← Chapters

နှိပ်ကွပ်ခြင်း

Vol. 38 Ch. 564

နှိပ်ကွပ်ခြင်း

Vol. 38 Ch. 564

ချင်တုန်၏သွားများ တဂတ်ဂတ်အသံမြည်လျက် တစ်ကိုယ်လုံးတုန်ရင်နေသည်။ ထိုမျှကြောက်စရာကောင်းသည့်လူမျိုး သူတစ်ခါမှမတွေ့ဖူး။ ရပ်နေရုံဖြင့် အသက်ရှူကြပ်သလိုခံစားရသည်။ အသက်ပင် ပြင်းပြင်းမရှူရဲ။

တစ်ဘက်လူကသူ့ကို ပုရွက်ဆိတ်ဟု ဗြောင်ပြောသည်။

"ငါငြိမ်းငြိမ်းချမ်းချမ်းကျင့်ကြံနေတာကို မင်းကလာနှောက်ယှက်ရဲတယ်ပေါ့။ အတော်သတ္တိကောင်းတာပဲ"

မုန်ကျင်းကျိုး အေးစက်စက်ကျားရဲမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ပင်ကိုယ်ခံ့ညားမှုကပင် မိုးမြေဝိညာဉ်စွမ်းအင်များ အစိုင်အခဲဖြစ်စေနိုင်လောက်သည်။

ချင်တုန် ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် သူ့ဝိညာဉ်စွမ်းအင်များ အေးခဲသွားသလို ခံစားရသည်။ ချီစွမ်းအင်များကို အခြေခံတည်ဆောက်ပြီးသူများသာ ထိုစွမ်းအားမျိုး ပိုင်ဆိုင်ကြသည်။

ရေအင်းဆက်ဂိုဏ်းက ထိုမျှစွမ်းအားကြီးသည့်နောက်ခံမျိုး ဘယ်လိုရှာတွေ့ခဲ့သည်မသိ။

"တကယ်စိတ်အနှောက်အယှက်ဖြစ်တယ်ကွာ"

နောက်ထပ် တောင်ကုန်းတစ်ခု လှုပ်ရှားလာပြန်သည်။ စကားသံက ပျင်းရိပျင်းတွဲနိုင်သည်။ မျက်နှာအမူအရာက အေးစက်စက်။ ဓားတစ်လက် ဓားအိမ်မှထုတ်လိုက်သကဲ့သို့ရှိသည်။ တစ်စိတ်တစ်ပိုင်း ထုတ်လိုက်ရုံဖြင့် စူးရှတောက်ပသည့် ဓားအလင်းကြောင့် မျက်လုံးများကျိန်းစပ်သွားနိုင်လောက်သည်။

မုန်ကျင်းကျိုးကြောင့် ဝိညာဉ်စွမ်းအင်များ အစိုင်အခဲဖြစ်လာသည်ဟုဆိုလျှင် ယခု လုယန်ကြောင့် လူသတ်စွမ်းအင်ရောင်က ဝိညာဉ်စွမ်းအင်ထဲသို့ ပေါင်းစပ်သွားသည်။

နောက်ထပ်...နောက်ထပ်အခြေတည်အဆင့်တစ်ယောက်လား...

ချင်တုန် သေချင်စိတ်ပေါက်သွားသည်။ ရေအင်းဆက်မျိုးနွယ်အခြေတည်အဆင့်နှစ်ယောက်နှင့် အဆက်အသွယ်ရှိမှန်းသိလျှင် လက်ထပ်ဖို့ကိစ္စ ဤနေရာထိလာပြီး သူဖိအားပေးခဲ့မည်မဟုတ်။

အခြေတည်အဆင့်...။ ဤနေရာ၏ငါးမိုင်ပတ်လည်အတွင်းကို အုပ်စိုးသူသည် တောင်ဆိတ်အိုတစ်ကောင်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ရေအင်းဆက်မျိုးနွယ်ဖြစ်စေ အလောင်းအင်းဆက်မျိုးနွယ်ဖြစ်စေ ငြိမ်းချမ်းရေးရဖို့ တောင်ဆိတ်အိုကို အရိုအသေသွားပေးရသည်။

တောင်ဆိတ်အိုသည် အခြေတည်အဆင့်ဖြစ်သည်။

မုန်ကျင်းကျိုး လက်တစ်ဘက်ဆန့်ထုတ်လိုက်သည်။ တောင်တန်းတစ်ခု ရှည်ထွက်လာသလို ထင်ရသည်။ အလောင်းအင်းဆက်မျိုးနွယ်ကို လှမ်းဖိလိုက်သည်။

ချင်တုန် အသေအလဲခုခံသည်။ လျှို့ဝှက်ပညာတစ်ခုသုံးပြီး မူလပုံစံသို့ပြောင်းသည်။ တိုက်ခိုက်စွမ်းအားကို ချီစတုတ္ထအဆင့်မှ နောက်ဆုံးအဆင့်သို့ ယာယီမြှင့်တင်လိုက်သည်။

"ငါ့ကိုသတ်ရင် တောင်ဆိတ်ခေါင်းဆောင်က မင်းကိုအလွတ်ပေးမှာမဟုတ်ဘူးကွ"

"နားငြီးလိုက်တာ။ ဘယ်ကတောင်ဆိတ်ခေါင်းဆောင်လဲ။ သူရောက်လာရင်လည်း ငါဒီလိုပဲနှိပ်ကွပ်မှာပဲ"

မုန်ကျင်းကျိုး အကြောက်အရွံ့မရှိ လက်ဝါးဖြင့် ဆက်ဖိသည်။ ဘယ်တောင်ဆိတ်ကိုမှ သူအရေးမစိုက်။

ခြိမ်းခြောက်၍မရသဖြင့် ချင်တုန် အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ရုံသာရှိသည်။

"လေပွေကောင်းကင်ဖျက်စွမ်းအား"

ခန္ဓာကိုယ်ကို လျင်မြန်စွာလှည့်ပတ်လိုက်သည်။ သေးငယ်သည့် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။ အစိမ်းရောင်စွမ်းအင်လေပွေ မြင့်တက်လာသည်။ မြေပြင်မှ မြက်ပင်နှင့်သစ်ရွက်များ ကြေမွစုတ်ပြဲသွားသည်။ ထိုစွမ်းအားတစ်ခုတည်းကိုပင် ရေအင်းဆက်မျိုးနွယ်မှလူများ တစ်ယောက်မှယှဉ်နိုင်မည်မဟုတ်။

ချင်တုန်မျက်လုံးများ နီရဲလာပြီး အော်ဟစ်မာန်သွင်း၍ ကြီးမားသည့်လက်ဝါးဆီ တိုးဝင်သွားသည်။

သို့သော် မဟာလက်ဝါး၏ အတုမဲ့စွမ်းအားကို ဘယ်ပညာမှ မထိုးဖောက်နိုင်။ လက်ဝါးစွမ်းအားက ပြိုင်ဘက်မရှိ။ ကောင်းကင်ဖျက်လေပွေလှိုင်းက လက်ဝါးအတွက် အယားပြေရုံသာရှိသည်။

ချင်တုန်တိုက်ခိုက်လာသော်လည်း မုန်ကျင်းကျိုးအကြည့်က အပြောင်းအလဲမရှိ။ စကားတစ်ခွန်း ခပ်တိုးတိုးရေရွတ်လိုက်သည်။

"ဖိနှိပ်မယ်"

လေပွေစွမ်းအား ထိရောက်မှုမရှိ။ ချင်တုန်ပင် တန်ပြန်စွမ်းအားရိုက်ခတ်ခံရပြီး မြေပေါ်သို့လဲကျသွားသည်။ သူနှင့်အခြေတည်အဆင့်ကျင့်ကြံသူကြားမှ ကွာခြားချက်ကို နားလည်လိုက်သည်။

အခြေတည်အဆင့်မဟာစွမ်းအား။ လက်တစ်ဘက်ဖြင့် ကောင်းကင်ကိုဖုံးလွှမ်းနိုင်သည်။

မုန်ကျင်းကျိုး၏လက်က ချင်တုန်၏ဦးခေါင်းအထက် တစ်လက်မအကွာတွင် ရပ်သွားသည်။ လက်ကိုပြန်ရုတ်ပြီး လက်နှစ်ဘက်နောက်ပစ်၍ ရပ်နေသည်။ မှော်ပညာတစ်မျိုးသုံး၍ သူ့ကိုယ်သူ လေပြေတစ်ချတ်ခတ်လိုက်သည်။ သူ့ဆံပင်နှင့် ဝတ်ရုံစများ လူးလွန့်လှုပ်ခါသွားသည်။

"မင်းကိုသတ်ဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ဖိချေရသလောက်လွယ်တယ်ကွ။ ငါ့လက်ညစ်ပတ်ရုံပဲရှိမယ်။

ငါကျင့်ကြံတာကို နှောက်ယှက်လို့ ဒီတစ်ခါက မင်းကိုသင်ခန်းစာပေးရုံပဲ။ နောက်တစ်ခါဆိုရင်တော့ မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်"

"ဟုတ်...ဟုတ်ကဲ့ပါ"

ဤမဟာစွမ်းအားရှင်သည် သဘောထားကြီးသည်။ စိတ်ထင်ရာမသတ်ဖြတ်။ ချင်တုန်ကို ချမ်းသာပေးသည်။ ချင်တုန် ကလန်ကဆန်မလုပ်ရဲ။

ရေအင်းဆက်မျိုးနွယ်ခေါင်းဆောင် ထိုမြင်ကွင်းကိုကြည့်၍ မင်သက်မိနေသည်။ သူမျိုးနွယ်ငယ်လေးအနေဖြင့် အခြေတည်မဟာစွမ်းအားရှင်နှစ်ယောက်နှင့် ရင်းနှီးခွင့်ရမည်ဟု လုံးဝစိတ်မကူးခဲ့ဖူး။ သူတို့ကံကောင်းသည်။ ယနေ့အဖြစ်အပျက်အကြောင်း အပြင်သို့သတင်းပြန့်သွားလျှင် သူတို့မျိုးနွယ်ကို ဘယ်သူလာစော်ကားရဲမည်နည်း။

ချီရွှေက မုန်ကျင်းကျိုး၏ မြင့်မားသည့်အသွင်သဏ္ဍာန်ကို လေးစားရိပ်အပြည့်ဖြင့်ကြည့်နေသည်။ ထိုစွမ်းအားမျိုး သူရချင်သည်။

ထိုစွမ်းအားမျိုးရလျှင် သူအချစ်ဆုံးလူကို အမြဲတမ်းကာကွယ်ပေးနိုင်လိမ့်မည်။

သူဆုံးဖြတ်လိုက်သည်။ ယနေ့ကိစ္စပြီးသွားလျှင် မျိုးနွယ်ကို ယာယီစွန့်ခွာ၍ အပြင်လောကတွင် ကိုယ်ပိုင်လမ်းကြောင်းတစ်ခုရှာမည်။ မုန်ကျင်းကျိုးလိုအဆင့်မျိုးရောက်အောင် ကျင့်ကြံတော့မည်။

"ငါ့နယ်မြေမှာ ဘယ်တာအိုရှင်က ပြဿနာလာရှာရဲတာလဲ။ နယ်မြေထဲမှာ အစုအပြုံလိုက်သတ်ဖြတ်ဖို့တောင် ကြိုးစားနေတယ်ပေါ့။ ဒါက နည်းနည်းမလွန်လွန်းဘူးလား"

အောင်မြင်ခံ့ညားသည့် စကားသံတစ်ခု အဝေးမှပေါ်လာသည်။ ရေအင်းဆက်မျိုးနွယ်ခေါင်းဆောင်ရော ချင်တုန်ပါ ထိတ်လန့်သွားကြသည်။

တောင်ဆိတ်သခင်၏အသံဖြစ်သည်။ တောင်ဆိတ်သခင်ကို သူ့မွေးနေ့ဧည့်ခံပွဲတွင် အဝေးမှသာ သူတို့ဖျတ်ခနဲမြင်ခွင့်ရခဲ့သည်။

ထိုစဉ်က တောင်ဆိတ်အိုဘေးတွင် ထိုင်ခွင့်ရသူများသည် ချီအဋ္ဌမအဆင့် သို့မဟုတ် နဝမအဆင့်များသာဖြစ်သည်။ ထိုလူများထဲတွင် အခြေတည်အဆင့်သို့ တက်နိုင်ခြေရှိသူများလည်း မရှားလှ။

အဆင့်တက်နိုင်ခြေ ဆယ်ရာနှုန်းအပြည့်ရှိသည်။

အရောင်အသွေးစိုပြေသည့်အမွှေးအမျှင်များရှိသည့် တောင်ဆိတ်အိုတစ်ကောင် တောအုပ်ထဲမှ ထွက်လာသည်။ မျိုးနွယ်နှစ်ခုလုံး ပြိုင်တူဒူးထောက်ကြသည်။ တောင်ဆိတ်အိုက အရေးမပါသည့်အင်းဆက်မျိုးနွယ်များကို အရေးမစိုက်။ လုယန်နှင့်မုန်ကျင်းကျိုကိုသာ စိုက်ကြည့်နေသည်။

အဆင့်တူကျင့်ကြံသူများသာ သူနှင့်စကားပြောဖို့ ထိုက်တန်သည်။

သူကျင့်စဉ်ဝင်နေချိန်တွင် သူ့နယ်မြေတောင်ပိုင်း၌ ကြောက်စရာဓားချီတစ်ခု ဖြတ်သွားသည်ကို အာရုံခံမိခဲ့သည်။ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် သူ့နယ်မြေထဲ ရောက်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

နယ်စပ်တောနက်ထဲမှ နယ်မြေပိုင်သားရဲများထက်ပင် နတ်ဆိုးနယ်မြေမှ နတ်ဆိုးသားရဲများက နယ်မြေစွဲစိတ်ဓာတ် ပိုပြင်းထန်သည်။ အကျိုးအကြောင်းမရှင်းပြဘဲ မဖိတ်ခေါ်ဘဲ ကျူးကျော်လာသူသည် စစ်ကြေညာသည့်သဘောဖြစ်သည်။

မဟာစွမ်းအားရှင်သုံးယောက် မြေပေါ်တွင်ရပ်နေသည်။ ဒူးထောက်နေသည့်အင်းဆက်မျိုးနွယ်များက မော့ကြည့်နေသည်။ သူတို့ထက် ကျင့်စဉ်စွမ်းအားမြင့်သူသုံးယောက်ကိုကြည့်၍ အံ့ဩလေးစားစိတ်များ ပေါ်လာသည်။

"ဟား.."

လုယန် တစ်ချက်လှောင်ရယ်သည်။

"စွမ်းအားကြီးတဲ့တစ်ယောက်ယောက်ဖြစ်မယ်ထင်ထားတာ။ အခြေတည်အဆင့်အမှိုက်တစ်ကောင်ပါလား။ မင်းနယ်မြေမှာ ငါ့စိတ်ကြိုက်သတ်ဖြတ်ရင်ရော မင်းဘာလုပ်ချင်လဲ"

လုယန်၏ ထွက်သက်ဝင်သက်ထဲမှာပင် ဓားချီများရှိနေသည်။ တောင်ဆိတ်အို တုန်လှုပ်သွားသည်။

"ဒီစွမ်းအားက...မင်း...မင်းတို့က ရွှေသန္ဓေအဆင့်တွေပဲ"

တောင်ဆိတ်အို အံ့ဩစိတ်ကို မထိန်းနိုင်ဘဲ ရေရွတ်လိုက်သည်။ တစ်ခြားလူများ သိချင်မှသိမည်။ သို့သော် လုယန်ထံမှ ထွက်ပေါ်နေသည့် စွမ်းအင်ရောင်ကို သူကောင်းကောင်းခံစားမိသည်။ ချောက်နက်တစ်ခုလိုပင် အဆုံးမရှိ နက်ရှိုင်းသည်။ အခြေတည်အဆင့်များ ယှဉ်နိုင်သည့်အနေအထားမဟုတ်။

ထို့ပြင် လုယန်ဘေးမှ မုန်ကျင်းကျိုးကလည်း ထိုထက်စွမ်းအားမလျော့။

"ဘယ်လို...သူတို့က ရွှေသန္ဓေမဟာစွမ်းအားရှင်တွေလား"

ရေအင်းဆက်မျိုးနွယ်ခေါင်းဆောင် အမူအရာချက်ချင်းပြောင်းသွားသည်။ ဝမ်းသာလွန်းသဖြင့် မူးမေ့လဲကျမတတ်ဖြစ်သွားသည်။

ရွှေသန္ဓေသခင်များနှင့် စကားပြောနိုင်ဖို့ သူဘယ်လိုကံကြမ္မာ ဘယ်လိုစွမ်းရည်မျိုး ရှိခဲ့သည်မသိ။ တစ်ညလုံး စကားပြောခဲ့ရသည်။

ထိုအဖြစ်သည် သူ့ဘိုးဘေးများအတွက် တကယ်ဂုဏ်ယူစရာ ကိစ္စဖြစ်သည်။

"ရွှေသန္ဓေအဆင့်"

ချင်တုန်၏ခြေထောက်များ တုန်ရင်လာသည်။ အစောပိုင်းအဖြစ်အပျက်များကို ပြန်စဉ်းစားမိသည်။ မုန်ကျင်းကျိုးက သူ့ကို လက်ဝါးဖြင့်ရိုက်မသတ်ခဲ့သည်မှာ တောင်ဆိတ်သခင်ကိုလေးစားခြင်းဟု သူထင်ခဲ့သည်။

ယခု မြင်ရသည့်အနေအထားအရ ထိုစွမ်းအားရှင်များက တောင်ဆိတ်သခင်ကို မျက်လုံးထဲထည့်ပုံမပေါ်။

သူတကယ် သေဘေးမှ ပွတ်ကာသီကာလွတ်ခဲ့ခြင်းဖြစ်သည်။

"တာအိုရှင်တို့ ကျုပ်တို့ဆီလာလည်တာဟာတကယ်ဂုဏ်ယူစရာကိစ္စပါ။ ကျုပ်ရဲ့အိမ်တော်ကို အလည်လိုက်ခဲ့ပါလား"

တောင်ဆိတ်သခင် မျက်နှာကိုပြုံးလိုက်သည်။ သဘောထားချက်ချင်းပြောင်းပြီး ဧည့်သည်နှစ်ယောက်ကို ဖိတ်ခေါ်သည်။

တောင်ဆိတ်အို ရွှေသန္ဓေကျင့်ကြံသူ သုံးလေးယောက်တွေ့ဖူးသည်။ သို့သော် ထိုလူများက ဤနှစ်ယောက်နှင့် မိုးနှင့်မြေလို ကွာခြားသည်။

ဤလူနှစ်ယောက်သည် ရွှေသန္ဓေအလတ်တန်းဆင့်များလားမသိ။

သို့ဆိုလျှင် ရင်းနှီးမှုရအောင် ပိုကြိုးစားရမည်။

ရင်းနှီးမှုမတည်ဆောက်နိုင်လျှင်ပင် အနည်းဆုံးတော့ ကံဆိုးမှုများဖြစ်မလာအောင် ထိန်းထားရမည်။

လုယန် စိတ်ထဲကျိတ်၍ ခေါင်းငြိမ့်လိုက်သည်။ မနေ့ညက ချီအဆင့်အင်းဆက်များရှေ့တွင် ကြွားလုံးမထုတ်ဖို့ တွေးခဲ့သည်။ အခြေတည်အဆင့်တစ်ယောက်ရှေ့တွင်သာ ဟန်ရေးပြသင့်သည်ဟု တွေးခဲ့သည်။

အစောပိုင်းက တောင်ဆိတ်သတိထားမိအောင် ဓားချီကို တမင်ထုတ်လွှတ်ခဲ့ခြင်းဖြစ်သည်။

သူ့အစီအစဉ် ချောမွေ့ခဲ့သည်။

"ငါတို့မလိုက်ဘူး။ ရေအင်းဆက်မျိုးနွယ်နဲ့ ငါတို့ဆွေးနွေးပြီးပြီ။ မနေ့ညက ဒီမှာနေခဲ့ရတာ အတော်ကျေနပ်စရာကောင်းတယ်"

ဆိတ်အိုက ခေါင်းငြိမ့်သည်။

"ရေအင်းဆက်မျိုးနွယ်တွေက အတော်သဘောကောင်းတယ်လို့ ကျုပ်လည်းမြင်ပါတယ်။ သူတို့က အင်းဆက်မျိုးနွယ်တွေဖြစ်ပေမယ့် ထူးခြားတဲ့ဇွဲလုံ့လမျိုးရှိတယ်။ အနာဂတ်မှာ အောင်မြင်မှုရကြမှာပါ။ ရေအင်းဆက်မျိုးနွယ်က ပါရမီရှင်လူငယ်တွေကို ကျုပ်ရဲ့အိမ်တော်ကို ဖိတ်ခေါ်ချင်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အခွင့်မသာခဲ့ဘူး"

လုယန်တို့စကားက ရေအင်းဆက်မျိုးနွယ်ကို ကာကွယ်ပေးဖို့ အရိပ်အမြွက်ပြခြင်းဖြစ်ကြောင်း တောင်ဆိတ်အိုနားလည်သည်။

"ခင်ဗျားနားလည်တာ ကောင်းတာပေါ့။ အခုသွားလို့ရပြီ"

မုန်ကျင်းကျိး လက်ဝှေ့ယမ်းပြ၍ ဆိတ်အိုကို နှင်ထုတ်လိုက်သည်။ ဆိတ်အိုကလည်း အမိန့်နာခံသည်။ အလောင်းအင်းဆက်မျိုးနွယ်လည်း ထိုအချိန်ကို အခွင့်ကောင်းယူ၍ အန္တရာယ်များသည့်ဤနေရာမှ ချက်ချင်းထွက်သွားကြသည်။ ကျင့်ကြံသူနှစ်ယောက် အစောပိုင်းကအဖြစ်ကို ပြန်သတိရ၍ စိတ်ပြောင်းပြီး သူတို့ကိုသတ်ဖို့ဆုံးဖြတ်လိုက်လျှင် ခက်ချေတော့မည်။

"ကဲ...ကျုပ်တို့လည်း သွားဖို့အချိန်တန်ပြီ"

လုယန် ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်သည်။ ရေအင်းဆက်ဂိုဏ်းတွင် တစ်ညတာအချိန်ဖြုန်းပြီးနောက် ထူးဆန်းသည့်အဖြစ်များစွာ တွေ့ကြုံခဲ့ရသည်။

"နေပါဦး သခင်တို့။ ကျုပ်မှာ သခင်တို့ကို ပေးစရာတစ်ခုရှိပါတယ်"

ရေအင်းဆက်မျိုးနွယ်ခေါင်းဆောင် အံတစ်ချက်ကြိတ်၍ ဆုံးဖြတ်လိုက်သည်။ သူတို့အမှတ်မထင်တွေ့ခဲ့သည့် ရတနာတစ်ခုရှိသည်။ ထိုရတနာကို သူတို့လုံခြုံအောင် ထိန်းသိမ်းထားနိုင်စွမ်းမရှိ။ အန္တရာယ်ကို လက်ယပ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် ဤကယ်တင်ရှင်နှစ်ယောက်ကို ပေးလိုက်ခြင်းက ပို၍ကောင်းသည်။

ရေအင်းဆက်စစ်သည်တော်များ မြေကြီးထဲမှ တံဆိပ်တစ်ခု တူးဖော်ပြီး သယ်လာကြသည်။

တံဆိပ်က ရှေးခေတ်လက်ယာဖြစ်သည်။ မျက်နှာပြင်တွင် မြေကြီးများကပ်ငြိနေဆဲဖြစ်သည်။ အပြည့်အဝ မသန့်ရှင်းရသေးသည့်တိုင် အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာသည်။

"ဒါက..."

မြင့်မြတ်သူများရှေ့သို့ ကံကြမ္မာကောင်းက အမှန်တကယ်ကျလာသည်ဟု လုယန်တွေးမိသည်။

ရေအင်းဆက်ခေါင်းဆောင်က စစ်သည်တော်များကို နောက်ဆုတ်ရန် အမိန့်ပေးပြီး လုယန်တို့နှစ်ယောက်ကို မော့ကြည့်၍ အလေးအနက်လေသံဖြင့်ပြောသည်။

"ကျုပ်တို့မျိုးနွယ် ရွာတည်ဖို့ မြေနေရာရှင်းရင်းနဲ့ ဒါကိုအမှတ်မထင်တွေ့ခဲ့တာပါ။ ဒီတံဆိပ်ကို ပိုင်ဆိုင်တဲ့လူဟာ နတ်ဝိညာဉ်တစ်ဝက်အဆင့်ဘိုးဘေးတစ်ယောက်ရဲ့ ရတနာနယ်မြေကိုဖွင့်နိုင်တယ်လို့ ပြောကြပါတယ်။

ရွှေသန္ဓေအဆင့်နှစ်ယောက်အတွက်ပင် နတ်ဝိညာဉ်အဆင့်ရောက်လုနီးပါးဘိုးဘေး၏ ရတနာနယ်မြေသည် မက်မောစရာကောင်းပေလိမ့်မည်။

လုယန် "..."

မုန်ကျင်းကျိုး "..."

**********************************

All Chapters