← Chapters

တတိယအမ

Vol. 38 Ch. 568

တတိယအမ

Vol. 38 Ch. 568

လေထုက ရုတ်တရက် ကမောက်ကမဖြစ်လာသည်။

ပထမအစိတ်အပိုင်းပေါ်လာချိန်တွင် လုယန်တို့ လက်ခံရန်ပြင်ခဲ့သည်။ မည်သို့ဆိုစေ ထိုအရာသည် ဝိညာဉ်ပြောင်းအဆင့်လျှို့ဝှက်မြေ၏ သော့အစိတ်အပိုင်းဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူများပင် မခန့်မှန်းနိုင်သည့်ရတနာများ လျှို့ဝှက်မြေတွင် ကျိန်းသေရှိပေလိမ့်မည်။

သော့အစိတ်အပိုင်းများကို စုစည်းဖို့ မလွယ်ကူလှ။ မြွေဖြူမျိုးနွယ်မှပိုင်ကု နှစ်ပေါင်းများစွာရှာခဲ့သော်လည်း ကျန်အစိတ်အပိုင်းနှစ်ခုကို မတွေ့ခဲ့။ ထို့ကြောင့် လုယန်တို့အနေဖြင့် နတ်ဆိုးနယ်မြေတွင် အနည်းဆုံး တစ်နှစ်လောက်တော့ ဆက်နေရမည်။ ဖြေးဖြေးချင်းရှာရမည်။

တစ်နှစ်လောက်ကြာလျှင် သူတို့ နတ်ဝိညာဉ်အဆင့်သို့ရောက်မည်။ ထိုအချိန်ရောက်လျှင် ဝိညာဉ်ပြောင်းအဆင့်လျှို့ဝှက်မြေကို ဖွင့်ရန်ကြိုးစားသည်မှာ သဘာဝကျသည်။

သို့သော်ယခု တစ်မိနစ်မပြည့်သေးမီ အစိတ်အပိုင်းသုံးခုလုံး ပေါ်လာသည်။

"ပိုင်ကု၊ ကျင်းရွှမ်၊ လက်စသတ်တော့ကျန်တဲ့အစိတ်အပိုင်းနှစ်ခုက မင်းတို့ဆီမှာကိုး"

ခြင်္သေ့အို ဒေါသထွက်သွားသည်။ မျက်လုံးများ ပြူးထွက်လာသည်။ သူ့အကြည့်က မီးလုံးနှစ်ခုနှင့်တူသည်။ သူ့အမွှေးများ ထောင်လာသည်။

"မင်းအရှက်မရှိဘူးလား ခြင်္သေ့အို။ မင်းလည်း အဲဒီ့အစိတ်အပိုင်းကို ဝှက်ထားတာပဲလေ"

ချုန်းချီမျိုးနွယ်မှကျင်းရွှမ်လည်း ဒေါသထွက်နေသည်။

ထိုအစိတ်ပိုင်းနှစ်ခုကို နတ်ဆိုးနယ်မြေအနှံ့ နှစ်တစ်ရာကျော် ခြေတိုအောင် သူလိုက်ရှာခဲ့သည်။ ယခု ထိုအစိတ်အပိုင်းများက သူ့မျက်စိအောက်တွင် တစ်ချိန်လုံးရှိနေခဲ့မှန်း သိလိုက်ရသည်။

ဝိညာဉ်ပုံရိပ်များအဖြစ်ရှိနေသည့်တိုင် ထိုသုံးယောက်ထံမှ ထွက်ပေါ်နေသည့်လူသတ်ရိပ်ကို လုယန်ခံစားမိသည်။

အစိတ်အပိုင်းသုံးခု အတူစုစည်းလျှင် ဝိညာဉ်ပြောင်းအဆင့်လျှို့ဝှက်မြေကို ဖွင့်နိုင်မည်။ ထိုအခွင့်အရေးသည် ကိုယ်ပွား၊ အသုံးမကျသည့်သား သို့မဟုတ် ပါရမီရှင်မျိုးဆက်သစ်တို့၏အသက်ထက် များစွာပိုတန်ဖိုးကြီးသည်။ သူတို့လုံးဝလက်လွတ်မခံနိုင်ပေ။

အစိတ်အပိုင်းသုံးခုက အချင်းချင်းအာရုံခံမိသကဲ့သို့ ပြင်းထန်စွာတုန်ခါလျက် ထိုးထွက်လာပြီး လုယန်နှင့်မုန်ကျင်းကျိုး၏ ဦးခေါင်းထက်တွင် ပေါင်းစည်းသွားသည်။

"အခြေအနေမကောင်းဘူးဟေ့"

နတ်ဆိုးသုံးယောက် မျက်နှာပျက်သွားသည်။ အစိတ်အပိုင်းများ သူတို့ထိန်းချုပ်မှုအောက်မှလွတ်ပြီး လုယန်ဆီရောက်သွားမည်ဟု ထင်မထားကြ။

လက်ထဲကျလာပြီးသားအခွင့်အရေးကို သူတစ်ပါးလက်သို့အပါမခံနိုင်။ ထိုရက်ရောမှုမျိုး နတ်ဆိုးနယ်မြေတွင်မရှိ။

"မစိုးရိမ်ပါနဲ့။ သူတို့လက်ထဲမှာ သော့ရှိရင်တောင် လျှို့ဝှက်မြေရဲ့တည်နေရာကိုမသိရင် အသုံးမဝင်ပါဘူး"

ပိုင်ကုက လှောင်ပြုံးပြုံးနေသည်။ တံခါးရှိသည့်နေရာမသိလျှင် သော့သည်ဘာမှအသုံးမကျ။

"အခုအရေးကြီးဆုံးက ဒီနှစ်ယောက်ဆီကသော့ကို မြန်မြန်ပြန်လုနိုင်ဖို့ပဲ"

သုံးယောက်လုံး နတ်ဝိညာဉ်နောက်ဆုံးအဆင့်နတ်ဆိုးများဖြစ်သည်။ နတ်ဝိညာဉ်အဆင့်(ဟုယူဆရသည့်)လူငယ်နှစ်ယောက်ကို မနိုင်စရာအကြောင်းမရှိ။

"မင်း‌ပြောတာမှန်တယ်"

တစ်ခြားနတ်ဆိုးနှစ်ယောက်လည်း ထောက်ခံကြသည်။

လုယန်တို့ဦးခေါင်းထက်မှ အစိတ်အပိုင်းသုံးခု အချင်းချင်းချိတ်ဆက်သွားပြီး အဖြူရောင်ကျောက်စိမ်းပြားတစ်ခုဖြစ်လာသည်။ သူတို့ခြေထောက်အောက်တွင် အဖြူရောင်အလင်းတံဆိပ်တစ်ခုပေါ်လာသည်။ ကျောက်စိမ်းပြားပေါ်မှ သင်္ကေတများနှင့် ထပ်တူကျသွားသည်။

"ဘုန်း"

မြေပြင်အက်ကွဲသွားပြီး အဆက်မပြတ်တုန်ခါနေသည်။ လုယန်တို့နှစ်ယောက် ဘေးသို့အမြန်ခုန်ရှောင်လိုက်သည်။

"လျှို့ဝှက်မြေက ငါတို့အောက်တည့်တည့်မှာရှိနေတာပဲ"

ပိုင်ကု ဆွေ့ဆွေ့ခုန်ဒေါသထွက်သွားသည်။

"မင်းတို့သိတဲ့ ဝိညာဉ်ပြောင်းအဆင့်တွေကို အမြန်ခေါ်ကြတော့။ ငါတို့သုံးယောက်တည်းနဲ့ ဒီနှစ်ယောက်ကို မတားနိုင်ဘူး"

ပိုင်ကု အော်ဟစ်လိုက်သည်။ သုံးယောက်နှစ်ယောက်တိုက်လျှင် နိုင်ဖို့လွယ်သည်။ သို့သော် ဖမ်းနိုင်ဖို့ခက်သည်။

အစက အချိန်အများကြီးရသေးသည်ဟု ထင်ခဲ့သည်။ ထို့နှစ်ယောက်ကို နောက်ဆုံးချိန်ကျမှဖမ်းဖို့ ရည်ရွယ်ခဲ့သည်။ သို့သော်ယခု လျှို့ဝှက်မြေပေါ်လာသည်။ ဖမ်းဆီးဖို့ အချိန်များများမရတော့။ ဝိညာဉ်ပြောင်းအဆင့်များ၏အကူအညီ အရေးပေါ်လိုလာသည်။ ထိုစွမ်းအားရှင်များကို အကျိုးအမြတ်ခွဲတမ်းပေးရလျှင် သူတို့အတွက် တစ်ချို့တစ်ဝက်တော့ကျန်မည်။

တုံ့ဆိုင်းမနေတော့ဘဲ နတ်ဆိုးသုံးယောက်လုံး ဝိညာဉ်ပုံရိပ်များကိုဖျက်ဆီး၍ နတ်ဝိညာဉ်အဆင့်အသိအကျွမ်းများကို သွားရှာသည်။

ပိုင်ကုနှင့်ကျင်းရွှမ်က ပိုမြန်သည်။ သူတို့မျိုးနွယ်ခေါင်းဆောင်များက နတ်ဝိညာဉ်အဆင့်ဖြစ်သည်။ ခြင်္သေ့အိုသာ တစ်ခြားသို့ အကူသွားရှာရသည်။

"ဒါက လျှို့ဝှက်မြေဖွင့်တဲ့သော့လား"

ဦးခေါင်းထက်တွင် ပျံဝဲနေသည့်ကျောက်စိမ်းပြားကိုကြည့်၍ လုယန် တွေးရခက်နေသည်။

"သူတို့အမူအရာကြည့်ရတာတော့ ဟုတ်မယ်ထင်တယ်"

မုန်ကျင်းကျိုးလည်း မရေရာလှ။

....

မိနစ်ပိုင်းအတွင်း မိုင်ရှစ်ရာပတ်လည် ဂယက်ထသွားသည်။ တစ်ယောက်ယောက် သတင်းဖြန့်လိုက်သလိုထင်ရသည်။ နတ်ဝိညာဉ်အဆင့်တစ်ယောက် တိုက်ပွဲမနိုင်မည်စိုး၍ အကူရှာလာရှာသလိုထင်ရသည်။ မရေမတွက်နိုင်သည့် ဝိညဦဉ်ပြောင်းအဆင့်စွမ်းအားရှင်များ ပွင့်နေသည့်လျှို့ဝှက်မြေဆီ ရောက်လာကြသည်။

အဆင့်တူတစ်ယောက်ချန်ခဲ့သည့် လျှို့ဝှက်မြေကို ဝိညာဉ်ပြောင်းအဆင့်အတော်များများက စိတ်ဝင်စားလာသည်။

သူတို့ကျင့်စဉ်အဆင့်မြှင့်ပေးနိုင်မည် ရတနာများ ရှိနေနိုင်သည်။ အဆင့်တူများချန်ခဲ့သည့် ကျင့်စဉ်ပညာများသည်လည်း တန်ဖိုးကြီးသည်။

"ဝှီး ဝှီး ဝှီး"

အားကောင်းသည့်စွမ်းအင်ရောင်ကိုယ်စီ ပုံစံအမျိုးမျိုးဖြင့် တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ အားလုံး ဝိညာဉ်ပြောင်းအဆင့်နတ်ဆိုးများဖြစ်သည်။

လုယန်နှင့်မုန်ကျင်းကျိုး တံတွေးကိုကျိတ်မျိုလိုက်သည်။ ဝိညာဉ်ပြောင်းအဆင့် တစ်ယောက်နှစ်ယောက်ကို ရင်ဆိုင်ရလျှင် အသက်သေသည်အထိတော့ မဖြစ်နိုင်လောက်။ မနိုင်လျှင် ထွက်ပြေး၍ရသေးသည်။

ယခုလို အုပ်လိုက်ရင်ဆိုင်ရလျှင် အခြေအနေက မတူတော့။ ဘယ်လိုနတ်ဝိညာဉ်အဆင့်ပါရမီရှင်ဖြစ်စေ အကျိုးထူးမည်မဟုတ်။

"ကျောက်စိမ်းဖြူက ဟိုလူငယ်နှစ်ယောက်လက်ထဲမှာလား"

ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်ချုန်းချီတစ်ကောင်က အစွယ်ကိုဖြဲလျက် လုယန်နှင့်မုန်ကျင်းကျိုးကို အေးစက်စက်စိုက်ကြည့်သည်။

"ဟုတ်ပါတယ်ခေါင်းဆောင်။ ဒီနှစ်ယောက်ဆီမှာပါ"

ကျင်းရွှမ် မြေပေါ်ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုသည်။

မြေဖြူကြီးတစ်ကောင် ကောင်းကင်တွင် ရစ်ခွေနေသည်။ ဦးခေါင်းထက်တွင် ဘုသီးနှစ်လုံးရှိသည်။ နဂါးအသွင်ပြောင်းခါနီးအဆင့် ဖြစ်မည်ထင်သည်။

ပိုင်ကုဆင့်ခေါ်လိုက်သည့် မြွေဖြူမျိုးနွယ်မှ ဝိညာဉ်ပြောင်းအဆင့်နတ်ဆိုးဖြစ်သည်။

လကိုဝါးမျိုးနိုင်သည့် ကောင်းကင်ဝံပုလွေ၊ တောင်တန်းများထမ်းပိုး၍ လမ်းလျှောက်နိုင်သည့် မျောက်ဝံ..

ဝိညာဉ်ပြောင်းအဆင့်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ ပိုင်ကု၊ ကျင်းရွှမ်နှင့် ခြင်္သေ့အိုတို့ ကြောက်ဒူးတုန်နေကြသည်။ ထိုနတ်ဆိုးကြီးများသည် သူတို့သုံးယောက် တစ်ချက်တည်းရိုက်ထုတ်ပြီး သူတို့နယ်မြေကို အတင်းသိမ်းယူနိုင်စွမ်းရှိသည်။ ဘယ်လိုမှခုခံနိုင်မည်မဟုတ်။ ထို့ကြောင့် အသက်ပင်ကျယ်ကျယ်မရှူရဲကြ။

အဆင့်တစ်ဆင့်ကွာခြားခြင်း၏ စွမ်းအားဖြစ်သည်။

ထိုနတ်ဆိုးသုံးယောက်တွင် ကျင်းရွှမ်က စွမ်းအားအကြီးဆုံးဖြစ်သည်။ ဝိညာဉ်ပြောင်းအဆင့်ရောက်ဖို့ ခြေလှမ်းတစ်ဝက်သာလိုသည်။ သို့သော်ယခု သူခေါင်းငုံ့၍ ခပ်လျိုလျိုနေရသည်။ အများအာရုံစိုက်မိလာအောင် မလုပ်ရဲ။

သတိလစ်နေသည့် ရွှေသန္ဓေအကြီးအဆင့်နှင့် အခြေတည်အဆင့်နတ်ဆိုးများ သတိပြန်ရလာသည်။ သို့သော် ကောင်းကင်မှ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှင်များကိုမြင်ပြီးနောက် ပြန်သတိလစ်ချင်စိတ်ပေါက်သွားသည်။

ဝိညာဉ်ပြောင်းအဆင့်များသည် မြင်ရခဲသည်နဂါးများဖြစ်သည်။ ဆယ်နှစ်တစ်ကြိမ် ပေါ်လာခဲသည်။

သူတို့ဘယ်လောက်ကြာအောင် သတိလစ်ခဲ့သနည်း။ ဘာတွေဖြစ်ခဲ့သနည်း။ ဘာကြောင့် ဝိညာဉ်ပြောင်းအဆင့်များစွာ ပေါ်လာသနည်း။

သူတို့သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်၍ နောက်ဆုံးဆုလာဒ်အဖြစ် ထိုစွမ်းအားရှင်များကို မြင်ခွင့်ရခြင်းလော...

"နည်းနည်းတော့ ခက်တယ်ကွ။ ဒီလိုမှန်းသိရင် လောင်မာကို ခေါ်ခဲ့ပါတယ်"

မုန်ကျင်းကျိုး ညည်းညူသည်။

"သူတို့ကို အမယွမ်အရိပ်တုလက်သီးသိုင်း ပြလိုက်ပါလား"

အစက ရွှေသန္ဓေနတ်ဆိုများရှေ့တွင် သူတို့ဟန်ရေးပြရုံသာဖြစ်သည်။ ဘာကြောင့် ဝိညာဉ်ပြောင်းအဆင့်များစွာ ရောက်လာသနည်း။

သမစဉ်အတိုင်းမဟုတ်တော့။ အမှန်ဆိုလျှင် နတ်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်ရဦးမည်။

အနည်းဆုံးတော့ နတ်ဝိညာဉ်အဆင့်တစ်ချို့ကို သတ်ပြီးမှ ဝိညာဉ်ပြောင်းအဆင့်လာသင့်သည်။

လုယန်လည်း အကြပ်ရိုက်နေသည်။

"အမကန်ထန်ကိုတောင် မတွေ့သေးဘူးလေ။ အမယွမ်ကိုခေါ်လိုက်ရင် နည်းနည်းမသင့်တော်ဘူးလားလို့"

အမကန်ထန်ကို ရှေးဟောင်းသုတေသနပြုရာတွင် ကူညီဖို့ သူတို့ထွက်လာခြင်းဖြစ်သည်။ နတ်ဆိုးနယ်မြေတွင် လည်ပတ်ဖို့မဟုတ်။

သူတို့နှစ်ယောက် ဤဝိညာဉ်ပြောင်းလူစုကို အရေးမစိုက်သလို ထိုလူများကလည်း သူတို့ကို မျက်လုံးထဲမထည့်။

ပါရမီနည်းနည်းရှိသည့် ရွှေသန္ဓေအဆင့်များသာဖြစ်သည်။ ဘာမှထူးခြားသည်မဟုတ်။

"ဒီလူငယ်နှစ်ယောက်ကို အရင်သတ်ရအောင်။ ပြီးမှ လျှို့ဝှက်နယ်မြေကို ရှာဖွေဖို့ကိစ္စ ဆွေးနွေးမယ်"

"ကောင်းပြီလေ"

ဝိညာဉ်ပြောင်းအဆင့်များ ချက်ချင်းသဘောတူညီမှုရသွားသည်။ သူတို့စွမ်းအင်ရောင်များ လှုပ်ရှားလာသည်။ လူသတ်ရိပ်များ ထွက်ပေါ်လာသည်။

လုယန် သက်ပြင်းချလိုက်သည်။ တစ်ခြားနည်းလမ်းမရှိတော့။ အမယွမ်ကိုသာ ခေါ်ရတော့မည်။

"ချွင်"

ရုတ်တရက် သာယာသည့်ဗျတ်စောင်းသံတစ်ချက် ကောင်းကင်တလျှောက် ပဲ့တင်ထပ်သွားသည်။ ကျောက်တုံးကို လှိုင်းရိုက်သည့်အသံကဲ့သို့ ကြည်လင်သည်။ မတည်ငြိမ်သည့်စိတ်နှလုံးကို တည်ငြိမ်အေးချမ်းစေသည်။

"ငါနင်တို့ကို သတ်ခွင့်ပေးထားလို့လား"

ဗျတ်စောင်းသံရပ်သွားသည်။ ဝတ်ရုံစိမ်းလူတစ်ယောက် လုယန်ရှေ့တွင်ပေါ်လာပြီး သူ့ထံဦးတည်လာသည့် လူသတ်ရိပ်အားလုံးကို ပိတ်ဆို့ကာကွယ်ထားသည်။

ရှေးဟောင်းဗျတ်စောင်းတစ်လက်ပိုက်ထားသည်။ ပျင်းရိပျင်းတွဲဟန်ပန်မျိုးရှိသည်။ ထူးထူးခြားခြားလှပသည့် မျက်လုံးများကို အနက်ရောင်ပဝါဖုံးအုပ်ထားသဖြင့် ပဟေဠိဆန်သည်။

"သူပဲ"

"သောက်လခွမ်းကွာ၊ ဘာလို့သူဖြစ်နေတာလဲ'

"အခုသူ့ကို မျိုးနွယ်စုံက အမဲလိုက်နေကြတာမဟုတ်လား။ ဒါတောင် မျက်နှာပြရဲသေးတယ်ပေါ့"

ဝိညာဉ်ပြောင်းအဆင့်များ မျက်လုံးပြူး၍ ဂဏာမငြိမ်ဖြစ်လာပြီး ဗျတ်စောင်းရှင်ကိုကြည့်၍ အံ့ဩထိတ်လန့်နေသည်။

ထိုဗျတ်စောင်းရှင်ကို ကူးဖြတ်ခြင်းအဆင့်နတ်ဆိုးများပင် ရင်မဆိုင်နိုင်ကြ။ သူတို့လို ဝိညာဉ်ပြောင်းအဆင့်များ သွားရှုပ်သင့်သူမဟုတ်။

"ပြေးကြဟေ့"

တုံ့ဆိုင်းမနေတော့ဘဲ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှင်များ ထွက်ပြေးကြသည်။

"ချွင်"

ဗျတ်စောင်းခတ်သံကြောင့် လေဟာနယ်တုန်ခါသွားသည်။ အားလုံး လေထဲတွင် မလှုပ်မယှက်ဖြစ်သွားကြသည်။ လက်တစ်ချောင်းပင်မလှုပ်နိုင်တော့။ သူတို့မျက်လုံးတွင် အကြောက်တရားရိပ်စိုးမိုးနေသည်။

"နင်တို့ကို ငါပြေးခွင့်ပေးထားလို့လား"

"အမသုံး..."

လုယန် မဝံ့မရဲ ခေါ်ကြည့်လိုက်သည်။ သူ့အသံတွင် အပျော်ရိပ်လွှမ်းနေသည်။

အမသုံး၏ပုံတူပန်းချီကို သူမြင်ဖူးသည်။

"ဟုတ်တယ်၊ ငါပဲ"

"အမသုံး ဒီကိုဘယ်လိုရောက်လာတာလဲ။ ခုနကပဲ အမကိုရှာဖို့ ကျုပ်တို့ပြောနေကြတာ"

အမသုံးနှင့်တွေ့ဖို့ချိန်းထားသည့်နေရာက မိုင်ရာချီဝေးသေးသည်။

ကန်ထန်က စိတ်ပျက်သည့်လေသံဖြင့်

"အမယွမ်က ငါ့ဆီသတင်းပို့တယ်လေ။ နင်တို့နှစ်ယောက် ငါ့ဆီကို ချောချောမွေ့မွေ့မရောက်လောက်ဘူးတဲ့။ ဒီရက်ပိုင်း ဂယက်တစ်ခုခုထရင် နင်တို့လက်ချက်ဖြစ်ဖို့များတယ်တဲ့။ မထင်မှတ်တာတွေမဖြစ်အောင် နင်တို့ကို သွားကူညီဖို့ သူငါ့ကိုပြောထားတယ်။

နင်တို့နှစ်ယောက် ဒီလောက်နတ်ဝိညာဉ်အဆင့်တွေအများကြီးရောက်လာအောင် ဘယ်လိုများလုပ်လိုက်တာလဲ"

လုယန်က စကားလုံးသေချာရွေးချယ်လျက်

"အားလုံးက မတော်တဆဖြစ်သွားတာလို့ပြောရင် အမယုံမှာလား"

"ယုံပါတယ်"

"တကယ်လား"

လုယန် ပျော်သွားသည်။ သူ့အပေါ် ကန်ထန်ထိုမျှယုံကြည်မည်ဟု ထင်မထား။

"အင်း...နတ်ဆိုးနယ်မြေမှာ ပြဿနာရှာတိုင်းအမယွမ်ကို ငါအဲလိုပဲအမြဲတမ်းပြောနေကျလေ"

*******************************

All Chapters