← Chapters

အလယ်ပိုင်းတိုက်နယ်နှင့် နတ်ဆိုးနယ်မြေ

Vol. 38 Ch. 561

အလယ်ပိုင်းတိုက်နယ်နှင့် နတ်ဆိုးနယ်မြေ

Vol. 38 Ch. 561

ရွှေသန္ဓေအဆင့်နှစ်ယောက် သူတို့စွမ်းအားကို ကြွားလုံးထုတ်ကြသည်။ ဝိညာဉ်ပြောင်းအဆင့်သားရဲနယ်မြေများကို ကျင်လည်စွာရှောင်တိမ်းသည်။ အနိုင်မယူနိုင်၍မဟုတ်။ မလိုအပ်ဘဲ အပင်ပန်းမခံလိုခြင်းကြောင့်ဖြစ်သည်။ တောနက်အတွင်းပိုင်းသို့ သူတို့ရောက်လာကြသည်။

"မြူတွေထူလှချည်လား"

သူတို့ရှေ့မှ မြူခိုးများက ထူထပ်လွန်းသဖြင့် ကိုယ်လက်ကိုယ်ပင် မမြင်ရ။ ရှေ့လမ်းကိုမမြင်ရ။ စိတ်မှန်းဖြင့်သာလျှောက်နေရသည်။

"ယား"

မုန်ကျင်းကျိုး မာန်သွင်းအော်ဟစ်၍ လက်ဝါးတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ရွှေ‌ရောင်လက်ဝါးရိပ်တစ်ခု လင်းလက်တောက်ပလာသည်။ လူတစ်ရပ်စာထက်ပိုမြင့်မားသည်။ လက်ဝါးရိပ်နှင့်အတူ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။

ပုံမှန်နေ့မျိုးတွင် ထိုလက်ဝါးတစ်ချက်သည် ရွှေသန္ဓေအခြေခံဆင့်တစ်ယောက်ကို လွင့်ထွက်သွားစေနိုင်သည်။ သို့သော်ယခု မြူထုကို ရိုက်ခတ်သော်လည်း လှိုင်းဂယက်ပင်မထ။

လက်ဝါးစွမ်းအားက ထိုမြူထုကို မဖယ်ရှားနိုင်။

လုယန်က သူဂုဏ်ယူရသည့် ဝိညာဉ်အာရုံကိုဖြန့်လိုက်သည်။ သို့သော် လုံးဝဖြန့်ကြည့်၍မရ။ မြူများကိုထိသည်နှင့် ဝိညာဉ်စွမ်းအင် ချက်ချင်းပျောက်ကွယ်သွားသည်။

"တောနက်အတွင်းပိုင်းမှာ မြူတွေဆိုင်းနေတဲ့နေရာရှိတယ်လို့ ငါကြားဖူးတယ်။ ဒီလောက်ထူးဆန်းမယ်လို့တော့ ထင်မထားဘူး။ ဝိညာဉ်အာရုံတောင် မထိုးဖောက်နိုင်ပါလား။ မဟုတ်သေးဘူး၊ ဒီမြူတွေက ဝိညာဉ်အာရုံကို ဖြိုခွဲနေတာလို့ ပြောရမှာ"

တောင်ကြားမြို့တွင် လေ့ကျင့်ရေးဆင်းစဉ်က တောနက်၏တစ်ချို့အပိုင်းများတွင် မြူများဆိုင်းနေကြောင်း သူတို့ကြားခဲ့ရသည်။ မွန်းတည့်ချိန်မှာပင် မြူမကွဲကြောင်းသိရသည်။

"ရွှေသန္ဓေအဆင့်ရောက်ရင် ဒီဒဏ္ဍာရီမြူတွေကို ထည့်တွက်စရာမလိုတော့ဘူးထင်ခဲ့တာ။ ငါလွယ်လွယ်တွေးခဲ့မိတာပဲ။ ဒါဟာ ပုံရိပ်ယောင်ဘုရင် ဒါမှမဟုတ် တစ်ခြားနတ်ဆိုးသားရဲတစ်ကောင်ကောင် ဖန်တီးထားတာဖြစ်နိုင်တယ်"

ဝိညာဉ်အာရုံလည်း သုံးမရ။ အာရုံခြောက်ပါးလုံး သိသိသာသာအားနည်းသွားသည်။ ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်းလျော့ပါးသွားသည်။ အလွယ်တကူတိုက်ခိုက်ခံရနိုင်သည်။

နှစ်ယောက်သား မပေါ့ဆရဲကြ။ သတိမပြတ်ထား၍ မြူကြားမှ တိုးဝှေ့လျှောက်သွားသည်။ စွမ်းအင်ရောင်ကို အနည်းဆုံးဖြစ်အောင် ထိန်းကြသည်။

အမှန်တော့ သိပ်စိုးရိမ်စရာလည်း မလိုလှပါ။ မြူထဲတွင် ရန်သူကို သူတို့အာရုံမခံနိုင်သလို ရန်သူကလည် သူတို့ကို အာရုံခံနိုင်မည်မဟုတ်။ အလစ်ချောင်းတိုက်ခိုက်ဖို့ ဤနေရာမျိုးကို ဘယ်သူမှရွေးကြမည်မဟုတ်။

"ဒါအမယွမ်ပြောတဲ့ ထူးဆန်းတဲ့မြင်ကွင်းဆိုတာများလား"

ယွမ်ကျိပြောလိုက်သည့်စကားကို လုယန် ပြန်သတိရလာသည်။

"အမယွမ်က ဘာပြောလိုက်လို့လဲ"

"တိုက်နယ်နဲ့နတ်ဆိုးနယ်မြေကြားက နယ်စပ်မှာ ထူးဆန်းတာတွေတွေ့ရမယ်လို့ ပြောတယ်။ နားမလည်တာရှိရင် အမသုံးကိုတွေ့တဲ့အခါ မေးလို့ရတယ်တဲ့"

"ဒါဆိုရင်တော့ ဒီမြူတွေကိုပြောတာပဲဖြစ်မယ်"

ထိုစဉ် နတ်မယ် အိပ်ယာနိုးလာသည်။ ခရီးစဉ်တစ်လျှောက်လုံး သက်တောင့်သက်သာ အိပ်နေခဲ့သည်။ သူ့စွမ်းအား အတော်ပြန်ပြည့်လာသည်။

"အဲ..နင်တို့နှစ်ယောက်။ ဒါက သူတို့နယ်မြေလား။ နင်တို့ရှေ့မှာ နံရံကြီးတစ်ခု ဘာလို့ရှိနေတာလဲ"

နတ်မယ် အိပ်ချက်မူးတူးဖြင့် မျက်လုံးကိုပွတ်၍ လုယန်ကိုသတိပေးသည်။ သတိမပေးလျှင် လုယန် နံရံကိုဝင်တိုက်မိတော့မည်။

"နံရံ...ဟုတ်လား"

မြူများကထူလွန်းသဖြင့် လုယန်ဘာမှမမြင်ရ။

"နံရံက အတော်မြင့်တယ်၊ အတော်ကြီးတယ်။ တစ်ခါကြည့်ရုံနဲ့ အဆုံးကိုမမြင်ရဘူး။...နေဦး၊ မဟုတ်သေးဘူး"

မူမမှန်သည့်အချက်ကို နတ်မယ် သတိထားမိသည်။

ဘယ်လောက်ထူးဆန်းသည့်မြူဖြစ်စေ သူ့အာရုံကို မတားဆီးနိုင်။ ဘေးပတ်လည်မှ အရာအားလုံးကို ရှင်းလင်းစွာသူမြင်နေရသည်။

"ဘာမဟုတ်တာလဲ"

နတ်မယ်သည် ထိုသို့ထိတ်လန့်တကြား တုံ့ပြန်ခဲလှသည်။

နောက်ဆုံးအကြိမ် သူထိုသို့တုံ့ပြန်ခဲ့သည်မှာ ပြန်လည်ရှင်သန်၍ လုယန်ကို နှိပ်ကွပ်ရန် ကြွေးကြော်နေချိန် ဆင့်ခေါ်လိုက်သည့်ယွမ်ကျိ ရောက်လာပြီး သူတန်ပြန်ရိုက်နှက်ခံရစဉ်ကဖြစ်သည်။

"ငါ့ဝိညာဉ်အာရုံ နင့်ဆီလွှဲပေးမယ်"

သိစိတ်နယ်မြေတွင် နတ်မယ်က လုယန်နဖူးကို လက်ချောင်းဖြင့်တို့၍ ဝိညာဉ်အာရုံချင်းချိတ်ဆက်ပေးသည်။

တစ်ကိုယ်လုံးပေါ့ပါးသွားသလို လုယန်ခံစားရသည်။ သူ့မြင်ကွင်းက အဆင့်မြင့်နတ်တစ်ပါးလို အဆုံးမရှိ။ သူ့ရှေ့တွင် အရာအားလုံးပေါ်လာသည်။ စိတ်ကြိုက်ကြည့်ရှုနိုင်သည်။

"ဘာကြီးလဲဟ"

လုယန် မယုံနိုင်အောင်ဖြစ်သွားသည်။ သူ့ရှေ့တွင် အတိုင်းအရှည်မခန့်မှန်းနိုင်လောက်အောင် ထူထဲကြီးမားသည့် နံရံကြီးတစ်ခုရှိသည်။ ကျယ်ပြန့်လွန်းသည်။ နတ်မယ့်၏ ဝိညာဉ်အာရုံဖြင့်ပင် နံရံအဆုံးကို မမြင်ရ။

နတ်မယ်၏အာရုံက မြူထုအလွန်သို့ပင် ရောက်သည်။ ခြုံပုတ်များ၊ မြင့်မားသည်သစ်ပင်များ၊ ပြေးလွှားနေသည့် နတ်ဆိုးသားရဲများ၊ မျိုးနွယ်စုများ။ သက်ဝင်လှုပ်ရှားနေသည့်မြင်ကွင်းကို မြင်ရသည်။

သို့သော် မြင်သမျှအရာအားလုံးက နံရံပေါ်တွင် ဒေါင်လိုက်အနေအထားရှိနေသည်။

"လုယန်၊ မင်းဘယ်မှာလဲ"

လုယန်ခြေလှမ်းရပ်သွားသည်ကို မုန်ကျင်းကျိုးမသိလိုက်။ ရှေ့သို့လျှောက်သွားပြီးမှ ဘေးသို့လှည့်ကြည့်မိသည်။ လုယန်ကို မမြင်ရတော့။

လုယန် ခဏအသံတိတ်နေသည်။ မုန်ကျင်းကျိုး နံရံပေါ်တွင် 'လမ်းလျှောက်'နေသည်ကို မြင်ရသည်။

မုန်ကျင်းကျိုး နံရံကိုထိသည့်အချိန်တွင် လုယန်နှင့် ထောင့်မှန်ကျ ကန့်လန့်ရပ်လျက်အနေအထား ဖြစ်သွားသည်။

ထို့ပြင် မုန်ကျင်းကျိုးက ရှေ့ဆက်လျှောက်သွားသည်။ သူ့အဖြစ်သူ ရိပ်မိဟန်မတူ။

"ဆက်မသွားနဲ့ ဒီကိုပြန်လာခဲ့"

လုယန် လှမ်းအော်လိုက်သည်။ မုန်ကျင်းကျိုး နောက်ပြန်လှည့်ပြီး အူတူတူမျက်နှာဖြင့်လျှောက်လာသည်။ လုယန်အော်ခေါ်သည်ဆိုလျှင် တစ်ခုခုထူးခြားမှန်း သူရိပ်မိသည်။ ခြေလေးငါးလှမ်းလျှောက်ပြီးနောက် လုယန်ဘေးသို့ပြန်ရောက်လာသည်။

"ဘာဖြစ်လို့လဲ"

သူတွေးမရ။

လုယန် ရင်တုန်သွားသည် မုန်ကျင်းကျိုး နောက်သို့ပြန်လျှောက်လာသည့်ဖြစ်စဉ်တစ်ခုလုံး သူမြင်ရသည်။ သူ့ရှေ့မှ ထူထဲသည့်နံရံသည် အမှန်တော့ နံရံမဟုတ်။ နတ်ဆိုးနယ်မြေပင်ဖြစ်သည်။

အလယ်ပိုင်းတိုက်နယ်နှင့် နတ်ဆိုးနယ်မြေသည် ပုံမှန်ရေပြင်ညီအတိုင်း ဆက်နေခြင်းမဟုတ်။ လုံးဝကွဲပြားခြားနားသည့် တိုက်နယ်နှစ်ခု ဒေါင်လိုက်ဆက်၍တည်ရှိနေခြင်းဖြစ်သည်။

လုယန် ရှေ့တစ်လှမ်းတိုးကြည့်သည်။ လောကတစ်ခုလုံး တစ်ပတ်လည်သွားပြီး နတ်ဆိုးနယ်မြေသို့ ရောက်လာသည်ကို ဝိညာဉ်အာရုံမှမြင်ရသည်။

အလယ်ပိုင်းတိုက်နယ်သို့ ပြန်ကူးလာသည်။ မုန်ကျင်းကျိုးကို သူမြင်ရသည့်အခြေအနေအား ရှင်းပြသည်။ မုန်ကျင်းကျိုးလည်း အတော်ကြာအောင် အသံတိတ်သွားသည်။

"အမယွမ်ပြောတဲ့ ထူးဆန်းတဲ့မြင်ကွင်းဆိုတာ အဲဒါပဲဖြစ်မယ်"

"ဘာလို့ အလယ်ပိုင်းတိုက်နယ်နဲ့နတ်ဆိုးနယ်မြေက မတူတဲ့တိုက်နယ်နှစ်ခု ဖြစ်နေတာလဲ။...နေဦး၊ 'အလယ်ပိုင်း'တိုက်နယ်လို့ ဘာလို့နာမည်ပေးထားတာလဲ"

နောက်မေးခွန်းတစ်ခု လုယန် ရုတ်တ်ရက်တွေးမိသည်။

အရှေ့အနောက်တောင်မြောက်တွင် ပင်လယ်၊ ဗုဒ္ဓနိုင်ငံ၊ နတ်ဆိုးနယ်မြေနှင့် မြောက်ပိုင်းရေခဲနယ်မြေများ ဝိုင်းရံနေပြီး မဟာရှားနိုင်ငံက အလယ်တွင်ရှိနေသဖြင့် အလယ်ပိုင်းတိုက်နယ်ဟုနာမည်တွင်သည်ဟု သူထင်ခဲ့သည်။

သို့သော် နတ်ဆိုးနယ်မြေနှင့် အလယ်ပိုင်းတိုက်နယ် ဒေါင်လိုက်ဆက်နေသည်။ 'အလယ်ပိုင်း'ဟု သတ်မှတ်နိုင်မည်လော...

တစ်ခြားနယ်မြေသုံးခုလည်း ဒေါင်လိုက်ဆက်နေမှသာ အလယ်ပိုင်းတိုက်နယ်ဟု ခေါ်နိုင်တေ့မည်။

"ရှေးဟောင်းအမည်မဲ့စွမ်းအားရှင်က ဒီလိုလုပ်ခဲ့တာများလား"

"အဲလိုဖြစ်ဖို့များတယ်"

ရှေးဟောင်းစွမ်းအားရှင်သည် ကြယ်ကမ္ဘာများကို တိုက်နယ်တစ်ခုတည်းအဖြစ် သန့်စင်ခဲ့သည်မဟုတ်။ တိုက်နယ်ငါးခုအဖြစ် သန့်စင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူဘာကြောင့်ထိုသို့လုပ်ခဲ့သည်ကို မသိရ။

ကြယ်များကို တိုက်နယ်အဖြစ်သန့်စင်ဖို့ အလွန်တရာကြီးမားသည့် စွမ်းအားမျိုးသုံးရမည်။ အခက်အခဲများပြည့်နေသည်။ ပါးစပ်ပြောဖြင့် လွယ်လွယ်လုပ်နိုင်သည့်ကိစ္စမဟုတ်။

ထိုသို့အားအင်စိုက်ထုတ်ခဲ့သည်ဆိုလျှင် ရည်ရွယ်ချက်တစ်ခုတော့ ရှိရမည်။

လုယန် ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ အမယွမ်က ဤအခြေအနေကို ကြိုတွက်ပြီးဖြစ်မည်။ ထို့ကြောင့် မေးစရာရှိလျှင် အမသုံးကိုမေးဖို့ပြောခြင်းဖြစ်မည်။

တိုက်နယ်များတည်ရှိပုံကို ကြိုတင်မရှင်းပြခဲ့သည်က ကိုယ်တိုင်မြင်ပြီး လေးလေးနက်နက်တွေ့ကြုံခံစားစေလိုသောကြောင့်ဖြစ်မည်။

"ကျင့်ကြံသူအများစုက ကောင်းကင်ကကြယ်တွေ သန့်စင်ခံထားရတာ မသိကြဘူး။ တိုက်နယ်တွေ ဒီလိုပုံစံဖြစ်တည်နေတာကိုလည်း သိတဲ့သူနည်းလိမ့်မယ်ထင်တယ်"

အဆင့်မြင့်ကျင့်ကြံသူအတော်များများ သူတို့တွေ့ဖူးသည်။ တိုက်နယ်များအခြေအနေကို ပြောဖူးသူမရှိခဲ့။ ဤအချက်ကို မသိကြ၍သာဖြစ်မည်။

"လောလောဆယ် အများကြီးတွေးမနေနဲ့။ ငါတို့ကလည်း တိုက်နယ်အားလုံးကို ရေပြင်ညီအတိုင်းဖြစ်အောင်လုပ်နိုင်စွမ်းမှမရှိတာ။ မလိုအပ်ဘဲ ခေါင်းခြောက်မခံနဲ့"

မုန်ကျင်းကျိုးကပြောသည်။

"ဟုတ်ပါတယ်"

နှစ်ယောက်လုံး ခေါင်းတစ်ချက်ငြိမ့်၍ ရှေ့တစ်လှမ်းတိုးလိုက်ကြသည်။ တစ်ခြားတိုက်နယ်တစ်ခုသို့ ရောက်သွားသည်။

နတ်ဆိုးနယ်မြေဘက်တွင်လည်း သိပ်သည်းသည့်မြူများဆိုင်းနေသည်။ ရှေ့ဆက်လျှောက်လာချိန်တွင် မြူများလည်း တဖြေးဖြေးပါးသွားသည်။

နတ်ဆိုးနယ်မြေသို့ တရားဝင်ရောက်လာကြသည်။

***********************************

All Chapters