ခိုးရာလိုက်လာသူ
Vol. 38 Ch. 562
နတ်ဆိုးနယ်မြေသို့ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်သည်။ သူတို့ရှေ့မြင်ကွင်းကို လရောင်ပါးပါး ထိုးကျလျက်ရှိသည်။ တောအုပ်တစ်ခုရှိသည်။ နတ်ဆိုးနယ်မြေတွင် တောအုပ်များ အလွန်ပေါသည်။
အလယ်ပိုင်းတိုက်နယ်က အပြည့်အဝဖွံံဖြိုးတိုးတက်နေသော်လည်း နတ်ဆိုးနယ်မြေက အတော်ခေတ်နောက်ကျသည်။ ဖွံ့ဖြိုးတိုးတက်မှုသိပ်မရှိသည့် ကျေးရွာများအဖြစ်သာ စုဖွဲ့နေထိုင်သည်။ အလွန်ရှေးကျသည့် သစ်တောများစွာရှိသည်။
ထို့ပြင် နတ်ဆိုးနယ်မြေနယ်စပ်တွင် နေထိုင်သည့် မျိုးနွယ်များသည် သွေးနှောနတ်ဆိုးမျိုးနွယ်များဖြစ်သည်။ တောအုပ်များကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်စွမ်းမရှိသည့် မျိုးနွယ်စုငယ်လေးများသာရှိသည်။
"အမသုံးက ဘယ်မှာတဲ့လဲ"
"အမယွမ်ပေးလိုက်တဲ့မြေပုံအရ နတ်ဆိုးချုပ်တောင်ကြားမြို့ကထွက်လာပြီး နတ်ဆိုးနယ်မြေကို ငါတို့ရောက်ပြီ။ မြောက်ဘက်ကို မိုင်နှစ်ထောင်ဆက်သွားရင် ချုန်းချီမျိုးနွယ်နဲ့ ထန်လန်မျိုးနွယ်ကြားက နယ်စပ်မှာ အမသုံးက ငါတို့ကိုစောင့်နေလိမ့်မယ်"
လုယန် ယွမ်ကျိပေးလိုက်သည့်မြေပုံကို ဖြန့်ကြည့်သည်။ မြေပုံကြမ်းသာဖြစ်သည်။ နတ်ဆိုးနယ်မြေနယ်စပ်၊ ချုန်းချီနှင့်ထန်လန်မျိုးနွယ်တို့၏ နယ်မြေများကို အမှတ်အသားပြထားသည်။ ထိုနေရာမရောက်မီစပ်ကြား မည်သည့်မျိုးနွယ်စုများ ဖြတ်ကျော်ရမည်ကို ပြမထား။
"သိပမဝေးပါဘူး။ သုံးရက်လောက်ပဲသွားရမှာ"
"ဒါဆို သွားကြမယ်လေ"
ဦးတည်ရာဆုံးဖြတ်ပြီးနောက် စထွက်ရန်ပြင်ဆင်သည်။ ညအချိန်ဖြစ်သော်လည်း ကျင့်ကြံသူများအတွက် ကိစ္စမရှိ။ မျက်လုံးကို လေ့ကျင့်ပေးရာပင်ရောက်ဦးမည်။ အလင်းနည်းနည်းရှိလျှင် လမ်းကိုရှင်းလင်းစွာမြင်နိုင်သည်။ လရောက်ရှိနေသဖြင့် နေ့ခင်းပိုင်းကဲ့သို့ပင် သွားလာနိုင်သည်။
ခရီးစခါနီးတွင် တောနက်ထဲမှ ပွတ်တိုက်သံတစ်ခုကို အာရုံခံမိသည်။ အော်သံသဲ့သဲ့ကြားရသည်။
"ရပ်လိုက်"
"မလွတ်စေနဲ့"
"သခင်မလေး၊ မပြေးနဲ့"
ယောက်ျားတစ်ယောက် မိန်းမတစ်ယောက် တောနက်ထဲမှ ပေါ်လာသည်။ လုယန်တို့ကိုမြင်သည်နှင့် လန့်ဖျတ်သွားသည်။ ညအမှောင်ကို အကာအကွယ်ယူ၍ လက်ထပ်ပွဲမှ ထွက်ပြေးလာခြင်းဖြစ်သည်။ မဟာရှားနိုင်ငံသို့ပြေးရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် သူတို့အစီအစဉ် အမှားအယွင်းတစ်ခုဖြစ်ခဲ့သည်။ မျိုးနွယ်ဝင်များက သူတို့အကြောင်း ရိပ်မိသွားပြီး နောက်မှတောက်လျှောက်လိုက်လာသည်။
ယခုအောင်မြင်မှုက လက်တစ်ကမ်းသို့ရောက်လာချိန်တွင် သူတို့ထွက်ပြေးမည့်လမ်းကြောင်းရှေ့မှ ပိတ်ဆို့တိုက်ခိုက်ခံရမည်ဟု ထင်မထားခဲ့။
"ဖောက်ထွက်မယ်"
ယောက်ျားဖြစ်သူက အံတင်းတင်းကျိတ်သည်။ ထိုနှစ်ယောက်ကို ဖြတ်ကျော်၍ မြူထဲသို့တိုးဝင်နိုင်လျှင် သူတို့လွတ်မြောက်နိုင်မည်။
သူ့မှော်လက်စွပ်ထဲမှ ဓားပြားကိုဆွဲထုတ်၍ လက်နှစ်ဘက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူ့ကြွက်သားများ ဖောင်းထလာသည်။ ဓားပြားပေါ်တွင် ရေငွေ့တစ်ချို့စုဝေးလာပြီး အေးစိမ့်သည့်အငွေ့အသက်ပေါ်လာသည်။
အရင်ကဆိုလျှင် လုယန်လိုစွမ်းအားရှင်မျိုးကို လုံးဝရင်ဆိုင်တိုက်ခိုက်ရဲမည်မဟုတ်။ သို့သော်ယခု သူ့ချစ်သူက ဘေးတွင်အတူရှိနေသည်။ နောက်ဘက်တွင် လိုက်ဖမ်းကြသည့် မျိုးနွယ်ဝင်များရှိသည်။ ရှေ့တွင် လွတ်မြောက်လမ်းရှိသည်။ ထို့ကြောင့် သူအစွမ်းကုန်ကြိုးစားရမည်။
မိန်းမဖြစ်သူကလည်း အားမနည်းလှ။ အမွှာဓားနှစ်လက်ကိုင်ထားသည်။ ဓားဦးများက နဂါးနှင့်ဖီးနစ်ကဲ့သို့ ကခုန်နေသည်။
"ငါ့ကိုတားတဲ့လူတွေ သေရမယ်"
ယောက်ျားနှင့်မိန်းမ လေထဲသို့ခုန်တက်လိုက်သည်။ လုယန်၏ ဒူးဆစ်လောက်ထိ ရောက်လာသည်။ လုယန် ပိတ်ကန်လိုက်သည်။
ထို့နောက် ဆောင့်ကြောင့်ထိုင်၍ တစ်လက်မခန့်သာရှိသည့် လူပိစိကွေးနှစ်ယောက်ကို စိတ်ပျက်လက်ပျက်ကြည့်နေသည်။
"မင်းတို့ဘာတွေလုပ်နေတာလဲ"
စုံတွဲကပြန်မဖြေမီ နောက်ဘက်မှ လိုက်ဖမ်းသူများ ရောက်လာသည်။ အားလုံးက တစ်လက်မအရွယ်သာဖြစ်သည်။ အများစုက လူအသွင်ရှိသည်။ လူအသွင်မပြောင်းနိုင်သူတစ်ချို့က ပင်ကိုယ်မျိုးနွယ်ပုံစံပြောင်းထားသည်။
အင်းဆက်မျိုးနွယ်။
မုန်ကျင်းကျိုး မျက်ခုံးတစ်ချက်တွန့်သွားသည်။ သူတို့နှစ်ယောက် ထွက်သွားခါနီးတွင် အင်းဆက်စုံတွဲက တောနက်ထဲမှာ ဒရောသောပါးပြေးထွက်လာပြီး 'ငါ့ကိုတားတဲ့လူတွေ သေရမယ်'ဟုကြွေးကြော်သည်။ သွားကြားထိုးတံလောက်ရှိသည့် လက်နက်များကိုင်ပြီး ပြေးတက်လာသည်။
ထိုစုံတွဲသည် ကျင့်စဉ်စွမ်းအားလည်း လောက်လောက်လားလားရှိသည်မဟုတ်။ ရှိလျှင်ပင် သူတို့နှစ်ယောက်ကို တိုက်ခိုက်ဖို့ ဘယ်ကသတ္တိရလာသနည်း။
(**ချစ်သတ္တိဖြစ်ပါလိမ့်မည်)
အင်းဆက်မျိုးနွယ်သည်လည်း နတ်ဆိုးမျိုးနွယ်ထဲတွင် အကျုံးဝင်သည်။ နဂါးနှင့်ဖီးနစ်မျိုးနွယ်များက နတ်ဆိုးမျိုးနွယ်၏ ထိပ်ဆုံးတွင်ရှိသည်ဆိုလျှင် အင်းဆက်မျိုးနွယ်များက အောက်ဆုံးတွင်ရှိသည်။ ယုန်မျိုးနွယ် ကြွက်မျိုးနွယ်များပင် ဤပိုးကောင်များထက် အဆင့်အတန်းမြင့်သည်။
အင်းဆက်မျိုးနွယ်တို့သည် မွေးကတည်းကအားနည်းကြသဖြင့် အနွေးဓာတ်ရဖို့ အတူစုဖွဲ့နေထိုင်ရသည်။ ပုရွတ်ဆိတ်မျိုးနွယ်၊ ကျိုင်းကောင်မျိုးနွယ်၊ နွားချေးပိုးမျိုးနွယ်၊ ခြင်မျိုးနွယ်။ အားလုံးအတူစုဖွဲ့နေကြသည်။ ထိုမျိုးနွယ်အားလုံးကို စုပေါင်း၍ အင်းဆက်မျိုးနွယ်ဟုခေါ်သည်။
အသွင်ပြောင်းနိုင်သည့်အစွမ်း ရပြီးနောက်မှာပင် ကျင့်စဉ်စွမ်းအားမလုံလောက်၍ တစ်လက်မလူအရွယ်သာ ပြောင်းနိုင်ကြသည်။ အခြေတည်အဆင့်ရောက်လျှင် ကလေးငယ်အရွယ်ခန္ဓာကိုယ်မျိုးရလာသည်။ ရွှေသန္ဓေအဆင့်ရောက်မှသာ ပုံမှန်လူအရွယ်အစား ပြောင်းနိုင်သည်။
ယောက်ျားဖြစ်သူက သွေးများအန်ထွက်၍ လုယန်ကို စိတ်အားငယ်စွာကြည့်နေသည်။ သူ့လှုပ်ရှားမှုက ပေါ့ပါးလျှင်မြန်ပါသည်။ ချီစုစည်းခြင်းဒုတိယအဆင့်ကျင့်ကြံသူနှင့် တန်းတူစွမ်းအားရှိသည်။ သို့သော် လုယန်၏ကန်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားသည်။ သို့ဆိုလျှင် လုယန်သည် ချီစတုတ္ထအဆင့်နဲ့အထက် စွမ်းအားရှိသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေလိမ့်မည်။
လုယန် အင်းဆက်မျိုးနွယ်များကို မြင်ဖူးပါသည်။ ဆေးစိုက်ခင်းမှ ငွေလက်စွပ်တီကောင်ဘုရင်များသည် အင်းဆက်မျိုးနွယ်ဖြစ်သည်။ အနည်းဆုံး ဝိညာဉ်ပြောင်းအဆင့်ရှိကြသည်။
သို့သော် ယခုလောက်သေးငယ်သည့် အင်းဆက်မျိုးနွယ်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ အရင်က ထိုမျိုးနွယ်များရှိသည်ကြားတိုင်း ဟာသဟုမှတ်ယူခဲ့သည်။ ယနေ့မှ သူ့ကိုဓားဆွဲတိုက်ခိုက်ရသည့် အင်းဆက်မျိုးနွယ်နှင့် ကိုယ်တွေ့ကြုံဖူးခြင်းဖြစ်သည်။ သူအတော်သဘောကျနေသည်။
နောက်ဘက်မှ လိုက်လာသူအုပ်စုလည်း လုယန်၏စွမ်းရည်ကိုမြင်ပြီးနောက် ရှိန်သွားသည်။ ပြဿနာမရှာရဲကြ။
တစ်ယောက်က ရှေ့ထွက်လာသည်။ လုယန်နှင့်မုန်ကျင်းကျိုးကို အကောင်းဆုံးကြိုးစား၍ မော့ကြည့်ပြီး ဒူးထောက်၍ မဝံမရဲပြောသည်။
"ကျုပ်က အင်းဆက်မျိုးနွယ်က လီရှီချန်းပါ။ တာအိုရှင်နှစ်ယောက် ဒီနေရာကို ဘယ်လိုရောက်လာသလဲ ကျုပ်မသိပါဘူး။ ကျုပ်တို့ဘက်က မရိုမသေပြုမိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"
သူသည် သူ့မျိုးနွယ်တွင် နံပတ်တစ်စွမ်းအားရှင်ဖြစ်သည်။ သို့သော် လုယန်တို့လို မဟာဘီလူးကြီးများရှေ့တွင် မလေးမစားမလုပ်ရဲ။ ကိုယ်နှုတ်အမူအရာကို သေချာဂရုစိုက်သည်။
"ဘာမှမရိုမသေလုပ်မိတာမရှိပါဘူး။ ကျုပ်တို့က ထောင်ချုပ်ဂိုဏ်းကပါ။ ကျုပ်နာမည်က မုန်ယန်။ သူက လုကျင်းကျိုးတဲ့"
တစ်ဘက်လူက မိတ်ဆက်လာသဖြင့် ပြန်မိတ်မဆက်လျှင် မသင့်တော်။
ထိုသို့ပြောဖို့ လမ်းခရီးတွင် သူတို့ကြိုတင်ဇာတ်တိုက်ခဲ့ကြသည်။ ဂိုဏ်းမဲ့ကျင့်ကြံသူများအဖြစ်ဟန်ဆောင်လျှင် သိပ်မကောင်း။ နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်တို့၏နောက်ခံနှင့် သွေးဆက်ကို အလေးထားသည်။ ဂိုဏ်းမဲ့ကျင့်ကြံသူဟုပြောလျှင် အထင်သေးခံရမည်။ ရန်ပြုစော်ကားဖို့ပင် ကြိုးစားလာနိုင်သည်။
ထို့ကြောင့် ခိုင်မာသည့်နောက်ခံတစ်ခု ဖန်တီးဖို့လိုသည်။ တော်ဝင်နန်းတော်အရာရှိများအဖြစ် ဟန်ဆောင်လျှင်လည်း အန္တရာယ်များသည်။ အလယ်ပိုင်းတိုက်နယ်သို့ ပြန်ရောက်လျှင် တရားရင်ဆိုင်ရနိုင်သည်။
တာအိုလမ်းစဉ်ဂိုဏ်းနာမည်ကိုလည်း သုံး၍မရ။
စွမ်းစီဘုံကျောင်းမှလူအဖြစ်ဟန်ဆောင်ဖို့လည်း အဆင်မပြေ။ ထိုဘုံကျောင်းသည် လူဦးရေနည်းလွန်းသည်။
လသံလွင်နန်းတော်ကလည်း မိန်းကလေးများသာရှိသည်။ သူတို့ ထိုဂိုဏ်းဝင်အဖြစ် ဟန်ဆောင်၍မရ။
ထို့ကြောင့် ထောင်ချုပ်ဂိုဏ်းနှင့် ဓာတ်ငါးမျိုးဂိုဏ်းသာ ရွေးစရာရှိသည်။
လုယန်က ထောင်ချုပ်ဂိုဏ်းကို ရွေးချယ်ခဲ့သည်။
လီချီရှန်း အကြီးအကျယ်အံ့အားသင့်သွားသည်။ ထိုမျှ ဆက်ဆံရေးပြေလည်သည့် မဟာစွမ်းအားရှင်များကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ နတ်ဆိုးနယ်မြေတွင် ဆက်ဆံရေးပြေလည်သူ များများစားစားမရှိ။
"တပ်မှူးလီ၊ ကျုပ်နဲ့ရှောင်မီကို သွားခွင့်ပေးပါ"
ထွက်ပြေးလာသည့်လူဖလံက အသနားခံသည်။ သို့သော် တပ်မှူးလီက အရေးမစိုက်။
ထိုစုံတွဲထွက်ပြေးသည့်အစီအစဉ်သည် အစကတည်းက မှားနေသည်။ မဟာရှားက အင်းဆက်မျိုးနွယ်ဝင်များကို လုံးဝဝင်ခွင့်ပေမည်မဟုတ်။ ထိုစည်းမျဉ်းသည် လုံးဝမပြောင်းလဲနိုင်။
ဝင်ခွင့်ပေး၍ ထိုစုံတွဲ သားပေါက်မျိုးပွားမည့်အဖြစ်ကို လက်ခံမည်မဟုတ်။ ချီပထမအဆင့်ခြင်မျိုးနွယ်များပင် သာမန်လူတို့အတွက် အန္တရာယ်များလှသည်။
တီကောင်ဘုရင်လင်မယားက ချွင်းချက်ဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှိသည်။ မျိုးပွားနိုင်ဖို့ အလွန်ခက်ခဲသည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အင်းဆက်မျိုးနွယ်ကို စိတ်ဝင်စားလာကြသည်။ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ လရောင်အလင်းဖြင့် ထိုသတ္တဝါလေးများကို အကဲခတ်သည်။
"သူတို့ကို ခေါ်မသွားနဲ့ဦး။ အဖြစ်အပျက်ကို ပြောပြပါဦး"
တပ်မှူးလီ မဆန့်ကျင့်ရဲ။ အခြေအနေကို ပြည့်စုံအောင်ရှင်းပြသည်။
အင်းဆက်မျိုးနွယ်တွင်လည်း မျိုးနွယ်စုများစွာ ကွဲပြားသေးသည်။ သူတို့မျိုးနွယ်သည် အားအနည်းဆုံးဖြစ်သည်။ ချီအလတ်တန်းဆင့် တစ်ယောက်မှမရှိ။
တစ်ခြားအင်အားကြီးအင်းဆက်မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်၏သားက စုန့်ရှောင်မီကို သဘောကျသည်။ သူ့စွမ်းအားအရှိန်သုံး၍ ဖိအားပေးသည်။ လက်ထပ်ချင်သည်။
စုန့်ရှောင်မီတို့မျိုးနွယ်က မတတ်သာသဖြင့် လက်ခံရသည်။ သို့သော် စုန့်ရှောင်မီတွင် ချီရွှေဟူသည့် ငယ်ရည်းစားရှိသည်။ မျိုးနွယ်ပါရမီရှင်ဖြစ်သည်။ သို့သော် စုန့်ရှောင်မီလက်ထပ်မည့်လူနှင့်ယှဉ်လျှင် ခါချဉ်ခေါင်တောင်ဖြိုသည်နှင့်မခြားပေ။
စုန့်ရှောင်မီနှင့်ချီရွှေနှစ်ယောက်လုံးက ထိုလက်ထပ်ပွဲကို ဆန့်ကျင်ခဲ့သည်။ ထို့နောက် ညဘက်တွင် ထွက်ပြေးသည်။ ထို့ကြောင့် လုယန်တို့နှင့် လာဆုံရခြင်းဖြစ်သည်။
"စိတ်ဝင်စားစရာပဲ။ ကဲ..ဒါဆို ကျုပ်တို့ကို ခင်ဗျားတို့မျိုးနွယ်ဆီ ခေါ်သွားပေးပါ"
လုယန်က ပြောသည်။
အင်းဆက်မျိုးနွယ် ဘယ်လိုပုံစံရှိသည်ကို သူတို့နှစ်ယောက် တစ်ခါမှမမြင်ဖူးကြ။ နတ်ဆိုးနယ်မြေသို့ ရောက်လာပြီဖြစ်၍ ထိုမျိုးနွယ်၏ ထူးခြားချက်များကို ကိုယ်တိုင်မလေ့လာလျှင် အချည်းအနှီးဖြစ်တော့မည်။
*******************************