← Chapters

အသင့်ပြင်ထားသည့်လက်ဆောင်

Vol. 38 Ch. 569

အသင့်ပြင်ထားသည့်လက်ဆောင်

Vol. 38 Ch. 569

ဝိညာဉ်ပြောင်းအဆင့်များသည် မတူညီသည့် နတ်ဆိုးမျိုးနွယ်ကြားမှာပင် အရှိန်အဝါကြီးမားသူများဟု သတ်မှတ်ခံကြရသည်။ တစ်ချို့က မျိုးနွယ်ခေါင်းဆောင်များဖြစ်သည်။ နတ်ဝိညာဉ်အဆင့်များစွာ သူတို့နှင့် လာပူးပေါင်းသည်။ လွှမ်းမိုးနိုင်သည့်အင်အားကို ပိုင်ဆိုင်ကြသည်။ ထိုပူးပေါင်းအင်အားမျိုးသည် နတ်ဆိုးနယ်မြေတွင် ဘာကိုမှကြောက်စရာမလို ဘယ်စည်းမျည်းမှဂရုစိုက်စရာမလိုဘဲ လှည့်လည်သွားလာနိုင်သည်။

အခြေတည်အဆင့်နှင့် ရွှေသန္ဓေအဆင့်များအမြင်တွင် ထိုဝိညာဉ်ပြောင်းအဆင့်များသည် ကောင်းကင်နှင့်အလားသဏ္ဌာန်တူသည်။

သို့သော် ဝိညာဉ်ပြောင်းအဆင့်များကလည်း သူတို့သည် တကယ့်သခင်စစ်များနှင့်ယှဉ်လျှင် ပရွက်ဆိတ်မျှသာဖြစ်ကြောင်း သိကြသည်။

ယခုပင်ကြည့်ပါ။ နာမည်ကျော် နတ်ဆိုးသံစဉ်မယ် ရောက်လာသည်။ တစ်ချက်လှုပ်ရှားရုံဖြင့် အားလုံး လေထဲတွင် ကျောက်ရုပ်လိုဖြစ်သွားသည်။ လုံးဝမလှုပ်နိုင်ကြ။ အောက်ဘက်မှလူသုံးယောက် အေးအေးလူလူပြောဆိုရယ်မောနေသည်ကိုသာ ကြည့်နေရသည်။ ဘာမှမတတ်နိုင်ကြ။

"အရင်က နတ်ဆိုးနယ်မြေမှာ ငါခရီးသွားတော့ ထင်မှတ်မထားတဲ့ကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်။ အားလုံးကို အမယွမ်က ကူညီဖြေရှင်းပေးတယ်။ ဒါပေမယ့်အခု ငါ့ကျင့်စဉ်အဆင့်က အရင်နဲ့မတူတော့ဘူး။ အမယွမ်ကို အကူညီတောင်းစရာမလိုဘဲ ကိုယ့်ဘာသာဖြေရှင်းနိုင်ပြီလေ"

ကန်ထန်က သူ့တိုးတက်မှုအကြောင်းပြော၍ ရယ်မောနေသည်။ ထို့နောက် ကောင်းကင်ဆီလှမ်းကြည့်သည်။

"နင်တို့အားလုံးကိုတော့..."

သူ့မျက်လုံးများ ပဝါဖုံးထားသော်လည်း အပြင်လောကကို ရှင်းလင်းစွာမြင်နိုင်သည်။

"နင်တို့အားလုံး နတ်ဆိုးနယ်မြေမှာ ကျင်လည်ခဲ့တာ အတော်ကြာပြီပဲ။ ဒီနယ်မြေကစည်းမျဉ်းတွေကို နားလည်မှာပါ။ သတ်ဖို့ကြိုးစားတဲ့လူဟာ အသတ်ခံရမယ်။ နင်တို့က ငါ့မောင်လေးကို သတ်ဖို့ကြံတယ်။ ဒီတော့ နင်တို့ကို အရှင်ထားစရာအကြောင်းမရှိဘူး"

"နေပါဦး..."

"ချွင်"

ချုန်းချီမျိုးနွယ် ရုန်းထွက်ရန် အတင်းကြိုးစားသည်။ အသနားခံရန်ကြိုးစားသည်။ သို့သော် သူတို့ထဲမှတစ်ယောက်က စကားတစ်ခွန်းစပြောချိန်မှာပင် ကန်ထန်က ဗျတ်စောင်းကို နောက်တစ်ကြိမ် တီးခတ်လိုက်သည်။

အသံလှိုင်းများက မမြင်နိုင်သည့်ကြိုးမျှင်များအဖြစ် အသွင်ပြောင်းသွားသည်။ ကောင်းကင်မှ ဝိညာဉ်ပြောင်းအဆင့် နတ်ဝိညာဉ်အဆင့်များကို အပိုင်းပိုင်းပြတ်ထွက်သွားသည်။ အသားတုံးများ မြေပေါ်သို့ တဖြုတ်ဖြုတ်ကျဆင်းလာသည်။ သွေးသံရဲရဲဖြစ်သွားသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ တံတွေးကျိတ်မျိုမိကြသည်။ အမကန်ထန်သည် လှုပ်ရှားရာတွင် တကယ်ရက်စက်ပြတ်သားသည်။

"ဒါကဘာဆန်းလို့လဲ။ ရှေးဟောင်းခေတ်မှာ လူသတ်ရင်အဲလိုပဲလေ"

နတ်မယ်က သက်သေခံသည်။ ရှေးဟောင်းခေတ်ကနတ်ဆိုးနယ်မြေသည် ယခုထက်ပင် ပိုအန္တရာယ်များသည်။ နေ့တိုင်း ကျင့်ကြံသူများ နတ်ဆိုးများ မရေမတွက်နိုင်အောင် သေကြသည်။

သတိပြန်ရခါစ အခြေတည်အဆင့်နှင့် ရွှေသန္ဓေအဆင့်နတ်ဆိုးများ မင်သက်မိနေသည်။ ဝိညာဉ်ပြောင်းအဆင့်များကို သတ်လိုက်သည့်အဖြစ်က လွယ်ကူလွန်းနေသည်။

ထိုမျှအံ့ဩထိတ်လန့်စရာကောင်းသည့်ဖြစ်ရပ်ကို သူတို့ဦးနှောက်က ရုတ်တရက် အမီမလိုက်နိုင်ကြ။

ခဏကြာမှ နတ်ဆိုးတစ်ယောက် ကြောက်လန့်တကြားအော်ဟစ်ပြီး ထွက်ပြေးသွားသည်။ ကျန်သည့်နတ်ဆိုးမျိုးများလည်း အိပ်မက်မှလန့်နိုးလာသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးကြသည်။

ဘယ်နေရာရောက်ရောက်ကိစ္စမရှိ။ ဤနေရာနှင့်ဝေးနိုင်သမျှဝေးဖို့သာ အရေးကြီးသည်။

ကန်ထန်က ထိုအဆင့်နိမ့်နတ်ဆိုးများကို စိတ်မဝင်စား။ ထိုအတိုင်း လွှတ်ပေးလိုက်သည်။

လုယန်ကို ဆက်၍အကဲခတ်နေသည်။ ကျင့်စဉ်အခြေခံခိုင်မာကြောင်း သတိထားမိသည်။

သားရေစတစ်ခုထုတ်၍ မြေပြင်ပေါ်ဖြန့်ခင်းပြီး လုယန်တို့နှစ်ယောက်ကို လက်ယပ်ခေါ်သည်။ ထိုင်ခိုင်းသည်။

"နင်တို့က ကျင့်စဉ်တိုးတက်တာမြန်သားပဲ။ ငါတို့ဆရာဆီ နင်ရောက်လာတော့ ဆရာပျောက်နေတဲ့အချိန်နဲ့ကြုံလို့ အမယွမ်ကိုယ်တိုင် နင့်ကိုလမ်းညွှန်ပေးခဲ့တာလို့ကြားတယ်။ နင်တကယ်ကံကောင်းတာပဲ။

ငါ့ကိုလည်း အမယွမ်သင်ပေးစေချင်တာ။ အင်း..ဒါပေမယ့် ဒီအခွင့်အရေးမျိုး မရခဲ့ဘူး။

အမယွမ်ကို ငါတို့ဂိုဏ်းက ရှေးဟောင်းသမိုင်းကျွမ်းကျင်တဲ့လူတစ်ယောက်လွှတ်ပေးဖို့ ပြောခဲ့တာ။ ဒါပေမယ့် အမယွမ်က နင့်ကိုလွှတ်လိုက်တယ်။ နင်ဒီလောက်အသက်ငယ်ငယ်နဲ့ အမယွမ်အသိအမှတ်ပြုရတဲ့ ရှေးဟောင်းသမိုင်းပညာရှင်တစ်ယောက် ဖြစ်လာတာကို ငါတကယ်အံ့ဩမိတယ်"

လုယန်က ပြုံး၍

"အားလုံးက ကံကောင်းလို့ပါ။ ကံကြောင့်ပါပဲ"

ကန်ထန် လက်ခါပြပြီး လုယန်ကိုအားပေးသည်။

"ကံလို့ ဘယ်ပြောလို့ရမလဲ။ ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ ကံဆိုတာက တစ်စိတ်တစ်ပိုင်းပဲပါတာ။ နင်ဒီနေ့လိုအောင်မြင်မှုတွေရလာတာ ကြိုးစားအားထုတ်မှုလည်း ရှိခဲ့လို့ပဲ"

လုယန် စဉ်းစားကြည့်သည်။ တကယ်မှန်သည်။ နတ်မယ်၏စမ်းသပ်မှုများကိုသာ မဖြတ်ကျော်နိုင်ခဲ့လျှင် ယနေ့ထိ အသက်ရှင်နေမည်မဟုတ်။

ထို့နောက် ကန်ထန်က မုန်ကျင်းကျိုးကိုလှည့်ကြည့်၍ ခနိုးခနဲ့လေသံဖြင့်

"သူကလုယန်ဆိုရင် နင်က မုန်မိသားစုသခင်လေးပဲဖြစ်ရမယ်။ အမယွမ်က နင့်အကြောင်းပြောပါတယ်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်နဲ့ တီထွင်ဆန်းသစ်ပြီး တိုးတက်အောင် စွန့်စားရဲတဲ့လူတဲ့။ တစ်ကိုယ်တော်အမွှာရွှေသန္ဓေတည်ဆောက်တယ်။ ကျင့်စဉ်တိုးတက်မှုမြန်အောင် ဖီးနစ်မီးတောက်စစ်လည်း ကျင့်ကြံထားတယ်။

စိတ်ဓာတ်ပျော့ညံ့လို့ လမ်းမှားရောက်သွားမှာ လုံးဝမကြောက်ဘူး။ နတ်ဆိုးကျင့်ကြံသူတွေတောင် ဒါမျိုးမလုပ်ရဲကြဘူးတဲ့။ ဒီလိုမသေမျိုးလမ်းစဉ်ကို စိတ်နှစ်ထားတာနဲ့တင် နင်က အားလုံးထက်သာနေပါပြီ။

ဂိုဏ်းတူအမအနေနဲ့ ငါတို့ချင်းပထမဆုံးစတွေ့ကြတာက နည်းနည်းအလောတကြီးနိုင်သွားတယ်။ နင်တို့အတွက် သင့်တော်တဲ့လက်ဆောင် မပြင်ဆင်ခဲ့ရဘူး။ ဒီတော့ ဒီလျှို့ဝှက်မြေကိုငါဖွင့်ပြီး နင်တို့နှစ်ယောက် ပစ္စည်းကောင်းတစ်ချို့ရှာလို့ရအောင် ခေါ်သွားပေးမယ်"

ဂိုဏ်းတူအမတစ်ယောက်အနေနှင့် လူငယ်နှစ်ယောက်ကို စိတ်ဓာတ်ကျအောင် မလုပ်ပါ။

လျှို့ဝှက်မြေက သူတို့ခြေထောက်အောက်တွင် ရှိနေသည်။ ဝဲပျံနေသည့်ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်သည်။

ထိုလျှို့ဝှက်မြေကို စွန်နီ(ခြင်္သေ့နဂါး)မျိုးနွယ် နတ်ဝိညာဉ်အဆင့်တစ်ယောက် ချန်ထားခဲ့ခြင်းဖြစ်သည်။ ထိုစွန်နီသည် တစ်ချိန်က နတ်ဆိုးနယ်မြေတွင် နာမည်ကျော်ခဲ့သည်။ မာနအပြည့်ရှိသည်။ စိတ်ဓာတ်ခက်ထန်သည်။ မျိုးနွယ်ငယ်များကို စိတ်ထင်သလို သတ်ဖြတ်သည်။ သို့သော် နောက်ပိုင်းတွင် မထိသင့်သည့်စွမ်းအားရှင်တစ်ယောက်ကို သူသွားထိသည်။ အင်အားကြီးရန်သူက တိုက်ခိုက်သည်။ စွန်နီ ရှုံးသွားသည်။ မြောက်ပိုင်းတွင်သေသည်။

သူ့အကာအကွယ်ရတနာ ကျောက်စိမ်းဖြူလည်း ရန်သူ့စွမ်းအားကြောင့် အစိတ်အပိုင်းသုံးခုကွဲထွက်ပြီး နတ်ဆိုးနယ်မြေထဲ ပြန့်ကျဲသွားသည်။

ကန်ထန်သက်ပြင်းချသည်။

"ငါလည်း ကျောက်စိမ်းဖြူအစိတ်အပိုင်းတွေကို ရှာကြည့်ခဲ့ပါတယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူး။ ဒါကြောင့် ဒီလျှို့ဝှက်မြေကို မဖော်ထုတ်နိုင်ခဲ့တာ။ ဒီနေ့ နင်တို့နှစ်ယောက် ကျောက်စိမ်းဖြူကို စုစည်းနိုင်မယ်လို့ ထင်မထားခဲ့ဘူး"

"...ဟုတ်ပါတယ်၊ ကျုပ်လည်း အဲလိုလုပ်နိုင်မယ်လို့ မထင်ခဲ့ပါဘူး"

စိတ်ရှင်းရှင်းဖြင့် လုယန် ပြောနိုင်သည်။ သူဘာမှမလုပ်ခဲ့။ ကျောက်စိမ်းဖြူက သူ့ဆီအလိုလို‌ရောက်လာခြင်းသာဖြစ်သည်။

"အမသုံး၊ လျှို့ဝှက်မြေတွေအားလုံး နတ်မြေစည်းမျဉ်းကန့်သတ်ချက်တွေရှိတယ်မဟုတ်လား။ အမက ဝိညာဉ်ပြောင်းအဆင့်လျှို့ဝှက်မြေကို ဝင်လို့ရပါ့မလား"

ကန်ထန်ခေါင်းခါသည်။

"နင်ပြောတာတွေက အနာဂတ်မျိုးဆက်တွေအတွက် လက်ဆောင်ချန်ထားတဲ့ လျှို့ဝှက်မြေမျိုးပါ။ အဲဒါတွေကတော့ အဆင့်ကန့်သတ်ချက်ရှိတယ်။

အဲဒီ့လျှို့ဝှက်မြေတွေမှာ မျိုးဆက်သစ်တွေ စမ်းသပ်မှုဖြတ်ကျော်ပြီးရင် ဆုလာဒ်တွေရနိုင်တယ်။ ဒါပေမယ့် ဒီလျှို့ဝှက်မြေက စွန်နီရဲ့ ကိုယ်ပိုင်ရတနာတိုက်ပဲ။ ဖွင့်နိုင်တာနဲ့ ဘယ်သူမဆိုဝင်လို့ရတယ်"

"ဪ...အဲလိုလား"

"ဆုလာဒ်ပေးတဲ့ လျှို့ဝှက်မြေမျိုးက နတ်ဆိုးနယ်မြေမှာ တွေ့ရခဲတယ်။ မဟာရှားမှာ ပိုများတယ်။ ဒီတော့ နင်အတွေးမှားနေတာလည်း မဆန်းပါဘူး"

"ဘာလို့မဟာရှားမှာ ပိုများတာလဲ"

"အကြောင်းနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ကျင့်ကြံသူတွေဟာ ရင်းနှီးမှုကို တန်ဖိုးထားတယ်။ အနာဂတ်ကျင့်စဉ်လမ်းအတွက် ကြိုတင်ပြင်ဆင်ထားကြတယ်။ မျိုးဆက်သစ်တွေ သူတို့လျှို့ဝှက်မြေကနေ အကျိုးအမြတ်ရရင် သူတို့နဲ့ ရင်းနှီးမှုတစ်ခုတည်ဆောက်ပြီးသားဖြစ်သွားတယ်။ သူတို့ကောင်းကင်ဆင်းရဲဖြတ်ကျော်တဲ့အခါ ဒုက္ခခံရသက်သာတယ်"

"ဒုတိယအချက်ကရော"

"မဟာရှားဥပဒေမှာ အမွေလွှဲပြောင်းမှုအကောက်ခွန်ရှိတယ်လေ။ တစ်ချို့ကျင့်ကြံသူတွေက အခွန်မပေးချင်ဘူး။ ဒီတော့ အမွေဆက်ခံထိုက်တဲ့လူတွေအတွက် လျှို့ဝှက်မြေတွေတည်ဆောက်ကြတယ်။ ဒါက လက်ဆောင်ပေးတဲ့သဘောဖြစ်လို့ အခွန်ဆောင်စရာမလိုဘူး"

လုယန် "..."

မုန်ကျင်းကျိုး "..."

ကန်ထန်က လက်ထဲမှ ကျောက်စိမ်းပြားကို အလေးချိန် ဆ,ကြည့်သည်။

"ဒီကျောက်စိမ်းပြားက အတော်လေးအသုံးဝင်တယ်။ ဒါပေမယ့် နင်တို့သုံးဖို့ကျ‌တော့ အဆင့်မြင့်လွန်းသေးတယ်။ ဒါကြောင့် ငါမပေးတာ"

သူသည် ယွမ်ကျိလို ကျောက်စိမ်းပြားပေါ်တွင် ချိတ်ပိတ်တံဆိပ်အထပ်ထပ်ကပ်ပြီး လုယန်ကျင့်စဉ်တိုးတက်လာမှ တံဆိပ်တစ်ခုချင်းပွင့်လာသည့်အနေအထားမျိုး မဖန်တီးနိုင်။

လျှို့ဝှက်မြေဝင်ပေါက်က အလင်းစက်များပြည့်နေသည့် အနက်ရောင်လေဝဲတစ်ခုဖြစ်သည်။ သော့မရှိဘဲ အလောတကြီးဝင်သူသည် လေဝဲကြောင့် ခန္ဓာကိုယ်တစ်စစီမဖြစ်လျှင်ပင် ဘာမှန်းမသိသည့်နေရာများသို့ ရောက်သွားလိမ့်မယ်။ အလွန်အန္တရာယ်များသည်။

ကန်ထန်က ထိုကျောက်စိမ်းပြားကို ကောင်းကောင်းသုံးတတ်ဟန်ရှိသည်။ အသက်သွင်းသည်။ ကျောက်စိမ်းဖြူနှင့် လျှို့ဝှက်မြေဝင်ပေါက်ကို ဆက်သွယ်သည်။ ထို့နောက် လေဟာနယ် တစ်ချက်တုန်ခါသွားပြီး လျှို့ဝှက်မြေဝင်ပေါက် ပွင့်သွားသည်။

"ရပြီ"

"အမသုံး၊ အမက ဒီကျောက်စိမ်းဖြူကို ကောင်းကောင်းသုံးတတ်နေတဲ့ပုံပဲနော်"

လုယန် ပြောလိုက်သည်။

"ဒါဘာဆန်းလို့လဲ။ ငါတို့တိုက်ခိုက်ကြတော့ စွန်နီက ဒီကျောက်စိမ်းပြားကိုသုံးတာ မြင်ခဲ့ရတယ်လေ။ သုံးလေးကြိမ်လောက်ကြည့်တာနဲ့ သုံးတတ်ပါတယ်"

"...ဒါဆို အဲဒီ့စွန်နီကို သတ်ခဲ့တာ အမသုံးလား"

"ဒီအကြောင်း ငါမပြောရသေးဘူးလား။ ဪ..ဟုတ်သားပဲ။ သူက စွမ်းအားကြီးတဲ့ရန်သူတစ်ယောက်ကို ရန်စခဲ့တယ်လို့ ငါပြောခဲ့တာပဲလေ။ အဲဒါ အဓိပ္ပါယ်အတူတူပဲမဟုတ်လား"

*********************************

All Chapters