမယ့် နဂါးနဲ့ဖီးနစ်ချစ်တင်းနှောတာကို ဘယ်သူမှမမြင်ဖူးဘူး။ ဒီတော့ စက္ကူဖြတ်ပိုင်းတွေဟာ အစစ်အမှန်ဖြစ်ရပ်နဲ့ မကိုက်ညီနိုင်ဘူးပေါ့။
နဂါးနဲ့ဖီးနစ်လင်မယားကို တိတ်တဆိတ်စုံစမ်းရဲ့ခဲ့တဲ့ ပထမဆုံးလူသားဟာ ညီကိုးပဲ။ သူတို့မိတ်လိုက်တဲ့ဖြစ်စဉ်ကို စောင့်ကြည့်တယ်။ ပြီးတော့ ကိုယ်တွေ့အချက်အလက်တွေစုစည်းပြီး "နဂါးနှင့်ဖီးနစ်အသွင်ပြောင်းခြင်း"စာအုပ်ကို ပြုစုခဲ့တယ်။ နောက်မျိုးဆက်တွေအတွက် ကိုးကားစရာချန်ခဲ့တယ်။ ဒီစာအုပ်အကြောင်း မင်းကြားဖူးသလားတော့မသိဘူး"
လုယန် "..."
မကြားဖူးဘဲနေမလား။ ကျမ်းစာတိုက်ကို ကျုပ်ပထမဆုံးရောက်တဲ့နေမှာ ပထမဆုံးတွေ့ခဲ့တဲ့စာအုပ်လေ။ ထောင့်တစ်ထောင့်မှာဝှက်ထားတာမို့လို့ လျှို့ဝှက်ကျမ်းတစ်ခုတွေ့ပြီလို့တောင် ထင်ခဲ့တယ်။
ကျမ်းစာတိုက်ကိုကြီးကြပ်နေတဲ့အကိုကလည်း တိုက်နယ်တစ်ခုလုံး ဘယ်နေရာမှမတွေ့နိုင်တဲ့ တားမြစ်စာအုပ်က ဘာကြောင့်ရှိနေရသလဲဆိုပြီး တွေးမရဖြစ်ခဲ့တယ်..
လက်စသတ်တော့ ဆရာရေးထားတာကိုး...
နဂါးနဲ့ဖီးနစ်မျိုးနွယ်တွေရဲ့ တုံ့ပြန်ပုံအရ ဒီစာအုပ်ကိုဆရာရေးခဲ့မှန်း မသိလောက်သေးဘူး။ နောင်တစ်ချိန် ဘယ်လိုဖြစ်လာမယ်တော့ မပြောတတ်ဘူး...
"ပုကျဲ့မျိုးနွယ်ကရော"
ပုကျဲ့မျိုးနွယ်သည် ကြားနေမျိုးနွယ်ဖြစ်ကြောင်း လုယန်ကြားဖူးသည်။ နတ်ဆိုးမျိုးနွယ်တွင် ပဋိပက္ခများဖြစ်တိုင်း မျက်မြင်သက်သေအဖြစ် ကြားဝင်ဖြန်ဖြေသူများအဖြစ် ရပ်တည်လေ့ရှိသည်။
"ဒီမျိုးနွယ်ကတော့ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့်အရင်က ငါတို့ညီအကိုတွေကြောင့် နတ်ဆိုးနယ်မြေမှာ နည်းနည်းဂယက်ထခဲ့ဖူးတယ်။ အတင်းလိုက်ဖမ်းခံရတယ်။ ငါတို့က ပုကျဲ့မျိုးနွယ်အဖြစ်ရုပ်ဖျက်ပြီး ထွက်ပြေးတယ်။
ကံဆိုးချင်တော့ နောက်ပိုင်းမှာ ပုကျဲ့မျိုးနွယ်အစစ်တစ်ယောက်က ရိပ်မိသွားပြီး ငါတို့ကိုဖမ်းဖို့လုပ်တယ်။ ရွေးစရာမရှိတဲ့အခြေအနေမှာ ညီရှစ်က သူ့ကိုမေးလိုက်တယ်။
'ပုကျဲ့မျိုးနွယ်ဟာ အားလုံးကိုသိတယ်လို့ပြောကြတယ်။ မင်းတို့မသိတာကို မင်းတို့သိလား'တဲ့။ အဲဒီ့ပုကျဲ့မျိုးနွယ် ဒီမေးခွန်းအတွက် အဖြေစဉ်းစားနေတုန်း ငါတို့ထွက်ပြေးခဲ့တယ်လေ။ အဲဒီ့ပုကျဲ့မျိုးနွယ်ဝင်ဟာ အခု မျိုးနွယ်ခေါင်းဆောင်ဖြစ်လာပြီလို့ကြားတယ်။
ပုကျဲ့မျိုးနွယ်က တရားမျှတပြီး စိတ်ရင်းကောင်းတယ်။ အလုပ်လည်း အရမ်းများကြတယ်။ အဲဒီတုန်းက ငါတို့ဖြစ်ခဲ့တဲ့ကိစ္စကို မေ့သွားလောက်ပါပြီ"
"ဂယက်နည်းနည်းထခဲ့တယ်ဆိုတဲ့ကိစ္စကဘာလဲ"
ထိုဂယက်သည် 'နည်းနည်း'မကလောက်ဟု လုယန်ခံစားရသည်။
"ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး။ ငါတို့ နတ်ဆိုးနယ်မြေရောက်တုန်းက ငါးနှစ်တစ်ကြိမ်ပွင့်တဲ့ လျှို့ဝှက်နယ်မြေတစ်ခုပွင့်တဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့တယ်။ ငါတို့လည်း ပစ္စည်းကောင်းလေးတွေ ရလိုရငြား ကံစမ်းကြတာပေါ့။
အဲဒီ့လျှိုဝှက်နယ်မြေကိုဝင်ဖို့ လိုအပ်ချက်တွေက အတော်မြင့်တယ်။ ပြီးတော့ သန့်စင်တဲ့သွေးဆက်ဖြစ်ဖို့လိုတယ်။ ငါတို့က လူသားမျိုးနွယ် သွေးဆက်စစ်စစ်တွေပဲလေ။ ဘာပြဿနာမှမရှိဘဲ နယ်မြေထဲဝင်နိုင်ခဲ့တယ်။
ဒါပေမယ့် အထဲရောက်တော့ နတ်ဆိုးမျိုးနွယ်တွေက ရန်စလာတယ်။ ငါတို့ကို အထဲရောက်အောင်စောင့်ပြီးမှ ဝိုင်းပြီးပစ်မှတ်ထားကြတာ။ ငါတို့ဆီပစ္စည်းတွေ လုယ်ဖိုကြိုးစားတယ်။ ထောင်ချောက်ဆင်တယ်။ အောက်လမ်းနည်းတွေသုံးတယ်။ သတ်ဖို့ကြိုးစားတဲ့လူတွေတောင်ရှိတယ်။
ဒါကို ငါတို့လက်မခံနိုင်ဘူးလေ။ ဒီလိုအနိုင်ကျင့်တာမျိုးတော့ ဘယ်ခံနိုင်မလဲ။
ဒီတော့ နယ်မြေဂိတ်တံခါးကို ကျောက်တုံးတွေနဲ့ ငါပိတ်လိုက်တယ်။ ညီမခြောက်က ဂိတ်တံခါးအစစ်ဘေးမှာ ပုံရိပ်ယောင်နယ်မြေတစ်ခုပါတဲ့ ဂိတ်တံခါးအတုတစ်ခု ဖန်တီးတယ်။ ပြီးတော့ ဂိတ်တံခါးမှာ ပြဿနာဖြစ်နေပြီ၊ ငါတို့ပြန်ထွက်လို့မရတော့ဘူးဆိုပြီး အော်လိုက်တယ်။
နတ်ဆိုးမျိုးနွယ်တွေက မယုံဘူးလေ။ တစ်ယောက်က တံခါးတုထဲ ဝင်သွားတယ်။ တံခါးကိုဖြတ်သွားတာနဲ့ အပြင်လောကကိုမရောက်ဘဲ ဘာမှန်းမသိတဲ့နယ်မြေတစ်ခုကို ရောက်လာမှန်း သိသွားကြတယ်။ ချက်ချင်း နောက်ပြန်လှည့်ဖို့ကြိုးစားတယ်။ လေဟာနယ်မူမမှန်မှုတစ်ခုဖြစ်လို့ ပြန်မထွက်နိုင်တော့ဘူးလို့ ထင်သွားကြတယ်။
အဲဒီ့တံခါးတုကို သားရဲထိန်းဂိုဏ်းရဲ့ ထူးခြားတဲ့မှော်လက်စွပ်တစ်မျိုးနဲ့ ချိတ်ဆက်ထားတာ။ လက်စွပ်က သက်ရှိတွေကိုပါ ထည့်သိမ်းလို့ရတယ်။ သူတို့ဝင်သွားတာက အမှန်တော့ မှော်လက်စွပ်တစ်ခုပဲ"
ပုံမှန်မှော်လက်စွပ်များသည် သက်မဲ့ပစ္စည်းများကိုသာ ထိန်းသိမ်းနိုင်သည်။
"ပထမနတ်ဆိုးမျိုးနွယ်တစ်ယောက်ကြိုးစားကြည့်တာ မအောင်မြင်တော့ နောက်ထပ် အဆင့်မြင့်နတ်ဆိုးမျိုးနွယ်တစ်ချို့ တံခါးတုထဲဝင်ကြတယ်။ အရင်လူလိုပဲ ဇာတ်သိမ်းသွားတယ်။ လေဟာနယ်အတားအဆီးတစ်ခု သူတို့ကြုံရတယ်။
လျှို့ဝှက်နယ်မြေဂိတ်တံခါးက ဆယ်ရက်ကြာအောင်ပွင့်တယ်။ ဆယ်ရက်မြောက်နေ့မှာ နယ်မြေထဲက ငါတို့ထွက်တယ်။ အပြင်ကလူတွေကို လျှို့ဝှက်နယ်မြေဟာအရမ်းအန္တရာယ်များတယ်၊ နတ်ဆိုးမျိုးနွယ်တွေအားလုံး သေသွားပြီလို့ ပြောလိုက်တယ်။ ငါးနှစ်ကြာအောင် ပိတ်လှောင်ခံလိုက်ရတဲ့ နတ်ဆိုးအုပ်စုက နယ်မြေကနေ ပြန်ထွက်လာတော့ ငါတို့ကို တစ်လောကလုံးလိုက်ရှာကြတယ်။
အားလုံးက အခွင့်အလမ်းတွေအတွက် မျှမျှတတယှဉ်ပြိုင်လို့ရနေတာကို ဘာလို့လာပြီးလှည့်စားချင်ကြတာလဲ။ ဘာလို့သိက္ခာကျခံပြီး အောက်လမ်းနည်းတွေနဲ့ ငါတို့အပေါ် လူလည်ကျချင်ကြတာလဲမသိဘူး"
လုယန် "..."
မုန်ကျင်းကျိုး "..."
"ထောင်ကျူးမျိုးနွယ်...အင်း၊ သူတို့ကတော့ လူသားတွေကိုမုန်းတဲ့မျိုးနွယ်ဆိုတော့ ရန်သွားစစမစစ သိပ်မကွာလှပါဘူး"
လောင်ပါး ခေါင်းတစ်ချက်ငြိမ့်သည်။
"အင်း...ဒါပေမယ့် ထောင်ကျူးမျိုးနွယ် လူသားတွေကိုမုန်းတီးတဲ့ကိစ္စက တာအိုလမ်းစဉ်ဂိုဏ်းနဲ့ နည်းနည်းပတ်သက်နေတယ်။ အကိုကြီး(မဟာအကြီးအကဲ)က ထောင်ကျူးမျိုးနွယ်တွေရဲ့ ဘိုးဘေးဂူသင်္ချိုင်းတွေကို သွားလေ့လာခဲ့တာ။ နောက်ဆုံးမှာ အဲဒီကိစ္စ သူတို့သိသွားကြတယ်လေ"
လောင်ပါးကိုမေးပြီးနောက် တတိယ၊ စတုတ္ထ၊ ပဥ္စမ၊ ဆဋ္ဌမ၊ သတ္တမ၊ အဋ္ဌမအကြီးအကဲတို့ထံ တစ်ယောက်ချင်းသွားမေးသည်။
ထိုသို့မေးကြည့်ခဲ့သဖြင့် သူတို့နှစ်ယောက် ကံကောင်းသွားသည်။ လောင်ပါးက တမင်လျှော့ပြောခဲ့ခြင်းဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းမောင်နှမကိုးဖော် နတ်ဆိုးမျိုးနွယ် ဒေါသထွက်အောင် လုပ်ခဲ့သည့်ကိစ္စများက မရေမတွက်နိုင်အောင်များသည်။
"ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းသားဆိုတာ ထုတ်မပြောရုံနဲ့တင် မရလောက်ဘူး။ နတ်ဆိုးနယ်မြေကို ဝေးဝေးရှောင်ရမလိုတောင်ဖြစ်နေပြီ"
လူသတ်ရိပ်များပြည့်နေသည့် ခရီးစဉ်ကို လုယန်ခံစားမိသည်။
"အဆင်ပြေမှာပါလေ။ ငါတို့တတိယအမလည်း နတ်ဆိုးနယ်မြေမှာ အဆင်ပြေနေတာပဲ။ ရှေးဟောင်းသမိုင်းတောင် လေ့လာနေသေးတယ်။ သူ့ကာကွယ်မှုအောက်မှာနေရင် ငါတို့ဘေးကင်းမှာပါ"
"တစ်ခုအရေးကြီးတာက ငါတို့ပုံတူပန်းချီတွေ နတ်ဆိုးနယ်မြေကို ရောက်မရောက်ဆိုတာပဲ"
"မရောက်လောက်ပါဘူး။ နတ်ဆိုးမျိုးနွယ်ပါရမီရှင်တွေရဲ့နာမည်တွေ တစ်ခုမှငါတို့မကြားဖူးဘူးလေ။ ဒီတော့ နတ်ဆိုးနယ်မြေကလည်း မဟာရှားပါရမီရှင်တွေအကြောင်း မသိတဲ့သဘောပဲ။ အလွန်ဆုံး နာမည်တစ်ခုနှစ်ခုလောက်ပဲ သိကြမှာပေါ့"
"ဟုတ်ပါတယ်"
ဆွေးနွေးပြီးနောက် နှစ်ယောက်သား ခရီးထွက်ရန်ဆုံးဖြတ်သည်။
ကျင့်ကြံသူများသည် စိန်ခေါ်မှုကို ကြောက်နေ၍မဖြစ်။
လိုအပ်သည့်ပစ္စည်းပစ္စယများဝယ်သည်။ အသက်ကယ်ပစ္စည်းများ အဓိကဝယ်သညည် ကျောက်စိမ်းတံဆိပ်ထဲထည့်ပြီး ပေါ့ပါးစွာခရီးစထွက်သည်။ ရောက်ဖူးခဲ့သည့် နတ်ဆိုးချုပ်တောင်ကြားမြို့သို့သွားမည့် လှေပျံတစ်စီးပေါ်တက်ကြသည်။
အရင်က သူတို့ကို ထိုမြို့သို့လွှင့်ပစ်ခဲ့သူမှာ ယွမ်ကျိဖြစ်သည်။
တစ်ချိန်က အောင်မြင်ခဲ့သည့် ဆံပင်တုလုပ်ငန်း ယခု ယုတ်လျော့ကျဆင်းနေသည်။ လုယန်၏ လက်သီးပညာမရှိသဖြင့် ဆံပင်တုများ မလိုအပ်တော့။
ပိုးမွှားနှင်ဆေးရည်မျာလည်း သူတို့ဝယ်စရာမလိုတော့။ ရွှေသန္ဓေစွမ်းအင်ရောင် ထုတ်လွှတ်လိုက်လျှင် ဘယ်ခြင် ဘယ်ပိုးမွှားမှ အနားမသီနိုင်။
နတ်ဆိုးချုပ်တောင်ကြားမြို့နှင့် နတ်ဆိုးနယ်မြေကြားမှ တောနက်က ရှိနေဆဲဖြစ်သည်။ ထိုတောနက်မှာပင် လုယန် ရွှေသန္ဓေတည်ဆောက်ခဲ့သည်။
"အရင်က ဒီရွှေသန္ဓေအဆင့်နတ်ဆိုးသားရဲတွေဟာ ငါတို့အတွက် အတော်အန္တရာယ်များခဲ့တယ်။ နတ်ဝိညာဉ်အဆင့်တစ်ကောင်တွေ့ရင်အသက်လုပြေးရုံပဲရှိတာ။ အခုဆို သူတို့ကို မျက်လုံးထဲထည့်စရာမလိုတော့ဘူး"
ရွှေသန္ဓေအဋ္ဌမအဆင့်သခင်နှစ်ယောက် တောနက်ထဲတွင် ပျော်ရွှင်စွာပြောဆိုရယ်မောနေသည်။
သစ်ပင်မြင့်များက နေပျောက်မထိုးနိုင်အောင် ဖုံးအုပ်ထားသည်။ ပိတ်ဆိုင်းနေသည့် သစ်ပင်ခြုံနွယ်များအောက်မှ မျက်လုံးစိမ်းများက လောဘရိပ်သန်းနေသည်။ သူတို့နှစ်ယောက်ကို သွေးဆာသည့်အကြည့်ဖြင့် ကြည့်နေသည်။ လူသတ်ရိပ်အပြည့်ရှိသည်။
သို့သော် သူတို့နှစ်ယောက် နတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲတစ်ကောင်ကို အေးအေးလူလူသတ်ဖြတ်လိုက်ပြီးနောက် ထိုမျက်လုံးစိမ်းများ အန္တရာယ်ကိုရိပ်မိသဖြင့် အသံတိတ်နောက်ဆုတ်သွားကြသည်။
နတ်ဝိညာဉ်အဆင့်သားရဲနယ်မြေများသို့ ဝင်ချိန်တွင်လည်း နယ်မြေအစွဲကြီးသူတို့ပင် ထွက်မလာရဲကြ။ မမြင်ချင်ယောင်ဆောင်၍ ပြဿနာမဖြစ်စေရန် အသံတိတ်ဆုတောင်းနေကြသည်။
နတ်ဝိညာဉ်အဆင့်ထိ ကျင့်ကြံနိုင်သူများသည် အရူးမဟုတ်။ ကိုယ်စွမ်းအားအကန့်အသတ်ကို ကောင်းကောင်းသိသည်။ သူတို့သည် သာမန်တိုက်ခိုက်စွမ်းအားသာရှိသည့် သွေးနှောသားရဲများဖြစ်သည်။ ထိုလူသားနှစ်ယောက်၏ တိုက်ခိုက်စွမ်းအားက ထိပ်တန်းနတ်ဆိုးမျိုးနွယ်ပါရမီရှင်များနှင့် တန်းတူရှိသည်။ ရန်မစရဲကြ။
တောနက်သည် သူတို့နှစ်ယောက်အတွက် ကြောက်စရာမဟုတ်တော့။
ရွှေသန္ဓေသခင်နှစ်ယောက် နတ်ဆိုးနယ်မြေသို့ မဝင်သေးမီ သူတို့စွမ်းအားကို မကြာခဏ ထုတ်ပြနေကြသည်။
*********************************