ကန္တဝင်တံဆိပ်
Vol. 38 Ch. 565
"နတ်ဝိညာဉ်တစ်ဝက်အဆင့်လား"
လုယန် တံဆိပ်ကို ကောက်ကိုင်ကြည့်သည်။ သူနှင့်မုန်ကျင်းကျိုးတို့ နှစ်ယောက်ပေါင်းအသက်ထက် ပိုသက်တမ်းရှည်ခဲ့ပုံရသည်။
နတ်ဝိညာဉ်တစ်ဝက်အဆင့်ဆိုသည့် အခေါ်အဝေါ်က ခြောက်ခြားစရာကောင်းသည့် နတ်ဝိညာဉ်အဆင့်လိုလိုဖြစ်နေသည်။ သို့သော်အမှန်တော့ ရွှေသန္ဓေအဆင့်သာဖြစ်သည်။
သူတို့နှစ်ယောက်သည် နတ်ဝိညာဉ်အဆင့်မရောက်သေးသည်မှလွဲ၍ တိုက်ခိုက်စွမ်းအားအပါအဝင် နတ်ဝိညာဉ်အဆင့်၏ တစ်ခြားလက္ခဏာရပ်အားလုံးပြည့်စုံသည်။
ဘယ်နတ်ဝိညာဉ်အဆင့်မဆို သူတို့ကိုတွေ့လျှင် 'မိတ်ဆွေတာအိုရှင်'ဟု ယဉ်ယဉ်ကျေးကျေးခေါ်ကြရမည်။ ထိုထက်ပိုလေးစားလျှင် စီနီယာဟုပင် ခေါ်နိုင်သည်။ သူတို့နောက်ခံကိုသိထားသူဆိုလျှင် တစ်သက်လုံးပင် အောက်ကျို့ခယနိုင်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် နတ်ဝိညာဉ်တစ်ဝက်အဆင့်၏ ရတနာနယ်မြေသည် သူတို့အတွက် ဘာမှသုံးစားမရ။
ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်၏ ရတနာနယ်မြေဆိုလျှင်ပင် သူတို့စိတ်ဝင်စားမည်မဟုတ်။
လုယန်သည် ဘယ်သူနည်း။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ သခင်လေး။ အသားကင်လုပ်ငန်း၏ အဓိကရှယ်ယာရှင်။ ရထားပျံမူပိုင်ခွင့်ပိုင်ဆိုင်သူ။
နေ့တိုင်း ရွှေအိုးတစ်လုံးရနေသည်ဟုပြောလျှင်ပင် လွန်မည်မထင်။
လူချမ်းသာမိသားစုတစ်ခု အပျင်းကြီးသည့်အမွေခံ မုန်ကျင်းကျိုးသည်ပင် သူနှင့်ယှဉ်ဖို့ အခွင့်အရေးမရှိ။
မုန်ကျင်းကျိုးလည်း တံဆိပ်ကို သိပ်အသုံးမဝင်ဟု ခံစားရသည်။
မုန်မိသားစုသခင်လေးသည် ကောင်းကင်အောက်တွင် အသုံးအဖြုန်းကြီးသည့်နေရာ၌ နံပတ်တစ်သားတော်ဟုပြောလျှင် မလွန်လှ။ သူပြုတ်ကျသည့် အသေးအဖွဲပစ္စည်းမှန်သမျှ ဝိညာဉ်ပြောင်းစွမ်းအားရှင်များကြားတွင် ဂယက်ထသွားနိုင်သည်။
ယွမ်ကျိနှင့် ထာဝရနတ်မယ်၏ မျက်နှာသာပေးမှုရထားသည့် လုယန်၏ကံကိုတော့ သူမယှဉ်နိုင်။
"ဒါဆိုလည်း ကျေးဇူးပါ ခေါင်းဆောင်"
မျိုးနွယ်ခေါင်းဆောင်၏ စေတနာကို လက်ခံသည်က အကောင်းဆုံးဖြစ်သည်။
အားနည်းသည့် ရေအင်းဆက်မျိုးနွယ်တွင် ထိုပစ္စည်းရှိကြောင်း အပြင်လူများသိသွားလျှင် သူတို့မျိုးနွယ် ကပ်ဆုက်နိုင်သည်။
"ဒါနဲ့၊ ဒီပစ္စည်းဟာ နတ်ဝိညာဉ်တစ်ဝင့်အဆင့်စွမ်းအားရှင်ရဲ့ ရတနာနယ်မြေဖွင့်နိုင်တဲ့ ရတနာဆိုတာ ခင်ဗျားဘယ်လိုသိခဲ့တာလဲ"
"ဒီတံဆိပ်နဲ့အတူတွေ့တာက နတ်ဆိုးအလောင်းတစ်ခုပါ။ အသွေးအသားတွေကိုတော့ နတ်ဆိုးသားရဲတွေ စားလို့ကုန်နေပြီ။ အရိုးစုရယ်၊ စာရွက်တစ်ရွက်ရယ်၊ ဒီတံဆိပ်ရယ်ပဲ ကျန်ခဲ့တယ်။
ကျုပ်တို့ရွာကို ဒီအရိုးစုရဲ့ အပေါ်တည့်တည့်မှာ တည်ထားတာပါ။ စာရွက်ပေါ်ကစာတွေက နေ့စဉ်မှတ်တမ်းသဘောဆန်တယ်။ ဒီတံဆိပ်ရဲ့ ရည်ရွယ်ချက်ကို သေချာရှင်းပြထားတယ်။
ရတနာမြေတစ်ခုရဲ့တံခါးကို ဖွင့်ဖို့သုံးတယ်တဲ့။ ရတနာမြေပိုင်ရှင်က သွေးနှောမြွေဖြူပါ။ နာမည်က စန္ဒကူးဖြူဘိုးဘေးတဲ့။ ဒါပေမယ့် ရတနာမြေတည်နေရာကိုတော့ စာထဲမှာညွှန်ပြထားတာ ဘာမှမရှိဘူး"
"သဘောပေါက်ပါပြီ"
လုယန်ဆို့ ဆက်မမေးတော့။ မျိုးနွယ်ခေါင်းဆောင်ကလည်း ထိုတံဆိပ်အကြောင်း ထိုထက်သိပုံမပေါ်။
နတ်ဆိုးနယ်မြေတွင် နတ်ဆိုးသားရဲများသည် အလွန်ထူးခြားသည်။ သွေးဆက်သန့်စင်သော်လည်း ဉာဏ်ရည်နိမ့်သည်။ အခြေခံအကျဆုံး ဝိညာဉ်သိစိတ်ပင် လစ်ဟာနေသည်။ နတ်ဆိုးမျိုးနွယ်၏စွမ်းအားကို သန့်စင်သည့်သွေးဆက်များဖြင့် တည်ဆောက်ထားသည်။ နတ်ဆိုးသားရဲများသည် အတော်စွမ်းအားကြီးသည်။
သူတို့သို့ ဉာဏ်ရည်နိမ့်ရသည့်အကြောင်းရင်းက ဆွေမျိုးနီးစပ်သူခြင်း သားဖောက်ကြသောကြောင့်ဖြစ်သည်။
နတ်ဆိုးနယ်မြေတွင် ဆွေမျိုးနီးစပ်သူချင်း လက်ထပ်ကြသည့်ကိစ္စမျိုး အတော်တွေ့ရများသည်။ မဟာရှားနိုင်ငံတွင်ဆိုလျှင် သူတို့သည် လက်ထပ်စာချုပ်ပင် ရနိုင်မည်မဟုတ်။
နှစ်ယောက်သား အပြင်ထွက်သည်။ တတိယအမနှင့် ကြိုတင်ချိန်းဆိုထားသည့်နေရာသို့ ဦးတည်လိုက်ကြသည်။
'နတ်ဘုရားအမြန်နှုန်းမှော်အဆောင်'များကို ခြေထောက်တွင် တပ်ကြသည်။ မစ်ရှင်ခန်းမမှလဲလှယ်ခဲ့သည့် ထူးခြားပစ္စည်းဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ထိုမှော်အဆောင်မျိုးကို အတော်သဘောကျကြသည်။
နယ်မြေစိမ်းသို့သွားလျှင် ရန်ပြုခံရဖို့ ပိုလွယ်သူသည်။ ထိုမှော်အဆောင်များက အန္တရာယ်ကြားမှ ထွက်ပြေးဖို့ ကူညီနိုင်သည်။
သွားလာရသည့်လမ်းခရီးလည်း အဆင်ပြေချောမွေ့သည်။
မှော်အဆောင်က အသုံးပြုသူကို ရှေ့သို့တွန်းကန်အားပေးသည်။ သွားနှုန်းမြန်ဆန်သလို ပင်ပန်းမှုလည်း သက်သာစေသည်။
တစ်နေကုန် မြင့်မားသည့်အမြန်နှုန်းဖြင့် ခရီးနှင်ကြသည်။ အခြေတည်အဆင့်နတ်ဆိုးမျိုးနွယ်စုများစွာကို ဖြတ်ကျော်ခဲ့သည်။ သူတို့အသွင်က ထူးခြားနေသဖြင့် သွားရာလမ်းတစ်လျှောက် အကြီးအကဲနတ်ဆိုးများ ထွက်ကြည့်ကြသည်။ သူတို့ပြေးလွှားနေသည့် အမြန်နှုန်းကိုမြင်သည်နှင့် ထိတ်လန့်ခြောက်ခြားပြီး အမြန်နောက်ဆုတ်ပုန်းအောင်းကြသည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုနှစ်ယောက်၏ ကျင့်စဉ်စွမ်းအားက သူတို့ထက်များစွာသာလွန်ကြောင်း ရိပ်မိသည်။ နတ်ဆိုးမျိုးနွယ်တွင် ဆတ်ဆတ်ထိမခံသူအတော်များများရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် စော်ကားရန်စသည်ဟု ယူဆသည်။ ဒေါသတကြီးတုံ့ပြန်လာနိုင်သည်။ ဒုက္ခရောက်နိုင်သည်။
ထိုအဖြစ်သည် ကောင်းသည့်လက္ခဏာမဟုတ်။
"ဟ...နတ်ဆိုးမျိုးနွယ်တွေ ဒီနေရာမှာ အများကြီးပါလား။ မျိုးနွယ်စုတစ်ခုတည်းလည်းမဟုတ်ဘူး။ ဦးလေးပါးပြောတဲ့ နတ်ဆိုးဈေးဆိုတာများလား"
နတ်ဆိုးမျိုးနွယ်တို့သည် မြို့မတည်ထောင်ကြ။ သို့သော် ကုန်ပစ္စည်းဖလှယ်ဖို့တော့ လိုအပ်သည်။ ထို့ကြောင့် ဈေးများ ပေါ်လာသည်။
ဈေးတစ်ခုဖွင့်နိုင်သူသည် နယ်ခံသခင်များဖြစ်လေ့ရှိသည်။ ပေါင်းသင်းဆက်ဆံရေးနှင့် အဆက်အသွယ် ကောင်းသည်မကောင်းသည်နောက်ထား။ ဘေးပတ်လည်မှ မျိုးနွယ်များကို နှိပ်ကွပ်ဖျက်ဆီးနိုင်သည့် စွမ်းအားမျိုးပိုင်ဆိုင်သည်။
"သွားကြည့်ရအောင်"
နတ်ဆိုးဈေးကိုလည်း သူတို့တစ်ခါမှမမြင်ဖူးကြ။
ဈေးက လူအသွင်ပြောင်းနတ်ဆိုးများ ပြည့်နေသည်။ အရောင်းအဝယ်လုပ်ဖို့ဖို့ လူအသွင်ပြောင်းကြရသည်မှာ ရှေးဟောင်းမသေမျိုးငါးယောက် သတ်မှတ်ထားသည့်စံနှုန်းတစ်ခုဟု နတ်မယ်ကပြောပြသည်။
နတ်ဆိုးများက ပုံစံအမျိုးမျိုးရှိသည်။ ခွန်ဖုန်လို ခန္ဓာကိုယ်ကြီးမားသူများရှိသည်။ မိုင်ထောင်ချီ ရှည်လျားကြီးထွားသည်။ ရွှေကျီးကန်းလို ကျောက်စိမ်းရုံလို သေးငယ်သည့်သတ္တဝါများလည်းရှိသည်။ ခြေလက်ပုံစံ၊ စားသောက်သည့်အလေ့အထ၊ ဝတ်စားဆင်ယင်မှု၊ နေပုံထိုင်ပုံ၊ ခရီးသွားလာပုံ၊ အားလုံးကွဲပြားကြသည်။ နတ်ဆိုးမျိုးနွယ်စုံ အတူရောနှောနေလျှင် ထိုပြဿနာများက ပို၍ပင်ကြီးမားလာသည်။ ရှေးဟောင်းခေတ်တွင် ရုပ်ခန္ဓာနှင့် အသွင်သဏ္ဍာန်ကွဲပြားမှုကြောင့် ပဋိပက္ခမျိုးစုံ ဖြစ်ပေါ်ခဲ့သည်။
နောက်ပိုင်းတွင် မသေမျိုးငါးယောက်က လောကကို စိုးမိုးသည်။ လူသားပုံစံကို စံနမူနာအဖြစ်သတ်မှတ်သည်။ ပုံစံမတူသည့်နတ်ဆိုးမျိုးနွယ်များ အတူစုဝေးလျှင် အားလုံး လူအသွင်ပြောင်းကြရသည်။
မသေမျိုးငါးယောက် ပျောက်ကွယ်သွားသည့်တိုင် သူတို့လွှမ်းမိုးမှုက ယနေ့ထိ ကျန်နေဆဲဖြစ်သည်။
အသွင်းပြောင်းသည်ဆိုရာတွင် လူသားစစ်စစ်အသွင် အပြည့်အဝပြောင်းခြင်းကိုမဆိုလို။ ချီလင်မသေမျိုးကို နမူနာယူ၍ နတ်ဆိုးမျိုးနွယ်အများစုက အသွင်ပြောင်းချိန်တွင် သူတို့မျိုးနွယ်ဗီဇလက္ခဏာတစ်ချို့ ချန်ထားကြသည်။ ဥပမာ ယုန်မျိုးနွယ်သည် နားရွက်ကို မပြောင်း။ ကြောင်မျိုးနွယ်သည် အမြီးကိုချန်ထားသည်။
လူသားအသွင်စစ်စစ်ပြောင်းထားသည့် နတ်ဆိုးသားရဲများလည်းရှိသည်။ ထို့ကြောင့် လုယန်တို့နှစ်ယောက် ဈေးထဲလျှောက်သွားချိန်တွင် သိပ်မသိသာ။
"ကြည့်ကြပါ...ကြည့်ကြပါ။ သခင်ရွှေမျောက်မင်းဖော်စပ်ထားတဲ့ ခြောက်သွေ့ချီဆေးလုံးတွေနော်။ တစ်လုံးကို ဝိညာဉ်ကျောက်ငါးရာပါ"
"ဘာရယ်၊ ဒါက ရွှေမျောက်မင်းရဲ့ ဆေးလုံးလား။ သခင်ရွှေမျောက်မ်ငးက အခြေတည်အဆင့် ဆေးပညာရှင်ပါ။ ဆေးဖော်စပ်မှုအောင်မြင်နိုင်ခြေ သုံးပုံတစ်ပုံရှိတယ်"
"ကြေးဝါကြံ့မျိုးနွယ် သွန်းလုပ်ထားတဲ့ အရည်အသွေးအာမခံ ဓားနဲ့ရဲတင်းတွေရမယ်။ များများဝယ်လေ လျှော့ဈေးများများရလေပါ။ ကြေးဝါကြံ့မျိုးနွယ်ခေါင်းဆောင်ကိုယ်တိုင် ဖန်တီးထားတဲ့ မှော်ရတနာလည်းရှိတယ်။ ဒီရတနာနဲ့ဆို ချီနဝမအဆင့်ကျင့်ကြံသူကို ချီအဋ္ဌမအဆင့်နဲ့ အနိုင်ယူနိုင်ပါတယ်"
"ဘယ်လို၊ စွမ်းအားကို အဆင့်တစ်ဆင့်လုံးမြှင့်တင်နိုင်တယ်ပေါ့"
လုယန် "..."
မုန်ကျင်းကျိုး "..."
အမှိုက်ဈေးတန်းထင်သည်။... ဘာတွေရောင်းနေကြသည်မသိ။ ဆေးဖော်စပ်မှု အောင်မြင်နိုင်ခြေ သုံးပုံတစ်ပုံရှိသည်ဟုပြောသည်။ ဆေးအိုးတောင်တွင်ဆိုလျှင် သတ္တမအကြီးအကဲက ထိုဆေးစပ်သူမျိုးကို အသေရိုက်သတ်ပစ်လောက်သည်။
ကြံ့မျိုးနွယ်ခေါင်းဆောင်၏ မှော်ရတနာ။ မသန့်စင်သည့်ဓာတ်သတ္တိများ ရောပါနေသည်။ ဖန်တီးသည့်လက်ရာကလည်း ဟာကွက်ရှိသည်။ မှော်ရတနာမဖန်တီးတတ်သည့် လုယန်ပင် ထိုထက်ကောင်းသည့်ရတနာမျိုး လုပ်နိုင်သည်။
"ဒီဈေးမှာ စွမ်းအားမြင့်တဲ့လူ များများစားစားမရှိဘူး။ ချီအဆင့်တွေနဲ့ အခြေတည်အဆင့်နည်းနည်းပဲရှိတာ။
နှစ်ယောက်လုံး တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူများဖြစ်၍ ဈေးထဲမှနတ်ဆိုးများ၏ လမ်းလျှောက်ပုံ၊ အသက်ရှူပုံတို့ကိုကြည့်ရုံဖြင့် ကျင့်စဉ်အဆင့်ကို အကြမ်းဖျင်းခန့်မှန်းနိုင်သည်။
"ထားလိုက်ပါ။ ဒီဈေးထဲမှာ အပေါင်ဆိုင်တစ်ခုခုတော့ ရှိလိမ့်မယ်။ ဒီတံဆိပ်ကို သွားရောင်းကြတာပေါ့"
ဈေး၏အစည်ကားဆုံးနေရာတွင် အပေါင်ဆိုင်တစ်ခုတွေ့ကြသည်။
အပေါင်းဆိုင်များသည် ပုံမှန်အားဖြင့် ဖွင့်ခဲလှသည်။ သို့သော် ဖွင့်ပြီဆိုလျှင်လည်း နှစ်ဝက်လောက်ကြာအောင် ဖွင့်တတ်သည်။ ကောင်လေးတစ်ယောက် အိပ်ငိုက်နေသည်။ နဖူးတွင် ကျွဲချိုလို ဦးချိုများရှိသည်။
ပြီးခဲ့သည့်နှစ်လအတွင်း ဘာပစ္စည်းကောင်းမှ သူအပေါင်မခံခဲ့ရ။ အဖိုးမတန်သည့် အသေးအဖွဲပစ္စည်းများသာ ရောက်လာသည်။ ဆိုင်ရှင်က အထဲတွင် အိပ်နေပြီဖြစ်သည်။
"ကောင်လေး၊ ဒီတံဆိပ်ကိုရောင်းရင် ဘယ်လောက်ရမလဲ ကြည့်ပေးပါဦး"
လုယန် ရင်ဘတ်ထဲမှ တံဆိပ်ကိုထုတ်၍ ကောင်လေးကိုလှမ်းပေးသည်။
ကောင်လေးက စိတ်မပါ့တပါဖြင့် တစ်ချက်ကြည့်သည်။ သို့သော် ကြည့်ပြီးနောက် မျက်လုံးမခွာနိုင်တော့။
"ဒါ...ဒါက..."
ကောင်လေး ရင်တဒိတ်ဒိတ်ခုန်လာသည်။
တကယ်သာ ဒဏ္ဍာရီရတနာတံဆိပ်ဖြစ်လျှင် သူတို့ပွပေါက်တိုးတော့မည်။
လုယန်နှင့်မုန်ကျင်းကျိုးတို့မျက်နှာအမူအရာက တည်ငြိမ်နေသဖြင့် ထိုပစ္စည်း၏တန်ဖိုးအမှန်ကို မသိလောက်ဟု သူယူဆသည်။
အိပ်ပျော်နေသည့်ဆိုင်ရှင်ကို သူသွားခေါ်သည်။
သူ့စကားကြားပြီးနောက် ဆိုင်ရှင်ချက်ချင်းခုန်ထလာသည်။
တကယ်အရောင်းအဝယ်ဖြစ်လျှင် သူတို့အပေါင်ဆိုင်ကို နောက်ထပ်ဆယ်နှစ်လောက် ဖွင့်စရာမလိုတော့။
ဆိုရှင်၏နောက်ခံမျိုးနွယ်ကို ဘယ်သူမှမသိကြ။ ဦးခေါင်းတွင် အဖြူရောင်ဦးချိုတစ်ခုပါသည်။ လည်ပင်းတွင် မြွေအကြေးခွံများရှိသည်။ သွေးနှောနတ်ဆိုးမျိုးနွယ်ဖြစ်ဟန်ရှိသည်။
တံဆိပ်ကို ကိုင်ကြည့်မိသည်နှင့် ဆိုင်ရှင်၏လက်များ တုန်လာပြီး လွတ်ကျလုနီးပါးဖြစ်သွားသည်။
ဤတံဆိပ်သည် စန္ဒကူးဖြူဘိုးဘေး၏ နာမည်ကျော်ရတနာတံဆိပ်ဖြစ်သည်။
နတ်ဝိညာဉ်တစ်ဝက်အဆင့် ဒဏ္ဍာရီစန္ဒကူးဖြူဘိုးဘေးပိုင်ဆိုင်သည့်ပစ္စည်းဟု ပြောကြသည်ိ။
လုယန်နှင့်မုန်ကျင်းကျိုး မျက်ခုံးတွန့်နေကြသည်။ ဆိုင်ရှင်နှင့်ကောင်လေး၏အမူအရာက စန္ဒကူးဖြူဘိုးဘေးသည် နတ်ဝိညာဉ်တစ်ဝက်အဆင့်မဟုတ်ဘဲ ကူးဖြတ်ခြင်းတစ်ဝက်အဆင့်များလားဟု အထင်မှားလောက်သည်။
*********************************