နတ်ဝိညာဉ်အဆင့်လား
Vol. 38 Ch. 566
စန္ဒကူးဖြူဘိုးဘေး။
နတ်ဝိညာဉ်တစ်ဝက်အဆင့် ဒဏ္ဍာရီစွမ်းအားရှင်။
နတ်ဆိုးမျိုးနွယ်ဝင်များစွာ မျှော်လင့်တောင့်တသော်လည်း မရနိုင်သည့်အဆင့်အတန်း။
ဈေးတန်းပိုင်ရှင်များသည်ပင် ရွှေသန္ဓေ(တု)တစ်ဝက်အဆင့်သာရှိသည်။ စန္ဒကူးဖြူဘိုးဘေးနှင့်တွေ့လျှင် စီနီယာဟု လေးလေးစားစား ခေါ်ကြရမည်။
စန္ဒကူးဖြူဘိုးဘေး နတ်ဝိညာဉ်အဆင့်တက်ချိန်တွင် အမှားအယွင်းတစ်ခု ဖြစ်ခဲ့သည်။ တာအိုနှလုံးပျက်စီးသွားသည်။ သေသွားသည်။ သူ့မှော်လက်စွပ် ကွဲကြေသွားသည်။ တံဆိပ်တစ်ခုသာ ကျန်ခဲ့သည်။
ထိုဘိုးဘေးသည် ကိစ္စများစီမံရာတွင် စေ့စပ်သေချာသည်။ သူ့ပိုင်ဆိုင်မှုကို နှစ်ပိုင်းခွဲထားသည်။ တစ်ဝက်ကို သူ့မှော်လက်စွပ်ထဲတွင် သိမ်းထားသည်။ နောက်တစ်ဝက်ကို သူ့တံဆိပ်ဖြင့်သာ ဝင်နိုင်သည့် နေရာတစ်ခုတွင် ဝှက်ထားသည်။
ထိုတံဆိပ်ကိုရဖို့ မျိုးနွယ်များစွာ တိုက်ခိုက်ခဲ့ကြသည်။ ပိုင်ရှင်အဆက်ဆက်ပြောင်းသည်။ နောက်ဆုံးတွင် ရေအင်းဆက်မျိုးနွယ်ဆီ ရောက်လာသည်။
ထိုရတနာနယ်မြေတွင် စန္ဒကူးဖြူဘိုးဘေး၏ ကျင့်စဉ်အတွေးအမြင်များ၊ အဆင့်တက်ရန်အတွက် လိုအပ်သည့်စိတ်အခြေအနေဖော်ပြချက်များရှိသည်ဟု ကောလဟာလပြောကြသည်။ ထိုပစ္စည်းနှစ်မျိုးသည် ရွှေသန္ဓေအဆင့်နတ်ဆိုးများအတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သည်။ ထိုအရာများကို ပိုင်ဆိုင်ဖို့ ဘာမဆိုပေးဆပ်ကြလိမ့်မည်။
တစ်ချိန်က မျိုးနွယ်စုများသည် ရတနာနယ်မြေတံဆိပ်ကို အသဲအသန်ရှာဖွေ့ခဲ့သည်။ သို့သော် ဘာသဲလွန်စမှမတွေ့။ ကြိုးစားမှုများ အရာမထင်ခဲ့။
ထိုတံဆိပ်က သူ့ဆိုင်တွင်ပေါ်လာမည်ဟု ထင်မထား။ ဆိုင်ရှင် ကြောက်ချွေးပျံလာသည်။
သူ့အတွက် အကာအကွယ်ရရန် ဈေးတန်းပိုင်ရှင်ကို ထိုပစ္စည်းရောင်းလိုက်ဖို့ တွေးမိသည်။
သို့သော် သူပြန်စဉ်းစားကြည့်သည်။ ဈေးတန်းပိုင်ရှင်က သူ့ကိုကာကွယ်ပေးမည်လော..။ တံဆိပ်ရပြီးလျှင် သူ့ကိုနှုတ်ပိတ်သတ်ပစ်မည်လော။
ရတနာတို့သည် နတ်ဆိုးစိတ်နှလုံးကို ဆွဲဆောင်နိုင်သည်။ ဈေးတန်းပိုင်ရှင်သည် နာမည်ကောင်းဖြင့် ကျော်ကြားသော်လည်း အကျိုးအမြတ်အတွက် မကောင်းမှုမလုပ်ဟု ဘယ်သူမှအာမမခံနိုင်ပေ။
ထိုတံဆိပ်ကို ဈေးတန်းပိုင်ရှင်ဆီမရောင်းဘဲ တစ်ခြားလူကိုရောင်းလျှင် ပို၍ပင်အန္တရာယ်များသည်။
"ဆိုင်ရှင်၊ ဒီပစ္စည်းက ဝိညာဉ်ကျောက် ဘယ်လောက်တန်သလဲ"
လုယန် စောင့်ကြည့်နေခဲ့သည်။ ဆိုင်ရှင် ချွေးများပိုထွက်လာသည်ကိုသာ မြင်ရသည်။ ဘာစကားမှမပြော။
လုယန်စကားသံကြောင့် ဆိုင်ရှင်အသိပြန်ဝင်လာပြီး တံဆိပ်ကိုအမြန်ပြန်ပေးသည်။
"တန်ဖိုးမရှိဘူး။ ဘာမှအဖိုးမတန်ဘူး။ ငါတို့လက်မခံနိုင်ဘူး"
ထိုပစ္စည်းသည် တကယ့်မီးခဲဖြစ်သည်။ ကိုင်ထားသူမှန်သမျှ သေလိမ့်မည်။
လုယန်တို့နှစ်ယောက် နားမလည်အောင်ဖြစ်သွားသည်။ စန္ဒကူးဖြူဘိုးဘေးသည် အမှန်တကယ် ကူးဖြတ်ခြင်းတစ်ဝက်အဆင့်သို့ ရောက်ခဲ့လေသလားမသိ။
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ဆိုင်ရှင်က နဖူးကြောရှုံ့၍ ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"ဆရာ၊ ဘာလုပ်မလို့လဲ"
ကျွဲမျိုးနွယ် ဆိုင်အလုပ်သမားက လှမ်းမေးသည်။
"ဈေးတန်းပိုင်ရှင်ကို သတင်းရောင်းမယ်လေ"
လုယန်နှင့် မုန်ကျင်းကျိုးတို့ ဈေးထဲမှထွက်လာပြီး နေ့တစ်ဝက်ကြာ ပြေးလွှားခဲ့သည်။ ရွှေသန္ဓေအဆင့်မျိုးနွယ်ကြီးများ တွေ့လာရသည်။ ဈေးတန်းအရေအတွက်လည်း ပိုတိုးလာသည်။
ထိုဈေးများသည်လည်း နတ်ဆိုးနယ်မြေအထာကို သိထားကြသည်။ ရွှေသန္ဓေဘိုးဘေး၏ ရတနာကို မထိရဲကြ။
တံဆိပ်က ဈေးများထဲတွင် ထပ်ကာထပ်ကာ ပေါ်လာသဖြင့် လုယန်တို့နှစ်ယောက်ကို အာရုံစိုက်သည့် မျက်လုံးများလည်း ပိုများလာသည်။ ပေါ့ဆသူနှစ်ယောက်ဟု ယူဆကြသည်။
သို့သော် ထိုဘေးကြည့်ပရိတ်သတ်များက မလှုပ်ရှားကြ။ လှုပ်ရှားဖို့ အရည်အချင်းမမီကြ။
ရွှေသန္ဓေအဆင့်သက်တမ်းရင့်ဘိုးအေကြီးများက လုယန်တို့ကို စောင့်ကြည့်နေပြီဖြစ်သည်။ ထိုနှစ်ယောက်ကိုသတ်၍ တံဆိပ်ကိုလုယူရန် အသင့်ပြင်နေကြသည်။
.....
"ကောင်လေးတွေ။ မင်းတို့ဆီမှာပစ္စည်းကောင်းပါလာတယ်ထင်တယ်"
နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့သည့် ရွှေသန္ဓေစွမ်းအားရှင်တစ်ယောက် သူ့ပုံစံအမှန်ကို ထုတ်ပြလာသည်။ အစိမ်းရောင်မျက်နှာရှိသည် ကြောက်စရာကျားတစ်ကောင်ဖြစ်သည်။
လုယန်တို့နှစ်ယောက်ကို ကောင်းကင်ထက်မှ အေးစက်စက်ငုံ့ကြည့်သည်။
ထိုကောင်းလေးနှစ်ယောက်သည် ပျံပင်မပျံနိုင်ကြ။ အလွန်ဆုံး အခြေတည်အဆင့်သာရှိလိမ့်မည်။
ရွှေသန္ဓေအဆင့်စွမ်းအားရှင်အတွက် အခြေတည်အဆင့်နှစ်ယောက်သည် ကစားစရာအရုပ်လောက်သာရှိသည်။
"မိတ်ဆွေ၊ တစ်ယောက်တည်းအပိုင်ယူတာတော့ သိပ်မကောင်းပါဘူး။ စန္ဒကူးဖြူဘိုးဘေးရဲ့ ရတနာတွေက အများကြီးပါ။ ဒါတွေအကုန် တစ်ယောက်တည်းသုံးနိုင်မှာလား"
နောက်ထပ် ရွှေသန္ဓေနတ်ဆိုးသုံးယောက်ပေါ်လာသည်။ အတူပူးပေါင်း၍ တံဆိပ်ကိုလုပြီး နောက်မှ အကျိုးအမြတ်ခွဲဝေယူဖို့ ရည်ရွယ်ထားသည်။
"မြွေဓားပြသုံးယောက်ပဲ"
ကြည့်နေသည့် အခြေတည်အဆင့်တစ်ယောက် အလိုလိုရေရွတ်မိသည်။ ထိုရွှေသန္ဓေနတ်ဆိုးသုံးယောက်သည် ရုပ်ဖျက်ပုံပြောင်းခြင်းမရှိဘဲ ပြောင်ပြောင်တင်းတင်းလုယက်သတ်ဖြတ်သူများအဖြစ် နာမည်ကျော်သည်။ သုံးယောက်လုံး စွမ်းအားကြီးသည်။ အခြေခံရွှေသန္ဓေအဆင့်များဖြစ်သည်။ သုံးယောက်ပူးပေါင်းလျှင် ရွှေသန္ဓေနောက်ဆုံးအဆင့်ပြိုင်ဘက်များကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။
"မင်းတို့ မြွေလေးသုံးကောင်က ငါလိုချင်တဲ့ပစ္စည်းကို မျက်စောင်းထိုးရဲတယ်ပေါ့"
တော်နက်ထဲမှ ကြောက်စရာမီးတောက်တစ်ခု ထိုးထွက်လာသည်။ အခြေတည်အဆင့်နတ်ဆိုးမျိုးနွယ်တစ်ချို့ နာကျင်စူးရှစွာအော်ဟစ်ရင်း မီးလောင်ပြာကျသွားသည်။
မီးနီရောင်လည်ဆံမွှေးများရှိသည့် ခြင်္သေ့တစ်ကောင်ထွက်လာသည်။ နယ်မြေသခင်ဖြစ်သလို မီးခြင်္သေ့မျိုးနွယ်ခေါင်းဆောင်လည်းဖြစ်သည်။
ထိုနောက် ရွှေသန္ဓေအဆင့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ အောက်ဘက်မှကြည့်နေသည့် ကျင့်ကြံသူများ မျက်လုံးပြူးသွားသည်။ အသက်ပင်ကျယ်ကျယ်မရှူရဲကြ။
အနီးပတ်ဝန်းကျင်မှ ရွှေသန္ဓေအဆင့်နတ်ဆိုးအားလုံး ရောက်လာခြင်းဖြစ်သည်။
"ခြင်္သေ့အို၊ မင်းက အားလုံးကိုထိန်းချုပ်နိုင်မယ်လို့ ထင်နေလား"
"စမ်းကြည့်ကြတာပေါ့"
ရွှေသန္ဓေနတ်ဆိုးများ တစ်ယောက်ကိုတစ်ယောက် ဒေါသရိပ်အပြည့်ဖြင့် စိုက်ကြည့်သည်။ စကားလုံးဖြင့် ခြိမ်းခြောက်သည်။ စွမ်းအင်ရောင်ထုတ်လွှတ်၍ အဆင့်ချင်းပြိုင်သည်။ အရှိန်အဝါ အသာစီးရအောင် ကြိုးစားသည်။
အောက်ဘက်မှ ရွှေသန္ဓေအဋ္ဌမအဆင့် လုယန်တို့နှစ်ယောက်ကို ဘယ်သူမှ အရေးမစိုက်ကြ။
"ငါတို့နှစ်ယောက်ကို တကယ်မျက်လုံးထဲမထည့်ကြဘူးပဲ"
လုယန် သက်ပြင်းချသည်။
သူတို့သည်ယခု ရွှေသန္ဓေအဋ္ဌမအဆင့်ဖြစ်သည်။ အခြေတည်နောက်ဆုံးအဆင့်တွင် ရှိနေလျှင်ပင် ဤသက်ကြားအိုများကို သူတို့အထင်ကြီးမိမည်မဟုတ်။
"စကားနဲ့ပြောနေလို့ အလကားပဲ။ လက်တွေ့အမှန်တရားကို ကြည့်ကြတာပေါ့"
ကောင်းကင်မှရွှေသန္ဓေအဆင့်များ အချင်းချင်းစတင်တိုက်ခိုက်ကြသည်။
လုယန်နှင့်မုန်ကျင်းကျို ပျင်းရိစွာ သမ်းဝေနေသည်။ ထိုဘိုးအေကြီးများသည် စွမ်းရည်အားနည်းသည်။ သူတို့တိုက်ခိုက်ပုံက ချို့ယွင်းချက်များရှိသည်။ စိတ်ဝင်စားစရာမကောင်း။ တာအိုလမ်းစဉ်ဂိုဏ်းတွင် ကျင်းပခဲ့သည့် သိုင်းပြိုင်ပွဲများမှ ရွှေသန္ဓေအဆင့်ပြိုင်ပွဲများက များစွာပိုကြည့်ကောင်းသည်။ ဘယ်ပြိုင်ပွဲဝင်နှစ်ယောက် တိုက်ခိုက်သည်ဖြစ်စေ ဤလူများတိုက်ခိုက်သည်ထက် ပိုကြည့်ကောင်းသည်။
ဘယ်ပြိုင်ပွဲဝင်မဆို ဤလူစုကို အနိုင်ယူနိင်သည်။
"စားကြည့်မလား"
ပျင်းလာသဖြင့် လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ သစ်သီးနှစ်လုံးထုတ်လိုက်သည်။ ဈေးထဲမှ ဝယ်ခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးနယ်မြေ၏ ဒေသထွက် သစ်သီးဆန်းတစ်မျိုးဖြစ်သည်ဟုဆိုသည်။ ဆိုင်တွင် ကြာကြာအထားမခံ။ ပုပ်သိုးလွယ်သည်။ သို့သော် အရသာက ပြိုင်ဘက်ကင်းသည်။
မုန်ကျင်းကျိုး သစ်သီးကိုကိုက်လိုက်သည်။ သစ်သီးရည်က သုံးမီတာခန့် ပန်းထွက်သွားသည်။
"အင်း...အရသာက တကယ်မဆိုးဘူးပဲ။ အရည်ရွှမ်းပြီး ချိုတယ်"
အမျိုးအမည်မသိသည့်သစ်သီးကို မုန်ကျင်းကျိုး ချီးကျူးနေသည်။
လုယန် ခဏစဉ်းစားသည်။ ရေခွဲပညာကိုသုံး၍ သစ်သီးစိမ်းကို သစ်သီးခြောက်အဖြစ်ပြောင်းလို်သည်။ ထို့နောက် ကိုက်စားကြည့်သည်။ အရည်မရွှမ်းတော့သော်လည်း အရသာက ပိုချိုလာသည်။
နှစ်ယောက်သား သစ်သီးစို သစ်သီးခြောက်များစားရင်း ကောင်းကင်မှတိုက်ပွဲ အဆုံးသတ်ချိန်ကို စောင့်နေကြသည်။
ရွှေသန္ဓေအဋ္ဌမအဆင့်တို့သည် အလောတကြီးမလှုပ်ရှားကြ။ နောက်ဆုံးအချိန်မှသာ လှုပ်ရှားလေ့ရှိသည်။
သစ်သီးလေးငါးလုံးကုန်ပြီးနောက် တိုက်ပွဲက အဆုံးသတ်ခါနီးဖြစ်လာသည်။
"ငါ့လက်တွေဆေးချင်လို့ ရေနည်းနည်းထုတ်ပါဦး"
လုယန်၏လက်များက သစ်သီးအကြွင်းအကျန်များကြောင့် စေးကပ်ကပ်ဖြစ်နေသည်။
မုန်ကျင်းကျိုးက လက်ချောင်းမှ ရေတန်းနှစ်ခုထုတ်ပေးသည်။ လက်ဆေးကြသည်။ ထို့နောက် ထရပ်၍ တိုက်ခိုက်ရန် အသင့်ပြင်သည်။
"ဟားဟား၊ ငါ့တံဆိပ်ကို လိုချင်တဲ့လူတွေ အများကြီးပါလား"
သူတို့မလှုပ်ရှားမီ အဘိုးအိုတစ်ယောက်၏အသံ တောအုပ်ထဲတွင် ပဲ့တင်ထပ်၍ပေါ်လာသည်။ မီးခြင်္သေ့တို့လူစု လန့်ဖျတ်သွားကြသည်။
ထိုစွမ်းအားရှင်ရှိနေသည်ကို သူတို့လုံးဝအာရုံမခံမိကြ။
"ဘယ်သူလဲကွ"
တိုက်ပွဲအနိုင်ရလုနီးပါးဖြစ်နေသည့် မီးခြင်္သေ့က အော်ဟစ်လိုက်သည်။
"ငါ့ပစ္စည်းကိုလုနေကြပြီးမှ ငါဘယ်သူလဲလို့ မေးနေရသေးလား"
မီးတာတစ်ရာခန့်ရှည်လျားသည်။ မြွေဖြူကြီးတစ်ကောင်ပေါ်လာသည်။ မျက်လုံးများက ရေကြည်ရောင်သန်းသည်။ လျှာနှစ်ခွကို တဖျတ်ဖျတ်လှုပ်ခါနေသည်။
"ငါက ပိုင်ထန်လေ"
"ဘာ"
"မဖြစ်နိုင်ဘူး"
"လွန်ခဲ့တဲ့နှစ်ရှစ်ဆယ်က သေသွားပြီလို့ပြောကြတဲ့ ဘိုးဘေးပိုင်ထန်လား"
တအံ့တဩရေရွတ်သံများ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ကောင်းကင်မှ ရွှေသန္ဓေစွမ်းအားရှင်များရော မြေပြင်မှ အခြေတည်အဆင့်များပါ ပိုင်ထန်၏ဦးခေါင်းကို မော့ကြည့်၍ မယုံနိုင်အောင်ဖြစ်နေကြသည်။
ပိုင်ထန်၏ခန္ဓာကိုယ်က တစ်ခြားလေဟာနယ်တစ်ခုထဲတွင် ရှိနေသည်။ လေဟာနယ်စွမ်းအားကို သုံးနိုင်သည့်သဘောဖြစ်သည်။
ထိုစွမ်းရည်သည် နတ်ဝိညာဉ်အဆင့်၏ လက္ခဏာတစ်ရပ်ဖြစ်သည်။
ဘိုးဘေးပိုင်ထန် နတ်ဝိညာဉ်အဆင့်ရောက်နေပြီလော...
"နတ်ဝိညာဉ်အဆင့်ကို ငါမတက်နိုင်သေးဘူး။ လွန်ခဲ့တဲ့နှစ်ရှစ်ဆယ်က အဆင့်တက်တာ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် မဆိုစလောက် အကျိုးအမြတ်နည်းနည်းလေးပဲ ရခဲ့တယ်"
ဘိုးဘေးပိုင်ထန်က ကိုယ့်ကိုယ်ကို နှိမ့်ချသည့်လေသံဖြင့် ပြုံး၍ပြောသည်။ သို့သော် ဘယ်သူမှ သူ့ကိုအထင်မသေးရဲကြ။
အဆင့်မတက်နိုင်ဘဲ လေဟာနယ်စွမ်းအား ရခဲ့သည်။ ကြောက်စရာကောင်းသည့် ပါရမီမျိုးဖြစ်သည်။
"ရွှေသန္ဓေအဆင့်တွေ အများကြီးပါလား။ နတ်ဝိညာဉ်အသွင်ပြောင်းဆေးလုံးတွေ သန့်စင်လို့ရတယ်။ ပြီးတော့ ရတနာနယ်မြေကို တံဆိပ်နဲ့ဖွင့်မယ်။ ဒီလိုဆို နတ်ဝိညာဉ်အဆင့်ကိုတက်နိင်ခြေ ခုနစ်ဆယ်ရာနှုန်းလောက်ရှိလာလိမ့်မယ်"
ပိုင်ထန်က လောဘရိပ်သန်းနေသည့်လေသံဖြင့် လျှာကိုတစ်ချက်သပ်သည်။
လွန်ခဲ့သည့်နှစ်ရှစ်ဆယ်က အဆင့်တက်ရာတွင် ကျရှုံးခဲ့သည်။ သူ့အခြေအနေ အတော်ဆိုးဝါးခဲ့သည်။ သူအားနည်းနေချိန်တွင် ရန်သူများတိုက်ခိုက်လာမည်စိုးသဖြင့် သေဟန်ဆောင်၍ ထွက်ပြေးခဲ့သည်။ သူသေသည့်အဖြစ်ကို အများယုံကြည်စေရန် သူ့တံဆိပ်ကိုပါ ချန်ထားခဲ့သည်။
သို့သော် တံဆိပ်က ပိုင်ရှင်အဆင့်ဆင့်ပြောင်းသွားပြီး သဲလွန်စပျောက်သွားသဖြင့် သူနောင်တအကြီးအကျယ်ရခဲ့သည်။
ထိုတံဆိပ်သည် ဒုတိယအကြိမ် သူနတ်ဝိညာဉ်အဆင့်တက်ဖို့ မျှော်လင့်ချက်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် မိုးနတ်မင်းက သူ့တက်လမ်းအားလုံးကို မပိတ်ခဲ့။ မနေ့က နတ်ဆိုးလေးနှစ်ယောက် သူ့တံဆိပ်ကိုကိုင်ပြီး ဈေးနှုန်းမေးမြန်းနေကြောင်း ကြားရသည်။
ကောင်းကင်ကပေးသည့် အခွင့်အရေးဖြစ်သည်။
တံဆိပ်ပေါ်လာလျှင် ရွှေသန္ဓေအဆင့်များစွာ မျက်စိကျလာမည်က သေချာသည်။ အရေအတွက်များလွန်းလျှင် သူမကိုင်တွယ်နိုင်။ တိုက်ပွဲပြီးဆုံးပြီး အားလုံးစွမ်းအားကုန်ခမ်းချိန်ကိုစောင့်၍ အပိုင်သိမ်းရုံသာရှိသည်။
"အတော်အကြံပက်စက်တာပဲ။ နှစ်ရှစ်ဆယ်ကြာအောင်ပုန်းနေတယ်။ ဒီလူငယ်နှစ်ယောက်ကို ငါးစာအဖြစ်သုံးပြီး ငါတို့အချင်းချင်းတိုက်ခိုက်အောင်လုပ်တယ်။ အားလုံးဒဏ်ရာရတော့မှ မင်းကအမြတ်ထုတ်မယ်ပေါ့"
မီးခြင်္သေ့ ပိုင်မင်ကို စိုက်ကြည့်နေသည်။ အရံအစီအစဉ်တစ်ခု လျှို့ဝှက်ပြင်ဆင်ရင်း တမင်အချိန်ဆွဲနေခြင်းဖြစ်သည်။ လေဟာနယ်ခုန်ကူးထွက်ပြေးနိုင်မည့် မှော်အဆောင်တစ်ခုကို အသက်သွင်းနေသည်။
ပိုင်ထန်က မီးခြင်္သေ့၏လှုပ်ရှာမှုများကို အရေးမစိုက်။ ထိုရွှေသန္ဓေကျင့်ကြံသူများကို သေလူအဖြစ်သဘောထားပြီးဖြစ်သည်။
လေဟာနယ်ကို သူထိန်းချုပ်ထားသည်။ ဘယ်ရွှေသန္ဓေကျင့်ကြံသူမှ မလွတ်မြောက်နိုင်။
နတ်ဝိညာဉ်တစ်ဝက်အဆင့်နှင့် ရွှေသန္ဓေအဆင့်ကြား ကွာခြားသည်က ထိုအချက်ဖြစ်သည်။
သူပိုင်ဆိုင်သည့်အရာကို ပြန်ယူဖို့အချိန်တန်ပြီ...
ပိုင်ထန်က ကြီးမားသည့်ပါးစပ်ကိုဟ၍ လုယန်တို့နှစ်ယောက်ဆီ ထိုးဆင်းလာသည်။
"ကောင်လေးနှစ်ယောက်။ ငါ့တံဆိပ်ကို အသာတကြည်လွှဲပေးပါ။ ဆုလာဘ်အနေနဲ့ မင်းတို့ကို မနာမကျင်ဘဲ သေခွင့်ပေးမယ်"
လုယန်ဘာမှမပြောဘဲ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ မှုန်ဝါးဝါးဓားရိပ်တစ်ခု သူ့လက်ချောင်းထိပ်တွင် ဖြစ်ပေါ်လာသည်။ ထို့နောက် ပိုင်ထန်ဆီ အသာဝှေ့ယမ်းလိုက်သည်။
သေးငယ်သည့် မျည်းကြောင်းတစ်ခု မြွေဖြူ၏လျှာပေါ်တွင် ပေါ်လာသည်။
"ဘုတ်"
လျှာက မြေပေါ်သို့ပြုတ်ကျလာပြီး ပြင်းထန်သည့်အဆိပ်များကြောင့် တရှဲရှဲအသံမြည်နေသည်။
ပိုင်ထန်၏ အောက်မေးရိုးပေါ်တွင်လည်း မျဉ်းကြောင်းငယ်တစ်ခုပေါ်လာသည်။
အောက်မေးရိုးလည်း မြေပေါ်ပြုတ်ကျလာသည်။
"လေပေါ်ပျံရတာ ပင်ပန်းပါတယ်။ အားလုံး အောက်ကိုဆင်းခဲ့ကြပါ"
မုန်ကျင်းကျိုး ခပ်ညှင်းညှင်းရယ်လျက် ကောင်းကင်တုန်ခြောက်ကွက်ကို အသက်သွင်းပြီး လက်သီးနှစ်ဘက်ဝှေ့ယမ်းလိုက်သည်။
လေဟာနယ်တုန်ခါသွားသည်။ ရွှေသန္ဓေနတ်ဆိုးများ ကမ္ဘာပျက်သလို ခံစားရပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။
ပိုင်ထန်က ပိုဆိုးသည်။ မြေပေါ်သို့ ဘုန်းခနဲပြုတ်ကျသည်။ သစ်ပင်ပေါင်းများစွာ လဲပြိုသွားသည်။
ခန္ဓာကိုယ်နာကျင်မှုကို သူအရေးမစိုက်နိုင်သေး။ သူမြင်နေရသည့်အဖြစ်က ပိုခြောက်ခြားစရာကောင်းသည်။
သူ့အမြင်တွင် လုယန်တို့နှစ်ယောက် တဖြေးဖြေးပိုကြီးမားလာသလို ထင်ရသည်။ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ရင်နေသည်။ စိတ်ဝိညာဉ်အတွင်းပိုင်းမှ စိမ့်တက်လာသည်။
ကြောက်လန့်တကြား သူအော်ဟစ်လိုက်သည်။ သူ့အသံများ တုန်ရင်နေသည်။
"ချီကို ဓားအဖြစ်ဖွဲ့စည်းတယ်။ လက်သီးတစ်ချက်နဲ့ ကောင်းကင်ကိုဖျက်တယ်။...မင်း...မင်းတို့က နတ်ဝိညာဉ်အဆင့် နတ်ဆိုးတွေပဲ"
ကိုယ့်ကိုယ်ကို မုဆိုးဟု ထင်ခဲ့သည်။ ကျိုင်းကောင်က ပုရစ်ကိုချောင်းနေသည်ဟု ထင်ခဲ့သည်။ နောက်ကျောဘက်မှ စာဝါငှက်ကို သူသတိမထားမိ။
ထိုနတ်ဆိုးလေးနှစ်ကောင် နတ်ဝိညာဉ်အဆင့်ရှိမည်ဟု သူလုံးဝထင်မထားခဲ့။
"ဘာ..သူတို့က နတ်ဝိညာဉ်အဆင့်တွေလား"
"ဘာလို့ နတ်ဝိညာဉ်အဆင့်တွေက ဒီလိုအသေးအဖွဲကိစ္စတွေမှာ ဝင်ပါနေတာလဲ"
"တိုးတိုးပြောပါကွ။ ဟိုနှစ်ယောက် ဒေါသထွက်သွားလိမ့်မယ်"
အားလုံး အရိုးစိမ့်အောင်ကြောက်နေသည်။ နတ်ဝိညာဉ်အဆင့်နတ်ဆိုးများသည် စိတ်အပြောင်းအလဲမြန်သည်။ စွမ်းအားကြီးသည်။ တစ်ယောက်ချင်းစီက ကိုယ်ပိုင်အစွမ်းဖြင့် နာမည်ကျော်သည့် မဟာနတ်ဆိုးများဖြစ်သည်။
လုယန် "..."
နတ်ဆိုးနယ်မြေတွင် ဟန်ရေးပြဖို့ လွယ်ကူမှန်းသိသော်လည်း ထိုမျှချောမွေ့မည်ဟုတော့ သူမထင်ခဲ့။
အမယွမ်ပြောတဲ့ ကျင့်ကြံသူလောကဆိုတာ ဒါလား...
*******************************