အစိတ်အပိုင်းများ
Vol. 38 Ch. 567
နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဤနတ်ဆိုးအိုကြီးများသည် အမြဲလိုလိုအထက်စီးမှ အမိန့်ပေးခဲ့သည်။ သို့သော်ယခု အသက်ပင်ပြင်းပြင်းမရှူရဲလောက်အောင် ကြောက်လန့်တုန်လှုပ်နေကြသည်။
နှစ်တစ်ထောင်တွင်တစ်ယောက် မြင်ရခဲသည့် နတ်ဝိညာဉ်စွမ်းအားရှင်နှစ်ယောက် တစ်ပြိုင်တည်းပေါ်လာသည်။
"ဒီတံဆိပ်က ခင်ဗျားဟာမဟုတ်လား"
လုယန်က တံဆိပ်ကြိုးကိုကိုင်၍ အသာဝှေ့ယမ်းပြသည်။
"ဟုတ်ကဲ့...အဲ...မဟုတ်ဘူး...မဟုတ်ဘူး။ သခင်ပိုင်တာပါ"
"ဒီတံဆိပ်နဲ့ ရတနာမြေတစ်ခုဖွင့်လို့ရတယ်လို့ပြောတယ်။ အဲဒါဟုတ်လား။ ခင်ဗျားဘာတွေဝှက်ထားတာလဲ"
မုန်ကျင်းကျိုး စပ်စုလိုက်သည်။ ထိုမျှသေချာသိမ်းထားသည်ဆိုလျှင် အဖိုးတန်သည့်အရာတစ်ခုတော့ ရှိရမည်။
"ဟုတ်ပါတယ်။ ရတနာမြေမှာ ကျုပ်ရေးထားတဲ့ ကျင့်စဉ်အတွေးအမြင်တွေ၊ နတ်ဝိညာဉ်အဆင့် နောက်တစ်ကြိမ်တက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေရှိပါတယ်"
တံဆိပ်ပျောက်သွားကတည်းက ကောလဟာလဖြန့်၍ တစ်ခြားလူများ တံဆိပ်ရှာဖွေချင်အောင် သူလှုံ့ဆော်ခဲ့သည်။
"ဒါပဲလား"
နတ်ဝိညာဉ်တစ်ဝက်အဆင့်၏ အတွေးအမြင်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ကျမ်းစာတိုက်တွင် စာအုပ်စင်လေးငါးခု အပြည့်ရှိသည်။ ကြိုက်ရာရွေးဖတ်နိုင်သည်။ ပိုင်ထန်၏ တစ်ဝက်တစ်ပျက်ကျင့်စဉ်အတွေးအမြင်သည် ထိုစာအုပ်စင်များပေါ် တင်ဖို့ပင်မထိုက်တန်။
နတ်ဝိညာဉ်အဆင့်တက်ဖို့ လိုအပ်သည်ဆိုသည့်ပစ္စည်းများက သူတို့အတွက် ပို၍ပင်သုံးစားမရ။
တာအိုလမ်းစဉ်ဂိုဏ်းသည် နတ်ဝိညာဉ်အဆင့်တက်ဖို့ ပြင်ပအကူပစ္စည်းများသုံးသည့်ဓလေ့မျိုးပင်မရှိ။
"သခင်။ သခင်တို့ဘယ်သူဆိုတာ ကျုပ်တကယ်မသိပါဘူး။ သိခဲ့ရင် ဒီထက်သတ္တိအဆတစ်ထောင်ရှိရင်တောင် ဒီလိုမလုပ်ရဲပါဘူး"
ပိုင်ထန် သေချင်လောက်အောင် နောင်တရနေသည်။ မြေပြင်ကိုဦးခေါင်းဖြင့် အကြိမ်ကြိမ်ဆောင့်သည်။ ဦးခေါင်းပြုတ်ထွက်မည်ကိုပင် အရေးစိုက်ဟန်မတူ။
တစ်ခြားနတ်ဆိုးအိုများလည်း သူ့လိုက်လုပ်ကြသည်။ မြေပြင်ကိုဦးတိုက်၍ သစ္စာခံကြောင်းပြကြသည်။
အမှန်အတိုင်းပြောရလျှင် လုယန်တို့နှစ်ယောက် ခရီးစထွက်လာကတည်းက ထိုမြင်ကွင်းမျိုး မကြုံဖူးခဲ့။
တကယ်စိတ်ကျေနပ်စရာကောင်းသည်။
နတ်မယ်က ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လုယန် အမြင်ကျယ်အောင် ရှင်းပြသည်။
"ဟား..အဲလိုမြင်ကွင်းမျိုးက သိပ်မဆန်းလှပါဘူး။ အရင်တုန်းက သေမျိုးလောကကို ငါရုပ်ဖျက်ပြီးသွားလည်တဲ့အခါ ဒါမျိုးတွေမကြာခဏကြုံဖူးတယ်။
ပုံမှန်အားဖြင့် တစ်ဘက်လူက ငါတို့ကိုလွယ်လွယ်အနိုင်ကျင့်လို့မရဘူးဘာညာစပြောတယ်။ သူတို့နောက်ခံက ဘယ်လောက်စွမ်းအားကြီးကြောင်း ကြွားလုံးထုတ်တယ်။ သူတို့နောက်ခံကို အနိုင်ယူလိုက်တော့ အဲဒီ့နောက်ခံရဲ့နောက်ခံကို ဆက်ခေါ်တယ်။ အဲလိုအဆင့်ဆင့်သွားတယ်။
နောက်ဆုံးကတော့ စွမ်းအားအမြင့်ဆုံးနောက်ခံပေါ်လာတယ်။ ဘေးကကြည့်နေတဲ့လူ သူဘယ်သူဘယ်ဝါဆိုတာ မိတ်ဆက်ပေးတယ်။ အဲဒီ့လူဟာ ယင်ထန်မသေမျိုးရဲ့တပည့်ရဲ့တပည့်ဆိုတာမျိုး ပြောတယ်။ အရမ်းစွမ်းအားကြီးပြီး မသေမျိုးတွေနဲ့ တိုက်ရိုက်တွေ့ခွင့်ရှိတဲ့လူပါပေါ့။
အဲဒီနောက်မှ အဲဒီ့အမြင့်ဆုံးစွမ်းအားရှင်က ငါ့ကိုမြင်သွားတယ်။ အထစ်ထစ်အငေါ့ငေါ့နဲ့ "ခင်...ခင်ဗျားလား။ ကျုပ်မျက်လုံးကန်းခဲ့တာ ခွင့်လွှတ်ပါ။ ကျုပ်အပြစ်တွေကို ခွင့်လွှတ်ပေးပါ မသေမျိုးအရှင်" "အဖိုးမတန်တဲ့ ကျုပ်အသက်ကို ဒီတစ်ကြိမ်တော့ ချမ်းသာပေးပါ" ဆိုတာမျိုးတွေပြောပြီး ကိုယ့်ကိုယ်ကို ပါးရိုက်ကြတယ်။
မြေပြင်နဲ့နဖူး မညှာမတာဆောင့်ကြတယ်။ ကြယ်ကမ္ဘာတွေကို ထုချေနေသလားထင်ရ။ တစ်ခါတစ်လေ ပြဿနာရှာတဲ့သူတို့မျိုးနွယ်ဝင်ကိုတောင် သတ်ပစ်ကြတယ်။
အဲလိုစွမ်းအားအမြင့်ဆုံးလူက ဦးတိုက်နေတော့ တစ်ခြားလူတွေလည်း သူ့လိုပဲ ပြိုင်တူလိုက်လုပ်ကြတာပေါ့။ တကယ့်လူပင်လယ်ကြီးက ဦးတိုက်ကြတာ။ အရမ်းကြည့်ကောင်းတယ်။
နောက်ဆုံးကျမှ သူတို့ကျူးလွန်တဲ့ ပြစ်မှုအတိုင်းအတာအရ ငါအပြစ်စီရင်တယ်။ တစ်ခါတစ်လေ ချက်ချင်းသတ်တယ်။ တစ်ခါတစ်လေ သူတို့ကျင့်စဉ်စွမ်းအားကို ဖျက်ဆီးပစ်တယ်။ ဒါမှမဟုတ် တစ်ခြားအပြစ်ပေးနည်းတွေသုံးတယ်။
နင့်ရဲ့ကျင့်စဉ်အဆင့်က သိပ်မမြင့်သေးတာ ဆိုးတာပဲ။ ဒီလိုမြင်ကွင်းတွေကို နင်ကိုယ်တွေ့မကြုံနိုင်သေးဘူး"
နတ်မယ်က လုယန်အတွက် စိတ်မကောင်းဟန်ဖြင့် စုပ်သပ်နေသည်။ ထိုမြင်ကွင်းမျိုးကို မသေမျိုးများသာ ခံစားနိုင်သည်။
လုယန် သိစိတ်နယ်မြေသို့ လှမ်းကြည့်လိုက်သည်။ သူ့သိစိတ်နယ်မြေကို အပူပိုင်းမိုးသစ်တောအဖြစ် ပြောင်းလဲထားသည်ကိုကြည့်၍ စိတ်ပျက်သွားသည်။
နတ်ဆိုးနယ်မြေသို့ရောက်ပြီးနောက် ပတ်တန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင် နူးညံ့လှပသည့် ပန်းရောင်သိစိတ်နယ်မြေကို နတ်မယ်က ခန္ဓာကိုယ်တစ်ချက်လှုပ်ခါ၍ အသွင်ပြောင်းခဲ့သည်။ မြေပြင်မှ သစ်ပင်ကြီးများ ထိုးထွက်နေသည်။ စိမ်းစိုအုပ်ဆိုင်းနေသည်။ ထိုသစ်ပင်များပေါ်တွင် သူကျောခင်းအိပ်သည်။ လုံးဝပြုတ်မကျ။
ယခု နွယ်ဒန်းတစ်ခုပင် သူပြင်ဆင်ထားသည်။ ခြေကျင်းဝတ်စွပ်သည့်ခြေအိတ်ဝတ်လျက် ဒန်းကိုရှေ့ပြန်နောက်ပြန်လွှဲ၍ စီးနေသည်။ ဖြူဖွေးသည့် သူ့ခြေထောက်များ လှုပ်ယမ်းနေသည်။
"ဒါဆို နတ်မယ်၊ ခင်ဗျားမသေမျိုးမဖြစ်ခင်က ပြဿနာလာရှာတဲ့လူတွေကြုံရင် ဘယ်လိုလုပ်လဲ"
"အဆုံးသတ်နှစ်မျိုးရှိတယ်"
"ဘယ်လိုအဆုံးသတ်လဲ"
"ပြိုင်ဘက်က ငါ့ထက်စွမ်းအားမြင့်ပြီး ငါမနိုင်လို့ ထွက်ပြေးတာရယ်။ ဒါမှမဟုတ် ပြိုင်ဘက်က ငါ့လောက်စွမ်းအားမမြင့်ပေမယ့် ကံဆိုးပြီး လူအများကြီးဝိုင်းလိုက်လို့ ထွက်ပြေးရတာရယ်ပေါ့။
တစ်ခါတစ်လေ လိုက်လာတဲ့လူများလွန်းလို့ သူတို့အချင်းချင်းတောင် တိုက်ကြခိုက်ကြတယ်။ အဲလိုအဖြစ်မျိုး နှစ်ခါသုံးခါကြုံဖူးတယ်။ သူတို့ကငါ့ကို ထွက်ပေါက်မရှိအောင်ဝိုင်းတယ်။ ငါထွက်မပြေးနိုင်တော့ဘူး။ အဲဒီ့အချိန်မှာ ငါ့ကိုဘယ်သူသတ်ခွင့်ရသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး သူတို့အချင်းချင်း သဘောထားကွဲလွဲလို့ တိုက်ကြခိုက်ကြတယ်။ အဲဒီ့အချိန်ကိုအခွင့်ကောင်းယူပြီး ငါထွက်ပြေးခဲ့တယ်လေ"
လုယန် "..."
နတ်မယ်...ခင်ဗျားအတွေ့အကြုံတွေက အတော်ထူးဆန်းပါလား..
"ဒီနတ်ဆိုးအိုအုပ်စုကို ဘယ်လိုဖြေရှင်းကြမလဲ"
မုန်ကျင်းကျိုးက အသံတိုးတိုးဖြင့်မေးသည်။
ထိုနတ်ဆိုးအိုများသည် အညှာအတာကင်း၍ ရက်စက်သည်။ သူတို့လက်တွင် သွေးစွန်းထားသည်မှာ သေချာနေသည်။ မဟာရှားဥပဒေအရဆိုလျှင် သေဒဏ်ပေးသင့်သည်။
သို့သော် ဤနေရာသည် နတ်ဆိုးနယ်မြေဖြစ်သည်။ ကာလဒေသစည်းမျဉ်းအတိုင်းလုပ်ရမည်။ မဟာရှားဥပဒေကို ဤနေရာတွင်အတည်ပြုပြီး ဆုံးဖြတ်၍မရ။ မသေမျိုးဂိုဏ်း၏ဥပဒေပြုဩဇာကို ထိုသို့အသုံးမပြုသင့်။
ထို့ပြင် ထိုနတ်ဆိုးအားလုံးကို သတ်လိုက်လျှင် သူတို့အုပ်ချုပ်သည့်နယ်မြေများ ပရမ်းပတာဖြစ်လာမည်။ ပဋိပက္ခများဖြစ်လာမည်။ အပြစ်မရှိသည့် နတ်ဆိုးမျိုးနွယ်ဝင်များစွာ သေကြေပျက်စီးရမည်။
ရုတ်တရက် ပိုင်ထန်နဖူးမှ တော်ဝင်မြွေတံဆိပ် အရောင်လက်လာသည်။ ဝိညာဉ်ပုံရိပ်တစ်ခု ထိုးထွက်လာသည်။ လုယန်နှင့်မုန်ကျင်းကျိုးမှလွဲ၍ ရှိနေသည့်နတ်ဆိုးအားလုံး အံ့အားသင့်သွားကြသည်။
ခံ့ညားထည်ဝါသည့် မြွေဖြူတစ်ကောင် ပေါ်လာသည်။ ပိုင်ထန်ထက် များစွာနုပျိုသည်။ အသက်ဓာတ်ပိုပြည့်ဝသည်။
"မင်းဘယ်သူလဲ"
"ကျုပ်က မြွေဖြူမျိုးနွယ်က ပိုင်ကုပါ။ တာအိုရှင်နှစ်ယောက်ကို ဂါရဝပြုပါတယ်။ ဒီပိုင်ထန်ဟာ ကျုပ်ရဲ့ကိုယ်ပွားတစ်ခုပါ။ ကျုပ်ဝိညာဉ်ပြောင်းအဆင့်တက်ဖို့ အကူအညီရအောင် သူနတ်ဝိညာဉ်အဆင့်ရောက်ရင် ကျုပ်ပြန်ခေါ်ဖို့ စီစဉ်ထားတာပါ။ ကြည့်ရတာ ပိုင်ထန်က သေရေးရှင်ရေးအခြေအနေကြုံလို့ ကျုပ်ထားခဲ့တဲ့ တံဆိပ်ကို အသက်သွင်းလိုက်တာဖြစ်မယ်။
ပိုင်ထန်ရဲ့အသက်ကို ချမ်းသာပေးဖို့ ကျုပ်တောင်းဆိုပါတယ်။ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီပစ္စည်းကို ကျုပ်ပေးပါ့မယ်"
ထိုကျင့်ကြံနည်းမျိုးကို လုယန်ကြားဖူးသည်။ ကိုယ်ပွားတစ်ခုဖန်တီးသည်။ ကိုယ်ပွားတိုးတက်မှုမှန်သမျှ မူလခန္ဓာပေါ် အကျိုးကျေးဇူးရသည်။ တာအိုလက်တွဲဖော်ကျင့်စည် ကျင့်ကြံကြသည့် မိန်းကလေးများသည် ထိုနည်းလမ်းသုံးပြီး အမွှာကိုယ်ပွားများဖန်တီးကြသည်။ စိတ်ဝင်စားမှုလည်း တိုးမြင့်စေသလို ကျင့်စည်တိုးတက်နှုန်းလည်းမြန်ဆန်သည်။
"ဒါကဘာလဲ"
"ဒီအစိတ်အပိုင်းမျိုး စုစုပေါင်းသုံးခုရှိတယ်လို့ ပြောကြပါတယ်။ အားလုံးအတူပေါင်းလိုက်ရင် လျှို့ဝှက်မြေတစ်ခုဖွင့်တဲ့ သော့တစ်ချောင်းဖြစ်လာတယ်တဲ့။ ဒါပေမယ့် တစ်ခြားအစိတ်အပိုင်းနှစ်ခုကို ကျုပ်ရှာမတွေ့ခဲ့ပါဘူး။
မိတ်ဆွေတို့နှစ်ယောက်က ကံကြမ္မာမြင့်မားတယ်။ ကြီးမားတဲ့အောင်မြင်မှုတွေရလာမှာ သေချာတယ်။ တစ်ခြားအစိတ်အပိုင်းနှစ်ခုကို ရှာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ စကားပြန်မပြောနိုင်မီ အစိမ်းရောင်ကျားနတ်ဆိုး၏နဖူးမှ တော်ဝင်ကျားတံဆိပ် အရောင်လက်လာပြန်သည်။ ဝိညာဉ်ပုံရိပ်တစ်ခု ထိုးထွက်လာသည်။
ခံညားထည်ဝါသည့်အစင်းကျားများနှင့် တောင်ပံနှစ်ခုပါသည့် ကျားတစ်ကောင် ပေါ်လာသည်။ မျက်နှာက ကြောက်စရာကောင်းသည်။ သတိလစ်နေသည့် အစိမ်းရောင်မျက်နှာနှင့်ကျားကိုမြင်သွားပြီးနောက် အံ့အားသင့်နေဟန်ရှိသည်။
ဘေးပတ်လည်သို့လှည့်ကြည့်သည်။ လုယန်၊ မုန်ကျင်းကျိုးနှင့် ပိုင်ကုတို့ကိုမြင်သွားပြီးနောက် လက်သီးတစ်ဘက်ဆုပ်၍ ဦးညွှတ်အရိုအသေပြုသည်။
"ကျုပ်က ချုန်းချီမျိုးနွယ်တာဝန်ခံကျင်းရွှမ်ပါ။ ဒါက ကျုပ်ရဲ့အသုံးမကျတဲ့သားပါ။ မိတ်ဆွေတို့နှစ်ယောက်ကို သူဘယ်လိုစော်ကားခဲ့လဲဆိုတာ ကျုပ်မသိပါဘူး။ ဒါပေမယ့် ငဲ့ညှာမှုထားပြီး သူ့အသက်ကို ချမ်းသာပေးပါ။ လျော်ကြေးအနေနဲ့ ဒီပစ္စည်းကို ကျုပ်ပေးပါမယ်။
ဒီအစိတ်အပိုင်းဟာ ဝိညာဉ်ပြောင်းအဆင့် လျှို့ဝှက်နယ်မြေတစ်ခုရဲ့သော့လို့ ပြောကြပါတယ်။ ကံမကောင်းချင်တော့ နှစ်တွေအများကြီးကြာအောင် ရှာခဲ့ပေမယ့် ကျန်တဲ့အစိတ်အပိုင်းတွေကို ကျုပ်ရှာမတွေ့ခဲ့ဘူး။ ဒီပစ္စည်းကို ကျုပ်သားအသက်နဲ့ လဲလို့ရနိုင်မလား"
ထိုစဉ် မီးခြင်္သေ့နဖူးမှတံဆိပ်လည်း အရောင်လက်လာသည်။ မျက်ခွံများတွဲကျနေသည့် ခြင်္သေ့ကြီးတစ်ကောင်၏ပုံရိပ် ပေါ်လာသည်။ သတိလစ်နေသည့် သူ့မျိုးနွယ်တူကိုမြင်ပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးကြောင့်ဖြစ်ကြောင်း နားလည်သွားသည်။
သူသည် မီးခြင်္သေ့မျိုးနွယ်အကြီးအကဲဖြစ်သည်။ သတိလစ်နေသည့်ခြင်္သေ့သည် သူအယုံကြည်ရဆုံးမျိုးနွယ်ဝင်ဖြစ်သည်။ ထိုခြင်္သေ့မျိုးနွယ်ခေါင်းဆောင်ဖြစ်လာအောင် သူထောက်ပံ့ပေးခဲ့သည်။
မီးခြင်္သေ့ခေါင်းဆောင် အသတ်ခံရမည့်အဖြစ်ကို သူကြည့်မနေနိုင်။
ခြင်္သေ့အို အစိတ်အပိုင်းတစ်ခုထုတ်သည်။
"ဒါကျုပ်အမှတ်မထင်ရခဲ့တဲ့ ပစ္စည်းပါ။ ဒီလိုပစ္စည်းသုံးခုပေါင်းရင် ဝိညာဉ်ပြောင်းအဆင့်လျှို့ဝှက်မြေတစ်ခုရဲ့သော့ဖြစ်လာတယ်။ ဒါကို သူ့အသက်နဲ့ လဲလို့ရမလား"
လုယန် "..."
မုန်ကျင်းကျိုး "..."
"ခင်ဗျားတို့သုံးယောက်လက်ထဲက အစိတ်အပိုင်းတွေ အတူတူပေါင်းစပ်လို့ရမရစမ်းကြည့်ကြပါလား"
****************************